Volume 6 : အားကစားပြိုင်ပွဲများ
Chapter 116 (အားကစားပြိုင်ပွဲ ၀၇)
လူသားတွေ၏ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုက တကယ့်ကို ကွဲပြားသည်။ C-183 သုတေသနအဖွဲ့သည် လက်ဆင့်ကမ်းပြိုင်ပွဲတွင် အနိုင်ရခဲ့ပြီး ယွဲ့ရှင်းဝမ်က ပြုံးနေစဉ် နောက်ဆုံးအခိုက်အတန့်၌ ကျန်းဖျင်စစ်ကြောင့် နောက်ပြန်ရောက်သွားသည့် ကျောင်းသားများ၏မျက်နှာများမှာ တစ်ယောက်နှင့်တစ်ယောက် ပိုရုပ်ဆိုးသွားခဲ့သည်။
ပထမအဆင့်နေရာရှိ အားကစားကျောင်းမှ ကောင်လေးက ကျန်းဖျင်စစ်ရှိရာသို့ လျှောက်လာပြီး မျက်ရည်များကြားမှ ရယ်မောကာ ပြောသည်။
"ငါ့ရဲ့စကိတ်ဘုတ်နဲ့ အဆုံးစည်းကိုရောက်ဖို့ 2 စက္ကန့်ပဲလိုတော့တာ၊ 2 စက္ကန့်လေးပဲ! မင်းငါ့ကို တကယ်ကြီးနောက်ပြန်သွားခိုင်းလိုက်တယ်!"
သူ့ဘေးနားရှိ မိန်းကလေးကလည်း ပြောလာသည်။
"ငါ ပြိုင်ပွဲတော်တော်များများမှာ ပါဝင်ခဲ့ဖူးပြီး လူတွေကို နေရာမှာတင် မတ်တတ်ရပ်ခိုင်းတာ၊ လှုပ်ရှားခွင့်မပေးတာပဲ ငါမြင်ဖူးခဲ့ပြီး လူတစ်ယောက်က အခြားလူတွေကို နောက်ပြန်ပို့တာမျိုး တစ်ခါမှ မတွေ့ဖူးဘူး…"
အရှေ့ကိုပြေးနေတဲ့ ပြိုင်ဘက်တွေကို နောက်ပြန်ပို့လိုက်တာက အရှက်မရှိဘူးမဟုတ်ဘူးလား?
သို့သော် စာကြည့်တိုက်၏ အားကစားပြိုင်ပွဲသည် အခြားသူများထက် ပို၍အရှက်မရှိရမှာဖြစ်ပြီး အရှက်မရှိဆုံးသူက အဆုံးတွင် အနိုင်ရလိမ့်မည်။
ချင်းလန်က သက်ပြင်းချလိုက်ရင်း ယွဲ့ရှင်းဝမ်၏ပခုံးကို အဓိပ္ပါယ်ရှိစွာ ပုတ်လိုက်သည်။
"ကြည့်ရတာ မင်းကိုပဲ အာရုံစိုက်ရုံနဲ့ မလုံလောက်ဘူးထင်ပါရဲ့… နောင်အခါ မင်းရဲ့သုတေသနအဖွဲ့နဲ့ ငါတို့ထပ်တွေ့ရင် ‘တစ်ယောက်ချင်းစီအာရုံစိုက်ခြင်း’နည်းဗျူဟာကို ငါတို့အသုံးပြုရမှာဖြစ်ပြီး အထူးသဖြင့် မင်းတို့အားလုံးကိုအာရုံစိုက်ဖို့ စွမ်းရည်ထိန်းသိမ်းရန် လိုအပ်တယ်…"
ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။
"စီနီယာအစ်ကိုက ကျွန်တော်တို့နဲ့ ထပ်ပြီးတွေ့ရင် ကံမကောင်းနိုင်ဘူးမလား? ဘယ်လိုမျိုးအဖွဲ့လိုက်ပြိုင်ပွဲတွေမှာ စာရင်းသွင်းထားသေးလဲ?"
ချင်းလန်က ပြန်ဖြေသည်။
"အဖွဲ့လိုက်လှေလှော်၊ ဘောလုံး၊ လွန်ဆွဲ"
"..." ယွဲ့ရှင်းဝမ်၏အပြုံးက အေးခဲသွားပြီး ပြောသည်။ "တိုက်ဆိုင်လိုက်တာ၊ ကျွန်တော်တို့နဲ့ အတူတူပဲ…"
ချင်းလန်သည် ခြေချော်သွားပြီး မြေပြင်ပေါ် လဲကျနီးပါး ဖြစ်သွားသည်—— ငါတကယ် မင်းနဲ့အတူတူ မကျချင်ဘူး၊ မင်းကိုမြင်ရင် လူတွေကို ခေါင်းကြီးစေလိမ့်မယ်!
သူ့ဘေးနားရှိ ချန်မုယွင်က တည်ငြိမ်စွာပြောသည်။
"ငါတို့စာရင်းသွင်းခဲ့တဲ့ အဖွဲ့လိုက်ပြိုင်ပွဲတွေက ရေကူးအလံကိုင်၊ ဘက်စကတ်ဘောနဲ့ အဖွဲ့လိုက်စက်ဘီးစီးပြိုင်ပွဲတွေပဲ… 183 သုတေသနအဖွဲ့နဲ့ ငါတို့ထပ်တွေ့ဖို့မလိုတော့ ကောင်းပါတယ်…"
ယွိမင်ယွီကလည်း ဆိုသည်။
"ကျန်တဲ့အဖွဲ့လိုက်ပြိုင်ပွဲတွေမှာ လွန်ဆွဲပြိုင်ပွဲပဲ မင်းတို့နဲ့တူတာဆိုတော့ ကောင်းပါတယ်၊ ကောင်းပါတယ်…"
ယွဲ့ရှင်းဝမ်: "??"
နေပါဦး၊ စီနီယာတို့အားလုံးက နတ်ဆိုးကို ရှောင်နေသလိုမျိုး 183 သုတေသနအဖွဲ့ကို ဘာလို့ရှောင်နေရတာလဲ?
စီနီယာအစ်ကို၊အစ်မများ၏ အပြုအမူကြောင့် ယွဲ့ရှင်းဝမ်သည် ဇီဝသိပ္ပံဌာနမှာ သူတို့တွေ လိုက်ပါပို့ဆောင်ပေးရသည့် ပရော်ဖက်ဆာထန်ကို တွေးလိုက်မိသည်—— ပရော်ဖက်ဆာထန်သည် မကောင်းဆိုးရွားအုပ်စုကို မြင်နေသကဲ့သို့ သူတို့ကို ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
ဤအားကစားပြိုင်ပွဲတွင် သူတို့၏ 183 သုတေသနအဖွဲ့၏ ဂုဏ်သတင်းက လုံးဝပျက်စီးသွားပြီလား။
ဆုပေးပွဲအခမ်းအနားကို မကြာမီ ပြီးဆုံးခဲ့သည်။ ယွဲ့ရှင်းဝမ်၊ ကျန်းဖျင်စစ်၊ ချင်လုနှင့် ရွှီယိရှန်းတို့သည် 183 သုတေသနအဖွဲ့ကိုယ်စား အဖွဲ့လိုက်ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခု ရရှိခဲ့သည်။ ပွဲကြည့်စင်နေရာသို့ ပြန်ရောက်ပြီးနောက် အဖွဲ့ဝင်များသည် အလွန်စိတ်လှုပ်ရှားပြီး ရွှေတံဆိပ်ဆုကိုယူကာ ဝိုင်းဖွဲ့ကြည့်နေကြသည်။
ခယ်ရှောင်ပင်းသည် စာကြည့်တိုက်၏ ဖိုရမ်ပေါ်ရှိ အားကစားပြိုင်ပွဲအချိန်ဇယားကို ဖွင့်၍ ဂရုတစိုက်ကြည့်ကာ ပြောသည်။
"အပြေးပြိုင်ပွဲတွေ ပြီးသွားပြီဆိုတော့ အလျားခုန်နဲ့ ပစ်တဲ့ပြိုင်ပွဲတွေ ရောက်လာပြီ… ဖျင်စစ်က အပစ်ပြိုင်ပွဲတွေ အများကြီးကို စာရင်းသွင်းခဲ့တယ်မလား?"
ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။
"အင်း… သံပြားပစ်၊ လှံတံပစ်နဲ့ သံလုံးပစ်တွေအတွက် ငါစာရင်းသွင်းထားတယ်…"
ယွဲ့ရှင်းဝမ်က ခေါင်းငုံ့ကာ ခယ်ရှောင်ပင်း၏ လက်ပ်တော့စခရင်ကို ကြည့်ပြီး မေးသည်။
"အပစ်ပြိုင်ပွဲတွေလိုမျိုး တစ်ယောက်ချင်းပြိုင်ပွဲတွေမှာ ပြိုင်ပွဲဝင်တွေကို အခြားလူတွေက စွမ်းရည်တွေနဲ့ အနှောင့်အယှက်ပေးလို့ရလား?"
ခယ်ရှောင်ပင်း: "မရဘူး… ပြိုင်ပွဲဝင်တွေပဲ သူတို့ရဲ့စွမ်းရည်တွေကို အသုံးပြုနိုင်တာ…"
အပစ်ပြိုင်ပွဲသည် တူညီသောပြေးလမ်းပေါ်ရှိ အခြားပြိုင်ဘက်များနှင့် ယှဉ်ပြိုင်ရသလိုမျိုး အပြေးပြိုင်ပွဲနှင့်မတူဘဲ ကစားသမားတစ်ဦးစီက သံလုံပစ်၊ လှံတံပစ်၊ စသည်ဖြင့် ဘယ်သူအဝေးဆုံးပစ်နိုင်မလဲဆိုတာကို ယှဉ်ပြိုင်ရသည်။
အပစ်ပြိုင်ပွဲအတွင်း မည်သူမျှ အနှောင့်အယှက်ပေးရန် စွမ်းရည်များကို အသုံးမပြုရဟု ပြဋ္ဌာန်းထားသောကြောင့် ကစားသမားတစ်ဦးစီ၏ တစ်ဦးချင်းနားလည်မှုနှင့် စွမ်းရည်များအသုံးပြုမှုကို စမ်းသပ်သည်ဟုလည်း ဆိုလိုနိုင်သလို၊ နောက်တစ်နည်းပြောရရင် ‘ငါ အခုလေးတင် သံလုံးပစ်လိုက်တာ၊ တစ်ယောက်ယောက်က ငါ့သံလုံးကို မြေပြင်ပေါ်ကျအောင် ဆွဲငင်အားကို သုံးလိုက်တယ်’ဟု ပြောလာပါက ကွင်းတစ်ခုလုံး ပရမ်းပတာဖြစ်သွားလိမ့်မည်။
ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။
"ပြိုင်ပွဲတွေပဲ စွမ်းရည်တွေကို အသုံးပြုနိုင်တာတဲ့၊ ဒါက အရမ်းကောင်းတာပဲ!
ကျန်းဖျင်စစ်က တိုးတိုးပြောသည်။
"ငါက သံလုံးကို parabola နဲ့ တတ်နိုင်သမျှ ဝေးဝေးဆီသယ်သွားနိုင်ရင် ချန်ပီယံဆုကို ရယူနိုင်ပါတယ်…"
သည်စကားက ပြောရတာ လွယ်လွန်းပြီး အခြားသူတွေကြားသွားပါက သူတို့တွေ သူ့အား ရိုက်နှက်ချင်ကြလိမ့်မည်။
ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်၏နားထဲသို့ ချက်ချင်း ယိုင်ကာ နူးညံ့သောအသံဖြင့် ပြောသည်။
"မင်းရဲ့စွမ်းရည်နဲ့ အပစ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို သေချာပေါက် ဆွတ်ခူးနိုက်လိမ့်မယ်… ဒါပေမယ့် ဒီစကားတွေကို ပွင့်ပွင့်လင်းလင်း မပြောနဲ့ ဟုတ်ပြီလား? ငါတို့ရဲ့အမုန်းတရားတန်ဖိုးက အရမ်းကြီးမားလွန်းတယ်!"
ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် မြှောက်တက်သွားသည်။
"အင်း၊ ငါသိတယ်…"
အပြေးပြိုင်ပွဲများ ပြီးဆုံးသွားပြီးနောက်တွင် အလျားခုန်ခြင်းနှင့် အမြင့်ခုန်ခြင်းများ စတင်ခဲ့သည်။ 183 သုတေသနအဖွဲ့မှမည်သူမျှ ဤပြိုင်ပွဲနှစ်ခုအတွက် စာရင်းသွင်းထားခြင်းမရှိသောကြောင့် သူတို့သည် ပွဲကြည့်စင်တွင် အနားယူရင်း ပြိုင်ပွဲများကို ကြည့်ရှုခဲ့ကြသည်။
အမြင့်ခုန်ပြိုင်ပွဲတွင် ထူးချွန်သောအောင်မြင်မှုမှာ ခန္ဓာကိုယ်ကို မြှောက်တက်စေရန် ဆွဲငင်အားကို ထိန်းချုပ်နိုင်သည့် ရူပဗေဒဌာနဖြစ်သည်။ ပြီးနောက် ခန္ဓာကိုယ်ကြံ့ခိုင်မှု အပိုပါရှိသော အားကစားကျောင်းမှဖြစ်သည်။ အလျားခုန်ပြိုင်ပွဲတွင် ပထဝီ၊ ရူပဗေဒနှင့် အားကစားကျောင်းမှ ကျောင်းသားများအားလုံး ဖိုင်နယ်သို့ တက်ခဲ့ကြသည်။
မျက်စိတစ်မှိတ်အတွင်း နာရီပေါင်းများစွာ ကုန်ဆုံးသွားခဲ့ပြီး စာကြည့်တိုက်သည် သူတို့ကို နေ့လယ်စာအတွက် အနားယူခိုင်းရန် ရည်ရွယ်ချက်မရှိပေ။ အားကစားကွင်းမှာ ပြိုင်ပွဲကို ဆက်ကျင်းပနေဆဲဖြစ်ပြီး အကယ်၍ သူတို့သည် ယခုအားကစားကွင်းမှ ထွက်သွားပါက “ပြေးခုန်ပစ်အားကစားသင်တန်း”စာမေးပွဲကို လက်လျှော့လိုက်ခြင်းနှင့် ညီမျှသည်။
အခြားသူများသည် ပြေးခုန်ပစ်ပြိုင်ပွဲများအတွက် စာရင်းသွင်းထားခြင်းမရှိခဲ့ပေမယ့် ကျန်းဖျင်စစ်ကို ဤနေရာတွင် တစ်ယောက်တည်းထားခဲ့မှာ အားလုံးက ရှက်သောကြောင့် အဖွဲ့ဝင်များသည် ဗိုက်အဆာခံပြီး သူတို့ထိုင်ခုံများတွင် ထိုင်စောင့်နေခဲ့သည်။
နေ့လည် 2:30 တွင် သံပြားပစ်ပြိုင်ပွဲကို ဦးစွာစတင်ခဲ့သည်။
ဤတစ်ယောက်ချင်းပြိုင်ပွဲအတွက် စာရင်းသွင်းထားသည့် ကျောင်းသားအများအပြားရှိခဲ့ပြီး အဓိကအားဖြင့် ရူပဗေဒဌာန၊ အားကစားကျောင်း၊ ဇီဝသိပ္ပံဌာနနှင့် သင်္ချာဌာနတို့မှ ဖြစ်သည်။ ဖန်သားပြင်ကြီးသည် အုပ်စုစာရင်းကို စတင်ဖော်ပြခဲ့ပြီး ကျန်းဖျင်စစ်ကို အုပ်စု 7 တွင် သတ်မှတ်ခဲ့သည်။
ယွဲ့ရှင်းဝမ်က သူ့ကို ရေဘူးတစ်ဘူး ပေးလိုက်သည်။
"Fighting!"
ကျန်းဖျင်စစ်သည် ရေဘူးကိုယူပြီး တစ်ငုံသောက်ကာ ယွဲ့ရှင်းဝမ်ဆီသို့ ခေါင်းငြိမ့်ပြပြီး တိုးတိုးလေးပြောသည်။
"စိတ်မပူပါနဲ့…"
ကျန်းဖျင်စစ်သည် အားကစားကွင်းဆီသို့ လျှောက်သွားပြီးနောက် ခယ်ရှောင်ပင်းက လေးနက်စွာပြောသည်။
"အပစ်ပြိုင်ပွဲက အဝေးဆုံးအကွာအဝေးကို ယှဉ်ပြိုင်ရတာပဲ… ဖျင်စစ်ရဲ့ coordinate system က သဘောတရားအရ သူ့အမြင်အာရုံနယ်ပယ်အတွင်းရှိ ဘယ်လို coordinate ကိုမဆို parabolic လှုပ်ရှားမှုပြုလုပ်ဖို့ ထိန်းချုပ်နိုင်တာကြောင့် သူက သံပြားနဲ့ သံလုံးတွေကို အဝေးဆုံးအထိ သေချာပေါက် ပစ်နိုင်တယ်… ဒီလိုပြိုင်ပွဲမျိုးမှာ သင်္ချာဌာနက Boss ပဲ မဟုတ်ဘူးလား?"
ရွှီယိရှန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ဖန်သားပြင်ကြီးကို ကြည့်လိုက်သည်။
"ဒါပေမယ့် ရူပဗေဒဌာနရဲ့ ကျောင်းသားတွေအများကြီးလည်း စာရင်းသွင်းထားကြတာပဲမလား?"
ကျိုဖုန်းက ခွဲခြမ်းစိတ်ဖြာသည်။
"ရူပဗေဒဌာနရဲ့ ကျောင်းသားတွေက သံလိုက်စက်ကွင်းကို အသုံးပြုပြီး သံလုံရဲ့ S ဝင်ရိုးကို အဝေးမှာ တိုက်ရိုက်ထားပြီး N ဝင်ရိုးကို သံလုံး၊ သံပြားမှာ ကပ်ထားလိုက်ရင် ပစ်မှတ်ကို သတ်မှတ်ထားတဲ့ အကွာအဝေးဆီ ရောက်ရှိစေနိုင်ဖို့ ဝင်ရိုးနှစ်ခုရဲ့ ဆွဲငင်အားအပေါ် မူတည်တယ်… ဒါပေမယ့် သံလိုက်ကို လွတ်လိုက်ရင် တိကျတဲ့ coordinate တွေကို တွက်ချက်ဖို့ မလွယ်ကူတာကြောင့် ဖျင်စစ်ရဲ့ parabola က ပိုကောင်းတယ်…"
လျှိုကျောက်ချင်းက တွေးဆရင်း သူ့မေးစေ့ကို ပွတ်သပ်ကာ ပြောသည်။
"Parabola က ဆင်းသက်မယ့်အမှတ်ကို တွက်ချက်နိုင်ပေမယ့် သင်္ချာဌာနက ကျောင်းသားတွေမှာ xyz coordinate system ကို ရရှိထားတာ ကျန်းဖျင်စစ်တစ်ယောက်တည်း မဟုတ်ဘူးမလား? သင်္ချာဌာနရဲ့ ကျောင်းသားအများစုမှာလည်း ရှိနိုင်တယ်!"
စာကြည့်တိုက်တွင် ဘာသာရပ်တစ်ခုစီတိုင်းက စွမ်းရည်စာအုပ်များကို အမှတ်များဖြင့် လဲလှယ်နိုင်သောကြောင့် တူညီသောမေဂျာမှ ကျောင်းသားများသည် တူညီသောစွမ်းရည်စာအုပ်များ ရရှိကြသည်မှာ အံ့သြစရာမဟုတ်ပါ။ သို့သော် coordinate system ၏စွမ်းရည်က ထိပ်တန်းကျောင်းသားများအတွက် စွမ်းရည်ဖြစ်သည်။
စာညံ့သောကျောင်းသားများသည် ကိုယ့်ပြဿနာကိုယ်ရှာဖို့အတွက် ဤစွမ်းရည်ကို လဲလှယ်ရန် မဖြစ်နိုင်ပေ။ သင်္ချာဌာနမှ တစ်စုံတစ်ယောက်သည် ဤစွမ်းရည်ကို အမှန်တကယ်လဲလှယ်လိုက်ပါက ထိုသူ၏ တွက်ချက်ခြင်းစွမ်းရည်သည် အလွန်အားကောင်းပြီး coordinate များနှင့် ဖော်မြူလာများကို လျင်မြန်စွာ တွက်ချက်နိုင်စွမ်းအပေါ် အလွန်ယုံကြည်မှုရှိရမည်။
ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။
"စီနီယာတို့ပြောတာမှန်တယ်၊ သင်္ချာဌာနမှာ coordinate system စွမ်းရည်ကိုရရှိထားတာက ဖျင်စစ် တစ်ယောက်တည်းထက်မက ရှိရမယ်… ဒါပေမယ့် ဖျင်စစ်က တူညီတဲ့ဘာသာရပ် ပြိုင်ဘက်နဲ့ တွေ့ဆုံခဲ့ရင်တောင်—— သူ သေချာပေါက် အနိုင်ရလိမ့်မယ်!"
ကျန်းဖျင်စစ်၏စွမ်းရည်ကို သူအမြဲယုံကြည်ခဲ့သည်။ သူ့အမြင်အရ အမြဲတမ်း တင်းကျပ်ပြီး တည်ငြိမ်သူ ကျန်းဖျင်စစ်သည် တွက်ချက်မှုတွင် အမှားအယွင်းမရှိပေ။ သူသည် တူညီသောသင်္ချာဌာန၏ ထိပ်တန်းကျောင်းသားနှင့် ယှဉ်ပြိုင်မည်ဆိုပါက ကျန်းဖျင်စစ် အနိုင်မယ်ဆိုတာကို တွန့်ဆုတ်ခြင်းမရှိဘဲ သူလောင်းကြေးထပ်လိမ့်မည်။
လင်းမန့်လော်က ပြုံးကာ သူ့ကို စနောက်လေသည်။
"ဖျင်စစ်အပေါ် ရှင်းဝမ်ရဲ့ယုံကြည်မှုက အမြဲတမ်း အမှတ်ပြည့်ပဲနော်…"
ယွဲ့ရှင်းဝမ်: "ဘာလို့လဲဆိုတော့ သူ ငယ်ငယ်လေးကတည်းက သင်္ချာမှာ အမြဲတမ်း အမှတ်ပြည့်ရလို့လေ…"
လူတိုင်း: "..."
စက်အသံက ဂရုမစိုက်ဟန်ဖြင့် ကြေညာခဲ့သည်။
"နောက်ထပ်ပြိုင်ပွဲက သံပြားပစ်ပြိုင်ပွဲပါ… ကျေးဇူးပြုပြီး သံပြားကို စနစ်တကျ ပစ်ပါ… ပစ်တဲ့ဧရိယာထဲကို ဝင်သွားရင် စွမ်းရည်ကို အသုံးပြုနိုင်ပါတယ်… သံပြားပစ် ဆင်းသက်တဲ့အမှတ်က ပန်ကာပုံသဏ္ဌာန်ရှိတဲ့ ဧရိယာမှာ ဖြစ်ရပါမယ်… အကယ်၍ သံပြားက စည်းပေါ်မှာဆင်းသက်တာ၊ စည်းအပြင်ဘက်ရောက်တာဆိုရင် ပြစ်ဒဏ်အဖြစ် သတ်မှတ်ပါမယ်… သံပြားပစ်ခြင်းရဲ့ လှုပ်ရှားမှုစံနှုန်းတွေကို ဖန်သားပြင်ကြီးပေါ်က ဗီဒီယိုမှာကြည့်ပါ…"
ဗီဒီယိုတွင် သံပြားပစ်ခြင်း၏ အနှေးပြကွက်ကို ပြသသည်။ သံပြားကို ကိုင်သောအခါတွင် လက်ငါးချောင်းကို ခွဲထားပြီး သံပြားကို ကိုင်ထားသော လက်မောင်းက သဘာဝကျကျ တွဲကျနေပါသည်။ ပထမဦးစွာ ပစ်လွတ်မည့်လမ်းကြောင်းကို နောက်ကျောလှည့်ကာ နှစ်ကြိမ် လျှင်မြန်စွာ လှည့်ပြီးနောက် ပန်ကာပုံသဏ္ဌာန် ထွက်ပေါက်မှ သံပြားကို ကိုယ့်ရှေ့သို့ တိုက်ရိုက် ပစ်ချလိုက်သည်။
လူများစွာသည် အထက်တန်းကျောင်းတွင် သံပြားအား ဘယ်လိုပစ်ရမည်ကို သင်ယူခဲ့ကြသော်လည်း အထက်တန်းအောင်တာ နှစ်တွေအများကြီးကြာပြီးနောက် မေ့သွားတတ်သောကြောင့် ပြိုင်ပွဲစသောအခါ အမှားတွေ အများအပြား ရှိနေခဲ့သည်—— လူတစ်ယောက်က လှည့်နေစဉ်အတွင်း ခြေချင်းလိမ်သွားခဲ့သည်။ တချို့လူများက ပစ်ခြင်းဧရိယာရှိ သံလှောင်အိမ်ကို မတော်တဆ ဝင်တိုက်မိကြသည်။ တချို့က လှည့်ပတ်ခြင်း၏ ဦးတည်ချက်ကို မထိန်းချုပ်ဘဲ သံပြားကို ကွင်းအပြင်ဘက်သို့ တိုက်ရိုက် ပစ်ချခဲ့သည်။
ပဏာမအဆင့်တွင် ပစ်ခြင်းလှုပ်ရှားမှုစံနှုန်းများနှင့် မညီသော ပြိုင်ပွဲဝင်များ 30% ကို ဖယ်ထုတ်ခဲ့သည်။
ကျန်ရှိသောကျောင်းသားများက ပစ်လိုက်တာနဲ့ ‘စွမ်းရည်စစ်ပွဲ’ကို စတင်မည်ဖြစ်သည်။
အားကစားကျောင်းမှ ကျောင်းသား၏ လက်မောင်းခွန်အား တိုးလာကာ သံပြားကို ရှေ့သို့ အလွယ်တကူ ပစ်လိုက်ပြီး လူသားကမ္ဘာ့စံချိန်ဖြစ်သော 76 မီတာကို တိုက်ရိုက်ချိုးဖျက်ကာ အံ့အားသင့်ဖွယ်ရလဒ်ဖြင့် မီတာ 90 ကျော်ကို ပစ်လွတ်ခဲ့သည်။
လွန်လွန်ကဲကဲမဖြစ်စေရန် ရူပဗေဒဌာနသည် မီတာ 100 အကွာကို ပစ်လိုက်သောသံပြားအား ဆွဲဆောင်ဖို့ သံလိုက်ကို အသုံးပြုခဲ့သည်။
ကျန်းဖျင်စစ်သည် အုပ်စု 7 တွင် ပေါ်လာပြီး တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်သည် ဖန်သားပြင်သို့ပြောင်းသွားကာ ကင်မရာက သူ့မျက်နှာဆီသို့ ကျရောက်ခဲ့သည်။
ကောင်လေးသည် နက်ပြာရောင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်ပုံပေါ်သည်။ သူ၏ သွယ်လျသော ညာလက်သည် coordinate system ဆွဲပြီး နောက်တွင် သံပြားအား ကောက်ယူလိုက်တာကို သူတို့တွေ့လိုက်ရသည်။ သူ၏ကိုယ်ဟန်အနေအထားက အခုလေးတင် ဗီဒီယိုထဲကအတိုင်းပါပဲ။ သူ၏ညာခြေထောက်ကို ဆောင့်နင်းထားပြီး ပစ်ခြင်းဧရိယာတွင် နှစ်ကြိမ် လှည့်ပြီးနောက် ပန်ကာပုံသဏ္ဌာန် ဧရိယာ၏ ရှေ့မှ သံပြားကို ပြတ်ပြတ်သားသား ပစ်လိုက်သည်။
သံပြားက လွတ်ထွက်တာနဲ့ သူက ဖော်မြူလာတစ်ခုကို အမြန်ရေးလိုက်သည်။
လေထဲတွင်ရှိသော သံပြားသည် သူသတ်မှတ်ထားသောလမ်းကြောင်းအတိုင်း parabolic လှုပ်ရှားမှုတစ်ခုပြီးမြောက်ခဲ့ပြီး နောက်ဆုံးတွင် ကွင်း၏အပြင်ဘက်ဆုံးစက်ဝိုင်းမှ 150 မီတာအကွာရှိ ပန်ကာပုံသဏ္ဍာန်ဧရိယာအနားသို့ ဆင်းသက်ခဲ့သည်။
ရှေ့တွင် စင်တီမီတာ အနည်းငယ်ဝေးပြီး သံပြားသည် စည်းမှ ထွက်သွားတော့မည်။
သံပြား၏ အနေအထားကို ဖန်သားပြင်ပေါ်တွင် ချဲ့ထားပြီး သံပြား၏အစွန်းက ကွင်း၏အစွန်းနှင့် အလွန်ကပ်နေပြီး ပြစ်ဒဏ်စည်းမှ တစ်မီလီမီတာသာ ဝေးတော့ကြောင့် သူတို့မြင်နိုင်သည်။
စက်အသံ: "အဲဒါက စည်းပေါ် မကျရောက်ကြောင်း system မှ တွက်ချက်ထားပြီးပါပြီ… ရလဒ်က တရားဝင်ပါတယ်—— 149.99 မီတာ"
ပရိသတ်များထံမှ အာမေဋိတ်သံတွေ ထွက်လာသည်။
"ဘုရားရေ! ဒါက အဝေးဆုံးအကွာအဝေးပဲ မဟုတ်ဘူးလား?"
"အဲဒါထက်ဝေးရင် ပြစ်ဒဏ်ဖြစ်သွားလိမ့်မယ်!"
"149.99 မီတာလား? 0.01 မီတာသာ အရှေ့တိုးသွားရင် ပြစ်ဒဏ်ဖြစ်သွားမှာမလား? ဒီမကောင်းဆိုးရွားက ဘယ်ကရောက်လာတာလဲ!"
လူတချို့ကလည်း သိချင်စွာ မေးမြန်းကြသည်။
"သူက ဘယ်သူလဲ? အားကစားကျောင်းကလား?"
"သင်္ချာဌာနက ကျန်းဖျင်စစ်လေ… သုဒ္ဓကိန်းများဝင်္ကပါနဲ့ အဆုံးမရှိလှေကားများဝင်္ကပါအတွက် နည်းဗျူဟာအားလုံးကို သူရေးခဲ့တာ!"
ပြီးပြည့်စုံသော parabola၊ ဆင်းသက်အမှတ်က 149.99 မီတာဖြစ်ပြီး ဘာမှ ပြောစရာကိုမရှိဘူး။
ကျန်းဖျင်စစ်သည် တစ်ဖက်သို့လှည့်ပြီး အနားယူမည့်နေရာသို့ ပြန်သွားကာ သူ့ဘေးနားရှိ ရူပဗေဒဌာနမှ ကျောင်းသားများက မကောင်းဆိုးရွားကို ကြည့်နေသလိုမျိုး သူ့ကို ကြည့်နေကြသည်။
ပွဲကြည့်စင်နေရာ၌ ယွဲ့ရှင်းဝမ်က တောက်ပစွာ ပြုံးကာ ပြောသည်။
"ဒီလိုရလဒ်နဲ့ အခြားလူတွေက ဖျင်စစ်ကို ဘယ်လိုလုပ် ကျော်နိုင်မှာလဲ?"
သူ၏အောင်ပွဲခံသံကိုကြားတော့ ခယ်ရှောင်ပင်းက အကူအညီမဲ့စွာ ဆိုသည်။
"အင်း၊ စာမေးပွဲစာရွက် ပေးလိုက်ရင်တောင် သူက တိုက်ရိုက် အမှတ်ပြည့်ရနိုင်တာကြောင့် အခြားလူတွေက သူ့ကို မကျော်နိုင်ဘူး…"
150 မီတာသည် သံပြားပစ်ပြိုင်ပွဲ၏ အပြင်ဘက်ဆုံးကန့်သတ်ချက်ဖြစ်သည်။ ၎င်းက စည်းကိုထိသွားတာ ဒါမှမဟုတ် စည်းပြင်ထွက်သွားတာဆိုလျှင် ရလဒ်များက တရားဝင်မည်မဟုတ်ပါ။ ကျန်းဖျင်စစ်သည် “ရလဒ်ကတရားဝင်သည်”ဟူသော အဝေးဆုံးအကွာအဝေးတွင် သံပြားကို ဆင်းသက်ခိုင်းလိုက်သည်။ အခြားသူများမှာ 149.99 မီတာအကွာအဝေးကို ပစ်ပြီး သူနှင့် ရလဒ်တူတာ ဒါမှမဟုတ် ထောင့်အနည်းငယ်ချော်ထွက်ပြီး သူ့ရလဒ်ထက် နိမ့်တာ ဒါမှမဟုတ် စည်းပေါ်၊ စည်းအပြင်ဘက်သို့ ပစ်ချပြီး ပြစ်ဒဏ်ထိတာပဲ ဖြစ်နိုင်တော့သည်။
ဘုရင်က ပြိုင်ပွဲအဖွင့်မှာတင် ပေါက်ကွဲခဲ့သည်။
အခြားပြိုင်ပွဲဝင်များသည် ထိုးနှက်ချက်ကြောင့် ညံ့ဖျင်းမှုကို အမှန်တကယ် ခံစားခဲ့ရသည်။
ကျန်းဖျင်စစ်နှင့် ယှဉ်ပြိုင်လိုသော သင်္ချာဌာနမှ ထိပ်တန်းကျောင်းသား အနည်းငယ်လည်း ရှိသည်။ သူတို့သည်လည်း မျဉ်းကွေးလှုပ်ရှားမှုကို တွက်ချက်ရန် coordinate system ကို အသုံးပြုကာ အဝေးဆုံးအမှတ်သို့ရောက်ရှိရန် သံပြားကို ထိန်းချုပ်လိုသော်လည်း ပစ်လိုက်ချိန်တွင် ထောင့်သည် အနည်းငယ်ကွဲလွဲကာ အတိအကျ တွက်ချက်မှု မလုံလောက်ခဲ့ပေ။
နောက်ဆုံးတွင် သံပြားပစ်ခြင်းပြိုင်ပွဲ၌ ထိပ်ဆုံးသုံးယောက်ကို သင်္ချာဌာနမှ ထိပ်တန်းကျောင်းသားများက သိမ်းပိုက်ခဲ့သည်။
ပထမနေရာ၊ ကျန်းဖျင်စစ်၊ 149.99 မီတာ။
ဘာကြောင့်လဲဆိုတော့ အားကစားကွင်းက သိပ်မဝေးလို့ဖြစ်သည်။ အားကစားကွင်းက ပိုကြီးပြီး သံပြားပစ်ခြင်းဧရိယာ၏ အကန့်အသတ်စည်းကို မီတာ 300 သို့ ပြောင်းလိုက်မယ်ဆိုရင် ကျန်းဖျင်စစ်က 299.99 မီတာအထိ ပစ်ချနိုင်မှာ သေချာပါသည်။
ဒုတိယနှင့် တတိယနေရာများကို သင်္ချာဌာနမှ ကျောင်းသား နှစ်ဦးက 149.5 မီတာနှင့် 149 မီတာဖြင့် အသီးသီး ရရှိခဲ့သည်။
စင်မြင့်ပေါ်၌ ဒုတိယနေရာရရှိခဲ့သော သူ့ဘေးနားမှ ကောင်လေးက ပြုံးပြပြီး မေးသည်။
"မင်းက လက်ဆင့်ကမ်းပြိုင်ပွဲမှာ ရှေ့ကလူတွေကို နောက်ပြန်ပို့လိုက်တဲ့ ကျန်းဖျင်စစ် ဟုတ်တယ်မလား?"
ကျန်းဖျင်စစ်: "…အင်း"
ကောင်လေးက လက်မထောင်ပြပြီး သူ့ကို ချီးကျူးသည်။
"ဒါက ငါတို့ရဲ့သင်္ချာဌာနကို တကယ်မျက်နှာသာပေးတာပဲ…"
ကျန်းဖျင်စစ်: "…"
ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ ငါပြောရမှာလား?
ဤအားကစားပြိုင်ပွဲပြီးနောက် သင်္ချာဌာန၏ “ coordinate system ”စွမ်းရည်ကို လူများပိုမိုအာရုံစိုက်လာလိမ့်မည်ဟု ခန့်မှန်းရသည်။
နောက်ထပ်သံလုံပစ်နှင့် လှံတံပစ်များတွင်လည်း ကျန်းဖျင်စစ်သည် တိကျသောတွက်ချက်မှုဖြင့် သူပစ်လိုက်တိုင်း ပြိုင်ပွဲစည်းမျဉ်းအရ ခွင့်ပြုထားသော အဝေးဆုံးအကွာအဝေး၌ ပစ်မှတ်က နီးကပ်နေမည်မှာ သေချာပါသည်။
သူသည် အပစ်ပြိုင်ပွဲတွင် သုံးကြိမ်ဆက်တိုက် ချန်ပီယံဆု ရရှိခဲ့သည်။
ပွဲကြည့်စင်ရှိ သင်္ချာဌာန၏ ညီလေး၊ညီမလေးများက တစ်ယောက်ပြီးတစ်ယောက် ညည်းညူကြသည်။
"ညံ့ဖျင်းတဲ့လူတွေအနေနဲ့ ငါတို့က coordinate system လိုမျိုး အစွမ်းထက်တဲ့စွမ်းရည်ရှိဖို့ မထိုက်တန်ပါဘူး…"
"စီနီယာအစ်ကိုကျန်းရဲ့ coordinate system ကို coordinate system လို့ ခေါ်တယ်… ငါတို့ကသာ coordinate system ကို လဲလှယ်လိုက်ရင် ဘာဖြစ်လာမလဲ? ဖော်မြူလာမရေးနိုင်ဘဲ နေရာမှာတင် ငါတို့ အချိန်အကြာကြီး ရပ်နေမှာဖြစ်ပြီး သေသေချာချာ တွက်ချက်ဖို့ ဘောပင်နဲ့ စာရွက်ကို ယူသွားရမှာလဲ?"
ကျန်းဖျင်စစ်သည် ရွှေတံဆိပ်ဆုသုံးခုဖြင့် ပွဲကြည့်စင်နေရာကို ရောက်လာသည်။ ယွဲ့ရှင်းဝမ်က သူ့ကို ပွေ့ဖက်ပြီး အပြုံးဖြင့် ပြောသည်။
"တော်တယ်! မင်းကို အပစ်ပြိုင်ပွဲတွေဆီ စာရင်းသွင်းခိုင်းလိုက်တာက မှန်ကန်တဲ့အရာဆိုတာ ငါသိတယ်!"
ကျန်းဖျင်စစ်၏မျက်လုံးများက နူးညံ့သိမ်မွေ့နေပြီး ယွဲ့ရှင်းဝမ်ကို ညင်သာစွာ ပြန်လည်ပွေ့ဖက်ကာ ရွှေ့တံဆိပ်ဆုသုံးခုကို တစ်ဖက်လူအား ပေးလိုက်သည်။
"မင်း ဝေငှပေးလို့ရတယ်… ငါ အရင်က စိတ်ကြိုက်သင်တန်းတွေကို တက်ခဲ့တာကြောင့် ငါ့ရဲ့ credit အမှတ်က အားလုံးထက်များတယ်… ကိုယ်ပိုင် credit အတွက် လဲလှယ်ဖို့ ရွှေတံဆိပ်ဆုယူရန် မလိုအပ်ပါဘူး…"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ဆုတံဆိပ်ကို အေးအေးဆေးဆေး လက်ခံကာ မတ်တတ်ရပ်ပြီး ပြောလိုက်သည်။
"ပြေးခုန်ပစ်ပြိုင်ပွဲတွေ မရှိတော့ဘူးဆိုတော့ အရင်ဆုံး အနားသွားယူရအောင်… နေ့လယ်ပိုင်းမှာ ရေအားကစားအတွက် ငါတို့တွေ အဖွဲ့လိုက်လှေလှော်ပြိုင်ပွဲမှာ ပါဝင်ရမယ်… ပြန်သွားပြီး နည်းဗျူဟာဆွေးနွေးကြတာပေါ့!"
#TK