၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း
အပိုင်း (၁၁၉)
ချင်းရို့ မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါ ဖြူဖျော့ဖျော့မျက်နှာ၊ နီရဲနေတဲ့မျက်လုံးတွေနဲ့ မျက်လုံးအောက်မှာ အမည်းဝိုင်းတွေရှိနေတဲ့ အမျိုးသားတစ်ဦးကို တွေ့လိုက်ရ၏။ သူမ မျက်တောင်တဖျတ်ဖျတ်ခတ်ပြီး ကြည့်လိုက်ရာ သူ့မျက်လုံးတွေအောက်မှာ မျက်ကွင်းညိုကြီးကို တွေ့ရှိခဲ့လေသည်။
ချင်းရို့ကတော့ သူမနိုးလာတဲ့အချိန်မှာ သူမရဲ့အမျိုးသားလေးရဲ့ အသွင်အပြင်ဟာ ဒီလိုပြောင်းလဲသွားရတာကို မြင်လိုက်ရတော့ သူမ ဘယ်လောက်ကြာကြာအိပ်ပျော်သွားခဲ့သလဲဆိုတာ သိချင်မိလေရဲ့။
"မင်းနိုးပြီလား" သူမနိုးလာတာကိုမြင်တော့ လုယန် မတ်မတ်ထိုင်လိုက်ကာ စိုးရိမ်တကြီးနဲ့ ကြည့်လာခဲ့သည်။
"အခု ဘယ်နှနာရီရှိပြီလဲ?"
သဘာဝအတိုင်း မွေးဖွားခဲ့ခြင်းဖြစ်၍ ဘေဘီလေးနှစ်ယောက်ဟာ မှန်ကန်တဲ့အနေအထားတွင်ရှိနေသလို သူတို့လေးတွေက အာဟာရမျှတပြီး အရွယ်အစားအနေတော်ပင်။
ကလေးမွေးပြီးသွားတဲ့နောက် သူမကို အိမ်ပြန်ခေါ်သွားလို့ရလေပြီ။
ချင်းရို့ စားပွဲပေါ်ရှိ နှိုးစက်နာရီကို တစ်ချက်ကြည့်လိုက်ရာ သူမ အချိန်ခဏလေးသာ အိပ်ပျော်ခဲ့မှန်း သိလိုက်ရ၏။ အခု မနက်ငါးနာရီပဲ ရှိသေးတာလေ။
လုယန်ကတော့ တစ်ညလုံးမအိပ်ရသေးတာ ဖြစ်နိုင်တယ်လို့ ချင်းရို့တွေးနေမိကာ လုယန်ကို စိုက်ကြည့်နေမိသည်။
ချင်းရို့ ပြုံး၍ သူမလက်ကို မြှောက်ကာ လုယန်ရဲ့ မျက်နှာကို တို့ထိလိုက်၏။ မနေ့က နေဝင်ချိန်တုန်းကတောင် ဒီမျက်နှာလေးက ထူးထူးခြားခြား ချောမောနေတာလေ။ သူမကို ဆေးရုံခေါ်လာတဲ့အချိန်တုန်းကဆို သူနာပြုငယ်ငယ်လေးတွေက သူ့ကို ဆက်တိုက်ကြည့်နေကြရောပဲ။
တစ်ညလေးကုန်လွန်သွားတာနဲ့ သူ့ခေါင်းပေါ်မှာ မြက်တွေပေါက်နေသလိုမျိုး ကြမ်းတမ်းပြီး ရုပ်ဆိုးလာတာပဲ။
ချင်းရို့ ပြုံးလျက် ထိုအမျိုးသားလေးရဲ့ ရင်ခွင်ထဲကို တိုးဝှေ့လိုက်ရင်း သူမဘေးမှာ လဲလျောင်းနေတဲ့ ဘေဘီလေးနှစ်ယောက်ကို ကြည့်ကာ သူမရဲ့ နှလုံးသားလေးမှာ ချိုမြိန်နေပြီး ရယ်မောချင်သလို ခံစားလိုက်ရ၏။
ပင်ပန်းနွမ်းနယ်နေတဲ့ ကလေးတွေရဲ့ အဖေဟာ သူမနှင့် သူ့ရဲ့ ရုပ်ဆိုးဆိုးကလေးတွေကို စောင့်ကြပ်ပေးနေခဲ့သည်။ အခုချိန်မှာ သူမကိုယ်တိုင်လည်း မှန်ကိုကြည့်စရာမလိုဘဲ သူမရဲ့ မျက်နှာဟာ ဘယ်လောက်တောင်ဆိုးရွားနေမလဲဆိုတာ သိနေလေရဲ့။
တစ်ညထဲနဲ့ တစ်မိသားစုလုံး ရုပ်ဆိုးသွားကြတာပဲနော်။
"ကျွန်မ ဗိုက်ဆာတယ်"
လုယန်က သူမရဲ့ မျက်နှာလေးကို ချစ်မြတ်နိုးစွာ အနမ်းပေးလိုက်ပြီးမှ သူမအတွက် စားဖို့တစ်ခုခုသွားယူရန် မီးဖိုချောင်သို့ သွားလိုက်၏။ ကလေးမီးဖွားပြီးနောက် သူမဟာ မုန်လာဥနီနဲ့ ပုဇွန်ဖက်ထုပ်ကို စားချင်နေသလို မှို၊ မက်မွန်ဂျယ်လီနဲ့ ချိုမြမြသင်္ဘောသီးစွပ်ပြုတ်တို့ကိုလည်း စားချင်နေခဲ့ပေသည်။
သူမရဲ့ ယောက္ခမတွေနှင့် လုယန်တို့က သူမစားချင်တာကို ပြင်ထားပြီးသားပင်။ ချင်းရို့ အရမ်းဗိုက်ဆာနေရာ အရင်ဆုံး ကြက်ဥပြုတ်တစ်လုံးစားလိုက်ပြီးနောက် ဖက်ထုပ်များစွာကို စားလိုက်ပြီး နောက်ဆုံးမှာတော့ စွပ်ပြုတ်ချိုချိုလေးကို ဖြည်းဖြည်းချင်း သောက်လိုက်၏။
မိခင်ဖြစ်သူက ကောင်းကောင်းစားခဲ့တာကြောင့် ဘေဘီလေးနှစ်ယောက်လည်း ဂနာမငြိမ်ဖြစ်နေလေရဲ့။ ချင်းရို့က ကလေးတွေရဲ့ အဖေကို ဆွဲကာ ကြိုတင်ပြင်ဆင်ထားပြီးဖြစ်တဲ့ ခေါင်းအုံးတွေကို ထုတ်ပေးဖို့ တောင်းဆိုလိုက်၏။
လုယန်က သူမအား သေသေချာချာထိုင်စေဖို့ ကူညီပေးပြီး သူမအရှေ့မှာ စားပွဲသေးတစ်လုံးထားလိုက်ကာ ထိုအပေါ်မှာ စောင်နဲ့ ခေါင်းအုံးလေးတွေ အများကြီးထားလိုက်တာကြောင့် ဘေဘီလေးတွေက သစ်ပင်ပေါ်က ပိုးတုံးလုံးတွေလိုမျိုး ခေါင်းအုံးပေါ်မှာ အသိုက်ဖွဲ့လျက် နို့စို့နေပါတော့သည်။
ချင်းရို့ကတော့ ဘေဘီလေးတွေရဲ့ ခန္ဓာကိုယ်ကို အနည်းငယ်ပင့်ပေးထားရုံသာ။
အပျင်းထူတဲ့သူကတော့ ဒီနည်းလမ်းကို တွေးမိနိုင်လေရဲ့။ သူမမှာ ကလေးနှစ်ယောက်ရှိမှန်းသိလို့ ဒါတွေကို ကြိုတင်ပြင်ဆင်ထားခြင်းပင်။
သူမက ကလေးမမွေးဖူးသေးသလို မိခင်တစ်ယောက်မဖြစ်ဖူးသေးသော်လည်း မူကြိုဆရာမတစ်ဦးအနေဖြင့် ချင်းရို့က ကလေးပြုစုစောင့်ရှောက်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတများစွာလေ့လာထားခဲ့သလို မိခင်နို့တိုက်ကျွေးတဲ့အခါ ကိုယ်ဟန်အနေအထားမှန်ကန်ဖို့ ဂရုပြုသင့်ကြောင်း မိခင်တော်တော်များများ ပြောနေခဲ့ကြတာကို သူမ အရင်က ကြားဖူးခဲ့လေသည်။
ဘေဘီလေးတွေကို မှန်ကန်တဲ့ခွန်အားနှင့် နေရာမှန်မှာ နို့စို့စေခဲ့သည်။
ချင်းရို့က သူမရဲ့ ကိုယ်ဟန်အနေအထားကို ချိန်ညှိလိုက်သလို ဘေဘီလေးတွေကလည်း နို့စို့ရန်အတွက် အထူးတလည် ပူးပေါင်းလုပ်ဆောင်ခဲ့ကြလေ၏။
နောက်ဆုံးတော့ သူမ ကလေးမွေးပြီးသွားပြီပဲ။
ချင်းရို့ သက်ပြင်းတစ်ချက်ချမိသွားလျက်။
မူလက ဖရဲသီးကြီးနဲ့တူတဲ့ ဗိုက်ဖောင်းဖောင်းဟာ တစ်ညထဲနဲ့ ကျုံ့သွားတာပဲနော်။ မနေ့တုန်းက ချင်းရို့တစ်ယောက် လယ်သမားတွေရဲ့ ဖရဲခင်းရိတ်သိမ်းခြင်းရဲ့ ပျော်ရွှင်မှုကို မခံစားနိုင်ခဲ့ပေမယ့် ယခုအခါ နောက်ဆုံးမှာတော့ သူမပျိုးထောင်ခဲ့တဲ့ ဖရဲသီးနှစ်လုံး ရည့်မှည့်လာပြီပဲလို့ ခံစားမိသွားချေပြီ။
"ပါးပါးဝက်ရေ သူတို့လေးတွေက ဝက်လေးနှစ်ကောင်နဲ့တူတယ်ထင်လားနော်?" ချင်းရို့က တစ်မိသားစုလုံးဟာ တစ်ညထဲနဲ့ ရုပ်ဆိုးသွားခြင်းရဲ့ နောက်ဆက်တွဲအခြေအနေတွေကြောင့်လားတော့မသိ၊ မဟုတ်ရင် ဒီရုပ်ဆိုးဆိုးဘေဘီလေးနှစ်ယောက်ကို သူမ ပိုကြည့်လေလေ ပိုချစ်စရာကောင်းလာတယ်လို့ ခံစားနေရတယ်လို့ သူမဘာသာတွေးတောနေမိလျက်။
မူကြိုမှာတုန်းက သူမ ဝက်ကလေးတွေ အများကြီးကို တွေ့ခဲ့ရပြီးသားပင်။
ဝက်ကလေးတွေက တော်တော်ချစ်စရာကောင်းတယ်လေ။
သူမက မိခင်တစ်ယောက်ရဲ့ သဘာဝအရ ကာလာမျက်မှန်နဲ့ သူမရဲ့ ဘေဘီလေးတွေကို ကြည့်နေခဲ့တာပဲ။
"မားမားဝက်ရေ ကိုယ်တို့ကလေးတွေကို ဘယ်လိုလုပ်ပြီး ဒီလိုပြောနိုင်ရတာလဲကွာ?"
လုယန် နူးညံ့တဲ့အပြုံးလေးဖြင့် ဘေးမှာထိုင်လိုက်ရင်း ရူးတူးတူးအဖေတစ်ယောက်လိုမျိုး သူ့ကလေးနှစ်ယောက်ကို လေ့လာကြည့်ရှုနေလျက်။ အိပ်ပျော်နေတဲ့မိခင်ဖြစ်သူနှင့် နှိုင်းယှဥ်ရရင်တော့ လုယန်က တစ်ညလုံးမအိပ်ခဲ့တာကြောင့် ကလေးတွေရဲ့အသွင်အပြင်နှင့် ပို၍ရင်းနှီးနေလေ၏။
"ကြည့်ပါဦး ဝက်ကလေးတွေရဲ့ နှာခေါင်းလေးတွေက ရှင်နဲ့ တော်တော်ဆင်တာပဲနော်"
ကလေးတွေရဲ့ ရှုံ့တွနေတဲ့ မျက်နှာသွင်ပြင်မှာရှင်းရှင်းလင်းလင်းမသိနိုင်သေးပေမယ့် သေချာကြည့်ပါက နှာတံလေးကတော့ သူတို့အဖေနှင့်တူကြောင်း တွေ့ရှိနိုင်လေ၏။
ဒီလိုနှာတံမြင့်မြင့်နှင့် မျက်လုံးလေးတွေဟာ အနာဂတ်မှာ ရုပ်ဆိုးမှာမဟုတ်တာ အသေအချာပါပဲ။ ဝက်ကလေးတွေရဲ့ အုပ်ထိန်းသူတစ်ယောက်အနေနဲ့ သူမ သူတို့လေးတွေကို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာစေရမယ်။
"အင်း ကိုယ်နဲ့တူပုံပဲ"
ကလေးက ရုပ်ဆိုးနေပေမယ့် လုယန်ကတော့ သူ့ကလေးနှစ်ယောက်ဟာ သူနဲ့တူတယ်လို့ ဝန်ခံရမည်ပင်။
ဘေဘီလေးတွေ ဘာလို့ ဒီလောက်ရုပ်ဆိုးနေတာလဲတော့ သူလည်း မသိဘူး။
မနေ့ညကတည်းက လုယန်ဟာ သူ့ဘဝကို သံသယဝင်လာခဲ့ရပြီ။ သူ ရုပ်မဆိုးဘူးဆိုတာ သိသာထင်ရှားနေပေမယ့် သူနဲ့တူတဲ့ သူ့သားလေးတွေက ဘာလို့ဒီလောက်ရုပ်ဆိုးနေရတာလဲကွာ?
မှန်ကိုကြည့်မိရင်တောင် ရုပ်ဆိုးတယ်လို့ ခံစားရတယ်လေ။
ချင်းရို့ သူ့အမူအရာကိုမြင်တဲ့အခါ ပြုံး၍ မေးလိုက်၏။ "ကျွန်မတို့ကလေးလေးတွေက ဘာလို့ ဒီလောက်ရုပ်ဆိုးနေတာလဲလို့ ရှင်တွေးနေတာမလား?"
"ကျွန်မတို့ကလေးတွေ ရုပ်ဆိုးနေလို့ ရှင်မကြိုက်ဘူးလား?"
"မဟုတ်တာကွာ" လုယန် သူမအား အပြုံးလေးနဲ့ ကြည့်လိုက်၏။
လုယန်ဟာ သူ့ဇနီးလေးက ကလေးတွေရုပ်ဆိုးလွန်းတာကိုမြင်ရင် ဝမ်းနည်းသွားပြီး စိတ်ညစ်သွားမှာကို အဓိက စိုးရိမ်နေခဲ့မိသည်ပင်။ လုယန်လည်း ချော့မော့နှစ်သိမ့်တဲ့စကားလုံးတွေကို အကြာကြီး တွေးထားပြီးသားပင်။
ယခုတော့ သူမရဲ့ စိတ်အခြေအနေကောင်းနေတာကို မြင်လိုက်ရ၍ လုယန်လည်း စိတ်အေးလက်အေး ဖြစ်သွားလေပြီ။
"သူတို့ကြီးလာရင် ကြည့်ကောင်းလာမှာပါ"
"လုကောရေ ရှင့်ဘာရှင် သွားဆေးကြောလိုက်ဦး။ ရှင့်ရဲ့ချောမောနေတဲ့မျက်နှာလေးကို ကြည့်ပြီးတော့ ကလေးတွေကို ကြီးပြင်းလာခွင့်ပေးလိုက်ပါနော်"
လုယန် ရေမိုးချိုးပြီး အဝတ်အစားတွေလဲဖို့ သွားလိုက်သည်။ သူ ခွင့်ရက်တစ်ချို့တောင်းဖို့အတွက် အဖွဲ့ဆီကိုလည်း သွားရဦးမယ်။ သို့နှင့် သူက သူ့ဇနီးလေးနဲ့ ကလေးလေးတွေကို တွန့်ဆုတ်စွာ ထားခဲ့ရသဖြင့် နောက်ဆုံးမှာတော့ အဖေဖြစ်လာပြီဆိုတဲ့ ခံစားချက်ကို နားလည်သဘောပေါက်သွားချေပြီ။ ထိုအတွေးတို့ဖြင့် စစ်ဦးစီးချုပ်လုလည်း မိန်းမောနေမိလျက်။
သွားရာလမ်းတစ်လျှောက်၌ မရေမတွက်နိုင်တဲ့ ကောင်းချီးတွေနှင့် အားကျမနာလိုမှုတွေကို ရရှိခဲ့လေသည်။ အဖွဲ့ထဲရှိ လူတိုင်းလည်း သူ့ဇနီးလေးဟာ ဝကစ်ကစ်သားယောကျ်ားလေးနှစ်ဦးကို မွေးဖွားခဲ့ကြောင်း သိနေခဲ့ကြပြီ။
"သားနှစ်ယောက်ဆို! ဂုဏ်ပြုပါတယ်ကွာ!"
"ပထမဆုံး ဖေဖေဖြစ်ရတာ ဘယ်လိုခံစားရတုန်းကွ?"
"အမြွှာမွေးလာဖို့ လျှို့ဝှက်ချက်တွေရှိလားဟေ့?"
xxx