ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၇၅)
ရွှီချင်းက အင်မတန်ဥာဏ်ကောင်းသူဖြစ်ရာ သူ့ဘေးနားက မျက်နှာမသာမယာဖြစ်နေတဲ့ လီချန်ဖုန်းကို ချက်ချင်း ကြည့်လိုက်ပြီး ရှက်ပြုံးလေးနှင့် "ဟေး ချန်ဖုန်းရေ ခင်ဗျားဗိုက်ဆာနေပြီလားဟင်?"
လီချန်ဖုန်းက သူ့မျက်ခုံးပင့်လိုက်ကာ အဝတ်အောက်မှာ ပေါ်နေတဲ့ ရွှီချင်းရဲ့ ဖြူဖွေးဖွေး အသားအရေကို ကြည့်နေရင်း ပြန်ဖြေလာခဲ့၏။ "ကိုယ် အမြဲဆာနေတာ"
ရွှီချင်းလည်း ဒီစကားတွေကို ကြားပြီးနောက် သူ့မျက်နှာမှာ ပူလောင်လာကာ ရှဲ့ယွီနှင့် အဒေါ်ရှဲ့တို့ထံ အမြန်လှမ်းကြည့်လိုက်သည်။ သူတို့က ထွမ်ထွမ်ကို ကျီစယ်စနောက်နေသည်ကို မြင်လိုက်ရတော့မှ အနည်းငယ် စိတ်သက်သာရာရသွားရလျက်။
သူ့အင်္ကျီလက်ရှည်အောက်မှ လက်က တဖြည်းဖြည်း ဆန့်ထွက်လာပြီး လီချန်ဖုန်းရဲ့ခါးနောက်ကနေ လျှောက်သွားနေကာ တစ်ဖက်လူ၏ တင်းမာပြီး ပျော့ပျော့ပျောင်းပျောင်းရှိတဲ့အသားကို ညင်သာစွာ ညှစ်လိုက်ပြီး တခြားသူတွေရှေ့မှာ အရမ်းနောက်ပြောင်မနေဖို့ လီချန်ဖုန်းကို အချက်ပြလိုက်သဖြင့် လီချန်ဖုန်းလည်း အမူအရာပြောင်းလဲခြင်းမရှိဘဲ လက်ခံလိုက်လေသည်။
"ယို့ ဟေး ဝတုတ်တုတ်ကောင်ကလေးကတော့!" ရွှီချင်းမှာ အဒေါ်ရှဲ့ရယ်သံကို ကြားလိုက်ရ၍ ထွမ်ထွမ်ကို အမြန်လှမ်းယူလိုက်ပြီး သူ့ပေါင်ပေါ်တင်ကာ အနှီးကို ဖွင့်လိုက်သည်။
"ဒီကလေးကတော့လေ... အဒေါ့်မှာ ပေမသွားပါဘူးနော် ဟုတ်တယ်မဟုတ်လား?" ရွှီချင်း ရှက်ရွံ့စွာ မေးလိုက်၏။ နှစ်သစ်ကူးအကြိုနေ့မှာ ကလေးလေးရဲ့အီးတွေ ပေသွားရတာ သိပ်မကောင်းဘူးလေနော်။
"မပေပါဘူး၊ သူ တုန်ယင်လာပြီး အားနည်းနည်းညစ်ထုတ်နေတာကို ခံစားလိုက်ရလို့ သူအီးပါနေမှန်း သိလိုက်တာပဲ!" အဒေါ်ရှဲ့က ကလေးများနဲ့ ပတ်သက်ပြီး အတွေ့အကြုံရှိသူမို့ ထွမ်ထွမ်လေးရဲ့ အမူအရာမှတစ်ဆင့် သိသွားခဲ့ခြင်းသာ။
လီချန်ဖုန်းက ရွှီချင်းကို အနှီးအသစ် ပေးလိုက်ပြီးမှ ရေနွေးတစ်ပုံးသွားယူလာခဲ့ကာ ထွမ်ထွမ်တင်ပါးလေးကို ဆေးကြောသုတ်ပေးလိုက်ပြီး ညစ်ပတ်နေတဲ့အနှီးကိုပါ လျှော်ဖွပ်လိုက်လေသည်။
ရွှီချင်းက ထွမ်ထွမ်တင်ပါးလေးကို အခြောက်သုတ်ပေးနေချိန်မှာ အဒေါ်ရှဲ့၏ ကလေးတွေအကြောင်း လက်ချာကိုလည်း နားထောင်နေလျက်။ ရှဲ့ယွီလည်း စပ်စုချင်စွာဖြင့် "အမေက အများကြီးသိတာပဲနော်"
"ဟုတ်ပါ့ဗျာ၊ ချန်ဖုန်းနဲ့ ကျွန်တော်နားမလည်တဲ့အရာတွေကို နောက်ကျရင် အဒေါ့်ဆီက ပိုပြီးလေ့လာသင်ယူရဦးမယ်ဗျာ!" ရွှီချင်းက ထွမ်ထွမ်လေးကို သုတ်ပေးပြီး အနှီးလဲပေးပြီးနောက် ကလေးငယ်လေးရဲ့ ပါးလေးကို နမ်းလိုက်ပြီး အဒေါ်ရှဲ့ကို ကြည့်လိုက်လေသည်။
အဒေါ်ရှဲ့က ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်ခြင်းအကြောင်း ပြောပြသည့်အခါစကားပြောစက်အလား စကားလုံးတွေက အဆက်မပြတ် ထွက်ကျလာတော့သည်။ ကံကောင်းထောက်မစွာဖြင့် နားဆင်သူအားလုံးမှာ ကလေးတစ်ယောက်ရှိပြီးသူများ သို့မဟုတ် မွေးတော့မည့်သူများဖြစ်ကြ၍သာ။။
ညစာပြင်ဆင်ချိန်ရောက်သောအခါ အဒေါ်ရှဲ့နှင့် ရှဲ့ယွီတို့လည်း ပြန်သွားခဲ့ကြပြီ။ ပါဝင်ပစ္စည်းများအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သောကြောင့် လီချန်ဖုန်းနှင့် ရွှီချင်းတို့အတွက် ချက်ပြုတ်ရန် အချိန်သိပ်မကြာလိုက်ပါချေ။ တစ်နာရီ၏ လေးပုံတစ်ပုံ(၁၅မိနစ်)ခန့်အကြာတွင် စားစရာတွေက စားပွဲပေါ် အသင့်ရောက်နေလေပြီ။
လီချန်ဖုန်းက ရွှီချင်း ပန်းကန်ထဲသို့ ဘေကွန်တစ်ပိုင်းထည့်ပေးကာ သူစားနေတာကို ကြည့်နေရင်း "မနက်ဖြန် ကိုယ်တို့မိဘတွေကို သွားကန်တော့ရအောင်လေ?"
ရွှီချင်းသည် ဘေကွန်ကို ခဏလောက် ဝါးနေခဲ့ကာ လီချန်ဖုန်းကို လေးနက်တဲ့မျက်နှာထားဖြင့် ကြည့်နေပြီးမှ တည်ငြိမ်စွာ ပြောလိုက်လေသည်။ "ကောင်းပါပြီ ကျွန်တော် ခင်ဗျားပြောတာ နားထောင်မယ်"
***
နောက်တစ်နေ့နံနက်စောစောတွင် နံနက်စာစားပြီးနောက် လီချန်ဖုန်းနှင့် ရွှီချင်းတို့က စားစရာတွေ၊ ငွေစက္ကူတွေ၊ ဖယောင်းတိုင်တွေကို ပူဇော်ကန်တော့ရန်အတွက် ယူဆောင်သွားခဲ့ကြ၏။ ထွမ်ထွမ်လေးကို လီချန်ဖုန်းရဲ့ နောက်ကျောမှာ ပိုးထားရင်း သူတို့စုံတွဲဟာ ခြံတံခါးကို သော့ခတ်ပြီး အိမ်၏ဘယ်ဘက်ခြမ်းသို့ လျှောက်သွားလိုက်ကြသည်။ အဖေရွှီနှင့် အမေရွှီတို့၏ အုတ်ဂူမှာ အိမ်နဲ့ ဆယ်မိနစ်ခန့်သာ ဝေးလေ၏။
အုတ်ဂူနှစ်ခုမှာ ဆီးနှင်းများဖုံးလွှမ်းနေပြီး အဝေးမှကြည့်ပါက မြေပြင်ပေါ်မှာ လဲလျောင်းနေသော ဘန်းမုန့်ပေါင်းကြီးနှစ်ခုနဲ့ တူနေသယောင်။ ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း ယူဆောင်လာသော ပစ္စည်းများကို နေရာချလိုက်ကြပြီး ဖယောင်းတိုင်ဖြူဖြူတွေကို ထွန်းညှိကာ အနီးနားရှိ သစ်ပင်တစ်ပင်ပေါ်တွင် စက္ကူတွေကို ချိတ်ဆွဲထားလိုက်လေသည်။
"အဖေ နဲ့ အမေ" ပြီးတော့ မူလရွှီချင်းရေ... "ကျွန်တော့်အမျိုးသားနဲ့ သားလေးကို အဖေတို့နဲ့တွေ့ဖို့ ခေါ်လာခဲ့တယ်။ ကျွန်တော် မသိတတ်မိတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။ အဖေတို့ဆီလာလည်ဖို့ အချိန်တော်တော်ကြာသွားခဲ့တယ်" ရွှီချင်းက ဆောင့်ကြောင့်ထိုင်ကာ ငွေစက္ကူတွေကို မီးရှို့ပေးလိုက်၏။ နှင်းတွေ အများကြီး ကျမနေပေမယ့် ရာသီဥတုက အတော်လေး အေးနေလျက်။ ပြာအဖြစ် လောင်ကျွမ်းသွားသော အကြွင်းအကျန်များတောင် ခဏကြာသည့်အခါ အေးခဲသွားလေပြီ။
ရွှီချင်း ဤကမ္ဘာကို ရောက်လာတာ တစ်နှစ်ရှိသွားခဲ့ပြီ။ ဤကာလအတွင်း သူဟာ စိတ်မငြိမ်မသက်ဖြစ်ခြင်းနှင့် သတိရှိခြင်းတို့မှ လွတ်မြောက်လာခဲ့ပြီး စိတ်အေးချမ်းလာခဲ့သလို ကူးပြောင်းလာခြင်း၏ အဖြစ်မှန်ကို လက်ခံနိုင်ခဲ့ပြီးဖြစ်၏။ ကမ္ဘာပျက်ကပ်၏ ရက်စက်ကြမ်းကြုတ်မှုများဟာ ရွှီချင်းကို သွေးအေးစေခဲ့သော်ငြား ၎င်းမှာ ကမ္ဘာပျက်ကပ်အတွင်း လူများ၏ ရက်စက်ကြမ်းကြုတ်မှုကို သဘာဝအလျောက် မြင်ဖူးသောကြောင့်သာ။
ဤကမ္ဘာသစ်မှာ ရွှီချင်းအား နေရောင်ခြည်နှင့် ဘဝအသစ်ကို ပေးစွမ်းလာသဖြင့် သူ့အစစ်အမှန်သဘောသဘာဝကို တဖြည်းဖြည်း ပြန်လည်ရရှိလာခဲ့လေပြီ။ မူလက ကမ္ဘာပျက်ကပ်ရောက်လာသည့်အချိန်မှာ သူက ကောလိပ်ကျောင်းသားလေးသာ ရှိပါသေးသည်လေ။
မိဘမဲ့ဂေဟာက တခြားသူတွေ ဘာဖြစ်သွားခဲ့ကြလဲဆိုတာ သူမသိသလို၊ သူတို့တွေက ဒီလိုရက်စက်ပြီး သွေးအေးတဲ့ကမ္ဘာကြီးမှာ အသက်ရှင်နိုင်ဦးမလား၊ သေဆုံးသွားကြပြီလားဆိုတာကို သူလည်း မသိတော့ပါချေ။ ၄င်းတို့ကိုတွေးကြည့်နေရင်း ရွှီချင်းက သက်ပြင်းမချဘဲမနေနိုင်တော့။
ထိုအချိန်တွင် လက်ကြီးကြီးမားတစ်စုံက သူ့ကို ပွေ့ဖက်လာလေ၏။ အမှန်တကယ်တော့ အတွင်းပိုင်းမှာ မည်းနက်နေပြီး ခပ်တန်းတန်းနေတတ်သည့် အပြစ်ကင်းပုံပေါ်တဲ့ သူ့ရဲ့ ခင်ပွန်းသည်ရဲ့ အသံကို နားထဲမှာ ကြားလိုက်ရကာ "ထွမ်ထွမ်နဲ့ ကိုယ်က ဒီမှာရှိတယ်နော်"
ရွှီချင်းက လီချန်ဖုန်းရဲ့ ကိုယ်ပေါ်မှာ သက်တောင့်သက်သာအနေထားဖြင့် မှီနေလိုက်သည်။ ဒီလူက သူ့အပေါ် ဘယ်လောက်ကောင်းကောင်း ဆက်ဆံတယ်ဆိုတာနဲ့ ပတ်သက်ပြီး အပျက်သဘော ပြောစရာတောင်မရှိပါချေ။ သူ မကျေနပ်စရာ ဘာရှိဦးမှာလဲနော်။
ထွမ်ထွမ်က ငြိမ်ငြိမ်လေး ပူဖောင်းတွေ မှုတ်ထုတ်နေသလို လီချန်ဖုန်းကလည်း ရွှီချင်းရဲ့ ပုခုံးလေးကို ညင်ညင်သာသာလေး ပွတ်ပေးနေခဲ့ပါသည်။ မိသားစုသုံးယောက်လေးရယ်၊ နှင့်ပွင့်ဖြူဖြူလေးတွေရယ်... ရှုခင်းမှာ သာယာအေးချမ်းနေလေရဲ့။
***
အခြားမိသားစုများအတွက်မူ ပထမလ၏ ပထမရက်မှာ အလုပ်ရှုပ်သောနေ့ဖြစ်သော်လည်း ရွှီချင်းနှင့် လီချန်ဖုန်းတို့အတွက်မူ အိမ်မှာ အေးဆေးနေနေကြသလို ကလေးလေးကို ကျီစယ်စနောက်နေရင်း *မီးဖိုနေ့ကို မွေ့လျော်နေကြလျက်။
(T/N- မီးဖိုနေ့ဆိုတာက မီးဖိုမှာ မီးထည့်ထားပြီးတော့ အတူတူဝိုင်းဖွဲ့ စကားပြောကြ၊ စားကြသောက်ကြ စသဖြင့် ရိုးရိုးလေးလုပ်ကြတာမျိုးပါပဲ)
လီချန်ဖုန်းက လီမိသားစုအား ဒီနှစ် နှစ်သစ်ကူးအကြိုနေ့တွင် သူတို့ထံ လာလည်တော့မည်မဟုတ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောထားပြီးဖြစ်သောကြောင့် သွားစရာမလိုတော့ပါချေ။
သည့်အပြင် ရွှီချင်းမှာလည်း ဆွေမျိုးသားချင်းများမရှိ၍ ဘယ်သူမှ အလာလည်ခြင်းလည်း မရှိပေ။ ရလဒ်အနေနဲ့ သူတို့စုံတွဲဟာ ယနေ့ကို အေးအေးဆေးဆေး သာယာပျော်မွေ့နေကြတော့သည်။
ရွှီချင်းက ပျင်းရိနေပြီး နှစ်သစ်ကူးပြီးသွားခဲ့ရင် သူ ဘာလုပ်ရမလဲဆိုတာ စတင်တွေးတောနေမိပြီ။ "ငါတို့အိမ်မှာ လူကြီးတစ်ယောက်မှ မရှိဘူး။ ငါတို့က ကလေးလေးကိုပဲ ထိန်းဖို့လိုတာ။ ဆိုတော့ နွေဦးမှာ စပြီးလယ်စိုက်လို့ရပြီ။ လယ်စိုက်ပြီးရင် ဘာမှလုပ်စရာမရှိဘူးဆိုတော့ ဒီတိုင်းထိုင်စားနေလို့လည်းမကောင်းဘူးကွာ"
ရွှီချင်းလည်း လီချန်ဖုန်းအား သူ့ရဲ့အကြံတစ်ချို့ကို ပြောပြလိုက်၏။ "ကျွန်တော် အိမ်မှာ ကုန်စုံဆိုင်လေးဖွင့်ချင်လို့ ခင်ဗျားဘယ်လိုထင်လဲ?" အခုဆို ရွာမှာ ဒီလိုဆိုင်မျိုး မရှိသေးပါချေ။ ရွာသူရွာသားတွေက ဆီ၊ ဆန်၊ ဆား၊ လက်ဖက်ရည် သို့မဟုတ် အိမ်က ကလေးတွေ အဆာပြေမုန့်စားချင်ပါက လူကြီးတွေက မြို့မှာ သွားဝယ်ရသည်။ တစ်ချို့လူတွေက သူတို့မှာ ကုန်နေတဲ့ဟာတွေကို ဝယ်ရန် မြို့ကိုသွားဖို့ တစ်လကျော်လောက် ကြာနေတတ်ပါသေးသည်။
လီချန်ဖုန်း ၄င်းကိုတွေးကြည့်မိပြီးနောက် အကြံကောင်းတစ်ခုပဲလို့ ခံစားလိုက်ရကာ "ဒါဆို ထွမ်ထွမ်အတွက် စာကြည့်ခန်းကို ဆိုင်ခန်းအဖြစ် သုံးလိုက်ကြတာပေါ့"
ရွှီချင်း ခေါင်းခါလိုက်ရင်း "ဟင့်အင်း အဲ့ဒီအခန်းက အရမ်းကျဉ်းတယ်။ ပြီးတော့ ထွမ်ထွမ်ကြီးလာရင်လည်း သူ့အတွက် ဖယ်ပေးရမှာပဲလေ"
လီချန်ဖုန်း ရယ်လျက် "မင်းက ပုံမှန်ဆို တအား ဉာဏ်ကောင်းပေမယ့် တစ်ခါတလေဆို ဘာဖြစ်လို့များ တုံးအနေရတာလဲကွာ။ ကလေးကြီးလာတဲ့အချိန်ဆို ကိုယ်တို့အိမ်ကို နောက်တခါ ပြန်ပြင်ဆောက်ပြီး သူ့အခန်းကို ပိုကြီး၊ ပိုကောင်းတဲ့အခန်း လုပ်ပေးနိုင်တာပဲလေ။ အဲ့ဒီအချိန်ဆို ကလေးလေးကလည်း ဒီစာကြည့်ခန်းသေးသေးလေးကို မလိုတော့မှာဘဲ ကိုယ်ကြောက်မိပါရဲ့"
ရွှီချင်း ကြောင်အသွားရလျက်။ ဟုတ်သားပဲ လီချန်ဖုန်းပြောတာ အမှန်ပဲဟာ။ နောက်နှစ်အနည်းငယ်ကြာတဲ့အခါ ဒီအိမ်မှာ သူတို့ ဆက်နေဦးမလားဆိုတာ ဘယ်သူပြောနိုင်မှာလဲနော်။ "ခင်ဗျားပြောတာ မှန်သားပဲ။ ကျွန်တော် ခင်ဗျားစကားကို နားထောင်လိုက်မယ်။ ကျွန်တော် နေရာကို သွားရှင်းလိုက်ဦးမယ်ဗျို့။ ကုန်စည်တွေ၊ ဆား၊ ဟင်းခတ်အမွှေးအကြိုင်တွေအတွက်တော့ ကျွန်တော်တို့ မြို့ထဲမှာ အများကြီး သွားဝယ်လို့ရတယ်။ ကျွန်တော် အဆာပြေမုန့်တွေလုပ်ပြီးရင်လည်း ဆိုင်မှာ ရောင်းလို့ရပြီ"
ထို့ကြောင့် ရွှီချင်းနှင့် လီချန်ဖုန်းတို့က ထွမ်ထွမ်အတွက် ပြင်ဆင်ပေးထားသော စာကြည့်ခန်းကို ကုန်စုံဆိုင်ငယ်လေးအဖြစ် ပြောင်းလဲခဲ့လေသည်။ လီချန်ဖုန်းက ကုန်ပစ္စည်းတွေ ထားဖို့အတွက် စင်ကြီးကြီးသုံးခုကိုလည်း ပြုလုပ်ပေးခဲ့သလို ခြံဝင်းတံခါးဆီ မျက်နှာမူထားတဲ့ ကုန်စုံဆိုင်ရဲ့ ပြတင်းပေါက်သေးသေးကိုလည်း ပိုကြီးတဲ့ပြတင်းပေါက်အဖြစ် ပြောင်းလဲပေးခဲ့သဖြင့် ဝယ်သူတွေ ဆိုင်ကိုလာသည့်အခါ အတွင်းမှ ကုန်ပစ္စည်းတွေကို လွယ်လွယ်ကူကူ မြင်နိုင်ပြီး ပြတင်းပေါက်မှတစ်ဆင့် တိုက်ရိုက် စီးပွားရေး လုပ်နိုင်ပေသည်။
"နှစ်သစ်ကူးတုန်းက အိမ်မှာ ပစ္စည်းတွေ အများကြီးသုံးပြီးကုန်ပြီဆိုတော့ ဆား၊ သကြားလုံး၊ သရေစာမုန့်နဲ့ တခြားဟာတွေ ဝယ်ဖို့ ကိုယ် မြို့ကို သွားလိုက်ဦးမယ်။ ကိုယ်ပြန်လာတဲ့အခါမှ ကိုယ်တို့ရဲ့ ကုန်စုံဆိုင်အကြောင်းကို ရွာသားတွေသိအောင် လုပ်ကြတာပေါ့" လီချန်ဖုန်း အရမ်းစိတ်လှုပ်ရှားနေကာ အဝတ်အစားလဲပြီး မြို့ကိုသွားဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ။
မြည်းလှည်းဆွဲ၍ သွားခါနီးတွင် ရွှီချင်းက သူ့ကို တားလိုက်ကာ "ဒါနဲ့ သကြားလုံးသွားဝယ်တဲ့အခါ ကျွန်တော်တို့ညီလေးနဲ့ လက်ထပ်ချင်တဲ့ အဲ့ဒီကလေးကိုတွေ့ဖို့ ဝမ်မိသားစုဆိုင်ကိုပဲ သွားလိုက်ပါလား?"
လီချန်ဖုန်းရဲ့ စိတ်တွေ တုန်လှုပ်သွားရလျက်၊ ဒါဟာ အဲ့ဒီလူနဲ့ တွေ့ဖို့ အကြောင်းပြချက်ကောင်းပဲ မဟုတ်ပါလော! "ကောင်းပြီ၊ ဒါဆို ကိုယ်သွားကြည့်လိုက်မယ်လေ။ အိမ်မှာ မင်းကိုယ်မင်း ဂရုတစိုက်နေနော်"
ရွှီချင်း ဒေါသတကြီးနဲ့ပြောကာ "ခင်ဗျားဘာသဘောတုန်း! ကျွန်တော့်မှာ ထွမ်ထွမ်လည်းရှိတယ်လေ"
လီချန်ဖုန်း ပြုံးလိုက်ကာ မြည်းလှည်းကို ခြံထဲမှ ဆွဲထုတ်သွားပြီး မြို့ဆီ ထွက်သွားတော့သည်။
လီချန်ဖုန်းသည် မြို့တွင်း အနည်းငယ်လှည့်ပတ်သွားပြီးနောက် လီရှောင်းအာ ပြောပြဖူးတဲ့ ဝမ်မိသားစုသကြားလုံးဆိုင်ကို ရှာတွေ့သွားကာ ဝင်သွားလိုက်၏။
သကြားလုံးဆိုင်ရဲ့ စီးပွားရေးမှာ အရမ်းကောင်းမွန်လှသဖြင့် ဝမ်လေ့ တစ်ယောက်တည်း မနိုင်တော့၍ အဖေဝမ်ကိုပါ အကူအညီတောင်းထားရလေသည်။ ဤနှစ်သစ်ကူး၌ လူပေါင်းများစွာ သကြားလုံးဝယ်နေကြသဖြင့် လီချန်ဖုန်းလည်း စတိုးဆိုင်အတွင်း လှည့်ပတ်ကြည့်ရှုနေရာ လူလတ်ပိုင်းအရွယ်ကောတစ်ယောက်အတွက် သကြားလုံးထုပ်ပိုးပေးနေတဲ့ ဝမ်လေ့ကို တွေ့လိုက်ရလေသည်။
သူစကားပြောဖို့ အလျင်စလိုမလုပ်ဘဲ ဘေးမှာရပ်နေပြီး ဝမ်လေ့စကားပြောနေတာကို တိတ်တဆိတ် နားထောင်နေလိုက်၏။
"အဒေါ်လင်းရေ စုစုပေါင်း ကြေးပြား ၄၇ပြားပါ။ နှစ်သစ်ဆိုတော့ အတိတ်နိမိတ်ကောင်းတဲ့နံပါတ်အနေနဲ့ ၄၆ပြားနဲ့ ထားပေးလိုက်မယ်ဗျာ။ ဒါနဲ့ စကားမစပ် နောင်နှစ်ပေါင်းများစွာတိုင်အောင် ကျန်းမာပြီးတော့ ဘေးရန်ကင်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်!" ဝမ်လေ့က ရယ်မောရင်း ပြောလိုက်ရာ သူ့နှုတ်ချိုချိုလေးကြောင့် အဒေါ်လင်းလည်း စိတ်ပျော်သွားရသည်မို့ ကြေးပြား၄၆ပြားကို ပျော်ပျော်ကြီးပေးကာ သကြားလုံးတွေနဲ့အတူ ထွက်သွားပါတော့သည်။
ဝမ်လေ့က ပြုံးလိုက်ပြီး နောက်ဝယ်သူတစ်ဦးနဲ့ စကားပြောလိုက်၏။ သူက ပြုံးပြုံးရွှင်ရွှင်နဲ့ နှစ်သစ်ကူးအတွက် တစ်ဖက်လူကို ဆုတောင်းပေးနေသည်မှာ အပေါ်ယံမဟုတ်တဲ့အတွက် လူတွေကို စိတ်သက်သာရာရစေသလို စက်ဆုပ်ရွံရှာစိတ်မဖြစ်စေပါချေ။
လီချန်ဖုန်း ခဏလောက် နားထောင်ပြီးနောက် ဒီလူဟာ အပြောချိုပြီး ခြေမြန်လက်မြန်ရှိသူဖြစ်သလို သူ့ရဲ့ စီးပွားရေးလုပ်ပုံကိုင်ပုံကလည်း လေးစားစရာကောင်းတယ်လို့ ခံစားမိလေသည်။ မကြာမီတွင် စတိုးဆိုင်ရှိလူများ လျော့နည်းသွားသည့်အခါ လီချန်ဖုန်းက ဝမ်လေ့ဆီ လျှောက်သွားလိုက်ပြီး "ညီလေးရေ သကြားလုံးတစ်ပေါင်ဆို ဘယ်လောက်လဲ?"
ဝမ်လေ့က လီချန်ဖုန်းကို နှစ်သစ်ကူး လက်ဆောင်ပေးကာ အပြုံးလေးနှင့် ပြန်ဖြေလာခဲ့သည်။ "တစ်ပေါင်ကို ကြေးပြား ၁၂ပြားပါ၊ စျေးနှုန်းလည်း အသင့်အတင့်ပါပဲ။ ဘယ်လောက်လိုချင်လဲဗျ?"
လီချန်ဖုန်း ခဏလောက် စဉ်းစားကြည့်လိုက်ပြီးမှ သူနည်းနည်းပဲဝယ်သွားခဲ့ရင် နောက်ကျ ပစ္စည်းပျက်သွားမှာ စိုးရိမ်မိ၍ ပိုဝယ်ဖို့ဆုံးဖြတ်လိုက်လေသည်။ "ဒီလောက်အများကြီးလိုချင်ရင် ဘယ်လောက်ကျမလဲ?"
လီချန်ဖုန်းက ဝမ်လေ့အရှေ့မှာ လက်ငါးချောင်းကို ဆန့်ထုတ်ပြကာ ယမ်းလိုက်လေ၏။
ဝမ်လေ့က အတော်အသင့် ဗဟုသုတရှိသူမို့ လီချန်ဖုန်းက ၅ကီလိုသာ လိုချင်တာလို့ မထင်ခဲ့ဘဲ "ခင်ဗျားက ၅၀ကီလိုဂရမ်လိုချင်တာလားဗျ?"
လီချန်ဖုန်း ခေါင်းညိတ်ပြလိုက်၍ အဖေဝမ် စိတ်လှုပ်ရှားသွားရပြီး - ဒါက အော်ဒါအကြီးကြီးပဲဟ! ဒါပေမယ့် သူ အလောတကြီး စကားမပြောလိုက်ပေ။ သူ့သားက စီးပွားရေးဘယ်လိုလုပ်ရမလဲဆိုတာကို သိသူဖြစ်မှန်း သူ ယုံကြည်လေသည်။
မူလကတော့ လီချန်ဖုန်း ကီလိုငါးရာလိုချင်ပေမယ့် ဒီလောက်များများဝယ်ပြီးမှ အိမ်မှာမရောင်းနိုင်တော့မှာကို ကြောက်သည့်မို့ ဝမ်လေ့စကားအတိုင်း ခေါင်းညိတ်ပြလိုက်တာဖြစ်၏။ "အရင်ဆုံး ၅၀ကီလိုပါပဲ။ နောက်မှအခွင့်အရေးရရင် ထပ်ဝယ်ပါဦးမယ်" ရွာသားတွေဆီ ဘယ်လောက်ရောင်းရမလဲဆိုသည့်အပေါ်မှာလည်း မူတည်နေတယ်လေ။
ဝမ်လေ့က ခေါင်းညိတ်လိုက်ပြီး "ဒါဆို ကျွန်တော် ခင်ဗျားကို ၁ပေါင်ကို ကြေးပြား၉ပြားနဲ့ ပေးလိုက်မယ်လေ။ ခင်ဗျားရော ခင်ဗျားမိသားစုပါ အသက်ရှည်ရှည်နဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ"
လီချန်ဖုန်းက ဒါကိုကြားတော့ ပြုံးလိုက်ပြီး ဒီဆုတောင်းပေးလိုက်တာကို သူတော့ သဘောကျတယ်ဟေ့! "ကျေးဇူးတင်ပါတယ်! ဒါဆို ကျေးဇူးပြုပြီးတော့ ငွေနှစ်လျန်ဖိုးထည့်ပေးလိုက်ပါ!"
(၁ကီလို = ၂.၂ပေါင်
၁ပေါင်ကို ၉ပြားနဲ့ပေးတာဆိုတော့ ငွေ၂လျန်ဖိုး(ကြေးပြား၂၀၀၀)ဆိုရင် ၂၂၂ပေါင်ကျော်ကျော်ရှိမယ်နော်။ ၂၂၂ပေါင်ဆိုတော့ ၁၀၀ကီလိုကျော်ပါမယ်... etranက ပေါင်ပြောလိုက် ကီလိုပြောလိုက်နဲ့ ရှုပ်ကုန်ကြမှာစိုးလို့နော်)
"ကောင်းပါပြီဗျ! ခဏစောင့်ပါဦး၊ ခင်ဗျားပြန်သယ်သွားဖို့အတွက် ခိုင်ခံ့ပြီး သုံးလို့လွယ်တဲ့အိတ်နဲ့ ထည့်ပေးလိုက်မယ်ဗျာ" ဝမ်လေ့နှင့် အဖေဝမ်က လီချန်ဖုန်း မှာထားတဲ့ သကြားလုံးတွေကို စတင်ထုပ်ပိုးလိုက်ကြလေသည်။
ဝမ်လေ့ရဲ့ လုပ်ပုံကိုင်ပုံ မြန်ဆန်သည်ကို ကြည့်ရင်းနဲ့ လီချန်ဖုန်းက ဒီလူကို သူ့စိတ်ထဲမှာ ကျေနပ်နေခဲ့ပြီ။ အကယ်၍ ဝမ်လေ့သာ သူ့ညီလေးကို ဆိုးဆိုးရွားရွားဆက်ဆံဝံ့ပါက လီချန်ဖုန်းလည်း သူ့ကို ကိုင်တွယ်ဖို့ နည်းလမ်းရှိတာပေါ့! မာဖူကွေ့ ဘယ်လိုဖြစ်သွားသလဲဆိုတာ မမေ့ကြနဲ့ဦးလေ။
ထိုအချိန်တွင် ကုန်စုံဆိုင်မှာ မွန်းကျပ်နေတဲ့ မာဖူကွေ့က နှာချေသွားရကာ "ဘယ်မုဆိုးမလေးက ငါ့အကြောင်း တွေးနေတာပါလိမ့်?!" မာဖူကွေ့က သူ့နှာခေါင်းသူပွတ်နေရင်း မနေ့ညက တွေ့ခဲ့ကြတဲ့ ကောင်းမိသားစု မုဆိုးမကို ပြန်တွေးမိကာ သူ့နှလုံးသားလေး နွေးထွေးသွားရလျက်။
အိမ်က ဝတုတ်ရုပ်ဆိုးကောကြောင့် အိပ်ရာထဲမှာ စားချင်စိတ်မရှိသော်ငြား သူ့ကိုယ်သူ အတင်းလုပ်ခိုင်းခဲ့ရသည်။ အဲ့ဒါက သူ့ကို မအီမသာဖြစ်စေပေမယ့် ကံကောင်းထောက်မစွာပဲ အပြင်မှာ ဟင်းပွဲကောင်းကောင်းလေးတွေ စောင့်နေလေရဲ့။
မာဖူကွေ့ ထိုသို့တွေးလိုက်သည့်အခါ လျို့ဝှက်စွာ စိတ်လှုပ်ရှားနေမိပေမယ့် နောက်အခိုက်အတန့်မှာပင် စိတ်ဓာတ်ကျသွားပြန်၏။ အကယ်၍ သူသာ ရှဲ့ယွီနဲ့ မကွာရှင်းဖြစ်ခဲ့ရင် သူ ဒီလိုမျိုး အဆုံးသတ်လိမ့်မှာ မဟုတ်ဘူးကွာ အား!
***
လီချန်ဖုန်း အိမ်ပြန်ရောက်သည့်အခါ သူဝယ်လာတဲ့ သကြားလုံး၊ ဆားနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ကုန်စုံဆိုင်တွင် နေရာချလိုက်၏။ "သကြားလုံးတွေက ကတ်တီ၂၀၀ကျော်ပါလာတယ်။ ၁ပေါင်ကို ကြေးပြား၉ပြားနဲ့ ဝယ်ခဲ့တာ။ မြို့ထဲမှာ ၁ပေါင်ကို ကြေးပြား၁၂ပြားနဲ့ ရောင်းကြတာဆိုတော့ ကိုယ်တို့ ၁၄ပြားနဲ့ ရောင်းလို့ရတယ်။ ရွာသားတွေက မြည်းလှည်းစီးပြီး မြို့မှာ သွားဝယ်ရရင် အသွားအပြန်စရိတ်က ၆ပြားကုန်တာဆိုတော့ သူတို့အတွက်လည်း အရှုံးမရှိဘူးလေ"
ရွှီချင်း ခေါင်းညိတ်လိုက်ကာ - ဘာပဲဖြစ်ဖြစ် တခြားလက်လီရောင်းချသူတွေကလည်း နောက်ဆုံးရောင်းဈေးမှာ ကြေးပြား ၂ပြား၊ ၃ပြား ထပ်ပေါင်းကြတာပဲလေ။
လီချန်ဖုန်း ကုန်ပစ္စည်းများကို နေရာတကျစီရီပြီးနောက် ရွာထဲသို့သွားကာ စာလုံးအလှရေးတတ်သည့် တစ်ယောက်ယောက်ကို ဆိုင်းဘုတ်လေးတစ်ခုရေးခိုင်းပြီးမှ အိမ်ပြန်လာကာ ကုန်စုံဆိုင်ပြတင်းပေါက်တွင် ချိတ်ဆွဲထားလိုက်၏။
ထို့နောက်တွင်မူ သူက ဝေ့အိမ်၊ ဝူအိမ်နှင့် အခြားနေရာများသို့ တမင်တကာ လမ်းလျှောက်ထွက်ခဲ့သည်။ သူ့ခရီးစဉ်အဆုံး၌ လီချန်ဖုန်းနှင့် ရွှီချင်းတို့က အသေးအဖွဲပစ္စည်းလေးတွေကို ရောင်းချတဲ့ ကုန်စုံဆိုင်လေးတစ်ခု ဖွင့်ထားကြောင်း တစ်ရွာလုံး သိသွားကြလေပြီ။
ယခုချက်ချင်း စတင်ဝယ်ယူလို့ရနိုင်သလို စျေးနှုန်းသည်လည်း မြို့ထဲကထက် ကြေးပြား၂ပြားသာ ပိုများပေသည်။ မင်းသာ မြည်းလှည်းဖြင့် မြို့ကိုသွားပါက ကြေးပြား၃ပြားကုန်သေးသလို ခရီးအတွက်လည်း အချိန်ကုန်မှာပင်။ သည့်အတွက်ကြောင့် ရွှီချင်းနှင့် လီချန်ဖုန်းတို့က ပစ္စည်းတွေကို အမျိုးအစားခွဲထုတ်ပြီးသည်နှင့် ဝယ်သူတွေ ပေါ်လာပါတော့သည်။
"ဝါး သကြားလုံးတွေပဲ! ငါ့ဆွေမျိုးတွေက နေ့လည်ကျရင် လာကြမှာ၊ သူတို့ကလေးတွေလည်း ပါလာလိမ့်မယ်! ဒီတော့ ငါ့အတွက် သကြားလုံး ၂ကီလိုလောက်ပေးပါဦး!" ပြောလာသူမှာ လီကျန်း၏ ဘေးအိမ်မှာ နေထိုင်သော အဒေါ်မိန်ပင်။ သူ့သားက မြို့မှာနေထိုင်ကာ အချိန်ပိုင်းအလုပ်သမားလည်းဖြစ်၍ လစာလည်း အတော်အသင့်ကောင်းလေရာ သူ့ဘဝသည်လည်း အဆင်ပြေလေသည်။
ရွှီချင်း ချက်ချင်း ခေါင်းညိတ်လိုက်ပြီး အော်ဒါကို အလျင်အမြန် အလေးချိန်ပေးလိုက်ကာ အဒေါ်မိန်ခေါ်လာသော နှစ်နှစ်အရွယ်ကလေးလေး လက်ထဲကိုလည်း သကြားလုံးလက်တစ်ဆုပ်စာ ထည့်ပေးလိုက်၏။ သို့သော် အဒေါ်မိန်က ချက်ချင်းငြင်းလာခဲ့သဖြင့် ရွှီချင်း အပြုံးလေးနဲ့ ပြောလိုက်ကာ "အဒေါ်က ကျွန်တော်တို့ဆိုင်ရဲ့ ပထမဆုံးဝယ်သူလေ။ ကျွန်တော်တို့ဖောက်သည်တွေကို ကျေးဇူးတင်တဲ့အနေနဲ့ ပေးတာဆိုတော့ ကျေးဇူးပြုပြီး လက်ခံပေးနော်"
အဒေါ်မိန် ထိုစကားကိုကြားသည့်အခါ ဝမ်းသာအားရ ပြုံးလိုက်ပြီး ရွှီချင်းကို ပိုက်ဆံကမ်းပေးကာ ကလေးကိုခေါ်၍ သကြားလုံးအထုပ်ယူပြီး အားရကျေနပ်စွာ ထွက်သွားပါတော့သည်။
လမ်းတစ်လျှောက် ရွှီအိမ်သို့ လာနေကြသော ရွာသားများနှင့် သူ တွေ့ဆုံခဲ့သည့်အခါ သူ့အတွေ့အကြုံကိုပါ ပြောပြလိုက်သဖြင့် ရွာသားတွေကို ပို၍ပင် စပ်စုချင်လာအောင်လုပ်ခဲ့လေသည်။
ပထမတစ်ယောက်ပြီးတော့ ဒုတိယတစ်ယောက်ထပ်ရောက်လာကြ၏... တစ်နေ့ခင်းထဲနဲ့ သကြားလုံး ၅၀ကီလိုကျော်သာ ကျန်တော့သလို တခြားပစ္စည်းတွေလည်း ရောင်းကောင်းသဖြင့် တစ်ဝက်လောက်သာ ကျန်ပါတော့သည်။ ရွှီချင်း ပြုံးပျော်နေလျက်၊ သူတို့ လုပ်ငန်းစတဲ့ ပထမဆုံးနေ့က တအားကို ချောမွေ့နေရောပဲကွာ!
ညနေရောက်တော့ နှစ်ယောက်သား ပိုက်ဆံရေတွက်လိုက်ကြရာ ကုန်ကျစရိတ်ကို နုတ်ပြီးနောက် ငွေ၁လျန်ရဲ့ တစ်ဝက်ဖြစ်သော ကြေးပြား၅၀၀ ဝင်ငွေရခဲ့ပါ၏။ လီချန်ဖုန်းက မနက်ဖြန် မြို့ကိုပြန်သွားကာ ကုန်ပစ္စည်းထပ်ဖြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။
"ဒါနဲ့ ခင်ဗျား အဲ့ဒီဝမ်လေ့ကို တွေ့ခဲ့လား? သူက ဘယ်လိုလဲ?" ရွှီချင်းက လီရှောင်းအာနှင့်ပတ်သက်သော အနှီလေးနက်တဲ့ကိစ္စကို ပြန်သတိရမိသွားကာ ထွမ်ထွမ်ကို စနောက်နေတဲ့ လီချန်ဖုန်းကို မေးမြန်းလိုက်သည်။
လီချန်ဖုန်းက ထွမ်ထွမ်ရဲ့ နှာဖျားလေးကို ဖျစ်လိုက်ရင်း စောစောက သူတွေ့ခဲ့သော ဝမ်လေ့အကြောင်းကို ပြန်တွေးမိကာ "သူက လူကောင်းနဲ့ တူပါတယ်၊ အလုပ်လုပ်တာလည်း မြန်မြန်ဆန်ဆန်၊ သွက်သွက်လက်လက်ရှိပြီးတော့ စဥ်းစားဥာဏ်လည်းရှိပုံရတယ်။ ကိုယ့်အထင်တော့ သူက လက်ခံနိုင်စရာပါပဲ"
"ဒါပေမယ့် ဒါက စီးပွားရေးသမားတစ်ယောက်အနေနဲ့ပဲ မြင်တာနော်။ စီးပွားရေးမလုပ်တဲ့အချိန်ဆို ဘယ်လိုနေမလဲတော့ ကိုယ်လည်း မပြောတတ်ဘူး။ သူ့ကို ဒီကိုလာခိုင်းပြီးတော့ အကဲခတ်ကြည့်လိုက်ရမလား?" လီချန်ဖုန်းက ရှားရှားပါးပါး ဟာသလုပ်လိုက်သည်မို့ စိတ်အခြေအနေကောင်းနေတဲ့ ရွှီချင်းမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရ၏။
"တကယ်တော့ ခင်ဗျားအဲ့လိုလုပ်လိုက်ရင်လည်း ကျွန်တော်ကတော့ စိတ်မရှိပါဘူးနော်၊ ဟုတ်တယ်ဟုတ် ထွမ်ထွမ်လေးရေ" ရွှီချင်းက ထွမ်ထွမ်လေးကို ပွေ့ဖက်ထားကာ သူ့ရဲ့နဖူးသေးသေးလေးကို ပုတ်လိုက်သည်။ လီချန်ဖုန်း ကျေကျေနပ်နပ် ပြုံးလိုက်ပြီး ရွှီချင်းရဲ့ နားထဲကို တိုးတိုးလေးပြောလိုက်၏။ "မင်းတစ်ယောက်တည်း အခန်းလွတ်ထဲမှာ နေရမှာကို မကြောက်ဘူးလားကွာ?"
Thanks for reading!