Chapter 172
Viewers 22k

Volume 8 : ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန


Chapter 172 (ပတ်ဝန်းကျင်ညစ်ညမ်းခြင်း ၀၉)


စပီကာ ရှောင်ထူသည် "အသီးရောင်းသည်" ဟူသော ဆောင်ပုဒ်ကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ ဖွင့်ဆိုခဲ့သည်။


သို့သော်လည်း 10 မိနစ်ခန့်ကြာသောအခါ လမ်းသွားလမ်းလာများက စိတ်မနှံ့သော သူများကဲ့သို့ မျက်လုံးများဖြင့် သူတို့ကိုကြည့်ကာ ဖြတ်သွားသောအခါတွင် သူတို့ဆိုင်ကို ဖြတ်လျှောက်သွားကာ သူတို့နှင့် စကားပြောရန် မည်သူမျှ မလာကြပေ။


ရပ်ကွက်ဝင်ပေါက်မှာ ရပ်နေသော လူခြောက်ယောက်၏ မျက်နှာတွေက တဖြည်းဖြည်း သည်းမခံနိုင်တော့ဘူး။


လျှိုကျောက်ချင်း: "ဘယ်သူမှ ငါတို့ကို ဂရုမစိုက်ဘူး"


ယွဲ့ရှင်းဝမ်က ချောင်းဟန့်ပြီး အသံတိုးလိုက်သည်။

"ရှောင်ထူက အော်နေတာကြာပြီ… ဒါပေမဲ့ အလုပ်မဖြစ်ဘူး"


ကျန်းဖျင်စစ်၏အမူအရာက တင်းမာနေသည်။

"ငါတို့က အရမ်းထူးဆန်းတာကြောင့်ဖြစ်မယ်"


အခြားလူများ:"…"


လျှိုကျောက်ချင်းသည် သူ့အနီးနားက အဖွဲ့ဝင်များကိုကြည့်ပြီး ရယ်ရမလား ငိုမရလား မသိတော့ချေ။

"ငါတို့အားလုံးက ဆံပင်တွေရှုပ်ပွပြီး ဖုန်ထူနေတဲ့ မျက်နှာတွေရှိနေတော့ အရူးခြောက်ယောက်နဲ့ တူနေတယ်… ဒီကမ္ဘာက လူတွေက အရမ်းသတိရှိကြပြီး ငါတို့ကိုဂရုမစိုက်တာက ပုံမှန်ပါပဲ"


"ထူးခြားဆန်းပြားသောအဝတ်အစားများ" ၀တ်ထားသော လူတချို့သည် ရပ်ကွက်ဝင်ပေါက်တွင် ရုတ်တရက်ပေါ်လာပြီး သူတို့၏ဆံပင်များသည် လေတိုက်၍ ပေါင်းပင်များကဲ့သို့လွင့်နေကာ ယခင်က မမြင်ဖူးသောအသီးများကို ရောင်းချနေကြဆဲဖြစ်ကြောင်း စိတ်ကူးကြည့်လိုက်ပါ။ ဖြတ်သွားဖြတ်လာများ၏ ပထမဆုံးတုံ့ပြန်မှုကတော့ ဒီလူအုပ်စုမှာ တစ်ခုခု မှားယွင်းနေပြီး ရှေ့ကို အလွယ်တကူ မတက်ရဲကြဘူး။


ခယ်ရှောင်ပင်းသည် အကျင့်အတိုင်း လက်ဆန့်ကာ ခေါင်းကုတ်လိုက်သော်လည်း သဲပမာဏများစွာကို ကုတ်ခြစ်ပစ်လိုက်သည်။ သူက သက်ပြင်းချလိုက်ပြီး ဆိုသည်။ 

"ကျွန်တော်တို့တွေ အကာအကွယ်အဝတ်အစားတွေနဲ့ ခေါင်းပဝါတွေ ဝယ်ဖို့လိုတယ်ထင်တယ်… ကျွန်တော်တို့တွေ သူတို့လိုဝတ်စားဖို့လိုပြီး အဲဒါမှ ကျွန်တော်တို့ကို လူထူးဆန်းတွေလို့မထင်မှာ"


ကျိုဖုန်းက ခြောက်ကပ်စွာပြုံးလိုက်သည်။

"ဟုတ်တယ်… ရောမရောက်ရင် ရောမလိုကျင့်တာပေါ့"


ယွဲ့ရှင်းဝမ်က ခဏတိတ်ဆိတ်နေပြီး ပြောလာသည်။

"ဒီနည်းနဲ့ ရှောင်ထူကို ကြော်ငြာစကားလုံးတွေ ပြောင်းခိုင်းပြီး လတ်ဆတ်တဲ့အသီးတွေကို အခမဲ့မြည်းကြည့်လို့ရတယ်… အရသာရှိတယ်လို့ထင်ရင် ဝယ်လို့ရတယ်… ဘယ်သူတွေများလာမလဲလို့ စမ်းကြည့်ပါလား"


ခယ်ရှောင်ပင်းသည် ရှောင်ထူကို အမိန့်ပေးလိုက်သည်။ ပြတ်သားသော စက်အသံက ချက်ချင်း ကျယ်လောင်စွာ အော်ခဲ့သည်။

"လတ်ဆတ်တဲ့အသီးကို အခမဲ့မြည်းကြည့်လို့ရတယ်"


သို့သော် ကြော်ငြာကို ပြုပြင်ပြီးနောက် မည်သူမျှ စမ်းကြည့်ရန် မလာခဲ့ကြပါ။


ပထမအကြိမ် "စီးပွားရေးလုပ်ရန် စျေးဆိုင်တစ်ခု တည်ဆောက်ခြင်း" လူခြောက်ယောက်သည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ ကျန်းဖျင်စစ်က လေးလေးနက်နက်အသံဖြင့် ဆိုသည်။

"ဒီကလူတွေက အရမ်းသတိထားကြတယ်… သူတို့က ငါတို့ကို အရူးလို့ထင်ပြီး ငါတို့ဆီ ချဉ်းကပ်ဖို့ မလိုလားဘူး… သူတို့က ဒီလိုအသီးမျိုး တစ်ခါမှမမြင်ဖူးတော့ ကြော်ငြာရဲ့အကျိုးသက်ရောက်မှုက မကောင်းဘူး"


ယွဲ့ရှင်းဝမ်က အဲဒါကို သေသေချာချာ တွေးပြီး ပြောလိုက်သည်။

"ငါတို့ အားပေးမဲ့သူတချို့ကို ရှာမယ်ဆိုရင်ကော"


ကျန်းဖျင်စစ်က သူ့ကို ပြန်ကြည့်လိုက်သည်။

"အားပေးမဲ့သူလား"


ယွဲ့ရှင်းဝမ်: "အဲဒါက သရုပ်ဆောင်ပြီး ပူးပေါင်းဆောင်ရွက်မဲ့သူပဲ… ပထမဆုံးစားရဲတဲ့သူက အရဲရင့်ဆုံးသူဖြစ်ပြီး ပထမလူပြီးရင် အခြားလူတွေလည်း လိုက်လာလိမ့်မယ်"


ကျန်းဖျင်စစ်က သူ့ဆိုလိုရင်းကို နားလည်ခဲ့သည်။

"မင်းရဲ့အဖွဲ့ဝင်တွေကို ဖြတ်သွားဖြတ်လာလူတွေအဖြစ် သရုပ်ဆောင်ခိုင်ပြီး ငါတို့ရဲ့အသီးတွေကို ဝယ်စေချင်တာလား"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြသည်။

"ဟုတ်တယ်… စီနီယာအစ်ကိုလျှိုနဲ့ ချင်လုတို့နှစ်ယောက်က အကာအကွယ်အဝတ်အစားနဲ့ ခေါင်းပဝါနှစ်စုံဝယ်ဖို့ စူပါမားကတ်ကိုသွားပြီး ဒီကမ္ဘာမှာ နေထိုင်သူအဖြစ် ဝတ်စားပြီးတော့ အသီးဝယ်ဖို့ ရပ်ကွက်ဝင်ပေါက်ဆီ လာခဲ့ကြ… အသီးတွေကို နေရာမှာတင်မြည်းကြည့်ပြီး ငါတို့ရဲ့လိမ္မော်သီးကို အရသာရှိတယ်လို့ ချီးကျူးလိုက်"


လျှိုကျောက်ချင်းနှင့် ချင်လု: "..."


ဒါက အတုကြီးဖြစ်နေမှာမလား…


သို့သော် ဝယ်စားရန် "အားပေးသူ" ဖြင့် ပတ်ဝန်းကျင်ရှိလူများက စူးစမ်းနိုင်သည်မလား။ လုံးဝမသိသေးသော အစားအစာတွေကို အခြားသူများစားပြီး အဆိပ်မမိတာတွေ့ရင် အခြားသူများက စိတ်ချနိုင်ပါသည်။ ဒါကလည်း လူ့သဘောသဘာဝပါပဲ။


လျှိုကျောက်ချင်းနှင့် ချင်လုတို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်ကာ လှည့်၍ ဟွာရှန်းအဆောက်အဦးဆီသို့ လျှောက်သွားကြသည်။ ကျန်းဖျင်စစ်က သူတို့ပေးခဲ့သည့် ပိုက်ဆံတွေကို ခေါင်းပဝါနဲ့ အကာအကွယ်အဝတ်အစားတွေဝယ်ပြီး စူပါမားကတ်အဝင်ပေါက်မှာ ဝတ်ဆင်လိုက်သည်။


ချင်လုသည် သူမ၏ဖုန်ထူသော အဝတ်များကို ဖုံးရန် အပြာရောင် အကာအကွယ်ဝတ်စုံကို ဝယ်ခဲ့သည်။ ဆံပင်ပေါ်တွင် အပြာရောင်ပဝါကို ဝတ်ထားပြီး ခေါင်းကို တင်းတင်းကျပ်ကျပ် ပတ်ထားသည်။ လူတစ်ယောက်လုံးက အပြာရောင်ဖြစ်နေပြီး မျက်လုံးကြီးတစ်စုံကိုသာ မြင်နေရသည်။


သူမ၏ ဝတ်စားဆင်ယင်မှုကို မြင်လိုက်ရတော့ လျှိုကျောက်ချင်းက သူမဘေးနားကနေ ရယ်မောနေတာ မရပ်နိုင်တော့ပေ။

"မင်းက ဂိမ်းထဲက အပြာရောင် buff လေးလား"


ချင်လုက စကားမပြောနိုင်ဖြစ်သွားသည်။

"စီနီယာအစ်ကိုကလည်း တစ်ကိုယ်လုံးဖြူနေတာပဲ… အကြမ်းဖက်အဖွဲ့အစည်းရဲ့ သူဌေးတစ်ယောက်လို ပိုခံစားရတယ်"


လျှိုကျောက်ချင်းက မှန်ထဲသို့ လှမ်းကြည့်လိုက်သည်။ သူက အဖြူရောင် အကာအကွယ်ဝတ်စုံနှင့် အဖြူရောင် ခေါင်းပဝါတစ်ထည်ကို ဝယ်ခဲ့သည်။ သူသည် တစ်ကိုယ်လုံးအဖြူဖြင့် အလွန်ထင်ရှားသည်။ လျှိုကျောက်ချင်းက သူ့မေးစေ့ကို ကိုင်လိုက်ပြီး ပြောသည်။

"ငါသာ မျက်နှာဖုံးကို ချွတ်ပြီး မုတ်ဆိတ်မွေးထားလိုက်ရင် အကြမ်းဖက်သမားလိုမျိုး လက်နက်တွေရောင်းဖို့ အရှေ့အလယ်ပိုင်းကို သွားလို့ရပြီ"


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စူပါမားကတ်ထဲမှ ရယ်ရမလို ငိုရမလိုဖြင့် ထွက်သွားကြသည်။


လျှိုကျောက်ချင်းသည် ရုံးအဆောက်အဦးမှ အိမ်ပြန်ချင်ယောင်ဆောင်ကာ အရှေ့က လျှောက်သွားပြီး ရပ်ကွက်ဝင်ပေါက်သို့ လျှောက်လာသည်။ ရှောင်ထူ၏အော်သံကိုကြားပြီးနောက် သူသည် ခဏရပ်ကာ တုံ့ဆိုင်းသွားပြီး ရဲစွမ်းသတ္တိကို စုဆောင်းကာ တဲဆီသို့ ကျယ်လောင်စွာ လှမ်းမေးလိုက်သည်။

"ဒါက စားလို့ရလား"


သူ၏ထူးထူးခြားခြား ဝတ်ဆင်ထားသောကြောင့် ယွဲ့ရှင်းဝမ်သည် သူ့ကို မမှတ်မိခဲ့ဘဲ စီနီယာအစ်ကိုလျှိုဖြစ်သည်ဟူသော အသံကို နားထောင်ပြီးမှသာ အသိအမှတ်ပြုနိုင်ခဲ့သည်။


ယွဲ့ရှင်းဝမ်ကလည်း သရုပ်ဆောင်ခြင်းတွင် လျင်မြန်စွာ ပါဝင်ခဲ့သည်။

"ခင်ဗျား မြည်းကြည့်လို့ရပါတယ်… အရသာရှိတယ်လို့ထင်မှ ဝယ်လို့ရပါတယ်"


လျှိုကျောက်ချင်းက အံ့ဩသွားသည်။

"ငါမြည်းကြည့်မယ်"


ယွဲ့ရှင်းဝမ်သည် လိမ္မော်သီးကို အခွံခွာပြီး တစ်စိတ်ယူကာ သူ့ထံ ပေးလိုက်သည်။ လျှိုကျောက်ချင်းသည် သူ့မျက်နှာဖုံးကို အမြန်ချွတ်ကာ လိမ္မော်သီးကို ပါးစပ်ထဲသို့ ထည့်လိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"အရသာရှိလိုက်တာ… အရမ်းအရသာရှိတယ်… စပျစ်သီးတွေထက် ချိုပြီး ချဉ်တယ်"


သူသည် ထိုင်ချလိုက်ပြီး လိမ္မော်သီးခြင်းကြီးတွေကို ကြည့်ကာ မေးလိုက်သည်။

"ဒါက ဘာအသီးလဲ… ဘယ်လိုရောင်းတာလဲ"


ယွဲ့ရှင်းဝမ်: "ဒါကို လိမ္မော်သီးလို့ ခေါ်ပြီး တစ်လုံး တစ်ယွမ်ပဲ ရောင်းပါတယ်"


လျှိုကျောက်ချင်းသည် သူ့အိတ်ကပ်ထဲက ကျန်းဖျင်စစ် ပေးခဲ့သော ငွေစက္ကူကို ချက်ချင်းထုတ်ပြီး ကျန်းဖျင်စစ်ကို ပြန်ပေးလိုက်သည်။ "အရမ်းဈေးပေါ့တာပဲ… ငါ့ကို ငါးလုံးပေး" ကျန်းဖျစ်စစ်သည် ပိုက်ဆံကို မျက်နှာသေဖြင့် လက်ခံခဲ့သည်။


ယွဲ့ရှင်းဝမ်သည် သူ့အတွက် လိမ္မော်သီးငါးလုံးကို ရေတွက်ကာ လက်တစ်ဖက်နဲ့ ပိုက်ဆံကိုအမ်းပြီး နောက်တစ်ဖက်နဲ့ ပစ္စည်းကို ပေးလိုက်သည်။


လျှိုကျောက်ချင်းက လှည့်ကာ ထွက်သွားသည်။


ဒုတိယသရုပ်ဆောင် ချင်လုက ဆက်၍ရောက်လာသည်။ သူမ၏တစ်ကိုယ်လုံးကို အပြာရောင် အဝတ်အထည်ဖြင့် တင်းတင်းကျပ်ကျပ် ထုပ်ပိုးထားတာကို ကြည့်ရင်း ခယ်ရှောင်ပင်းက ရယ်လုနီးပါးဖြစ်ခဲ့သည်။ သူက တီးတိုးပြောလိုက်သည်။

"အပြာရောင် buff လေး ချင်လုကလည်း အရမ်းရယ်ရတာပဲ"


ယခုအချိန်တွင် မျက်နှာဖုံးအောက်ရှိ ချင်လု၏မျက်နှာသည် နီရဲနေပြီဖြစ်သော်လည်း သူမ၏သရုပ်ဆောင်မှုစွမ်းရည်ကို လျှိုကျောက်ချင်းဆီမှ အတုယူကာ အတတ်နိုင်ဆုံးကြိုးစားပြီး တဲဆီသို့ လမ်းလျှောက်လာပြီး မေးလိုက်သည်။ 

"ဒါက ဘာအသီးလဲ… စားလို့ရမလား"


ခယ်ရှောင်ပင်းက သူ့အပြုံးကို ထိန်းပြီး လိမ္မော်သီးတစ်စိတ်ပေးခဲ့သည်။

"မင်းမြည်းကြည့်လို့ရပါတယ်"


ချင်လုသည် မြန်မြန်စားပြီး ချီးကျူးလိုက်သည်။ "အရသာရှိလိုက်တာ" သူမသည် အိတ်ကပ်ထဲက သုံးယွမ်ကို ထုတ်ပြီး ကျန်းဖျင်စစ်ကို ပေးခဲ့သည်။ "ငါ သုံးလုံးဝယ်မယ်… ငါ့မိဘတွေကိုလည်း မြည်းကြည့်ခိုင်းရမယ်"


တဖြည်းဖြည်းနဲ့ လူတချို့က စုဝေးလာပြီး သူတို့ကို စူးစမ်းချင်စိတ် ဒါမှမဟုတ် သံသယနဲ့ ကြည့်နေကြသည်။


ယွဲ့ရှင်းဝမ် မှန်းဆချက်ကမှန်သည်။ မသိသေးသော အစားအစာကို မြင်လိုက်ရသဖြင့် လူအများက အလွယ်တကူ မစမ်းရဲကြပေ။ သို့ပေမဲ့ တစ်ယောက်ယောက်က အဲဒါကို အရင်စမ်းကြည့်ပြီး 'အရသာရှိတယ်'လို့ပြောကာ ဝယ်လိုက်သည်နှင့် အခြားသူများကလည်း 'ဒါဆို ငါလည်း မြည်းကြည့်မယ်'လို့ သဘောထားဖြစ်ပေါ်ပြီး စမ်းကြည့်ကြတော့မည်။


ချင်လု ထွက်သွားပြီးနောက် လူကြီးတစ်ယောက်သည် ကလေးမလေးကို တဲဆီသို့ ခေါ်သွားခဲ့သည်။ ကလေးမလေးက သစ်သားခြင်းထဲရှိ အသီးတွေကို ကြည့်ပြီး မဝံ့မရဲနဲ့ မေးလိုက်သည်။

"တကယ် အလကားမြည်းလို့ရတာလား"


ကလေးသည် အရပ်တစ်မီတာခန့်သာရှိပြီး အလွန်ပိန်လှီကာ အာဟာရချို့တဲ့နေပုံပေါ်သည်မှာ ကြာလှပြီဖြစ်သည်။ သူမသည် တော်ရုံ အသီးမစားဖြစ်လောက်ဘူး။ သူမသည် ဤလိမ္မော်သီးများကို တည့်တည့်စိုက်ကြည့်နေပြီး တံတွေးမျိုချနေခြင်းဖြစ်ကြောင်း ယွဲ့ရှင်းဝမ်က တွေ့ရှိခဲ့သည်။


ဤကမ္ဘာ၏ကလေးများသည် အစားအစာ၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ အလွန်နည်းပါးပြီး လေထုအလွန်ဆိုးရွားစွာ ကြီးပြင်းလာကြသည်။ ကလေးမလေးသည် ယခင်က သတင်းများတွင် သူမြင်ဖူးသော ဆင်းရဲသားရပ်ကွက်ကလေးများအကြောင်း ယွဲ့ရှင်းဝမ်ကို သတိရစေသည်။ 


ဒီကမ္ဘာပေါ်မှာရှိသည့် ကလေးများ၏ 90% ကျော်က ဒီလိုမျိုးဖြစ်နေတာကို သူစိတ်မကောင်းဖြစ်မိသည်။


ယွဲ့ရှင်းဝမ်သည် လတ်လတ်ဆတ်ဆတ် အခွံခွာထားသော လိမ္မော်သီးလက်ကျန်ကို သူမအား ပေးလိုက်သည်။ 

"အလကား မြည်းကြည့်လို့ရတယ်… အရသာရှိတယ်ထင်ရင် ဝယ်လို့ရတယ်"


မိန်းကလေးသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် မျက်နှာဖုံးကို ချက်ချင်းချွတ်ကာ လိမ္မော်သီးတစ်စိတ်ကို ပါးစပ်ထဲသို့ထည့်လိုက်ပြီး ကမ္ဘာပေါ်ရှိ အရသာများကို မြည်းစမ်းနေသကဲ့သို့ ဖြည်းညှင်းစွာဝါးစားလိုက်လေသည်။ ချိုချဉ်ချဥ်အရည်က သူမ၏ခံတွင်းကို နှိုးဆွပေးပြီး သူမမျက်နှာသည် မယုံနိုင်စရာကောင်းသော အမူအရာပြကာ လိမ္မော်သီးတစ်စိတ်ကို ဖြည်းညှင်းစွာဝါးပြီး မျိုချပစ်လိုက်ပြီးနောက် သူမဘေးကလူကို လှည့်ကြည့်ကာ ပြောလိုက်သည်။ 

"ဖေဖေ… ဒါက အရမ်းအရသာရှိတယ်… သမီး ဒီလောက်အရသာရှိတာမျိုး တစ်ခါမှ မစားဖူးဘူး… ဖေဖေလည်း မြည်းကြည့်သင့်တယ်"


အမျိုးသားက မယုံပုံမပေါ်ဘဲ သူ့သမီးလက်ထဲက လိမ္မော်သီးကိုယူကာ တစ်စိတ်တစ်ခုစားပြီး ရှုပ်ထွေးသောအကြည့်ကို ပြခဲ့သည်။


မိန်းကလေးက မျက်လုံးပြူးကာ ‌မေးလိုက်သည်။

"ဒါက ယွမ်တစ်ရာမဟုတ်ဘဲ တကယ် တစ်ယွမ်နဲ့ပဲ ရောင်းတာလား"


ယွဲ့ရှင်းဝမ်က နွေးထွေးစွာပြောသည်။

"မင်းကြားတာမှန်ပါတယ်… ငါတို့က ထုတ်ကုန်အသစ်တွေကို လျှော့စျေးနဲ့ ပရိုမိုးရှင်းဆင်းနေတာပါ… တစ်လုံးကို တစ်ယွမ်ပါ"


ထိုလူက ဆယ်ယွမ်ကို အမြန်ထုတ်လိုက်ပြီး ပြောသည်။

"ငါ့ကို ဆယ်လုံးပေး… ကျေးဇူးပါ"


မိန်းကလေးက စိတ်လှုပ်ရှားစွာ ခုန်ပြီး ပြောလိုက်သည်။

"ကောင်းလိုက်တာ… အသီးမစားရတာ တစ်နှစ်ခွဲရှိပြီ… ဒီအသီးက အရမ်းစျေးပေါတယ်… အိမ်ကိုယူသွားပြီး မေမေကို မြည်းကြည့်ခိုင်းရမယ်" ဒါကိုကြားတော့ ပိုက်ဆံပေးနေသော အမျိုးသား၏လက်က ရုတ်တရက် တောင့်တင်းသွားပြီး သူက ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။ "မင်းတို့ရဲ့အသီးတွေက စားပြီးရင် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်မှာတော့ မဟုတ်ဘူးမလား… မဟုတ်ရင် ဒါကို ဘယ်လိုလုပ် ဈေးပေါပေါနဲ့ရောင်းရမှာလား"


ယွဲ့ရှင်းဝမ်: "အန္တရာယ်မဖြစ်ပါဘူး… ကျွန်တော်တို့ကိုယ်တိုင်စားနေတာကို ခင်ဗျားမြင်နေတာပဲ"


သူသည် သူ့ဘေးက လိမ္မော်သီးစားနေသည့် ခယ်ရှောင်ပင်းကို လက်ညှိုးထိုးပြသည်။


ခယ်ရှောင်ပင်းသည် လိမ္မော်သီးတစ်ဝက်ကို မျိုချလိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။

"ကျွန်တော်တို့က အပြင်လူတွေဖြစ်ပြီး ဒီကို စီးပွားရေးလုပ်ဖို့ လာတာပါ… ဒီနေ့က ပထမဆုံး ဆိုင်ဖွင့်တဲ့နေ့ဖြစ်တာကြောင့် တစ်လုံးကို တစ်ယွမ်ပဲ လျှော့ဈေးနဲ့ ရောင်းတာပါ… မနက်ဖြန်တော့ အရမ်းဈေးမပေါတော့ဘူး"


အမျိုးသားက သူ့ကို ခဏလောက် သံသယနဲ့ ကြည့်လိုက်တော့ သူသည် တူညီသောခြင်းထဲက လိမ္မော်သီးကို တကယ်စားနေတာ တွေ့ရသည်။ ထို့နောက် သူကစိတ်သက်သာရာရကာ ပိုက်ဆံကို တစ်ဖက်သို့ ပေးပြီး လိမ္မော်သီးဆယ်လုံးကို ယူသွားခဲ့သည်။


အဖေနဲ့သမီး ထွက်သွားပြီးသည့်နောက်မှာ တဲရှေ့မှာ လူတွေ ပိုများလာနေသည်။


"ငါ အလကားမြည်းလို့ရလား"


"မြည်းကြည့်ဖို့ တစ်စိတ်လောက်ပေးပါ…"


လူတိုင်းက တစ်စိတ်ကို အရင်မြည်းစမ်းပြီးမှ အရသာတွေ့သောအခါ ဝယ်ရန် ပိုက်ဆံပေးခဲ့သည်။


ယွဲ့ရှင်းဝမ်က ရှောင်ထူကို ဆောင်ပုဒ်ပြောင်းခိုင်းပြီး အော်ခိုင်းခဲ့သည်။ "ထုတ်ကုန်အသစ် ပရိုမိုးရှင်း… လျှော့ဈေးရောင်းတယ်… ရှားရှားပါးပါး အခွင့်အရေး… ပထမဆုံးလာပြီး ပထမဆုံးဝယ်ကြည့်ပါ… ဘေးကင်းပြီး အန္တရာယ်ကင်းတဲ့ အသီးတွေကို အရင်မြည်းကြည့်ပြီးမှ ဝယ်လိုက်ပါ"


စဉ်ဆက်မပြတ် idiom ထုတ်လွှင့်မှုသည် ပထမတန်းစား ဦးနှောက်ဆေးကြောခြင်း အကျိုးသက်ရောက်မှုဖြစ်သည်။


မျက်စိတစ်မှိတ်အတွင်းမှာပဲ သူတို့၏ လိမ္မော်သီးဆိုင်ကို လူတွေဝိုင်းလာကြသည်။ ပထမတွင် ကျန်းဖျင်စစ်သည် တစ်ယောက်တည်း ပိုက်ဆံကောက်ရန် တာဝန်ရှိသော်လည်း နောက်ပိုင်းတွင် လူလေးဦးသည် ပိုက်ဆံကောက်လိုက် လိမ္မော်သီးရေလိုက်ဖြင့် တပြိုင်နက်တည်း အလုပ်များလွန်းသည့် အခြေအနေဖြစ်လာသည်။


လိမ္မော်သီးခြင်းတစ်ခြင်းက လျှင်မြန်စွာ ကုန်သွားခဲ့ပြီး ဒုတိယနှင့် တတိယ ခြင်းများလည်း လျင်မြန်စွာ ကုန်သွားခဲ့သည်။


နေ့လယ် 2 နာရီမှာ လိမ္မော်သီးတွေ အကုန်ရောင်းကုန်သွားသည်။


ယွဲ့ရှင်းဝမ်သည် သူ့ရှေ့ရှိ လွတ်နေသော သစ်သားခြင်းများကို ပြုံးကာကြည့်ပြီး ကျန်းဖျင်စစ်၏လက်ထဲတွင် ပိုက်ဆံအားလုံးကို စုစည်းကာ ရှောင်ထူ၏အသံကို မွမ်းမံရန် ခယ်ရှောင်ပင်းကို တောင်းဆိုခဲ့သည်။

"ဒီနေ့ အသီးတွေ ကုန်သွားပါပြီ… အားပေးကြလို့ ကျေးဇူးတင်ပါတယ်… မနက်ဖြန် ဒီအချိန်မှာပဲ ပြန်တွေ့ပါ့မယ်"


လူတိုင်း: "..."


မနက်ဖြန် ဒီအချိန်မှာပဲ ပြန်တွေ့မယ်… ဒီလူတွေက တီဗီရှိုးလုပ်နေတာလား…


အသီးရောင်းသည့်လူလေးယောက်က နွယ်ပင်သစ်သားခြင်းတွေကို သိမ်းပြီး ယူသွားကြသည်။ ထို့နောက် သူတို့က စူပါမားကတ်ကို အတူတူ လျှောက်သွားကြသည်။


"သရုပ်ဆောင်နှစ်ယောက်"ဖြစ်သော လျှိုကျောက်ချင်းနှင့် ချင်လုတို့သည် လိမ္မော်သီးဝယ်ပြီးနောက် စောင့်ကြည့်လေ့လာရန် ဘေးနားတွင် ပုန်းနေခဲ့သည်။ သူတို့၏အဖွဲ့ဝင်များ အလုပ်ပြီးသောအခါတွင် စိတ်သက်သာရာရကာ ရှင်းဝမ်နှင့် အခြားသူများထံ ပြေးသွားကြသည်။


လျှိုကျောက်ချင်းက ပြုံးကာပြောသည်။

"အခုတော့ ဘာကြောင့် လှုပ်ရှားမှုတွေ အများကြီးမှာ အားပေးသူတွေရှာရတယ်ဆိုတာ ငါနားလည်သွားပြီ"


ဥပမာအားဖြင့် ပါတီတွင် သက်ဝင်သောလေထုကို ဖန်တီးရန်အတွက် host ၏မေးခွန်းများကို ဖြေဆိုရန် အားပေးသူကို ကြိုတင်ရှာဖွေရလိမ့်မည်။ တချို့သောအိမ်ခြံမြေများဖွင့်သောအခါတွင် developer များသည်ဝယ်ရန်တန်းစီဖို့ ယုံကြည်သူတချို့ကိုလည်း ရှာဖွေလိမ့်မည်။ ‘ငါတို့ရဲ့အဆောက်အဦးက ဝယ်ယူရန် ခက်ခဲတယ်’လို့ အတုအယောင်ဖန်တီးကာ အစစ်အမှန်ဖောက်သည်များကို လှုံ့ဆော်လိမ့်မည်။


အကယ်၍ လျှိုကျောက်ချင်းနှင့် ချင်လုတို့သည် ယာယီသရုပ်ဆောင်များမလုပ်ဘဲ လိမ္မော်သီးများစားခြင်းနှင့် လိမ္မော်သီးများဝယ်ယူခြင်းတို့ကို သရုပ်ပြရန် အစပြုခဲ့ပါက သူတို့ခြောက်ယောက်မှာ အကြာကြီးရပ်နေရင်တောင် များစွာရောင်းချနိုင်မည်မဟုတ်ဟု ခန့်မှန်းရပါသည်။


ရလဒ်အနေနဲ့ လိမ္မော်သီးထောင်နဲ့ချီပြီး ရောင်းချခဲ့ရပါသည်..။


ချင်လုက စပ်စုကာမေးသည်။

"မြည်းခိုင်းတာလွဲရင် ဒီတစ်ခါ ငါတို့ ပိုက်ဆံဘယ်လောက်ရခဲ့လဲ"


ပိုက်ဆံများကို ကျန်းဖျင်စစ်၏လက်ထဲတွင် စုစည်းထားသည်။ သူက အမြန်ရေတွက်ပြီး ‌ဆိုသည်။

"ဒီနေ့ ခရီးစဉ်ရဲ့ အသားတင်အမြတ်က 985 ယွမ်ပဲ" 


ယွဲ့ရှင်းဝမ်က ကျေနပ်အားရစွာပြောခဲ့သည်။

"မဆိုးဘူး… နေ့ခင်းဘက်မှာ သွားလာရလွယ်ကူအောင် အဖွဲ့ဝင်တွေအတွက် အကာအကွယ်ဝတ်စုံတွေနဲ့ ခေါင်းပဝါတွေဝယ်ဖို့ ဒီပိုက်ဆံကို သုံးလို့ရတယ်… နောက်ပြီး မနက်ဖြန်မှာ စျေးထပ်တိုးပြီး ရောင်းလို့ရတယ်… တစ်လုံးကို သုံးယွမ်ဆိုရင် ဘီစကွတ်နဲ့ စျေးနှုန်းအတူတူပဲ"


လျှိုကျောက်ချင်းက အပြုံးဖြင့် ဆိုသည်။

"ဟုတ်တယ်… ဖွင့်ပွဲအခမ်းအနားပြီးရင် ဈေးတက်တာက ပုံမှန်ပါပဲ… ငါတို့ရဲ့ လိမ္မော်သီးတွေက လူကြိုက်များပုံပေါ်ပါတယ်… အဲဒါတွေကို သုံးယွမ်နဲ့ ရောင်းပြီး ဖောက်သည်တွေလည်း အများကြီးရှိမယ်ထင်တယ်"


ခယ်ရှောင်ပင်းက ထောက်ခံသည်။

"ဒီနည်းနဲ့ ငါတို့ ဝင်ငွေက သုံးဆတိုးနိုင်တယ်"


ချမ်းသာလာခြင်းသည် သရုပ်ဆောင်မှုပေါ်တွင် မူတည်သည်။


ရှောင်ထူလည်း ရှိနေတာကြောင့်ပါပြီး ကြော်ငြာစကားလုံးများကို ဆယ်မိနစ်တိုင်း ပြောင်းလဲပြီး ဦးနှောက်ဆေးခြင်းကို အဆက်မပြတ် ကျယ်ကျယ်လောင်လောင် ဖွင့်ထားပြီး ကြေငြာခဲ့သည်။ မဟုတ်ပါက လူတိုင်း၏အသံတွေ ပျက်စီးသွားလိမ့်မည်။


#TK