Chapter 133
Viewers 23k

Volume 7 : ဥပဒေဌာန


Chapter 133 (ရှေ့နေသေဆုံးခြင်း ၀၄)


ချင်းထန်ခရိုင်၊ မှုခင်းရဲတပ်ဖွဲ့ရုံးအတွင်း၌


ခေါင်းဆောင်လင်ဝေးသည် ကွန်ပျူတာမျက်နှာပြင်ကို ချဲ့ကြည့်ကာ သေချာစစ်ဆေးနေသည်။ ည 12 နာရီခန့်တွင် အဆောက်အဦးအတွင်း ဝင်ရောက်ခြင်း ဒါမှမဟုတ် ထွက်သွားခြင်းတို့ကို မတွေ့ရသခြင့် အချိန်ကို ရှေ့ရွေ့ကာ အလုပ်ဆင်းချိန်မှ စတင်စောင့်ကြည့်ခဲ့သည်။


ရှင်းဟိုင်အဆောက်အဦးသည် အထပ် 40 မြင့်ပြီး ပြီးပြည့်စုံသော ရုံးအဆောက်အဦးတစ်ခုဖြစ်သည်။ ကုမ္ပဏီများစွာနှင့် စတူဒီယိုများစွာက ၎င်းတွင် အခြေချနေခဲ့ကြသည်။


ပုံမှန်အားဖြင့် ယူနစ်အများစုသည် ညနေ 6 နာရီခွဲတွင် အချိန်မှန်အလုပ်ဆင်းကြသော်လည်း တချို့သောအင်တာနက်ကုမ္ပဏီများတွင် 996 အလုပ်လုပ်သည့်စနစ်ရှိပြီး ည 9 နာရီအထိ အချိန်ပိုလုပ်လေ့ရှိပါသည်။ ပုံမှန်အားဖြင့် ရှင်းဟိုင်အဆောက်အဦးသည် ည 10 နာရီတွင် တံခါးကို အချိန်မှန်သော့ခတ်ထားမည်ဖြစ်ပြီး ည 10 နာရီထက် အချိန်ပိုအလုပ်လုပ်သည့် ကုမ္ပဏီရှိရင် လုံခြုံရေးအခန်းကို ကြိုပြီး ပြောထားဖို့ လိုပါသည်။

[TK: “996”အဓိပ္ပါယ်က မနက် 9 နာရီရုံးတက်၊ ည 9 နာရီရုံးဆင်း၊ ပိတ်ရက် တနင်္ဂနွေတစ်ရက်ပဲရှိပြီး တစ်ပတ်မှာ 6 ရက် အလုပ်လုပ်ရတဲ့ အလုပ်မျိုးကိုပြောတာပါ။]


မနေ့က ဗုဒ္ဓဟူးနေ့ဖြစ်ပြီး ဘယ်ယူနစ်မှ ည 10 နာရီထက် အချိန်ပိုမယူခဲ့ကြဘူး။

 

လင်ဝေးသည် သူ့ကိုယ်သူ လန်းဆန်းစေရန် ကော်ဖီတစ်ခွက်ကို သောက်ကာ ကြည့်နေသည်။ သူသည် အလုပ်ဆင်းပြီးနောက် ညနေ 6 နာရီခွဲမှ စတင်ကြည့်ရှုခဲ့ပြီး မကြာမီတွင် ယွဲ့ရှင်းဝမ်၊ လန်ယာရုန်နှင့် လင်းမန့်လော်တို့သည် သေဆုံးသူကျိုးကျီယန်နဲ့ ဘေးချင်းကပ်လျက် တံခါးအပြင်ဘက်သို့ လမ်းလျှောက်လာတာကို တွေ့ရှိခဲ့သည်။ သူတို့က အောက်ထပ်သို့ဆင်းရန် တူညီသောဓာတ်လှေကားကို အသုံးပြုခဲ့သည်။


လင်ဝေးက ခေတ္တရပ်ခလုတ်ကို နှိပ်ပြီး မေးလိုက်သည်။

"ရှောင်ကျန်း၊ မင်းဘယ်လိုထင်လဲ?"


ကျန်းဖျင်စစ်က ပြောသည်။

"အမှုကို သတင်းပို့တဲ့ ယွဲ့ရှင်းဝမ်က မင်ဟွေးဥပဒေလုပ်ငန်းရဲ့ အလုပ်သင်တစ်ဦးပဲ… မနေ့က သူအလုပ်ဆင်းတဲ့အချိန် သေဆုံးသူက လှေကားနားမှာ ‘မကျေနပ်ရင် အယူခံဝင်နိုင်တယ်’လို့ ဖုန်းပြောနေတာကို မတော်တဆ ကြားလိုက်ရတယ်လို့ သူကပြောတယ်… အဲဒီအချိန်မှာ ယွဲ့ရှင်းဝမ်က လှေကားထစ်ဘေးက ဓာတ်လှေကားနားမှာ စောင့်နေတာဖြစ်မယ်… သေဆုံးသူက ဖုန်းပြောပြီးနောက် သူနဲ့အတူ အောက်ထပ်ကို တူညီတဲ့ဓာတ်လှေကားနဲ့ လိုက်ပါလာခဲ့ပြီး ဖြစ်စဉ်က အဓိပ္ပါယ်ရှိတယ်…"


လင်ဝေးသည် စောင့်ကြည့်ရေးမှတ်တမ်းအား စေ့စေ့တွေးကြည့်ကာ မေးလိုက်သည်။

"ယွဲ့ရှင်းဝမ်က သံသယဖြစ်စရာမကောင်းဘူးလို့ မင်းထင်နေတာလား?"


ကျန်းဖျင်စစ်က ပြတ်ပြတ်သားသားပြောခဲ့သည်။

"ဟုတ်တယ်… သူသာ လူသတ်သမားဆိုရင် အရင်ဆုံး သတင်းပို့မှာ မဟုတ်ဘူး… ဒါ့အပြင် သူက အလုပ်သင်ဖြစ်ပြီး ဒီနေ့မှ ဥပဒေလုပ်ငန်းကို ရောက်လာတာဆိုတော့ ရှေ့နေကျိုးကို သတ်ဖို့ ရည်ရွယ်ချက် လုံးဝမရှိဘူး…"


လင်ဝေးက ခေါင်းငြိမ့်ပြပြီး စောင့်ကြည့်ရေးမှတ်တမ်းကို ပြန်ကြည့်သည်။


ည 6 နာရီမှ 7 နာရီသည် ရှင်းဟိုင်အဆောက်အဦး၏ လူအများဆုံးအချိန်ဖြစ်ပြီး စောင့်ကြည့်ရေးမှတ်တမ်းတွင် လူများက ဝင်လိုက်၊ထွက်လိုက်ရှိနေသည်။ စောင့်ကြည့်ရေးမှတ်တမ်းအတွင်း ထွက်လိုက်၊ဝင်လိုက်နေသူများ အများအပြားရှိသော်လည်း ထူးခြားတာမျိုး မတွေ့ခဲ့ရပေ။ ည 8 နာရီခန့်အထိ အများစုသည် အလုပ်ဆင်းကြပြီး ခန်းမက တဖြည်းဖြည်း ဗလာဖြစ်လာသည်။


လင်ဝေးသည် ဖန်သားပြင်ပေါ်ရှိ လွတ်နေသော ခန်းမကို ကြည့်ကာ သမ်းဝေပြီး လေးဆဖြင့် အမြန်ရှေ့ရစ်လိုက်သည်။


ကျန်းဖျင်စစ်လည်း သူ့ဘေးမှာထိုင်ပြီး ဖန်သားပြင်ကို စိုက်ကြည့်နေသည်။


ခန်းမသည် လူသူကင်းမဲ့နေပြီး ရံဖန်ရံခါ လုံခြုံရေးအစောင့်များက အလှည့်ကျ လမ်းလျှောက်နေကာ အဆောက်အဦးတစ်ခုလုံး မီးများပိတ်သွားခဲ့သည်။


ည 9:50 မှာတော့ စောင့်ကြည့်ရေးမှတ်တမ်းတွင် ရုတ်တရက် ပုံရိပ်တစ်ခုပေါ်လာပြီး အနက်ရောင် အားကစားဝတ်စုံ၊ ဖိနပ်၊ ဦးထုပ်ဆောင်းထားပြီး လက်ထဲက အနက်ရောင် ခရီးဆောင်အိတ်ကို ဆွဲယူကာ အမြန်လမ်းလျှောက်ပြီး ဓာတ်လှေကားထဲဝင်သွားတာကို တွေ့လိုက်ရသည်။


ထိုအချိန်က တံခါးမှာ လုံခြုံရေးအစောင့်မရှိသဖြင့် သူကမတွေ့ခဲ့ရပေ။


လင်ဝေးသည် ဖန်သားပြင်ပေါ်တွင် ချဲ့ရန် ခေတ္တရပ်ခလုတ်ကို ချက်ချင်းနှိပ်လိုက်ပြီး ကျန်းဖျင်စစ်လည်း မတ်မတ်ထိုင်လိုက်သည်။

"အဲဒါက ကျိုးကျီယန်မလား?"


ခေါင်းဆောင်လင်က ဓာတ်လှေကား စောင့်ကြည့်ရေးမှတ်တမ်းကို ဆွဲယူပြီး ကျိုးကျီယန်က ဓာတ်လှေကားထဲကိုဝင်ပြီး အထပ် 40 အား နှိပ်လိုက်တာကို တွေ့လိုက်ရသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်လိုက်သည်။

"သူက တံခါးသော့မခတ်ခင် ည 10 နာရီမတိုင်ခင်မှာ ခိုးဝင်လာတာပေါ့… လုံခြုံရေးတွေက သူဝင်လာတာကို သတိမထားမိဘဲ တံခါးကို သော့ခတ်လိုက်တယ်… သူက ရှင်းဟိုင်အဆောက်အဦးမှာနေပြီး ည 12 နာရီမှာ ခေါင်မိုးပေါ် တက်ခဲ့တယ်… လူသတ်သမားက အဆောက်အဦးထဲက လုံးဝမထွက်ခဲ့ဘဲ အဲဒီညက ရှင်းဟိုင်အဆောက်အဦးထဲမှာ နေခဲ့ပြီး ကျိုးကျီယန်ပေါ်လာမယ့်အချိန်ကို စောင့်ပြီးတော့ တွန်းချခဲ့တာလား?"


အဆောက်အဦးကိုသော့ခတ်ပြီးနောက် မည်သူမျှဝင်ရောက်ခြင်းမရှိသောကြောင့် ရှင်းပြချက်နှစ်ခုသာရှိသည်။


ပထမတစ်ခုကတော့ လူသတ်သမားသည် အဆောက်အဦး၏ဘေးက လေအေးပေးစက်ပိုက်များကနေ တွယ်တက်သွားခြင်းဖြစ်သည်။ ဤအဆောက်အဦးက အထပ် 40 မြင့်ပြီး အဆောက်အဦး၏ထိပ်ကိုတက်ဖို့ ခက်ခဲလွန်းပါသည်။


ဒုတိယတစ်ခုမှာ လူသတ်သမားသည် ရှင်းဟိုင်အဆောက်အဦးကနေ လုံးဝထွက်ခွာသွားခြင်းမရှိခဲ့ပါ။ ထို့ကြောင့် အဆောက်အဦးကို သော့ခတ်သည်ဖြစ်စေ၊ သော့မခတ်သည်ဖြစ်စေ ညမိုးချုပ်ခါနီးတွင် သူသည် ခေါင်မိုးပေါ်သို့တက်ကာ ကျိုးကျီယန်ကို တွန်းချနိုင်သည်။


ခေါင်းဆောင်လင်က သဘောတူသည်။

"မနေ့က ရှင်းဟိုင်အဆောက်အဦးကနေ ထွက်မသွားခဲ့တဲ့ အဝင်အထွက် မှတ်တမ်းတွေကို ပြန်စစ်ဆေးကြည့်မယ်…"


ကျန်းဖျင်စစ်သည် ခေါင်းဆောင်လင်နဲ့အတူ စောင့်ကြည့်ရေးမှတ်တမ်းအား ကြည့်ရန် လိုက်သွားခဲ့ရာ မနက်သုံးနာရီထိုးနေပြီဖြစ်သည်။ အခြားဘာမှမတွေ့သည့်အတွက် တာဝန်ခန်းထဲကဆိုဖာပေါ်မှာ သူတို့တွေ အိပ်လိုက်တော့သည်။


နောက်တစ်နေ့တွင် ယွဲ့ရှင်းဝမ်သည် လင်းမန့်လော်နှင့် လန်ယာရုန်တို့ကို ဥပဒေလုပ်ငန်းတွင် အလုပ်ပြန်လုပ်ရန် ခေါ်ခဲ့ပြီး ရဲများ ရောက်နေခဲ့သည်။ ရဲများက သူတို့ထက်စောပြီး ရောက်ရှိနေကာ သေဆုံးသူကျိုးကျီယန်၏ရုံးခန်းထဲသို့ တိုက်ရိုက်ဝင်သွားကြသည်။


ဥပဒေလုပ်ငန်းမှ လုပ်ဖော်ကိုင်ဖက်များက အံ့ဩသွားကြသည်။


မနေ့ညက မိုးသည်းထန်စွာရွာ၍ အခင်းဖြစ်ပွားရာနေရာရှိ သွေးများမရှိတော့သည့်အတွက် သည်မနက် အလုပ်လာလုပ်သည့်လူများက အဆောက်အဦးထဲမှာ လူသတ်မှုတစ်ခုဖြစ်ပွားတာကို လုံးဝမသိခဲ့ကြဘူး။ ရဲများက ကျိုးကျီယန်နှင့်ပတ်သက်သသည့် မေးခွန်းများစမေးတော့မှပဲ ရှေ့နေကျိုးက တစ်ခုခုဖြစ်နေကြောင်း လူတိုင်းက သတိထားမိသွားကြသည်။


ကျိုးကျီယန်နှင့် အကောင်းဆုံးဆက်ဆံရေးရှိသည့် အမျိုးသမီးရှေ့နေတစ်ဦးက ပြောသည်။

"ရှေ့နေကျိုးက ကျွန်မနဲ့ အဆင့်အတူတူပဲ… သူက နိုင်ငံရေးသိပ္ပံနှင့်ဥပဒေပေကျင်းတက္ကသိုလ်မှာ ဝင်ခွင့်အောင်ခဲ့ပြီး သူ့အဆင့်တွေက အမြဲတမ်း ပထမပဲ… သူက ကျောင်းပြီးချိန်မှာ ကျောင်းရဲ့ပန်းကလေး လျှိုလန်နဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့တယ်… ဘွဲ့ရပြီးနောက်မှာတော့ မင်ဟွေးဥပဒေလုပ်ငန်းမှာ သူ စာချုပ်ချုပ်ခဲ့ပြီး သူ့ရဲ့စွမ်းဆောင်ရည်က အရမ်းတောက်ပနေခဲ့တယ်… သူကိုင်တွယ်တဲ့ တရားစွဲမှုရဲ့ 80% က အောင်ခဲ့တယ်…"


ခေါင်းဆောင်လင်က မေးသည်။

"သူက အခြားလူနဲ့ သီးသန့်အငြိုးထားတာမျိုးရှိလား?"


အမျိုးသမီးရှေ့နေက ခေါင်းယမ်းပြီး ပြောသည်။

"သူက လူတွေအပေါ် ဖော်ရွေတဲ့ သဘောထားရှိပြီး ဥပဒေလုပ်ငန်းမှာ အရမ်းလူကြိုက်များတယ်… ဘယ်သူက သူ့ကိုရန်ငြိုးထားမယ်ဆိုတာ ကျွန်မတွေးကြည့်လို့ မရဘူး…" 


ရဲများသည် ဥပဒေလုပ်ငန်းရှိ အခြားလုပ်ဖော်ကိုင်ဖက်များအားလည်း သွားရောက်ကြည့်ရှုခဲ့ပြီး အများစုမှာ ကျိုးကျီယန်သည် ကောင်းမွန်သောပင်ကိုယ်စရိုက်နှင့် လူကြိုက်များသည်ဟု ဆိုကြသည်။ သူသည် လူတိုင်းကို နို့လက်ဖက်ရည်သောက်ရန် မကြာခဏ ဖိတ်ခေါ်ပြီး သူ၏လုပ်ဖော်ကိုင်ဖက်များနဲ့ ကောင်းမွန်စွာ ပေါင်းသင်းဆက်ဆံသည်။


အမျိုးသမီးရှေ့နေတစ်ဦးတည်းကပဲ ခေါင်းဆောင်လင်အား တိတ်တဆိတ် ပြောပြခဲ့သည်။

"ပြီးခဲ့တဲ့နှစ် မတ်လက ရှေ့နေကျိုးနဲ့ ရှေ့နေချီနဲ့ စကားများရန်ဖြစ်နေတာကို ကျွန်မတွေ့ခဲ့ပါတယ်… ရှေ့နေကျိုး ရှေ့နေချီရဲ့ အဓိကအမှုသည်တစ်ဦးကို လုယက်သွားပုံရတယ်… ရှေ့နေချီကလည်း အဲဒီနေ့မှာပဲ ‘လူတွေက အရေခြုံထားပြီး ရွံစရာကောင်းတယ်’လို့ Moments မှာ တင်ခဲ့ပါတယ်…"


ရှေ့နေချီလား? ကျန်းဖျင်စစ်သည် သူ့မှတ်စုစာအုပ်ထဲမှာ အဓိကအချက်အလက်ကို ချရေးလိုက်သည်။


ခေါင်းဆောင်လင်က သူ့ကို အမြန်ရှာတွေ့သည်။ ချီကျောက် အမည်ရှိ ရှေ့နေတွင် ဆံပင်တိုတိုနှင့် ငွေရောင်မျက်မှန်ပါရှိသည်။ သူသည် လိမ္မာပါးနပ်ပြီး အရည်အချင်းရှိပုံရသော်လည်း ဒေါသကြီးသည်။ ခေါင်းဆောင်လင်၏မေးခွန်းကိုကြားပြီးနောက်တွင် သူက ရှုံ့တွသောမျက်နှာဖြင့် ပြောသည်။

"ကျွန်တော်က ကျင်းရှင်းအုပ်စုရဲ့ ဥပဒေအကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ… ပြီးခဲ့သည့်နှစ်က ကျင်းရှင်းအုပ်စုက ကျိုးကျီယန်ကို သူတို့ရဲ့အကြံပေးပုဂ္ဂိုလ်အဖြစ် ရုတ်တရက်ပြောင်းလဲခဲ့တယ်… ကျွန်တော်က အရိပ်ထဲမှာ ချုပ်နှောင်ခံခဲ့ရပြီး နောက်ဆုံးမှာ အဲဒါနဲ့ပတ်သက်ပြီး သင်ယူလိုက်ရတယ်…"


မြို့၏အကြီးဆုံးအင်တာနက်ကုမ္ပဏီ ကျင်းရှင်းအုပ်စုသည် နှစ်စဉ်အမြတ်ငွေ ယွမ်တစ်ဘီလီယံကျော်ရှိသည်။ ရှေ့နေချီသည် ထိုကဲ့သို့သော အရေးကြီးသော အမှုသည်တစ်ဦးကို ခေါ်ဆောင်သွားခံသောအခါ မလွှဲမရှောင်သာ နာကြည်းမှုကိုခံစားရလိမ့်မည်။


ကျန်းဖျင်စစ်က မေးသည်။

"မနေ့ည 12 နာရီမှာ ခင်ဗျားဘယ်မှာရှိနေလဲ?"


ရှေ့နေချီ: "အိမ်မှာ အိပ်နေတယ်…"


ကျန်းဖျင်စစ်: "ခင်ဗျားမှာ အလီဘိုင်ရှိလား?"


ရှေ့နေချီက သူ့ဆံပင်များကို ဒေါသတကြီးကုတ်လိုက်ပြီး ပြောသည်။

"ကျွန်တော်က တစ်ကိုယ်တည်းဖြစ်နေတာ… အိမ်မှာ တစ်ယောက်တည်းအိပ်နေတာကို ဘယ်လိုအလီဘိုင်ပြနိုင်မှာလဲ?"


ခေါင်းဆောင်လင်က ရယ်မောကာ ပြတ်ပြတ်သားသား မေးလိုက်သည်။

"ကျိုးကျီယန်က မင်းရဲ့အမှုသည်ကို လုယူသွားလို့ မင်းအငြိုးထားခဲ့တာလား?"


ရှေ့နေချီက ဖွင့်ထုတ်လိုက်သည်။

"ဟုတ်တယ်၊ ကျွန်တော် သူ့ကို မုန်းတယ်… ဒါပေမယ့် ကျွန်တော်က ဥပဒေဘာသာရပ်ကို လေ့လာထားတဲ့ ရှေ့နေတစ်ယောက်ပါ… ကျွန်တော် လူတစ်ယောက်ကို မုန်းရင်တောင် သူ့ကို သတ်လို့မရဘူး! ဒီလိုလူမျိုးအတွက် ကိုယ့်ရဲ့အနာဂတ်ကို ဖျက်ဆီးရတာ မတန်ဘူး…"


ခေါင်းဆောင်လင်၏မျက်လုံးများက စူးရှနေသည်။

"မင်း သူ့ကိုသတ်တာလားလို့ ငါမင်းကို မမေးမိပါဘူး၊ မင်းဘယ်လိုသိတာလဲ… သူသေသွားပြီဆိုတာကို?"


ရှေ့နေချီသည် ခဏမျှ ထိတ်လန့်သွားပြီး သူ့မျက်လုံးများတွင် ထိတ်လန့်တကြား အရိပ်အယောင် ပေါ်လာသော်လည်း သူ အမြန်ငြိမ်သက်သွားသည်။ 

"ခင်ဗျားတို့က မနက်အစောကြီး သူ့ရုံးခန်းကို ရောက်လာပြီး ကျိုးကျီယန်ရဲ့ သတင်းကို လူတိုင်းဆီ မေးခဲ့တယ်… ခင်ဗျားတို့က မှုခင်းရဲမဟုတ်ဘူးလား? မှုခင်းရဲရောက်လာမှတော့ တစ်ယောက်ယောက်သေသွားလို့ပေါ့… ရိုးရှင်းတဲ့ ပျောက်ဆုံးမှုဖြစ်စဉ်တစ်ခုသာ ဖြစ်ရင် 24 နာရီအတွင်း အမှုဖွင့်ခံရမှာမဟုတ်ဘူး…"


သူပြောတာမှန်သည်။ ကျိုးကျီယန်သည် မနေ့နေ့လယ်က ရုံးတွင် ရှိနေသေးပြီး လူတိုင်းမြင်သည်။ မှုခင်းရဲများက သည်မနက်မှာ တံခါးကို ရောက်လာခဲ့သည်။ ထုံးစံအတိုင်း သူပျောက်ဆုံးခြင်းမဟုတ်ပါက အကြီးမားဆုံးဖြစ်နိုင်ခြေမှာ သူသေဆုံးခြင်း ဒါမှမဟုတ် လူသတ်မှုကိစ္စတွင် သူပါဝင်ပတ်သက်နေခြင်းပင်ဖြစ်သည်။


ချက်ချင်းဆိုသလိုပဲ နောက်ထပ် အလုပ်သင်ရှေ့နေတစ်ယောက်က သတင်းဖြန့်ခဲ့သည်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က အလုပ်ကထွက်သွားပြီးနောက် တစ်ခုခုကျန်ခဲ့လို့ ကျွန်တော်ပြန်လာယူတော့ ရှေ့နေကျိုးက အမျိုးသမီးတစ်ယောက်ကို ဖက်ပြီး ရုံးခန်းထဲဝင်သွားတာကို မတော်တဆ တွေ့လိုက်ရတယ်… အဲဒီအမျိုးသမီးက အောက်ထပ် လရောင်ဒီဇိုင်းစတူဒီယိုက ငယ်ရွယ်တဲ့ဒီဇိုင်နာ ချန်ယွဲ့ချင်ဖြစ်ပုံရတယ်… သူတို့နှစ်ယောက်က ရုံးခန်းထဲအတူတူဝင်သွားတာကိုပဲ ကျွန်တော်မြင်ခဲ့တာ… ကျန်တာဘာမှမသိဘူး!"


ခေါင်းဆောင်လင်က မေးသည်။

"ချန်ယွဲ့ချင်လား? သူမက မင်းတို့ရဲ့ဥပဒေလုပ်ငန်းကို လာလေ့ရှိသလား?"


အလုပ်သင်ရှေ့နေက ပြောသည်။

"ဟင့်အင်း… အဲဒီအချိန် သူမကိုမြင်တုန်းက ထူးဆန်းတယ်လို့ ကျွန်တော်ခံစားခဲ့ရတယ်… ရှေ့နေကျိုးနဲ့ တိုင်ပင်ဖို့ သူမမှာ ဥပဒေရေးရာပြဿနာတစ်ခုခုရှိနေတယ်လို့ ကျွန်တော်ထင်ခဲ့မိပေမယ့်… ရှေ့နေ့ကျိုးက သူမရဲ့ပုခုံးကိုဖက်ထားပြီး သူတို့နှစ်ယောက်က အရမ်းရင်းနှီးပုံရတယ်…"


တစ်နည်းဆိုရသော် ကျိုးကျီယန်က အိမ်ထောင်ကွဲတစ်ဦးဖြစ်ဖွယ်ရှိသည်။


ခေါင်းဆောင်လင်သည် ချန်ယွဲ့ချင်အကြောင်းစုံစမ်းရန် အောက်ထပ်ရှိ လရောင်ဒီဇိုင်းစတူဒီယိုသို့ တစ်စုံတစ်ဦးကို စေလွှတ်ခဲ့သော်လည်း တစ်ဖက်လူက ရှေ့နေကျိုးနှင့် မရင်းနှီးသောကြောင်း၊ သူမ၏ညီမဖြစ်သူက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြတ်စဲပြီး တရားစွဲလိုတာကြောင့် ဥပဒေရေးရာကိစ္စများကို တိုင်ပင်ဆွေးနွေးဖို့ တစ်ကြိမ်သာ သူ့ဆီ လာခဲ့ကြောင်း ပြောခဲ့သည်။


ဥပဒေလုပ်ငန်းတွင် စုံစမ်းစစ်ဆေးမှုက နှစ်နာရီကျော်ကြာမြင့်ခဲ့သည်။


ခေါင်းဆောင်က သေသေချာချာမေးပြီး ကျန်းဖျင်စစ်က ဘေးနားကနေ နားထောင်ကာ အဓိက သံသယရှိသူ နှစ်ယောက်ဖြစ်သော ချီကျောက်နှင့် ချန်ယွဲ့ချင်တို့ကို ရေးချခဲ့သည်။ တစ်ယောက်က ကျိုးကျီယန်နှင့် စီးပွားရေးဆိုင်ရာ ပဋိပက္ခများ ရှိခဲ့ပြီး အခြားတစ်ယောက်က ကျိုးကျီယန်နှင့် ရှုပ်ထွေးသော ဆက်ဆံရေးရှိကာ သူတို့နှစ်ဦးစလုံးသည် ပြစ်မှုကျူးလွန်ရန် ရည်ရွယ်ချက်များရှိသည်။ ထို့အပြင် သူတို့နှစ်ဦးစလုံးသည် မနေ့ညက အလီဘိုင်မရှိခဲ့ပါ။


သို့သော်လည်း ကျန်းဖျင်စစ်သည် ဤကိစ္စက ထိုမျှမရိုးရှင်းကြောင်း ခံစားခဲ့ရသည်။


လက်ရှိတွင် ကျိုးကျီယန်၏ဖုန်းတည်နေရာကို မသိရသေးဘဲ အပေါ်ထပ်ရှိ ဆွဲကြိုး၏ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ ကောက်ချက်ချမှု မရှိသေးပေ။ ထို့အပြင် မနေ့ညကတွေ့ခဲ့သည့် စောင့်ကြည့်ရေးမှတ်တမ်းမှာ ခရီးဆောင်အိတ်ကို ရှာမတွေ့ခဲ့ဘူး။ ကျိုးကျီယန်သည် ခရီးဆောင်အိတ်တစ်လုံးကို ရှင်းဟိုင်အဆောက်အဦးထဲသို့ ယူဆောင်လာကာ ခရီးဆောင်အိတ်က အလွန်အရေးကြီးနိုင်သည်။


ရဲအရာရှိအများအပြားက ရုံးခန်းသို့ပြန်လာသောအခါ ခယ်ရှောင်ပင်းသည် အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားသူ၏ ကွန်ပျူတာမှ အချက်အလက်များကို စုဆောင်းခဲ့သည်။


ခေါင်းဆောင်လင်က မေးလိုက်သည်။

"အံဆွဲရဲ့ ဂဏန်းတွဲသော့ကို ပုံဖော်ပြီးပြီလား?"


ခယ်ရှောင်ပင်း: "ဂဏန်းခြောက်လုံးပါတဲ့ စကားဝှက်က ခဏကြာလိမ့်မယ်…"


ခေါင်းဆောင်လင်: "တတ်နိုင်သမျှမြန်မြန်လုပ်…"


ခယ်ရှောင်ပင်းသည် စကားဝှက်ကို ပုံဖော်ရန် ရှိနေပြီး ကျန်းဖျင်စစ်နှင့် အခြားသူများက ရုံးခန်းကို ရှာဖွေနေပါသည်။ ရုံးခန်းသည် 100 စတုရန်းမီတာနီးပါးကျယ်ဝန်းပြီး အလွန်ဇိမ်ကျကျ အလှဆင်ထားသည်။ စားပွဲနောက်ဘက်တွင် စာအုပ်စင်တစ်ခုရှိသည်။ စာအုပ်စင်များတွင် ဥပဒေနှင့်ပတ်သက်သည့် စာအုပ်များ ပြည့်လုနီးပါးရှိသည်။ ကျန်းဖျင်စစ်သည် စာအုပ်စင်ကို သေသေချာချာ ဝေ့ကြည့်လိုက်တော့ ရုတ်တရက် သူ့မျက်လုံးများက စာအုပ်စင်အလယ်မှာ လွတ်နေသောအကန့်ကို စိုက်ကြည့်နေသည်။


ဇယားကွက်ပတ်လည်တွင် ဖုန်မှုန့်အနည်းငယ်ရှိသော်လည်း အလယ်က အလွန်သန့်ရှင်းသည်။ မူလက ဤနေရာတွင် တစ်စုံတစ်ခုချထားပြီး သိမ်းသွားပုံရသည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်လျားသည်။ ကျန်းဖျင်စစ်သည် ဂရပ်ဖစ်အပေါ် အလွန်အကဲဆတ်ပြီး သူ့စိတ်ထဲတွင် စိတ်ကူးလိုက်သည်...


စင်ပေါ်တွင် ရှည်လျားသော အမှတ်အသားများ ချန်ထားသည့်အရာက ဘယ်အရာဖြစ်မည်နည်း။ ဓာတ်ပုံဘောင်လား?


ပစ္စည်းကို သိမ်းသွားသည့်အတွက် ဤဇယားကွက်က ဗလာဖြစ်နေပြီး ကျန်းဖျင်စစ်လည်း သေချာမသိနိုင်ဘူး။


ဤအခိုက်အတန့်တွင် ခယ်ရှောင်ပင်း၏အသံက ဘေးမှထွက်လာသည်။

"ခေါင်းဆောင်လင်၊ စကားဝှက် ဖွင့်လို့ရပြီ…"


ကျန်းဖျင်စစ်သည် ချက်ချင်း လျှောက်လာပြီး ခယ်ရှောင်ပင်းက သော့ခတ်ထားသော အံဆွဲကို ဖွင့်ထားတာ တွေ့လိုက်ရသည်။


အံဆွဲထဲမှာ ငွေသားအပြည့်ရှိနေသည်။


ငွေစက္ကူအစုအဝေးများက သိန်းနှင့်ချီ၍ ရှိသင့်သည်။


ကျန်းဖျင်စစ်က တွေးဆသည်။

"သူက ဒီလောက်ပိုက်ဆံအများကြီးကို ဘဏ်မှာမသွင်းဘဲ အံဆွဲထဲမှာ တိတ်တဆိတ် သိမ်းထားဆိုတော့ တရားမဝင် ဝင်ငွေတွေများလား?"


ထို့နောက်မှာတော့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်၏အသံက သူ့နောက်မှ ထွက်ပေါ်လာခဲ့သည်။

"ခေါင်းဆောင်လင်၊ ခရီးဆောင်အိတ်ကိုရှာတွေ့ပြီ…"


ရုံးခန်းထောင့်က အခန်းထဲမှာ လျှို့ဝှက်တံခါးတစ်ခုရှိသည်။ တွန်းဖွင့်ပြီးနောက်တွင် သိုလှောင်ခန်းတစ်ခုရှိသည်။ သိုလှောင်ခန်းထဲတွင် အနက်ရောင်ခရီးဆောင်အိတ်တစ်လုံးရှိပြီး စောင့်ကြည့်ရေးမှတ်တမ်းတွင်ပါသည့် ခရီးဆောင်အိတ်နှင့် အတိအကျတူညီသည်။


ခေါင်းဆောင်လင်က မျက်ခုံးပင့်လိုက်ပြီး ပြောသည်။ 

"ဖွင့်ကြည့်လိုက်…"


ခရီးဆောင်အိတ်မှာ စကားဝှက်မရှိတာကြောင့် ကျန်းဖျင်စစ်က ငုံ့ကာ သော့ကိုဖွင့်လိုက်သည်—


ခရီးဆောင်အိတ်ထဲတွင် ငွေသားအပြင် ချက်လက်မှတ် နှစ်ခုကိုပါ သပ်ရပ်စွာ ထုပ်ပိုးထားပြီး စုစုပေါင်း 5 သန်းကျော်ရှိသည်။


ခေါင်းဆောင်လင်က သူ့မေးစေ့ကို ‌ပွတ်သပ်ပြီး စူးစူးစိုက်စိုက် ကြည့်နေသည်။

"ရုံးခန်းထဲကို ဘာလို့ ပိုက်ဆံတွေအများကြီး ယူလာရတာလဲ?"


#TK