Chapter 108
Viewers 22k

Volume 6 : အားကစားပြိုင်ပွဲများ


Chapter 108 (စွမ်းရည်အသစ်များ)


3 နှစ်အရွယ် ယွဲ့ချင်းရွေ့ကို သူငယ်တန်းသို့ ပို့ပြီးနောက် ဇီဝသိပ္ပံဌာန၏ ”ဆဲလ်မွေးမြူရေး” သင်တန်းကို နောက်ဆုံးတွင် ချောမွေ့စွာ အောင်မြင်ခဲ့ပြီး။လူတိုင်း၏မျက်စိရှေ့၌ တစ်ချိန်တည်းတွင် ရင်းနှီးသော system အချက်ပြမှုပေါ်လာသည်——


သုတေသနအဖွဲ့: C-183


သင်တန်း: ဆဲလ်မွေးမြူရေး


Credit: 4 မှတ်


ရှင်းလင်းရေးရမှတ်: 95 မှတ်


နောက်ဆုံးအမှတ်: 4x95=380 မှတ်


သုတေသနအဖွဲ့အပိုဆု: အဖွဲ့ C က 1.5 ဆ အပိုဆုအမှတ်ရရှိပါသည်။ နောက်ဆုံးအမှတ် 570 မှတ် ဖြစ်ပါသည်။


သင်တန်းကျရှုံးမှုနှုန်း: 35%


လူတိုင်းက အမှတ် 570 နဲ့ အလွန်ကျေနပ်သည်။ ဤသင်တန်းမှာ သူတို့ 12 ယောက်ကို ကလေးဖန်တီးဖို့ ကလေးမွေးဖို့နဲ့ ကလေးပြုစုပျိုးထောင်ဖို့ တွန်းအားပေးခဲ့သည်။ လုပ်ငန်းစဉ်သည် ယခင်လွတ်မြောက်ခြင်းသင်တန်းနှင့် နှိုင်းယှဉ်ပါက ပိုမိုခက်ခဲသော်လည်း အနည်းဆုံး အသက်အန္တရာယ်မရှိပါ။ အခုပြန်တွေးကြည့်လိုက်တော့ ကလေး၏ခန္ဓာကိုယ်ထဲမှာ ကုန်ဆုံးခဲ့ရသည့်အချိန်တွေက တော်တော်ပျော်စရာကောင်းပြီး လူတိုင်းက သည်သင်တန်းကနေ အတွေ့အကြုံအများကြီးရခဲ့ပါသည်။


ညာဘက်အပေါ်ထောင့်ရှိ လေးထောင့်ဘောင်တွင် ‘သင်တန်းကမ္ဘာမှ ထွက်ခွာတော့မည်၊ 5 စက္ကန့် အချိန်ရေတွက်ခြင်း’ဟူသော အချက်ပြမှုပေါ်လာပြီး လူတိုင်းသည် ဆဲလ်မွေးမြူရေးကမ္ဘာမှ အမြန်ထွက်ခွာကာ ရင်းနှီးပြီးသား စာကြည့်တိုက်သို့ ပြန်ရောက်သွားကြသည်။


သင်တန်းပြီးဆုံးသောအခါ သူတို့သည် လက်ခြေများဖြင့် လူပုံစံသို့ ပြန်ရောက်သွားကာ မတ်တတ်လမ်းလျှောက်နိုင်ခဲ့ကြသည်။ ကလေး၏ခန္ဓာကိုယ်ထဲမှာ ဆဲလ်တစ်ခုအနေနဲ့ ဆယ်ရက်ကျော်လောက် လိမ့်ကြည့်ဖူးပြီးနောက် အခုနောက်ဆုံးမှားတော့ မတ်တတ်ရပ်လာနိုင်ပေမယ့် လူတိုင်းကတော့ အလွန်သက်သောင့်သက်သာမရှိကြပေ။


ခယ်ရှောင်ပင်းက ခြေလှမ်းနှစ်လှမ်းလှမ်းပြီး မနေနိုင်စွာ ပြောလာသည်။

"ဘောလုံးဖြစ်သွားပြီး လိမ့်လို့ရတဲ့နေ့ရက်တွေကို ငါရုတ်တရက် လွမ်းသွားပြီ…"


လန်ယာရုန်ကလည်း ဆိုသည်။

"ငါ ပြားချပ်ချပ်ဆဲလ်ဖြစ်သွားတုန်းက လျှောဆင်းရတာ တကယ်ပျော်စရာကောင်းတယ်… အခုတော့ ခြေထောက်နှစ်ဖက်နဲ့ လမ်းလျှောက်နေရတာ ငါလမ်းလျှောက်တာ အရမ်းနှေးတယ်လို့ တွေ့နေရတယ်…"


လင်းမန့်လော်: "အမှန်ပဲ၊ လိမ့်ပြီး လျှောဆင်းတာက ပိုလွယ်တယ်…"


ယွဲ့ရှင်းဝမ်လည်း အလားတူ ခံစားခဲ့ရသည်။


လူတိုင်းသည် သူတို့၏ ခန္ဓာကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လက်နှင့်ခြေများကို အမြဲတစေ လှုပ်ရှားကြသည်။


တံခါးကို တွန်းဖွင့်ပြီး ထွက်သွားသောအခါ ယွိမင်ယွီ၊ ချန်မုယွင်နှင့် အခြားကျောင်းများမှ အခြားအဖွဲ့များကို တွေ့လိုက်ရသည်။ ကျိုဖုန်းက အရှေ့ကိုလှမ်းကာ အစပြု၍ မေးခဲ့သည်။

"မင်းတို့စာမေးပွဲရလဒ်တွေက ဘယ်လိုလဲ?"


ယွိမင်ယွီက သူ့နားထင်ကို အသာအယာပွတ်သပ်လိုက်သည်။

"အောင်တယ်… စာကြည့်တိုက်က ငါတို့ကို ကလေးမွေးခိုင်းမယ်လို့ ယုံတောင်မယုံနိုင်ဘူး၊ စာကြည့်တိုက်ကို ငါအရမ်းသဘောကျသွားပြီ! ငါတို့အဖွဲ့မှာ မွေးတဲ့ကလေးက ယောင်္ကျားလေးဖြစ်ပြီး တော်တော်ချစ်စရာကောင်းတယ်… ဒါပေမယ့် အသားအရေကတော့ နည်းနည်းညိုတယ်…"


အရေပြားတာဝန်ခံ အတန်းဖော်က ချောင်းဟန့်လိုက်သည်။

"ငါက melanin ကို မတော်တဆ မှားထည့်မိသွားတာ…"


ချန်မုယွင်: "ငါတို့အဖွဲ့မှာ ကလေးက မိန်းကလေးပါ… ပုံဆွဲတတ်တဲ့ အတန်းဖော်တစ်ယောက်က သူမရဲ့မျက်နှာအသွင်အပြင်ကို တည်ဆောက်ပေးပြီး အဲဒီကလေးက သူမငယ်ငယ်လေးကတည်းက အရမ်းလှပတယ်… ငါတောင် သူမနဲ့ နည်းနည်းလောက် မခွဲနိုင်ဘူးဖြစ်သွားတယ်…"


သူမဘေးရှိ အတန်းဖော်ယောင်္ကျားလေးလေးက ရှက်ရွံ့စွာ ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ငါတို့က ကလေးမွေးထားသလို ခံစားရသလားလို့?"


လူတိုင်း: "..."


ချင်းလန်က လျှောက်လာရင်း ယွဲ့ရှင်းဝမ်ကို ကြည့်လိုက်သည်။

"ဒီသင်တန်းအတွက် နည်းဗျူဟာကို ဘယ်လိုရေးမှာလဲ? မင်းမှာ အကြံဉာဏ်တွေရှိလား ရှင်းဝမ်?"


ယွဲ့ရှင်းဝမ်က ရယ်ရမလား၊ ငိုရမလား မသိတော့ပါ။

"ဘယ်လိုရေးရမှန်းတောင် ကျွန်တော် မသိဘူး… ကျွန်တော်တို့ စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်ကိုရွှီကို အပ်လိုက်ရမလား?"


လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး၊ လူတိုင်းအတွက် နာမည်ကြီးသိပ္ပံတစ်ခုအနေနဲ့ သန္ဓေသားဖွံ့ဖြိုးမှုနဲ့ သန္ဓေသားမွေးဖွားခြင်းဆိုင်ရာ အသိပညာအကြောင်း ပြန်သွားရင် ရေးလိုက်ကြတာပေါ့…"


ဤသင်တန်းအား မည်သို့ပြုလုပ်ရမည်ကို ဖော်ပြရန်မှာ အမှန်တကယ်ခက်ခဲသော်လည်း သန္ဓေသားဖွံ့ဖြိုးမှုဆိုင်ရာ အသိပညာကို ကျွမ်းကျင်ပိုင်နိုင်ပါက ကိုယ်တွင်းအင်္ဂါများ၊ သွေးကြောများ တည်နေရာများကို ခွဲခြားသတ်မှတ်ကာ သန္ဓေသားအနေအထားကို အာရုံစိုက်ပြီး အောင်မြင်စွာ ကလေးမွေးဖွားနိုင်မည်ဖြစ်သည်။ အဓိကအချက်မှာ အလုပ်ခွဲဝေမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ ဖြစ်သည်။


ကျိုဖုန်းက မေးသည်။

"စကားမစပ် ငါတို့က ဇီဝသိပ္ပံဌာနကို အောင်သွားပြီဆိုတော့ မနက်ဖြန်သောကြာနေ့မှာ အားလုံး အနားယူကြမှာလား?"


ယွိမင်ယွီက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။

"သေချာတာပေါ့၊ သောကြာနေ့အချိန်က နောက်ထပ်ဌာနတစ်ခုကို အောင်ဖို့ အချိန်မလုံလောက်ဘူး… အားလုံးက ဆက်တိုက်စာမေးပွဲဖြေထားရတော့ ပင်ပန်းနေကြပြီမို့ ငါတို့က တစ်ရက်နားလိုက်မယ်… ပိတ်ရက်မှာ အများသူငါစိတ်ကြိုက်သင်တန်းလည်း ရှိကောင်းရှိနိုင်တယ်…"


ယခင်က လူတိုင်း၏ အစီအစဉ်မှာ တစ်ပတ်လျှင် ဌာနနှစ်ခုကို အောင်ရန်ဖြစ်သည်။ ယခုအပတ်တွင် တနင်္လာနေ့နှင့် အင်္ဂါနေ့များ၌ ဗိသုကာဌာနနှင့် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များ၌ ဇီဝသိပ္ပံဌာနကို အောင်မြင်ခဲ့သည်။ သောကြာနေ့တွင် စာမေးပွဲကို အလျင်စလိုဖြေရန် မလိုအပ်ဘူး။


ယွဲ့ရှင်းဝမ်ကလည်း ဆိုသည်။

"အားလုံးက ကိုယ့်ရဲ့စွမ်းရည်တွေကို မြင့်တင်ထားတာ ပိုကောင်းတယ်… ပိတ်ရက်တွေမှာ အများသူငါစိတ်ကြိုက်သင်တန်းတွေက ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’နဲ့ ဆင်တူတဲ့ ရှင်သင်ခြင်းသင်တန်းဖြစ်နိုင်တယ်… စွမ်းရည်များများရှိရတာက သင်တန်းကိုအောင်မြင်ဖို့ ပိုသေချာစေတယ်…"


အားလုံးက ခေါင်းငြိမ့်သဘောတူကြသည်။


ကျိုဖုန်း "ဇီဝသိပ္ပံဌာနကနေ ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’ရဲ့ credit 6 မှတ်နဲ့ ‘ဆဲလ်မွေးမြူရေး’ရဲ့ credit 4 မှတ်ရတယ်… အဲဒါတွေဆီကနေ ငါတို့ အမှတ်တွေအများကြီးရခဲ့ပြီး ဒီနေ့နေ့လယ်မှာ စွမ်းရည်တွေကို အဆင့်မြင့်တင်ဖို့ လုံလောက်တယ်… မနက်ဖြန် အနားယူပြီး ပိတ်ရက်ကျမှာ တွေ့ကြမယ်!"


ယွိမင်ယွီက သက်ပြင်းချလိုက်သည်။

"ငါသာ စောစောသိခဲ့ရင် ငါတို့လည်း အဖွဲ့ C ကို ရွေးချယ်ခဲ့မှာ… စာမေးပွဲပြီးတိုင်း အမှတ် 1.5 ဆ အပိုဆုရလိမ့်မယ်…" သူက ခဏရပ်ကာ သိချင်စွာ မေးလိုက်သည်။ "စကားမစပ်၊ မင်းတို့က ဇီဝသိပ္ပံဌာနမှာ အမှတ် 1,200 ကျော်တောင် ရခဲ့မှာပေါ့ ဟုတ်တယ်မလား?"


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောသည်။

"1,785 မှတ်…"


အခြားသော သုတေသနအဖွဲ့များမှ ကျောင်းသားများ အားလုံးက သူတို့ကို မနာလိုသည့် မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ဒါက အရမ်းများတာပဲ!"


"အဖွဲ့ C ရဲ့ အပိုဆုအမှတ်က တကယ့်ကိုအင်အားကြီးတာပဲ…"


"မင်းတို့ရဲ့ ရှင်းလင်းရေးရမှတ်ကလည်း မြင့်တယ်မလား? ရမှတ်ကို credit နဲ့မြှောက်ပြီး 1.5 ဆနဲ့ ထပ်မြှောက်လိုက်ရင် ငါတို့ထက် နှစ်ဆနီးပါး မြင့်တာပေါ့…"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"အဖွဲ့ A နဲ့ အဖွဲ့ B ကလည်း ကောင်းပါတယ်… အဖွဲ့ A က အဖွဲ့တစ်ခုလုံးကို အရှိန်မြင့်တင်ပြီး စွမ်းရည်စောင့်ဆိုင်းချိန်ကို လျှော့ချတယ်… အဖွဲ့ B က ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကို မြင့်တင်ပြီး သေမင်းဒိုင်းကို ရရှိတယ်… အဲဒါတွေက ကျွန်တော်တို့မှာ မရှိဘူးလေ… ကျွန်တော်အထင်တော့ မတူညီတဲ့အဖွဲ့တွေမှာ သူတို့ရဲ့ကိုယ်ပိုင် အားသာချက်တွေရှိတယ်…"


လက်ရှိမှာ တိုးတက်မှုအမြန်ဆုံးအဖွဲ့တွေ အားလုံးက သည်မှာရှိနေပါသည်။ ကျိုတိုတက္ကသိုလ်မှ ယွိမင်ယွီ၏ A-76 သုတေသနအဖွဲ့နှင့် ပင်းကျန်းဆရာဖြစ်သင်တန်းတက္ကသိုလ်မှ ချင်းလန်၏ A-153 သုတေသနအဖွဲ့တို့သည် လျင်မြန်သွက်လက်စွာ လည်ပတ်နေကြသည်။ နိုင်ငံရေးသိပ္ပံနှင့်ဥပဒေဌာနတက္ကသိုလ်မှ ချန်မုယွင်၏ B-98 သုတေသနအဖွဲ့၊ ထို့အပြင် အားကစားကျောင်းနှင့် အနုပညာကျောင်းမှ ကျောင်းသားများ စုဝေးနေသည့် B-119 သုတေသနအဖွဲ့၊ ယွဲ့ရှင်းဝမ်၏ C-183 သုတေသနအဖွဲ့ဖြစ်သည်။


ယွဲ့ရှင်းဝမ်က တော်ရုံသင့်ရုံသာ ပြောသည်။


မတူညီသော အကြံပေးများကို ရွေးချယ်ရာတွင် သူတို့၏ ကိုယ်ပိုင်အားသာချက်များရှိသည်။ သူတို့ကို ယှဉ်လိုက်ပါက ဘယ်သူနိုင်မယ်၊ ဘယ်သူရှုံးမယ်ဆိုတာ မသေချာပါ။


သုတေသနအဖွဲ့အား ရွေးချယ်ပြီးနောက် (၎င်းကိုဖျက်သိမ်းပြီး ပြန်လည်ဖွဲ့စည်းခြင်းမရှိပါက) မပြောင်းလဲနိုင်သောကြောင့် လူတိုင်းသည် ၎င်းအတွက် စိုးရိမ်မနေတော့ဘဲ သင်တန်းရွေးချယ်ရေးစင်တာတွင် နှုတ်ဆက်ပြီးနောက် အနားယူရန် သူတို့၏အိပ်ဆောင်သို့ ပြန်သွားခဲ့သည်။


သည်တစ်ခေါက်တော့ နည်းဗျူဟာကို ရှင်းလင်းရန် မလိုအပ်တာကြောင့် အိပ်ဆောင်သို့ ပြန်ရောက်ပြီးနောက် ယွဲ့ရှင်းဝမ်က အိပ်ပျော်သွားသည်။ သူနိုးလာသောအခါတွင် လျှိုကျောက်ချင်းနှင့် ရွှီယိရှန်း၏ ‘ဆဲလ်မွေးမြူရေး၏ နာမည်ကြီးသိပ္ပံ’သည် ဖိုရမ်တွင် ပေါ်လာပြီး သန္ဓေသားဖွံ့ဖြိုးမှုအဆင့်များနှင့် သန္ဓေသားမွေးဖွားမှုဖြစ်စဉ်အား အသေးစိတ်ဖော်ပြထားတာကို တွေ့ရှိခဲ့သည်။


ကျောင်းသားများက ထိတ်လန့်သွားကြ၏။

"စာကြည့်တိုက်မှာ မင်းတို့က ကလေးမွေးရသေးတာလား?"


"ငါတို့အတွေ့အကြုံတွေက အရမ်းကြွယ်ဝနေပြီ!"


"နာမည်ကြီးသိပ္ပံအတွက် စီနီယာနှစ်ယောက်ကို ကျေးဇူးတင်ပါတယ်… ယောင်္ကျားလေးတစ်ယောက်အနေနဲ့ ကလေးမွေးတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ဖို့ အကောင်းဆုံးကြိုးစားသွားမှာပါ…"


"ဇီဝသိပ္ပံဌာနက တကယ်ကို ခက်ခဲတာပဲ… လက်တွေ့ဘဝကို ပြန်သွားရောက်တဲ့အခါ ငါပြောလို့ရပြီ: ‘ငါလည်း ကလေးမွေးခဲ့ရတယ်’လို့!"


ကျောင်းသားများ: "…"


သည်သင်တန်းကို မတက်ဖူးသော ကျောင်းသားတွေ အားလုံးက စိတ်ရှုပ်နေကြသည်။ စာကြည့်တိုက်မှာ သည်လိုမျိုးရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားကြပေ။ နည်းဗျူဟာကို ရေးတင်ခြင်းအတွက် လျှိုကျောက်ချင်းနှင့် ရွှီယိရှန်းတို့အား ကျေးဇူးတင်ကြသည်၊ မဟုတ်ပါက သူတို့သည် ကလေးမွေးရန် ဘယ်လိုသိနိုင်မည်နည်း။


နေ့လယ်ပိုင်းတွင် ယွဲ့ရှင်းဝမ်သည် သုတေသနအဖွဲ့ chat channel သို့ စာပေးပို့ခဲ့သည်။

"အားလုံး ကိုယ်ရဲ့စွမ်းရည်တွေကို အဆင့်မြင့်ပြီးရင် အချက်အလက်တွေကို ရှောင်ခယ်ဆီ ပို့ထားလိုက်ပါ…"


ယခုတစ်ကြိမ်တွင် ဇီဝသိပ္ပံဌာန၏ ‘မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း’ နှင့် ‘ဆဲလ်မွေးမြူရေး’ သင်တန်းနှစ်ခုတွင် လူတိုင်းက 1,785 မှတ်ရခဲ့သည်။


ယွဲ့ရှင်းဝမ်သည် အနုတ်ပထမထပ်ရှိ ရင်းနှီးသော ဒေတာဘေ့စ်သို့ ပြန်သွားပြီး မေးလိုက်သည်။

"Tutor ရှိလား? ငါ့ရဲ့စွမ်းရည်ကို အဆင့်မြင့်ချင်တယ်…"


ရင်းနှီးပြီးသား အမျိုးသမီးစက်အသံက သူ့နားထဲတွင် ထွက်ပေါ်လာသည်။

"ကျောင်းသားယွဲ့ရှင်းဝမ်ကို ကြိုဆိုပါတယ်… ‘ခေတ်သစ် idiom အဘိဓာန်’စွမ်းရည်စာအုပ်ကို အဆင့် 3 မှ အဆင့် 4 အထိ အဆင့်မြင့်တင်ဖို့ လိုအပ်တဲ့အမှတ်တွေက 1,200 ဖြစ်ပါတယ်။ ‘ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ’စွမ်းရည်စာအုပ်ကို အဆင့် 1 မှ အဆင့် 2 အထိ အဆင့်မြင့်တင်ဖို့ အမှတ် 400 လိုအပ်ပြီး အဆင့် 2 မှ အဆင့် 3 အထိ အမှတ် 1,000 လိုအပ်ပါတယ်… သင် အဆင့်မြင့်လိုတဲ့စွမ်းရည်စာအုပ်က ဘယ်ဟာပါလဲ?"


ယွဲ့ရှင်းဝမ်သည် မတူညီသောအမှတ်များကို ကြားသောအခါ သူ့စိတ်ထဲတွင် ဈေးနှုန်းကို အမြန်တွက်ချက်ခဲ့သည်။


လက်ရှိတွင် ခေတ်သစ် idiom အဘိဓာန်မှာ idiom များစွာကို သော့ဖွင့်ထားပြီး ‘လေးစားမှုဖြင့်ဝပ်တွားခြင်း’ တစ်ယောက်တည်းထိန်းချုပ်ခြင်းစွမ်းရည်၊ ‘ခုနစ်အပေါ် ရှစ်အောက်’ အဖွဲ့လိုက်ထိန်းချုပ်ခြင်းစွမ်းရည်၊ ‘ရွှေပုစဉ်းရင်ကွဲခွံ’ အဖွဲ့လိုက်လွတ်မြောက်ခြင်းနှင့် နေရာရွှေ့ပြောင်းခြင်းစွမ်းရည်၊ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’ အဖွဲ့လိုက်အရှိန်မြင့်ခြင်းစွမ်းရည်နှင့် ‘မိုးသည်းခြင်း’၊ ‘ရဲရဲတောက်ပရေရီမြက်ခင်းပြင်မီး’၊ ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’ AOE တိုက်ခိုက်ခြင်းစွမ်းရည်များ ပါရှိသည်။


အဆင့်ထပ်မြင့်ရန် အမှတ်များစွာ လိုအပ်သော်လည်း idiom အသစ် 2 ခုသာ သော့ဖွင့်မှာဖြစ်တာကြောင့် တွက်ခြေမကိုက်ဘူး။


အဖွဲ့ဝင်များတွင်လည်း လျှပ်စစ်၊ ပြင်းထန်သော အက်စစ်နှင့် နွယ်ပင်များ ရှိနေသေးသည်။ သူတို့အဖွဲ့၏ တိုက်ခိုက်ရေးစွမ်းရည်က လုံလောက်ပါသည်။ ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများကို အမှတ် 1,400 ဖြင့် အဆင့်နှစ်ဆင့်မြင့်တင်ခြင်းက စရိတ်သက်သာပြီး အနည်းဆုံး စွမ်းရည်အသစ် 2 ခုကို သော့ဖွင့်နိုင်သည်မဟုတ်ပါလား။


ထို့အပြင် အဘိဓာန်တွင်ပါရှိသော စွမ်းရည်အများစုမှာ ထိန်းချုပ်ခြင်းနှင့် တိုက်ခိုက်ရေးစွမ်းရည်များဖြစ်ပြီး ဤစာအုပ်ပါစွမ်းရည်များမှာ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းလိမ့်မည်။ ဥပမာအားဖြင့် လိမ္မော်သီးဝယ်ခြင်းက လွတ်မြောက်၍မဖြစ်နိုင်သော ‘လွှမ်းမိုးခြင်းစွမ်းရည်’ဖြစ်သည်။


ယွဲ့ရှင်းဝမ်က တုံ့ဆိုင်းမနေတော့ဘဲ ပြောလိုက်သည်။

"‘ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ’ကို အဆင့် 3 အထိ တိုက်ရိုက်အဆင့်မြင့်ချင်တယ်…"


စာကြည့်တိုက် tutor: "လောလောဆယ်မှာ ‘ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ’က အဆင့် 1 ဖြစ်ပါတယ်… အဆင့် 3 အထိ အဆင့်မြင့်တင်ဖို့ စုစုပေါင်း အမှတ် 1,400 အသုံးပြုရမှာဖြစ်ပါတယ်… အတည်ပြုပါသလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"အတည်ပြုတယ်…"


စာကြည့်တိုက် tutor: "အမှတ်များနုတ်ပြီး စွမ်းရည်စာအုပ်ကို အဆင့်မြင့်တင်နေပါပြီ… ကျေးဇူးပြု၍ စောင့်ပါ…"


ပြောလိုက်သည်နှင့် ‘ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ’သည် သူ့လက်ဖဝါးမှ ရုတ်တရက် ပျံထွက်လာပြီး ခန်းမအလယ်သို့ လွင့်ပျံသွားသည်။ ထို့နောက်တွင် ငွေဖြူရောင် အလင်းရောင်သည် ကောင်းကင်မှ ကျလာကာ ထူသောစွမ်းရည်စာအုပ်ကို ဖုံးအုပ်ထားသည်။


စက္ကန့်အနည်းငယ်ကြာပြီးနောက် အလင်းရောင်က ပျောက်သွားပြီး tutor၏ ရင်းနှီးသောအသံက သူ့နားထဲတွင် မြည်လာသည်။

"ဂုဏ်ယူပါတယ်… စွမ်းရည်စာအုပ်ကို အောင်မြင်စွာ အဆင့်မြင့်လိုက်ပါပြီ…"


ယွဲ့ရှင်းဝမ်က စာအုပ်ကို ပြန်ယူကာ အမြန်ဖွင့်ပြီး ဂရုတစိုက်ကြည့်လိုက်သည်။


[ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ]


ထုတ်လုပ်သူ: စာကြည့်တိုက်


စွန်းရည်စာအုပ်ကန့်သတ်ချက်: တရုတ်ဘာသာစကားကျောင်းသားများ


စွမ်းရည်စာအုပ်အဆင့်: အဆင့် 3 (အမှတ်ဖြင့် အဆင့်မြင့်နိုင်သည်)


သော့ဖွင့်ထားသောအရာများမှာ အောက်ပါအတိုင်းဖြစ်သည်——


ပထမစာမျက်နှာ၏အရှေ့ဘက်သည် ကျူးကျစ်ချင်း၏စာတမ်းတို့ ‘နောက်ကျောမြင်ကွင်း’ဖြစ်နေဆဲဖြစ်ပြီး အနောက်မှာ သက်ဆိုင်ရာစွမ်းရည်ကို ပြသထားသည်။ ယွဲ့ရှင်းဝမ်သည် စာအုပ်ကို အဆင့်မြင့်ပြီးနောက် ဤစွမ်းရည်ကိုလည်း အဆင့်မြင့်တင်ခဲ့သည်——


စွမ်းရည်: နောက်ကျောမြင်ကွင်း(↑ စွမ်းရည်အဆင့်မြင့်တင်ခြင်း၊ အဆင့်အပြည့်)


သတ်မှတ်ထားသောပစ်မှတ်ဆီသို့ [အဆင့်အပြည့်တွင် သင်က ပစ်မှတ် 3 ခုကို တစ်ချိန်တည်းတွင် သတ်မှတ်နိုင်သည်] “ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…”ဟု ရွတ်ဆိုရမှာဖြစ်ပြီး ပစ်မှတ်က သင်လိမ္မော်သီးသွားဝယ်တာကို စောင့်ဆိုင်းနေလိမ့်မည်။ သင်က ပစ်မှတ်ကို လိမ္မော်သီးမပေးသ၍ ပစ်မှတ်က သင်၏နောက်ကျောကိုသာ အသံတိတ်ဖြင့် ကြည့်လို့ရပြီး 5 မိနစ်အထိ လုံးဝလှုပ်ရှား၍မရပေ (လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်ဖြစ်ပြီး ဖယ်ရှား၍မရတာကြောင့် ထိန်းချုပ်ခံလိုက်ရစဉ်အတွင်း ဘယ်သူမှ တိုက်ခိုက်၍မရပါ။)


သင်က လိမ္မော်သီး [သုံးလုံး] ရနိုင်သည်။


စွမ်းရည်ကန့်သတ်ချက်: သင်တန်းစာမေးပွဲတစ်ခုစီတွင် သုံးကြိမ်အသုံးပြုနိုင်သည်။


ယွဲ့ရှင်းဝမ်၏ မျက်လုံးများ လင်းလက်လာသည်— ယခင်က “နောက်ကျောမြင်ကွင်း”စွမ်းရည်ကို စာမေးပွဲတစ်ခုလျှင် တစ်ကြိမ်သာ အသုံးပြုနိုင်ပြီး ပစ်မှတ်ကို သတ်မှတ်ကာ လိမ္မော်သီးတစ်လုံးကို ရရှိခဲ့သည်။ ယခု အဆင့်မြင့်တင်ပြီးနောက် တစ်ကြိမ်လျှင် ပစ်မှတ်သုံးကြိမ်၊ လိမ္မော်သီးသုံးလုံး၊ စာမေးပွဲတစ်ခုတွင် လိမ္မော်သီးကိုးလုံးရနိုင်ပြီး လူကိုးဦးကို ထိန်းချုပ်နိုင်သည်ဟု ဆိုသည်။


တစ်ကနေ ကိုးဖြစ်သွားတာကြောင့် စွမ်းရည်တိုးတက်လာတယ်ဆိုတာ သိသာပါသည်။


စိတ်လှုပ်ရှားစွာဖြင့် ယွဲ့ရှင်းဝမ်က နောက်တစ်ရွက်ကို လှန်လိုက်သည်——


လူရွှင့်၏ ကြုံရာကျပန်းတွေးခေါ်မှုမှ ရင်းနှီးပြီးသား စာပိုဒ်ကို သူတွေ့လိုက်ရသည်။ စာမျက်နှာကို လှန်လိုက်သည်နှင့် သက်ဆိုင်သော စွမ်းရည်ဖော်ပြချက်က နောက်ကျောတွင် ပေါ်လာသည်။


[အောက်ထပ်မှာ အမျိုးသားတစ်ဦးက ဖျားနာသေဆုံးနေပြီး ဘေးအခန်းမှ မိသားစုတစ်စုက ဓာတ်စက်ဖွင့်ထားကာ ဆန့်ကျင်ဘက်တွင် ကလေးများက ကစားနေကြတယ်။ အပေါ်ထပ်တွင် လူနှစ်ယောက်က ကတ်ကစားရင်း ရယ်မောနေကြတယ်။ မြစ်ထဲရှိ လှေပေါ်တွင် အမျိုးသမီးတစ်ဦးသည် သေဆုံးသွားသော မိခင်အတွက် ငိုကြွေးနေခဲ့တယ်။ ‘လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်’—— လူရွှင့်၏ “ကြုံရာကျပန်းတွေးခေါ်မှု”


စွမ်းရည်: ဆူညံမနေနဲ့ (အဆင့်အပြည့်)


မစ္စတာလူရွှင့်၏ ကျော်ကြားသော “လူသားတွေရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေက ဘယ်လိုမှ ဆက်စပ်မှုမရှိဘူး။ ငါတော့ သူတို့တွေ ဆူညံတယ်လို့ပဲ ထင်မိတယ်” စာသားကို ရွတ်ဆိုရင်း စတုရန်းမီတာ 1,000 ဧရိယာအတွင်းမှာရှိသော ဆူညံသံတွေအားလုံး ပျောက်ကွယ်သွားပြီး လုံးဝတိတ်ဆိတ်နေသော ကမ္ဘာတစ်ခု ဖြစ်လာသည်။ တစ်ချိန်တည်းမှာပင် ဂီတနှင့် အသံပိုင်းဆိုင်ရာ စွမ်းရည်အားလုံးကို ဖျက်သိမ်းမည်ဖြစ်သည်။


10 စက္ကန့်ကြာ၏။


စွမ်းရည်ကန့်သတ်ချက်: စာမေးပွဲတစ်ခုစီတွင် 3 ကြိမ်သာ အသုံးပြုနိုင်သည်။]


ယွဲ့ရှင်းဝမ်: "..."


မစ္စတာလူရွှင့်သည် သူတို့ကို ဆူညံနေသည်ဟု ခံစားမိသောကြောင့် ဤစွမ်းရည်ကို အသုံးပြုခြင်းက ကျယ်ပြန့်သော ပတ်ဝန်းကျင်ကို အသံတိတ်သွားစေနိုင်ပြီး စာကြည့်တိုက်ရှိ ဂီတတူရိယာများနှင့် အသံထွက်၍ ရွတ်ဆိုရသော စွမ်းရည်များစွာက အသံတိတ်ခြင်းဖြင့် ဤအသံစွမ်းရည်အားလုံးကို ကျရှုံးသွားစေမည်ဖြစ်သည်။


အဖွဲ့တစ်ဖွဲ့တွင် တိုက်ခိုက်သည့်အခါ ၎င်းသည် အထူးသဖြင့် ဂီတတက္ကသိုလ်အတွက် အလွန်ပြင်းထန်သော ထိန်းချုပ်မှုတစ်ခုဖြစ်သည်။ ဂီတတက္ကသိုလ်မှ ကျောင်းသားများသည် တိတ်ဆိတ်နေသော မြင်ကွင်းကို ကြုံတွေ့ရသောအခါတွင် ငိုကြလိမ့်မည်။


လူတိုင်းကို သံသယရှိသူထံ တိတ်တဆိတ် ချဉ်းကပ်နိုင်စေရန်၊ စုံစမ်းစစ်ဆေးပြီး သက်သေများ စုဆောင်းခွင့်ပြုရန်၊ ၎င်းကို ပဟေဠိဖြေရှင်းခြင်းအတန်းများတွင် အသုံးပြုနိုင်သည်။ လွတ်မြောက်ခြင်းအတန်းတွင် ခြေသံများနှင့် အသက်ရှုသံများကို ဖျောက်နိုင်ပြီး သို့မှသာ သူတို့ကို လိုက်နေသည့်ရန်သူအား ပစ်မှတ်ကို ပျောက်ဆုံးသွားအောင် ပြုလုပ်နိုင်သည်။


ယွဲ့ရှင်းဝမ်သည် သေသေချာချာစဉ်းစားပြီး ဤစွမ်းရည်နယ်ပယ်က အတော်လေးကျယ်ပြန့်သည်ဟု ခံစားမိသည်။


ပတ်ဝန်းကျင်ကို ထိန်းချုပ်ခြင်းစွမ်းရည်က ဒါက ပထမဆုံးပဲဖြစ်သည်။


သူက နောက်တစ်ရွက်ကို လှန်လိုက်ပြီး တတိယစာမျက်နှာတွင် မစ္စတာလူရွှင့်၏ “မွေးရပ်မြေ”နှင့် ရင်းနှီးသော စာပိုဒ်ပေါ်လာသည်။


[မျှော်လင့်ချက်ဆိုတာ ရှိသလား၊ မရှိဘူးလားဆိုတာ အရေးမကြီးဘူးလို့ ငါထင်ပါတယ်။ အဲဒါက မြေပြင်ကလမ်းနဲ့တူတယ်။ တကယ်တော့ မြေပြင်မှာလမ်းမရှိဘူး၊ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေများလာတဲ့အခါ လမ်းဖြစ်လာတယ်—— လူရွှင့်၏ “မွေးရပ်မြေ”


စွမ်းရည်: လမ်း (အဆင့်အပြည့်)


‘တကယ်တော့ မြေပြင်မှာလမ်းမရှိဘူး၊ ဒါပေမယ့် လမ်းလျှောက်တဲ့သူတွေများလာတဲ့အခါ လမ်းဖြစ်လာတယ်’ဆိုသော စာသားကို ရွတ်ဆိုပြီး သတ်မှတ်ထားသော ဦးတည်ချက်အတိုင်း လမ်းကြောင်းကို အတင်းဖွင့်ပြီး (လမ်း၏ပုံသဏ္ဌာန်ကို လွတ်လပ်စွာ ‌ဆွဲနိုင်သည်) မြေပြင်ကန့်သတ်ချက်များ မခွဲခြားဘဲ လမ်းသည် 1 မိနစ်ကြာတည်ရှိကာ စုစုပေါင်းအရှည်က မီတာ 500 ထက်မပိုပေ။ ရေ၊ လေ၊ တောင်များ၊ တောများ စသည်တို့တွင် သည်စွမ်းရည်ကို ဖွင့်နိုင်သည်။ ဤလမ်းပေါ်တွင် လျှောက်နေစဉ်အတွင်း တိုက်ခိုက်ခြင်းအားလုံးကို ခံနိုင်ရည်ရှိသည်။


စွမ်းရည်ကန့်သတ်ချက်: စာမေးပွဲတစ်ခုတွင် တစ်ကြိမ်သာအသုံးပြုနိုင်သည်။ (၎င်းကို ဝင်္ကပါသင်တန်းများတွင်လည်း အသုံးပြုနိုင်သည်)]


ယွဲ့ရှင်းဝမ်: "..."


ဒီစွမ်းရည်က ကျန်းရှောင်နျန်ရဲ့ မြေတူးစက်ထက်တောင် ပိုအစွမ်းထက်တာပဲ!


တူးဖော်ရာတွင် အတားအဆီးတစ်ခုနှင့် ကြုံတွေ့ရသောအခါ မြေတူးစက်က ဖြည်းညှင်းစွာ တူးရလိမ့်မည်။ သို့သော်လည်း မစ္စတာလူရွှင့်၏ စွမ်းရည်သည် "လမ်းမရှိဘူး"နဲ့ ကြုံတွေ့ရသောအခါ ဖြတ်လမ်းကို တိုက်ရိုက်ဖွင့်နိုင်ပြီး မျဉ်းဖြောင့်နှင့် မျဉ်းကွေးများကို လွတ်လပ်စွာ ဆွဲနိုင်သလို တိုက်ခိုက်မှုအားလုံးကိုလည်း ခံနိုင်ရည်ရှိသည်။


သူ နောက်တစ်ရွက်လှန်ကြည့်လိုက်သောအခါ ‘စွမ်းရည်စာအုပ်ကို အဆင့်မြင့်တင်ပြီးမှ နောက်ထပ်စွမ်းရည်များကို သော့ဖွင့်နိုင်သည်’ဟူသော စာသားကို တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်သည် “ခေတ်သစ်စာရေးဆရာများ၏ဂန္တဝင်လက်ရာများ”စာအုပ်၏ မာကျောသောအဖုံးကို ထိလိုက်ကာ စာအုပ်ကို သူ၏ညာဘက်ဖဝါးထဲသို့ ပျော်ရွှင်စွာ ပြန်သိမ်းလိုက်သည်။


စွမ်းရည်အသစ်နှစ်ခုကို ရရှိခဲ့သည်။


ဤတစ်ကြိမ်သော့ဖွင့်ခြင်းအားလုံးမှာ မစ္စတာလူရွှင့်၏ ဆောင်းပါးစွမ်းရည်များဖြစ်ပြီး “ဆူညံမနေနဲ့”က ပတ်ဝန်းကျင်ကို အသံတိတ်စေပြီး အသံစွမ်းရည်အကျိုးသက်ရောက်မှုကို ပယ်ဖျက်ကာ၊ “လမ်း”က မြေပြင်အနေအထားကို လျစ်လျူရှုသောလမ်းကို အတင်းဖွင့်ပြီး ချောက်ကမ်းပါးနှင့် ကြုံတွေ့ရသောအခါတွင် လေထဲ၌ လမ်းဖွင့်နိုင်သလို ပင်လယ်နှင့် ကြုံတွေရသောအခါတွင် ရေထဲ၌ လျှောက်သွားနိုင်ပြီး တိုက်ခိုက်မှုအားလုံးကို ခံနိုင်ရည်ရှိစေသည်။ မစ္စတာလူရွှင့်၏စွမ်းရည်ဖြင့် လမ်းမရှိသောလူက အလိုအလျောက်လမ်းကိုရှာနိုင်သည်။


စွမ်းရည်နှစ်ခုလုံးက အလွန်အားကောင်း၏။


ပိတ်ရက်မှာ ဘယ်လိုမျိုး အများသူငါစိတ်ကြိုက်သင်တန်းကို သူရင်ဆိုင်ရပါစေ သူ၏အင်အားက အလွန်တိုးတက်နေခဲ့သည်။


#TK