Chapter 49
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 49 (သေခြင်းကုဒ် ၀၉)


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့ တည်းခိုခန်းကို ပြန်ရောက်သောအခါ ကျန်းဖျင်စစ်က ထင်းတွေကို မီးဖိုချောင်မှာ ထားလိုက်သည်။ ကျောင်းသာများက မှိုတွေနဲ့ တောရိုင်းအသီးအနှံများစွာကို ကောက်ထားကြပြီဖြစ်သည်။ ချင်မြောင်ကလည်း မျှစ်များစွာကို တူးဖော်ပြီး ပြန်လာသည်။ ယွဲ့ရှင်းဝမ်က ကျောင်းသားကို တစ်ချက်ကြည့်ကာ မေးလိုက်သည်။

"ဘယ်သူဟင်းချက်တတ်လဲ?"


ချင်မြောင်က လက်မြှောက်လာသည်။

"ငါချက်လိုက်မယ်…"


တည်းခိုခန်းနောက်ဘက်တွင် ရေတွင်းတစ်တွင်းရှိသည်။ လျှိုကျောက်ချင်းက ရေပုံးတစ်ပုံးယူကာ ရေဖြည့်ပြီး မီးဖိုချောင်ထဲထားလိုက်သည်။ ချင်မြောင်က အိုးဆေးရန် ပုံးထဲက ရေကိုခတ်ပြီး ကျွမ်းကျင်စွာ လောင်းဆေးနေတာကို မြင်သောအခါ လျှိုကျောက်ချင်းက အံ့ဩသွားသည်။

"ဂျူနီယာညီမလေးက ဟင်းချက်တတ်တာလား?"


ချင်မြောင်က အိုးကို ဆေးရင်း ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

"ကျွန်မမိဘတွေ အိမ်မှာ မရှိတဲ့အချိန်တိုင်း ကျွန်မပဲဟင်းချက်တာ…"


ချင်လုက သံယောင်လိုက်သည်။

"ကျွန်မအစ်မရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းပေမယ့် ဒီမှာက ဟင်းချက်လို့ရတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ အများကြီးမရှိတာ ကံဆိုးတယ်…"


လျှိုကျောက်ချင်းက ရယ်သည်။

"ဒါက အများသူငါစိတ်ကြိုက်သင်တန်းထက်တော့ အများကြီး ပိုကောင်းပါတယ်… အနည်းဆုံးတော့ ဆားရှိတာပေါ့!"

သူ့အင်္ကျီလက်တွေကို ခေါက်လိုက်ပြီး သူ့ဘေးက ဟင်းသီးဟင်းရွက်များကို ဆေးကြောကာ သူ၏ညာဘက်လက်ဖြင့် ခွဲစိတ်ဓားအနည်းငယ်ကို ထုတ်ယူပြီး ပြောလိုက်သည်။

"ဒီမီးဖိုချောင်သုံးဓားမှာ သွေးတွေပေနေတယ်… လူသတ်ထားတာလည်း ဖြစ်နိုင်တယ်… သန့်ရှင်းတဲ့ ခွဲစိတ်ဓားနဲ့ မင်းအတွက် ဟင်းသီးဟင်းရွက်တွေကို ငါဖြတ်ပေးမယ်…"


မီးဖိုချောင်ထဲမှာ လူတော်တော်များများက အလုပ်ရှုပ်နေကြပြီး ယွဲ့ရှင်းဝမ်ကဟင်းချက်မတတ်နိုင်တာကြောင့် ထမင်းစားခန်းပွဲမှာ ထိုင်ပြီး ဒီကိစ္စကို ခွဲခြမ်းစိတ်ဖြာရန် ကျန်းဖျင်စစ်ကို ခေါ်လိုက်သည်။ 


နာရီဝက်အကြာတွင် ဟင်းအမယ်အနည်းငယ်က စားပွဲပေါ်ရောက်လာပြီး ချင်လုက သန့်ရှင်းသော တူများကို လူတိုင်းအား ဝေငှပေးသည်။


လူတိုင်းက တစ်နေကုန် ဗိုက်ဆာနေတာကြောင့် ဟင်းများကို မြိန်ရေရှက်ရေစားကြသည်။ ချင်မြောင်၏ဟင်းလျာများက အလွန်အရသာရှိပြီး အေးစက်သော အသွင်အပြင်ရှိသည့် မိန်းကလေးက ဤမျှ ကောင်းမွန်စွာ ဟင်းချက်စွမ်းရည် ရှိလိမ့်မည်ဟု ယွဲ့ရှင်းဝမ် မထင်ထားခဲ့ပေ။


လူတိုင်း စားရင်း စကားစမြည်ပြောနေကြသည်။ စားပွဲဝိုင်းတွင် မှိုနှင့်မျှစ်များ ပြည့်နေပြီး ဟင်းချိုရည်နှင့် သက်သက်လွတ်ဟင်းများက လူတိုင်း၏စိတ်ထဲတွင် သက်သက်လွတ်စားသော ‘ဗုဒ္ဓဘာသာဝင်’များ ဖြစ်သွားစေသည်—— စာကြည့်တိုက်တွင် သူတို့၏လိုအင်ဆန္ဒများက အလွန်မမြင့်သင့်ဘဲ ဗိုက်ပြည့်အောင်စားရရုံဖြင့် လုံလောက်ပါသည်။


မှောင်စပြုလာသောအခါ လူတိုင်း ညစာစားပြီးကြပြီး ထမင်းစားပွဲမှာပဲ စုဝေးကြပြန်သည်။


ယွဲ့ရှင်းဝမ်ကလည်း သူ့အတွေးများကို ရှင်းထုတ်ပြီး သူ၏ခန့်မှန်းချက်များကို အတန်းဖော်များထံ ပြောပြခဲ့သည်။

"ငါ့မှာ အရဲစွန့်ရလောက်တဲ့ ခန့်မှန်းချက်တစ်ခုရှိတယ်—— ဒီနေရာက ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွက် တည်းခိုခန်းဖြစ်နိုင်တယ်…"


ဒါကိုကြားတော့ ခယ်ရှောင်ပင်းက စိတ်ရှုပ်သွားပြီး အသံတိုးတိုးဖြင့် မေးသည်။

"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ဆိုတာ ဘာလဲ?"


သူ့ဘေးတွင်ထိုင်နေသော ချင်မြောင်က ပေါ့ပါးစွာ ရှင်းပြသည်။

"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ဆိုတာ လူသတ်မှုပဟေဠိ၊ သရုပ်ဆောင်ရတဲ့ဂိမ်းတစ်ခုပဲ… လူတိုင်းက တစ်ယောက်နဲ့တစ်ယောက် မသိကြဘဲ လူသတ်မှုဇာတ်ညွှန်းအရ အမျိုးမျိုးသောဇာတ်ကောင် အခန်းကဏ္ဍမှာ ပါဝင်သရုပ်ဆောင်ပြီး လူသတ်သမားကို ကျိုးကြောင်းဆင်ခြင်ပြီး ရှာရတယ်… တကယ်လို့ ဒါက ရှေးခေတ်လူသတ်မှုလျှိုဝှက်ဆန်းကြယ်ဂိမ်းဆိုရင် လူတိုင်းရဲ့ ဖုန်းတွေကို အများအားဖြင့် အသိမ်းခံရပြီး လူတိုင်း ရှေးခေတ်အဝတ်အစားတွေကို ပြောင်းလဲပြီးတော့ ရှေးခေတ်ရဲ့ အခန်းကဏ္ဍမှာ ကစားခိုင်းစေတဲ့အတွက် ကစားသမားတွေအနေနဲ့ ရှေးခေတ်လူသတ်မှုကိစ္စရဲ့ စိတ်လှုပ်ရှားစရာတွေကို နစ်မြုပ်ခံစားနိုင်စေမှာဖြစ်တယ်…"

 

ခယ်ရှောင်းပင်းက ရှင်းပြချက်ကိုနားထောင်ပြီးနောက် သဘောပေါက်သွားပြီး မျက်မှန်ကိုပင့်တင်ကာ ပြောသည်။

"တစ်နည်းအားဖြင့်ပြောရရင် ဒီ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ကစားဖို့အတွက် ကစားသမားတွေက ဒီမှာ တစ်ရက်နှစ်လောက်နေပြီး ရှေးဟောင်းအဝတ်အစားတွေဝတ်ပြီးတော့ မတူညီတဲ့အခန်းကဏ္ဍတွေကို ကစားရမှာပေါ့… ဒါက အပေါ်ထပ်က သိုလှောင်ခန်းထဲမှာ ရှေးခေတ်အဝတ်အစားမျိုးစုံရှိနေတာပေါ့… ကစားသမားတွေက မြို့ပြင်ထွက်ပြီး ဒီဂိမ်းကို ကစားဖို့အတွက် ခရီးသွားရမှာဆိုတော့ သူတို့က ခရီးဆောင်အိတ်တွေကို ယူဆောင်လာပြီး ထပ်ခိုးမှာတွေ့ခဲ့တဲ့ ခရီးဆောင်အိတ်တွေကို ရှင်းပြနိုင်သွားပြီမလား?"


လျှို့ကျောက်ချင်းက သူ့ခေါင်းကို ပွတ်လိုက်သည်။

"ဒါဆို ငါတို့ အိမ်မက်မက်ခဲ့တဲ့ ရှေးခေတ်အကြောင်းအရာက တကယ်တော့ ဇာတ်ညွှန်းလား?"


လူတိုင်းက ယွဲ့ရှင်းဝမ်ကို ကြည့်လာကြသည်။


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ဟုတ်တယ်… ဒီသင်တန်းရဲ့ အခက်ခဲဆုံးအပိုင်းက ‘ဇာတ်လမ်းအတွင်းမှာ ဇာတ်လမ်း’နောက်ခံရှိနေတာပဲ… သဲလွန်စအားလုံးကို နားလည်ဖို့ အပိုင်းနှစ်ပိုင်းခွဲထားတယ်… ခေတ်ဘက်အပိုင်းမှာ လူသတ်သမားက တည်းခိုခန်းမှာ လူတွေကို သတ်တယ်… ရှေးခေတ်အပိုင်းမှာ အဲဒါက လူသတ်သမားရေးထားတဲ့ ဇာတ်ညွှန်းဖြစ်တယ်… အပိုင်းနှစ်ပိုင်းစလုံးရဲ့ အမျိုးသမီးဇာတ်ဆောင်မှာ စူးလို့အမည်ရတဲ့အတွက် ရှေးခေတ်ဇာတ်ညွှန်းတွေက လက်တွေ့ဖြစ်ရပ်တချို့ကို ရည်ညွှန်းနိုင်တယ်… ဒါပဲ၊ ဇာတ်ညွှန်းက လက်တွေ့ကို အခြေခံထားတာ…"


သူသည် ကျန်းဖျင်စစ်နှင့်အတူ စာရင်းပြုစုခဲ့သော သဲလွန်စများကို စာရွက်နှစ်ရွက်ပေါ်တွင် ချရေးထားကာ စားပွဲပေါ်တွင် ဖြန့်ပြီး စိတ်ရှည်လက်ရှည် ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ငါတို့လက်ရှိနေထိုင်တဲ့ကမ္ဘာက ကမ္ဘာအစစ်ဖြစ်ပြီး ဒီကမ္ဘာမှာ လူသတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့တယ်… တည်းခိုခန်းက ထူးဆန်းသောဖွဲ့စည်းပုံရှိပြီး ဒီနေရာကို ဂရုတစိုက် တည်ဆောက်ထားတယ်… လူသတ်သမား ဒီလိုဂိမ်းမျိုးကို နှစ်သက်တဲ့ လူငယ်တချို့ကို တည်းခိုခန်းဆီ ဆွဲဆောင်ပြီး မိန်းကလေးတချို့ကို တိတ်တဆိတ် သတ်ပြီးတော့ သတို့သမီးအဝတ်အစားတွေကိုဝတ်ပေးပြီး သိုလှောင်ခန်းထဲမှာ အလောင်းတွေကို ဝှက်ထားခဲ့တယ်…"


ကျန်းဖျင်စစ်က ထပ်ပေါင်းပြောသည်။

"တည်းခိုခန်းက အမှတ် 7၊ သိုလှောင်ခန်းထဲမှာ ထိုင်ခုံ 7 လုံးရှိတယ်၊ တစ္ဆေသတို့သမီးက 7 ယောက်၊ လူသတ်သမားက ‘7’ဂဏန်းကို အစွမ်းအလမ်းကြီးနေတယ်ဆိုတာ သိသာတယ်… ဒါပေမယ့် လက်တွေ့ကမ္ဘာမှာ ငါတို့မသိရသေးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုရှိသေးတယ်—— တောအုပ်အပြင်မှာ မြှုပ်နှံထားတဲ့ အမျိုးသမီးကို သိုလှောင်ခန်းထဲက လူသေ 6 ယောက်နဲ့ အတော်လေးကွဲပြားသလို ဆက်ဆံထားတယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"ဒါ့အပြင် အုတ်ဂူမှာ ‘ချစ်လှစွာသောဇနီးစူးဝမ်ရှင်း၏ အုတ်ဂူ’ဆိုတဲ့ စကားလုံးကို ထွင်းထုထားတယ်… မြေကြီးထဲမှာ မြှုပ်နှံခံထားရတဲ့ အမျိုးသမီးကို လူသတ်သမားက မသတ်ခဲ့ဘဲ အခြားဖြစ်ရပ်တစ်ခုခုကြောင့် သေဆုံးသွားတာကြောင့် သူမကို လေးလေးနက်နက် ချစ်ခဲ့တဲ့ သူမခင်ပွန်းက သဂြိုဟ်ထားတာဖြစ်နိုင်တယ်…"


သူက ခဏရပ်ကာ ကောက်ချက်ချလိုက်သည်။

"တစ်နည်းဆိုရရင် အုတ်ဂူထဲမှာ တွေ့ခဲ့တဲ့ အမျိုးသမီးက ‘သေဆုံးသူ 7 ယောက်’နဲ့ ‘တစ္ဆေသတို့သမီး 7 ယောက်’ထဲကို တိုက်ရိုက်ပေါင်းထည့်လို့မရဘူး… သူမက ထူးခြားတဲ့တည်ရှိမှုတစ်ခုဖြစ်တယ်ဆိုတာ သိသာတယ်… ငါတို့တွေက အလောင်း 7 လောင်းတွေ အားလုံးကို မတွေ့သေးဘူးဆိုတဲ့အချက်ကို ငါပိုပြီးအလေးထားပြောချင်တယ်…"


ချင်မြောင်က ဒါကို သေသေချာချာ တွေးပြီး ထောက်ခံသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… တည်းခိုခန်းနဲ့ သိုလှောင်ခန်းတွေရဲ့ အပြင်အဆင်ကို ကြည့်ပြီး လူသတ်သမားက စုဆောင်းရတာ ဝါသနာပါပြီး ပြင်းထန်တဲ့ စိတ်လမ်းမှုစိတ်ရောဂါရှိတယ်… သိုလှောင်ခန်းထဲမှာ ထိုင်ခုံ 7 လုံး ရှိတာကြောင့် အလောင်း 7 လောင်းနဲ့ သက်ဆိုင်နိုင်တယ်… အမျိုးသမီး 6 ယောက်ရဲ့ အလောင်းကိုပဲ ချည်ထားပြီး ထိုင်ခုံအလွတ်တစ်လုံးထားဖို့ဆိုတာ သူ့အနေနဲ့ ဘယ်လိုမှမဖြစ်နိုင်ဘူး…"


ကောင်းရှောင်ရှင်းက ဘာမှစဉ်းစားမရကာ ကြည့်နေသည်။

"နောက်ထပ် အလောင်းတစ်လောင်းရှိသေးတယ်ဆိုရင် အဲဒါက ဘယ်မှာလဲ?"


လူတိုင်းက ဆင်ခြင်သုံးသပ်နေကြပြီး သူတို့ကို မျက်လုံးတစ်စုံက ကြည့်နေသကဲ့သို့ အမြဲတမ်း ကြက်သီးမွေးညင်းထသလို ခံစားနေရသည်။ 


ယွဲ့ရှင်းဝမ်က ရုတ်တရက် ပြောလာသည်။

"ဒီအဆောက်အဦးမှာ ထပ်ခိုးတောင် ရှိတာဆိုတော့ မြေအောက်ခန်းရော ရှိနိုင်တယ်မဟုတ်ဘူးလား?"


ကောင်းရုန်ချန်၏မျက်လုံးများ တောက်ပလာသည်။

"ဟုတ်တယ်! မြေအောက်ခန်းကို အပြင်ကနေ မမြင်ရတော့ အဆောက်အဦးရဲ့ အမြင့်ကို မထိခိုက်နိုင်ဘူး… ငါတို့တွေ ဒီအဆောက်အဦးကို တိုင်းတာတဲ့အခါ ဒီအပိုင်းကို ထည့်မတွက်ထားဘူး…"


အားလုံးက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ အမြန်ထလိုက်ကြသည်။


ကျန်းဖျင်စစ်: "လူခွဲပြီး ရှာကြည့်ရအောင်…"


လူတိုင်း ဆောင့်ကြောင့်ထိုင်ချပြီး ထောင့်စွန့်မှ စတင်ကာ ကြမ်းခင်းကြွေပြားများကို တစ်ခုပြီးတစ်ခု ခေါက်ကြည့်ကြသည်။


ခဏအကြာတွင် ထမင်းစားခန်းအတွင်းမှ ချင်မြောင်၏အသံက ထွက်ပေါ်လာသည်။

"ဒီမှာ တစ်ခုခုလွတ်နေတယ်…"


ယွဲ့ရှင်းဝမ်သည် ထမင်းစားခန်းထဲသို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာ ချင်မြောင်က ထမင်းစားပွဲအောက်တွင် ငုတ်တုတ်ထိုင်နေပြီး ဘေးဘက်၌ အုတ်ခဲတစ်လုံးကို ထားထားသည်။ စတုရန်းအုတ်ခဲကို ဖယ်ရှားပြီးနောက် တစ်စတုရန်းမီတာခန့်ရှိသော အပေါက်တစ်ပေါက် ပေါ်လာပြီး အောက်ထပ်လှေကားတစ်ခုလည်း ရှိနေသည်။


လျှိုကျောက်ချင်းက အသံတိုးတိုးဖြင့် ညည်းညူသည်။

"ဒီတည်းခိုခန်းမှာ လျှို့ဝှက်ခန်းဘယ်နှစ်ခန်းတောင်ရှိတာလဲ?"


ချင်မြောင်က စားပွဲအောက်တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး အသံကြားသောအခါ ယွဲ့ရှင်းဝမ်ကို ကြည့်လာပြီး ပြောသည်။

"ငါအရင် လမ်းရှာကြည့်လိုက်မယ်…"


သူမက လှေကားကနေ လျင်မြန်စွာ ဆင်းသွားပြီး ချင်လုက ဖယောင်းတိုင်ကို ယူကာ သူမအစ်မနောက်သို့ လိုက်သွားခဲ့သည်။ ခဏကြာတော့ မြေအောက်က ချင်မြောင်ဆီမှ အသံထွက်လာသည်။

"ဒီနေရာက တော်တော်ကျယ်တယ်… နင်တို့တွေ လာဆင်းကြည့်ကြ…"


အားလုံးက မြေအောက်ခန်းသို့ တန်းစီးပြီး ဆင်းလာကြသည်။


မြေအောက်ခန်းသည် ရာနှင့်ချီသော စတုရန်းမီတာ ကျယ်ဝန်းပြီး အခန်းနှစ်ခန်းနှင့် ခန်းမနှစ်ခန်းကို ခွဲထားသည်။ သခင်လေးအိပ်ခန်းတွင် ကုတင်ကြီးတစ်လုံးရှိပြီး ဧည့်ခန်းတွင် လိုက်ဖက်သော ဆိုဖာနှင့် စားပွဲတစ်လုံးရှိသည်။ အတွင်းဘက်ဆုံးခန်းကို စာကြည့်ခန်းအဖြစ် အသုံးပြုကြပြီး နံရံသုံးဘက်ရှိ စာအုပ်စင်များတွင် စာအုပ်မျိုးစုံဖြင့် ပြည့်နေသည်။ ယွဲ့ရှင်းဝမ်က ထိုနေရာကို အကြမ်းဖျင်း ကြည့်လိုက်သည်။ ထင်ရှားကျော်ကြားသော လက်ရာတချို့မှလွဲ၍ ကျန်သော 60% စာအုပ်များက ဖုန်းရွှေ၊ ကောလဟာလသတင်းတိုများနှင့် ရှေးခေတ်ရိုးရာပုံပြင်များဖြစ်သည်။ 


မီးဖို သို့မဟုတ် ရေခဲသေတ္တာမပါသော မီးဖိုချောင်ငယ်တစ်ခု၊ ရိုးရှင်းသောကောင်တာနှင့် ကြောင်အိမ်အနည်းငယ်သာရှိသည်။


ယွဲ့ရှင်းဝမ်ကို ဂရုတစိုက်ဖြစ်စေသောအရာမှာ သခင်လေးအိပ်ခန်း၏နံရံသုံးဘက်စလုံးကို ဓာတ်ပုံများဖြင့် ဖုံးအုပ်ထားပြီး ၎င်းတို့ကို နောက်ခံပုံများအဖြစ် အသုံးပြုသလို ပြည့်ကျပ်စွာ ချိတ်ဆွဲထားသည်။


ပုံတွေအကုန်လုံးက မိန်းကလေးတစ်ယောက်တည်းဖြစ်သည်။


မိန်းကလေးက ပြုံးပြုံးရွှင်ရွှင်နဲ့ သူမ၏နှုတ်ခမ်းထောင့်မှာ ပါးချိုင့်ရှိသည်။ သူမတွင် အနက်ရောင်ဆံပင်ရှည်၊ အနီရောင်နှုတ်ခမ်းနှင့် ဖြူဖွေးသောသွားများရှိသည်။ သူမ၏အသွင်အပြင်က ဖျော်‌ဖြေရေးလောကက နာမည်ကြီး မင်းသမီးတွေထက် မနိမ့်ကျပေ။ ထို့အပြင် သူမသည် ဓာတ်ပုံရိုက်ရာတွင် အလွန်ကြည့်ကောင်းပြီး ကင်မရာရှေ့တွင် ထူးဆန်းသောလှုပ်ရှားမှုများကို ပြုလုပ်နိုင်သူဖြစ်သည်။ သူမအတွင် ပထမဆုံး ထင်မြင်ချက်မှာ ပျော်ပျော်နေတတ်သော မိန်းကလေးကဲ့သို့ အလွန်တက်ကြွပြီး ချစ်စရာကောင်းသည်။


ယွဲ့ရှင်းဝမ်သည် ဓာတ်ပုံတစ်ပုံရှေ့တွင် ရပ်လိုက်သည်။ ဤဓာတ်ပုံသည် ၎င်းဘေးရှိ နေ့စဉ်ဓာတ်ပုံများနှင့် ကွဲပြားသည်။ ဒါက အခန်းတစ်ခုလုံးတွင် အကြီးဆုံးဓာတ်ပုံဖြစ်သည်။ မိန်းကလေးက အဖြူရောင်မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ခေါင်းပေါ်တွင် သရဖူဆောင်းထားကာ ပျော်ရွှင်သောမျက်နှာဖြင့် ပြုံးနေသည်။


ခေါင်းတလားထဲတွင် သူ ယနေ့တွေ့ရှိခဲ့သည့် စိန်လက်စွပ်ကို အိတ်ကပ်ထဲမှ ထုတ်ယူကာ မိန်းကလေး၏ လက်ချောင်းပေါ်ရှိ စိန်လက်စွပ်နှင့် နှိုင်းယှဉ်ကြည့်သည်။


ကျန်းဖျင်စစ်က မေးလာသည်။

"ဒါက စူးဝမ်ရှင်းမလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်သည်။

"သူမပဲ… စိန်လက်စွပ်က အတူတူပဲ…"


လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


ချင်မြောင်က လျှောက်လာပြီး စိန်လက်စွပ်ကို ကြည့်ရင်း ပြောသည်။

"စိန်လက်စွပ်ကို လက်မှာဝတ်ထားတာဆိုတော့ ဒီလူနှစ်ယောက်က လက်ထပ်ပြီးသားလို့ ထင်ရတယ်…"


ယွဲ့ရှင်းဝမ်က လူတိုင်းကို ပြန်ကြည့်ကာ

"ဒီနေရာက လူသတ်သမားနေတဲ့ နေရာပဲ…"


လူတိုင်း: "..."


ရှင်းဝမ်၏စကားများက လူတိုင်း၏ခန္ဓာကိုယ်တစ်ခုလုံးကို ကြက်သီးမွေးညင်းထသွားစေသည်။


အခန်းထဲက ဓာတ်ပုံများတွင် မိန်းကလေး၏ အပြုံးသည် တောက်ပပြီး ချိုမြနေသော်လည်း ထိုကဲ့သို့ အုံ့မှိုင်းပြီး မည်းမှောင်သော မြေအောက်ခန်းတွင် မိန်းကလေးက သူတို့အား ပြုံးပြနေသကဲ့သို့ ခံစားရသည်။


လူသတ်သမားက မြေအောက်ခန်းထဲမှာ အမှန်တကယ် နေထိုင်ခဲ့သည်။


အခုလေးတင် ထမင်းစားခန်းမှာ တက်ကြွစွာ စားသောက်နေခဲ့တာကို သတိရရင်း မနေနိုင်ဘဲ ပြောသည်။

"ထမင်းစားခန်းထဲမှာ ကစားသမားတွေရဲ့ ရယ်မောသံတွေနဲ့ စားပွဲဝိုင်းမှာ ဆွေးနွေးကြတဲ့ ကစားသမားတွေရဲ့ စကားသံတွေ ထွက်ပေါ်လာခဲ့ရင် လူသတ်သမားက ရှင်းရှင်းလင်းလင်း မကြားနိုင်ဘူးလား?!"


ကျန်းဖျင်စစ်က အေးစက်စွာ ပြောခဲ့သည်။

"သူက မြေအောက်ခန်းမှာနေပြီး စားပွဲဝိုင်းရဲ့အောက်ကနေ တံခါးဖွင့်လို့ရတယ်… ကစားသမားတွေက သူတို့ရဲ့ခြေထောက်အောက်မှာ လူသတ်သမား ပုန်းအောင်းနေတယ်လို့ ထင်ဖို့ မဖြစ်နိုင်ဘူး… ညသန်းခေါင်မှာ သူ တွားသွားထွက်လာပြီး ဘယ်သူမှမသိ၊မမြင်ဘဲ ပြစ်မှုကျူးလွန်နိုင်တယ်…"


ကောင်းရှောင်ရှင်းသည် သူမ၏အေးစက်နေသော လက်မောင်းကို ပွတ်လိုက်ပြီး သူမ၏နှုတ်ခမ်းများ ဖြူဖျော့သွားသည်။

"ကြောက်စရာကောင်းလိုက်တာ! သူက လူတွေကို သတ်ဖို့ တကယ်ကို အရမ်းကြိုးစားခဲ့တာပဲ!"


နေထိုင်ရန်နှင့် ခိုးနားထောင်ရန် မြေအောက်ခန်းကို အသုံးပြုပြီး ဒုတိယထပ်က သိုလှောင်ခန်းကို အဝတ်အစားများနှင့် အလောင်းများကို ဝှက်ရန်ထားကာ ခေါင်းမိုးတွင်လည်း သိုလှောင်ခန်းရှိထားပြီး—— ဒီရှုပ်ထွေးသောပုံစံများက အမှန်တကယ်ပင် လုံ့လဝီရိယစိုက်ထုတ်ခဲ့သည်။ 


ယွဲ့ရှင်းဝမ်: "အားလုံး မြေအောက်ခန်းထဲမှာ သဲလွန်စရှာကြရအောင်…"


အားလုံးက လူခွဲကာ မြေအောက်ခန်းလွတ်ထဲတွင် ရှာဖွေကြသည်။


ခဏအကြာတွင် ခယ်ရှောင်ပင်းက ယွဲ့ရှင်းဝမ်ထံသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်။

"မီးဖိုချောင်ထဲမှာ အသင့်စားခေါက်ဆွဲတိုက်တွေနဲ့ အချဉ်ပေါင်းအိုးတွေ အများကြီးတွေ့ခဲ့တယ်… လူသတ်သမားက ဒီမှာနေပြီး အဲဒါတွေကို စားဖို့ သိမ်းထားတာ ဖြစ်မယ်!"


ယွဲ့ရှင်းဝမ်က ခယ်ရှောင်ပင်း၏ပခုံးကို ‌ပုတ်လိုက်သည်။

"အသင့်စာခေါက်ဆွဲတွေကို အပေါ်တင်ပြီး နောက်ရက်အနည်းငယ်အတွင်း စားစရာအတွက် စိတ်ပူစရာမလိုတော့ဘူး…"


လျှိုကျောက်ချင်းကလည်း ရောက်လာပြီး ပြောသည်။

"အံဆွဲထဲမှာ အိပ်ဆေးတွေအများကြီးတွေ့တယ်…, သူကိုယ်တိုင်ပဲ သောက်တာလား၊ ကစားသမားတွေ အိပ်ပျော်အောင် အစားအစာထဲ ထည့်တာလားတော့ ငါမသိဘူး…"


ချင်လု: "အမှိုက်ပုံးထဲမှာ ဆေးလိပ်ဘူးတွေ အများကြီးတွေ့တယ်… လူသတ်သမားက ဆေးလိပ်အရမ်းသောက်တယ်…"


မြေအောက်ခန်းရှိ သဲလွန်စများသည် လူသတ်သမား၏ ကိုယ်ရေးကိုယ်တာ အလေ့အထများနှင့် ဆက်စပ်နေပြီး မှိုတက်နေသော အဝတ်နှင့် ဖိနပ်တချို့ကိုလည်း တွေ့ရှိခဲ့သည်။ လူသတ်သမားက သန်မာကြံ့ခိုင်ပြီး အရပ် 180 cm မြင့်သော အမျိုးသားတစ်ဦးဖြစ်ကြောင်း ဆုံးဖြတ်နိုင်သည်။ 


ယွဲ့ရှင်းဝမ်က ဧည့်ခန်းအလယ်တွင် ရပ်ကာ ခွဲခြမ်းစိတ်ဖြာသည်။

"အမျိုးသမီးဇာတ်ဆောင်၊ စူးဝမ်ရှင်းက အမျိုးအမည်မသိတဲ့ အကြောင်းတစ်ခုခုကြောင့် ကွယ်လွန်သွားခဲ့တယ်… သူမကို အရမ်းချစ်တဲ့ ယောင်္ကျားက သူမကို ခေါင်းတလားထဲမှာ ထည့်ပြီး တောအုပ်အပြင်ဘက်မှာ မြှုပ်နှံပြီးတော့ သူမအတွက် အထိမ်းအမှတ်ကျောက်တိုင်တစ်ခု ပြုလုပ်ပေးခဲ့တယ်… ပြီးတော့ ဒီတည်းခိုခန်းကို အုတ်ဂူအနီးနားမှာပဲ ဆောက်ခဲ့တယ်…"


"သူက တည်းခိုခန်းဆောက်တုန်းက လူသတ်ဖို့ အစီအစဉ်ရှိတော့ မြေအောက်ခန်းနဲ့ ထပ်ခိုး‌ကို လျှို့ဝှက်နေရာတွေအဖြစ် ပုံစံထုတ်ခဲ့တယ်… လူတချို့ကို တည်းခိုခန်းဆီ ဆွဲဆောင်ဖို့ ပစ်မှတ်ကို ရွေးချယ်ပြီး အခွင့်ကောင်းယူဖို့ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ဆိုတဲ့ နာမည်ကို အသုံးပြုခဲ့တယ်… ကစားသမားတွေ အာရုံစိုက်ခြင်းမရှိတဲ့အချိန် မြေအောက်ခန်းထဲက ထွက်လာပြီး ပြစ်မှုတွေကို ကျူးလွန်ခဲ့တယ်…"


"သူ့ရဲ့စာအုပ်စင်မှာ ဖုန်းရွှေနဲ့ ပတ်သက်တဲ့ ရှေးဟောင်းစာအုပ်တွေ၊ သတင်းစာတွေ၊ ရိုးရာပုံပြင်တွေ အများကြီးရှိတယ်… သူက ဖုန်းရွှေအကြောင်း လေ့လာနေတယ်ဆိုတာ သိသာပါတယ်…" ယွဲ့ရှင်းဝမ်က ခဏရပ်ကာ ဆက်ပြောသည်။ "ငါ့ရဲ့ခန်းမှန်းတွက်ချက်မှုကို အတည်ပြုဖို့ ‌မြင်ကွင်းတစ်ခုလုံးရဲ့ မြေပုံကို ဆွဲဖို့ လိုတယ်…"


လူတိုင်းက မြေအောက်ထပ်မှ ထမင်းစားခန်းထဲသို့ ပြန်တက်ခဲ့ကြပြီး ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်နှင့် ကောင်းရုန်ချန်ကို မြင်ကွင်းမြေပုံကို ‌ပြန်လည်ရေးဆွဲရန် ခေါ်ဆောင်သွားခဲ့သည်။


ယနေ့ အုတ်ဂူကို သွားရှာသောအခါ ယွဲ့ရှင်းဝမ်သည် သူ့နားထဲတွင် ပေါ်လာသော စက်ရုပ်အသံကို သတိရလိုက်သည်။ “စာမေးပွဲခန်းရဲ့ နယ်နိမိတ်ကို ရောက်နေပါပြီ”၏ ဆိုလိုရင်းမှာ စာမေးပွဲခန်းသည် ဂိမ်းလိုမျိုး နေရာအပိတ်ဖြစ်ပြီး ဘောင်များ အမြဲရှိနေမည်ဖြစ်သည်။


ဒီတစ်ခါ သူဆွဲချင်တာက စာမေးပွဲခန်းတစ်ခုလုံး၏ မြေပုံဖြစ်သည်။ ‌အရှေ့ဘက်၌ အုတ်ဂူရှိသည်။ ‌အနောက်ဘက်တွင် ရေကန်အနောက်၌ တောအုပ်၊ မြောက်ဘက်တွင် အဆက်မပြတ်ပြန့်ကျဲနေသော တောင်တန်းကြီးတစ်ခုရှိပြီး တောင်ပေါ်ကို သူတို့သွားလို့မရပေမယ့် တောင်တန်း၏အကြမ်းဖျင်းကို ရှင်းရှင်းလင်းလင်းမြင်ရသည်။


ယွဲ့ရှင်းဝမ်က မြေပုံပေါ်တွင် ရေကန်၊ တည်းခိုခန်း၊ တောင်တန်း၊ တောအုပ်နှင့် အုတ်ဂူတို့ကို ရိုးရှင်းစွာဆွဲခဲ့သည်…


သူ၏မျက်လုံးက အနည်းငယ်ကျဉ်းမြောင်းသွားကာ တည်းခိုခန်းရှေ့ရှိ မြင့်မားသောသစ်ပင်သုံးပင်ကို ကြည့်လိုက်ရာ သူ့စိတ်က ရုတ်တရက် လင်းလက်သွားပြီး

"ငါ ဖုန်းရွှေအကြောင်း သိပ်မသိပေမယ့် ဒီနေရာက တောင်တွေ၊ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်က တကယ်ကိုကောင်းတယ်… ဟိုနားက သစ်ပင်သုံးပင်ကို မင်းတို့တွေ့ကြလား…"


လူတိုင်းက သူ့အကြည့်နောက်ကို လိုက်ကာ ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"မင်းတို့တွေ အဲဒါကို ဘယ်လိုထင်လဲ?"


ကျန်းဖျင်စစ်ြ ခဏမျှ တိတ်ဆိတ်သွားပြီး အသံတိုးတိုးဖြင့် ရုတ်တရက် ပြောလာသည်။

"အုတ်ဂူပိုင်ရှင်ကို အမွှေးတိုင်နဲ့ ပူဇော်တာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"အင်း… ဖြောင့်စင်းပြီး သပ်ရပ်တဲ့ သစ်ပင်သုံးပင်က အုတ်ဂူက ‌အမွှေးတိုင်သုံးတိုင်နဲ့ တူတယ်… တည်းခိုခန်းနဲ့ ရေကန်ရဲ့ တည်နေရာတွေကလည်း ယစ်ပူဇော်တဲ့နေရာနဲ့တူပြီး—— အဲဒီသတို့သမီးတွေက ယစ်ပူဇော်ဖို့ အသတ်ခံလိုက်ရတာ…"


လူတိုင်း: "..."


ယွဲ့ရှင်းဝမ်: "လူသတ်သမားရဲ့ ရည်ရွယ်ချက်ကို ငါနားလည်သွားပြီ… သူ့ရဲ့ ချစ်လှစွာသောဇနီးစူးဝမ်ရှင်းက သေဆုံးသွားပြီးနောက် သူ့ဇနီးအတွက် ယစ်ပူဇော်ဖို့ ရှာဖွေနေတယ်… စာအုပ်စင်ပေါ်က စာအုပ်တွေမှာ ‘ထွက်ခွာသွားသောဝိညာဉ်များအတွက် ငြိမ်းချမ်းမှုကိုရှာဖွေခြင်း’လိုမျိုး အယူသီးတဲ့ စကားတွေ ရှိနိုင်တယ်…"


ယွဲ့ရှင်းဝမ်က ခဏရပ်ကာ လက်ရှိသဲလွန်စအားလုံးကို အကျဉ်းချုံးဖော်ပြလိုက်သည်။

"တကယ်တော့ တည်းခိုခန်းထဲက လူသတ်မှုရဲ့ပုံစံဟာ အခြေခံအားဖြင့် ရိုးရှင်းပြီး မြေအောက်ခန်းမှာ လူသတ်သမားရဲ့ နေအိမ်ကိုလည်း တွေ့ရှိခဲ့တယ်… လက်ရှိသံသယတွေမှာ နံပါတ် 1၊ ထိုင်ခုံ 7 ခုမြောက်နေရာက နောက်ဆုံးသတို့သမီးအလောင်းက ဘယ်မှာလဲ? နံပါတ် 2၊ အရုပ်ထဲမှာပါတဲ့ ကိန်းဂဏန်းကုဒ်တွေရံ့ အဓိပ္ပါယ်က ဘာလဲ?"


"အိမ်မက်က လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်းအတွက် ဇာတ်ညွှန်းဖြစ်တယ်လို့ ငါတို့ကောက်ချက်နိုင်ပြီး လူသတ်သမားရဲ့ အတွေ့အကြုံတချို့ကို အရိပ်အမြွတ်ပြပေးနိုင်တယ်… အဲဒါက ဖြူစင်တဲ့ရှေးခေတ်ကမ္ဘာဖြစ်ပြီး အဓိကဇာတ်လမ်းကတော့ အဲဒီသခင်မလေးစူးက ကျောက်မိသားစုရဲ့ အိမ်ကို လက်ထပ်ဖို့အတွက် အပို့ခံလိုက်ရတာပဲ… နောက်ဆုံး သခင်မလေးစူးက သေသွားတဲ့အခါ ကိုယ်ရံတော်၊ သမားတော်၊ အပန်းရောင်ဝတ်စုံနဲ့ အမျိုးသမီး၊ အရုပ်‌‌လိုမျိုး သဲလွန်စတွေ ပေါ်လာတယ်… ဇာတ်လမ်းက မပြီးသေးတာကြောင့် ငါတို့ရဲ့ကျိုးကြောင်းဆင်ခြင်ခြင်းကို ဖြည့်စွက်ဖို့အတွက် အိမ်မက်ကိုပဲ ဆက်လက်အားကိုးရမယ်… အားလုံး ဒီနေ့ညမှာ အာရုံစိုက်ပေးပြီး မင်းတို့ အိပ်ပျော်သွားပြီးနောက် နောက်ထပ်အိမ်မက်တစ်ခုပေါ်လာရင် ဂရုတစိုက် ကြည့်ပေးပါ…"


ရှေးခေတ်နှင့် ခေတ်ဘက်တို့သည် အ‌လှည့်အပြောင်း ထွက်ပေါ်လာပြီး လူတွေကို စိတ်ရှုပ်ထွေးအောင် လုပ်ရန် လွယ်ကူသော်လည်း ယွဲ့ရှင်းဝမ်သည် ဤကဲ့သို့ ရှင်းထုတ်ပြီးနောက်တွင် လူတိုင်း၏စိတ်ထဲ၌ ‌ကြည်လင်သွားကာ—— ဇာတ်လမ်းအတွင်းက ဇာတ်လမ်းဖြစ်သည်။


ရှေးခေတ်ဇာတ်လမ်းသည် ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွက် ဇာတ်လမ်းဖြစ်သည်။ ခေတ်ဘက်ဇာတ်လမ်းသည် တကယ့်လူသတ်မှုဖြစ်သည်။


လူသတ်သမားရေးသော ဇာတ်ညွှန်းသည် သူ့အတွေ့အကြုံကို ရည်ညွှန်းထားသည်။ ပြီးပြည့်စုံသောရှေးခေတ်ဇာတ်လမ်းကို သိသောအခါ လူသတ်သမားနှင့် သခင်မလေးစူးကြားက ဆက်ဆံရေးနှင့် သခင်မလေးစူးသေဆုံးရသည့် အကြောင်းရင်းအမှန်ကို ခန့်မှန်းနိုင်သည်။ 


ခေတ်ဘက်ဇာတ်လမ်းမှ လူသတ်သမား၏ ရည်ရွယ်ချက်နှင့် နည်းလမ်းတို့ကို ကောက်ချက်ချက်နိုင်ပြီး အသတ်ခံရသူအားလုံးကို ရှာဖွေနိုင်သည်။ 


ဇာတ်လမ်းနှစ်ခုစလုံး ပြီးဆုံးသွားသောအခါ လူသတ်သမား၏ အတိတ်တစ်ခုလုံးကို ချိတ်ဆက်နိုင်သည်။


ဒါက စာမေးပွဲအတွက် လိုအပ်တဲ့ “သေခြင်းကုဒ်”ကို ဖြေရှင်းခြင်းပဲ!


#TK