Chapter 81
Viewers 23k

Volume 4 : ဗိသုကာဌာန


Chapter 81 (လေ့ကျင့်ရေးခန်း) (Part-1)


သူ့စွမ်းရည်ကို အဆင့်မြင့်တင်ပြီးနောက် ယွဲ့ရှင်းဝမ်က အနုတ်ဒုတိယထပ်ရှိ သုတေသနအဖွဲ့စင်တာသို့ ဓာတ်လှေကားဖြင့် တက်လာခဲ့သည်။ ကျန်းဖျင်စစ်ထံမှ စာသည် သုတေသနအဖွဲ့ chat channel တွင် ထွက်ပေါ်လာသည်။

"ငါ အဖွဲ့အမှတ်တွေနဲ့ လေ့ကျင့်ရေးခန်းဖွင့်ထားပြီ… အနုတ်ဒုတိယထပ်က လေ့ကျင့်ရေးခန်း နံပါတ် 4 မှာ၊ စကားဝှက်က 7564…"


ယွဲ့ရှင်းဝမ်က လေ့ကျင့်ရေးခန်းသို့ ဝင်ရောက်ရန် စကားဝှက်ကို ဖြည့်သွင်းပြီးနောက် အခန်းလွတ်ထဲတွင် ကျန်းဖျင်စစ်တစ်ယောက်တည်းသာ ရှိသေးသည်။ မကြာခင်မှာပဲ အခြားအဖွဲ့ဝင်များလည်း တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြသည်။ သူတို့၏စွမ်းရည်များကို အဆင့်မြင့်တာနဲ့ လူတိုင်းက အလွန်စိတ်လှုပ်ရှားနေကြသည်။


နေ့လယ် 3 နာရီတွင် လူ 12 ယောက်စလုံး ရောက်လာသည်။


ကျောင်းသားများအား သဘာဝလွန်စွမ်းအားများကို အသုံးပြု၍ အသေအပျောက်များစေခြင်းမှ ကာကွယ်ရန်အတွက် စာကြည့်တိုက်၏ public နေရာများတွင် စွမ်းရည်များကို ပိတ်ထားပါသည်။ အနုတ်ဒုတိယထပ်ရှိ အမှတ်များဖြင့် ဖွင့်ရသော သုတေသနအဖွဲ့၏ လေ့ကျင့်ရေးခန်းတွင်သာ စွမ်းရည်အသုံးပြုခြင်းကို ကန့်သတ်ထားသည်။ ယခုတစ်ကြိမ်တွင် သုတေသနအဖွဲ့၌ အဖွဲ့ဝင်များ ပိုများလာသောကြောင့် ကျန်းဖျင်စစ်က လေ့ကျင့်ရေးခန်းကို စီနီယာအစ်မလင်း နောက်ဆုံးအကြိမ် လျှောက်ထားသည့် အခန်းထက် သုံးဆပိုကြီးပြီး အမြင့် 10 မီတာကျော်ရှိကာ အလွန်ကျယ်ဝန်းပြီး တောက်ပသော အခန်းကို လျှောက်ထားခဲ့သည်။


လေ့ကျင့်ရေးခန်းတစ်ဝိုက်တွင် လေ့ကျင့်ရေးအထောက်အကူအဖြစ် ဘတ်စကတ်ဘောနှင့် ကြက်တောင်ရိုက်ခြင်း ပစ္စည်းများရှိသည်။ ဤနေရာ၌ လူတိုင်းကိုမြင်လျှင် ယွဲ့ရှင်းဝမ်က လက်ခုပ်တီးကာ ပြုံးလိုက်သည်။

"ဟုတ်ပြီ၊ အားလုံးက စွမ်းရည်တွေကို အလှည့်ကျပြသကြမှာဖြစ်ပြီး ခယ်ရှောင်ပင်းက မှတ်တမ်းတင်ဖို့ တာဝန်ယူမယ်…"


ခယ်ရှောင်ပင်းက လက်တော့ပ်ကိုဖွင့်ပြီး form အသစ်တစ်ခုကို အမြန်ဖန်တီးကာ ၎င်းထဲတွင် လူတိုင်း၏အမည်များကိုထည့်သွင်းပြီး စွမ်းရည်အကျိုးသက်ရောက်မှု၊ လှုပ်ရှားမှုအချိန်နှင့် စောင့်ဆိုင်းချိန်တို့ကို ရှင်းလင်းစွာမှတ်တမ်းတင်ထားသောကြောင့် ၎င်းက အလွန်ရှင်းလင်းမည်ဖြစ်သည်။


အနီးနားရှိ ကျောင်းသားများက တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ 

"ဘယ်သူအရင်လာမလဲ?"


ကျိုဖုန်းက ရိုးရှင်းစွာ ပြောလာသည်။

"ငါအရင်လာမယ်…"


ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ ညာလက်ကို အနည်းငယ် မြှောက်လိုက်ရာ လက်ဖဝါးမှ ရွှေရောင်လျှပ်စီးကြောင်း ပြေးထွက်လာတာကို မြင်လိုက်ရပြီး သူညွှန်ပြသော ကြက်တောင်အနည်းငယ်ကို ထုပ်ပိုးကာ သကြားလုံးချိုချဉ်ချောင်းကဲ့သို့ လျှပ်စီးကြောင်းသည် ကြက်တောင်အားလုံးကို ရစ်ပတ်လိုက်သည်။ 


ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာသည်။

"စီနီယာအစ်ကိုကျိုက series circuit ကို သင်ယူခဲ့တာလား?"


ကျိုဖုန်းက ခေါင်းငြိမ့်ပြပြီး သူ့ညာလက်၏ လက်ငါးချောင်းကနေ ထိုကြက်တောင်တွေကို အင်အားတချို့နဲ့ တွန်းထုတ်လိုက်ပုံရပြီး ဘေးချင်းကပ်လျက် တန်းစီပြီး အနက်ရောင်မီးသွေးကဲ့သို့ ချက်ချင်း လောင်ကျွမ်းသွားသည်။


ကျိုဖုန်းက သူ့လက်ကို ပြန်ရုတ်လိုက်သည်။

"အဆင့် 3 လျှပ်စီးကြောင်းက series and parallel circuit ကို သော့ဖွင့်ပေးတယ်…"


အကယ်၍ ရန်သူအများအပြားစုဝေးနေပါက Series circuit ဖြင့် ကျိုဖုန်းသည် ကွင်းဆက်ကဲ့သို့ ပစ်မှတ်အများအပြားကို ကြိုးချည်နှောင်ပြီး လျှပ်စီးကြောင်းကို အသုံးပြုကာ ကွင်းဆက်လိုက်ပျက်စီးမှုကို ဖြစ်စေသည်။ Parallel circuit သည် လွှင့်စင်သောပျက်စီးမှုဖြစ်ပြီး ပစ်မှတ်တစ်ခုမှ အနီးပတ်ဝန်းကျင်ရှိ ပစ်မှတ်များဆီသို့ လွှင့်စင်ကာ တိုက်ခိုက်မှုတစ်ခုကနေ AOE တိုက်ခိုက်မှုဖြစ်လာသည်။


ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။

"စီနီယာအစ်ကိုကျိုရဲ့ လျှပ်စီးကြောင်းစွမ်းရည် အဆင့်ပြည့်သွားပြီးလား?"


ကျိုဖုန်း: "အင်း… နောက်ပြီး ဖျင်စစ်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ရူပဗေဒဌာနမှာရှိတဲ့ အခြားစွမ်းရည်တွေထဲက ဆွဲငင်အားကိုလည်း ငါရွေးချယ်ခဲ့တယ်…"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဆွဲငင်အားကို coordinate system နဲ့ ပေါင်းစပ်ပြီး စမ်းကြည့်လိုက်ပါလား?"


ကျန်းဖျင်စစ်က သူ၏ညာလက်ကို ဆန့်လိုက်သည်။ coordinate system ၏ ဖော်မြူလာသည် ဘတ်စကတ်ဘောငါးလုံးကို ချက်ချင်း ပျံသွားအောင်ပြုလုပ်ပြီး ပုံမှန် sine မျဉ်းကွေးလှုပ်ရှားမှုကို စတင်ခဲ့သည်။ ကျိုဖုန်း၏ ညာလက်မသည် ရုတ်တရက် အောက်ဆင်းသည့် အမူအရာဖြင့် လေထဲတွင် လွင့်မျောနေသည့် ဘတ်စကတ်ဘောအားလုံးသည် ဆွဲငင်အားကြောင့် ‘ဘမ်းခနဲ’ဖြင့် မြေပြင်ပေါ်သို့ တစ်စစီပြုတ်ကျသွားသည်။ 


အနီးနားရှိ ကျောင်းသားများ အံ့ဩသွားကြသည်။ ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောသည်။

"ဖျင်စစ်က လူတွေကို ကောင်းကင်ပေါ် တင်ပေးနိုင်ပြီး စီနီယာအစ်ကိုကျိုက လူတွေကို မြေပြင်ပေါ် ဆွဲငင်အားသုံးပြီး ပြုတ်ကျစေနိုင်တာကြောင့် ပစ်မှတ်ကို တိုက်ရိုက်သတ်နိုင်တယ်မလား?!"


ယွဲ့ရှင်းဝမ်: "ဒါဆို ငါ့ရဲ့‘ခုနစ်အပေါ် ရှစ်အောက်’ကလည်း စီနီယာအစ်ကိုနဲ့ ပူးပေါင်းလို့ရတယ်မလား?"


သူသည် idiom အဘိဓာန်ကိုဖွင့်ပြီး ဘတ်စကတ်ဘော ခုနစ်လုံးကို လေထဲတွင် လွင့်စေရန် ‘ခုနစ်အပေါ် ရှစ်အောက်’ကို အသုံးပြုခဲ့သည်။ ကျိုဖုန်းက ‘ဆွဲင်အား’ကို အသုံးပြုပြီးနောက်တွင် လွင့်နေသော ဘတ်စကတ်ဘောများသည် မြေပြင်ပေါ်သို့ ချက်ချင်းပြုတ်ကျကာ တစ်စစီဖြစ်သွားသည်။ 


ဆွဲငင်အား၏ တဒင်္ဂအကျိုးသက်ရောက်မှုက အမှန်ပင် ပြင်းထန်သည်။


ကျိုဖုန်းက ပြုံးကာ ပြောသည်။

"ပစ်မှတ်ကို လေထဲမှာ ပျံတက်အောင် လုပ်နိုင်တဲ့ စွမ်းရည်အားလုံးက ဆွဲငင်အားနဲ့ ပေါင်းစပ်ပြီး ငါတို့တွေ ပစ်မှတ်ကို ချက်ချင်း သတ်ပစ်နိုင်တယ်…"


စီနီယာအစ်ကိုကျိုက စွမ်းရည်ကို ရွေးချယ်သောအခါ သူ့အဖွဲ့ဝင်များ၏ စွမ်းရည်များကို ထည့်သွင်းစဉ်းစားခဲ့သည်။ သူသည် အလင်း၊ သံလိုက်၊ စပရင် အစရှိသော အခြားရူပဗေဒဌာန၏ စွမ်းရည်များကို မရွေးချယ်ဘဲ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့၏ လေပေါ်လွင့်မျောခြင်းစွမ်းရည်နဲ့ ပေါင်းစပ်နိုင်ရန် ဆွဲငင်အားကို ဦးစွာ ရွေးချယ်ခဲ့သည်။ 


ယွဲ့ရှင်းဝမ်က သူ့ကို ချီးကျူးသည်။

"ကောင်းတယ်၊ လွင့်မျောခြင်းနဲ့ ဆွဲငင်အားပေါင်းစပ်ပြီး ပစ်မှတ်ကို စက္ကန့်ပိုင်းအတွင်း သတ်ပစ်လို့ရတယ်!"


ကျိုဖုန်းက တစ်ဖက်သို့လှည့်ကာ ပြောလိုက်သည်။

"မန့်လော်၊ မင်းအလှည့်ပဲ…"


လင်းမန့်လော်က ဆက်ပြောလာသည်။

"ငါ့နွယ်ပင်တွေက အဆင့် 3 အထိ ရောက်သွားပြီး အပေါ်တက်ဖို့အတွက် မီတာ 100 ရှည်တဲ့ နွယ်ပင်တွေကို ထုတ်နိုင်ပြီး အဲဒါတွေကို တစ်ချိန်တည်းမှာ 12 ခု ထုတ်နိုင်တယ်… ဒါ့အပြင် စွမ်းရည်အသစ်ကိုလည်း ငါသင်ယူခဲ့တယ်…"


လင်းမန့်လော်၏ညာဘက်လက်ဖဝါးတွင် အပင်တစ်ပင်ပေါ်လာတာကို ယွဲ့ရှင်းဝမ် သတိပြုလိုက်မိသည်။ လင်းမန့်လော်က သူမ၏လက်ဖဝါးကို ဖြန့်လိုက်သောအခါ အပင်တစ်ပင်သည် သူမရှေ့ရှိ မြေပြင်ပေါ်တွင် ရုတ်တရက် ပေါ်လာသည်။ ကြီးထွားခြင်း လျင်မြန်သောအရှိန်ဖြင့် 5 စက္ကန့်အတွင်း စိမ်းလန်းသော သစ်ပင်ကြီးသစ်ပင်ဖြစ်လာသည်။


စိမ်းလန်းသောသစ်ပင်၏ ပင်စည်သည် အချင်းတစ်မီတာကျော်ရှိပြီး လူနှစ်ဦးက သစ်ပင်ကိုပတ်ထားနိုင်သည်။ ကြီးမားသော အကိုင်းအခက်များနှင့် အရွက်များသည် ထူထပ်ပြီး အရွက်များက အလင်းရောင်အောက်တွင် စိမ်းစိုနေပါသည်။ သန့်စင်သော သဘာဝအရိပ်သည် နွေရာသီတွင် အရိပ်ကိုခံစားရန် နေရာကောင်းတစ်ခုဖြစ်သည်။


ခယ်ရှောင်ပင်းက လက်ပ်တော့နောက်ကနေ ကြည့်ကာ တွေးဆသည်။

"စီနီယာအစ်မ စိုက်ထားတဲ့ ဒီအပင်ရဲ့ လုပ်ဆောင်က ဘာလဲ? အရိပ်ရစေဖို့လား?"


လင်းမန့်လော်က ရယ်လေသည်။

"ဒါက အရိပ်ရစေဖို့ပဲ မဟုတ်ပါဘူး! ဒါက လေထုညစ်ညမ်းမှုကို သန့်စင်ပေးခြင်း၊ လေထုအရည်အသွေးကို မြင့်တင်ပေးခြင်းနဲ့ မြူခိုးတွေ၊ သဲမုန်တိုင်းတွေလိုမျိုး ဆိုးရွားတဲ့ ရာသီဥတုတွေကို ဖယ်ရှားခြင်းအပါအဝင် အကွာအဝေးတစ်ခုအတွင်း သန့်စင်ခြင်းအကျိုးသက်ရောက်မှုတွေ အမျိုးမျိုးရှိတယ်…"


လေကို သန့်စင်ပေးတာလား။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ စွမ်းရည်တွေက အသိအမှတ်ပြုထိုက်သည်။ ယွဲ့ရှင်းဝမ်က ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိသည်။

"အဲဒါက မြူခိုးတွေရော ဖယ်ထုတ်နိုင်တာလား? အများသူငါစိတ်ကြိုက်သင်တန်းတုန်းက ကမ္ဘာလေထုသိပ္ပံဌာနက ယောင်္ကျားလေးတစ်ယောက်နဲ့ တွေ့ခဲ့တာကို သတိရမိတယ်… သူက မြူခိုးတွေကို ထုတ်လွှတ်နိုင်ပြီး အုပ်စုလိုက် မျက်စိကွယ်စေတာမလား?"


ရှင်းယန်လည်း သည်အဖြစ်အပျက်ကို သတိရသွားသည်။

"ဟုတ်တယ်၊ အဲဒီအချိန်တုန်းက သူဟာ ငါ့ယာယီအဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပဲ…"


ခယ်ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောလာသည်။

"ဒါဆို စီနီယာအစ်မရဲ့ အစိမ်းရောင်သစ်ပင်က ရာသီဥတုကြောင့် ဖြစ်ပေါ်လာတဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုအားလုံးကို သန့်စင်ပေးနိုင်တာလား? ကမ္ဘာလေထုသိပ္ပံရဲ့စွမ်းရည်က ဒီသစ်ပင်နဲ့တွေ့ရင် ထိန်းချုပ်ခံရမှာပေါ့… ဒါ့အပြင် အဆိပ်ငွေ့တို့၊ လေထုထဲမှာ ဆိုးရွားတဲ့ အနံ့အသက်တွေ ရှိလာတဲ့အခါ စီနီယာအစ်မက ဒီသန့်စင်ခြင်းသစ်ပင်ကို ဆင့်ခေါ်လိုက်ရင် ကျွန်တော်တို့က လတ်ဆတ်တဲ့လေကို ရှူနိုင်မှာမလား?"


လူတိုင်းက အသက်ပြင်းပြင်းရှူကြည့်လိုက်သည်။ သေချာစွာ လင်းမန့်လော် သစ်ပင်ကို စိုက်ပြီးနောက် ပတ်ဝန်းကျင်လေထုက ပိုလတ်ဆတ်လာပါသည်။


လင်းမန့်လော်က သူမလက်ကိုရုတ်လိုက်သည်။

"လောလောဆယ်တော့ ငါ့မှာ ဒီစွမ်းရည်နှစ်ခုပဲ ရှိသေးတယ်… လူတွေကို ကယ်တင်တာ၊ ချည်နှောင်တာ၊ ထိန်းချုပ်တာ၊ ပေါင်းကူးတံတားလုပ်တာတွေအတွက် ဒီနွယ်ပင်ကို အသုံးပြုလို့ရတယ်… အစိမ်းရောင်သစ်ပင်ရဲ့ သန့်စင်ခြင်းလုပ်ဆောင်ချက်က ကြမ်းတမ်းတဲ့ရာသီဥတုမှာ လူတိုင်းကို လေကောင်းလေသန့်ရစေနိုင်မယ်ဆိုတာ သေချာပါတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး ရွှီယိရှန်းကို ကြည့်လိုက်သည်။


ရွှီယိရှန်း၏မျက်လုံးတွေက ပုံမှန်အတိုင်း ကျဉ်းမြောင်းထားကာ ပြောလာသည်။

"ငါ့ရဲ့ mitosis က ငါးခုခွဲလို့ရပြီး အဲဒီထက်များရင်တော့ ငါမထိန်းချုပ်နိုင်တော့ဘူး… ဒီတော့ ငါ အဲဒါကို အဆင့်မမြင့်ခဲ့ဘူး… ငါ စွမ်းရည်အသစ်ကို သင်ယူခဲ့ပြီး လက်ရှိမှာ အဆင့် 3 ထိရှိထားပြီ…"


သူ့ညာလက်ကို ဆန့်တန်းလိုက်ပြီး လူတိုင်း၏အကြည့်ကနေ ပျောက်သွားခဲ့သည်။


ယွဲ့ရှင်းဝမ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်သည်။

"သူက ကိုယ်ပျောက်သွားတာလား?"


ပခုံးဆီမှ ရယ်သံတစ်ခု ထွက်လာသည်။

"ငါ ဒီမှာ…"


ယွဲ့ရှင်းဝမ်က ခေါင်းလှည့်ကြည့်လိုက်ရာ ချယ်ရီသီးအရွယ်လုံးဝန်းနေသော အရာဝတ္ထုတစ်ခုက သူ့ပခုံးတွင် ကပ်နေတာကို တွေ့လိုက်ရသည်။ ယွဲ့ရှင်းဝမ်က ၎င်းကို ယူကာ ဂရုတစိုက် ကြည့်ရန် သူ့လက်ဖဝါးပေါ်တွင် တင်လိုက်သည်။


ရွှီယိရှန်း၏ အသံက အတွင်းမှ ထွက်လာသည်။

"ငါက ဆဲလ်ဖြစ်သွားတာ…"


လူတိုင်း: "..."


ယွဲ့ရှင်းဝမ်သည် ရယ်ရမလား၊ ငိုရမလား မသိတော့ပေ။

"စီနီယာရဲ့ ဇီဝဗေဒဌာနက ကိုယ်ခွဲနိုင်တာ ဆဲလ်ပုံစံပြောင်းနိုင်တာဆိုတော့ အကောင်းဆုံးလွတ်မြောက်ရေးဌာနများလား?"


ရွှီယိရှန်းက ချယ်ရီသီးအရွယ်‘ဆဲလ်’ထဲမှာ ပုန်းနေသည်။

"ဇီဝဗေဒဌာနရဲ့ အနေအထားက ဂိမ်းထဲက ‘လုပ်ကြံသတ်ဖြတ်သူ’နဲ့ဆင်တူတယ်… အနာဂတ်မှာ ပဟေဠိဖြေရှင်းတဲ့သင်တန်းနဲ့ ကြုံတွေ့တဲ့အခါ ငါက လူသားပိုးကောင်လုပ်ပြီး သံသယရှိသူရဲ့ ခန္ဓာကိုယ်မှာ ဆဲလ်အဖြစ် ကပ်နေလို့ရတယ်…"


ဆဲလ်အဖြစ်ပြောင်းသွားသော စီနီယာအစ်ကိုရွှီကို အားလုံးက စိတ်ဝင်တစားဖြင့် လာရောက်ကြည့်ရှုကြပြီး ယွဲ့ရှင်းဝမ်က သည်‘ဆဲလ်’အား တို့ထိချင်စိတ်ကို ခုခံရင်း ပြောလိုက်သည်။

"စီနီယာက ဒီလိုဆဲလ်ထဲမှာ ပုန်းအောင်းနေရင် လူတွေရှာတွေ့ဖို့ တကယ်ကိုခက်ခဲတယ်…"


ခယ်ရှောင်ပင်းက တိုးတိုးပြောသည်။

"စီနီယာအစ်ကိုရွှီက ဆဲလ်ပုံစံပြောင်းသွားတော့ သကြားလုံးနဲ့ တူသွားတယ်…"


လူတိုင်း: "…"


ရှင်းယန်က မျက်နှာသေဖြင့် ပြောသည်။

"မင်းက နှုတ်ချိုတာပဲ၊ ဒါကိုရော စားဖို့ စဉ်းစားနေတာလား?"


ရွှီယိရှန်းက သူ၏မူလပုံစံကို အမြန်ပြောင်းလိုက်ပြီး ခြေလှမ်းအနည်းငယ်နောက်ဆုတ်ကာ အပြုံးဖြင့်ပြောသည်။

"ငါ ရှောင်ခယ်နဲ့ ခပ်ဝေးဝေးနေရမယ်… မဟုတ်ရင် နောင်အခါ ငါ ဆဲလ်ဖြစ်သွားလို့ သူ ငါ့ကို စားလိုက်ရင် ဘယ်လိုလုပ်မလဲ?"


ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။


ခယ်ရှောင်ပင်း၏နားရွက်တွေ နီရဲလာပြီး အသံတိုးတိုးဖြင့် သူ့ကိုယ်သူ ခုခံချေပလိုက်သည်။

"ကျွန်တော်က နှိုင်းယှဉ်ပြရုံပါ… ကျွန်တော် စီနီယာကို တကယ်မစားချင်ပါဘူး…"


ယွဲ့ရှင်းဝမ်က သူ့ကိုကြည့်လိုက်သည်။

"ရှောင်ခယ်၊ မင်းရဲ့စက်ရုပ်ကို အဆင့်မြင့်ပြီးပြီလား?"


ခယ်ရှောင်ပင်းက သူ၏စက်ရုပ်ရှောင်ထူကို ဆင့်ခေါ်ခဲ့သည်။ ယခင်ကနှင့် နှိုင်းယှဉ်ပါက ရှောင်ထူသည် အလွန်ကြီးထွားလာပြီး ယခုတစ်ကြိမ်တွင် ခယ်ရှောင်ပင်းသည် ကလေးတစ်ဦးကို ဦးဆောင်နေသကဲ့သို့ ခယ်ရှောင်ပင်း၏ခါးနားသို့ ရောက်လာသည်။


ခယ်ရှောင်ပင်းက မိတ်ဆက်သည်။

"ငါက ရှောင်ထူကို အဆင့် 4 အထိ အဆင့်မြင့်ထားတယ်… အရင်က လမ်းကြောင်းပြခြင်းနဲ့ ရေဒါထောက်လှမ်းခြင်းအပြင် ပစ်ခတ်တာ၊ မှတ်တမ်းတင်တာ၊ စောင့်ကြည့်တာနဲ့ လေဆာတွေထုတ်လွှတ်နိုင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း သင်ယူခဲ့တယ်…"


ခယ်ရှောင်ပင်းက သူ့ခါးလောက်ရှိသော စက်ရုပ်၏ဦးခေါင်းကို ထိကာ ပြောလိုက်သည်။

"ရှောင်ထူ၊ တတိယသီချင်းဆိုစမ်း…"


သူပြောလိုက်သည်နှင့် ရှောင်ထူ၏နဖူးပေါ်တွင် အနီရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ‘Twinkle twinkle little star, How I wonder what you are’ဆိုပြီး စကားလုံးတစ်လုံးကို ဆိုလိုက်ပြီး သူ့နဖူးပေါ်က အလင်းရောင်လင်းလက်သွားပြီး အနီရောင်လေဆာတစ်ခု ပစ်လွှတ်လိုက်သည်။ အနီရောင်လေဆာတန်းကို ပစ်လွှတ်လိုက်သည်နှင့် မြေပြင်ပေါ်ရှိ ဘတ်စကတ်ဘောများကို အပေါက်တစ်ခုပြီးတစ်ခုဖြစ်အောင် ဖောက်ထုတ်သွားခဲ့သည်။


ခယ်ရှောင်ပင်းက ပျော်ရွှင်စွာ ပြောသည်။

"ရှောင်ထူက တိုက်ခိုက်ရေးစွမ်းရည်ကို သင်ယူခဲ့ပြီး 180 ဒီဂရီ ပန်ကာပုံသဏ္ဍာန် အကွာအဝေးမှာ လှည့်ပတ်ပစ်ခတ်နိုင်ပါတယ်…"


သီချင်းဆိုနေစဉ်တွင် ရှောင်ထူက တိုက်ခိုက်ခံရမှာကို မကြောက်ပေ။ ဖြတ်ကျော်ရန် ခက်ခဲသော အခြေအနေတစ်ရပ်ကို ကြုံတွေ့ရသောအခါ ခယ်ရှောင်ပင်းက လမ်းကြောင်းပြခြင်းကို သတ်မှတ်နိုင်ပြီး လူတိုင်းအတွက် လမ်းရှင်းရာတွင် ကူညီရန် ရှောင်ထူကို လေဆာဖြင့် ဖြတ်သန်းနိုင်စေသည်။


ယွဲ့ရှင်းဝမ်က သက်ပြင်းချလိုက်သည်။

"ငါတို့ရဲ့ရှောင်ထူက တကယ်ကြီးပျင်းလာပြီး ပိုအစွမ်းထက်လာပြီ…"


ကလေးဆန်သော အသံဖြင့် ရှောင်ထူက ပြောသည်။

"ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်…"


ယွဲ့ရှင်းဝမ်က အနည်းငယ် အံ့အားသင့်သွားသည်။

"သူက လူစကားပြောတာကိုလည်း နားလည်တာလား?"


ခယ်ရှောင်ပင်းက ပြုံးကာ ပြန်ဖြေသည်။

"ဟုတ်တယ်… ဒါပေမယ့် ငါ့ရဲ့အမိန့်ကိုပဲ သူကနာခံတာ…"


ယွဲ့ရှင်းဝမ်က စက်ရုပ်၏ဦးခေါင်းကို ညင်သာစွာထိလိုက်ကာ အလွန်စိတ်လှုပ်ရှားသွားသည်—


ရှောင်ထူကို သူပထမဆုံးမြင်တုန်းက လက်ဖဝါးလောက်သာရှိပြီး "ကျားနှစ်ကောင်" သီချင်းဆိုနိုင်သည်။ ယခုအခါတွင် လူတိုင်း၏ စွမ်းရည်တွေက တိုးတက်လာပြီး ရှောင်ထူက ခါးအထိ ကြီးထွားလာခဲ့သည်။ ‘ငါ့မိသားစုရဲ့ ကလေးက ကြီးပျင်းလာပြီ’ဆိုသော ခံစားချက်က တကယ်ကို စိတ်သက်သာရာရစေသည်။


ယွဲ့ရှင်းဝမ်က လျှိုကျောက်ချင်းကို ကြည့်ပြီး ပြောသည်။

"စီနီယာအစ်ကိုလျှိုက အခြားစွမ်းရည်တွေ လဲလှယ်ခဲ့လား?"


လျှိုကျောက်ချင်း: "ခွဲစိတ်ဓားကို အဆင့်ပြည့်မြင့်တင်ထားပြီး တစ်ကြိမ်တည်းမှာ ဓားတွေ အများကြီး ပစ်နိုင်တယ်… ပိတ်တီးရဲ့ စောင့်ဆိုင်းချိန်က ပိုနည်းသွားပြီး ကုသမှုအတွက် ပိုထိရောက်သွားတယ်… နောက်ပြီး ငါ ဒါကလဲလှယ်ခဲ့တယ်…"


သူသည် ညာလက်ကို ရိုးရှင်းစွာ မြှောက်လိုက်သည်နှင့် လူတိုင်းရှေ့တွင် ကြီးမားသော chainsaw တစ်ခုပေါ်လာသည်။


ခယ်ရှောင်ပင်း၏ မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားသည်။ 

"Chainsaw လား? ခွဲစိတ်တာက အရမ်းကြောက်စရာကောင်းပါလား?"


လျှိုကျောက်ချင်းက ရယ်သည်။

"မင်းတို့တွေ ခွဲစိတ်ဖို့၊ ဖြတ်တောက်ဖို့ ရင်ဘတ်ဖွင့်ဖို့ဆိုရင် chainsaw ကိုလိုတယ်၊ အဲဒါတွေအကုန်လုံးကို အသုံးပြုလို့ရတယ်… ဟေး၊ မင်းတို့တွေ ငါ့ကို အဲဒီလိုမကြည့်ပါနဲ့၊ ငါက မင်းတို့ နှစ်ပိုင်းမပိုင်းပါဘူး!"


ဒီစကားကိုကြားသောအခါ လူတိုင်းက နောက်ပြန်ဆုတ်သွားကြပြီး horror movie ‘Saw’ကို တွေးမိသွားကြသည်။ 


လျှိုကျောက်ချင်းက ရှင်းပြသည်။

"ဒီ chainsaw က အတော်လေး အစွမ်းထက်တယ်… ရှောင်နျန်ရဲ့ မြေတူးစက်ကို အသုံးပြုလို့မရတဲ့အခါ ငါ လှေကားတွေကိုဖြတ်ဖို့ chainsaw ကို အသုံးပြုနိုင်တယ်… စွမ်းရည်ရဲ့ဖော်ပြချက်မှာ ကျောက်တုံး ဒါမှမဟုတ် သတ္တုက ဘယ်လောက်ပဲ မာကျောနေပါစေ chainsaw က ဖြတ်နိုင်တယ်တဲ့…"


ယွဲ့ရှင်းဝမ်က သူ့နဖူးကို အကူအညီမဲ့စွာ ထောက်လိုက်သည်။ ဘာပဲဖြစ်ဖြစ် သူတို့အဖွဲ့၏ပုံစံက ပုံမှန်မဟုတ်ချေ။


ကျန်းရှောင်နျန်က အားမပါစွာ ပြောသည်။

"ကျွန်တော့်ရဲ့မြေတူးစက်ကို အဆင့် 4 အထိ အဆင့်မြင့်ထားပြီး မြေတူးစက်၊ မြေထိုးစက်၊ ဝန်ချီစက်၊ ကွန်ကရစ်ဖျော်စက်တွေရဲ့ လုပ်ဆောင်ချက်ကို သော့ဖွင့်ထားပြီ… ကွန်ကရစ်ဖျော်စက်က စက်ထဲကို ပစ်ချတဲ့အရာတွေကို ချေမှုန့်ပစ်နိုင်တယ်… နောက်ပြီး ကျွန်တော် အရင်က သင်ယူခဲ့တဲ့ နံရံဆောက်လုပ်ရေးကို အဆင့်ပြည့်မြင့်ထားပြီ… ကျွန်တော် အပြင်ထန်ဆုံး ငလျင်ဒဏ်ခံနံရံကို တည်ဆောက်နိုင်တယ်…"


ဂျူနီယာညီလေးက စွမ်းရည်အသစ်များကို လဲလှယ်ခြင်းမရှိဘဲ မူလစွမ်းရည်အားလုံးကို အဆင့်မြင့်တင်တာက စိတ်ကူးကောင်းတစ်ခုဖြစ်သည်။ ငလျင်ဒဏ်ခံနိုင်သော နံရံများသည် မြေသားနံရံများနှင့် အုတ်နံရံများထက် များစွာ ခိုင်ခံ့ပါသည်။ လိုအပ်ပါက မြေငလျင်ဒဏ်ကိုတောင် ခံနိုင်ရည်ရှိအောင် ပုန်းအောင်းရန် အိမ်တစ်လုံးဆောက်နိုင်ပါသည်။


ခယ်ရှောင်ပင်းက ရှင်းယန်ကို ကြည့်ကာ သိချင်စွာဖြင့် ပြောသည်။

"ရှင်းယန်၊ မင်း စွမ်းရည်အသစ်တွေ ရခဲ့လား?"


ရှင်းယန်က သူ၏ညာလက်ကို မြှောက်လိုက်ပြီး အကြည်ရောင် ဓာတုစမ်းသပ်ဖန်ပြွန်ကိရိယာ အများအပြားက လူတိုင်းရှေ့တွင် ပေါ်လာသည်။


"ပေါင်းခံပုလင်း၊ အရည်ဖွဲ့ကိရိယာ၊ ပြွန်၊ လက်ခံပုလင်း၊ ပေါင်းခံကိရိယာအစုံအလင်ကို ငါပြောင်းခဲ့တယ်… အရာဝတ္ထုမှန်သမျှကို ငါ ပေါင်းခံပုလင်းထဲ ထည့်နိုင်ပြီး အရာဝတ္ထုအတွင်းရှိ ရေအားလုံးကို ပေါင်းခံလို့ရတယ်…"


သူ့အရှေ့က ပေါင်းခံပုလင်းသည် လူတစ်ယောက်ကို ထည့်ထားရလောက်အောင် ကြီးသည်။ ယွဲ့ရှင်းဝမ်က မေးသည်။

"လူသားတွေအပါအဝင်လား?"


ရှင်းယန်က ပေါ့ပါးစွာပြောသည်။

"လူတွေကို ပေါင်းခံပုလင်းထဲ ပိတ်ထားမယ်ဆိုရင် ခန္ဓာကိုယ်ထဲက ရေတွေ အငွေ့ပျံသွားနိုင်တာပေါ့…"


လူတိုင်း: "…"


ထိုအခါ သူတို့က လူ့အရိုးခြောက်တွေ ဖြစ်လာမှာ မဟုတ်ပါလား။ ပေါင်းခံထားရသော လူသားတွေ၏ပုံရိပ်က တွေးကြည့်ရုံနဲ့တင် ကြောက်စရာကောင်းပါသည်။ ခယ်ရှောင်ပင်းက ကြက်သီးမွေးညင်းထသွားသည်။

"လူတွေကို ရေငွေ့ပျံဖို့အတွက် ဒီပုလင်းကို မသုံးတာ ပိုကောင်းတယ်… ဒါက အရမ်းကြောက်စရာကောင်းတယ်…"


ရှင်းယန်က သူ့ကိုကြည့်ကာ ပြန်ပြောလာသည်။

"အင်း… ငါက အပင်တွေနဲ့ တိရစ္ဆာန်တွေအတွက် ရေငွေ့ပျံတာသုံးဖို့ လဲလှယ်လိုက်တာ… ဒီပေါင်းခံပုလင်းက ပြင်ပအင်အားနဲ့ ဖျက်ဆီးလို့မရတဲ့အတွက် လှောင်အိမ်လို ထိန်းချုပ်စွမ်းရည်တစ်ခုအဖြစ် မှတ်ယူနိုင်တယ်… ရေရှားပါလာတဲ့အခါ ငါတို့တွေ ရေသောက်ဖို့အတွက် ရေငွေ့ပျံအောင် သုံးလို့ရတယ်…"


ရှင်းယန်သည် ပေါင်းခံကိရိယာများကို ပြောင်းလဲရန်အတွက် သူ့ကိုယ်ပိုင် စဉ်းစားချက်များ ရှိသည်။


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်ပြပြီး အမြွှာညီအစ်မ ချင်မြောင်နှင့် ချင်လုတို့ကို ကြည့်လိုက်သည်။


ချင်မြောင်က တည်ငြိမ်စွာ ပြောသည်။

"‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’စွမ်းရည်ကို ငါအဆင့်ပြည့်မြင့်ထားပြီး လက်နက်ဖြုတ်ချချိန်က 1 မိနစ်အထိ တိုးလာတယ်… ဒါ့အပြင် ချင်မင်းဆက်ရဲ့‘ဦးတည်ချက်ခြောက်ခုကိုဖယ်ရှားခြင်း’စွမ်းရည်ကိုလည်း ငါသင်ယူခဲ့ပြီး စတုရန်းမီတာ 600 အကွာအဝေးအတွင်းရှိ ရန်လိုနေတဲ့ပစ်မှတ်အားလုံးကို ချက်ချင်းချေမှုန်းပစ်နိုင်တယ်…"


ယွဲ့ရှင်းဝမ်က လက်မထောင်ပြသည်။

"သမိုင်းဌာနရဲ့ စွမ်းရည်အားလုံးက လှုပ်ရှားမှုကြီးတွေပဲ!"


‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’သည် လက်နက်နှင့် ပစ္စည်းအားလုံးကို ဖြုတ်ချနိုင်ပြီး(ယွဲ့ရှင်းဝမ်၏အဘိဓာန်၊ ကျန်းရှောင်နျန်၏မြေတူးစက် စသဖြင့် ဤလှုပ်ရှားမှုကြီးက ကိရိယာအားလုံးကို မြေပြင်ပေါ်သို့ ပြုတ်ကျစေရန် ဖိအားပေးနိုင်သည်)။ ‘ဦးတည်ချက်ခြောက်ခုကိုဖယ်ရှားခြင်း’သည် ကျယ်ပြန့်သောအကွာအဝေးအတွင်းရှိ ရန်သူများကို ချေမှုန်းခြင်းဖြစ်သည်။ သမိုင်းဌာန၏ စွမ်းရည်သည် အမှန်တကယ် သေစေနိုင်ပေမယ့် အားနည်းချက်များလည်း သိသာစွာရှိပါသည်။ စောင့်ဆိုင်းချိန်က ကြာပြီး အရေးကြီးသောအချိန်များတွင်သာ အသုံးပြုရန် လိုအပ်သည်။


ချင်လု: "ငါက ကျောက်ထုလွှာလှုပ်ရှားမှုကို 12 ကြိမ် အသုံးပြုနိုင်တဲ့အထိ အဆင့်ပြည့်မြင့်ထားတယ်… ဒါ့အပြင် စွမ်းရည်အသစ်တွေလည်း သင်ယူခဲ့တယ်… မြောက်ယဉ်စွန်းတန်း(ဥတ္တရ)နဲ့ တောင်ယဉ်စွန်းတန်း(ဒက္ခိဏ)ကိုဆွဲပြီး မျဉ်းနှစ်ခုကြားရဲ့ အပူချိန်က 100 ဒီဂရီအထိ ချက်ချင်း မြင့်တက်နိုင်လာတယ်…" သူမက ယွဲ့ရှင်းဝမ်ကို စိုးရိမ်တကြီးကြည့်ကာ "ငါ့အမှတ်တွေက ဒါနဲ့လဲလှယ်ဖို့ပဲ လုံလောက်ခဲ့တယ်… ဒါက အသုံးဝင်ရဲ့လား?"


ယွဲ့ရှင်းဝမ်က ခဏလောက် တွေးတောရင်း ပြောလာသည်။

"မင်းက ရန်လိုတဲ့ပစ်မှတ်တွေကို ယဉ်စွန်းတန်းမှာ ပိတ်လှောင်ဖို့အတွက် ရှောင်နျန်ရဲ့ နံရံစွမ်းရည်နဲ့ ပူးပေါင်းလို့ရတယ်…"

မြင့်မားသောအပူချိန် 100 ဒီဂရီအောက်တွင် တိရစ္ဆာန်များအတွက် အသက်ရှင်ရန်ခက်ခဲပါသည်။ သူတို့နှစ်ယောက် ပူးပေါင်းပြီး အကြီးဆုံး အပူချိန်မြင့်သည့် နယ်ပယ်ကို ဖန်တီးနိုင်သည်။


ချင်လုက ပျော်ရွှင်စွာ ပြောသည်။

"အဲဒါက အသုံးဝင်သရွေ့ အဆင်ပြေပါတယ်!"


လန်ယာရုန်က သူမမျက်နှာပေါ်ရှိ အပြုံးဖြင့် လူတိုင်း၏ စွမ်းဆောင်ရည်ကို ကြည့်နေသည်။ သူမသည် ဂါဝန်နှင့် ဒေါက်မြင့်ဖိနပ်ကို ဝတ်ဆင်ထားဆဲဖြစ်ပြီး ခေတ်ဆန်သော စီနီယာအစ်မတစ်ဦးဖြစ်သည်။ ယွဲ့ရှင်းဝမ်က သူမကို ကြည့်လာသောအခါ သူမ ပေါ့ပေါ့ပါးပါး ချောင်းဟန့်လိုက်သည်။

"ငါ့အလှည့်လား?"


ယွဲ့ရှင်းဝမ်က အပြုံးဖြင့် ခေါင်းငြိမ့်လိုက်သည်။

"စီနီယာအစ်မရဲ့ ဥပဒေဌာနက စွမ်းရည်တွေ ကျွန်တော်တို့ကို ပြပါဦး…"


လန်ယာရုန်က အရှေ့သို့လှမ်းကာ သူမ၏ညာလက်ကိုမြှောက်ပြီး ‘ပြစ်မှုဆိုင်ရာဥပဒေ’စာအုပ်ကို ထုတ်လိုက်သည်။ မူလက ပြုံးနေသော မိန်းကလေးသည် ရုတ်တရက် မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူမ၏မျက်လုံးတွေက ဓားကဲ့သို့ ထက်ရှနေကာ သူမက ပြောလိုက်သည်။

"ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ 134၊ ထောင်ဒဏ် 3 နှစ်!"


အသံထွက်လာသည်နှင့် တစ်ပြိုင်နက် သံလှောင်အိမ်သည် ကောင်းကင်မှကျလာပြီး ဘတ်စကတ်ဘောကို ‘ထောင်’ချလိုက်သည်။ 


လူတိုင်း: "..."


အပြစ်ကင်းသော ဘတ်စကတ်ဘောက ဒီလိုမျိုး စီရင်ချက်ချခံလိုက်ရတာလား။


လန်ယာရုန်က ရှင်းပြသည်။

"ဒီ‘ပြစ်မှုဆိုင်ရာဥပဒေ’စာအုပ်ကို အသုံးပြုပြီး ပြစ်မှုဆိုင်ရာဥပဒေရဲ့ ပြစ်ဒဏ်စည်းမျဉ်းတွေကို တိကျစွာအလွတ်ကျက်မှတ်ထားဖို့ လိုအပ်ပြီး အများစုက သတ်မှတ်ထားတဲ့ ထောင်ဒဏ်တွေဖြစ်ပြီး ပစ်မှတ်ကို ထောင်ချလို့ရတယ်… သေဒဏ်ကတော့ အရမ်းတင်းကျပ်တယ်၊ ဥပမာအားဖြင့် တစ်ယောက်ယောက်က ငါ့အဖွဲ့ဝင်တွေကို သတ်ခဲ့ရင် အဲဒီလူကို ‘ရည်ရွယ်ချက်ရှိရှိ လူသတ်မှု’နဲ့ ငါသေဒဏ်ချမှတ်နိုင်တယ်… ဒါပေမယ့် တစ်ဖက်လူရဲ့ ပြစ်မှုအဆင့်က သေဒဏ်စံနှုန်းနဲ့ မကိုက်ညီဘူးဆိုရင် ဒီစွမ်းရည်ကို အသုံးပြုလို့မရဘူး…"


ယွဲ့ရှင်းဝမ်က အံ့အားသင့်စွာပြောခဲ့သည်။

"တစ်နည်းအားဖြင့် အဖွဲ့ဝင်တစ်ဦးသေဆုံးပြီးမှ တစ်ဖက်လူကို ချက်ချင်း သေဒဏ်ချနိုင်တာလား?"


လန်ယာရုန်က ခေါင်းငြိမ့်လိုက်သည်။

"သေဒဏ်က တကယ်ကို အစပျိုးဖို့ ခက်တယ်… ပုံသေထောင်ဒဏ် စီရင်ချက်တွေက ကြိုတင်သတ်မှတ်ချက်တွေ အများကြီးမရှိဘဲ ပစ်မှတ်တိုင်းအတွက် အသုံးပြုနိုင်တယ်… ပြစ်မှုဆိုင်ရာဥပဒေမှာ ထောင်ဒဏ် 3 နှစ် ချမှတ်ခြင်းရဲ့ သက်ရောက်မှုက ပစ်မှတ်ကို 3 မိနစ် အကျဉ်းချထားတာပဲ… ထောင်ဒဏ် 7 နှစ်ဆိုရင် အကျဉ်းချချိန် 7 မိနစ်ဖြစ်တယ်… ပြစ်မှုဆိုင်ရာဥပဒေ စီရင်ချက်တစ်ခုစီကို သင်တန်းတစ်ခုမှာ တစ်ကြိမ်ပဲ အသုံးပြုလို့ရတယ်…"


ယွဲ့ရှင်းဝမ်က ချီးကျူးသည်။

"အရမ်းလိုက်လျောညီထွေရှိတဲ့ သီးသန့်ထိန်းချုပ်စွမ်းရည်ပဲ…"


သတ်မှတ်ထားသော ပစ်မှတ်ကို ထိန်းသိမ်းရန် အကျဉ်းထောင်ကို တိုက်ရိုက် ဆင့်ခေါ်ခြင်းက အမှန်တကယ်ပင် အလွန်ပြင်းထန်သော သီးသန့်ထိန်းချုပ်စွမ်းရည်တစ်ခုဖြစ်သည်။


လန်ယာရုန်က ‘ပြစ်မှုဆိုင်ရာဥပဒေ’စာအုပ်ကို သိမ်းလိုက်ပြီး လူတိုင်းက သူမ၏စွမ်းရည်ကို ပြပြီးပြီဟု ထင်လိုက်သော်လည်း သူမက နောက်ထပ်စာအုပ်တစ်အုပ်ကို ထုတ်လာပြီး ၎င်းက ‘လက်ထပ်ထိမ်းမြားခြင်းဥပဒေ’စာအုပ်ဖြစ်သည်။


ခယ်ရှောင်ပင်းသည် မယုံကြည်နိုင်လောက်သောအကြည့်ဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

"ဒီ‘ထိပ်မြားလက်ထပ်ခြင်းဥပဒေ’ကကော ဘယ်လိုမျိုးလဲ?" 


လန်ယာရုန်: "ဒီလက်ထပ်ထိမ်းမြားခြင်းဥပဒေရဲ့ စွမ်းရည်က ပိုပျော်စရာကောင်းလိမ့်မယ်…" သူမသည် ဘတ်စကတ်ဘောနှစ်လုံးကို သတ်မှတ်ကာ ‘လက်ထပ်ထိမ်းမြားခြင်းဥပဒေ’စာအုပ်ကို ဖွင့်ပြီး ဖတ်လိုက်သည်။ "လက်ထပ်ထိမ်းမြားမှတ်ပုံတင်လိုက်စမ်း!"


—— လက်ထပ်ထိမ်းမြားခြင်းဥပဒေတွင် လက်ထပ်ထိမ်းမြားရန် နှစ်ဖက်စလုံးသည် လက်ထပ်ထိမ်းမြားခြင်းမှတ်ပုံတင်ရုံးသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်ရမည်ဟု ပြဋ္ဌာန်းထားသည်။ လန်ယာရုန်သည် သူမ၏စွမ်းရည်များကို ရွတ်ဆိုပြီးနောက်တွင် ‘အရပ်ဘက်ရေးရာဗျူရို’ဟူသော စကားလုံးဖြင့် သူမရှေ့တွင် အဆောက်အအုံတစ်ခု ပေါ်လာသည်။


ဘတ်စကတ်ဘောနှစ်လုံးသည် တစ်ခုနှင့်တစ်ခု အလွန်နီးကပ်နေပြီး အရပ်ဘက်ရေးရာဗျူရိုသို့ လှိမ့်၍ဝင်သွားခဲ့သည်။


လန်ယာရုန်က ခင်မင်ရင်းနှီးစွာ ပြုံးလိုက်သည်။

"ငါက ပစ်မှတ်နှစ်ခုကို သတ်မှတ်ပြီး သူတို့ကို လက်ထပ်ထိမ်းမြားမှတ်ပုံတင်ဖို့ အရပ်ဘက်ရေးရာဗျူရိုဆီ သွားခိုင်းလို့ရတယ်…"


လူတိုင်း: "..."


စီနီယာအစ်မက အောင်သွယ်တော်လား? အရပ်ဘက်ရေးရာဗျူရိုကိုတောင် ရွှေ့နိုင်တာလား?!


ယွဲ့ရှင်းဝမ်သည် ဘတ်စကတ်ဘောနှစ်လုံးက သူတို့၏လက်ထပ်ထိမ်းမြားခြင်းကို မှတ်ပုံတင်ရန် အရပ်ဘက်ရေးရာဗျူရိုဆီ လှိမ့်သွားတာကိုကြည့်ရင်း အကူအညီမဲ့စွာ နားထင်ကို ပွတ်သပ်လိုက်သည်။


#TK