Ch-140
Viewers 35k

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း 


အပိုင်း (၁၄၀)


"တယောက နားထောင်လို့မကောင်းပါဘူး" လီချင့်ဟွားက လုယန် တယောတီးခတ်တာကို တစ်ခါမှ မကြားဖူးသေးပေ။ 


ချင်းရို့: "…" 


အစ်မဟွားဟွားရေ နင် တစ်ခုခုတော့ အထင်လွဲနေပြီနော်... 


ဝမ်ယွမ်ကျန်း မိသားစုဝင်းထဲသို့ ပြောင်းရွှေ့ပြီးနောက် သူ့ဇနီး ရွှယ်ရှောင်ဟွေ့ နှင့် လွန်စွာပလဲပနံသင့်ကြ၏။ ဝမ်ယွမ်ကျန်းမှာ မူလကတည်းက နူးညံ့ညင်သာသူတစ်ယောက်ဖြစ်ရာ ရွှယ်ရှောင်ဟွေ့နှင့် စကားများရန်ဖြစ်ခြင်းမရှိခဲ့။ 


သို့သော် အစားအသောက်နှင့် ပတ်သက်တဲ့ ပြဿနာသေးသေးလေးတော့ရှိလေရဲ့။ 


ဟုတ်ပါတယ်... အဲဒါက ပြဿနာကြီးတော့မဟုတ်ပါဘူးလေ... 


ဝမ်ယွမ်ကျန်းက မိသားစုခြံဝင်းသို့ ပြောင်းလာလာချင်းမှာပင် ခြံထဲတွင် အဝါရောင်ငရုတ်ပင်ကို စိုက်ဖို့ ချက်ချင်းသင်ယူခဲ့သည်။ သူက အစပ်ကြိုက်သူဖြစ်၍ သူ့ဘဝရဲ့ အထူးခြားဆုံးဖြစ်တဲ့ ငရုတ်သီးကို အဆုံးရှုံးမခံနိုင်ပါပေ။ 


သူ့ဇနီး ရွှယ်ရှောင်ဟွေ့က ငရုတ်သီးကို မကြိုက်သလို မုန်းလည်းမမုန်းပေ။ သူမလည်း နေ့တိုင်း ငရုတ်သီးကို စားနိုင်သလို ချိုချိုချဥ်ချဉ်တွေကိုလည်း နှစ်သက်သောကြောင့် သူတို့နှစ်ဦးသား အစားအသောက် ကောင်းကောင်းစားကြလေသည်။ 


တစ်ခုတည်းသောအချက်မှာ သူ့ဇနီးလေးက အချဥ်စိမ်ထားတဲ့ ပင်လယ်စာအစိမ်း၊ ပုဇွန်အစိမ်း၊ ဂဏန်းအစိမ်း... စသဖြင့် စားရတာ နှစ်သက်သူပင်။ 


လောင်ဝမ်လည်း နှစ်ကြိမ်လောက် စားကြည့်မိတော့ အရသာရှိတယ်လို့ ထင်ပေမယ့် အဲဒါတွေကို တကယ်မစားချင်ခဲ့ပေ။ ထို့ကြောင့် သူ့ဇနီးလေးကို အိမ်မှာ ဒီလိုမျိုး စားခွင့်ပေးပြီးတော့ သူက ပင်လယ်စာပြုတ်နှင့် ငရုတ်သီးစပ်စပ်လေးတွေပဲ စားလိုက်၏။ 


ရှက်ရွံ့တတ်တဲ့ ရွှယ်ရှောင်ဟွေ့က ညစာစားပွဲမှာ ပုဇွန်ချဉ်ဘူးကို ဖွင့်လိုက်ပြန်လေပြီ။ 


လောင်ဝမ်: "..." 


'အနံ့က ကောင်းပေမယ့် ငါ မစားချင်ဘူး။ အချိန်ကြာလာတာနဲ့အမျှ ငါ ကျင့်သားရလာမှာပါလေ' လို့ လောင်ဝမ်တွေးနေမိလျက်။ 


မိသားစုခြံဝင်းဆီသို့ပြောင်းရွှေ့ပြီး နှစ်လအကြာတွင် သူ့ဇနီးလေး ရွှယ်ရှောင်ဟွေ့ထံမှ သတင်းကောင်းထွက်လာလေပြီ။ သူမက လုမိသားစုဆီမှ ကောင်းချီးတွေ ရရှိခဲ့၍ လက်ထပ်ပြီးသိပ်မကြာခင်မှာပဲ ကိုယ်ဝန်ရလာတာလို့ ပြောကြလေ၏။ 


ထို့အတွက်ကြောင့် လောင်ဝမ်တစ်ယောက် သူ့သူငယ်ချင်းကြီးကို အထူးတလည်ကျေးဇူးတွေတင်နေပါတော့သည်။ 


သူ့ဇနီးလေး ကိုယ်ဝန်ရှိပြီးနောက် ပုဇွန်ချဥ်အစိမ်းတွေ မစားနိုင်တော့တဲ့အခါ ဝမ်ယွမ်ကျန်းမှာ ​​စိတ်လှုပ်ရှားမှုကြောင့် အိပ်မပျော်နိုင်ခဲ့ချေ။ 


သူကတော့ အရင်လိုမျိုး အမြော်အမြင်ကြီးတဲ့ ယောကျာ်းတစ်ယောက်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုအားလုံးကို ပြုလုပ်ထားမှာဖြစ်ပြီး သူ့ဘိုးဘေးတွေရဲ့ အတွေ့အကြုံကို နက်နက်နဲနဲ နားလည်သဘောပေါက်ရပေမည်။ 


သူ့အတွက် ကောင်းသော်ငြား စစ်ဦးစီးချုပ်လုအတွက်ကတော့ စိတ်သောကရောက်စရာပါပဲ။ 


လုယန်က လောင်ဝမ်ရဲ့ အကောင်းဆုံးစီနီယာတစ်ယောက်ဖြစ်လာခဲ့၏။ လုယန်က မနှစ်ကမှ ဖခင်တစ်ဦးဖြစ်လာခဲ့ရာ အတွေ့အကြုံများစွာရှိသူပင်။ သူ့ဆီက မသင်ယူရင် သူ ဘယ်သူ့ဆီကနေ သွားသင်ရမလဲနော်? 


"ကလေးမွေးခါစလေးက ဘာနဲ့တူလဲ?" 


"ဆူညံကြလား? ကလေးထိန်းရတာ ခက်လား?" 


"ကိုယ်ဝန်ဆောင်မိန်းမကို ငါ ဘယ်လိုဂရုစိုက်ရမလဲ?" 


… 


လုယန်တစ်ယောက် ဒီမေးခွန်းတွေကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရ၍ အနှီလောင်ဝမ်ကို သူထပ်မမြင်ချင်တော့ပေ။ လုယန်ကတော့ လောင်ဝမ်တစ်ယောက် မရပ်မနား စကားတွေပြောနေတာကို နားထောင်နေရခြင်းထက် တိတ်တဆိတ်နေတတ်တဲ့ ရဲဘော်လောင်မာနှင့်အတူ နေဖို့ပဲရွေးချယ်ပေမည်။ 


ကလေးတွေအကြောင်းပြောနေတယ်ပေါ့? ချီးပဲပြောလိုက်! 


သို့သော် လုယန်က ဘယ်လောက်ပဲ လျစ်လျူရှုနေပါစေ ရဲဘော်လောင်ဝမ်ရဲ့ အပြုသဘောဆောင်တဲ့ သင်ယူလိုစိတ်ကို သူ မဖျက်စီးနိုင်ခဲ့ပေ။ 


"ကလေးအနှီးကို ဘယ်လိုလျှော်ရတာလဲ?" 


"ငါ့ကို စမ်းလုပ်ခိုင်းကြည့်ပါလား?" 


… 


ခြံထဲ၌ ရဲဘော်လောင်ဝမ်က လုယန်လက်ထဲက အနှီးကို လုယူတော့မလိုပင်။ လုယန်က ဒေါသထွက်လွန်းသဖြင့် သူ့ကို မအောင်မြင်စေချင်တာကြောင့် မြန်မြန်လျှော်ဖွပ်ပြီးတာနဲ့ ထွက်သွားပါတော့သည်။ 


- ချီးပဲ၊ ဒီကောင်က ငါ့ဆီကနေ အနှီးတွေကိုတောင် လာလုချင်နေတာ။ 


ဘေးအိမ်က အမျိုးသားနှစ်ယောက်ဟာ အနှီးတွေအတွက် တိုက်ခိုက်နေကြရာ ကျန်းချန်ပေ့က သူတို့နှစ်ယောက်အား "သစ္စာဖောက်တယ်"ဆိုတဲ့အကြည့်နဲ့ ကြည့်နေခဲ့သည်။ 


ကမ္ဘာကြီးက ပိုမိုဆိုးရွားလာပြီး လူတွေရဲ့နှလုံးသားဟာ အရင်ကလောက် မကောင်းကြတော့ဘူးပဲကွာ... သူ ဒါမျိုးတစ်ခါမှမမြင်ဖူးသေးဘူး... 


ဒါပေမယ့် သူ အခန်းထဲပြန်ရောက်တဲ့အခါ ပြန်တွေးကြည့်မိတော့ အနှီးတွေက သူ့ရဲ့အနာဂတ်သားမက်လောင်းလေးဟာ မဟုတ်ဘူးလား? ဒါဆို သူလည်း သွားလုသင့်သလားဟေ? 


လောင်ဝမ်ရဲ့မိန်းမလည်း ကိုယ်ဝန်ရှိနေပြီဆိုတော့ မိန်းကလေးမွေးလာမှာလည်း ဖြစ်နိုင်တယ်ဟ။ 


ဒါဆို သူ လောင်လုနှင့် ကလေးတွေရဲ့စေ့စပ်ပွဲကို မြန်မြန်စီစဥ်ဖို့လိုနေပြီလား? 


ကျန်းချန်ပေ့ တစ်ညလုံး ချီတုံချတုံဖြစ်နေလျက်။ တွေးကြည့်မိတော့မှပဲ သူ ဟိုဘက်အိမ်က အနှီးတွေကို သွားယူလို့မရသေးတာကြောင့် လက်လျှော့လိုက်ရလေ၏။ 


ယခုအချိန်တွင် တရုတ်နှစ်သစ်ကူးနီးလို့လာပြန်လေပြီ။ ၁၉၇၂ခုနှစ် ကုန်ဆုံးတော့မည်ဖြစ်ပြီး နှစ်သစ်တစ်နှစ် စတင်တော့မည်ဖြစ်သည်။ အခြေအနေတွေက ခက်ခဲပေမယ့် နှစ်သစ်အတွက် လူတိုင်းက တက်တက်ကြွကြွ ပြင်ဆင်နေကြလေ၏။ 


ချင်းရို့က မက်ကရယ်ငါးနည်းနည်း ဝယ်ရုံတင်မကဘဲ ဝက်သားကိုလည်း များများလိုချင်ခဲ့သည်။ မနှစ်က သူတို့မိသားစုခြံဝင်းအဖွဲ့အစည်းတွင် ဝက်တွေမွေးထားခဲ့ရာ ဒီနှစ်မှာတော့ အိမ်ထောင်စုတိုင်း ဝက်သားခွဲတမ်းအများကြီးရနိုင်လေ၏။ ချင်းရို့က လုယန်အား ​ကြွေရည်သုတ်ဇလုံကြီးကို ကိုင်ထားစေကာ ဝက်သားအတွက် တန်းစီစောင့်ဆိုင်းစေခဲ့သည်။ 


မိသားစုဝင်အုပ်စုကြီးထဲတွင် လုယန်က အလွန်ထင်ရှားပေါ်လွင်လှတဲ့ ဇလုံကြီးကို ကိုင်ထားသူတစ်ယောက်ပင်။ 


"ရှောင်လုရေ မင်းရဲ့မိန်းမရော ဘယ်မှာလဲ?" 


"ဘယ်လိုအသားရွေးမှာလဲ?" 


"ရှောင်ချင်း ဒီနေ့ အိမ်မှာ မရှိဘူးလား?" 


… 


ဝက်ဗိုက်သားဇလုံကြီးကို ယူပြီးနောက် အိမ်ပြန်ရောက်တဲ့အခါ လုယန်က သူ့ဇနီးလေးအား "နောက်နှစ်ကျ မင်းကိုယ်တိုင်ပဲ ဝက်သားသွားယူလိုက်နော်" လို့ ပြောလိုက်လေ၏။ 


"အင်းပါ ကျွန်မက ပြန်မသယ်လာနိုင်မှာစိုးလို့..."  


"ဒါဆို အတူတူသွားကြတာပေါ့" 


"ကောင်းပြီ! ကလေးလေးတွေကိုပါ ခေါ်သွားကြမယ်လေ" 


နောက်နှစ်ဆို သူတို့ရဲ့ ကလေးတွေ လမ်းလျှောက်နိုင်တော့မှာပဲလေ။ နှစ်သစ်ကူးမှာ အသားခွဲဝေခြင်းလိုမျိုး သက်ဝင်လှုပ်ရှားစရာကောင်းတဲ့ အချိန်အခါကို အတူတူဆင်နွှဲကြဖို့အတွက် မိသားစုတစ်စုလုံး စည်းရုံးသင့်တာပေါ့။ အဲဒီအချိန်ကျရင် သူတို့ဇနီးမောင်နှံက ဝက်သားအိုးကြီးကို သယ်မယ်၊ ကလေးတွေက အိုးသေးသေးလေးကို သယ်ကြပေါ့... 


ယခုနှစ်တွင် အသားများများပိုရခဲ့သည်ဖြစ်ရာ ချင်းရို့လည်း ဝက်အူချောင်းတချို့ကို ကင်ဖို့ စီစဥ်ထားပေမယ့် ရာသီဥတုကြောင့် ဒီနေရာမှာ ဝက်အူချောင်းကင်တွေက အရသာအရမ်းကြီးရှိမှာမဟုတ်လောက်ပေ။ 


နောက်နှစ်ကျမှပဲ ကွမ်ချန်မှ ဝက်အူချောင်းတစ်ချို့ဝယ်ခိုင်းဖို့ တစ်ယောက်ယောက်ကို မှာလိုက်တာပဲ ပိုကောင်းပါတယ်လေ။ 


"*ဖောဖော ဒီနှစ် ကိတ်မုန့်ကြော်လုပ်ကြရအောင်နော်"

(*ချွေးမက ကိုယ့်ယောကျ်ားရဲ့အမေကို ခေါ်တဲ့အခေါ်အဝေါ်ပါ တစ်နည်း ယောက္ခမပေါ့နော်) 


"ဂေါ်ဖီချဉ်ယူဖို့ ဟွားဟွားအိမ်သွားလိုက်ဦးမယ်။ ကျွန်မ ဂေါ်ဖီထုပ်ချဉ်နဲ့ ဝက်စတူးကြာဇံ လုပ်ပေးမယ်နော်" 


တရုတ်နှစ်သစ်ကူးအတွင်း သူတို့တွေ လတ်လတ်ဆတ်ဆတ်ဝက်သားကို စားနိုင်မည်ဖြစ်သလို ဝက်သားဖက်ထုပ်တွေလည်း ပြုလုပ်နိုင်ရုံတင်မက ဝက်သားလုံးတွေလည်း လုပ်စားလို့ရပြီး ဝက်သားနှပ်၊ ဝက်နံရိုးချိုချဥ်နှင့် စားလေ့စားထမရှိတဲ့ လိုင်ချီးနှင့်ဝက်သားချိုချဥ် စတဲ့ဟင်းလျာတွေကို စားနိုင်ပေမည်။ 


xxx