Chapter 97
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 97 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၁၅)


ဤထူးဆန်းသောမြို့မှ ထွက်ခွာပြီးနောက် ဘတ်စ်ကားသည် တစ်ရက်အကြာ ရှေ့သို့ မောင်းနှင်လာပြီး မှောင်လာသောအခါ လမ်းဆုံလမ်းခွသို့ ရောက်သည်နှင့် လမ်းဆုံတွင် အမြန်လမ်းမကြီးဆိုင်းဘုတ်တစ်ခု ပေါ်လာသည်။


ရွှီယိရှန်းက ဘေးတွင် ဘတ်စ်ကားကိုရပ်လိုက်ပြီး အားလုံးကို လှည့်ကြည့်ကာ မေးသည်။

"ငါတို့ ဘေးလမ်းကပဲ သွားကြမလား? အမြန်လမ်းမပေါ် တက်ကြမလား?"


ယွဲ့ရှင်းဝမ်က မျက်မှောင်ကြုတ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။


အရှိန်ပြင်းပြင်းနဲ့သွားရင်တော့ သန္ဓေပြောင်းများ၏ ကြားဖြတ်ဝင်ရောက်မှုကို ကြုံတွေ့ရနိုင်သည်။ ထိုအချိန်က C မြို့တွင်ကဲ့သို့ပင် သန္ဓေပြောင်းများသည် ဂိတ်ပေါက်တွင် ကြိုတင်နေရာယူထားသည်။ သန္ဓေပြောင်းများနဲ့ ကြုံတွေ့တာက သူတို့အတွက် အလွန်အန္တရာယ်များသည်။ သို့သော် ဘေးလမ်းကို ဆက်သွားလျှင် ဘေးလမ်းသည် လမ်းကွေ့များစွာရှိပြီး တောင်တက်လမ်းများက ကျယ်ဝန်းပြန့်ကားခြင်းမရှိသောကြောင့် ယာဉ်၏အရှိန်ကို တစ်နာရီ ကီလိုမီတာ 60 အောက်တွင် ထိန်းချုပ်ထားရတာကြောင့် အမြန်လမ်းမထက် F မြို့ကိုရောက်ဖို့ ရက်ပိုကြာလိမ့်မည်။


ယွဲ့ရှင်းဝမ်က လှည့်ကြည့်ပြီး ကျန်းဖျင်စစ်၏ထင်မြင်ချက်ကို မေးလိုက်သည်။

"မင်းဘယ်လိုထင်လဲ?"


ကျန်းဖျင်စစ်: "မနေ့ညက သန်းခေါင်ယံမှာ ငါတို့ကို လင်းနို့တွေက အံ့အားသင့်စွာ တိုက်ခိုက်ခဲ့ပြီး သူတို့ မအောင်မြင်ခဲ့ဘူး… အဖွဲ့အစည်းက သတင်းကိုရထားလောက်ပြီ… ဒီတော့ ငါတို့ရဲ့တည်နေရာက လျှို့ဝှက်ချက် မဟုတ်တော့ဘူး…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"တစ်နည်းဆိုရရင် ငါတို့ အမြန်လမ်းပဲသွားသွား၊ ဘေးလမ်းပဲသွားသွား သန္ဓေပြောင်းတွေ ဖမ်းမိသွားမှာပဲ… ဆိုတော့ အမြန်လမ်းကိုသွားတာ ပိုကောင်းတယ်၊ အနည်းဆုံးတော့ အရှိန်က ပိုမြန်ပြီး F မြို့ကို နှစ်ရက်ကြိုရောက်နိုင်တယ်…"


ကျိုဖုန်းက ထောက်ခံသည်။

"ဒီပြည်နယ်လမ်းက သွားလာရခက်ခဲလွန်းတယ်လို့ ငါလည်းထင်တယ်… မြေပြိုကျပြီး မိုးသည်းထန်စွာရွာရင် အစတုန်းကလို အန္တရာယ်ရှိနိုင်တယ်… အမြန်လမ်းမကြီးက အနည်းဆုံးတော့ လမ်းအခြေအနေက ပိုကောင်းပြီး ငါတို့တွေ အမြန်နှုန်း 80 ထက်တိုးလာနိုင်တယ်…"


ရွှီယိရှန်းက သူတို့ကို သတိပေးလာသည်။

"ပျက်စီးနေတဲ့ငါတို့ဘတ်စ်ကားက အရှိန် 80 နဲ့သွားရင် ဆူညံသံက အရမ်းကျယ်လိမ့်မယ်…"


နှစ်ဖက်စလုံးရှိ ပြတင်းပေါက်များအားလုံး ပျက်စီးသွားသောကြောင့် ၎င်းတို့ကို ယာယီ ပိတ်တီးများဖြင့် ဖုံးအုပ်ထားသည်။ အရှိန် 80 ထက်ကျော်လွန်ပါက တာယာပွတ်တိုက်သံနှင့် လေတိုက်သံတို့ဖြင့် အလွန်ဆူညံနေလိမ့်မည်။ ယွဲ့ရှင်းဝမ်က သူ၏အတန်းဖော်များကို ကြည့်ပြီး ပြောလိုက်သည်။

"အားလုံး ဆူညံသံကို ခံနိုင်ကြလား?"


လင်းမန့်လော်: "ငါတော့ ဂရုမစိုက်ဘူး…"


ခယ်ရှောင်ပင်းက အလေးအနက်ပြောသည်။

"ဆူညံသံက အဆင်ပြေပါတယ်၊ နောက်ဆို ငါတို့တွေ ကျင့်သားရသွားမှာပါ…"


ယွဲ့ရှင်းဝမ်: "ကောင်းပြီ၊ အရှိန်မြင့်ပြီး အမြန်လမ်းမကြီးကနေ အဆုံးကိုရောက်အောင် မြန်မြန်သွားကြမယ်…"


သူ့အဖွဲ့ဝင်များ၏ တညီတညွတ်တည်းခွင့်ပြုချက်ဖြင့် ရွှီယိရှန်းသည် လမ်းဆုံလမ်းခွမှ ဘယ်ဘက်သို့လှည့်ကာ အမြန်လမ်းဆီသို့ ဘတ်စ်ကားကို မောင်းနှင်သွားခဲ့သည်။


သုံးလမ်းသွား အမြန်လမ်းသည် အမှန်တကယ် ပြန့်ကားပြီး ကျယ်ဝန်းကာ အမြင်အာရုံမှာလည်း အလွန်ကျယ်ပြန့်သည်။ ရွှီယိရှန်းသည် လီဗာကို နင်းလိုက်ပြီး ဘတ်စ်ကား၏အရှိန်သည် တစ်နာရီ 80 ကီလိုမီတာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။


ဤနေရာတွင် သန္ဓေပြောင်းများ၏ အင်အားက ဖြန့်ကျက်ထားပြီလားဆိုတာ သူတို့မသိပေမယ့် ရံဖန်ရံခါတွင် ကိုယ်ပိုင်ကားများသည် အမြန်လမ်းမကြီးပေါ်တွင် ပေါ်လာပြီး ထိုယာဉ်မောင်းများသည် မောင်းနှင်နေစဉ် ဤ“အသုဘနိဗ္ဗာန်ယာဉ်”ကို မြင်တွေ့လိုက်ရတော့ သူတို့အားလုံးမှာ ထိတ်လန့်သောအမူအရာများ ပြသနေကြသည်။


ယာဉ်မောင်းတစ်ဦးသည် ဘတ်စ်ကားကို ဖြတ်ကျော်ပြီး ဘတ်စ်ကားအား ပိတ်စများဖြင့် ဖုံးအုပ်ထားတာကို တွေ့လိုက်ရကာ အံ့အားသင့်မှုကြောင့် လမ်းတံတားကို ဝင်တိုက်လုနီးပါးဖြစ်ခဲ့သည်။


ကားထဲက ဆူညံသံသည် လူတိုင်း၏နားကို အူသွားစေသည်။


သို့ပေမယ့် ခယ်ရှောင်ပင်းပြောခဲ့သလို ဆူညံသံတွေကို သူတို့တွေ ကျင့်သားရသွားလိမ့်မည်။


နာရီဝက်အကြာတွင် လူတိုင်းသည် သူတို့၏အသံများကို တည်ငြိမ်သောအမူအရာဖြင့် ကျယ်လောင်စွာ ပြောဆိုနိုင်ခဲ့သည်။


ယွဲ့ရှင်းဝမ်က မေးသည်။

"ပရော်ဖက်ဆာထန် ဘယ်လိုနေသေးလဲ ကြည့်လိုက်ပါလား?"


လျှိုကျောက်ချင်းက ကျယ်လောင်စွာ ပြောသည်။

"သူမနိုးသေးဘူး… သူ မေ့မြောနေတာ တစ်ရက်နဲ့တစ်ညရှိပြီ… ဒီတစ်ခါတော့ သူအရမ်းစိတ်တုန်လှုပ်သွားတာဖြစ်မယ်…"


ပရော်ဖက်ဆာထန်၏မျက်လုံးတွေက တင်းတင်းကျပ်ကျပ်မှိတ်ထားပြီး ထိုင်ခုံမှာ ငိုက်မျဉ်းနေတာကို တွေ့ရသည်။ ယွဲ့ရှင်းဝမ်က တစ်ဖက်လူကို အတင်းမနှိုးဘဲ အပြုံးဖြင့် ပြောလိုက်သည်။

"အခုတော့ သူ့ကို ထားလိုက်ပါ… အဆုံးထိ သူ့ကိုအိပ်ခိုင်းလိုက်တာ ကောင်းတယ်…"


အားလုံးက တစ်ညလုံး စိတ်ပူနေကြသည်။ ည၏ဒုတိယတစ်ဝက်တွင် ယာဉ်မောင်းသုံးဦးသည် လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် အတူတကွ စိုက်ကြည့်နေသော်လည်း မတော်တဆ မဖြစ်ခဲ့ကြပေ။


မိုးလင်းသည်နှင့် အမြန်လမ်းမကြီးပေါ်တွင် ကိုယ်ပိုင်ကားများ ပိုများလာသည်။


ယွဲ့ရှင်းဝမ်သည် ဖန်သားပြင်ပြတင်းပေါက်မှ အပေါက်တစ်ခုကိုဖွင့်လိုက်ပြီး အပြင်ကိုကြည့်လိုက်ရာ အမြန်လမ်းမကြီးသည် ခေတ်မီမြို့တစ်မြို့အား ဖြတ်သွားတာကို တွေ့လိုက်ရသည်။ မြို့တွင်းလမ်းများတွင် ယာဉ်အသွားအလာများနေပြီး လမ်းတစ်လျှောက်ရှိ ဈေးဆိုင်များလည်း ပုံမှန်အတိုင်း လည်ပတ်လျက်ရှိသည်။ ကမ္ဘာပေါ်ရှိ ငရဲခန်း C မြို့နှင့် နှိုင်းယှဉ်ပါက ကီလိုမီတာ 1,000 အကွာတွင်ရှိသော ဤမြို့သည် လုံးဝမထိခိုက်ထားပုံရသည်။


ယွဲ့ရှင်းဝမ်က အနည်းငယ် အံ့အားသင့်သွားသည်။

"C မြို့က လုံးဝပျက်စီးသွားပြီး လူတော်တော်များများ သေကုန်ပြီကို… အင်တာနက်မှာ သတင်းတွေ အများကြီး ရှိသင့်တယ်… အခြားမြို့တွေက လူတွေက ဘာလို့ ငြိမ်သက်နေကြတာလဲ?"

 

ကျန်းဖျင်စစ်: "အင်တာနက်ပေါ်က သတင်းတွေကို သန္ဓေပြောင်းတွေက ဖျက်လိုက်တာ ဖြစ်နိုင်သလို အခြားမြို့တွေက လူတွေက အဲဒါကို ကောလဟာလလို့ပဲ ထင်နေကြတာဖြစ်နိုင်တယ်… သူတို့ကိုယ်တိုင် မျက်စိနဲ့ မမြင်ရင် သန္ဓေပြောင်းတွေ ရှိတယ်ဆိုတာ ယုံရခက်လိမ့်မယ်…"


လူစည်ကားသောမြို့တစ်မြို့၌ ကပ်ဘေးကျရောက်တော့မည်ကို မသိကြဘဲ လူများကပြုံးရွှင်နေကြသည်။


ခယ်ရှောင်ပင်းက အသံတိုးတိုးဖြင့် မေးသည်။ 

"အခုအချိန် သန္ဓေပြောင်းတွေဆီမှာ ခံတပ်နေရာက C မြို့ပဲရှိပြီး သူတို့အနီးတစ်ဝိုက်က ဝေးလံခေါင်သီးတဲ့ မြို့ငယ်တချို့ကို စမ်းသပ်အခြေစိုက်စခန်းအဖြစ် ဖြန့်ကျက်ထားတယ်… သူတို့က အနီးနားက မြို့တွေဆီ မဖြန့်ကျက်သေးဘူးလား?"


ယွဲ့ရှင်းဝမ်သည် ပရော်ဖက်ဆာထန်ကို C မြို့မှ ဝေးရာသို့ ခေါ်ဆောင်သွားသည်မှာ သုံးရက်ပင်ရှိပြီဖြစ်ပြီး ကွေ့ကောက်သော ပြည်နယ်လမ်းများပေါ်တွင် သွားခဲ့ကြသည်။ အကယ်၍ သန္ဓေပြောင်းများသည် အမြန်လမ်းမကြီးဆီသို့ တိုက်ရိုက်ရောက်သွားပါက သူတို့တွေ သည်နေရာကိုရောက်နေတာ ကြာလှပြီဖြစ်သည်။


ကမ္ဘာပျက်ကပ်အကျပ်အတည်း၏ အရှိန်အဟုန်ကို သုံးသပ်ကြည့်လျှင် သန္ဓေပြောင်းများ ဖြန့်ကျက်မှုက အမှန်ပင် အနည်းငယ် နှေးကွေးပါသည်။


C မြို့မှာ အခြားကိစ္စတွေနဲ့ အလုပ်ရှုပ်နေသလား? ဒါမှမဟုတ် လူသားမြို့တွေ တိုက်ခိုက်ရင်း သူတို့တွေ ဒုက္ခရောက်နေသလား?


ယွဲ့ရှင်းဝမ်သည် တိကျသော အကြောင်းပြချက်ကို မသိသော်လည်း ပေါ့ပေါ့တန်တန် မယူဆရဲပေ။


အရုဏ်တက်ပြီးနောက် သူတို့၏ “ဖာထေးထားသော” ဘတ်စ်ကားသည် အမှန်တကယ်ပင် “အလှဆုံး” ရှုခင်းဖြစ်သည်။ ကိုယ်ပိုင်ကားတွေ ဖြတ်သွားသောအခါ လူတော်တော်များများက သူတို့ကို ပြတင်းပေါက်ကနေ စူးစူးစိုက်စိုက်ကြည့်ကြလိမ့်မည်။


ယွဲ့ရှင်းဝမ်က သတိပေးသည်။

"အားလုံး သတိမပေါ့ကြနဲ့၊ ကိုယ့်ရဲ့စွမ်းရည်တွေကို အသင့်ပြင်ထားကြ…"


လူတိုင်း၏အာရုံကြောတွေက တောင့်တင်းနေပြီး ဆူညံသံတွေကို ခံနိုင်ရည်ရှိကာ အမြန်လမ်းပေါ်မှာ တစ်မနက်လုံး ဖြတ်သွားခဲ့ကြသည်။ အနီးနားရှိ ကားများထဲက လူများသည် စူးစူးစိုက်စိုက် စောင့်ကြည့်နေရုံမှလွဲ၍ ဘာမှမပြောကြပေ။


F မြို့နှင့် နီးကပ်လာသည်နှင့်အမျှ ယွဲ့ရှင်းဝမ်သည် စိတ်မလျှော့ရဲသေးပေ။


နေ့ခင်းဘက်တွင် အမြန်လမ်းမကြီး ဝန်ဆောင်မှုပေးသည့်နေရာကို သူတို့ ရောက်လာကြသည်။


ဝန်ဆောင်မှုဧရိယာသည် အလွန်စည်ကားနေသည်။ အဲဒီမှာ ကိုယ်ပိုင်ကားတွေနဲ့ ဘတ်စ်ကားတချို့ ရပ်ထားသည်။ လူများစွာသည် စားသောက်ရန် ကားပေါ်မှ ဆင်းကြပြီး တချို့လူများက ဆေးလိပ်သောက်ရန် လက်ရန်းကို မှီထားကြသည်။ ယွဲ့ရှင်းဝမ်သည် ခဏလောက် ဂရုတစိုက် စောင့်ကြည့်လေ့လာပြီး ဝန်ဆောင်မှုဧရိယာမှာ ဘာထူးခြားမှုမှ မရှိတာကို တွေ့လိုက်ရသည့်အတွက် ပြောလိုက်သည်။ 

"နေ့လယ်စာစားဖို့ 10 မိနစ်လောက်ရပ်ပြီး ခဏနားမယ်… သန့်စင်ခန်းသွားချင်တဲ့သူတွေက အတွဲလိုက်သွားပြီး တတ်နိုင်သမျှ အမြန်ဆုံးပြန်လာခဲ့ကြ…"


ချင်လုက အသံတိုးတိုးဖြင့် မေးသည်။

"အစ်မ သန့်စင်ခန်းသွားချင်လား?"


ချင်မြောင်က ပေါ့ပါးစွာ ပြန်ဖြေသည်။

"ငါ နင့်ကို လိုက်ကူပေးမယ်…"


လင်းမန့်လော်နှင့် လန်ယာရုန်တို့လည်း လိုက်ပါခဲ့ကြသည်။


အမျိုးသမီး လေးယောက်က အတူတူ အိမ်သာသွားကြသည်။ ရှင်းယန်သည် ပတ်ဝန်းကျင်ကလူတွေက မကောင်းဆိုးရွားဟု သတ်မှတ်ခံရမှာကို စိုးရိမ်တာကြောင့် ပေါင်းခံပုလင်းကို လျှော့ပြီး ယာဂုကို ကားထဲမှာ တိုက်ရိုက် ချက်ပြုတ်ထားလိုက်သည်။


ဤအခိုက်အတန့်တွင် သက်ကြီးရွယ်အို၏အသံသည် အပြင်ဘက်မှ ရုတ်တရက် ထွက်ပေါ်လာသည်။

"လျန်ဖျီရောင်းတယ်… လျန်ဖျီ ဝယ်ကြဦးမလား?"

『TK: လျန်ဖျီ(ဆန်အပြားကြီးနဲ့လုပ်ထားတဲ့ ခေါက်ဆွဲအေး)』


ခယ်ရှောင်ပင်း၏ မျက်လုံးများ တောက်ပလာကာ သူ့အိတ်ကပ်ထဲသို့ နှိုက်လိုက်ပြီး ပိုက်ဆံအိတ်ကော၊ ဖုန်းပါ မရှိတာကို တွေ့လိုက်ရသည်။ သူက တံတွေးမျိုချပြီး ရှင်းယန်၏ယာဂုကိုသာ အာရုံစိုက်ရန် ကြိုးစားလိုက်သည် 


အဘွားအိုက ရောင်းဖို့လုပ်သည်။

"တစ်ပန်းကန် 5 ယွမ်နဲ့ အရသာရှိတဲ့ လျန်ဖျီပါ!"


ကလေးကလည်း ထန်ဟူလူးတုတ်ချောင်းကြီးကို ကိုင်ထားသည်။

"ထန်ဟူလူးလိုချင်ကြသလား? 1 ယွမ်ကို ထန်ဟူလူးတစ်ချောင်းပါ!"


ယွဲ့ရှင်းဝမ်က ပြုံးကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

"မဝယ်တော့ဘူး၊ ကျေးဇူးပါ…"


ယခုအချိန်တွင် ပြတင်းပေါက်မှ စိုက်ကြည့်နေသော ကျန်းဖျင်စစ်က တိုးတိုးလေးပြောလိုက်သည်။ 

"ဒီဝန်ဆောင်မှုဧရိယာက တစ်ခုခုမှားနေပြီ…"


သူသတိပေးရသည့်အကြောင်းအရင်းမှာ ပါးစပ်ဖွင့်လိုက်သောအခါတွင် ချွန်ထက်သောအစွယ်များပြနေကာ ပြောင်းဖူးစားနေသည့် အမျိုးသမီးတစ်ဦးကို မတော်တဆတွေ့လိုက်ရခြင်းကြောင့်ဖြစ်သည်။ ယွဲ့ရှင်းဝမ်သည် ပတ်တီးကိုဟပြီး အပြင်ကို လှမ်းကြည့်လိုက်ရာ အလွန်ထူးဆန်းသော ကိုယ်ဟန်အနေအထားဖြင့် ရပ်နေသည့် ကလေးတစ်ဦးကို တွေ့လိုက်ရသည်။


အဲဒါက သန္ဓေပြောင်းပဲ!


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် အမြန်စာရိုက်ခဲ့သည်။

"မြန်မြန်ပြန်လာခဲ့တော့!"


သန့်စင်ခန်းသို့သွားသော မိန်းကလေးလေးယောက်သည် လက်ဆေးကန်ရှေ့တွင် လက်ဆေးနေကြပြီး ချစ်စဖွယ်ကလေးမလေးက ရုတ်တရက် ပြောလာသည်။

"အစ်မ ပန်းဝယ်ချင်လား?"


လင်းမန့်လော်က အလိုအလျောက် ပြန်ဖြေလိုက်သည်။

"မဝယ်တော့ဘူး…"

 

ကလေးမလေးက သူမကိုရောင်းဖို့ ဇွဲရှိရှိနဲ့ ထပ်ပြောသည်။

"ပန်းတစ်ပွင့်လောက်ဝယ်ပါလား?"


သုတေသနအဖွဲ့ chat channel မှ စာကိုမြင်ပြီးနောက် လင်းမန့်လော်က ချက်ချင်း ပြောလိုက်သည်။

"သွားကြရအောင်!"


သူတို့လေးယောက် အမြန်လှည့်ကာ ဘတ်စ်ကားဆီသို့ ပြေးသွားကြသည်။ သို့သော် သူတို့တွေ သန့်စင်းခန်းထဲမှ ပြေးထွက်လာသည်နှင့် ကလေးတစ်စုက ဝိုင်းရံထားသည်။ ထိုကလေးများ၏ ခြေလက်တွေက မြေပြင်ပေါ်တွင် ထောက်ထားပြီး ဝံပုလွေအုပ်စုကဲ့သို့ သူတို့၏ မျက်လုံးများက အေးစက်ပြီး စူးရှနေသည်။


မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့လေးယောက်ဆီသို့ အပြင်းအထန် ပြေးလာကြသည်။


ချင်လုသည် ကမ္ဘာလုံးကို ထုတ်ပြီး ‌အမှတ်နှစ်ခုကို လျင်မြန်စွာထိလိုက်သည်။

"နေရာပြောင်းစမ်း!"


သူတို့လေးယောက်က ဘတ်စ်ကားဆီကို ချက်ချင်းပြောင်းသွားပေမယ့် ဘတ်စ်ကားကိုလည်း ဝံပုလွေတွေက ဝိုင်းရံထားသည်။ လင်းမန့်လော်က အော်လိုက်သည်။

"ကျိုဖုန်း!"

အော်လိုက်ပြီးနောက် သူမသည် ချက်ချင်းပင် နွယ်ပင်ကို ဆန့်ထုတ်လိုက်ပြီး ကျိုဖုန်း၏လျှပ်စီကြောင်းသည် ပြတင်းပေါက်မှ အမြန်ထွက်လာခဲ့ပြီး သူမ၏နွယ်ပင်တွင် တွယ်ကပ်သွားသည်။ လျှပ်စီးကြောင်းထည့်ထားသည့်နွယ်ပင်ဟာ လှည့်ပတ်သွားကာ ဝံပုလွေများကို ဓာတ်လိုက်ပြီး သူတို့၏ခန္ဓာကိုယ်များကိာ တုန်ခါသွားစေကာ ထွက်ပြေးသွားကြသည်။


သူတို့လေးယောက်က ကားပေါ်ကို အမြန်တက်လိုက်ကြသည်။


ကျိုဖုန်းက အမြန်လျှောက်လာပြီး လင်းမန့်လော်ကိုကြည့်ကာ ပြောသည်။

"အားလုံးအဆင်ပြေရဲ့လား?"


လင်းမန့်လော်က ခေါင်းငြိမ့်ကာ ပြန်ဖြေသည်။

"အဆင်ပြေပါတယ်၊ ငါတို့ အဝိုင်းခံခဲ့လို့ပါ…"


ကျန်းဖျင်စစ်က တည်ငြိမ်စွာ ပြောခဲ့သည်။

"ဒီဝန်ဆောင်မှုဧရိယာက သန္ဓေပြောင်းတွေနဲ့ပြည့်နေပြီး ငါတို့ကိုချောင်းမြောင်းတိုက်ခိုက်ဖို့ ဒီမှာစောင့်နေကြတာ…"


လျှိုကျောက်ချင်းက မနေနိုင်စွာ ပြောလာသည်။

"ရေသောက်တာ၊ ဆေးလိပ်သောက်တာ၊ ပြောင်းဖူးစားတာ၊ လျန်ဖျီနဲ့ ထန်ဟူလူးတောင် ရောင်းလိုက်သေးတယ်! အဲဒီဝံပုလွေအရေခွံနဲ့ သန္ဓေပြောင်းတွေရဲ့ သရုပ်ဆောင်စွမ်းရည်တွေက သရုပ်ဆောင်ကြယ်ပွင့်တွေတောင် ဖြစ်လာနိုင်တယ်!"


သူတို့က သူတို့အထက်လူကြီးများ၏ အမိန့်အတိုင်း ဆောင်ရွက်ရသည်။ သို့ရာတွင် သန္ဓေပြောင်းများသည် သန္ဓေပြောင်းများဖြစ်ပြီး သူတို့သည် လူသားများနှင့် မည်မျှပင် ဆင်တူသည်ဖြစ်စေ တိရစ္ဆာန်တချို့၏ဗီဇကို ဖုံးကွယ်ရန် ခက်ခဲသည်။


သူတို့၏ မူလအစီအစဉ်မှာ ယွဲ့ရှင်းဝမ်တို့အဖွဲ့၏ ယာယီအနားယူမှုနှင့် သန့်စင်ခန်းသွားတာကို အခွင့်ကောင်းယူပြီး ဘတ်စ်ကားကို အမြန်ဝန်းရံကာ ပရော်ဖက်ဆာထန်နှင့် 183 သုတေသနအဖွဲ့ကို တစ်ချိန်တည်းတွင် ဖမ်းဆီးရန်ဖြစ်သည်။ မမျှော်လင့်ဘဲ ပြောင်းဖူးကိုစားနေသည့်အချိန်မှာ သန္ဓေပြောင်းတစ်ယောက်က သူမအစွယ်တွေကို မတော်တဆပြမိပြီး မျက်လုံးစူးရှသည့်ကျန်းဖျင်စစ်က တွေ့ရှိခဲ့သည်။


သူတို့မလှုပ်ရှားခင် ယွဲ့ရှင်းဝမ်၏အဖွဲ့ သူတို့ကို မြင်သွားသည်။


မည်သည့်နေရာတွင် ရှိနေသည်ကို ထုတ်ဖော်ပြသခံလိုက်ရသော သန္ဓေပြောင်းများသည် ရုပ်ဖျက်၍မရတော့ပေ။ခေါင်းဆောင်တစ်ဦးမှ ဝံပုလွေအူသံထွက်လာကာ ပတ်ဝန်းကျင်ရှိဝံပုလွေများအားလုံးသည် ကြောက်မက်ဖွယ်ကောင်းသောအရှိန်ဖြင့် ပြေးလာကြသည်——


ကံမကောင်းစွာပဲ သူတို့က ဘာမှမရှိသောလေကိုသာ ထိမိသွားသည်။


ချင်လုသည် ကျောက်ထုလွှာ‌လှုပ်ရှားမှုးဖြင့် နေရာကို တိုက်ရိုက်ပြောင်းလိုက်ပြီး ဘတ်စ်ကားကို အမြန်လမ်းမလမ်းကြားသို့ ချက်ချင်းပြောင်းလိုက်သည်။


ရွှီယိရှန်းက လီဗာကိုနင်းလိုက်ပြီး ဘတ်စ်ကားက အမြန်ထွက်သွားသည်။ သို့သော် ဝံပုလွေများသည် အလွန်လျင်မြန်စွာ ပြေးလာနေပြီး ရာနှင့်ချီသော ဝံပုလွေများသည် ဘတ်စ်ကားနောက်မှ လိုက်လာကြသည်။ ခယ်ရှောင်ပင်း၏ မျက်နှာက ဖြူဖျော့သွားသည်။

"ဒီတစ်ခါက ဝံပုလွေတွေပေါ့? သူတို့က အရမ်းမြန်တယ်!"

 

ကျန်းဖျင်စစ်က လေးလေးနက်နက်အသံနဲ့ ပြောသည်။

"အားလုံး ကြပ်ကြပ်ထိုင်ထားကြ၊ တည့်တည့်ပျံသန်းရအောင်!"


ဝံပုလွေများသည် လျင်မြန်ပြီး ကုန်းပေါ်တွင်သာ ပြေးနိုင်သည်။ သို့သော် ကျန်းဖျင်စစ်၏ coordinate system က ပစ်မှတ်ကို ပျံသန်းရန် ထိန်းချုပ်နိုင်သည်။


ကျန်းဖျင်စစ်သည် ဘတ်စ်ကားကို coordinate အဖြစ် တိုက်ရိုက်သတ်မှတ်ကာ sine ဖော်မြူလာကို အမြန်ရေးခဲ့သည်——


ဘတ်စ်ကားသည် မြားတစ်စင်းကဲ့သို့ လေထဲကို ရုတ်တရက် ခုန်တက်သွားပြီး လေထဲတွင် လှိုင်းတွန့် sine ရွေ့လျားမှုတစ်ခုကို စတင်ခဲ့သည်။


ဘတ်စ်ကားသည် ရှေ့သို့ ပျံသန်းလာပြီး ကျန်းဖျင်စစ်၏ အမြင်အာရုံကို မပိတ်ဆို့နေသ၍ ဘတ်စ်ကားသည် ကောင်းကင်တွင် မိနစ် 30 ကြာ ပျံသန်းနိုင်ရန် ဖော်မြူလာကို အဆက်မပြတ်ပြန်လည်ပြင်ဆင်နေခဲ့သည်။


ထိုဝံပုလွေများသည် မြေပြင်ပေါ်တွင် အော်ဟစ်ပြီး လိုက်ဖမ်းနေကြသည်။ သူတို့၏ယာဉ်သည် လေထဲတွင် ရှိနေသောကြောင့် သူတို့ကိုမတိုက်ခိုက်နိုင်ပေ။ သန္ဓေပြောင်းတွေက ခေါင်းထက်မှ ဘတ်စ်ကားကို မကျေမနပ်စိုက်ကြည့်ကာ တစ်လမ်းလုံး အရိုင်းဆန်စွာ ပြေးလာကြသည်။


အဖွဲ့ဝင်အများစုသည် ကျန်းဖျင်စစ်၏ sine ရွေ့လျားမှုကို ကျင့်သားရနေပြီဖြစ်တာကြောင့် ပထမဆုံးအကြိမ်ကကဲ့သို့ လှုပ်ရှားမှုကြောင့် အော့အန်ချင်တာမျိုး မရှိတော့ပေ။


လန်ယာရုန်သည် အဖွဲ့တွင် ယခုအခါမှ ပါဝင်လာခဲ့တာဖြစ်ပြီး သူမသည် ဤကဲ့သို့ အတက်အဆင်း ရိုလာကိုစတာစီးခြင်းကိုကြုံရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ သူမသည် အကူအညီမဲ့စွာ ထိုင်ခုံနောက်ကျောကို ဆုပ်ကိုင်ပြီး တွေးလိုက်သည်။

‘ဒါက တကယ့်ဆပ်ကပ်အဖွဲ့ပဲ မဟုတ်ဘူးလား?’


ထိုအချိန်တွင် ကားထဲမှ ပရော်ဖက်ဆာထန်သည် ရုတ်တရက် မှိန်းခနဲ နိုးလာ၏။


သူ့ခန္ဓာကိုယ်က အတက်အဆင်းဖြစ်နေပြီး သူ့ကို အလွန်လှုပ်ခါနေတာကြောင့် အန်ချင်လွန်း၍ ဖြည်းညှင်းစွာ နိုးလာခြင်းဖြစ်သည်။ သူသည် မျက်လုံးဖွင့်လိုက်ပြီး ရိုလာကိုစတာပေါ်မှာ ထိုင်နေတာကို သူ့ကိုယ်သူ တွေ့လိုက်ရသည်…


ပရော်ဖက်ဆာထန်က ထိတ်လန့်တကြားနဲ့ ပြောလာသည်။

"ဘာတွေဖြစ်နေတာလဲ?!"


သူက ရုတ်တရက် အသံထွက်လာတာကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ယွဲ့ရှင်းဝမ်က သူ့ကိုလှည့်ကြည့်လိုက်ပြီး အံ့ဩကာ ပြောလိုက်သည်။ 

"ပရော်ဖက်ဆာထန် နောက်ဆုံးတော့ နိုးလာပြီပေါ့?"


ယွဲ့ရှင်းဝမ်၏ရင်းနှီးသော မျက်လုံးများနဲ့ ဆုံလိုက်တော့ ပရော်ဖက်ဆာထန်က ဖြူဖျော့သွားသည်—— သူသေသွားပြီးမဟုတ်ဘူးလား?! သူဘာလို့ ဒီလူတွေကို မြင်နေရသေးတာလဲ? မင်းငါ့ကို လိမ္မော်သီးဝယ်ပေးမှာမဟုတ်ဘူးလား?!


ပရော်ဖက်ဆာထန်၏ အတွေးအမြင်ကို သတိပြုမိပုံရပြီး ယွဲ့ရှင်းဝမ်က ပြုံးကာ လိမ္မော်သီးတစ်လုံးကို ထုတ်လိုက်သည်။

"ထိတ်လန့်တာကို ထိန်းချုပ်ဖို့ လိမ္မော်သီးစားလိုက်ပါ၊ ကျွန်တော် ခင်ဗျားအတွက် သိမ်းထားပေးတာ…"


ပရော်ဖက်ဆာထန်: "..."


ငါစားမယ်ဟေ့!


သူ့ခန္ဓာကိုယ်က အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်ဖြစ်နေပြီး ရိုလာကိုစတာစီးတာထက် ပို၍မူးဝေစေသည်။


ပရော်ဖက်ဆာထန်သည် အော့အန်ချင်စိတ်ကို တွန်းလှန်ပြီး ပြတင်းပေါက်ရှိ အပေါက်ကနေ ငုံ့ကြည့်လိုက်သည်—— ဘတ်စ်ကားသည် လှိုင်းလုံးကဲ့သို့ လေထဲတွင် ပျံဝဲနေတာကို သူမြင်လိုက်ရပြီး သန္ဓေပြောင်းအုပ်စုကြီးက ဘတ်စ်ကားအောက်ကနေ လိုက်လာနေသည်... ဝံပုလွေအုပ်လား?


ပရော်ဖက်ဆာထန်၏ မျက်နှာက ချက်ချင်း အေးခဲသွားသည်။

"အ–အခြေအနေက ဘယ်လိုရှိလဲ?"

 

ယွဲ့ရှင်းဝမ်က ရှင်းပြသည်။

"ခင်ဗျား မသေပါဘူး၊ ကျွန်တော်တို့က ခင်ဗျားကို တစ်ယောက်တည်း ထားခဲ့မှာ မဟုတ်ဘူး… အရှေ့ကိုကြည့်လိုက်၊ ရင်းနှီးတယ်မလား?"


ပရော်ဖက်ဆာထန်သည် သူ့လက်ချောင်းအတိုင်း အရှေ့ကို လှမ်းကြည့်လိုက်သည်။


စည်ကားသောမြို့သည် အထပ်မြင့်အဆောက်အအုံများနှင့် ပြည့်နှက်နေပြီး အမြန်လမ်းပေါ်ရှိ ဆိုင်းဘုတ်မှာ “F မြို့” ဟု ရှင်းရှင်းလင်းလင်း ရေးထားသည်။


ပရော်ဖက်ဆာထန်က ထိတ်လန့်စွာ ပြောလာသည်။

"ငါက F မြို့ကို ရောက်လာပြီလား?"


ယွဲ့ရှင်းဝမ်: "ဟုတ်တယ်… ခင်ဗျားအိပ်နေပြီး နိုးလာတော့ အဆုံးကို ရောက်သွားတာ အံ့ဩစရာပဲမလား?"


ပရော်ဖက်ဆာထန်: "..."


ကားသည် “ဘမ်း”ဟူသောသံနှင့်အတူ ဆင်းသက်လာပြီး ကျန်းရှောင်နျန်သည် ဝံပုလွေများကို ရပ်တန့်ရန် ဘတ်စ်ကားနောက်ဘက်တွင် နံရံတစ်ခုကို စိုက်ထူလိုက်ပြီး ရွှီယိရှန်းသည် အမြန်လမ်းမကြီးမှ မောင်းထွက်ကာ မြို့ထဲသို့ လှည့်သွားခဲ့သည်။


ပရော်ဖက်ဆာထန်သည် လေတိုက်၍ လွင့်နေသော ပတ်တီးစကို ကြည့်လိုက်ရာ ရင်းနှီးနေသော ဘတ်စ်ကားသည် သူမေ့မြောသွားတုန်းကထက် ပို၍ စုတ်ပြဲသွားသည်။ သူ့ဘေးနားက လူတွေကို ကြည့်လိုက်တော့ နတ်ဆိုးလို ရင်းနှီးသော မျက်နှာတွေက သူ့ကို ဖော်ရွေစွာ ပြုံးပြနေကြသည်။


ပရော်ဖက်ဆာထန်၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားပြီး သူ့မျက်နှာက ဖြူလိုက်၊ ပြာလိုက် ဖြစ်နေသည်—— သူ တကယ်ပဲ F မြို့ကို အသက်ရှင်လျက် ရောက်လာတာပေါ့? ဒါက မယုံနိုင်စရာပဲ!


#TK