Chapter 105
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 105 (ဆဲလ်မွေးမြူရေး ၀၆)


ကလေး၏လိင်ကိုအတည်ပြုခြင်းက လူတိုင်းကို စိတ်ရှုပ်ထွေးသွားစေသည်။ ပုံမှန်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးသည် ကိုယ်ဝန်ရှိပြီးနောက် သားဖွားမီးယပ်ဆီစစ်ဆေးရန် ဆေးရုံသို့သွားသည်။ ဒေါက်တာက မိသားစုကို လိင်ကို တိုက်ရိုက်ပြောပြဖို့ မဖြစ်နိုင်သလို ၎င်းက တရားမဝင်ပေ။ မိဘတွေက ကလေးမွေးလာပြီးနောက်မှ သူတို့ကလေးက ယောင်္ကျားလေးလား၊ မိန်းကလေးလားဆိုတာ သိနိုင်သည်။


ယခုအခါ ကလေးက 12 ပတ်သာရှိသေးသော်လည်း ယောင်္ကျားလေးမှန်း သိနေလေပြီ။


လန်ယာရုန်: "စကားမစပ်၊ ကလေးရဲ့အသားအရေအတွက် ငါ့မှာ တာဝန်ရှိတာဆိုတော့ ယောင်္ကျားလေးတွေရဲ့ အသားအရေက အရမ်းဖြူနေဖို့ မလိုဘူးမလား? ဒါမှမဟုတ် ကျန်းမာတဲ့ပုံစံနဲ့ ဂျုံအရောင်က ပိုကြည့်ကောင်းသလား? ငါ နောက်မှ အာရုံစိုက်လိုက်မယ်…"


ချင်လု: "မိန်းကလေးတွေက အသားအရမ်းဖြူရင် အခြားသူတွေက သူမရဲ့ဖြူဖွေးတဲ့ အသားအရေနဲ့ အလှကြောင့် ချီးကျူးလိမ့်မယ်… ယောင်္ကျားလေးတွေက အသားအရမ်းဖြစ်ရင် ‘မျက်နှာဖြူလေး’ဆိုပြီး ခေါ်ကြလိမ့်မယ်…"


လင်းမန့်လော်က ဆက်ပြောလာသည်။

"ယောင်္ကျားလေးတွေရဲ့ နှာတံက ပိုမြင့်သင့်တယ်… ကျွန်မ နောက်မှ ကလေးရဲ့နှာခေါင်းကို ဆဲလ်တွေ ထပ်ဖြည့်လိုက်မယ်… ပြီးတော့ မျက်ခုံးတွေကလေ၊ ဓားသွားမျက်ခုံးလား? အသွားနှစ်ဖက်မျက်ခုံးလား? ပြင်ညီမျက်ခုံးလား? ဥက္ကာပျံမျက်ခုံးလား? နင်တို့ဘယ်ဟာကြိုက်ကြလဲ?"


လန်ယာရုန်က ပြန်ဖြေသည်။

"‌ကောင်လေးအတွက်ဆိုရင်တော့ ဓားသွားမျက်ခုံးက ပိုသင့်တော်သလားလို့?"


ချင်မြောင်က ပေါ့ပါးစွာ ပြောသည်။

"ကျွန်မလည်း ဓားသွားမျက်ခုံးက ပိုချောမယ်လို့ ထင်တယ်…"


ယောင်္ကျားလေးများ: "???"


မိန်းကလေးများ ဆွေးနွေးသည့်အကြောင်းအရာများက ယောင်္ကျားလေးများကို အနည်းငယ် ခေါင်းရှုပ်ထွေးသွားစေသည်။ သူတို့သည် မျက်ခုံးပုံသဏ္ဌာန်များစွာကြားရှိ သီးခြားကွာခြားချက်များကို နားမလည်နိုင်ကြပေ။


ယွဲ့ရှင်းဝမ်က အပြုံးဖြင့်ပြောသည်။

"ကလေးရဲ့ မျက်နှာသွင်ပြင်နဲ့ ပတ်သက်ပြီး လူအများက စိုးရိမ်တဲ့အတွက် ဒီကလေးက အနာဂတ်မှာ ရုပ်ချောတဲ့သူတစ်ယောက် ဖြစ်လာမှာ သေချာတယ်!"


လန်ယာရုန်: "သေချာတာပေါ့…"


ကျိုဖုန်းက လင်းမန့်လော်ကို သတိပေးခဲ့သည်။

"ကလေးမွေးတဲ့အခါ မျက်ခုံးတွေ မပေါက်သေးဘူးလေ… အခုကတည်းက ဘယ်မျက်ခုံးပုံစံက ကောင်းသလဲဆိုတာကို မင်းတို့တွေ စိုးရိမ်နေတာက အရမ်းမစောဘူးလား?"


လင်းမန့်လော်က တည်ငြိမ်စွာ ပြောသည်။

"ဒါကို ကြိုတင်စီစဉ်ခြင်းလို့ ခေါ်တယ်… ကလေးရဲ့ မျက်ခုံးတွေက ဖြည်းဖြည်းချင်း ပေါက်နေပေမယ့် မျက်ခုံးမွေးရဲ့ မွေးညင်းပေါက်တွေကို ကြိုပြီး ချထားလို့ရပါတယ်!"


လန်ယာရုန်: "ဟုတ်တယ်၊ မျက်ခုံးမွေးက မွေးညင်းပေါက်ကနေ ပေါ်လာတာမလား? သူ့မျက်ခုံးရဲ့နေရာမှာ ဓားမျက်ခုံးပုံသဏ္ဌာန်နဲ့ မွေးညင်းပေါက်ဆဲလ်တွေကို ဆွဲမယ်၊ ပြီးရင် သူ့မျက်ခုံးတွေက အနာဂတ်မှာ ထွက်လာတဲ့အခါ ကြည့်ကောင်းလာလိမ့်မယ်…"


ဆေးကျောင်းသားတစ်ယောက်အနေနဲ့ လျှိုကျောက်ချင်းက မနေနိုင်စွာ ချီးကျူးလိုက်သည်။ 

"အံ့သြစရာပဲ! ဒီအတိုင်းသာဆိုရင် သူ့မျက်ခုံးမွေးတွေကို အနာဂတ်မှာ ရိတ်စရာမလိုတော့ဘဲ သာမန်လူတွေထက်တောင် သူ့ရဲ့အမွေးတွေက ပိုနည်းသွားလိမ့်မယ်…"


လန်ယာရုန်က အရွှန်းဖောက်သည်။

"အဲဒီကိုးရီးယားစတိုင် တစ်ပိုင်းမျက်ခုံးတက်တူးတွေက ဘာလဲ? ငါတို့က မိခင်ဝမ်းထဲကလာတဲ့ အမြဲတမ်းကြည့်ကောင်းနေတဲ့ မျက်ခုံးမွေးဆဲလ်တွေပါ၊ ကလေးက ငါတို့လို လူတွေနဲ့တွေ့ရတာ အရမ်းကံကောင်းတယ်…"


ယောင်္ကျားလေးများ: "..."


မိန်းကလေးများသည် မိခင်၏သန္ဓေသားအဆင့်မှ ကလေးငယ်အတွက် မျက်ခုံး၊ မျက်လုံးနှင့် နှာခေါင်းပုံသဏ္ဌာန်ပုံစံကို အမှန်တကယ် စီစဉ်ခဲ့ကြသည်။ ‘မိခင်၏ သန္ဓေသား ပလပ်စတစ်ဆာဂျရီ’ထက် ကမ္ဘာပေါ်ရှိ ဘယ်ဆေးရုံက အလှပြင်ခွဲစိတ်မှု ပိုကောင်းနိုင်သလဲလို့ တွေးမိပါသည်။


မိန်းကလေးတွေ၏ဂရုစိုက်မှုက တကယ်ကို မိုက်သည်။


ခယ်ရှောင်ပင်းက လေးနက်စွာ ပြောသည်။

"ငါတို့ရဲ့ကလေးက သူ့ရဲ့ရုပ်ရည်ကြောင့် အနာဂတ်မှာ သူ့ရဲ့ပွဲဦးထွက်များဖြစ်လာမလား?"


ရွှီယိရှန်းက သူ၏မျက်လုံးကို ကျဉ်းမြောင်းပြီး ပြုံးလိုက်သည်။

"မင်းက သူ့ကို ကိုယ်ဝန်ဆောင်နေစဉ် ပညာပေးချင်လို့လား?"


ကျိုဖုန်းက ရယ်ရမလို၊ ငိုရမလိုဖြင့် ပြောလာသည်။

"ဒါက ဘက်စုံစည်းကမ်းနဲ့ ပြည့်စုံတဲ့အရည်အချင်းတွေကို ပြုစုပျိုးထောင်မှာလား? ဥပမာ၊ ရှင်းဝမ်က ကလေးအတွက် ကဗျာဖတ်မယ်၊ ဖျင်စစ်က ကလေးအတွက် ဖော်မြူလာတွေ ရွတ်မယ်၊ ချင်မြောင်က ကလေးကို မိခင်ရဲ့သန္ဓေသားအဆင့်မှာတင် ရှေးသမိုင်းကြောင်းတွေ ပြောပြမယ်၊ ချင်လုက ကလေးကို ကမ္ဘာပေါ်မှာ တိုက်ကြီးခုနစ်တိုက်နဲ့ နိုင်ငံတွေ အများကြီးရှိကြောင်း သင်ပေးမယ်…"


လူတိုင်း: "..."


လူ 12 ယောက်သည် အတူတကွ ကိုယ်ဝန်ဆောင်နေစဉ် ပညာပေးလိုက်ပါက ကလေးသည် မူးလဲသွားမည်မဟုတ်ပါလား။ သူ မွေးလာသောအခါ ကလေးက တစ်ခါတည်း ရူးသွားလိမ့်မည်။


လူတိုင်းပြောနေတာကို နားထောင်ရင်း ပိုပိုပြီး ထူးဆန်းလာတာကြောင့် ကျန်းဖျင်စစ်က မှန်ကန်သောအကြောင်းအရာဆီ ပြန်သွားလိုက်သည်။

"စီနီယာအစ်မရဲ့အလုပ်က ဘယ်လိုတိုးတက်နေပြီလဲ?"


လန်ယာရုန်က တင်ပြသည်။

"ကလေးက ကြီးထွားတာက နည်းနည်းပိုမြန်လာပြီး epithelial ဆဲလ်တွေကို ငါအသစ်လဲနေတယ်…"


ယွဲ့ရှင်းဝမ်: "စီနီယာအစ်မလန်နဲ့အတူ ကြွက်သားတွေနဲ့ dermis တွေကို လုပ်ပြီးသွားပြီ… ကလေးရဲ့အရိုးတွေက ဘယ်အချိန်မှာ စပြီးဖွံ့ဖြိုးမှာလဲ? တစ်ကိုယ်လုံးရဲ့ အရိုးတွေကို စပြီးပြင်ဆင်ထားသင့်ပြီ မဟုတ်ဘူးလား?"


လျှိုကျောက်ချင်းက အချက်ပြလာသည်။

"ဟုတ်တယ်၊ 12 ပတ်လောက်မှာ ကလေးရဲ့လက်ချောင်း၊ ခြေချောင်းတွေက တဖြည်းဖြည်း ကွဲလာပြီး အရိုးတွေက စတင်ဖွံ့ဖြိုးလာပြီးတော့ အဆစ်တချို့ ပေါ်လာလိမ့်မယ်…"


ရွှီယိရှန်း: "အရိုးက ဖျင်စစ်ရဲ့ တာဝန်ယူမလား၊ ဒါပေမယ့် သူတစ်ယောက်တည်းဆိုရင် အရမ်းအလုပ်များနေလိမ့်မယ်၊ ချင်လု ကူညီပေးလို့ရလား?"


ချင်လုက ချက်ချင်း သဘောတူလာသည်။

"ကိစ္စမရှိဘူး၊ ကျွန်မမှာ အလုပ်အများကြီးမရှိဘူးဆိုတော့ ကူညီပေးမယ်…"


လျှိုကျောက်ချင်းက တာဝန်များကို အမြန်ညွှန်ကြားသည်။

"ချင်လုက ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလုံးရဲ့ အရိုးတွေကို တာဝန်ယူပြီး ဖျင်စစ်က ဆီးလမ်းကြောင်းစနစ်မှာ တာဝန်ယူလိုက်၊ တာဝန်က အတော်လေး လေးလံတယ်… ပြီးရင် သူက ခြေလက်အောက်ပိုင်းကို တာဝန်ယူရမှာဖြစ်တယ်… အဲဒါပြီးရင် ဖျင်စစ်က ဦးခေါင်းခွံတည်ဆောက်ရာမှာ ကူညီဖို့ ငါ့ဆီကိုပြန်လာရမယ်…"


သူတို့နှစ်ယောက်လုံးက သဘောမတူတာမျိုးမရှိသဖြင့် အရိုးဆဲလ်များပြုလုပ်ရန် အလုပ်များကို ခွဲဝေရန် စတင်ခဲ့ကြသည်။


ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ "အခန်း"က ရုတ်တရက် လှည့်လာသည်။


လူတိုင်းသည် ဆဲလ်ပုံစံဖြစ်သောကြောင့် တချို့မှာ စက်လုံးများ၊ တချို့မှာ ပြားချပ်ချပ်ကြယ်များ၊ တချို့မှာ တြိဂံများ၊ ဗိုင်းလိပ်တံများ၊ အမြှောင်းအမြှောင်းများရှိကြသည်… သူတို့တွင် ခြေလက်တွေမရှိသောကြောင့် လုံးဝမတ်တတ်ရပ်၍မရပေ။ ရုတ်တရတ် လှုပ်ခါသွားသောကြောင့် လူတိုင်းသည် ပတ်ပတ်လည်ကို စတင်လိမ့်သွားကြပြီး အထူးသဖြင့် စက်လုံးများသည် ညည်းညူသံဖြင့် လိမ့်သွားပြီး အနီးနားရှိ ဆဲလ်များဖြင့် ထိမိကာ မူးဝေသွားကြသည်။


ထိုအချိန်တွင် ယွဲ့ရှင်းဝမ်၏ပုံသဏ္ဌာန်က ပြားချပ်ချပ်ပုံစံဖြစ်သည်။ သူသည် လျှောပေါ်တွင် ထိုင်နေသကဲ့သို့ ထိတ်လန့်သွားပြီး အောက်ကို တစ်ခါတည်း လျှောဆင်းသွားကာ အရိုးအဆစ်များ ပြုလုပ်ရန် ကြိုးစားနေသော ကျန်းဖျင်စစ်နှင့် တိုက်မိခဲ့သည်။


သူတို့နှစ်ဦး၏ မျက်လုံးများသည် နီးနီးကပ်ကပ်ရှိနေကာ မျက်လုံးအိမ်များ၏ အစင်းကြောင်းများကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။


ယွဲ့ရှင်းဝမ်က အံ့အားသင့်ပြီး မေးလိုက်သည်။

"ဘာဖြစ်သွားတာလဲ?"


ကျန်းဖျင်စစ်: "…"


နီးနီးကပ်ကပ် အကွာအဝေးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေရတာ တကယ်ကို စိတ်မသက်မသာဖြစ်စေသည်။


ရွှီယိရှန်းသည် နှလုံးအတွင်း၌ နက်ရှိုင်းစွာရှိနေပြီး ရုတ်တရက် "ကြီးမားသောငလျင်" ကြောင့် သန္ဓေသား၏ နှလုံးရပ်တန့်လုမတတ် ဖြစ်သွားခဲ့သည်။ သူက cardiomyocyte တွေကို အလျင်အမြန် ဖြည့်ပြီး သွေးများပြုလုပ်ရင်း ကျယ်လောင်စွာ အော်ပြောသည်။

"မိခင်က တစ်ခုခုမှားနေတာ ဖြစ်နိုင်တယ်!"

 

ခယ်ရှောင်ပင်းက မျက်တောင်ခတ်ကာ တိုးတိုးပြောသည်။

"ကိုယ်ဝန်ပျက်ကျတာတော့ မဟုတ်ဘူးမလား?"


လျှိုကျောက်ချင်းက လေးနက်စွာ ပြောသည်။

"ပြောရတော့ခက်တယ်… သန္ဓေသားရဲ့ ပထမဆုံးသုံးလမှာ ဖွံ့ဖြိုးမှုက အရမ်းအရေးကြီးတယ်… စတုတ္ထလကစပြီး ချက်ကြိုးနဲ့ မိခင်ရဲ့ ခန္ဓာကိုယ်ကြားက ဆက်နွယ်မှုဟာ ပိုပိုပြီး နီးကပ်လာလိမ့်မယ်… သန္ဓသားကိုယ်တိုင်လည်း ပြီးပြည့်စုံတဲ့ သွေးလည်ပတ်မှုစနစ်တစ်ခုရှိလာပြီး ကိုယ်ဝန်ပျက်ကျခြင်းနဲ့ သေဆုံးနိုင်ခြေ လျော့နည်းသွားမှာဖြစ်တယ်… ဒါပေမယ့် ငါတို့ကလေးက 12 ပတ်၊ 3 လသာရှိသေးပြီး အရမ်းအန္တရာယ်များသေးတယ်…"

 

သူတို့နားထဲမှာ စက်အသံတစ်ခု ထွက်ပေါ်လာသည်။

"မိခင်ဖြစ်သူက လမ်းလျှောက်ရင်း လှေကားပေါ်ပြုတ်ကျပြီး မတော်တဆ ခြေထောက်ကျိုးသွားတာကြောင့် သန္ဓေသားက ကိုယ်ဝန်ပျက်ကျနိုင်တဲ့ အန္တရာယ်ရှိနေပါပြီ၊ သန္ဓေသားကို ကယ်တင်ဖို့ အစွမ်းကုန် ကြိုးစားကြပါ!"


ဒါကိုကြားသောအခါ လူတိုင်း အံ့ဩသွားကြသည်။


ယခုအခါ သူတို့သည် မိခင်၏ခန္ဓာကိုယ်၌ မှီခိုနေသော ဆဲလ်များအုပ်စုဖြစ်သည်။ ကလေးကို ချောချောမွေ့မွေ့ မွေးဖွားနိုင်မလားဆိုတာ မိခင်၏ခန္ဓာကိုယ်က အာဟာရဓာတ်တွေ ထောက်ပံ့ပေးတာမျိုး သူတို့လိုပါသည်။ မိခင်မှာ ပြဿနာရှိနေရင် ကလေးက ကယ်လို့မရတော့ဘူးမလား?


လင်းမန့်လော်က တုန်လှုပ်ချောက်ချားစွာ ပြောသည်။ 

"ငါတို့ ဘာလုပ်ရမလဲ? ကိုယ်ဝန်ဆောင်အမျိုးသမီးက လှေကားကနေ ပြုတ်ကျရင် ကလေးကို ကယ်တင်နိုင်သေးလား?"


ရွှီယိရှန်း၏ လေသံသည်လည်း အလွန်လေးနက်လာသည်။

"ကိုယ်တာဝန်ယူထားတဲ့ ဧရိယာမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေက ပုံမှန်အတိုင်း အလုပ်လုပ်ကြောင်း သေချာစေဖို့ အားလုံးကြိုးစားကြပါ! ငါက သန္ဓေသားရဲ့ နှလုံးခုန်နှုန်းကို မြန်အောင်လုပ်ပြီး တစ်ကိုယ်လုံးကို သွေးတွေ ပြန်လည်ပတ်အောင် ကြိုးစားကြည့်မယ်!"


ဒါကိုကြားတော့ လူတိုင်းက သူတို့၏နေရာကို ပြန်သွားကြသည်။


ပတ်ဝန်းကျင်သည် အဆက်မပြတ်တုန်ခါနေဆဲဖြစ်ပြီး လမ်းကြောင်းအားလုံးက ယိမ်းထိုးနေကာ ယွဲ့ရှင်းဝမ်သည် မူးဝေနေသော်လည်း ဟန်ချက်ကိုထိန်းပြီး dermis ဆီသို့ တစ်လမ်းလုံး လျှောချလာကာ မိခင်၏ ပြင်းထန်သော လှုပ်ရှားမှုကြောင့် ပျက်စီးသွားသော ဆဲလ်များကို ပြန်လည်ပြုပြင်ရန် အစွမ်းကုန် ကြိုးစားနေသည်။ 


ရွှီယိရှန်းက ဖိအားအများဆုံးရှိသူဖြစ်သည်။


သန္ဓေသား၏နှလုံးခုန်ရပ်သွားသည်နှင့် “သန္ဓေသားက ဝမ်းဗိုက်ထဲမှာ သေဆုံးခြင်း”ရလဒ်ကို ဖြစ်ပေါ်စေမည်ဖြစ်ကာ ကိုယ်ဝန်ပျက်ကျခြင်း၏ရလဒ်ကို ရှောင်လွှဲ၍မရနိုင်ပေ။ ကလေးပျက်ကျတာနဲ့ သူတို့က သင်တန်းကျရှုံးသွားမှာဖြစ်ပြီး ကြိုးစားအားထုတ်မှုတွေအားလုံးက အချည်းနှီးဖြစ်သွားလိမ့်မည်။


လူတိုင်းက ဘာမှမပြောကြပေမယ့် အချိန်အတော်ကြာအောင် ဂရုစိုက်ပြီးသည့်နှောက်မှာ လူတိုင်းက သည်ကလေးကို သံယောဇဉ်ရှိနေကြပြီးသားဖြစ်သည်။ 


ရွှီယိရှန်းကိုယ်တိုင် တည်ဆောက်ထားသော ကလေး၏နှလုံးသည် ကိုယ်ပွားဆဲလ်များဖြင့် ပြည့်နေပါသည်။ atrium နှင့် ventricle များက မည်မျှကြီးမားကြောင်းနှင့် ၎င်းတို့ကြားရှိ အဆို့ရှင်အပေါက်က ဘယ်မှာရှိသလဲဆိုတာ သူအတိအကျသိသည်—— ကလေး၏နှလုံးက သူ့ကိုယ်ပိုင်နှလုံးထက် ပိုကောင်းတာကို သူသိသည်။


လန်ယာရုန်နှင့် ယွဲ့ရှင်းဝမ်တို့သည် အချိန်အတော်ကြာ အလုပ်များနေခဲ့ပြီး ကလေး၏ ခန္ဓာကိုယ်တစ်ခုလုံး၏ dermis နှင့် epidermis အလွှာ၏ အကာအကွယ်အတားအဆီးများကို ကောင်းမွန်စွာ လုပ်ဆောင်ကာ ကလေး၏ခြေတံတိုနှင့် လက်မောင်းငယ်များရှိ ကြွက်သားများသည် ယွဲ့ရှင်းဝမ်ကိုယ်တိုင်ဖန်တီးထားသော striated ကြွက်သားဆဲလ်များလည်းပါရှိသည်။


အခြားအင်္ဂါအစိတ်အပိုင်းများ၊ တစ်ရှူးများနှင့် ပြွန်များတွင် ကျောင်းသားများက အလုပ်များနေကြသည်။


ဒီကလေးက ကိုယ်ဝန်ပျက်လို့မရဘူး!


ယခုအချိန်တွင် လူတိုင်းဆီ၌ တူညီသောရည်ရွယ်ချက်ရှိနေကြသည်—— သူတို့၏ကလေးကို ကာကွယ်ရန်၊ မိခင်၏ခန္ဓာကိုယ် ထိခိုက်သွားပါက ဆေးရုံသို့ ပို့ဆောင်ပြီး ကုသမှုခံယူရန်၊ ကလေး၏ခန္ဓာကိုယ် ထိခိုက်သွားပါက သူတို့ကိုယ်တိုင် ပြန်လည်ပြုပြင်ရန် ဖြစ်သည်။


ရွှီယိရှန်းသည် အချိန်တိုအတွင်း သွေးဆဲလ်များစွာကို ဖန်တီးကာ အဆိုပါဆဲလ်များကို ကလေး၏ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံးသို့ သွေးကြောများတစ်လျှောက် ပို့ဆောင်နိုင်စေရန် ဒိုးလုံးကဲ့သို့ အလုပ်များနေသည်။


အခြားကျောင်းသားများသည်လည်း အမြန်ဆုံးအရှိန်ဖြင့် သူတို့တာဝန်ယူသည့်နေရာကို စတင်ပြုပြင်ခဲ့ကြသည်။


လူတိုင်းသည် နားထဲတွင် အားနည်းနေသော သန္ဓေသား၏ နှလုံးခုန်သံကို နားထောင်ရင်း ကိုယ်ဝန်ပျက်တော့မည်ကို ကြောက်ရွံ့နေကြသည်။ လူတိုင်း စကားမပြောနိုင်ဘဲ သူတို့၏ကလေးကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားနေကြသည်။


သူတို့သည် သန္ဓေသားအထဲရှိဆဲလ်များဖြစ်ပြီး သူတို့က သန္ဓေသားအတွက် အသက်ရှင်နိုင်သည်ဖြစ်စေ၊ မရှင်နိုင်သည်ဖြစ်စေ ကလေးမွေးခြင်းနှင့် စပ်လျဉ်းသော အကြောင်းရင်းများအပြင် သူတို့သည်လည်း အရေးကြီးပါသည်။


ပတ်ဝန်းကျင်က တုန်ခါမှုတွေသည် တဖြည်းဖြည်း ရပ်တန့်သွားပြီး မိခင်၏ခန္ဓာကိုယ်ကို ဘေးကင်းရာကို ရွှေ့လိုက်ကြောင်း ညွှန်ပြနေပါသည်။


လူတိုင်းသည် သန္ဓေသား၏ခန္ဓာကိုယ်ရှိ ဆဲလ်လစ်လပ်နေရာများကို အစားထိုးဖြည့်စွက်ရန် ကြိုးစားနေကြသည်။ တဖြည်းဖြည်းနဲ့ များပြားလှသော သွေးဆဲလ်တွေ လည်ပတ်မှုနှင့်အတူ သန္ဓေသား၏နှလုံးဟာ ပုံမှန်ပြန်ဖြစ်လာသည်။


စက်အသံ: "လုပ်ဆောင်တာကောင်းတယ်၊ ကလေးက အန္တရာယ်ကင်းသွားပြီး ကိုယ်ဝန်ဆက်ရှိနေတယ်လို့ ဒေါက်တာက ပြောတယ်…"


လူတိုင်း: "..."


တကယ့်ကို မှားယွင်းတဲ့ အချက်ပေးသံပဲ!


ခယ်ရှောင်ပင်းက မနေနိုင်စွာ ပြောလာသည်။

"ငါက တစ်ခါမှ ရည်းစားမထားဘူးတဲ့ လူတစ်ယောက်ပါ… ဟွာအန်းတက္ကသိုလ်က လက်ခံစာတစ်စောင်ရတာထက် ‘ကလေးက အန္တရာယ်ကင်းသွားပြီ’ဆိုတဲ့ စကားလုံးကို ကြားလိုက်ရတာ ပိုပျော်သလိုခံစားရတယ်…"


ယွဲ့ရှင်းဝမ်က ရယ်လိုက်သည်။

"ဒီကလေးမှာ ထူးကဲတဲ့အသက်ရှိတယ်… စီနီယာအစ်ကိုရွှီရဲ့ ကြိုးစားမှုအတွက် ကျေးဇူးတင်ပါတယ်…"


ရူးသွပ်လုဆဲဆဲဖြစ်နေသော ရွှီယိရှန်းသည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။

"‌ကံကောင်းလို့ အဆင်ပြေသွားတယ်… မဟုတ်ရင် ကြိုးစားမှုက အချည်းနှီးဖြစ်တော့မှာ…"


လျှိုကျောက်ချင်းက သူ့ကို သတိပေးသည်။

"ဒါကို ပေါ့ပေါ့တန်တန် သဘောမထားနဲ့… သန္ဓေသားရဲ့ ကြီးထွားမှု စည်းမျဉ်းတွေကို အဆင့်ဆင့် လိုက်နာပါ… ကလေးက မမွေးသေးသ၍ ငါတို့က တစ်ရက်တောင် ဂရုမစိုက်ဘဲ နေလို့မရဘူး…"


ရွှီယိရှန်း: "မှန်တယ်၊ အဲဒါကို အာရုံစိုက်ရအောင်…"


လူတိုင်းက စနောက်ခြင်းမရှိတော့ဘဲ အလေးအနက်ထားလာကြသည်။


ကိုယ်ဝန် 13 ပတ်တွင် အသည်းက သည်းခြေရည်ကို စတင်ထုတ်လုပ်သည်။ ကျောက်ကပ်သည် ဆီးအိမ်အတွင်းသို့ ဆီးများထုတ်လွတ်လာပြီး သန္ဓေသား၏ မျက်လုံးများက ပိုမိုနီးကပ်လာသည်။


သက်ဆိုင်ရာ အပိုင်းများကို တာဝန်ခံသော ကျောင်းသားများသည် ဖွံ့ဖြိုးတိုးတက်မှုစည်းမျဉ်းနှင့်အတူ အလုပ်များလာကြသည်။ မကြာခင်မှာပဲ ရှင်းယန်ကိုယ်တိုင်လုပ်ထားသည့် အသည်းက သည်းခြေရည်၏ ပထမတစ်စက်ကို လျှို့ဝှက်ထားသည်။ ကျန်းဖျင်စစ်မှ ပြုလုပ်သောကျောက်ကပ်သည်လည်း ဆီးကိုအောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့သည်။ ယခုအချိန်တွင် သန္ဓေသားသည် လူသားများ၏ အဓိကလုပ်ဆောင်မှုတချို့ရှိနေပြီဖြစ်သည်။ သူက အလွန်အားနည်းနေသေးသော်လည်း နှလုံးခုန်ချိန်တိုင်း၊ အသည်း၊ ကျောက်ကပ်နှင့် အခြားအင်္ဂါအစိတ်အပိုင်းများ၏ လုပ်ငန်းဆောင်တာများသည် ဒါက အသက်ဝင်သောဘဝလေးတစ်ခုဖြစ်ကြောင်း လူတိုင်းကို သတိပေးနေသည်။


ကိုယ်ဝန် 16 ပတ်တွင် မျက်ခုံးနှင့် မျက်တောင်များ ပေါက်လာသည်။


မိန်းကလေးများ၏ နှစ်သက်မှုအရ လင်းမန့်လော်သည် သန္ဓေသားအတွက် ဓားသွားမျက်ခုံးပုံသဏ္ဌာန်ရှိသည့် မွေးညင်းပေါက်နှစ်ခုကို ဖန်တီးခဲ့သည်။ သေးငယ်သောအမွေးတွေက မွေးညင်းပေါက်တွေကနေ တဖြည်းဖြည်း ပေါက်လာသည်။ သန္ဓေသား၏မျက်ခုံးသည် မရှင်းလင်းသေးသော်လည်း ၎င်းတို့က ကြည့်ကောင်းသည့်မျက်ခုံးပုံစံရှိနေပြီဖြစ်သည်။


မျက်တောင်မထူဘဲ ကောင်မလေးတွေထင်နေသည့် ချောမောသောကောင်လေးက ဘယ်လိုလုပ်ဖြစ်မှာလဲ။ ထို့ကြောင့် မျက်တောင်ပေါ်ရှိ ‌ချင်မြောင်၏ မွေးညင်းပေါက်များသည် အလွန်သိပ်သည်းပြီး ဤကလေးသည် ရှည်လျားပြီး ထူသော မျက်တောင်များဖြင့် မွေးဖွားလာမည်ဖြစ်သည်။


ကိုယ်ဝန် 17 ပတ်တွင် သန္ဓေသားသည် လျင်မြန်စွာကြီးထွားလာပြီး သူ၏ကိုယ်အလေးချိန်ထက် နှစ်ဆတိုးလာသည်။


လူတိုင်းသည် အလုပ်ရှုပ်မှုအသစ်တစ်ခုကို စတင်ခဲ့ကြပြီး သူတို့ကလေး၏ ခန္ဓာကိုယ်မှာ လျင်မြန်စွာကြီးထွားလာတာ ထင်ရှားပါသည်။


ကိုယ်ဝန်အပတ် 20 တွင် သန္ဓေသား၏ မျိုးပွားအင်္ဂါများ ဖွံ့ဖြိုးတိုးတက်မှုပြီးစီးခဲ့သည်။ ကျန်းဖျင်စစ်က သည်အပိုင်းကို တာဝန်ယူထားခဲ့ပြီး ကလေး၏မျိုးပွားမှုစနစ်သည် ဆယ်ကျော်သက်အရွယ် မတိုင်ခင်အထိ အပြည့်အဝ ဖွံ့ဖြိုးလာမည်မဟုတ်ပေ။ သူတို့သည် စနစ်တစ်ခုလုံးကို တည့်မတ်ပြီး အမှားအယွင်းမရှိစေရန်သာ လိုအပ်သည်။


လူတိုင်း၏ကြိုးစားအားထုတ်မှုအောက်တွင် ကိုယ်ဝန်သည် ရက်သတ္တပတ် 20 သို့ရောက်ရှိလာပြီး သန္ဓေသားက ယခုအချိန်တွင် စတင်လှုပ်ရှားနေပြီဖြစ်သည်။


ကလေး၏ လှုပ်ရှားမှုကို သတိပြုမိတော့ အားလုံးက မျက်ရည်ကျကြသည်။


မျိုးအောင်ထားသော မျိုးဥဆဲလ်ငယ်လေးမှ ယခုအခါ လက်နှင့်ခြေလေးများသည် ဖြည်းညှင်းစွာ ရွေ့လျားနိုင်လာပြီး ခန္ဓာကိုယ်ရှိ နေရာတိုင်းတွင် ကိုယ်တွင်းအင်္ဂါများနှင့် စနစ်များ၏ လုပ်ငန်းဆောင်တာများကို တဖြည်းဖြည်း ဖွဲ့စည်းလာနိုင်ကြသည်။ သည်လုပ်ငန်းစဉ်တွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆောင်ရွက်ပြီးနောက် ဤနည်းဖြင့် မွေးဖွားလာမှန်း သူတို့နားလည်လာကြသည်။ ဖန်ဆင်းရှင်၏အံ့ဖွယ်ဖြစ်ရပ်က လူတိုင်းကို အလွန်စိတ်လှုပ်ရှားစေခဲ့သည်။


အသက်ရှုခြင်း၊ သွေးလှည့်ပတ်ခြင်း၊ ဆီးလမ်းကြောင်း၊ အစာခြေစနစ်၊ အာရုံကြောများနှင့် အခြားအရေးပါသောစနစ်များကို လူတိုင်းက ပေါင်းစပ်တည်ဆောက်ထားတာကြောင့် ရက်သတ္တပတ် 20 ၏ ဒုတိယနှစ်ဝက်တွင် ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆဲလ်များ ဆက်လက်တိုးပွားရန် လိုအပ်ပါသည်။ သန္ဓေသားကြီးထွားမှုအရှိန်ဖြင့် အင်္ဂါအစိတ်အပိုင်းများ တဖြည်းဖြည်း ရင့်ကျက်လာနိုင်သည်။


တချို့သော နောက်ဆက်တွဲအသေးစိတ်အချက်များဖြစ်သည့် အရိုးမာခြင်း၊ အကြားအာရုံဖွဲ့စည်းခြင်း စသည်တို့ကို သင်တန်းလမ်းညွှန်ချက်များနှင့်အညီ ဂရုတစိုက်လုပ်ဆောင်သင့်သည်။


မျက်စိတစ်မှိတ်အတွင်းမှာ ကိုယ်ဝန် 38 ပတ်ကိုရောက်လာပြီး သန္ဓေသားက တင်ပါးဆုံတွင်းထဲကို ဝင်တော့မည်။


စက်အသံက အချက်ပြလာသည်။ 

"ကိုယ်ဝန် 38 ပတ်မှာ သန္ဓေသားရင့်ကျက်ပြီး မွေးဖွားတော့မှာမို့ ပြင်ဆင်ထားကြပါ…"


ဤအချက်ပြမှုကို လူတိုင်းကြားသောအခါတွင် ပထမဆုံးအကြိမ် မိဘဖြစ်လာတော့မည့်အတွက် အလွန်စိတ်လှုပ်ရှားသွားကြသည်။


လျှိုကျောက်ချင်း: "ဆေးရုံးမှာရှိတဲ့ ခွဲစိတ်စားပွဲပေါ်မှာ ငါဘယ်တုန်းကမှ စိတ်မလှုပ်ရှားဖူးဘူး!"


ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားနေသည်။

"ငါတို့မှာ သားလေးတစ်ယောက်ရှိလာတော့မယ်!"


ကျန်းဖျင်စစ်က အေးဆေးတည်ငြိမ်စွာပြောသည်။

"နောက်ဆုံးတော့ မွေးတော့မှာပေါ့…"


လူတိုင်း: "..."


မင်းတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် အရမ်းနားလည်လွန်းတယ် မဟုတ်ဘူးလား? တစ်ချိန်တည်းမှာ ဒီလိုပြောလာတာ အရမ်းထူးဆန်းတယ်။


ခယ်ရှောင်ပင်းက ရုတ်တရက် အကြံပြုရန် ပြောလာသည်။

"ငါတို့တွေ ကလေးကို နာမည်ပေးသင့်တယ်မဟုတ်ဘူးလား?"


ရွှီယိရှန်း၏မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

"အဲဒါလိုအပ်တယ်… ငါတို့ 12 ယောက်ရဲ့ကလေးအတွက် ဘယ်လိုမျိုးရိုးနာမည်က ကောင်းသလဲ?"


လျှိုကျောက်ချင်းက စနောက်သည်။ 

"ငါတို့ C-183 သုတေသနအဖွဲ့ရဲ့ ခေါင်းဆောင်က ရှင်းဝမ်ဆိုတော့ ကလေးက ခေါင်းဆောင်ရဲ့မျိုးရိုးနာမည်ကို လိုက်ရမှာပေါ့… မင်းတို့ကော ဘယ်လိုထင်လဲ?"


ယခုအခါ လူတိုင်းသည် ဆဲလ်များအသွင်ဖြင့် ရောက်ရှိနေကြပြီး သဘောတူသောအနေဖြင့် အားလုံးက မျက်တောင်ခတ်ပြကြသည်။


လျှိုကျောက်ချင်း: "ရှင်းဝမ်၊ မင်းက တရုတ်ဘာသာစကားဌာနကဆိုတော့ မင်း နာမည်ရွေးလိုက်ပါ… ကလေးက မင်းရဲ့မျိုးရိုးနာမည်ယူမှာကို အားလုံးက သဘောတူကြတယ်…"


ခယ်ရှောင်ပင်းက ထပ်ပြောလာသည်။

"‌ဒါဆိုရင် မင်းရဲ့သားအတွက် လိမ္မော်သီးဝယ်လို့ရပြီ…"


ယွဲ့ရှင်းဝမ်: "..."


အရင်တုန်းကတော့ လိမ္မော်သီးဝယ်ခြင်းစွမ်းရည်ကို သည်အတိုင်းသာ သူသင်ယူခဲ့ပြီး သားအတွက် လိမ္မော်သီးသွားဝယ်ဦးမယ်ဆိုတာက သတ်မှတ်ထားသော ပစ်မှတ်ကို နေရာတွင်ရပ်နေစေဖို့ဖြစ်သည်။


ဒီတစ်ခါတော့ အဖေတစ်ယောက်ဖြစ်ရတာ တကယ်ပျော်စရာကောင်းပါလား?!


#TK