Chapter 107
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 107 (ဆဲလ်မွေးမြူရေး ဇာတ်သိမ်း)


ကလေးမွေးပြီးပြီးချင်း သူနာပြုက ကလေးကို ရေချိုးဖို့ ခေါ်သွားပြီးနောက် ထုပ်ပိုးပြီး မွေးကင်းစနေရာကို ပို့ပေးခဲ့သည်။ မကြာမီရက်ပိုင်းအတွင်း သားဖွားမီးယပ်အထူးကုဌာနတွင် မွေးဖွားလာသော ကလေးငယ်များကို သူနာပြုများက ပြုစုစောင့်ရှောက်ပေးကြပြီး ကလေးငယ်များ၏ အော်ဟစ်သံများ နားထဲတွင် အဆက်မပြတ် မြည်နေသည်။


လူတိုင်းသည် "ကလေးမွေးသွားပြီ" ဟူသော စိတ်လှုပ်ရှားမှုကြောင့် တဖြည်းဖြည်း ငြိမ်သက်သွားပြီး "ကလေးပြုစုပျိုးထောင်ခြင်း" အတွက် စိတ်ပူစပြုလာသည်။


လျှိုကျောက်ချင်းက ပြောသည်။

"ကလေးမွေးတာက အစပဲရှိသေးတယ်… စာမေးပွဲတာဝန်ကို ပြီးမြောက်ဖို့အတွက် အသက် 3 နှစ်အထိ ကလေးကို ပြုစုပျိုးထောင်ပေးရမယ်… နောက်ထပ် ငါတို့အားလုံးက ကလေးရဲ့ခန္ဓာကိုယ်တစ်ခုလုံးက စနစ်တွေ၊ အတွင်းအင်္ဂါတွေကို အဆက်မပြတ်ဖွံ့ဖြိုးစေပြီး သူ့ကို ဖြည်းဖြည်းချင်း ကြီးခိုင်းရမယ်…"


ရွှီယိရှန်းက အကူအညီမဲ့စွာ ပြောသည်။

"ကလေးကို ပြုစုပျိုးထောင်ရမှာလား? ငါက ကလေးတွေငိုမှာကို အကြောက်ဆုံးပဲ…"


ခယ်ရှောင်ပင်းက မေးသည်။

"ဒီသင်တန်းမှာ အချိန်အမြန်နှုန်းက ဘယ်လောက်လဲ? ဇီဝသိပ္ပံဌာနကနေ ဘယ်အချိန်လောက်မှာမှ ထွက်သွားရမှာလဲ?"


အချက်အလက်ကို အာရုံခံနိုင်ဆုံး ကျန်းဖျင်စစ်က ရလဒ်ကို အေးဆေးတည်ငြိမ်စွာ ပြောပြသည်။

"ကလေးက မိခင်ရဲ့ခန္ဓာကိုယ်ထဲမှာ 38 ပတ်၊ 226 ရက်နေ့ခဲ့တယ်… ဒါပေမယ့် တကယ်ကြုံခဲ့ရတဲ့အချိန်က 2.6 ရက်လောက်ပဲ ရှိတယ်… ဆိုလိုတာက ဒီသင်တန်းရဲ့ အချိန်အမြန်နှုန်းက အဆ 100 ပဲ…"


အဆ 100 အမြန်နှုန်းဖြင့် သူတို့က 1 နာရီကို တွေ့ကြုံပြီး သင်တန်း၏အချိန်က နာရီ 100 ဖြစ်သည်။ သူတို့က 1 ရက်ကြာပြီးနောက် ကလေးက ရက် 100 နှင့် ညီမျှသည်။


ခယ်ရှောင်ပင်း: "ဒီလိုဆိုရင် 3 နှစ်ဆိုတာက သိပ်မကြာဘူးမလား?"


ကျန်းဖျင်စစ်: "3 နှစ်က 1,095 ရက်ဖြစ်ပြီး ကလေးက အသက် 3 နှစ်အထိ ကြီးပြင်းလာဖို့ ငါတို့အတွက် 10.95 ရက်ပဲ လိုတယ်…"


ယွဲ့ရှင်းဝမ်သည် ဤစကားကိုကြားသောအခါ နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်။

"ကံကောင်းလို့ ငါတို့ ဒီမှာ 3 နှစ်လောက်နေစရာ မလိုဘူး… ငါတို့က ကလေးရဲ့ခန္ဓာကိုယ်ထဲမှာ 3 နှစ်လောက် လှည့်ပတ်ပြီး မူးနေမယ်ဆိုရင် အပြင်ထွက်ပြီးရင် ငါတို့အားလုံးက စိတ်မနှံ့တဲ့သူတွေဖြစ်လာလိမ့်မယ်…"


ခယ်ရှောင်ပင်း: "11 ရက်လောက်ပဲဆိုတော့ အချိန်က အရမ်းမြန်လိမ့်မယ်…"


လျှိုကျောက်ချင်းက ပြုံးကာပြောသည်။

"ကလေးရဲ့ဖွံ့ဖြိုးမှုက နေ့တိုင်းဖြစ်နေမှာဆိုတော့ အားလုံး အလုပ်ရှုပ်ကြလိမ့်မယ်…"


အဆ 100 အမြန်နှုန်းကြောင့် နာရီဝက်မပြည့်မီတွင် ကလေးနှင့် မိခင်က အတူတူ ဆေးရုံကနေ ဆင်းသွားတာကို လူတိုင်း ခံစားခဲ့ရသည်။


မိခင်က နို့တိုက်နေတော့ အစာခြေစနစ် တာဝန်ခံ ခယ်ရှောင်ပင်းက ချက်ချင်း တက်ကြွစွာ အလုပ်စလုပ်ခဲ့သည်။

"ငါတို့ကလေးရဲ့ အစာစားချင်စိတ်က အရမ်းကောင်းတယ်၊ သူက တစ်နေ့ကို အကြိမ်ပေါင်းများစွာ နို့သောက်နိုင်တယ်!"


ရှင်းယန်: "မင်းရဲ့ကြိုးစားအားထုတ်မှုနဲ့ သူက အစားအသောက်မက်တဲ့သူအဖြစ် မွေးလာခဲ့တာပဲ…"


ခယ်ရှောင်ပင်းက အပြုံးဖြင့် ပြောသည်။

"အစာစားချင်စိတ်ကောင်းတာက သူ မြန်မြန် ကြီးပြင်းလာနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းပဲ!"


မွေးကင်းစကလေးငယ်များသည် သူတို့၏အချိန်အများစုကို အိပ်စက်လေ့ရှိသောကြောင့် ငလျင်လှုပ်ခြင်းနှင့်ပတ်သက်၍ သူတို့သည် မကြာခဏ အိပ်မက်ဆိုးများ ကြုံတွေ့ရန် မလိုအပ်ပေ။ သူတို့သည် ကလေး၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီး၏ ဖွံ့ဖြိုးတိုးတက်မှုကို အာရုံစိုက်နိုင်ပြီး နာရီတိုင်း ခေတ္တအနားယူနိုင်သည်။


အချိန်တွေကုန်သွားတော့ ကလေး၏ခန္ဓာကိုယ်ထဲမှာ သူတို့က 1 ရက်ပဲကုန်သေးပေမယ့် ကလေးက ရက် 100 ရှိသွားလေပြီ။


ယခုအချိန်တွင် ကလေးသည် ငိုရုံသာမက လူကြီးများ နားမလည်နိုင်သော ဝိုးတိုးဝါးတားစကားလုံးတချို့ကိုလည်း ရေရွတ်နေသည်။ လျှိုကျောက်ချင်းသည် ဤကလေးငယ်က ကိုယ်ပိုင်အသိဉာဏ်ရှိပုံပေါ်ကြောင်း တွေ့ရှိခဲ့သည်။ သူသည် ကလေး၏ဦးနှောက်တွင် မည်သည့်ညွှန်ကြားချက်ကိုမျှ ထုတ်ပြန်ခြင်းမရှိပေမယ့် မကြာခဏဆိုသလို ကလေးငယ်သည် သူ၏ခန္ဓာကိုယ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်သည်။


အကြိုက်ဆုံးရွေ့လျားမှုကတော့ မျက်လုံးပဲဖြစ်သည်။


လင်းမန့်လော်၏ ထိန်းချုပ်မှုအောက်တွင် ကလေး၏ မျက်လုံးများသည် ကြီးမားပြီး တောက်ပနေကာ ဘယ်ညာကြည့်ပြီးတော့ ကမ္ဘာကြီးအကြောင်း စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေပုံရသည်။ သူမြင်သောအရာသည် မျက်စိအာရုံကြောကိုဖြတ်ပြီး ဦးနှောက်၏အလယ်ဗဟိုသို့ ရောက်လိမ့်မည်။


ရွှီယိရှန်း: "ငါတို့ကလေးက အတော်လေးသွက်လက်ပြီး တက်ကြွတယ်!"


လျှိုကျောက်ချင်းက ပြုံးကာပြောသည်။

"ဟုတ်တယ်၊ 3 လလောက်ပဲရှိသေးတာကို ငါ ဘာမှမလုပ်ရဘူး… နေ့တိုင်း ငါ့ဦးနှောက်ဆီပို့တဲ့ မရေမတွက်နိုင်တဲ့ ပုံတွေရှိတယ်…"


ယွဲ့ရှင်းဝမ်က အကူအညီမဲ့စွာ ပြောသည်။

"သူ‌နိုးနေသ၍ သူ့လက်မောင်းလေးတွေနဲ့ ခြေထောက်တွေက အဆက်မပြတ်လှုပ်ရှားနေတယ်… သူ့ရဲ့ခြေလက်တွေ တုန်ခါနေတာကြောင့် ကျွန်တော်မူးဝေပြီး လှုပ်ရှားရမလွယ်တဲ့ ပခုံးဆီကိုပဲ နေရာပြောင်းလို့ရတယ်…"


လန်ယာရုန်: "ပြီးတော့ ဒီကလေးက ရယ်ရတာ အရမ်းကြိုက်တယ်၊ အမြဲတမ်း တခစ်ခစ်ရယ်နေတာ… သူက ဘာကြောင့်ပျော်နေတာလည်း မသိဘူး… ဒီကလေးက အတော်လေးဉာဏ်ကောင်းမယ် ထင်တယ်?"


လျှိုကျောက်ချင်းက ပျော်ရွှင်စွာပြောသည်။

"သူက တကယ်ဉာဏ်ကောင်းတယ်၊ ငါတို့ကလေးက အတော်လေး ကြီးထွားဖွံ့ဖြိုးနေတယ်…"


ကလေးက ကမ္ဘာကြီးကို စူးစမ်းဖို့ ကြိုးစားနေပြီး ကလေး၏ခန္ဓာကိုယ်ထဲရှိ "ဆဲလ်များ" အနေဖြင့် လူတိုင်းသည် သူနှင့်ပူးပေါင်းရန် အကောင်းဆုံးလုပ်ဆောင်ရမည်ဖြစ်သည်။


ဥပမာအားဖြင့် သူသည် အရုပ်များကို ဖမ်းယူလိုပါက ယွဲ့ရှင်းဝမ်နှင့် လန်ယာရုန်တို့သည် အဆိုပါအရုပ်များကိုထိရန် လက်ချောင်းများဖြင့် ကူညီပေးမည်ဖြစ်သည်။ သူကဘယ်ညာကြည့်ချင်ရင် လင်းမန့်လော်ပ သူ့မျက်လုံးတွေကို ကူညီလိမ့်မည်။ သူ အသံထွက်ချင်ရင် ချင်လုက အကူအညီပေးရန် သူ့အသံကြိုးပေါ်မှာ ရှိနေလိမ့်မည်။


မကြာခင်မှာပဲ ဒုတိယနေ့ ကုန်ဆုံးသွားတော့ ကလေးက ရက် 200 ပြည့်နေပါပြီ။


အဆ 100 အမြန်နှုန်းဖြင့် အချိန်ပျံနေတယ်ဆိုတာ ဘာလဲဆိုတာကို လူတိုင်းအား တကယ်ခံစားရစေသည်။


သူ၏ပါးစပ်သည် မပီမသအသံတချို့ကို စတင်ဖန်တီးခဲ့ပြီး သူ့မိဘများက ကြက်ဥအနှစ်၊ ဂျုံယာဂု၊ ဟင်းသီးဟင်းရွက်စသည်ဖြင့် ဖြည့်စွက်အစားအစာများကို ထည့်ပေးခဲ့သည်။ ကလေး၏ဗိုက်ထဲကို ထည့်တာက ရိုးရှင်းသောနို့ဘဲမဟုတ်တော့သောကြောင့် ခယ်ရှောင်ပင်းက အပျော်ဆုံးဖြစ်သည်။ နို့၊ ဖြည့်စွက်အစားအစာများ ပေါင်းထည့်ခြင်းသည် အစာအိမ်နှင့် အူလမ်းကြောင်း၏ လုပ်ဆောင်ချက်ကို လှုံ့ဆော်ပေးသည်။ ခယ်ရှောင်ပင်းသည် ဤလတ်ဆတ်သောအစားအစာများကို ကလေးငယ်အား အစာခြေဖျက်ရန် အစာအိမ်နှင့် အူလမ်းကြောင်းရှိဆဲလ်များကို အားကောင်းစေရန် အချိန်ယူခဲ့သည်။


နောက်ပြီး ကလေးက လိမ့်တတ်လာသည်။


ပထမအကြိမ် လိမ့်သွားသောအခါ လူတိုင်းသည် “ငလျင်ကြီး” ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော မူးဝေခြင်းကို ခံစားကြရပြန်သည်။ ကလေးသည် မူလက ပက်လက်လှန်ထားသော်လည်း မှောက်လျက်အနေအထားသို့ ပြောင်းလဲသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည်လည်း 360 ဒီဂရီ လှန်သွားကြသည်။


ယွဲ့ရှင်းဝမ်သည် ခေါင်းမူးတာကို သည်းခံရင်း ပြောလိုက်သည်။

"ကလေးက လိမ့်သွားတာလား? နောက်ထပ်က တွားသွားတာကို သူသင်ယူတော့မှာလား?"


လျှိုကျောက်ချင်း: "အချိန်ရဲ့ အဆ 100 အမြန်နှုန်းအရ နောက်တစ်ရက်မှာ သူက 9 လသားအရွယ်ရှိတော့မှာဖြစ်လို့ သူ့လက်ခြေလက်တွေနဲ့ ထိုင်တာ၊ လေးဘက်သွားတာမျိုး လုပ်နိုင်ပြီ!"


ယွဲ့ရှင်းဝမ်သည် အသက် 3 နှစ်အထိ ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ ခက်ခဲမယ်လို့ ထင်ခဲ့ပေမယ့် တကယ်တော့ ကလေးက ကြီးပြင်းလာတာ အလွန်မြန်ပါသည်။ ကလေးက လျင်မြန်စွာ ဖွံ့ဖြိုးနေပြီဖြစ်ကာ အချိန်က အဆ 100 တိုးနေတယ်ဆိုတာကိုပင် ပြောစရာတောင်မလိုတော့ပေ။


မနေ့က သူသည် အဓိပ္ပါယ်မရှိသော အသံများကိုသာ ပြုလုပ်ခဲ့ပြီး အားစိုက်ထုတ်ကာ လှည့်ပတ်သွားနေခဲ့သည်။ နောက်တစ်နေ့တွင် သူသည် 9 လ အရွယ်ရှိနေပြီဖြစ်သည်။ ထမင်းစားခုံမှာထိုင်ပြီး ရေသောက်ရန် ခွက်ကို သူ့ဟာသူယူဖို့ ကြိုးစားသည်။ သူသည် အနီးနားရှိ အရုပ်အားလုံးကိုထိရန် အသားဖြူဖြူ သူ့လက်နှစ်ဖက်ကို အသုံးပြုကာ အရာအားလုံးကို သူ့လက်ထဲတွင် ကိုင်ထားချင်နေသည်။


သူသည် ကော်ဇောပေါ် တွားသွားကာ ခြေလက်များဖြင့် တစ်ဖက်သို့လှည့်ပြီး ရုန်းကန်နေလိမ့်မည်။


လူတိုင်းက သူ့ခန္ဓာကိုယ်အနှံ့ ဆဲလ်တွေကို အစားထိုးဖို့ အလုပ်များနေပြီး ကလေး၏ခန္ဓာကိုယ် အရွယ်အစားကလည်း ကြီးလာသည်။ မွေးစမှာ ကိုယ်အလေးချိန် 7 ပေါင်ဖြစ်ခဲ့ပြီး ယခုအခါမှာတော့ ပေါင် 20 ကျော်အထိ သုံးဆတိုးလာပါသည်။


အဲဒီနေ့မှာပဲ ကလေး၏အမေက သူ့ကို ကိုယ်အလေးချိန်ချဖို့ ခေါ်သွားပြီး မနေနိုင်စွာ သက်ပြင်းချလိုက်သည်။

"ငါတို့ရဲ့ကလေးက အရမ်းအစားကောင်းတာပဲ၊ သူက ဝဝကစ်ကစ်ကြီးဖြစ်နေပြီ… မေမေက နင့်ကို မပွေ့နိုင်တော့ဘူး!"


ဤစကားကို လူတိုင်းကြားသောအခါ အားလုံးက ခယ်ရှောင်ပင်းကို ကြည့်လိုက်ကြသည်။


ယွဲ့ရှင်းဝမ်က ရယ်ကာ ပြောသည်။

"ရှောင်ခယ်၊ မင်း ကလေးရဲ့ အစာခြေစနစ်ကို အရမ်းမြန်အောင် လုပ်ပေးနေတာလား?"


လျှိုကျောက်ချင်းက ညည်းညူသည်။

"ရုပ်ချောတဲ့ယောင်္ကျားလေးဆိုတာကကော? သူက ဖက်တီးကြီးဖြစ်အောင် စားနေရင် ယွဲ့ချင်းရွေ့ဆိုတဲ့နာမည်ရဲ့ အရောင်အဝါက ပျက်စီးသွားလိမ့်မယ်! မိန်းကလေးအတော်များများက မျက်လုံးကြီးတွေ၊ နှာတံရှည်ရှည်နဲ့ သွားဓားမျက်ခုံးတွေကို ကြိုးကြိုးစားစား ဖန်တီးပေးထားတာ… ဝဝကစ်ကစ်ကလေးက အဲဒါတွေနဲ့ အသုံးဝင်ပါ့မလား?"


ဝဝကစ်ကစ်ကကောင်လေးတစ်ယောက်က သူတို့အရှေ့လျှောက်လာတာကို အားလုံးက စိတ်ကူးကြည့်ကြသည်။ သူ့မျက်နှာပေါ်ရှိ အဆီတွေကြောင့် မူလမျက်လုံးကြီးတွေက သေးသေးလေးတွေဖြစ်သွားပြီး ဓားသွားမျက်ခုံးတွေနဲ့ နှာတံရှည်ရှည်က သူ့အသွင်အပြင်ကို မထိန်းနိုင်တော့ပေ။


လန်ယာရုန်က ချက်ချင်းပင် အလေးအနက်ပြောသည်။

"အတန်းဖော်ခယ်ရှောင်ပင်း၊ သူ့ကို အရမ်းမစားခိုင်းနဲ့… သူ့ကိုယ်အလေးချိန်ကို ထိန်းဖို့ ဂရုစိုက်ပါ…"


လင်းမန့်လော်ကလည်း ပြောသည်။

"မျက်နှာအသွင်အပြင်က ဘယ်လောက်ပဲချောမောနေပါစေ အဆီများနေတဲ့မျက်နှာနဲ့ ဘယ်လိုမှကြည့်ကောင်းမှာ မဟုတ်ဘူး…"


ခယ်ရှောင်ပင်း: "…"


ကလေးက အရမ်းဝနေတာ မကောင်းဘူးဆိုတဲအချက်ကို သူ လျစ်လျူရှုထားလုနီးပါး ဖြစ်သွားတယ်!"


အားလုံး စကားပြောနေကြစဉ် သူတို့နားထဲ၌ အာမေဋိတ်အသံကို ကြားလိုက်ရသည်။

"စားပွဲပေါ်တင်ထားတဲ့ ခလုတ်က ဘယ်ရောက်သွားတာလဲ?"


အရွယ်ရောက်ပြီးသား အမျိုးသားက ပြောသည်။

"ငါမမြင်မိဘူး… ထပ်ရှာကြည့်လိုက်ပါလား?"


အမျိုးသမီးက အချိန်အတော်ကြာအောင် ရှာကြည့်လိုက်ပြီး ရုတ်တရက် သူမလက်ထဲက ကလေးလေးကို ကြည့်လိုက်သည်။ ကလေးက သူမကို အပြစ်ကင်းစွာ ပြုံးပြနေသည်။


အမျိုးသမီး: "… ရွေ့ရွေ့ စားလိုက်တာတော့ မဟုတ်ဘူးမလား?!"


အမျိုးသားလည်း ထိတ်လန့်တုန်လှုပ်သွားသည်။

"မြန်မြန် သူ့ကိုဆေးရုံပို့လိုက်!"


ခန္ဓာကိုယ်ထဲရှိဆဲလ်များ: "..."


ရွေ့ရွေ့က တကယ်စားလိုက်သည်။


လည်ပင်းပေါ်တွင် ရှိနေသော ချင်လုက သူတို့ကို အရင်ဆုံးသတိပေးခဲ့သည်။

"ကလေးရဲ့အစာပြွန်အောက်ကို အပြာရောင်အဝိုင်းလေး လျှောကျနေတာ ကျွန်မတွေ့ခဲ့တယ်…"


ခယ်ရှောင်ပင်း: "အဲဒါက ဗိုက်ထဲမှာ ပေါ်လာတယ်၊ ခလုတ်ဖြစ်မယ်ထင်တယ်… ဒါကတော့ ကျွန်တော့်အပြစ်မဟုတ်ဘူးနော်!"


လျှိုကျောက်ချင်းက အကူအညီမဲ့စွာ ပြောသည်။

"မင်းတို့ ငါ့ကို အပြစ်တင်လို့မရဘူး… ငါ သူ့ဦးနှောက်ထဲမှာ ရှိနေပြီး သူဘာတွေတွေးနေမှန်းတောင် မသိတော့ဘူး… ခလုတ်တွေကို စားဖို့ ငါ တစ်ခါမှ မညွှန်ကြားဖူးဘူး…"


ယွဲ့ရှင်းဝမ်က မှင်တက်သွား၏။

"သူက ခလုတ်ဆီ လက်လှမ်းလိုက်တာတောင် ကျွန်တော်မမြင်လိုက်ဘူး!"


လူတိုင်း: "..."


ကလေးကို ပြုစုပျိုးထောင်းရတာ တကယ်ပင်ပန်း၏။


ပေါင်ပေါင်၊ မင်းရဲ့အစာခြေစနစ်က ကောင်းနေပေမယ့် တွေ့သမျှအရာအားလုံးကို မင်းပါးစပ်ထဲ ထည့်လို့မရဘူးလေ။


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောသည်။ 

"ကျွန်တော် ဘာလုပ်ရမှာလဲ?"


လျှိုကျောက်ချင်းက သက်ပြင်းချရင်း ပြောလိုက်သည်။

"ခလုတ်သေးသေးလေးက အစာအိမ်ထဲရောက်နေပြီမို့ ပြဿနာကြီးကြီးမားမားမဖြစ်သင့်ဘူး… ခလုတ်ကို အူထောင့်မှာ မပိတ်စေဖို့ ရှောင်ခယ်က အာရုံစိုက်ထားလိုက်… မင်း တွန်းလိုက်ရုံနဲ့ ခလုတ်က တစ်ခါတည်းထွက်သွားလိမ့်မယ်…"


ခယ်ရှောင်ပင်းက ချက်ချင်း အလေးအနက် ပြောလိုက်သည်။ 

"နားလည်ပါပြီ၊ ဒီခလုတ်ကို ကျွန်တော် စိုက်ကြည့်ထားမယ်…"


မိဘများက ကလေးကို ဆေးရုံသို့ အမြန်ပို့ခဲ့သည်။ ဒေါက်တာက ကလေးငယ်ကို စစ်ဆေးပြီးနောက်မှာတော့ အခြေအနေက လျှိုကျောက်ချင်းပြောတာနဲ့ ကိုက်ညီခဲ့သည်။


ထိုညတွင် ကလေးစားလိုက်သော ခလုတ်ကို အောင်မြင်စွာ ထုတ်နိုင်ခဲ့ပြီး ဗိုက်ထဲက ခလုတ်ကို ရှာတွေ့ပြီးနောက်မှာတော့ ကလေး၏မိဘတွေက စိတ်သက်သာရာရပြီး အိမ်ပြန်ခေါ်သွားကြသည်။


ဤကလေးငယ်သည် ငိုယိုခြင်း သို့မဟုတ် ဒုက္ခပေးခြင်းမရှိဘဲ သူဘာမှ အမှားမလုပ်ထားသလို အပြစ်ကင်းသောပုံပေါက်နေသည်။


ယွဲ့ရှင်းဝမ်က ခေါင်းကိုက်နေသည်။

"နောင်အခါ သူ့လက်ကို ငါအမြဲတမ်း စောင့်ကြည့်နေမယ်၊ ပစ္စည်းတွေ ကောက်ပြီး သူ့ပါးစပ်ထဲ ထည့်ခွင့်မပြုတော့ဘူး!"


သို့သော် ကလေးယွဲ့ချင်းရွေ့သည် ပစ္စည်းများကို သူ့ပါးစပ်ထဲ မထည့်တော့ဘဲ သူကတွားသွားရတာကို နှစ်သက်သည်။


ထိုညတွင် လူတိုင်းက အိပ်ပျော်နေကြပြီး ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပင်လျှင် တစ်နေ့လုံး အလုပ်များနေသောကြောင့် အိပ်ငိုက်လာကြသည်။


ရုတ်တရက် သူတို့နားထဲတွင် ကျယ်လောင်သော ‘ဘမ်း’ဟူသောအသံက မြည်လာသည်။


၎င်းအသံ၏နောက်မှ ကလေးယွဲ့ချင်းရွေ့၏ ဆူညံသော အော်ငိုသံက ထွက်ပေါ်လာခဲ့သည်။


ငိုသံက လူတိုင်း၏ နားစည်တွေ ကွဲလုမတတ် တုန်ခါသွားသည်။


မိခင်၏ အံ့အားသင့်စွာ အော်ဟစ်သံက သူတို့၏နားထဲတွင် ထွက်ပေါ်လာသည်။

"ရွေ့ရွေ့က ဘယ်လိုလုပ် ကြမ်းပြင်ပေါ်ရောက်နေတာလဲ!"


အဖေဖြစ်သူက မီးကို ချက်ချင်းဖွင့်လိုက်သည်။

"အခုလေးတင် သူက ကုတင်ပေါ်မှာ ကောင်းကောင်းနေတာကို၊ ဒါပေမယ့် သူ ညသန်းခေါင်နိုးလာပြီး တွားသွားရင်း ကြမ်းပြင်ပေါ် ပြုတ်ကျသွားတာဖြစ်မယ်…"


မိခင်ဖြစ်သူက ဝမ်းနည်းစွာ ပြောသည်။

"သူက နောက်စေ့နဲ့ ပြုတ်ကျသွားပြီး အဖုကြီးဖြစ်သွားပြီ၊ ဆေးရုံခေါ်သွားကြည့်ရအောင်…"


ရက်အနည်းငယ်ကြာသောအခါတွင် လူတိုင်း အနည်းငယ်သတိမထားမိသောအချိန်တွင် ယွဲ့ချင်းရွေ့၏ငိုသံနှင့်အတူ ‘ဘမ်း’ဟူသောအသံကို နားထဲတွင် ထပ်မံကြားရပြန်သည်။ သည်တစ်ခါတော့ သူ တွားသွားရင်း ကုတင်ပေါ်ကနေ ပြုတ်ကျတာ မဟုတ်ဘဲ လမ်းလျှောက်ဖို့ သင်ယူနေရင်း နံရံကိုတိုက်မိတာဖြစ်သည်။


သူတို့ကလေးကို ညသန်းခေါင်မှာ ဆေးရုံပို့ရတာဟာ မိဘတွေအတွက် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်လာတော့သည်။


သူ 1 နှစ်အရွယ်မှာ ယွဲ့ချင်းရွေ့က ပါးပါး၊ မားမားလို့ ခေါ်တတ်လာသည်။ သူ့ခန္ဓာကိုယ်ထဲရှိ လူအားလုံးက ကလေးအသံဖြင့် ပါးပါး၊ မားမားခေါ်သံကို နားထောင်နေကြသည်။ ကလေးက သူတို့ကို ခေါ်နေသကဲ့သို့ ပါးပါး၊ မားမားခေါ်သံက သူတို့ကို အလွန်စိတ်လှုပ်ရှားစေသည်။


ယွဲ့ရှင်းဝမ်က ပြုံးကာပြောလိုက်သည်။

"အရမ်းနားထောင်ကောင်းတယ်၊ ထပ်ခေါ်ပါဦး…"


ယွဲ့ချင်းရွေ့: "ပါးပါး!"


လူတိုင်း: "…"


သူ 2 နှစ်အရွယ်မှာ ယွဲ့ချင်းရွေ့သည် လမ်းလျှောက်တတ်ရုံသာမက လှည့်ပတ်ပြေးဖို့လည်း သင်ယူခဲ့သည်။ ရံဖန်ရံခါ လဲကျသော်လည်း လူတိုင်းက ရိုလာကိုစတာစီးရခြင်း၏ ရင်ခုန်စိတ်လှုပ်ရှားမှုကို တွေ့ကြုံခံစားကြရပေမယ့် သူ၏မိဘများက သူ့ကို စောင့်ကြည့်နေခဲ့သည်။ အများစုမှာ ဒဏ်ရာ‌တွေက ကြီးမားခြင်းမရှိဘဲ ပြင်းထန်သောအခြေအနေများတွင် ဒဏ်ရာအနေအထားကိုပြုပြင်ရန် epidermal ဆဲလ်များနှင့် fibrous တစ်ရှူးများသာလိုအပ်သည်။


10 ရက်သည် လျင်မြန်စွာ ကုန်ဆုံးခဲ့ပြီး မကြာမီ ယွဲ့ချင်းရွေ့က 3 နှစ်သားအရွယ်သို့ ရောက်ရှိခဲ့သည်။


သင်တန်းပြီးဆုံးခါနီးတွင် လူတိုင်းက သူ့ဆီကနေ ထွက်သွားရန် အနည်းငယ် တွန့်ဆုတ်သွားကြသည်။


သူတို့က သည်ကလေးကို မွေးပြီး သူ့ကို ပြုစုပျိုးထောင်ချိန်အထိ အတူလိုက်ပါခဲ့ကြသည်။ 


ခယ်ရှောင်ပင်းသည် သူ၏ အစားအသောက်ကို ထိန်းချုပ်ပြီးနောက် တဖြည်းဖြည်း ကိုယ်အလေးချိန်ကျလာသော ယွဲ့ချင်းရွေ့သည် နူးညံ့သိမ်မွေ့ကာ လက်ရာမြောက်ပြီး ငယ်ရွယ်စဉ်တွင် အထူးကြည့်ကောင်းနေခဲ့သည်။


သူတို့က သူ့ကို လူကိုယ်တိုင်မမြင်နိုင်ပေမယ့် မှန်ကတစ်ဆင့် သူ၏ပုံရိပ်ကို မြင်နိုင်ပြီး ဦးနှောက်ဆီကို ပို့နိုင်ပါသည်။


လျှိုကျောက်ချင်းက မနေနိုင်ဘဲ သက်ပြင်းလိုက်သည်။ 

"ငါတို့သားလေးက အရမ်းချောတာပဲ!"


လန်ယာရုန်: "ငါတို့က သူ့အတွက် တကယ်ကို ရုပ်ရည်ချောမောတဲ့ မျက်နှာကို ပုံဖော်ထားတာပါ… အနာဂတ်မှာ လူဘယ်နှစ်ယောက်က သူ့ကို စွဲလန်းသွားမလဲမသိဘူး…"


လင်းမန့်လော်က ဂုဏ်ယူစွာ ပြောသည်။

"မျက်လုံးနဲ့နှာခေါင်းက ကြည့်ကောင်းတယ်မဟုတ်ဘူးလား? Idol ဇာတ်လမ်းတွေရဲ့ ဇာတ်လိုက်တွေလိုမျိုး စံနှုန်းတွေနဲ့အညီ ငါလုပ်ထားတာ…"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ပြောသည်။

"ဖျင်စစ်လို မျက်ခွံတစ်ထပ်ရှိတယ်… ဒီမျက်နှာနဲ့ သူကြီးပြင်းလာတဲ့အခါ အရမ်းချောလာလိမ့်မယ်…"


ယွဲ့ချင်းရွေ့ အသက် 3 နှစ်အရွယ်ရောက်ပြီး သူငယ်တန်းသို့ ပို့ဆောင်ခံရသောအခါ သူတို့က ထွက်ခွာရမည့်အချိန်ဖြစ်သည်။


ယနေ့ ကလေးယွဲ့ချင်းရွေ့သည် သူ့နောက်ကျောတွင် ကာတွန်းပုံစံကျောင်းလွယ်အိတ်လေးကို သယ်ဆောင်လာပြီး သူ့မိဘများက သူငယ်တန်းသို့ ပို့ပေးခဲ့သည်။ လမ်းတစ်လျှောက်တွင် ယွဲ့ချင်းရွေ့က လေးနက်စွာ ပြောသည်။

"သူငယ်တန်းက ပျော်စရာကောင်းလား?"


အမေ: "ပျော်စရာကောင်းတာပေါ့၊ နင့်လို ကလေးတွေအများကြီးရှိတယ်…"


ယွဲ့ချင်းရွေ့က ချက်ချင်း မေးသည်။

"အရသာရှိတာတွေကောရှိလား?"


လူတိုင်း: "..."


ခယ်ရှောင်ပင်းက ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

"သူ့ဗိုက်က အရမ်းကောင်းပြီး စားရတာ ကြိုက်တာပဲ၊ အဲဒါက ငါနဲ့နည်းနည်းတူတယ်…"


ရှင်းယန်: "ဒါ့အပြင် သူ့ရဲ့အစာခြေစနစ်ကို မင်းလုပ်ပေးတာလေ…"


ယွဲ့ရှင်းဝမ်က စိတ်ထိခိုက်စွာ သက်ပြင်းချလိုက်သည်။

"နောက်ဆုံးတော့ ငါတို့ သူ့ကို သူငယ်တန်း ပို့လိုက်ပြီ… ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ တကယ်ကို မလွယ်ဘူး… ငါတို့က သူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကို ထပ်ပွားပြီး ဖြည့်ပေးဖို့အတွက်ပဲ တာဝန်ရှိတာ… အခက်ခဲဆုံးကတော့ သူ့မိဘတွေပဲဖြစ်ပြီး ညနက်သန်းခေါင်မှာ ဆေးရုံကို အကြိမ်ပေါင်းများစွာ သွားရတယ်.."


ကျန်းဖျင်စစ်က ပေါ့ပါးစွာ ပြောသည်။

"ငါတို့အားလုံးက ဒီလိုမျိုး ကြီးပြင်းလာကြတာပဲ…"


ဤသည်မှာ ဇီဝသိပ္ပံဌာန၏ "ဆဲလ်မွေးမြူရေး" သင်တန်း၏ တည်ရှိမှုအတွက် အဓိပ္ပါယ်ဖြစ်နိုင်သည်။


မျိုးအောင်ပြီးသော မျိုးဥဆဲလ်တစ်ခု ကြီးထွားလာပုံ၊ ကွဲပြားပြီး ပြည့်စုံသောသန္ဓေသားဖြစ်လာပုံ၊ လူသားများ၏ မူလဇာစ်မြစ်နှင့် ဘဝတစ်ခု၏ အံ့‌ဩဖွယ်အရာများကို ရှင်းရှင်းလင်းလင်း အသိအမှတ်ပြုနိုင်ရန် သူတို့ ကိုယ်တိုင်တွေ့ကြုံခံစားခဲ့ကြရသည်။


ကလေးမီးဖွားစဉ် မိခင်၏ ဝေဒနာနှင့် ခက်ခဲမှုများကို သူတို့ကိုယ်တိုင် တွေ့ကြုံခံစားခဲ့ရသည်။ ကလေးငယ်က တွားသွားခြင်းမှ လမ်းလျှောက်ခြင်း၊ တိုက်မိ၍လဲကျခြင်းအထိ ကြီးပြင်းလာပုံတို့ကိုလည်း သိရှိခဲ့ကြရပြီး ကလေးကြီးထွားမှုဖြစ်စဉ်တွင် မိဘများ၏ ကြိုးပမ်းအားထုတ်မှုများကို နားလည်သဘောပေါက်ခဲ့သည်။


သူတို့ 12 ယောက်ဖြင့် ကြီးပြင်းလာသည့် ကလေးသည် နောက်ဆုံးတွင် သူငယ်တန်းသို့ တက်ခဲ့ပြီး သူ့ကိုယ်ပိုင်ဘဝကို စတင်ခဲ့သည်။


ဘဝတိုင်းဟာ လွယ်လွယ်နဲ့ မရနိုင်တာမို့ မြတ်နိုးတန်ဖိုးထားရမည်။


【Volume 5: ဇီဝသိပ္ပံဌာန ပြီးပါပြီ။】


#TK