Chapter 80
Viewers 23k

Volume 4 : ဗိသုကာဌာန


Chapter 80 (စွမ်းရည်စာအုပ်)

ယွဲ့ရှင်းဝမ်၊ ကျန်းဖျင်စစ်၊ လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့သည် C-183 သုတေသနအဖွဲ့၏ ကနဦးအဖွဲ့ဝင်များဖြစ်သည်။ အားလုံးနှင့်အဖွဲ့တစ်ဖွဲ့ အမြန်ဆုံးဖွဲ့စည်းနိုင်ရန် သူတို့လေးဦးသည် သင်္ချာဌာနရှိ သင်တန်းနှစ်ခုတွင် တစ်ယောက်ကို အမှတ် 1,250 ရရှိခဲ့ပြီး သုတေသနအဖွဲ့ကို တစ်ခါတည်း အဆင့် 3 အထိ အဆင့်မြင့်တင်ရန် အမှတ် 5000 လုံလောက်ခဲ့ကာ သူတို့လေးဦး၏လက်ထဲတွင် အမှတ် 200 အောက်သာကျန်တော့တာကြောင့် စွမ်းရည်များကိုမြင့်တင်ရန် မလုံလောက်တော့ပေ။

ယခုအခါ သူသည် ဗိသုကာ‌ဌာနတွင် သင်တန်း 3 ခုကို ပြီးမြောက်ခဲ့ပြီး ‘မြို့ပြိုကျခြင်း’တွင် 428 မှတ်၊ ‘ဆောက်လုပ်ရေးဆိုက်၏ ပဟေဠိ’တွင် 570 မှတ်နှင့် ‘အဆုံးမရှိလှေကားများ’တွင် 428 မှတ်ရှိခဲ့သည်။ စုစုပေါင်း 1,426 မှတ်နှင့် ယခင်ကျန်ရှိသောအမှတ်များဖြင့် ပေါင်းလိုက်သောအခါ ယွဲ့ရှင်းဝမ်၏လက်ထဲ၌ လောလောဆယ် အမှတ် 1,600 ကျော်ရှိပြီး စွမ်းရည်ကိုအဆင့်မြင့်ရန် လုံလောက်သည်ထက် ပိုပါသည်။

နေ့လယ် တစ်ရေးတစ်မောအိပ်ပြီးနောက် 2 နာရီခွဲတွင် ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် နှိုးစက်မြည်ပြီး အတူထလာကြသည်။ မျက်နှာများဆေးကြောပြီးနောက် အနုတ်ပထမထပ်ရှိ စာကြည့်တိုက်ဒေတာဘေ့စ်သို့ ဘေးချင်းကပ်လျက် ဓာတ်လှေကားဆီ တက်သွားကြသည်။

ယွဲ့ရှင်းဝမ်: "Idiom အဘိဓာန်ကို အဆင့် 3 အရင်အဆင့်မြင့်ဖို့ စီစဉ်ထားတယ်… အမှတ်ပိုသေးရင်တော့ ပြီးမှ စာအုပ်တစ်အုပ်ကို လဲလှယ်လိုက်မယ်… မင်းကကော?"

ကျန်းဖျင်စစ်က ပြန်ဖြေသည်။
"ငါက coordinate system ကို အဆင့် 3 အထိ အရင်အဆင့်မြင့်ပြီး ငါ့မှာ အမှတ်ပိုသေးရင် ကိရိယာနဲ့ လဲလှယ်လိုက်မယ်…"

ယွဲ့ရှင်းဝမ်က သိချင်စိတ်ဖြင့် မေးသည်။
"မင်းရဲ့သင်္ချာဌာနမှာ ဘာကိရိယာတွေရှိတာလဲ?"

ကျန်းဖျင်စစ်က ပြန်ဖြေသည်။
"တြိဂံပေတံ၊ မျဉ်းဖြောင့်ပေတံ၊ ကွန်ပါ၊ ရေတွက်ဖို့အတွက် ပေတီး၊ 3D ဂျီဩမေတြီပုံသဏ္ဌာန်အမျိုးမျိူး၊ ဂဏန်းတွဲဖော်မြူလာ စသဖြင့်ပေါ့… အတော်လေးများတယ်၊ ငါမလဲခင် အနီးကပ်ကြည့်လိုက်မယ်…"

ယွဲ့ရှင်းဝမ်က ပြုံးလိုက်သည်။
"ကောင်းပြီ… ဒါဆို နောက်မှ သုတေသနအဖွဲ့စင်တာမှာ တွေ့ကြမယ်…"

ဓာတ်လှေကားသည် အနုတ်ပထမထပ်တွင် ရပ်သွားပြီး သူ့နားထဲတွင် ရင်းနှီးသော စက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။
"စာကြည့်တိုက်ရဲ့ အနုတ်ပထမထပ် ဒေတာဘေ့စ်စင်တာမှ ကြိုဆိုပါတယ်…"
 
ဓာတ်လှေကားမှ ဆင်းပြီးနောက် သူ့ရှေ့ရှိ မြင်ကွင်းက ရုတ်တရက် ပြောင်းလဲသွားသည်။ ယွဲ့ရှင်းဝမ် ခေါင်းလှည့်ကြည့်လိုက်တော့ သူ့ဘေးနားရှိ ကျန်းဖျင်စစ်က ပျောက်ကွယ်သွားတာကို တွေ့လိုက်ရသည်။ စာကြည့်တိုက်ကို ပထမဆုံးရောက်တုန်းက သူ့ရှေ့မှာ ကျယ်ဝန်းသောခန်းမကြီးရှိသည်။

နံရံလေးဘက်ရှိ သစ်သားစာအုပ်စင်များတွင် စာအုပ်မျိုးစုံဖြင့် ပြည့်နေပြီး အချင်းတစ်မီတာကျော်သော မီးဆိုင်းများကို ခန်းမအလယ်တွင် ချိတ်ဆွဲထားကာ သန့်ရှင်းသော စကျင်ကျောက်ကြမ်းပြင်ပေါ်တွင် အလင်းရောင်နှင့် အရိပ်တို့က အိပ်မက်တစ်ခုလို ရောယှက်နေသည်။

ယွဲ့ရှင်းဝမ်က သူ့မျက်လုံးကို ပွတ်သပ်လိုက်သည်။
"Tutor ရှိလား? ငါ့ရဲ့အဘိဓာန်ကို အဆင့်မြင့်ချင်တယ်…"

ရင်းနှီးသော အမျိုးသမီးစက်ရုပ်အသံတစ်ခု ထွက်ပေါ်လာသည်။
"အတန်းဖော်ယွဲ့ရှင်းဝမ်ကို ကြိုဆိုပါတယ်… တရုတ်ဘာသာစကားဌာနရဲ့ စွမ်းရည်စာအုပ် ‘ခေတ်သစ် idiom အဘိဓာန်’ကို အဆင့် 2 ကနေ အဆင့် 3 အထိ အဆင့်မြင့်တင်ဖို့ အမှတ် 500 လိုအပ်ပါတယ်… အဆင့်မြင့်ရန် အတည်ပြုပါသလား?"
 
အစတုန်းက အဆင့် 1 မှ အဆင့် 2 သို့ အဆင့်မြင့်တင်ရန် အမှတ် 300 သာ ယူခဲ့သော်လည်း ယခုအခါ အဆင့် 2 မှ အဆင့် 3 သို့ အဆင့်မြင့်ရန် အမှတ် 500 လိုအပ်သည်။ စွမ်းရည်မြင့်မားလေလေ၊ အမှတ်များလေလေဖြစ်ပြီး ဒါက ယွဲ့ရှင်းဝမ် လက်ခံနိုင်သည့် သတ်မှတ်ချက်တစ်ခုဖြစ်တာကြောင့် သူက ခေါင်းငြိမ့်လိုက်သည်။
"အတည်ပြုတယ်…"

သူပြောပြီးသည်နှင့် ‘ခေတ်သစ် idiom အဘိဓာန်’သည် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခု၏ ခေါ်သံအောက်တွင် သူ့လက်ဖဝါးမှ ပျံထွက်လာပြီး ခန်းမအလယ်သို့ လွင့်ပျံသွားသည်။ ထို့နောက် သူ့အဘိဓာန်ကို ဖုံးအုပ်ကာ မျက်နှာကျက်မှ ပြိုးပြိုးပြက်ပြက်ဖြစ်နေသော ရွှေရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

3 စက္ကန့်ကြာပြီးနောက် အလင်းရောင် ပျောက်သွားပြီး tutor ၏ ရင်းနှီးသောအသံက သူ့နားထဲတွင် မြည်လာသည်။
"ဂုဏ်ယူပါတယ်… အဘိဓာန်ကို အဆင့် 3 အထိ အောင်မြင်စွာ အဆင့်မြင့်လိုက်ပါပြီ…"

ယွဲ့ရှင်းဝမ်သည် သူ၏ညာလက်ကို ဆန့်ထုတ်လိုက်ပြီး အဘိဓာန်က နာခံမှုရှိစွာ သူ့လက်ဆီသို့ ပြန်သွားခဲ့သည်။ သူက အမြန်ဖွင့်ကြည့်လိုက်တော့——

[ခေတ်သစ် idiom အဘိဓာန်]

ထုတ်လုပ်သူ: စာကြည့်တိုက်

စွမ်းရည်စာအုပ်ကန့်သတ်ချက်: တရုတ်ဘာသာစကားကျောင်းသားများ

စွမ်းရည်စာအုပ်အဆင့်: အဆင့် 3 (အမှတ်ဖြင့် အဆင့်မြင့်နိုင်သည်)

သော့ဖွင့်ထားသော idiom များမှာ အောက်ပါအတိုင်းဖြစ်သည်——

[လေးစားမှုဖြင့်ဝပ်တွားခြင်း [ခုနစ်အပေါ် ရှစ်အောက်] 
သည် idiom နှစ်မျိုး၏ ဖော်ပြချက်က မပြောင်းလဲသေးပေ။


[ရွှေပုစဉ်းရင်ကွဲခွံ]
ထိန်းချုပ်ခံထားရခြင်း သို့မဟုတ် ဝိုင်းခံထားရသောအခါ ထိန်းချုပ်မှုမှ ချက်ချင်းလွှတ်မြောက်ရန် သတ်မှတ်ထားသော 10 မီတာ အကွာသို့ ရွှေ့နိုင်သည်။

စွမ်းရည်အဆင့်မြင့်တင်ခြင်း(အဆင့် 3/အပြည့်): သုတေသနအဖွဲ့၏ အဖွဲ့၀င်များအားလုံးအတွက် ထိရောက်မှုရှိပြီး အဖွဲ့၀င်များအားလုံးကို ထိန်းချုပ်မှုများမှ လွှတ်ပေးပြီး မီတာ 100 အတွင်း သတ်မှတ်ထားသော မည်သည့်နေရာကိုမဆို ပြောင်းရွှေ့နိုင်ရန် အသုံးပြုနိုင်သည်။ စောင့်ဆိုင်းချိန် 24 နာရီ (⬇️ 12 နာရီ)

ယခင်က အဆင့် 2 ဖြစ်သော ‘ရွှေပုစဉ်ရင်ကွဲခွံ’သည် အဖွဲ့ဝင်များကို မီတာ 20 အထိ ပြောင်းရွှေ့နိုင်သော်လည်း အဆင့် 3 က မီတာ 100 အထိ ရွှေ့နိုင်သည်။ အကွာအဝေးတိုးလာခြင်းက အလွန်သိသာပြီး စောင့်ဆိုင်းချိန်ကလည်း 24 နာရီမှ 12 အထိ ပြောင်းလဲသွားသည်။

ယွဲ့ရှင်းဝမ်က နောက်တစ်ရွက်ကို လှန်လိုက်သည်——

[အလင်းကဲ့သို့လျင်မြန်ခြင်း]
စွမ်းရည်အဆင့်မြင့်တင်ခြင်း(အဆင့် 3/အပြည့်): သည်စွမ်းရည်ကို အသုံးပြုပြီးနောက် သုတေသနအဖွဲ့၏ အဖွဲ့ဝင်အားလုံး ရွေ့လျားမှုအမြန်နှုန်းက 5 မိနစ်ကြာ(⬆️မိနစ် 30 ကြာ) အဆ 500 တိုးလာမည်ဖြစ်ပြီး စောင့်ဆိုင်းချိန်က 1 နာရီဖြစ်သည်။ 

တစ်ဖွဲ့လုံး၏ 5 မိနစ်ကြာ အရှိန်မြင့်ခြင်းက တိုက်ရိုက် မိနစ် 30 ကြာဖြစ်သွားသည်။ တိုးတက်မှုက သာမန်မဟုတ်ပေ။

ယခင်က ‘တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ’တွင် ယွဲ့ရှင်းဝမ်သည် အရှိန်မြင့်ခြင်းစွမ်းရည်ကို အသုံးပြုခဲ့သော်လည်း တစ်ကြိမ်လျှင် 5 မိနစ်သာကြာသောကြောင့် အလွန်သက်ရောက်မရှိပေ။ အကယ်၍ သူတို့သည် ထိုအချိန်တုန်းက မိနစ် 30 ဖြင့် အရှိန်မြင့်နိုင်ပါက အဆုံးမှတ်သို့ရောက်ရန် တစ်နာရီ၊ နှစ်နာရီသာ ကြာလိမ့်မည်။ နောင်အခါ သူတို့တွေ အလုပ်တစ်ခုကို အလျင်စလိုလုပ်ရန် ဒါမှမဟုတ် အရေးကြီးသောအခိုက်အတန့်တွင် လွတ်မြောက်ရန်၊ အဖွဲ့တစ်ခုလုံးအတွက် မိနစ် 30 အရှိန်မြင့်ခြင်းစွမ်းရည်ကို အသုံးပြုတာက အလွန်လိုက်လျောညီထွေရှိမည်ဖြစ်သည်။

[မိုးသည်းခြင်း]
မိုးသည်းခြင်းက ကောင်းကင်ကနေ မိုးသည်းထန်စွာရွာချခြင်းဖြစ်သည်။

စွမ်းရည်အဆင့်မြင့်တင်ခြင်း(အဆင့် 3/အပြည့်): မိုးသည်းထန်စွာရွာသွန်းရန် 10m x10m(⬆️30m x 30m)စတုရန်းဧရိယာအတွင်း ချက်ချင်းရွာသွန်းနိုင်ပြီး လူများကို တိုက်ရိုက်မထိခိုက်စေနိုင်သော်လည်း ၎င်းကို ကြားခံအဖြစ် အသုံးပြုနိုင်သည်။ (အဆင့် 3 အထိ အဆင့်မြင့်ပြီးနောက် မိုးသည်းခြင်းသည် အသုံးပြုသူ၏ညွှန်ကြားချက်အတိုင်း သတ်မှတ်ထားသော း ဦးတည်ရာသို့ ရွေ့လျားနိုင်သည်)

ယွဲ့ရှင်းဝမ်၏မျက်လုံးများက လင်းလက်သွားသည်။ ယခင်က မိုးသည်းခြင်းသည် 100 စတုရန်းမီတာရှိပြီး တည်နေရာကို သတ်မှတ်ထားရသည်။ အဆင့်အပြည့်ထိ မြင့်တင်ပြီးနောက် ၎င်းသည် 900 စတုရန်းမီတာ ကျယ်ဝန်းသော မိုးသည်းခြင်းဖြစ်သွားပြီး ရွေ့လျားနိုင်သည်။

ဤနည်းဖြင့် သူ၏မိုးသည်းခြင်းကြောင့် ရှင်းယန်နှင့် ပူးပေါင်းဆောင်ရွက်လျှင် အက်စစ်မိုးအဖြစ်သို့ ပြောင်းလဲနိုင်ပြီး၊ စီနီယာအစ်ကိုကျိုနှင့် ပူးပေါင်းဆောင်ရွက်လျှင် လျှပ်စစ်မိုး၊ စီနီယာအစ်ကိုလျှိုနှင့် ပူးပေါင်းဆောင်ရွက်လျှင် ဓားမိုးအဖြစ် ပြောင်းလဲနိုင်ပြီး အကွာအဝေးကျယ်သော မိုးသည်းခြင်းက မကောင်းဆိုးရွားတွေကိုသတ်ရန် ရိုးရှင်းသော လက်နက်တစ်ခုဖြစ်သည်။ ပင့်ကူလိုမျိုး သေးငယ်သောအကောင်များနှင့် ကြုံလာသောအခါ သူတစ်ချက်တည်း ရှင်းလင်းပစ်နိုင်သည်။

ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားစွာ နောက်တစ်ရွက်ကို လှန်လိုက်သည်။ အဘိဓာန်ကို အဆင့်မြင့်တင်ပြီးနောက် idiom အသစ်နှစ်ခုပေါ်လာသည်——

[ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း]
ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်းသည် ရှေးခေတ်ဒဏ္ဍာရီလာဇာတ်လမ်း ‘မြွေဖြူမလေး၏ဒဏ္ဍာရီ’ထဲမှ ဇာတ်ကွက်ဖြစ်သည်။ 

အဆင့် 3 Idiom စွမ်းရည်။

သတ်မှတ်ထားသော စတုရန်းမီတာ 100 ဧရိယာအတွင်း ရေလွှမ်းမိုးရန် ဆင့်ခေါ်နိုင်ပြီး စောင့်ဆိုင်းချိန်က 24 နာရီဖြစ်သည်။

[ရဲရဲတောက်ပရေရီမြက်ခင်းပြင်မီး]
မြက်ခင်းပြင်အတွင်း မီးလောင်ကျွမ်းမှုကြောင့် လူသူအရောက်အပေါက်နည်းသွားခဲ့သည်။

အဆင့် 3 Idiom စွမ်းရည်။

ဧရိယာစတုရန်းမီတာ 100 အကျယ်အဝန်းရှိ လောင်ကျွမ်းနိုင်သော အရာအားလုံးကို ချက်ချင်းမီးလောင်နိုင်ပြီး စောင့်ဆိုင်းချိန်က 24 နာရီဖြစ်သည်။

ထို့နောက်တွင် ဗလာစာမျက်နှာတစ်ခုရှိပြီး ရင်းနှီးသောစာလုံး ပေါ်လာသည်။
"စွမ်းရည်စာအုပ်ကို အဆင့်မြင့်တင်ပြီးမှ နောက်ထပ် idiom များကို သော့ဖွင့်နိုင်သည်။"

ယွဲ့ရှင်းဝမ်သည် စွမ်းရည်အသစ်များကို အနီးကပ်ကြည့်ကာ ပိုပိုပြီး စိတ်လှုပ်ရှားလာသည်။

ဤအဆင့်မြင့်တင်မှုသည် အဘိဓာန်စွမ်းရည်များကို ဘက်စုံတိုးတက်စေပါသည်။ ‘ရွှေပုစဉ်းရင်ကွဲခွံ’၊ ‘အလင်းကဲ့သို့လျင်မြန်ခြင်း’နှင့် ‘မိုးသည်းခြင်း’တို့၏ စွမ်းရည်သုံးမျိုးစလုံးကို အပြည့်အဝတိုးတက်စေရုံသာမက ‘ကျင်းရှန်းဘုရားကျောင်းရေလွှမ်းခြင်း’နှင့် ‌‘ရဲရဲတောက်ပရေရီမြက်ခင်းပြင်မီး’တို့ကလည်း အလွန်အစွမ်းထက်သော AOE စွမ်းရည်နှစ်မျိုးကိုပေးစွမ်းနိုင်သည်။

ရေလွှမ်းခြင်းနှင့် မီးလောင်ကို ကြီးမားသောအကွာအဝေးအတွင်း ဖြစ်ပေါ်စေနိုင်သည်။ ယခုအချိန်တွင် ယွဲ့ရှင်းဝမ်သည် သူ၏တရုတ်ဘာသာစကားဌာန၏ အဘိဓာန်သည် စာကြည့်တိုက်၏ ‘မှော်အဘိဓာန်’ဖြစ်တာကို လေးနက်စွာ သဘောပေါက်လိုက်သည်။

ယခင်က လူတွေကို အဘိဓာန်နဲ့ ရိုက်နှက်ပြီး သုံးခဲ့တာ သူတကယ်ကို မှားခဲ့သည်။

ယွဲ့ရှင်းဝမ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပစ္စည်းကောင်းကောင်းနဲ့ မာကျောသောအဖုံးကို ပေါ့ပါးစွာ ထိတွေ့လိုက်ပြီး အဘိဓာန်ကို ပြန်သိမ်းလိုက်သည်။
"ငါ့ရဲ့အဘိဓာန်ကို အဆင့် 4 အထိ အဆင့်မြင့်ဖို့ ဘယ်နှစ်မှတ်လိုလဲ?"

စာကြည့်တိုက် tutor: "အဆင့် 3 မှ အဆင့် 4 ကို အဆင့်မြင့်ရန် အမှတ် 800 လိုအပ်ပါတယ်…"

ယွဲ့ရှင်းဝမ်က အမှတ် 1,600 ဖြင့် ဒေတာဘေ့စ်စင်တာသို့ ရောက်လာသည်။ သူက အမှတ် 500 ပဲသုံးခဲ့ပြီး 1100 မှတ်ကျန်ပါသေးသည်။ အဘိဓာန်ကို အဆင့် 4 သို့ ဆက်လက် အဆင့်မြင့်မည်ဆိုပါက အမှတ်များ လုံလောက်မည်ဖြစ်သော်လည်း တည်းခိုခန်းတွင် သူတွေ့သော တရုတ်ဘာသာစကားဌာန၏ ဂျူနီယာညီမလေးကို သတိရမိသည်။ သူမသည် ‘ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း’ကို ကိုင်ဆောင်ထားတာကြောင့် သူမနေနိုင်ဘဲ မေးလိုက်သည်။
"အခြားစာအုပ်တွေနဲ့ ငါလဲလှယ်လို့ရလား?"

အဘိဓာန်စာအုပ်တစ်ခုသာ ရှိသေးပြီး အကန့်အသတ်လည်းရှိသည်။ ချင်မြောင်၏ ကြီးမားသောလှုပ်ရှားမှုဖြစ်သည့် ‘စစ်တပ်အာဏာကို ဖြတ်ချဖို့ ဝိုင်ခွက်တွေကိုသုံးမယ်’ဆိုတာက သူ၏အဘိဓာန်ကို တိုက်ရိုက် ပျောက်ကွယ်သွားစေနိုင်တာကြောင့် သူ့မှာ ဘာစွမ်းရည်မှ မရှိတော့ဘူးမလား။

စာကြည့်တိုက် tutor: ရပါတယ်… စာအုပ်တွေကမတူတာကြောင့် အမှတ်တွေကလည်း မတူပါဘူး… သင်ကိုယ်တိုင် စာအုပ်စင်ကနေ စာအုပ်တွေကို ရွေးနိုင်ပါတယ်…"

ယွဲ့ရှင်းဝမ်က စာအုပ်စင်ရှေ့သို့ လျှောက်သွားသည်။

‘စွမ်းရည်စာအုပ်ကိုထုတ်ယူရန်’တောင်းဆိုချက်ကြောင့် စာအုပ်များအားလုံးတွင် စူပါမားကတ်ဈေးနှုန်းနှင့် ဆင်တူသည့် ဘေးဘက်တွင် အမှတ်ဈေးနှုန်းရှိသည်။

သူတစ်ချက်ကြည့်လိုက်တော့ အလယ်မှာ ‘ပုဒ်ဖြတ်ပုဒ်ရပ်သင်္ကေတစွယ်စုံကျမ်း’ကို သူတွေ့လိုက်ပြီး ဤစာအုပ်အတွက် လိုအပ်သောအမှတ်များမှာ 1,200 ဖြစ်သည်။ ဂျူနီယာညီမလေးက comma၊ period၊ ellipse တွေကို အသုံးပြုတာ ယခင်က သူမြင်ဖူးပြီး အတော်လေး ပျော်စရာကောင်းသည်။ ကံမကောင်းစွာဘဲ ၎င်းကို လဲလှယ်ရန် သူ့အမှတ်က မလုံလောက်တော့ပေ။

သူ အခြားစာအုပ် ကြည့်ကြည့်ရမလား?

ယွဲ့ရှင်းဝမ်၏အကြည့်က စာအုပ်စင်တစ်ဝိုက်ကို ဝှေ့ကြည့်လိုက်သည်။ တရုတ်ဘာသာစကားဌာန၏ ဒေတာဘေ့စ်သည် စာကြည့်တိုက်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည်။ ရှေးဟောင်းစာအုပ် အမျိုးအစားအားလုံးက အလွန်ပြည့်စုံနေပြီး ခေတ်ပေါ်နှင့် ခေတ်ပြိုင်စာရေးဆရာများ၏ ကိုယ်ရေးကိုယ်တာစုစည်းမှုများစွာလည်း ရှိပါသည်။ ‘လူရွှင့်၏ လက်ရာမြောက်စာအုပ်များ’တစ်ခုတည်းပင် အတွဲဒါဇင်ကျော်ရှိကာ တစ်တွဲလုံးကို သူလဲလှယ်ချင်ပါက အမှတ် 5,000 အထိ လိုအပ်သည်။ အရိုးစွဲသောပရိသတ်များအတွက် တစ်တွဲလုံးကို လဲလှယ်ရန် အမှတ်များစွာကို သိမ်းဆည်းရမည်ဟု ခန့်မှန်းရသည်။

အခြားစာရေးဆရာများ၏ လက်ရာမြောက်စာအုပ်များကလည်း အမှတ်များများလိုအပ်သည်။ ဥပမာအားဖြင့် ‘ကျန်းအိုက်လင်၏လက်ရာမြောက်စာအုပ်များ’သည် အမှတ် 3,000 လိုအပ်သည်။ ‘စစ်ခုချွမ်ရှူး’က အကျယ်ပြန့်ဆုံးဖြစ်တာကြောင့် အမှတ် 8,000 ရှိသည်။

ယွဲ့ရှင်းဝမ်သည် အမှတ် 1,100 ကျော်ဖြင့် စာအုပ်အားလုံးကို ကျော်သွားပြီး ဈေးပေါသော စာအုပ်တချို့ကို ရှာဖွေခဲ့သည်။

သူသည် စာအုပ်စင်၏ထောင့်သို့ လျှောက်သွားကာ ရုတ်တရက် ပါးလွှာသော “ခေတ်သစ်စာရေးဆရာများဂန္တဝင်လက်ရာများ”စာအုပ်အပေါ် သူ့အကြည့်ရောက်သွားသည်—— ခေတ်သစ်စာရေးဆရာများသည် ယေဘုယျအားဖြင့် 1917 ခုနှစ် ယဉ်ကျေးမှုသစ်လှုပ်ရှားမှု၏အစကတည်းက 1949 ခုနှစ် တိုင်းပြည်ကိုတည်ထောင်စဉ်အတွင်း စာပေလောကတွင် တက်ကြွစွာပါဝင်ခဲ့ကြသော စာရေးဆရာများကို ရည်ညွှန်းသည်။ ထိုကာလအတွင်း စာပေလောကတွင် အရည်အချင်းပြည့်မီသော စာရေးဆရာများမှာ လူရွှင့်၊ ပါကျင်း၊ ရှန်ချုံဝမ်၊ ကျန်းအိုက်လင်၊ ကျူးကျစ်ချင်း စသည်တို့ဖြစ်သည်။

ယွဲ့ရှင်းဝမ်က သည်လို ‘ဂန္တဝင်လက်ရာများ’စာအုပ်ကိုလည်း ဖတ်ဖူးသည်။ စာရေးဆရာတစ်ဦး၏ဘဝကို နားလည်နိုင်သော ‘စာရေးဆရာများ၏ လက်ရာမြောက်စာအုပ်များ’ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် နှံ့စပ်မှုမရှိသော်လည်း ‘ဂန္တဝင်လက်ရာများ’က ပို၍ကျယ်ပြန့်သော လက်ရာများဖြင့် ဖုံးအုပ်ထားသည်။ စာအုပ်တစ်အုပ်တွင် စာရေးဆရာများစွာ၏ ကိုယ်စားပြု လက်ရာများ ပါရှိမည်ဖြစ်ပြီး စွမ်းရည်စာအုပ်အဖြစ် အသုံးပြုရန် ပိုမိုသင့်လျော်ပါသည်။

အရေးအကြီးဆုံးကတော့ သည်စာအုပ်ကိုရွေးရန် အမှတ် 1,100 သာ လိုအပ်သည်။

ယွဲ့ရှင်းဝမ်၏ မျက်လုံးများ တောက်ပလာပြီး ချက်ချင်းပြောလိုက်သည်။
"ငါ ဒီစာအုပ်ကို လဲချင်တယ်…"

သူက လက်ကိုဆန့်ကာ စာအုပ်ကို စင်ပေါ်ကနေ ဆွဲထုတ်လိုက်သည်။ သူ့နားထဲကနေ အချက်ပေးသံထွက်လာသည်။
"အတန်းဖော်ယွဲ့ရှင်းဝမ်၊ ‘ခေတ်သစ်စာရေးဆရာများ၏ ဂန္တဝင်လက်ရာများ’စာအုပ်အသစ်အတွက် အမှတ် 1,100 ကို အသုံးပြုချင်တာ သေချာပါသလား?"

ယွဲ့ရှင်းဝမ်: "သေချာတယ်!"

စက်ရုပ်အသံ: "အောင်မြင်စွာ လဲလှယ်ပြီးပါပြီ…"

သူ၏ညာလက်ဖဝါးတွင် idiom အဘိဓာန်သင်္ကေတအပြင် စာအုပ်အသစ်သင်္ကေတတစ်ခုပါ ပေါ်လာသည်။

ယွဲ့ရှင်းဝမ်က စိတ်လှုပ်ရှားစွာဖြင့် စာအုပ်ကိုဖွင့်လိုက်သည်——

[ခေတ်သစ်စာရေးဆရာများ၏ ဂန္တဝင်လက်ရာများ]

ထုတ်လုပ်သူ: စာကြည့်တိုက်

စွမ်းရည်စာအုပ်ကန့်သတ်ချက်: တရုတ်ဘာသာစကားကျောင်းသားများ

စွမ်းရည်စာအုပ်အဆင့်: အဆင့် 1 (အမှတ်ဖြင့် အဆင့်မြင့်နိုင်သည်)

သော့ဖွင့်ထားသော ဆောင်းပါးများမှာ အောက်ပါအတိုင်းဖြစ်သည်——

ပထမစာမျက်နှာကို လှည့်ကြည့်လိုက်တော့ အနက်ရောင်စာလုံးလေးတွေနဲ့ ပြည့်နေသော စာမျက်နှာဟာ ကျူးကျစ်ချင်း၏ စာတမ်းတို ‘နောက်ကျောမြင်ကွင်း’၏ စာသားအပြည့်အစုံ ဖြစ်သွားသည်။

ယွဲ့ရှင်းဝမ်သည် ဆောင်းပါးကို လျင်မြန်စွာ စစ်ဆေးပြီး နောက်စာမျက်နှာတစ်ခုကို လှန်ကြည့်လိုက်ရာ စာလုံးက အရောင်ရင့်နေပြီး စွမ်းရည်အသစ် ထွက်ပေါ်လာတာကို တွေ့ရှိခဲ့သည်။

[ကျွန်တော်ပြောခဲ့သည်: "‌အဖေ မသွားပါနဲ့…"

သူက ကားထဲကနေ ကြည့်လိုက်ပြီး ပြောလာသည်: "ငါ လိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…"]

—— ကျူးကျစ်ချင်း၏ “နောက်ကျောမြင်ကွင်း”မှ ကောက်နုတ်ချက်

စွမ်းရည်: နောက်ကျောမြင်ကွင်း

စွမ်းရည်ကိုအသုံးပြုသောအခါ ‘ငါလိမ္မော်သီး သွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…’ဟု ပစ်မှတ်ကို ပြောရမှာဖြစ်ပြီး သတ်မှတ်ထားသောပစ်မှတ်သည် သင်လိမ္မော်သီးသွားဝယ်မှာကို စောင့်ဆိုင်းနေလိမ့်မည်။ သင်က ပစ်မှတ်ကို လိမ္မော်သီးမပေးသ၍ ပစ်မှတ်က သင်၏နောက်ကျောကိုသာ အသံတိတ်ဖြင့် ကြည့်လို့ရပြီး 5 မိနစ်အထိ လုံးဝလှုပ်ရှား၍မရပေ (လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်ဖြစ်ပြီး ဖယ်ရှား၍မရတာကြောင့် ထိန်းချုပ်ခံလိုက်ရစဉ်အတွင်း ဘယ်သူမှ တိုက်ခိုက်၍မရပါ။)

သင်က လိမ္မော်သီးတစ်လုံး ရနိုင်သည်။

စွမ်းရည်ကန့်သတ်ချက်: သင်တန်းစာမေးပွဲတစ်ခုစီတွင် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။

ယွဲ့ရှင်းဝမ်: "..."

ကျူးကျစ်ချင်း၏ စာတမ်းတို ‘နောက်ကျောမြင်ကွင်း’သည် ဖခင်ဖြစ်သူက သူ့အား ရထားဘူတာရုံသို့ ခေါ်ဆောင်သွားသည့် မြင်ကွင်းဖြစ်သည်။ နောက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် ‘စာပေဖြင့်ဆဲဆိုခြင်း’နည်းလမ်းသစ်ကို တီထွင်ခဲ့သည်။ ဥပမာအားဖြင့် A ဖြစ်သူက B ကို ‘ငါလိမ္မော်သီးသွားဝယ်ဦးမယ်… မင်းဒီမှာနေပြီး လှည့်မကြည့်နဲ့…’ဟူသော စာသားကို အတိုချုံးလိုက်သောအခါ ‘မင်းက ငါ့သားပဲ’ဟု အဓိပ္ပါယ်ဖြစ်သွားသည်။ 

အဘယ်ကြောင့်ဆိုသော် ဒီစကားများသည် ကျူးကျစ်ချင်၏အဖေဖြစ်သူက သူ့အားပြောခဲ့သောစကားဖြစ်သည်။

အင်တာနက်ပေါ်တွင်ပျံ့နှံ့နေသော ‘လိမ္မော်သီးညှာတံ’က ‘နောက်ကျောမြင်ကွင်း’စာတမ်းတိုမှ ဖြစ်သည်။
 
သူလဲလှယ်ခဲ့သော ‘ခေတ်သစ်စာရေးဆရာများ၏ ဂန္တဝင်လက်ရာများ’မှာ လိမ္မော်သီးဝယ်ခြင်းစွမ်းရည်ရှိလာမည်ဟု ယွဲ့ရှင်းဝမ် ဘယ်တုန်းကမှ မထင်မိခဲ့ပေ။

သူက သည်စကားသားကို ပြောလိုက်လျှင် လိမ္မော်သီးတစ်လုံးရဖို့အတွက် သတ်မှတ်ထားသော ‘သား’ဖြစ်သူက လှုပ်ရှားခြင်းမရှိဘဲ သူ့နောက်ကျောကို 5 မိနစ်လောက် ကြည့်နေရမှာဖြစ်သည်။

လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်က ယွဲ့ရှင်းဝမ် ကြုံတွေ့ခဲ့ရသည့် ပထမဆုံးဖော်ပြချက်ဖြစ်သည်။

သာမန်ထိန်းချုပ်မှုစွမ်းရည်များနှင့်မတူဘဲ လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်ကို ဖယ်ရှား၍မရပေ။ တစ်နည်းဆိုရလျှင် ကျူးကျစ်ချင်း၏ ‘နောက်ကျောမြင်ကွင်း’ဖြင့် ထိန်းချုပ်ထားသောပစ်မှတ်သည် ‘ရွှေပုစဉ်းရင်ကွဲခွံ’၏ လွှတ်မြောက်ခြင်းစွမ်းရည်ဖြင့်လည်း ဖယ်ရှားနိုင်မည်မဟုတ်ပေ။ ယွဲ့ရှင်းဝမ်က တစ်ဖက်လူကို လိမ္မော်သီးပေးမှသာ သည်စွမ်းရည်ကို ဖယ်ရှားနိုင်သည်။

ထူးဆန်းသောဖော်ပြချက်ကို လျစ်လျူရှုလိုက်ပါက ၎င်းသည် အမှန်တကယ် အစွမ်းထက်သည့် ထိန်းချုပ်မှုစွမ်းရည်တစ်ခုဖြစ်သည်။

သူတို့မတိုက်ခိုက်သော BOSSနဲ့တွေ့သောအခါ ‘ငါလိမ္မော်သီးသွားဝယ်ဦးမယ်’လို့ ပြောလိုက်ရုံနဲ့ BOSS က ရပ်သွားပြီး သူ့နောက်ကျောကိုသာ ကြည့်နေရမည်။ ထို့နောက် အားလုံးအဆင်သင့်ဖြစ်ချိန်မှ တစ်ဖက်သို့လှည့်ပြီး လိမ္မော်သီးတစ်လုံးပေးလိုက်မည်။ အဖွဲ့ဝင်က အန္တရာယ်ကြုံနေသောအခါ သူက ‘ငါလိမ္မော်သီးသွားဝယ်ဦးမယ်’လို့ ပြောလိုက်ပြီး သူ့အဖွဲ့ဝင်ကို 5 မိနစ်လောက် ရပ်ခိုင်းထားကာ တိုက်ခိုက်မှုအားလုံးကို ဖယ်ရှားနိုင်မည်မလား။

လိမ္မော်သီးဝယ်ခြင်းက ခေတ္တရပ်ခလုတ်ကို နှိပ်ခြင်းနှင့် ညီမျှပြီး ထိန်းချုပ်ခံရသောလူက 5 မိနစ်ကြာ မလှုပ်ရှားနိုင်ဘဲ တိုက်ခိုင်ခြင်းကိုလည်း မခံရပေ။

ယွဲ့ရှင်းဝမ်က သူ့နားထင်ကို ပွတ်သပ်လိုက်သည်—— စာကြည့်တိုက်၏စွမ်းရည်တွေက တကယ်ကို ထူးဆန်းပြီးရင်း ထူးဆန်းလာသည်။

ဤထူးဆန်းသောစာအုပ်ကို လဲလှယ်ပြီးနောက် သူတို့အဖွဲ့၏ပုံစံက ‘ရယ်စရာအဖွဲ့’အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲလာမလားဟု သူအမြဲတမ်း ခံစားမိနေသည်။

လက်ရှိတွင် ကျူးကျစ်ချင်း၏ ‘နောက်ကျောမြင်ကွင်း’သည် ရှားပါးသော ‘လွှမ်းမိုးထိန်းချုပ်ခြင်းစွမ်းရည်’အဖြစ် ဤစာအုပ်အသစ်တွင် ပေါ်လာသည်။

သူသည် အနာဂတ်တွင် ဤစာအုပ်ကို အဆင့်မြင့်တင်ရန် အလွန်မျှော်လင့်နေပြီး မည်သည့်စာရေးဆရာကြီးများ၏ လက်ရာများ ပေါ်လာမည်နည်း။

『TK: ကျူးကျစ်ချင်းရဲ့ စာတမ်းတို ‘နောက်ကျောမြင်ကွင်း’က တကယ်တော့ အရမ်းဝမ်းနည်းစရာကောင်းပါတယ်၊ ဒီမှာ ဟာသအနေနဲ့ စွမ်းရည်အဖြစ်ထည့်ထားတာပေါ့။ ကျူးကျစ်ချင်းရဲ့အဖေက သူ့ကိုရထားဘူတာရုံဆီ လိုက်ပို့ပြီး ကျူးကျစ်ချင်းအတွက် လိမ္မော်သီးသွားဝယ်ပေးတဲ့ သူ့အဖေနဲ့နောက်ကျောကို မတုန်မလှုပ်ဘဲ ကြည့်နေခဲ့တာဖြစ်ပါတယ်။ သူ့အဖေ လိမ္မော်သီးဝယ်ပေးပြီး သူ့သားကို ရထားပေါ်တင်ပြီးနောက် သူတို့သားအဖနှစ်ယောက်ဟာ ဘယ်တော့မှ ပြန်မတွေ့တော့ပါဘူး။ ကျူးကျစ်ချင်းအတွက် သူ့အဖေကို ရထားဘူတာရုံမှာ တွေ့ခဲ့ရတာက နောက်ဆုံးမြင်ကွင်းဖြစ်ခဲ့ပါတယ်။』

#TK