Chapter 96
Viewers 23k

Volume 5 : ဇီဝသိပ္ပံဌာန


Chapter 96 (မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း ၁၄)


ယွဲ့ရှင်းဝမ်က အပိုမေးခွန်း၏ လိုအပ်ချက်များကို ဂရုတစိုက် ပြန်စဉ်းစားသည်။ အမှတ် +40 အတွက် ပရော်ဖက်ဆာထန်နှင့် ဒေတာချစ်ပ်ပြားကို ကာကွယ်ပြီး ပရော်ဖက်ဆာထန်ကို မျိုးရိုးဗီဇသုတေသနစင်တာသို့ ပို့ဆောင်ရမည်။


ဆိုလိုသည်မှာ ပရော်ဖက်ဆာထန်က သတိမေ့မြောနေသည်ဖြစ်စေ မမေ့သည်ဖြစ်စေ သူ့ကို ဒေတာချစ်ပ်ပြားနှင့်အတူ မျိုးရိုးဗီဇသုတေသနစင်တာသို့ ပို့နိုင်သ၍ တာဝန်ပြီးမြောက်မည်ဖြစ်သည်။ ယခုအခါတွင် ယွဲ့ရှင်းဝမ်သည် မျက်မှန်ထဲမှ ဒေတာချစ်ပ်ပြားကို ယူခဲ့ပြီး ပရော်ဖက်ဆာထန်က သတိမေ့မြောသွားခဲ့သည်။ နောက်လုပ်ရမည့်အရာက သတိလစ်နေသာ ပရော်ဖက်ဆာထန်ကို F မြို့သို့ ပို့ရန်ဖြစ်သည်။


ကျန်းဖျင်စစ်၏စကားများက အဓိပ္ပါယ်ရှိလှသည်။ ပရော်ဖက်ဆာထန်သည် သတိမေ့မြောသွားပြီးနောက် ထွက်ပြေးရန် မကြိုးစားတော့ဘဲ လူတိုင်း စိုးရိမ်ပူပန်စရာမလိုတော့ပေ။ ဒုတိယအနေဖြင့် သူတို့သည် သန္ဓေပြောင်းများ၏တိုက်ခိုက်မှုကို ထပ်မံကြုံတွေ့ရပါက သူ့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်တွေ့ရပြီး ထိတ်လန့်နေစရာ မလိုတော့ပေ။


သူတို့အတွက်၊ ပရော်ဖက်ဆာထန် ကိုယ်တိုင်အတွက်၊ သူ မေ့မြောနေခြင်းက လက်ရှိအချိန်မှာ အကောင်းဆုံးရလဒ်ဖြစ်သည်။


မျက်လုံးများ တင်းကျပ်စွာ မှိတ်ထားသည့် ပရော်ဖက်ဆာထန်ကို ကြည့်လိုက်သည်။ ယွဲ့ရှင်းဝမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။

"ငါတို့နောက်လိုက်ရင်း သူလည်း အများကြီးခံစားရပြီ၊ ဒီတော့ သူ့ကို အေးအေးဆေးဆေး အနားယူခိုင်းလိုက်ပါ… သူ့ကို ထိုင်ခုံပေါ် ရွှေ့လိုက်ရအောင်…"


လျှိုကျောက်ချင်းနှင့် ကျိုဖုန်းတို့သည် ပရော်ဖက်ဆာထန်ကို မ၍ ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းရန် အတူတကွ လုပ်ဆောင်ခဲ့ကြသည်။ ဘတ်စ်ကား ယိမ်းယိုင်နေသည့်အခါ ပရော်ဖက်ဆာထန် ပြုတ်ကျခြင်းမှ တားဆီးရန် လင်းမန့်လော်သည် သူ့အတွက် နွယ်ပင်အကာအရံတစ်ခုကို ပြုလုပ်ခဲ့သည်။


ယွဲ့ရှင်းဝမ်က ဘတ်စ်ကားကို ကြည့်ပြီး ပြောလိုက်သည်။

"ငါတို့ဘတ်စ်ကားကို ပြန်ပြင်ဖို့လိုနေပြီ…"


ထိုလင်းနို့များသည် အခုလေးတင် ပြတင်းပေါက်ကို အပြင်းအထန် ဝင်တိုက်လိုက်ပြီး ကျန်ထားသောမှန်တွေ အကုန်ကွဲသွားသည်။ ဘတ်စ်ကားပေါ်တွင် လျှိုကျောက်ချင်းပတ်ထားသည့် ပတ်တီးများအားလုံးလည်း ပျက်စီးသွားသည်။ ယခုအခါ ဘတ်စ်ကားက အပေါက်များစွာ ဖြစ်နေသည်။


လျှိုကျောက်ချင်းက မေးသည်။

"ငါတို့ ပြတင်းပေါက်တွေအားလုံးကို ပတ်တီးနဲ့ ပတ်လို့ရမလား?"


ယွဲ့ရှင်းဝမ်: "ဒါက တစ်ခုတည်းသော နည်းလမ်းပဲ၊ မဟုတ်ရင် ကားတစ်ခုလုံးက လေဝင်လေထွက်ကောင်းပြီး ညဘက်တွေမှာ လူတိုင်း အအေးပတ်လိမ့်မယ်…"


လျှိုကျောက်ချင်းသည် ချက်ချင်းပင် သူ၏ညာလက်ကို မြှောက်လိုက်ပြီး သူ့လက်ထဲတွင် ပိတ်တီးများ တဖွဲဖွဲ ရှိနေသည်။ သူသည် ပိတ်တီးကို ခွဲစိတ်ဓားဖြင့် အပိုင်းများစွာခွဲကာ အတန်းဖော်များထံ ပေးအပ်လိုက်သည်။ လူတိုင်းက လေမဝင်စေရန် ကားပြတင်းပေါက်များအားလုံးကို ပတ်တီးနှစ်ထပ်ဖြင့် ကပ်ထားထားသည်။ 


ကံကောင်းထောက်မစွာ ယာဉ်မောင်းထိုင်ခုံရှေ့ရှိ ပြတင်းပေါက်မှန်က လုံးဝကွဲမသွားဘဲ အက်ကွဲကြောင်းအနည်းငယ်သာ ဖြစ်ခဲ့သည်။ မဟုတ်ပါက ပြတင်းပေါက်ကို ပတ်တီးဖြင့်ကာလိုက်လျှင် ယာဉ်မောင်းသည် ဘယ်သောအခါမှ မောင်းနှင်နိုင်မည်မဟုတ်ပေ။


ဘတ်စ်ကားကို ပတ်တီးဖြင့် ထပ်မံကာပြီးနောက် လျှိုကျောက်ချင်းသည် အဖြူရောင်အဝတ်စဖြင့် ဝန်းရံနေသော ဘတ်စ်ကားကိုကြည့်ကာ မနေနိုင်ဘဲ ညည်းညူသည်။

"ငါ ဒါကို မပြောချင်ပေမယ့် ငါတို့ဘတ်စ်ကားက အခု အသုဘနိဗ္ဗာယာဉ်နဲ့ တူနေတယ်…"


လူတိုင်း: "..."


ဘတ်စ်ကားကိုယ်ထည်ကို အဖြူရောင်အဝတ်ဖြင့် ဖုံးအုပ်ထားတာကြောင့် နိဗ္ဗာန်ယာဉ်နဲ့တူနေသည် မဟုတ်ပါလား။


ရွှီယိရှန်းက အပြုံးဖြင့် ပြောသည်။

"ဒီလိုကားမျိုးနဲ့ တောအုပ်ထဲမှာ မောင်းရတာ horror ဇာတ်ကားလို ခံစားရတယ်… တစ်ယောက်ယောက်သာ ဒီမြင်ကွင်းကို မြင်ရင် အကြောက်လွန်ပြီး အော်ငိုလောက်တယ်မလား?"


လျှိုကျောက်ချင်းက အရွှန်းဖောက်သည်။

"ဘတ်စ်ကားသာ စကားပြောနိုင်ရင် သူ ငါ့ကို ကြိမ်းမောင်းချင်နေမှာ သေချာတယ်၊ ဟားဟား…"


ခယ်ရှောင်ပင်းသည် သူ့မျက်မှန်ကိုပင့်တင်ကာ ဘတ်စ်ကား၏နောက်ကြည့်မှန်ကို လေးနက်စွာ ပုတ်လိုက်သည်။

"ငါတို့ကို ဒီလမ်းတစ်လျှောက် လိုက်ပို့ရင်း မင်းအရမ်းပင်ပန်းခဲ့ပြီ…"


လန်ယာရုန်က သူမ၏နားထင်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ သူမက ဟာသဆပ်ကပ်အဖွဲ့ထဲ ဝင်ရောက်ခဲ့မိသလို အမြဲခံစားရသည်။


ယွဲ့ရှင်းဝမ်က သူ့နဖူးကို ကူကယ်ရာမဲ့စွာ ထောက်ကန်ရင်း ပြောလိုက်သည်။

"ဒီတစ်ညတော့ သွားလိုက်ရအောင်… မနက်ဖြန် မိုးလင်းမှ ငါတို့ နောက်ထပ်ကားတစ်စီး ရနိုင်မလားဆိုတာ ကြည့်ကြတာပေါ့…"


သူတို့တည်နေရာက ရွာရှေ့မှာ မဟုတ်တာကြောင့် အခြားယာဉ်များကို ရှာမတွေ့နိုင်ပေ။ ဘတ်စ်ကားက စုတ်ပြတ်နေပေမယ့် ကီလိုမီတာ ဒါဇင်ပေါင်းများစွာ လမ်းလျှောက်တာထက်တော့ ပိုကောင်းပါသည်။


အားလုံးက ကားပေါ်တက်ပြီး ထွက်ခွာကြပြန်သည်။


ကျိုဖုန်း: "ဖျင်စစ်၊ ရှင်းဝမ်၊ မင်းတို့နှစ်ယောက်က ညပိုင်းပထမတစ်ဝက်ကို မောင်းထားပြီးပြီဆိုတော့ အရင်သွားနားလိုက်တော့… ငါ ဒုတိယတစ်ဝက်ကို မောင်းလိုက်မယ်…"


လင်းမန့်လော်က ဦးစွာ ပြောလာသည်။

"ငါ ကျိုဖုန်းနဲ့အတူ နေလိုက်မယ်၊ ဒါမှ သူအိပ်မငိုက်မှာ…"


လူတိုင်းက စိတ်လှုပ်ရှားစရာကောင်းသော တိုက်ပွဲကို ကြုံခဲ့ရပြီး နည်းနည်း ပင်ပန်းနေကြသည့်အတွက် အသီးသီး အိပ်ဖို့ နေရာရှာကြသည်။


ညပိုင်းဒုတိယတစ်ဝက်က အေးချမ်းခဲ့သည်။ ကျိုဖုန်းနှင့် လင်းမန့်လော်တို့သည် ပြည်နယ်အမြန်လမ်းမကြီးတစ်လျှောက် မောင်းနှင်ခဲ့ကြသည်။ မနက်စောစောတွင် ရွှီယိရှန်းက ကားမောင်းရန် ရောက်လာသည်။ ခုနစ်နာရီမှာ အားလုံးနိုးလာသည့်အခါ ဘတ်စ်ကားက ‘ယွဲ့မန်မြို့’ဆို‌သည့်နေရာကို ရောက်သွားသည်။


ရွှီယိရှန်းသည် မြို့ထဲတွင် အလစ်ဝင်တိုက်ခိုက်နေသည့် သန္ဓေပြောင်းများ ရှိလာမည်ကို အလွန်စိုးရိမ်သဖြင့် လမ်းဘေးတွင် ကားကို ရပ်လိုက်ပြီး ရှင်းယန်ကို လူတိုင်းအတွက် မနက်စာ ပြင်ခိုင်းလိုက်သည်။


ကျိုဖုန်းက ယွဲ့ရှင်းဝမ်ကို အကြံပေးသည်။

"ရှင်းဝမ်၊ ငါတို့ယာဉ်ကို ပြောင်းလိုက်ရအောင်၊ ပတ်တီးနဲ့ကာထားတဲ့ ဒီဘတ်စ်ကားက မောင်းရတာ ထူးဆန်းတယ်… ဒါ့အပြင် ကားရှေ့လေကာမှန်ကလည်း အက်ကွဲကြောင်းတွေ အများကြီးရှိနေတာဆိုတော့ မောင်းနှင်ရင်း အမြင်အာရုံကို အနှောင့်အယှက်ဖြစ်စေတယ်…"


ယွဲ့ရှင်းဝမ်က အနီးကပ်ကြည့်ကာ ရှေ့လေကာမှန်ပေါ်ရှိ အက်ကွဲကြောင်းများသည် ပင့်ကူမျှင်များကဲ့သို့ဖြစ်ပြီး အမြင်အာရုံကို အမှန်တကယ်ထိခိုက်စေသည်။ မနေ့ညက စီနီယာအစ်ကိုကျိုနှင့် စီနီယာအစ်ကိုရွှီတို့သည် အလွန်စိတ်လှုပ်ရှားစရာကောင်းသည့် ညလမ်းမှာ သည်လိုကားကို မောင်းလာကြသည်။


ရွှီယိရှန်း: "ငါ မြို့ထဲကိုသွားပြီး ရှာလိုက်မယ်… အန္တရာယ်ကြုံတဲ့အခါ ငါ့ရဲ့ mitosis ကို အသုံးပြုနိုင်သလို ဆဲလ်အဖြစ်လည်း ပြောင်းလို့ရတာကြောင့် သွားကြည့်ဖို့ အဆင်ပြေတယ်… ငါက သင့်တော်တဲ့ကားကို ရှာတွေ့ရင် မင်းတို့ကိုလာခေါ်ဖို့ မောင်းခဲ့လိုက်မယ်…"


ယွဲ့ရှင်းဝမ်က တစ်ယောက်တည်း လွှတ်လိုက်ရမှာ စိုးရိမ်တာကြောင့် ပြောလိုက်သည်။

"ကျွန်တော်နဲ့ ဖျင်စစ်လည်း စီနီယာနဲ့အတူ လိုက်ခဲ့တယ်…"


ရွှီယိရှန်းက ခေါင်းငြိမ့်ပြလိုက်သည်။

"ကောင်းပြီ…"


ယွဲ့ရှင်းဝမ်က သူ၏အရှိန်မြင့်စွမ်းရည်ကို ဖွင့်လိုက်ပြီး သုံးယောက်သား အတူတူ မြို့ထဲသို့ လျင်မြန်စွာ ခိုးဝင်လာခဲ့သည်။


ထိုအချိန်တွင် မိုးလင်းသည်နှင့် မြို့တွင်းလမ်းပေါ်၌ လမ်းသွားလမ်းလာ အနည်းငယ်သာ တွေ့ရပြီး အသက်ဝင်ခြင်းမရှိပေ။ ထိုလမ်းသွားလမ်းလာများ၏ လမ်းလျှောက်ပုံ ထူးဆန်းတာမျိုးမရှိဘဲ လမ်းသွားလမ်းလာတချို့သည် သူတို့ဝယ်ထားသည့် မနက်စာအား ကိုင်ဆောင်ထားဆဲဖြစ်သည်။


လမ်းဘေးမှာ မုန့်ဆိုင်တစ်ဆိုင်ရှိပြီး မုန့်ပူပူတွေ မီးဖိုထဲကထွက်လာတော့ အဝေးကနေ အနံ့သင်းသင်းတွေက လေထုထဲမှာ ပြည့်နှက်နေသည်။ မုန့်ရောင်းသူမှာ ခါးစည်းဝတ်ထားသော လူလတ်ပိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး မုန့်ရောင်းရန် မအော်ပေ။ သူမက ခေါင်းငုံ့ကာ မုန့်ဖုတ်ရင်း အလုပ်ရှုပ်နေသည်။ ရံဖန်ရံခါ တစ်စုံတစ်ယောက်က ဖြတ်သွား၍ သူမ၏ ဆိုင်ရှေ့တွင် ရပ်နေ၏။ သူမသည် သူတို့ကို စကားမပြောဘဲ မုန့်များကိုသာ လွှဲပေးလိုက်သည်။


ယွဲ့ရှင်းဝမ်က သည်မြင်ကွင်းကို ကြည့်ပြီး မေးလိုက်သည်။

"သန္ဓေပြောင်းတွေရဲ့အင်အားက ဒီမြို့ကို မပြန့်သေးဘူးလား?"


ကျန်းဖျင်စစ်သည် လမ်းဘေးရှိ လမ်းသွားလမ်းလာများကို ဂရုတစိုက် စောင့်ကြည့်ပြီး ပြောသည်။

"ဒီမြို့က အတော်လေးအေးစက်နေပေမယ့် လမ်းမှာ သွေး‌တွေ၊ အလောင်းတွေကို မတွေ့ရဘူး… ဒီနေရာက အရမ်းဝေးတာကြောင့် သန္ဓေပြောင်းတွေရဲ့ သက်ရောက်မှုကို မခံရသေးတာဖြစ်မယ်…"


ရွှီယိရှန်းက မျက်မှောင်ကြုတ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

"ဒါပေမယ့် ဒီမြို့က နည်းနည်းတော့ ထူးဆန်းနေတယ်လို့ ငါခံစားရတယ်…"


ယွဲ့ရှင်းဝမ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီး ပြောလာသည်။

"အဆင်ပြေမယ့်ကားရှိ၊မရှိ သွားရှာကြည့်ရအောင်…"


သူတို့သုံးဦးသည် လမ်းတစ်လျှောက်တွင် အချိန်အတော်ကြာ ရှာဖွေခဲ့သော်လည်း သင့်လျော်သည့်ယာဉ်ကို မတွေ့ခဲ့ရဘဲ အဝေးတွင် ဆီဆိုင်တစ်ခုကို တွေ့ခဲ့သည်။


ဓာတ်ဆီဆိုင်ဘေးတွင် ကုန်တင်ကားကြီးတစ်စီးကို ရပ်ထားသည်။ ယွဲ့ရှင်းဝမ်က စကားပြောခါနီးတွင် ထရပ်ကားအတွင်းမှ တစ်စုံတစ်ယောက်သည် တံခါးကို ထုလိုက်သကဲ့သို့ ရုတ်တရက် “ဘမ်း”ဟူသောအသံကို ကြားလိုက်ရသည်။ ယွဲ့ရှင်းဝမ်က ရွှီယိရှန်းကို အချက်ပြလိုက်သည်။

"စီနီယာအစ်ကို သွားပြီးတက်ကြည့်လိုက်…"


ရွှီယိရှန်းသည် ချက်ချင်းဆိုသလို သူ၏ mitosis ကို အသုံးပြုကာ ကိုယ်ပွားငါးကောင်ခွဲပြီး သူတို့ထဲမှ တစ်ယောက်သည် စစ်စမ်းရန် ထရပ်ကားဘေးသို့ ပြေးသွားခဲ့သည်။


ကားနောက်ခန်းကို သော့ခတ်ထားပြီး အထဲမှာ ဘာပါသလဲတော့ သူတို့မသိရပေ။ သူသည် ဆဲလ်အဖြစ်သို့ ပြောင်းလဲသွားပြီး တံခါး၏အက်ကွဲကြောင်းကနေ ဝင်သွားကာ သူ့ရှေ့က မြင်ကွင်းကြောင့် တုန်လှုပ်သွားခဲ့သည်——


ကားတစ်စင်းလုံးသည် လူများဖြင့် ပြည့်ကြပ်နေပြီး သူတို့ကို ထားရှိသည့်ပုံစံက တိရစ္ဆာန်များလောက်ပင် မကောင်းပေ။


သူတို့ခန္ဓာကိုယ်များသည် အချင်းချင်း ကျပ်သိပ်နေပြီး တစ်ဖက်နှင့်တစ်ဖက် ဖိသိပ်လုနီးပါးဖြစ်နေသည်။ ကားနောက်ခန်းမှာ လဲလျောင်းနေသည့် ကလေးတစ်ယောက်က ကားတံခါးကို လက်နဲ့ရိုက်ဖို့ ကြိုးစားတာကလွဲ၍ ကျန်သောလူတွေအားလုံးက ခေတ္တရပ်သည့်ခလုတ်ကို နှိပ်ထားသလိုမျိုး တိတ်ဆိတ်နေကြသည်။


ရွှီယိရှန်းသည် ထွက်လာဖို့ အချိန်မရခင် ထရပ်ကားက ရုတ်တရက် စက်နိုးလာသည်။


ကျန်းဖျင်စစ်သည် ယွဲ့ရှင်းဝမ်ကို သူ့ဘေးရှိ သစ်ပင်နောက်သို့ ရှောင်ရန် အမြန်ဆွဲလိုက်သည်။


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် မေးခဲ့သည်။

"စီနီယာအစ်ကို၊ ဘာဖြစ်နေတာလဲ?"


ရွှီယိရှန်းက စာပို့လာသည်။

"ထရပ်ကားထဲမှာ လူသားတွေနဲ့ ပြည့်နေတယ်… ဖြစ်နိုင်တာကတော့ သန္ဓေပြောင်းတွေ အတင်းအဓမ္မစုဆောင်းထားတဲ့ ‘စေတနာ့ဝန်ထမ်းတွေ’ဖြစ်မယ်…"


စေတနာ့ဝန်ထမ်းတွေလား?


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။

"စီနီယာအစ်ကို ဂရုစိုက်နော်… ကျွန်တော်တို့ မကြာခင် လိုက်လာခဲ့မယ်…"


ကျန်းဖျင်စစ်သည် အကွာအဝေးကို တွက်ချက်ပြီး coordinate system ကိုဆွဲကာ ယွဲ့ရှင်းဝမ်နှင့်အတူ တိကျသော parabolic လှုပ်ရှားမှုကို ပြီးမြောက်ကာ ကားခေါင်မိုးပေါ်သို့ ညင်သာစွာ ဆင်းသက်ခဲ့သည်။ ထရပ်ကား၏ ခေါင်မိုးသည် အညိုရောင် အထည်အလွှာတစ်ခုဖြစ်ပြီး သူတို့နှစ်ဦးသည် ခေါင်မိုးပေါ်တွင် လဲလျောင်းနေပြီး အနည်းငယ်ဟကာ အထဲကို ချောင်းကြည့်လိုက်သည်——


ထရပ်ကားသည် ပထမတန်းမြို့ရှိ အလျင်စလိုရောက်လာသော မြေအောက်ရထားထက် လူပိုများနေသည်။ လူများသည် သူတို့၏ရင်ဘတ်‌တွေ၊ ကျောတွေကို အဖိခံထားရပြီး လူတိုင်း၏လက်တွေကို ကျောနောက်မှာ ချည်နှောင်ထားသည်။ တချို့က ထောင့်နားမှာပုန်းကာ အရုပ်ကျိုးပျက်ငိုကြွေးနေပြီး တချို့က တီးတိုး ဆုတောင်းနေကြပေမယ့် အများစုကတော့ တွေဝေနေကြသည်။ သူတို့၏မျက်နှာက အခြားသူများထက် ပိုရုပ်ဆိုးပြီး ဖြူဖျော့နေသည်။


ကောင်လေးတစ်ယောက်က တံခါးကို လက်နဲ့ ပြင်းပြင်းထန်ထန် ပုတ်နေသည်။

"ကျွန်တော့်ကို ထွက်ခွင့်ပေးပါ…"


ကောင်မလေးက တုန်တုန်ယင်ယင်အသံဖြင့် မေးသည်။

"သူတို့က စေတနာ့ဝန်ထမ်းတွေခေါ်တာ ဘယ်လိုစမ်းသပ်မှုမျိုးတွေ လုပ်မလို့လဲ?"


သူမဘေးရှိ ကောင်လေးက တိုးတိုးပြောသည်။

"ကျွန်တော်လည်း မသိဘူး… ဒါပေမယ့် စမ်းသပ်မှုမလုပ်ချင်တဲ့လူတွေအားလုံးကို သူတို့သတ်ပစ်လိုက်တယ်…"


ထရပ်ကားပေါ်ရှိ လေထုသည် အလွန်စိတ်ပျက်ဖွယ်ကောင်းပြီး လူသားများအကြား ထိတ်လန့်မှုက ပျံ့နှံ့သွားခဲ့သည်။


ခဏကြာတော့ ထရပ်ကားသည် စွန့်ပစ်ထားသောစက်ရုံနဲ့တူသည့် နေရာမှာ ရပ်သွားသည်။ အနက်ရောင်ဝတ်စုံနဲ့ မောင်းနှင်လာသည့် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးက လှည့်ပတ်ပြီး ထရပ်ကားနောက်ဘက်ကို ရောက်လာခဲ့သည်။


အမျိုးသမီးက လျှာကိုထုတ်ပြီး နှုတ်ခမ်းကို သူမ၏နှုတ်ခမ်းကို ညင်သာစွာ လျှက်လိုက်သည်။ သူမ၏လျှာသည် ပါးလွှာပြီး ရှည်လျားကာ C မြို့တွင် သူတို့တွေ့ခဲ့သော သန္ဓေပြောင်းမြွေနှင့် အတိအကျတူပါသည်။ အခြားတစ်ဖက်တွင်မူ အမျိုးသားက အရပ်နှစ်မီတာကျော်ရှိပြီး တောင့်တင်းကာ တုတ်ခိုင်စွာ တည်ဆောက်ထားပြီး ခြေလက်တွေ အတူတူတွဲပြီး လမ်းလျှောက်တာက အနည်းငယ်တော့ ပုံပန်းမကျ‌ပေ။ သူသည် အလွန်ခွန်အားကြီးပြီး တံခါးသော့ကို လက်တစ်ဖက်တည်းနဲ့ ဖျက်ဆီးလိုက်ကာ တံခါးကိုထုနေသော ‌ကလေး၏ကော်လာကို ဆွဲကိုင်ပြီး ထရပ်ကားပေါ်မှ လွှင့်ပစ်လိုက်ကာ ထရပ်ကားထဲရှိ လူများကို အော်လိုက်သည်။

"အားလုံးဆင်းကြ!"


ကားပေါ်ရှိလူများက တုန်တုန်ယင်ယင် ဆင်းလာကာ အမျိုးသမီးက စက်သေနတ်တစ်လက်ကို မြှောက်ပြီး အေးစက်စွာ အမိန့်ပေးသည်။

"ဟိုဘက်တံခါး #1 ကိုသွားပြီး တန်းစီလိုက်၊ နင်တို့တွေ ရိုးရိုးသားသားနဲ့ နာခံရင်ပိုကောင်းမယ်… ငါ့ကျည်ဆံတွေမှာ မျက်စိမပါဘူးနော်…"


သူမ၏သေနတ်ကို ချိန်ရွယ်လိုက်သဖြင့် လူအုပ်ကြီးသည် သူတို့၏ လေးလံသော ခြေထောက်များကို ရွှေ့ကာ အရှေ့တံခါး #1 ဆီသို့ ဖြည်းညှင်းစွာ လျှောက်လာကြသည်။


ရွှီယိရှန်းက သုတေသနအဖွဲ့ chat channel သို့ အမြန်တင်ပြခဲ့သည်။

"ငါက ဆဲလ်အဖြစ်ပြောင်းပြီး အဲဒီကလေးရဲ့ခေါင်းမှာ ကပ်နေတာကြောင့် စစ်ဆေးကြည့်ဖို့ သူ့နောက်လိုက်ခဲ့တယ်… အဲဒါက သန္ဓေပြောင်းတွေရဲ့ သုတေသနအခြေစိုက်စခန်းတွေထဲက တစ်ခုဖြစ်နိုင်တယ်… ဒီ‘စေတနာ့ဝန်ထမ်းတွေ’က အခြားနေရာတွေကနေ ထရပ်ကားကြီးတွေနဲ့ သယ်ဆောင်ခံလာရတာ…"


C မြို့ရှိ အမြန်လမ်းမကြီး၏ဂိတ်တွင် သန္ဓေပြောင်းများသည် ထွက်ပြေးလာသည့် ယာဉ်များကို ပိတ်ဆို့ကာ စမ်းသပ်မှုများပြုလုပ်ရန် စေတနာ့ဝန်ထမ်းလုပ်ဖို့ ဆန္ဒရှိမရှိ မေးမြန်းခဲ့သည်။ ဆန္ဒရှိသူများကို ထရပ်ကားကြီးတစ်စီးဖြင့် ဖမ်းသွားသော်လည်း ဆန္ဒမရှိသူများက အပစ်ခံရသည်။


မမျှော်လင့်ဘဲ သည်ဝေးလံခေါင်သီသည့်မြို့လေးမှာ အဖမ်းခံထားရသော လူသားတွေကို သူတို့တကယ်တွေ့လိုက်ရသည်။


ယွဲ့ရှင်းဝမ်သည် နွားများနှင့် သိုးများကဲ့သို့ အမည်မသိတံခါးဆီသို့ သွားနေသည့် လူအုပ်ကြီးကို ကြည့်ကာ သူ့ရင်ထဲတွင် ဒေါသထွက်လာသည်။ သူက လက်သီးတွေကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး စာရိုက်လိုက်သည်။

"စီနီယာအစ်ကို၊ သူတို့က ဘာတွေစမ်းသပ်နေတာလဲ?"


ရွှီယိရှန်းက အလျင်အမြန် စာပိုဒ်ရှည်ကြီးရေးလာသည်။

"လူတိုင်း ဓာတ်ခွဲခန်းထဲဝင်သွားတဲ့အခါ ထူးဆန်းတဲ့ဆေးထိုးခံရတယ်… တချို့လူတွေက ဆေးကို ခံနိုင်ရည်မရှိဘဲ တစ်ကိုယ်လုံးတုန်ခါပြီး ပါးစပ်ကနေအမြုပ်ထွက်ပြီးတော့ ပွဲချင်းပြီးသေသွားတယ်… ဆေးကို ခံနိုင်ရင်တော့ သူတို့ခန္ဓာကိုယ်တွေက မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတယ်…"


ပြောင်းလဲသွားတယ်?!


အဝေးရှိ မြို့ပြင်တွင်နေခဲ့သော အဖွဲ့ဝင်များသည် သုတေသနအဖွဲ့ chat channel က စာတွေကို မြင်တွေ့နိုင်သည်။


ကျိုဖုန်းက မနေနိုင်စွာ ပြောသည်။

"သန္ဓေပြောင်းတွေ အများစုက အဖမ်းခံရတဲ့လူသားတွေကနေ အသွင်ပြောင်းသွားတာများလား?!"


လျှိုကျောက်ချင်း: "ပထမဆုံး လူသားတွေ အများအပြားကို ဖမ်းမယ်၊ ပြီးရင် ဖမ်းထားတဲ့လူသားတွေကို သန္ဓေပြောင်းတွေအဖြစ် ပြောင်းလဲမယ်… သူတို့ရဲ့အင်အားက မြန်မြန်ကြီးထွားလာတာ အံ့ဩစရာမရှိဘူး… ဒီမြို့က သူတို့တွေ သန္ဓေပြောင်းတွေအဖြစ် အသွင်ပြောင်းပေးတဲ့ စက်ရုံတွေထဲကတစ်ခုဖြစ်နိုင်တယ်!"


လင်းမန့်လော်က စိတ်လှုပ်ရှားစွာ ပြောသည်။

"ဒီမြို့မှာ သန္ဓေပြောင်းတွေ အများကြီးရှိနိုင်တယ်မလား? ဒီကနေ အမြန်ဆုံး ထွက်သွားရအောင်!"


ဓာတ်ခွဲခန်းသို့ ပို့လိုက်သော အကျဉ်းသား ရာနှင့်ချီ ရှိသည်။ ယွဲ့ရှင်းဝမ်သည် သူတို့ကို ကယ်တင်နိုင်ရင်တောင် လူရာနဲ့ချီပြီး ထွက်ပြေးဖို့ မဖြစ်နိုင်ပေ။ သူတို့ကိုယ်သူတို့သာ အရင်ကယ်နိုင်သည်။


ယွဲ့ရှင်းဝမ်က အသက်ပြင်းပြင်းရှူပြီး ဆုံးဖြတ်ချက်တစ်ခုကို အမြန်ချလိုက်သည်။

"စီနီယာအစ်ကို ပြန်လာခဲ့တော့၊ အမြန်သွားရအောင်!"

 

ရွှီယိရှန်းသည် တံခါးအပေါက်လေးမှ ထွက်သွားပြီး မကြာခင်မှာပဲ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ နောက်ကနေ ပုံသဏ္ဌာန်တစ်ခုပေါ်လာသည်။

 

စမ်းသပ်စက်ရုံအတွင်းရှိ ကြေကွဲဖွယ်အခြေအနေများကို သူ့မျက်လုံးများဖြင့် သက်သေခံရင်း အမြဲပြုံးနေသော စီနီယာအစ်ကိုရွှီ၏မျက်နှာက အလွန်ရုပ်ဆိုးသွားကာ အသံအောအောဖြင့် ပြောသည်။

"ထရပ်ကားကြီးကိုယူပြီး အဝေးကို မောင်းတာက သန္ဓေပြောင်းတွေရဲ့ အာရုံကို ဆွဲဆောင်လိမ့်မယ်… သူတို့ဘက်က ရှိသမျှအင်အားတွေနဲ့ ငါတို့အနောက်လိုက်လာရင် လွတ်မြောက်တော့မှာ မဟုတ်ဘူး… ငါတို့တွေ အဲဒီဘတ်စ်ကားကို ဆက်မောင်းရုံပဲ…"


သုံးယောက်သားက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က ပြောသည်။

"သွားကြစို့…"


ယွဲ့ရှင်းဝမ်က သုတေသနအဖွဲ့ chat channel တွင် စာရိုက်လိုက်သည်။

"အားလုံး ကားပေါ်တက်ပြီး ဘေးလွတ်ရာသို့ ထွက်ခွာဖို့ ပြင်ဆင်ကြ!"


မြို့ပြင်တွင် သတင်းကြားပြီးနောက် လူတိုင်းက ကားထဲသို့ အမြန်ဝင်ခဲ့ကြသည်။ 5 မိနစ်အတွင်းမှာပဲ ယွဲ့ရှင်းဝမ်တို့ သုံးယောက်လည်း ပြေးလာကြသည်။ ကားပေါ်တက်ပြီးနောက် ယွဲ့ရှင်းဝမ်က ချက်ချင်း ပြောလိုက်သည်။

"ဒီမြို့က သန္ဓေပြောင်းတွေရဲ့ ခံတပ်ပဲ… ငါတို့တွေ လမ်းမကြီးအတိုင်း တိုက်ရိုက်ဖြတ်မောင်းလို့မရဘူး… အခုလေးတင် ဖျင်စစ်က မြို့ရဲ့ပတ်ပတ်လည်ကို လေ့လာခဲ့ပြီး တစ်ဖက်ကနေ ငါတို့လှည့်ပတ်သွားလို့ရတယ်… ချင်လုက ကျောက်ထုလွှာလှုပ်ရှားဖို့ ပြင်ထားပါ…"


ကျန်းဖျင်စစ်က တည်ငြိမ်စွာပြောခဲ့သည်။

"အရှေ့ညာဘက် 15 ဒီဂရီ၊ မီတာ 500…"


ချင်လုသည် ကမ္ဘာလုံးကို လျင်မြန်စွာ ထုတ်ကာ နေရာများကို စတင်‌ရွှေ့ပြောင်းခဲ့သည်။ ဘတ်စ်ကားသည် မြို့တွင်းရှိ စက်ရုံတစ်ခု၏ နောက်ကွယ်တွင် ချက်ချင်း ပေါ်လာသည်။


ကျန်းဖျင်စစ်: "အရှေ့တည့်တည့်၊ မီတာ 350…"


ကျန်းဖျင်စစ်၏ ညွှန်ကြားချက်အရ ချင်လုသည် ဘတ်စ်ကားကို လမ်းကြောင်းတစ်လျှောက်လုံး တယ်လီပို့ရန် ထိန်းချုပ်ခဲ့သည်။ ပတ်တီးဖြင့်ကာထားသည့် ဘတ်စ်ကားက မြို့ဘေးကနေ တိတ်တဆိတ် လှည့်ပတ်သွားခဲ့သည်။ 


လမ်းတစ်လျှောက်တွင် လူများပြည့်ကျပ်နေသော နောက်ထပ်ထရပ်ကားတစ်စီးသည် မြို့ထဲသို့ မောင်းနှင်လာတာကို တွေ့လိုက်ရသည်။


အေးစက်ပြီး လူသူကင်းမဲ့သောမြို့သည် ကမ္ဘာပျက်ကပ်တွင် လူသားသင်္ချိုင်းဖြစ်လာသည်။


သူတို့မြို့ကနေ ထွက်ခွာပြီး လမ်းပေါ်မရောက်ခင်အထိ လူတိုင်း၏စိတ်က အလွန်လေးလံနေသည်။


သူတို့သည် ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးကို နောက်တစ်ကြိမ် မကြုံတွေ့ချင်ကြပေ။


ဤဆိုးရွားလှသောစာမေးပွဲကိုအဆုံးသတ်ရန် ပရော်ဖက်ဆာထန်အား မျိုးရိုးဗီဇသုတေသနစင်တာသို့ အမြန်ပို့ရန် လိုအပ်သည်။


#TK