Chapter 48
Viewers 5k

Volume 3 : သင်္ချာဌာန


Chapter 48 (သေခြင်းကုဒ် ၀၇၊၀၈)


ဖယောင်းတိုင်မီးများထွန်းညှိမှုအောက်တွင် ဒီအဖြူရောင်လူသားအရိုစုများနှင့် အနီရောင်အဝတ်အစားများသည် ထင်းနေ၏။ ဒီမြင်ကွင်းက လူတိုင်းကို ကြက်သီးမွေးညင်းထသွားစေသည်။


ယွဲ့ရှင်းဝမ်က မနေ့ညက အခန်း 1 မှာ အိပ်ခဲ့ပြီး တကယ်တော့ သူက အလောင်းခန်း၏ ဘေးမှာ အိပ်နေခဲ့တာလား? သူ့တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထလာပြီး ပျို့အန်ချင်တာကို ခုခံရင်း ကျန်းဖျင်စစ်ကို ပြန်ကြည့်လိုက်သည်။

"လူသတ်သမားက စိတ်ရောဂါရနေမှန်း သိသာလွန်းတယ်… လူတွေအများကြီးသတ်ပြီး သေဆုံးသူတွေကို သတို့သမီးအဝတ်အစားတွေဝတ်ပြီးတော့ သပ်သပ်ရပ်တောင် ဒီမှာထားထားသေးတယ်… ‘သတို့သမီးပြပွဲခန်းမ’အဖြစ် တည်ဆောက်မလို့လား?"


အလောင်း 6 လောင်းသည် တူညီသောအဝတ်အစားကို ဝတ်ဆင်ထားရုံသာမက ထိုင်ခံာပေါ်၌ပင် တူညီသော ကိုယ်ဟန်အနေအထားဖြင့် ထိုင်နေကာ အထည်ဆိုင်တွင် ပြသထားသည့် မော်ဒယ်ရုပ်များကဲ့သို့ပင် အလောင်း 6 လောင်းကို ဘေးချင်းကပ်လျက် ထားရှိထားသည်။ ဤ‘မော်ဒယ်ရုပ်များ’ကတော့ အဖြူရောင်အရိုးစုများ ဖြစ်လာခြင်းသာဖြစ်သည်။


ကျန်းဖျင်စစ်က ခွဲခြမ်းစိတ်ဖြာသည်။

"လူသတ်သမားက အနီရောင်ဝတ်သတို့သမီးအပေါ် ပြင်းပြင်းထန်ထန် အငြိုးထားနေတာ ဖြစ်နိုင်တယ်… သူက အနီရောင်ဝတ်သတို့သမီးကြောင့် စိတ်ထိခိုက်သွားခဲ့တာ ဖြစ်နိုင်တယ်… သူ့စိတ်ထဲမှာ ပုန်းအောင်းနေတဲ့ ရန်ငြိုးက တဖြည်းဖြည်း စိတ်ရောဂါ ဖြစ်ပေါ်လာစေတယ်… သူ့စိတ်ပိုင်းဆိုင်ရာ နာကြဉ်းမှုကို ဖြေဖျောက်ဖို့ သတို့သမီးတွေကို လိုက်သတ်နေတာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သဘောတူသည်။

"ဒါက ဖြစ်နိုင်ခြေများတယ်… တစ်ခုတည်းသော ထူးဆန်းတဲ့အရာ အလောင်း 6 လောင်းကိုပဲ ရှာတွေ့သေးပြီး ဒါပေမယ့် မနေ့ညက ငါတို့အနောက်ကို လိုက်လာတာ တစ္ဆေသတို့သမီး 7 ယောက်ရှိတယ်… အရေအတွက်က မကိုက်ညီဘူး… နောက်ဆုံးတစ်ယောက်က ဘယ်မှာလဲ?"


ကျန်းဖျင်စစ်က ပတ်ပတ်လည်ကို ကြည့်ရင်း

"သိုလှောင်ခန်းနှစ်ခန်းရဲ့ အကျယ်အဝန်းက 2x6 မီတာရှိပြီး ဗီသုကာပုံကြမ်းမှာ ကွာဟနေတဲ့ နေရာကို ဖြည့်ဖို့ လုံလောက်တဲ့ ပမာဏဖြစ်တာကြောင့် ဒုတိယထပ်မှာ နောက်ထပ်လျှို့ဝှက်ခန်းပေါ်လာဖို့ မဖြစ်နိုင်ဘူး… ဒါပေမယ့် အမြင့် 1 မီတာ ကွာဟချက်ရှိသေးတာကြောင့် ငါတို့ရှာမတွေ့တဲ့ ထပ်ခိုးရှိလောက်တယ်…"


ယွဲ့ရှင်းဝမ်: "အပြင်ထွက်ပြီး ရှာကြည့်ရအောင်…"


အားလုံးက သိုလှောင်ခန်းမှ ထွက်သွားကြသည်။


တည်းခိုခန်း၏အပြင်ဘက်မှ တိုင်းတာသော အထပ်အမြင့်မှာ 7.5 မီတာဖြစ်ပြီး အတွင်းအမြင့်မှာ 6.5 မီတာထိပဲရှိတာကြောင့် ပျောက်ဆုံးနေသော 1 မီတာက အလယ်ရှိအခန်း သို့မဟုတ် အပေါ်ရှိ ထပ်ခိုးဖြစ်နိုင်သည်။ ယွဲ့ရှင်းဝမ်သည် သစ်သားစားပွဲပေါ်သို့တက်ကာ ခြေဖျားထောက်၍ရပ်ပြီး မျက်နှာကျက်ကို လက်ဖြင့်ခေါက်လိုက်ရာ

"အခေါင်းပေါက်ရှိ၊မရှိကို သေချာစစ်ဆေးကြည့်ဖို့ မျက်နှာကျက်နဲ့ ကြမ်းပြင်ကို နှစ်ယောက်တစ်ခန်းစီ တာဝန်ယူလိုက်…"


လူ 8 ဦးက ရှာဖွေရန် အခန်းတစ်ခုစီသို့ အမြန်သွားခဲ့ကြပြီး ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်နှင့်အတူ နေခဲ့ကာ ယွဲ့ရှင်းဝမ်က မျက်နှာကျက်ကို စစ်ဆေးခဲ့ပြီး ကျန်းဖျင်စစ်က ကြမ်းပြင်ကို စစ်ဆေးကာ တစ်လက်မ,မကျန်ရှာဖွေခဲ့သည်။ 


သို့သော်လည်း နောက်ထပ် ဝင်ပေါက်များကို ရှာမတွေ့ပေ။


အခန်း 1 မှ နှစ်ယောက်သား ထွက်သွားလာကြတော့ ဘေးခန်းမှ လျှိုကျောက်ချင်းနှင့် ခယ်ရှောင်ပင်းတို့လည်း ရှာဖွေမှု ပြီးဆုံးသွားသည်။

"လျှို့ဝှက်တံခါး မတွေ့ဘူး…"


အခြားအဖွဲ့ဝင်တွေလည်း ဒီလိုပဲ ရလဒ်ထွက်ခဲ့သည်။


ဒုတိယထပ်ရှိ အခန်း 8 ခန်းတွင် လျှို့ဝှက်တံခါးကို မတွေ့ရတာကြောင့် ယွဲ့ရှင်းဝမ်က စင်္ကြံမှာရပ်ကာ တွေးဆနေသည်။

"မျက်နှာကျက်နဲ့ ကြမ်းပြင်မှာ ဘာတံခါးမှ မရှိဘူး… ဒါဆို တည်းခိုခန်းပိုင်ရှင်က အဆောက်အဉီးဆောက်လုပ်တုန်းက 1 မီတာမြင့်တဲ့ ထပ်ခိုးကို အသေပိတ်ထားတာတော့ မဖြစ်နိုင်ဘူးမလား? အဝင်အထွက်လည်း မရှိဘူးလေ…"


ကောင်းရုန်ချန်က ကြားဖြတ်ပြောသည်။

"ဒီအဆောက်အဦးကို ဖြိုချလိုက်ရမလား?"


လူတိုင်း: "..."


မင်းရဲ့ဗိသုကာဌာနက စူးစမ်းလို့မရရင် အဆောက်အဦးကို ဖြိုချတာလား?


ယွဲ့ရှင်းဝမ်က သူ့ကို ပြန်ကြည့်ကာ

"ငါတို့ ဒါကိုတော့ ဖြိုချလို့မရဘူး… ငါတို့ အိမ်မက်ထဲမှာ သဲလွန်စတွေရဖို့အတွက် ညဘက် ဒီနေရာမှာ အိပ်ရမယ်… လောလောဆယ်တော့ သဲလွန်စတွေအားလုံးကို ငါတို့စုလို့မရသေးဘူး… မင်း အဆောက်အဦးကို ဖြိုချလိုက်ရင် ငါတို့ရဲ့ဇာတ်ကွက်တွေကို အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်…"


ကောင်းရုန်ချန်၏မျက်နှာက နီရဲသွားသည်။

"ငါ-ငါက ဒီအတိုင်း ပြောလိုက်ရုံပါ…"


ကျန်းဖျင်စစ်၏မျက်လုံးများ ကျဉ်းမြောင်းနေပြီး အဆောက်အဦး၏ တည်ဆောက်ပုံကို ဂရုတစိုက်ကြည့်ရှုနေသည်။ အမြင့် 1 မီတာ သိသိသာသာ ပျောက်ဆုံးနေသည်။ ထပ်ခိုးဝင်ပေါက်ကို သူတို့ဘာလို့ရှာမတွေ့တာလဲ? ရုတ်တရက် သူအကြံတစ်ခုရပြီး

"ငါတို့အထဲမှာ ရှာမတွေ့ရင် အပြင်ကနေရှာကြည့်မယ်…"


သူက ယွဲ့ရှင်းဝမ်ကိုကြည့်ကာ အမြန်လှည့်ပြီး အောက်ထပ်သို့ဆင်းသွားသည်။ တည်းခိုခန်းတံခါးဝသို့ရောက်ပြီးနောက် ကျန်းဖျင်စစ်သည် သူ၏ညာလက်ကို အနည်းငယ်မြှောက်လိုက်ပြီး parabolic လှုပ်ရှားမှုကိုစုစည်းရန် coordinate system ကို အသုံးပြုကာ သူ၏အဖွဲ့ဝင်အားလုံးကို အိမ်ခေါင်မိုးဆီသို့ တိုက်ရိုက်ပျံသန်းခိုင်းကာ ခေါ်ဆောင်သွားသည်။ 


ကောင်းရုန်ချန်က သူ့နဖူးကိုရိုက်ကာ

"ငါဘာလို့ မစဉ်းစားမိတာလဲ! တည်းခိုခန်းထဲမှာ ထပ်ခိုးဝင်ပေါက်မရှိဘူး… အတွင်းကိုလည်း ဖျက်ဆီးလို့မရဘူး… ဒါပေမယ့် ငါတို့တွေ အပြင်ကနေ ဖြိုဖျက်ပြီး ခေါင်မိုးကို တိုက်ရိုက်ခွာလို့ရတယ်!"


ကျန်းဖျင်စစ်: "အားလုံး၊ အိမ်ခေါင်မိုးကြွေပြားတွေ ကွာနေသလားဆိုတာ သေချာကြည့်ကြ…"


ကျောင်းသားတွေက ထောင့်လေးထောင့်ကနေ စစ်ဆေးတော့သည်။ မိနစ်ဝက်မပြည့်ခင် ကောင်းရှောင်ရှင်းက ရုတ်တရက် ကြွေပြားတစ်ချပ်ကို ကောက်ယူလိုက်သည်။

"ငါတွေ့ပြီ… ဒီမှာ!"


ယွဲ့ရှင်းဝမ်က လျင်မြန်စွာ လျှောက်လာပြီး ကြွေပြားအဖုံးအောက်တွင် ရွှေ့လို့ရသော သစ်သားပြားတစ်ခုကို တွေ့လိုက်သည်။ သစ်သားပြားကို ဖယ်ရှားပြီးနောက် 1 မီတာ ခန့် ရှည်လျားပြီး ကျဉ်းမြောင်းသော လျှို့ဝှက်ခန်းတစ်ခု ပေါ်လာခဲ့သည်။


ချင်မြောင်က အရင်ပြောလာသည်။

"ငါ့ညီမနဲ့ ငါ အရင် စူးစမ်းလိုက်မယ်… နင်တို့ယောင်္ကျားလေးတွေက အရပ်အရမ်းရှည်လွန်းတယ်… အထဲကို လမ်းလျှောက်ဝင်ဖို့ မလွယ်ဘူး…"


ယွဲ့ရှင်းဝမ်က သူမအား ဖယောင်းတိုင်ကို ပေးကာ ပြောလိုက်သည်။

"သတိထားပါ…"


ချင်မြောင်နှင့် ချင်လုတို့သည် လျှို့ဝှက်ခန်းထဲသို့ အတူတူဝင်သွားကြသည်။ နှစ်ယောက်စလုံး အရပ် 1.7 မီတာအတွင်းသာရှိပြီး ပိန်ပါးသောခန္ဓာကိုယ်ရှိတာကြောင့် ဒီလိုအခန်းထဲကို ငုံ့ဝင်တာက အရပ် 1.89 မီတာရှိသော ကျန်းဖျင်စစ်နှင့် 1.84 မီတာရှိသော ယွဲ့ရှင်းဝမ်တို့ထက် အများကြီး ပိုအဆင်ပြေသည်။


ခဏအကြာတွင် ချင်လု၏အော်သံက သူတို့နားထဲတွင် ထွက်ပေါ်လာသည်။

"အား…"


ယွဲ့ရှင်းဝမ်က စိုးရိမ်တကြီးမေးလိုက်သည်။

"ဘာဖြစ်တာလဲ?"


ချင်မြောင်က ပေါ့ပါးစွာ ပြောလာသည်။

"ခရီးဆောင်အိတ်တွေ အများကြီးတွေ့တယ်… နင်တို့ကိုပြဖို့ ချင်လုရဲ့ ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ အဲဒါတွေကို အပြင်ထုတ်လိုက်မယ်…"


စက္ကန့်အနည်းငယ်ကြာပြီးနောက် အမြွှာညီအစ်မနှစ်ယောက်သည် ဖုန်တွေဖြင့် လျှို့ဝှက်ခန်းထဲမှ တွားသွားထွက်ခဲ့ကြပြီး ချင်လုက ပြောသည်။

"အထဲကို ဘယ်သူမှ သန့်ရှင်းရေးမလုပ်တာကြာပြီ… နေရာတိုင်းမှာ ဖုန်တွေချည်းပဲ… ငါ့အစ်မနဲ့ ငါ ပတ်ပတ်လည်ကို လိုက်ရှာကြည့်တော့ ခရီးဆောင်အိတ်တွေကလွဲလို့ ဘာမှမတွေ့ဘူး…"


သူမစကားပြောနေစဉ် သူမသည် ကမ္ဘာလုံးကို ထုတ်ယူလိုက်ပြီး ကျောက်ထုတ်လွှာလှုပ်ရှားမှုသည် ခရီးဆောင်အိတ်အများအပြားကို အပြင်သို့ ရွှေ့လိုက်သည်။


ခရီးဆောင်အိတ် 10 လုံးအထိ ရှိနေတာကြောင့် လူတိုင်း အံ့ဩသွားကြသည်။


ခရီးဆောင်အိတ်များသည် အရွယ်အစားအမျိုးမျိုးရှိပြီး အရောင်များမှာ အဖြူအမည်း ရောင်စုံရှိကာ တချို့က ကာတွန်းပုံစံများဖြစ်သည်။ သူတို့အရင်က ထင်မြင်ယူဆချက်မှာ မှန်ကန်ကြောင်း သက်သေပြနေပြီး ခရီးဆောင်အိတ်တွေအားလုံးက ခေတ်ဘက်နဲ့သက်ဆိုင်ကာ ရှေးခေတ်ကို သူတို့တွေ လုံးဝခရီးမသွားခဲ့ဘဲ ဒါက ခေတ်ဘက်မှာပဲရှိနေသေးသည်။ သို့သော် တည်းခိုခန်း၏ အပြင်အဆင်က အတော်လေး ခေတ်နောက်ကျနေလေသည်။


ပျောက်ဆုံးနေသော 1 မီတာမြင့်သော ‘ထပ်ခိုး’သည် တည်းခိုခန်းပိုင်ရှင်က ခရီးဆောင်အိတ်များကို သိမ်းဆည်းထားသည့်နေရာဖြစ်နေသည်။


လျှိုကျောက်ချင်းက ခေါင်းကိုက်၍ နားထင်ကို ပွတ်သပ်လိုက်သည်။

"ဒီတည်းခိုခန်းပိုင်က အမူအကျင့်ပျက်နေတဲ့ စုဆောင်းသူလား? ဒုတိယထပ်က သိုလှောင်ခန်းတွေထဲမှာ အဝတ်အစားတွေနဲ့ သတို့သမီးအလောင်းတွေကို စုဆောင်းထားပြီး ခေါင်မိုးပေါ်က သိုလှောင်ခန်းထဲမှာ ခရီးဆောင်အိတ်တွေကို စုဆောင်းထားတယ်…"


ယွဲ့ရှင်းဝမ်သည် အရောင်အသွေးစုံသော ခရီးဆောင်အိတ် 10 လုံးကို ကြည့်ကာ တွေးဆသည်။

"ရှေးခေတ်ပုံစံ ဓာတ်ပုံရိုက်ဖို့အတွက်နဲ့ အပြင်ထွက်တဲ့အခါ ခရီးဆောင်အိတ်ကို ယူဖို့လိုလို့လား? ငါကတော့ ခရီးထွက်တဲ့အခါမှ ခရီးဆောင်အိတ်ကိုယူတာ…"


ကောင်းရှောင်ရှင်းက မြေပြင်အလယ်ကို လက်ညှိုးထိုးပြရင်း ပြောသည်။

"အလယ်က အပန်းရောင် Mickey Mouse ပုံစံပါတဲ့ ခရီးဆောင်အိတ်က ငါ့ဟာနဲ့အတူတူပဲ… အဲဒါက အဝတ်တွေနဲ့ အလှကုန်ပစ္စည်းတွေကို သုံးရက်ကြာအောင် ထိန်းသိမ်းထားနိုင်တယ်… ငါလည်း အရင်က ရှေးခေတ်ပုံစံ ဓာတ်ပုံရိုက်ဖူးပါတယ်… ဒါပေမယ့် ငါ တစ်ရက်တည်းနဲ့ ရိုက်ပြီးသွားတာ… တကယ်လို့ သူတို့က မင်္ဂလာဆောင်ဓာတ်ပုံကို အပြင်မှာရိုက်ရင်တောင် ဓာတ်ပုံရိုက်ဖို့ ခရီးဆောင်အိတ်တွေ ယူတာမမြင်မိပါဘူး…"


ချင်မြောင်က မျက်မှောင်ကြုတ်ကာ

"ဒါက နေအိမ်နဲ့ ပိုတူသလားလို့? ဒီခရီးဆောင်အိတ်တွေကို ဧည့်သည်တွေက ယူလာတာမလား?"


ခယ်ရှောင်ပင်းက သူ့မျက်မှန်ကို ပင့်တင်ကာ စဉ်းစားမရဖြစ်နေသည်။

"ဒါက နေအိမ်ဆိုရင် ပလတ်ပေါက်တွေနဲ့ အင်တာနက်ကြိုးတွေက ဘာလို့မရှိရတာလဲ? ခေတ်ဘက်မှာ ပလတ်ပေါက်တွေ၊ အင်တာနက်ကြိုးတွေ၊ ရေချိုးခန်း၊ အိမ်သာတွေမရှိဘဲ ဒီနေရာမှာ ဘယ်သူကနေထိုင်မှာလဲ? ဖုန်းအားကုန်သွားရင် အားတောင် သွင်းလို့မရဘူးမလား?"


ယွဲ့ရှင်းဝမ်က တစ်ခုခုမှားနေသည်ဟု အမြဲခံစားရသည်။


ဒါက အပြင်ထွက်ပြီး ဓာတ်ပုံရိုက်သောနေရာဖြစ်ပါက ဒီနေရာကို ရှေးခေတ်အဆောက်အဦးအဖြစ် တမင်စီစဉ်ထားကြောင့် ရှေးခေတ်ပတ်ဝန်းကျင်ပြဿနာကို ရှင်းပြနိုင်သော်လည်း ခရီးဆောင်အိတ်များစွာ၏ ပုံပန်းသဏ္ဌာန်အကြောင်းရင်းကို ရှင်းပြ၍မရပေ။ ခယ်ရှောင်ပင်း ပြောသလို နေအိမ်ဖြစ်ပါက သူတို့သည် ရှေးခေတ်ပုံစံကို အတွေ့အကြုံရချင်တယ်ဆိုရင်တောင် လျှပ်စစ်မီးတောင် မရှိသော ဤကဲ့သို့နေရာမျိုးမှာ ဘယ်သူက နေချင်မည်နည်း။


ခရီးဆောင်အိတ် အရေအတွက် စုစုပေါင်း 10 လုံးရှိပြီး ထူးဆန်းသော နံပါတ်တစ်ခုလည်းဖြစ်သည်။


ယွဲ့ရှင်းဝမ်: "ခရီးဆောင်အိတ်တွေကို ဖွင့်ပြီး ကြည့်လိုက်ရအောင်…"


လူတိုင်းက အိမ်ခေါင်မိုးပေါ်ကနေ ဆင်းလာပြီး ခရီးဆောင်အိတ်အားလုံးကို အမြန်ယူကာ ဖွင့်လိုက်သည်——


မိန်းကလေးများ၏ ခရီးဆောင်အိတ်များထဲတွင် လှပသောဂါဝန်များ၊ တီရှပ်များနှင့် အလှကုန်ပစ္စည်းများ ပြည့်နေသည်။ ယွဲ့ရှင်းဝမ်သည် ဒီပုလင်းတွေ၊ ဘူးတွေကို ဘာမှမသိတာကြောင့် ချင်မြောင်နဲ့ အခြားမိန်းကလေးတွေကိုသာ ကြည့်ခိုင်းလိုက်သည်။ ယောင်္ကျားလေးများ၏ ခရီးဆောင်အိတ်များထဲတွင် မုတ်ဆိတ်ရိတ်ဓားများ၊ ခြေအိတ်များ၊ ယောင်္ကျားစီးဖိနပ်များနှင့် အခြားအရာများပါရှိသည်။ စာအုပ်များကို ခရီးဆောင်အိတ်တွေထဲတွင် တွေ့ခဲ့ရပြီး ‘Jane Erye’လို နာမည်ကြီးစာအုပ်အပြင် အချစ်ဝတ္ထုနှစ်ခုကိုလည်း တွေ့ရှိခဲ့သည်။


လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။


မိန်းကလေးသုံးယောက်ကတော့ သူတို့ဘေးနားမှာ တက်ကြွစွာ ဆွေးနွေးနေကြသည်။

"ဒီခရင်မ်တစ်ပုလင်းက်ု ထောင်ချီပြီးပေးရတယ် မဟုတ်ဘူးလား? ဒီတစ်ယောက်က တကယ်ကို ချမ်းသာတာပဲ… 


"ဒီကောင်မလေး ဝယ်ထားတဲ့ အလှကုန်ပစ္စည်းတွေက ဂျပန်နဲ့ တောင်ကိုရီးယားတို့က ပထမတန်းစားတံဆိပ်တွေပဲ…"


ယွဲ့ရှင်းဝမ်က မိန်းကလေးတွေ အသုံးပြုသည့်အရာများအကြောင်း ဘာမှမသိတာကြောင့် သူက လျှောက်သွားပြီး မေးလိုက်သည်။

"မင်းတို့ တစ်ခုခုတွေ့ကြလား?"


ကောင်းရှောင်ရှင်း: "ခရီးဆောင်အိတ်တွေထဲက အလှကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို ကြည့်ချင်းအားဖြင့် ဒီကောင်မလေးတွေက အတော်လေးချမ်းသာကြတယ်… သူတို့က ဝတ်စားဆင်ယင်မှုကို အရမ်းအလေးထားကြပြီး ကောင်မလေးတစ်ယောက်ဆို နှုတ်ခမ်းနီငါးချောင်းတောင် ယူလာခဲ့တယ်…"


ချင်လုက ထပ်ပြောသည်။

"ဒီခရီးဆောင်အိတ်အဖြူရဲ့ ကောင်မလေးက ဘာအလှကုန်ပစ္စည်းမှ မယူလာဘူး… သူမက မျက်နှာသစ်ဆေးနဲ့ အစိုဓာတ်ထိန်းပေးတဲ့ lotion ပုလင်းပဲ ပါတယ်… သူမက မိတ်ကပ်မကြိုက်တဲ့ မိန်းကလေးဖြစ်နိုင်တယ်…"


အဝတ်အစားပုံစံတွေကတော့ အမျိုးမျိုးရှိသည်။ sexy ကျသော အနက်ရောင်ဇာဂါဝန်များ၊ နတ်ဘုရားမပုံစံ ဂါဝန်အရှည်များနှင့် အမိုက်စားလှပသော အားကစားဝတ်စုံလည်း ပါရှိသည်… ယောင်္ကျားလေးတွေ၏ ခရီးဆောင်အိတ်တွေကတော့ ပရမ်းပတာဖြစ်နေသည်။


ယွဲ့ရှင်းဝမ်သည် မြေပြင်ပေါ်ရှိ ခရီးဆောင်အိတ်များကိုကြည့်ကာ သူ့နားထင်ကြောများ တွန့်သွားသည်။

"သဲလွန်စတွေက များလွန်းလို့ အရမ်းရှုပ်နေတယ်… အရင် အမျိုးအစားခွဲရအောင်…"


ကျန်းဖျင်စစ်: "အမျိုးအစားခွဲပြီး ငါစာရင်းလုပ်လိုက်မယ်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး ကျန်းဖျင်စစ်နဲ့အတူ တည်းခိုခန်း၏ တံစက်မြိတ်အောက်မှာ အရိပ်ရသော နေရာကို ရှာတွေ့ခဲ့သည်။ ယွဲ့ရှင်းဝမ်က ဘောပင်နဲ့ စာရွက်ကို ထုတ်ပြီး အသေးစိတ် စာရင်းဇယားကို အမြန်ဆွဲနိုင်သော ကျန်းဖျင်စစ်အား ပေးလိုက်သည်။


ကျန်းဖျင်စစ်က ‘အိတ်အရေအတွက်’တွင် ‘10’ဟု ဖြည့်ပြီးနောက် မေးလာသည်။

"ယောင်္ကျားလေး၊ မိန်းကလေး၊ ဘယ်နှစ်ယောက်ရှိတာလဲ?"


ယွဲ့ရှင်းဝမ်က လျင်မြန်စွာ ရေတွက်ခဲ့သည်။

"ယောင်္ကျားလေး 3 ယောက်၊ မိန်းကလေး 7 ယောက်…"


မိန်းကလေး7 ယောက်ရှိပြီး ဒီအချက်အလက်က တစ္ဆေသတို့သမီးအရေအတွက်နဲ့ အတိအကျတူပေမယ့် ခရီးဆောင်အိတ် 7 လုံးဟာ သေဆုံးသူ 7 ယောက်နဲ့ သက်ဆိုင်တာတော့ မဟုတ်ပေ။ ကျန်းဖျင်စစ်သည် သေချာမသိသေးတာကြောင့် Question mark လို့သာ မှတ်ထားပြီး စာရင်းကို ဆက်လက်စစ်ဆေးနေသည်။


ခရီးဆောင်အိတ်များကို စစ်ဆေးရန် တစ်နာရီကျော်ကြာခဲ့သည်။


နောက်ဆုံးစာရင်းတွင် မိန်းကလေးအဝတ်အစား အစုံ 20၊ ယောင်္ကျားလေးအဝတ်အစား 6 စုံ၊ ဖိနပ် 4 ရံ၊ အလှကုန်ပစ္စည်းအမြောက်အမြားနှင့် စာအုပ်သုံးအုပ်တို့ပါဝင်ပြီး ယွဲ့ရှင်းဝမ်သည် ခရီးဆောင်အိတ်ပေါ်တွင် အာရုံစိုက်ပြီး အမှတ်အသားပြုထားသည်။


ကျန်းဖျင်စစ်က မျက်မှောင်ကြုတ်ကာ သူ့ရှေ့ရှိ ခရီးဆောင်အိတ်များကို ကြည့်ပြီး ပြောလာသည်။

"အဝတ်အစားတွေက အရေးကြီးတဲ့သဲလွန်စလို့ မထင်ဘူး… အဲဒါတွေက အရမ်းရှုပ်ပွနေပြီး လူတစ်စုက သူတို့သယ်သွားတဲ့ ခရီးဆောင်အိတ်တွေလို ပုံစံတွေက အစုံပဲ… ဒီတည်းခိုခန်းက ယာယီနေရာထိုင်ခင်းဖြစ်နိုင်ပြီး ခရီးဆောင်အိတ်တွေက ဓည့်သည်တွေ ကျန်ခဲ့တာဆိုရင် ဒီရှင်းလင်းချက် ယုတ္တိအရှိဆုံးပဲ…" 


ယွဲ့ရှင်းဝမ်လည်း သူ၏ထင်ကြေးကို သဘောတူခဲ့သည်။

"လက်တွေ့မှာလည်း အတော်လေးထူးခြားတဲ့ပုံစံမျိုး နေအိမ်တွေရှိတာပဲ… ဓာတ်ပုံရိုက်ဖို့အတွက် အင်တာနက်ပေါ်က နာမည်ကြီးတွေက ဒီလိုမျိုး တည်းခိုခန်းတွေကို အထူးသွားလေ့ရှိတယ်… ပလတ်ပေါက်နဲ့ အင်တာနက်ကြိုးတွေ မရှိဘူးဆိုတာက တည်းခိုခန်းပိုင်ရှင်က လူတိုင်းကို ရှေးခေတ်ကိုရောက်သွားတဲ့အတွေ့အကြုံမျိုး ပေးချင်လို့ တမင်မတပ်ထားတာလား? ဒါပေမယ့် နေအိမ်ဆိုတဲ့ စကားလုံးက အတော်လေးမမှန်သေးဘူးလို့ ငါထင်မိတယ်…"


ကျောင်းသားများက များများနားထောင်လေ ခေါင်းကိုက်လာလေဖြစ်သည်


လက်ရှိတွင် သဲလွန်စများစွာရှိသော်လည်း သဲလွန်စများကို ချိတ်ဆက်နိုင်သည့် ကြိုးတစ်ချောင်းတောင် မရှိသေးဘူး။


လျှိုကျောက်ချင်းက တွေးဆသည်။

"ဒါပေမယ့် အဲဒါက ငါတို့အိမ်မက်တွေနဲ့ ဘယ်လိုသက်ဆိုင်နေမှာလဲ? ငါ့အိမ်မက်ထဲက မြင်ကွင်းကတော့ ရှေးခေတ်နဲ့ အရမ်းတူတယ်… သမားတော်က ဆေးခြင်းတောင်းကိုယူပြီး တောင်ပေါ်မှာ ဆေးပင်လိုက်ကောက်နေချိန် မြွေကိုက်ခံလိုက်ရတဲ့ မိန်းကလေးကို ကယ်ခဲ့ပြီး ပတ်ဝန်းကျင်က ဒီနေရာနဲ့ လုံးဝမတူဘူး…"


ကောင်းရှောင်ရှင်းက နောက်ကလိုက်၍ ပြောသည်။

"ငါ့အိမ်မက်မက်တဲ့ ဈာပနပုံစံကလည်း ရှေးခေတ်စျာပနပုံစံအတိုင်းပဲ… သတို့သမီးကို ခေါင်းတလားထဲမှာ ထည့်ထားတယ်… လူအနည်းငယ်က သူမကို အရှေ့အရပ်ဆီ သယ်သွားပြီူ မြေကြီးထဲ မြှုပ်နှံပြီးတော့ အထိမ်းအမှတ်ကျောက်တိုင် ဆောက်ပေးခဲ့တယ်…"


ယွဲ့ရှင်းဝမ်က မေးသည်။

"အုတ်ဂူမှာ ဘာရေးထားလဲ မင်းမြင်ရလား?"


ကောင်းရှောင်ရှင်းက ခေါင်းခါလိုက်သည်။

"ငါ ရှင်းရှင်းလင်းလင်း မမြင်ရဘူး…"


ယွဲ့ရှင်းဝမ်က အနည်းငယ် မျက်မှောင်ကြုတ်ပြီး စိတ်ရှုပ်သွားသည်။


တစ်စစီဖြစ်နေသော အိမ်မက်များ၊ ထူးဆန်းသောတည်းခိုခန်း၊ သိုလှောင်ခန်းထဲရှိ ရှေးခေတ်အဝတ်အစားမျိုးစုံ၊ ဒုတိယထပ်ရှိ အလောင်းထားခန်းထဲက အနီရောင်ဝတ်စုံတွေနဲ့ အဖြူရောင်အရိုးစုများ၊ ထပ်ခိုးသိုလှောင်ခန်းထဲရှိ ခရီးဆောင်အိတ်အများအပြား… 


ဒါတွေကို ပေါင်းစပ်ထားတဲ့ သဲလွန်စတွေက ဘာတွေလဲ? 


ယွဲ့ရှင်းဝမ်သည် သေသေချာချာတွေးပြီး ကောင်းရှောင်ရှင်း၏ စကားထဲက အဓိကအချက်ကို ရုတ်တရက် တွေ့လိုက်သည်။

"ခဏနေဦး… ကောင်းရှောင်ရှင်း၊ မင်းရဲ့အိမ်မက်ထဲမှာ အဲဒီလူတွေက ခေါင်းတလားကို အရှေ့အရပ်ဆီ သယ်သွားတယ်ဆိုတာကို မက်ခဲ့တယ်လို့ ပြောခဲ့တယ်မလား? အဲဒါက အရှေ့အရပ်ဆိုတာ သေချာလား?"


ကောင်းရှောင်ရှင်းက ခဏလောက် မှင်တက်သွားပြီး ခေါင်းငြိမ့်လိုက်သည် 

"သေချာတယ်… ဈာပနကို ညနေခင်းမှာ ကျင်းပပြီး မှောင်တောင်မှောင်တော့မယ်… နေက အနောက်ဘက်ကနေ ဝင်မှာဆိုပေမယ့် သူတို့က နေကို ကျောပေးပြီး အရှေ့ကို ဆက်လျှောက်နေတာဆိုတော့ သူတို့က အရှေ့အရပ်ကို သွားနေတာမဟုတ်ဘူးလား?"


ယွဲ့ရှင်းဝမ်က ချက်ချင်းထရပ်ပြီး သူ့အဖွဲ့ဝင်များကိုကြည့်လိုက်သည်။

"စီနီယာအစ်ကို၊ ချင်လုနဲ့အတူ ခရီးဆောင်အိတ်တွေကို အမျိုးအစားခွဲပြီး အကြောင်းအရာတွေ မကျန်တော့ရင် ပထမထပ်က ဧည့်ခန်းထဲမှာ ခဏထားထားလိုက်… ကျန်တဲ့လူတွေ ငါနဲ့ တောအုပ်ရဲ့ အရှေ့ဘက်ကို လိုက်ခဲ့ကြ…"


လူ 8 ယောက်ကို အုပ်စုနှစ်စုခွဲလိုက်သည်။


တစ်စုက တောအုပ်အပြင်ဘက်သို့ ကွေ့ကောက်သောလမ်းအတိုင်း ယွဲ့ရှင်းဝမ်အနောက်ကို လိုက်သွားခဲ့သည်။ ဤနေရာသည် မြေရိုင်းဖြစ်သော်လည်း ပေါင်းပင်များနှင့် တောရိုင်းပန်းများက အလွန်စိမ်းလန်းစိုပြေသည်။ မနေ့ညက တစ္ဆေအမျိုးသမီးများ လိုက်ဖမ်းတုန်းက တစ်လမ်းလုံး အရှေ့ကိုပြေးလာခဲ့ကြပြီး အနားယူဖရန် ဒီလမ်းဆုံမှာ ရပ်လိုက်ကြသည်။ 


ထူးဆန်းသည်မှာ တစ္ဆေအမျိုးသမီးများသည် လမ်းဆုံတွင် ရပ်သွားပြီး တစ်စုံတစ်ခုကြောင့် သူတို့တွေ ခြိမ်းခြောက်ခံရသကဲ့သို့ ခံစားရသည်။


‌ဒါက အိမ်မက်ထဲမှာ ‘ဈာပန’အကြောင်း ကောင်းရှောင်ရှင်း ပြောခဲ့တာတွေနဲ့ ဆက်စပ်နေလိမ့်မည်… အကယ်၍ အိမ်မက်က လက်တွေ့နဲ့ ဆက်စပ်နေတယ်ဆိုရင် လက်တွေ့မှာ ခေါင်းတလားထဲ ထည့်ပြီး မြေအောက်၌ မြှုပ်ထားသော သတို့သမီးရှိနိုင်ပါသလား?


သူတို့လေးယောက်က အရှေ့အရပ်ကို ဆက်လျှောက်ခဲ့ကြသည်။


ကီလိုမီတာဝက်ခန့် လမ်းလျှောက်ပြီးနောက်တွင် အေးစက်သောစက်ရုပ်အသံက သူတို့နားထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

"သတိပေးချက်… စာမေးပွဲခန်းရဲ့ နယ်နိမိတ်ကို ရောက်နေပါပြီ… စာမေးပွဲခန်းက ထွက်သွားပါက စာမေးပွဲ ကျရှုံးတယ်လို့ သတ်မှတ်ပါမယ်…"


သူတို့လေးယောက်က တစ်ချိန်တည်းမှာ ရပ်သွားကြပြီး သူတို့အရှေ့တွင် အုတ်ဂူတစ်ခု ရှိနေတာကို ယွဲ့ရှင်းဝမ် တွေ့လိုက်ရသည်။


အုတ်ဂူပေါ်တွင် “ချစ်လှစွာသောဇနီးစူးဝမ်ရှင်း၏ အုတ်ဂူ”လို့ ရေးထိုးထားသည်။


စူးလို့ မျိုးရိုးအမည်ရတဲ့ အမျိုးသမီးပဲ!


နောက်ဆုံးတွင် အဓိကသဲလွန်စကို ရှာတွေ့ခဲ့ပြီး တည်းခိုခန်းနှင့် မဝေးသော တောကုန်းပေါ်တွင် သတို့သမီးကို မြှုပ်နှံထားသည်။ မျိုးရိုးအမည်မှာ စူးဖြစ်ပြီး သူမသည် လူတိုင်း၏အိမ်မက်ထဲရှိ သတို့သမီး၊ စူးမိသားစုမှ သခင်မလေးနှင့် ကိုက်ညီသူဖြစ်သည်။ 


ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်ကို တွေ့လိုက်ရသည်။


ကောင်းရှောင်ရှင်းသည် သူမရှေ့က အုတ်ဂူကို ကြည့်ကာ သူမ၏မျက်နှာ ဖြူဖျော့သွားသည်။

"ငါ့အိမ်မက်ထဲမှာတော့ သခင်လေးစူးကို မြေရိုင်းမှာ မြှုပ်နှံထားတာ… အခုက အုတ်ဂူဘေးမှာ ပန်းပွင့်တွေ ရှိနေတယ်…"


အုတ်ဂူ၏ပတ်ပတ်လည်မှာ အပြာရောင်တောရိုင်းပန်းတွေနဲ့ ပြည့်နှက်နေပြီး ၎င်းတို့က စုဝေးနေကြကာ ရှင်သန်မှုက အလွန်ပြင်းထန်လှသည်။


ယွဲ့ရှင်းဝမ်က မေးလိုက်သည်။

"ဒီတောရိုင်းပန်းကို သိတဲ့လူရှိလား?"


ကောင်းရှောင်ရှင်း: "အဲဒါက ‘ငါ့ကိုမမေ့ပါနဲ့’… ပန်းဘာသာစကားရဲ့ အဓိပ္ပါယ်ကတော့ မင်းကိုချစ်တဲ့ ငါ့အချစ်က ထာဝရမပြောင်းလဲဘူးတဲ့…"


ယွဲ့ရှင်းဝမ်က အုတ်ဂူကို စေ့စေ့ကြည့်ကာ ပြောလာသည်။

"အဲဒါကိုတူပြီး ကြည့်ရမယ်…"


ကျန်းဖျင်စစ်၏ တည်ငြိမ်သောအမူအရာမှလွဲ၍ ကောင်းရုန်ချန်နှင့် ကောင်းရှောင်ရှင်းတို့သည် ဤစကားကိုကြားလိုက်သောအခါ သူတို့၏မျက်လုံးများ ပြူးကျယ်လာပြီး ကောင်းရုန်ချန်၏ဦးရေပြားမှာ ထုံကျင်သွားကာ သူ့အသံက တုန်ယင်နေသည်။

"အုတ်ဂူကို တူး–တူးမယ်?"


ယွဲ့ရှင်းဝမ်: "မင်းရဲ့ဗိသုကာဌာနက မြေတူးစက် မပေးခဲ့ဘူးလား? မင်းနားမလည်ဘုးလား?"


ကောင်းရုန်ချန်: "..."


ယွဲ့ရှင်းဝမ်က သူ့ပခုံးကို ပုတ်ကာ

"မကြောက်ပါနဲ့… နေ့ခင်းဘက်မှာ တစ္ဆေမခြောက်ပါဘူး… တည်းခိုခန်းရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ဖြေရှင်းချင်ရင်တော့ သတို့သမီးရဲ့ အရိုးစုအားလုံးကို အရင်ရှာရမယ်——— တူးလိုက်…"


ကောင်းရုန်ချန်၏မျက်နှာက တင်းမာနေကာ သူက မြေတူးစက်ကို ဆင့်ခေါ်ရန် ညာဘက်လက်ကို မြှောက်လိုက်သည်။


သူသည် အုတ်ဂူတူးရသော ပထမဆုံးဗိသုကာကျောင်းသား ဖြစ်နိုင်သည်…


ကောင်းရုန်ချန်သည် မြေတူးစက်ဖြင့် မြေကြီးများကို ဘေးဘက်သို့ တူးထုတ်ရင်း ထိန်းချုပ်နေကာ ရယ်ရမလို၊ ငိုရမလိုဖြစ်နေသည်။ သူ့ဘေးနားရှိ ယွဲ့ရှင်းဝမ်က သက်ပြင်းချလိုက်သည်။

"ကံကောင်းလိုက်တာ… ဒီတစ်ခေါက် ငါတို့က ဗိသုကာဌာနက အတန်းဖော်တစ်ယောက်နဲ့ ဆုံခဲ့လို့ပေါ့… မဟုတ်ရင် ငါတို့ မီးဖိုချောင်ထဲက ဂေါ်ပြားနဲ့ ဖြည်းဖြည်းချင်းသာ တူးနိုင်ပြီး နှစ်တောင်ကူးသွားဦးမယ်…"


ကျန်းဖျင်စစ်က ခေါင်းငြိမ့်သည်။

"အင်း…"


ကောင်းရုန်ချန်: "..."


နောက်ဆုံးတွင် သူသည် အုတ်ဂူတူးရာတွင် ပါဝင်ခဲ့ရသည်။


မြေတူးစက်က မြေပြင်ရှိ အပေါက်ကြီးတစ်ခုကို နှစ်ကြိမ်၊ သုံးကြိမ် တူးထုတ်ပြီးနောက် သစ်သားခေါင်းတလား ပေါ်လာခဲ့သည်။


ယွဲ့ရှင်းဝမ်က ချက်ချင်းခုန်ဆင်းကာ ခေါင်းတလား၏အဖုံးကို ဖွင့်ရန် သတ္တိရှိလေသည်။


——ခေါင်းတလားထဲတွင် အနီရောင်ဝတ်စုံဖြင့် သတို့သမီးတစ်ဦးက လဲလျောင်းနေပြီး အလောင်းက ဆွေးမြေ့သွားကာ အဖြူရောင်အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားသော်လည်း အဖြူရောင်အရိုး၏ ညာဘက်လက်သူကြွယ်တွင် ကြီးမားသောစိန်လက်စွပ်တစ်ကွင်းက လင်းလက်တောက်ပနေခဲ့သည်။


ယွဲ့ရှင်းဝမ်: "ဒါက ငါတို့ရဲ့အိမ်မက်ထဲမှာ မကြာခဏပေါ်လာတဲ့ အမျိုးသမီးဇာတ်ဆောင် စူးဝမ်ရှင်းပဲ ဖြစ်ရမယ်…"


သဲလွန်စများသည် တိုက်ဆိုင်တာ ဖြစ်နိုင်သော်လည်း ရှေးခေတ်နှင့် ခေတ်ဘက် အချိန်နှင့်ပတ်သက်ပြီး ယွဲ့ရှင်းဝမ် မသေချာသေးပေ။ ကျန်းဖျင်စစ်က သူ့ကို တွင်းထဲမှဆွဲထုတ်ရန် လက်ဆန့်လိုက်ပြီး ‌တိုးတိုးပြောလာသည်။

"ငါတို့တွေ သတို့သမီး 7 ယောက်စလုံးကို ရှာတွေ့သွားပြီ… သဲလွန်စတွေကို ခွဲထုတ်ဖို့ ပြန်ကြရအောင်…"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်လိုက်ပြီး လေးယောက်သား အတူတူ တည်းခိုခန်းဆီသို့ ပြန်သွားကြသည်။


တည်းခိုခန်းသို့ ရောက်ရှိလာသောအခါတွင် လျှိုကျောက်ချင်းနှင့် အခြားသုံးယောက်တို့က ခရီးဆောင်အိတ်များကို ဘေးချင်းကပ်ချက် ချထားပြီး ဝတ္ထုသုံးအုပ်ကိုတော့ တွေ့နိုင်စေရန် စားပွဲပေါ်တွင် တင်ထားသည်။ ယွဲ့ရှင်းဝမ်က အားလုံးကို ပထမထပ်ရှိ ထမင်းစားခန်းထဲတွင် စောင့်ခိုင်းလိုက်ပြီး သူက အရုပ်နှစ်ရုပ်ကိုယူရန် အပေါ်ထပ်သို့ တက်သွားခဲ့သည်။


ထမင်းစားခန်းထဲတွင် စားပွဲဝိုင်းနှင့် ထိုင်ခုံ 8 လုံးပါရှိပြီး လူတိုင်းအတွက် ယာယီအစည်းအဝေးခန်းအဖြစ် ဆောင်ရွက်နိုင်ရန် လုံလောက်ပါသည်။


ယွဲ့ရှင်းဝမ်က ‘1’ဟု ရေးထားသော ထိုင်ခုံတွင်ထိုင်ကာ အရုပ်နှစ်ရုပ်ကို သေချာစစ်ဆေးကြည့်လိုက်သည်။


မနေ့ညက ဖယောင်းတိုင်မီးက မှိန်နေတာကြောင့် သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။ ဒီနေ့တော့ တောက်ပသောအလင်းရောင်ထဲတွင် သူအနီးကပ်ကြည့်မိသည်။ အရုပ်၏နောက်ကျောရှိ အနက်ရောင်အပ်နှင့် ချည်မျှင်က အလွန်ရှုပ်ထွေးနေပြီး ဘေးနားက သပ်သပ်ရပ်ရပ် ချုပ်ရိုးများနှင့် အလွန်ကွာခြားနေတာကို ယွဲ့ရှင်းဝမ် တွေ့ရှိခဲ့သည်။ ဒါက ‘ဝယ်သူ’နှင့် ‘ရောင်းသူ’အကြားက ကွာခြားချက်ကို ပြသနေသည်။


—— တစ်စုံတစ်ယောက်က အရုပ်ကို ပြန်လည်ချုပ်လုပ်ခဲ့ပြီး ဆိုးရွားသော အပ်ချုပ်သမားပဲဖြစ်သည်။


ယွဲ့ရှင်းဝမ်: "စီနီယာအစ်ကို၊ ကျွန်တော့်ကို ခွဲစိတ်ဓားငှားပါလား?"


လျှိုကျောက်ချင်းက သူ၏ညာဘက်လက်ကို မြှောက်ကာ ခွဲစိတ်ဓာကို သူ့ထံသို့ ပေးလိုက်သည်။ ယွဲ့ရှင်းဝမ်သည် နောက်ကျောရှိ ချုပ်ရိုးကို ဖြတ်ရန် ခွဲစိတ်ဓားကို အမြန်သုံးကာ အရုပ်ကို ဖြဲလိုက်သည်။


အုတ်ဂူတစ်ခုနှင့် တွေ့သောအခါ သူသည် တူးဖော်ပြီး ဒီလိုအရေးကြီးသောပစ္စည်းကို ရှာတွေ့သောအခါ သူက တုံ့ဆိုင်းခြင်းမရှိဘဲ ဆွဲဖြဲလိုက်သည်… ယွဲ့ရှင်းဝမ်က ဖြိုဖျက်ခြင်းရုံးက လူလိုဖြစ်နေသည် မဟုတ်ပါလား? ကောင်းရုန်ချန်သည် သူ့စိတ်ထဲတွင် မကျေမနပ်ဖြစ်နေပြီး ယွဲ့ရှင်းဝမ်သည် အရုပ်၏ခန္ဓာကိုယ်မှ အဝတ်လိပ်ကြီးများအား ရုတ်တရက် ဆွဲထုတ်လိုက်တာ တွေ့လိုက်ရသည်။


အဝတ်လိပ်များသည် မီးခိုရောင်ဖြစ်နေပြီး ၎င်းတို့ထဲတွင် နံပါတ်တချို့ကို ရေးထားသည်——


71—16—30


99—16—9


281—22—1


...


စားပွဲဝိုင်းတွင် ထိုင်နေသော ကျောင်းသားအားလုံးက စိတ်လှုပ်ရှားနေကြသည်။

"ကိန်းဂဏန်းကုဒ်တွေ ပေါ်လာတာလား?!"


ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို မသိစိတ်ကနေ ကြည့်လိုက်ပြီး တစ်ဖက်လူ၏ ထင်မြင်ချက်ကို မေးလိုက်ကာ ကျန်းဖျင်စစ်က ခေါင်းယမ်းပြီး တိုးတိုးပြောလာသည်။

"ဒါက ပုံစံမရှိတဲ့ ကိန်းဂဏန်းလိုင်းတွေပဲ… တစ်ခုနဲ့တစ်ခု ဘာမှဆက်စပ်မှုမရှိဘူး… ဒီတော့ အဲဒါတွေက သင်္ချာဆိုင်ရာ လုပ်ဆောင်ချက်တွေနဲ့ ဘာမှမဆိုင်နိုင်ဘူး… သက်ဆိုင်ရာ သဲလွန်စတွေကို အခြားနေရာမှာ ငါတို့ရှာရမယ်…"


ကိန်းဂဏန်း‌တွေ၊ ဒီကိန်းဂဏန်းလိုင်းတွေက ဘယ်လိုသက်ဆိုင်နေမလဲ?


ယွဲ့ရှင်စဝမ်က နောက်ထပ်အရုပ်တစ်ရုပ်ကို ဆက်လက် ဖြဲလိုက်သော်လည်း အမျိုးသားအရုပ်၏ခန္ဓာကိုယ်ထဲတွင် ကိန်းဂဏန်းတွေကို မတွေ့ခဲ့ရပေ။


အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။


လျှိုကျောက်ချင်းက အချိန်အတော်ကြာ သည်းခံနေခဲ့ပြီး နောက်ဆုံးတွင် မနေနိုင်ဘဲ ညည်းညူလေသည်။

"ဒီသင်တန်းက အရမ်းခက်ခဲပါလား? သဲလွန်စတွေက အများကြီးရှိပြီး ငါမူးနေပြီ…"


ခယ်ရှောင်ပင်း၏ဗိုက်ထဲကနေ ရုတ်တရက် အသံထွက်လာပြီး သူ့နားရွက်များနီလျက် အသံတိုးတိုးဖြင့် ပြောလာသည်။

"ငါတို့ တစ်နေကုန် ဘာမှမစားရသေးဘူး… မင်းတို့ ဗိုက်မဆာကြဘူးလား?"


သူတို့သည် တစ်နေကုန် အလုပ်များနေကြပြီး သူတို့မသိလိုက်ခင်မှာပင် မှောင်လာပြန်သည်။ သူတို့သည် အလွန်စိတ်လှုပ်ရှားနေတာကြောင့် အစာစားရန် မေ့သွားသည်။ ခယ်ရှောင်ပင်း သတိပေးလာမှ လူတိုင်းက ဗိုက်ဆာသလို ခံစားလာရသည်။


ယွဲ့ရှင်းဝမ်က သူ့ဗိုက်ကိုပွတ်ကာ အလွန်အရေးကြီးသော မေးခွန်းတစ်ခုကို သိလိုက်ရသည်။

"ငါတို့က စာမေးပွဲခန်းထဲမှာ 6 ရက် အသက်ရှင်ဖို့ လိုတယ်… ဒါပေမယ့် ငါတို့ အစာမကျွေးဘူးလား? ငါတို့က ငတ်သေမှာတော့ မဟုတ်ဘူးမလား? ငါတို့က ဒီနေရာက ပစ္စည်းတွေကို အသုံးပြုရမှာလား?"


ကောင်းရှောင်ရှင်း: "အခုလေးတင် တောအုပ်ထဲမှာ အသီးတွေ အများကြီးကို ငါတွေ့ခဲ့တယ်… ငါတို့ စားလို့ရမယ်ထင်တယ်…"


ချင်လုက ဆက်ပြောသည်။

"တောထဲမှာ စိုက်ထားတဲ့ မျှစ်တွေအများကြီးတွေ့တယ်… တည်းခိုခန်းမှာ မီးဖိုချောင်ရှိတယ်ဆိုတော့ မျှစ်ကြော်စားလို့ရတယ်… တောထဲမှာ မှိုတွေလည်းတွေ့တယ်… အဲဒါတွေက စူပါမားကတ်တွေမှာရောင်းတဲ့ မှိုဝိုင်းဝိုင်းနဲ့ ပုံစံတူတာကြောင့် စားလို့ရလောက်တယ်…"


ယွဲ့ရှင်းဝမ်: "..."


မိန်းကလေးများသည် အစားအသောက်ကို အလွန်အာရုံခံနိုင်ကြပြီး ယခင်က အများသူငါစိတ်ကြိုက်သင်တန်းတွင် ငတ်ပြတ်ခဲ့သော စိတ်ဒဏ်ရာကြောင့် ဖြစ်နိုင်သည်။ 


အားလုံးပင်ပန်းနေတာကိုမြင်တော့ ယွဲ့ရှင်းဝမ်က ရိုးရိုးရှင်းရှင်းပဲ ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"ကဲပါ… ဒီနေ့က ပထမဆုံးနေ့ရှိသေးတာ… ငါတို့တွေ ပြဿနာကို တစ်ရက်တည်းနဲ့ တိုက်ရိုက်မဖြေရှင်းနိုင်ဘူး… အရင်စားပြီးမှ ငါတို့ ဆွေးနွေးကြမယ်…"


လူခွဲကာ တောရိုင်းအသီးအနှံများ၊ မျှစ်များနှင့် မှိုများကို ကောက်ခဲ့ကြပြီး ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က ထင်းကောက်ရန်အတွက် တောထဲသို့သွားခဲ့ကြသည်။ 


ယွဲ့ရှင်းဝမ်က လမ်းလျှောက်ရင်း တွေးနေမိသည်။ ကျန်းဖျင်စစ်က သူ လေးလေးနက်နက် တွေးနေပုံကို မြင်သောအခါ သူ့အတွေးကို မနှောင့်ယှက်ခဲ့ပေ။


ခဏအကြာတွင် ကျန်းဖျင်စစ်သည် သစ်သားအစုလိုက်ကြီးကို စုဆောင်းထားပြီး ထို့နောက်မှ ယွဲ့ရှင်းဝမ်က အသိစိတ်ပြန်ဝင်လာသည်။

"လက်ရှိသံသယတချို့ကို ရှင်းပြပေးနိုင်တဲ့ အတွေးတစ်ခု ရုတ်တရက် ငါရလိုက်ပြီ…"


ကျန်းဖျင်စစ်: "ငါ့ကိုပြောပြကြည့်လေ…"


ယွဲ့ရှင်းဝမ်က သူ့အတွေးတွေကို ရှင်းလင်းပြီး သေသေချာချာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"ငါတို့ရဲ့ အိမ်မက်ကမ္ဘာနဲ့ ကမ္ဘာအစစ်မှာ ဖြတ်တောက်ထားတဲ့ ထူးဆန်းတဲ့ခံစားမှုတစ်ခုရှိတယ်… အိမ်မက်တွေက ရှေးခေတ်မြင်ကွင်းတွေဖြစ်ပေမယ့် ကမ္ဘာအစစ်က ခေတ်ဘက်ဖြစ်တာကြောင့် လုံးဝမကိုက်ညီဘူး… ဒါပေမယ့် အိမ်မက်ကမ္ဘာက အိမ်မက်ကမ္ဘာနဲ့ ရှုပ်ထွေးစွာ ဆက်စပ်နေတယ်… ဥပမာအားဖြင့်၊ အိမ်မက်ထဲက အမျိုးသမီးဇာတ်ဆောင်ရဲ့ မျိုးရိုးအမည်က စူးဖြစ်ပြီး လက်တွေ့မှာလည်း အုတ်ဂူပေါ်က အမျိုးသမီးနာမည်ရဲ့ မျိုးရိုးအမည်က စူးပဲ…"


ကျန်းဖျင်စစ်သည် ယခုလေးတင် သူတို့တွေ့ရှိခဲ့သော အုတ်ဂူကို သတိရကာ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

"အုတ်ဂူမှာ ‘ချစ်လှစွာသောဇနီး’စူးဝမ်ရှင်းလို့ ရေးထားပြီး အိမ်မက်ထဲမှာ သခင်မလေးစူးကို ‘ချစ်လှစွာသောဇနီး’လို့ ခေါ်နိုင်တဲ့ တစ်ယောက်တည်းသောလူက သူမနဲ့လက်ထပ်ခဲ့တဲ့ သခင်လေးကျောက်ပဲ… ဒီအုတ်ဂူက ကျောက်လို့ အမည်ရတဲ့ လူတစ်ယောက်က ဆောက်ထားပေးတာ ဖြစ်နိုင်လား?"


ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။

"ငါလည်း အဲလိုထင်မိတယ်… အိမ်မက်က တစ်စုံတစ်ယောက်က သူ့အတွေ့အကြုံကို အခြေခံပြီး ရေးထားတဲ့ ရှေးခေတ်ဇာတ်လမ်းတစ်ပုဒ်နဲ့ အရမ်းတူတယ်… လက်တွေ့နဲ့ လုံးဝမတူညီနိုင်ပေမယ့် လက်တွေ့က တချို့အရာတွေကို ရည်ညွှန်းနေတယ်… သခင်မလေးစူးက အမျိုးသမီးဇာတ်ဆောင်၊ အိမ်မက်နဲ့ လက်တွေ့ကို ချိတ်ဆက်ပေးတဲ့ အဓိကဇာတ်ကောင်တစ်ယောက်ပဲ… အိမ်မက်ထဲမှာ သခင်လေးကျောက်က နာမကျန်းဖြစ်ပြီး သူ့မိသားစုက သခင်မလေးစူးနဲ့ လက်ထပ်ပေးခဲ့ပြီး နောက်ဆုံးမှာ သခင်မလေးစူးက ကွယ်လွယ်သွားခဲ့တယ်… လက်တွေ့မှာ သခင်လေးကျောက်ကလည်း နာမကျန်းရောဂါတစ်ခုခုရှိနိုင်ပြီး သခင်မလေးစူးက သူ့ဘေးနားမှာ သူ့ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ခဲ့ပေမယ့် နောက်ဆုံးမှာ မမျှော်လင့်ဘဲ သူမက သေသွားတာလား?"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏စကားအများကို သေချာစဉ်းစားပြီး

"ဖြစ်နိုင်ခြေရှိတယ်… နောက်ခံသမိုင်းကြောင်းက ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဝတ္ထုနဲ့ အရမ်းဆင်တူတာကြောင့် အဖြစ်မှန်ကို အသုံးပြုပြီး ကိုယ့်အတွေ့အကြုံကို ယောင်ဝါးဝါးပြောဖို့ ဇာတ်လမ်းကိုသုံးတာဆိုရင် ဒီနေရာကို ရှေးခေတ်အဖြစ် ပြောင်းလိုက်တာလား?"


ယွဲ့ရှင်းဝမ်က ဆက်ပြောသည်။

"ဒီတည်းခိုခန်းပိုင်ရှင်က သတို့သမီးကို သတ်တဲ့ လူသတ်သမား ဖြစ်နိုင်ခြေ အရမ်းများတယ်… ပထမဆုံးအနေနဲ့ တည်းခိုခန်းရဲ့ဖွဲ့စည်းပုံကို အရမ်းထူးဆန်းပြီး ဒုတိယထပ်မှာ သိုလှောင်ခန်းနှစ်ခန်းရှိပြီးတော့ ခေါင်မိုးမှာ 1 မီတာမြင့်တဲ့ သိုလှောင်ခန်း လုပ်ထားတာကြောင့် သာမန်လူတွေက ဒီလိုအိမ်မျိုးဆောက်ဖို့ မဖြစ်နိုင်ဘူး… သူက သတ်ဖြတ်ရာမှာ လွယ်ကူချောမွေ့စေဖို့နဲ့ အလောင်းတွေကို ဖျောက်ပစ်ဖို့အတွက် သိသာစွာ ကြိုတင်ပြင်ဆင်ပြီး ထူးဆန်းတဲ့ တည်းခိုခန်းကို အထူးပုံစံထုတ်လုပ်ထားတယ်…"


ကျန်းဖျင်စစ်က ထောက်ခံသည်။

"ဒါက အဓိပ္ပါယ်ရှိတယ်… ဒီတည်းခိုခန်းရဲ့ တည်ဆောက်ပုံက တကယ့်ကို ရည်ရွယ်ချက်ရှိရှိ ပုံစံထုတ်ထားတာပဲ… သူက ဒီနေရာကို လူသတ်ဖို့ လာခဲ့တာမဟုတ်ဘဲ ဒီနေရာဆီ လူတွေကို မြှားခေါ်ပြီးတော့ သူတို့ကိုသတ်ပြီး သိုလှောင်ခန်းထဲမှာ ဝှက်ထားခဲ့တယ်…"


ကွင်းဆက်လူသတ်သမားများထဲမှ တစ်ယောက်သည် အစပြု၍ ပစ်မှတ်များကို လှည့်ပတ်ကြည့်ရှုပြီး ပုံမှန်မဟုတ်သော နေရာများတွင် သတ်လေ့ရှိသည်။ ဤကိစ္စမျိုးတွင် ကြုံတွေ့လေ့ရှိသော အခြားလူသတ်သမားတစ်မျိုးလည်း ရှိသေးသည်။ ပစ်မှတ်ကို ရှာဖွေပြီးနောက် သူသည် ပစ်မှတ်ကို မိမိပိုင်နက်ထဲသို့ မြှားခေါ်ပြီးနောက် သတ်ပစ်သည်။


သူ့ပိုင်နက်ထဲတွင် လူတွေကို သ‌ဘာဝကျကျ ချောမွေ့စွာ သတ်ဖြတ်နိုင်သည်။


ယွဲ့ရှင်းဝမ်: "ငါတို့ ထပ်ခိုးမှာ ခရီးဆောင်အိတ်တွေ အများကြီးတွေ့တယ်… လူတော်တော်များများ ဒီကိုလာနေကြတယ်ဆိုတာ သိသာပါတယ်… ဒီလိုတောတောင်ထဲမှာ လျှပ်စစ်မီးမရှိ၊ အင်တာနက်မရှိဘဲနဲ့ အခုခေတ်လူတွေက ဘာလို့ ဒီလောက်ဝေးလံတဲ့နေရာကို လာနေကြတာလဲ? သူက သူကိုယ်တိုင် လူဒါဇင်လောက်ကို ပြန်ပေးဆွဲလို့မရတဲ့အတွက် ဒီတော့ သူက ဒီလူတွေ ကိုယ့်သဘောနဲ့ကိုယ် သူ့တည်းခိုခန်းဆီ ရောက်လာအောင် ဆွဲဆောင်ဖို့ နည်းလမ်းတချို့ရှိရမယ်…"


ကျန်းဖျင်စစ်: "ဥပမာ၊ ရှေးခေတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်တာလား?"


ယွဲ့ရှင်းဝမ်က ခေါင်းယမ်းလိုက်သည်။

"ဓာတ်ပုံရိုက်တာက လုံလောက်အောင် ဆွဲဆောင်မှုရှိမယ် မထင်ဘူး… ရှေးခေတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံရိုက်နိုင်တဲ့ မရေမတွက်နိုင်တဲ့ ဓာတ်ပုံစတူဒီယိုတွေရှိတာကြောင့် သူ့တည်းခိုခန်းရဲ့ရှုခင်းက အကောင်းဆုံးတော့ မဟုတ်ဘူး… တည်းခိုခန်းက ဆွဲဆောင်မှု အားနည်းပြီး လျှပ်စစ်မီးမရှိ၊ အင်တာနက်မရှိနဲ့ ရေမချိုးရဘဲ ဒီမှာရက်အတော်ကြာ နေရတဲ့ အခုခေတ်လူတွေက ရူးသွားလိမ့်မယ်…" သူက ခဏရပ်ကာ ဆက်ပြောသည်။ 

"ငါမင်းကို မပြောပြရသေးတဲ့ ဧည့်သည်တွေကို ဆွဲဆောင်ဖို့ အခြားနည်းလမ်းတစ်ခု ရှိသေးတယ်… ငါခန့်မှန်းတာမှားသွားရင် အားလုံး လမ်းလွှဲသွားမှာစိုးလို့…"


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်၏ပခုံးကို ညင်သာစွာ ဆုပ်ကိုင်ထားသည်။

"ရပါတယ်… ငါတို့နှစ်ယောက်ပဲ အဲဒါကို အရင်ဆုံး ဆွေးနွေးကြတာပေါ့…"


ယွဲ့ရှင်းဝမ်က ပြုံးကာပြောသည်။

"ဒီခန့်မှန်းချက်က နည်းနည်းတော့ အရဲစွန့်ရာရောက်တာကြောင့် ငါစိတ်ကူးယဉ်နေတယ်လို့ မထင်လိုက်ပါနဲ့…"


ကျန်းဖျင်စစ်၏အကြည့်တွေက နူးညံ့သိမ့်မွေ့နေသည်။

"မထင်ပါဘူး…"


ယွဲ့ရှင်းဝမ်က သူ့အပြုံးကို ဖယ်ကာ ကျန်းဖျင်စစ်ကို လေးနက်စွာ ကြည့်လိုက်သည်။

"‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို မင်းကြားဖူးလား?"


ကျန်းဖျင်စစ်: "…"


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’သည် မကြာသေးမီနှစ်များအတွင်း လူငယ်များကြားတွင် အလွန်ရေပန်းစားသောဂိမ်းတစ်ခုဖြစ်သည်။ သူ့ကိုယ်တိုင် မပါဝင်ခဲ့ပေမယ့် ကြားဖူးသည်။ ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’သည် လူသတ်မှုဇာတ်ညွှန်းကို ဖန်တီးကာ ဂိမ်းတွင် ပါဝင်သူများ အသီးသီးသည် သူတို့၏ အခန်းကဏ္ဍများကို သရုပ်ဆောင်နိုင်ရမည်ဖြစ်ပြီး တချို့က အသတ်ခံရသူနေရာတွင် သရုပ်ဆောင်ကြကာ တချို့က လူသတ်သမား၊ တချို့က သံသယရှိသူများ၊ တချို့က ဖြတ်သွားဖြတ်လာ စသဖြင့် သရုပ်ဆောင်ကြရသည်။


‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’သည် သမန်းဝံပုလွေဂိမ်းထက် ပို၍စိတ်လှုပ်ရှားဖွယ်ရှိပြီး အန္တရာယ်လည်းများသလို ဇာတ်ညွှန်းတစ်ခုစီက မတူညီတာကြောင့် ဇာတ်ကွက်များသည် အတက်အကျရှိပြီး ပိုကြောက်စရာကောင်းသည်မှာ လူသတ်သမားသည် ကိုယ့်အနားတွင် ရှိနေသောကြောင့် ဖြစ်သည်။


ဆိုပါစို့၊ တည်းခိုခန်းပိုင်ရှင်သည် ဂိမ်းတစ်ခုအဖြစ် ‘ရှေးခေတ်ပုံစံ လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’ကို ဇာတ်ဝင်ခန်းအဖြစ် အသုံးပြုကာ စိန်ခေါ်မှုများနှင့် စွန့်စားခန်းများကို နှစ်သက်သော အွန်လိုင်းပေါ်မှ လူငယ်တချို့ကို ဒီနေရာ၌ လာကစားရန် ခေါ်ယူပြီး ဘယ်သူမှမရှိသည့်အခါ မင်္ဂလာဝတ်စုံနဲ့ မိန်းကလေးတချို့ကို သတ်ပစ်လိုက်မည်…


ကျန်းဖျင်စစ်က ယွဲ့ရှင်းဝမ်ကို အံ့အားသင့်စွာကြည့်ကာ

"ဒီ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’က ဘယ်လိုလုပ် ထွက်လာတာလဲ?"


"ပထမထပ်က ထမင်းစားခန်းမှာ ‘စားပွဲဝိုင်း’လို့ မင်းပြောလိုက်တဲ့အခါ အစည်းအဝေးအတွက် ခေတ်အဝတ်အစားတွေဝတ်ထားတဲ့ လူတစ်စုရဲ့ ပုံရိပ်က ငါ့စိတ်ထဲမှာ ပေါ်လာတယ်… ထိုင်ခုံ 8 လုံး၊ အခန်း 8 ခန်းနဲ့အတူ ရှေးခေတ်အဝတ်အစားမျိုးစုံရှိတာကြောင့် ဒီတည်းခိုခန်းကို ရိုးရိုးနေအိမ် ဒါမှမဟုတ် ဓာတ်ပုံစတူဒီယိုဆိုရင် ရှင်းပြရခက်တယ်…" ယွဲ့ရှင်းဝမ်က ခေါင်းစဉ်ပြောင်းလိုက်သည်။ "ဒါပေမယ့် ဒီနေရာက ‘ရှေးခေတ်ပုံစံလူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွက် အထူးအသုံးပြုတဲ့ နေရာတစ်ခုဆိုရင် ဧည့်သည်တွေက ရှေးခေတ်ကို ရောက်သွားသလိုမျိုး တည်းခိုခန်းထဲဝင်ပြီး အဝတ်အစားတွေပို ဝတ်ဆင်ကြလိမ့်မယ်… တည်းခိုခန်းပိုင်ရှင်က ဖုန်းနဲ့ လက်ပ်တော့တွေလို ခေတ်မီပစ္စည်းတွေကို သိမ်းသွားမှာဖြစ်ပြီး သူတို့က နောက်တစ်ရက်၊နှစ်ရက်အတွက် ‘ရှေးခေတ်ပုံစံလူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’အတွေ့အကြုံမှာ နစ်မြုပ်‌နေမှာမဟုတ်ဘူးလား?"


ဒါက နစ်မြုပ်ရသော အတွေ့အကြုံတစ်ခုဖြစ်သောကြောင့် အခန်းတိုင်းတွင် ခေတ်မီပစ္စည်းများ မရှိပေ။


လျှပ်စစ်မီးမရှိသော်လည်း အလင်းရောင်အတွက် ‌ဖယောင်းတိုင်များနှင့် မီးကျောက်များ ပြင်ဆင်ထားသည်။ ပထမထပ်ရှိ စားပွဲဝိုင်းနှင့် ထိုင်ခုံ 8 လုံးတို့ကို ‘လူသတ်မှုလျှို့ဝှက်ဆန်းကြယ်ဂိမ်း’၏ ကျိုးကြောင်းဆင်ခြင်ခြင်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုအတွက် အစည်းအဝေးခန်းအဖြစ် အသုံးပြုနိုင်ပြီး သို့မဟုတ် ထမင်းစားခန်းအဖြစ် အသုံးပြုနိုင်သည်။ မီးဖိုချောင်သည် လူတိုင်းကို အသီးအရွက်ကောက်ခြင်းနှင့် ချက်ပြုတ်ခြင်း၏ ရှေးခေတ်နေ့စဉ်ပျော်စရာကို တွေ့ကြုံခံစားနိုင်စေသည်…


အသစ်အဆန်းများနှင့် စိတ်လှုပ်ရှားမှုများကို နှစ်သက်သော လူများက အဆုံးမရှိသော ရေစီးကြောင်းတစ်ခုကဲ့သို့ ဤနေရာကို ရောက်လာကြမည်မှာ သေချာပါသည်။


ထို့နောက် တည်းခိုခန်းပိုင်ရှင်က ဤပစ်မှတ်အချို့ကို သူ၏သားကောင်အဖြစ် ရွေးချယ်ခဲ့သည်။


ထိုကစားသမားများသည် ဇာတ်ညွှန်းတစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန်နှင့် ပျော်စရာဂိမ်းတစ်ခုကစားရန်သာ ဤနေရာသို့ ရောက်ရှိလာကြသည်။ ဒါက တကယ့် "လူသတ်မှု" လို့ သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့သလို သူတို့၏ကံကြမ္မာကို ဇာတ်ညွှန်းက ရှင်းရှင်းလင်းလင်း စီစဉ်ပြီးသားဖြစ်သည်။


#TK