Chapter 158
နောက်ဆုံး ရွေးချယ်မှု ပြီးသွားပြီးချိန် လေဒီသိုက်ပေါ်က ဘောပင် ပိတ်လိုက်ပြီး ထရပ်လိုက်သည်
" မင်းရဲ့ ခန္ဓာကိုယ်အတိုင်းအတာအတိုင်း ခါးနားတစ်ဝိုက်ကို နည်းနည်း ပြန်ပြင်ဦးမယ်။ ပြီးတော့ မင်းရဲ့ ပုံရံနဲ့ ကိုက်ညီမယ့် အချက်အလက်တွေကို စမ်းချုပ်ကြည့်ဦးမယ်"
သူမက လက်ထဲက ဘောပင်ကို ခါယမ်းလိုက်သည်
" ရှိုးပွဲမပြီးခင် ဝိတ်တက်မလာပါဘူးလို့ ကတိပေးရမယ်နော်"
ယွီနျန်က ပြုံးလိုက်ပြီး သဘောတူလာသည် " ဒါပေါ့ဗျာ... စိတ်မပျက်စေရပါဘူး"
အိမ်ပြန်လမ်းတွင် မုန့်ယွမ်က တတွတ်တွတ် ပြောလာသည် " လေဒီသိုက်ပေါ်က ငါးဆယ်လို့ကို မထင်ရဘူးနော်။ သူမက အရေးအကြောင်းတွေ ရှိနေပေမယ့် တော်တော်လေး..."
"ဖြတ်ဖြတ်လတ်လတ် ရှိတယ်"
“ဟုတ်တယ်...အဲ့ဒါ"
မုန့်ယွမ်က မျက်ခုံးပင့်လိုက်သည်
" မင်းက ငါပြောချင်တာကို တကယ် သဘောပေါက်သားပဲ။ ငါတို့ ပြန်ခဲ့ကြတော့ staffက ငါတို့ကို လက်ဆောင်သေးသေးလေးတစ်ခုတောင် ပေးခဲ့သေးတယ်။ စွမ်းဆောင်ရည် မြင့်မားတယ်။ သဘောထား ပြည့်ဝတယ်။ လူမှုဆက်ဆံရေး ကောင်းမွန်တယ်။ သူမနဲ့ အလုပ်တူတူ တွဲလုပ်ရတာက တကယ်ကို လတ်ဆတ်တဲ့ လေကို ရှူနေရတဲ့အတိုင်းပဲ။ အို့ ဒါနဲ့ သူတို့က ပြောလိုက်သေးတယ်။ ရှိုးပွဲပြီးတာနဲ့ မင်းကို ထိပ်တန်းမဂ္ဂဇင်းသုံးခုထဲက တစ်ခု ဖြစ်တဲ့ 'F'မဂ္ဂဇင်းရဲ့ နှစ်ပတ်လည်အခမ်းအနား ကာဗာမှာ ပါဝင်သွားမယ် ဆိုပြီး အတည်ပြုထားပြီးပြီတဲ့။ အချိန်ဇယားကိုလည်း စီစဥ်ထားပြီးသွားပြီတဲ့"
ယွီနျန်က ခေါင်းညိမ့်ပြလာသည်
" ကျွန်တော် အဆင်ပြေပါတယ်။ ဒါနဲ့ အစ်ကိုမုန့် ကျွန်တော် သဘက်ခါ ဟုန်မြို့တော်ကို လေယာဥ်စီးပြီး သွားမလို့ရယ်"
“ဟုန်မြို့တော်ကို လေယာဥ်နဲ့ သွားမှာ" မုန့်ယွမ်က ယွီနျန့်ကို ကြည့်လာသည်
" မင်း ထပ်ပြီး စျေးဝယ်ထွက်မယ်လို့တော့ မပြောနဲ့နော်"
ယွီနျန်က အံကြိတ်ပြီး ပြောလာသည်
" အစ်ကိုမုန့်က ခန့်မှန်းမိသွားပြီပဲ"
“…ငါ သိနေတယ်။ မင်းက အားလပ်ချိန် ယူခဲတယ်လေ။ ပြီးတော့ မင်း ငါ့ကို အချိန်ဇယားရှင်းပေးဖို့ ပြောတဲ့အခါတိုင်း အချစ်ရေးကိစ္စမဟုတ်ရင် စျေးဝယ်ထွက်ဖို့ပဲ"
မုန့်ယွမ်က သူ့နာဖူးသူ ရိုက်ချလိုက်သည်။
သို့သော်လည်း အချိန်ဇယားကို ပြန်စဥ်းစားကြည့်ပြီးနောက် သူ့မျက်လုံးတို့ ပြူးကျယ်သွားရသည်
" မင်းက အချိန်ဇယားတွေ တစ်ပုံကြီးဆိုတော့... ဘယ်မှာသွားညှိဦးမလို့လဲ။ ဒီနေ့ အဝတ်စမ်းဝတ်တာကလွဲလို့ လာမယ့် ရက်အနည်းငယ်အတွင်း မင်းမှာ ဘာချိန်းထားတာမှ မရှိတာ။ 'အယ်လ်ဘမ်အတွက် ပြင်ဆင်နေတယ်' ဆိုတဲ့ ခေါင်းစဥ်အောက်မှာပဲ အချိန်သတ်မှတ်ထားတာလေ။ ပြီးတော့ အယ်လ်ဘမ်ကလည်း မင်းကိုယ်တိုင် စီစဥ်နေတာပဲကို ဘာလို့ ငါ့ကို လိုနေဦးမှာလဲ"
“တကယ်လား" ယွီနျန်က အချိန်ဇယားကို စစ်ကြည့်လိုက်ရင်း သဘောပေါက်သွားလေသည်
" ကြည့်ရတာ အဲ့လိုမျိုး ဖြစ်နေတဲ့ပုံပဲ။ ဒါဆို ကျွန်တော် သဘက်ခါ သွားတော့မယ်နော်"
****
၃နာရီဝန်းကျင်တွင် သီးသန့်ဂျက်လေယာဥ်က ဟုန်မြို့တော်တွင် သက်ဆင်းသွားသည်။ ရာသီဥတုက ကောင်းမွန်နေ၍ လေယာဥ်ဆင်းရသည်မှာ အဆင်ပြေချောမွေ့နေသည်။ ယွီနျန်က ရွှယ်ယုံ့ပေါင်ပေါ် လှဲနေရင်း အိပ်ပျော်သွားသလို ရစ်မူးလာသည်။
ယွီနျန့် ထထိုင်လိုက်ရန် ကူပေးလိုက်ပြီးနောက် ရွှယ်ယုံက သူ၏ ရှုပ်ပွနေသော ဆံပင်များကို သပ်တင်ပေးလိုက်ရင်း အင်္ကျီကော်လံကို တည့်ပေးလိုက်ပြီး နှာခေါင်းထိပ်လေးကို နမ်းရှိုက်လိုက်သည်။ သူက နွေးနွေးထွေးထွေးလေသံနှင့် ပြောလာသည်
" နျန်နျန်...ထတော့။ ကိုယ်တို့ ရောက်ပြီ"
ရွှယ်ယုံကမ်းပေးသည့် ရေခွက်မှ ရေတစ်ငုံ သောက်လိုက်ရင်း ယွီနျန်က အိပ်ချင်စိတ်တို့ကို ခါချလိုက်သည်။ သူက ပြတင်းပေါက်အပြင်ဘက်ကို ကြည့်လိုက်ရင်း မေးလာသည်
" ကျွန်တော်တို့ ရောက်သွားပြီလား"
ရေခွက်ကို ပြန်ထားလိုက်ရင်း ရွှယ်ယုံက ယွီနျန့်နှုတ်ခမ်းထောင့်နားက ရေစက်များကို လက်ချောင်းထိပ်လေးနှင့် သုတ်ပေးလာသည်
" ဟုတ်တယ်။ ကိုယ်တို့ကို လာကြိုမယ့်ကားက စောင့်နေပြီ။ လေလံပွဲဆီ တိုက်ရိုက်သွားလို့ရတယ်"
ဝေသဲတွင် ဟုန်မြို့တော်၌ ကိုယ်ပိုင်ရင်းနှီးမြုပ်နှံထားသည့် လေလံပွဲနေရာ ရှိလေသည်၊။ဝင်ပေါက်နားရောက်သော် "ငြိမ်းချမ်းမှုနဲ့ ကံကောင်းမှု" သင်္ကေတ သစ်သားဆင်ရုပ်ကြီးများ ရှိလေသည်။
ဤလေလံပွဲက အခွင့်ထူးခံ လူအနည်းငယ်သာ ကန့်သတ်ထားလေသည်။ လူခြောက်ဆယ်သာ ဖိတ်ထားသည်။ ယွီနျန်က သီးသန့်ခန်းထဲ နေရာယူလိုက်ပြီး စပျစ်သီးတစ်လုံး ယူစားလိုက်သည်။ အရသာကောင်း၍ ရွှယ်ယုံ့ကိုလည်း တစ်လုံး ကျွေးလိုက်သည်။ ထင်မထားစွာ စပျစ်သီးစားပြီးနောက် ရွှယ်ယုံက လက်လွှတ်ပေးမလာပဲ သူ့လက်ချောင်းထိပ်ကို ဖွဖွ ကိုက်လာသည်။
သူ၏ လက်ချောင်းထိပ်က အကိုက်ခံရ၍ ဆစ်ခနဲဖြစ်သွားရင်း ယွီနျန်က သဘောကျ ရယ်မောလိုက်သည်
" ရွှယ်ယုံ...လွှတ်လိုက်တော့ ယားကျိကျိနဲ့"
ရွှယ်ယုံက နောက်ဆုံးတွင် လွှတ်ပေးလာပြီး ယွီနျန့်ကို အနားဆွဲယူလိုက်ရင်း စိတ်ကျေနပ်ဖွယ် အနမ်းတို့ ပေးလာသည်။
လေလံပွဲသွားသည့် လမ်းတွင် ယွီနျန်က catalogကို ကြည့်ထားပြီးဖြစ်၍ လေလံတင်မည့် ပစ္စည်းများကို ထူးပြီး စိတ်ဝင်စားမနေချေ။ သူက လက်ပေါ်မှီလိုက်ရင်း သစ်သီးများစားနေရင်း လေလံပွဲတိုက်ရိုက်ထုတ်လွှင့်မှုကို နားထောင်နေသည်။ တစ်ခါတစ်ရံ သူနှင့် ရင်းနှီးနေသည့် ပစ္စည်းများအပေါ် မှတ်ချက်ပေးလာသည်။
ယွီနျန်က ဘေးတွင် ရှိနေ၍ ရွှယ်ယုံက တခြားအရာများကို အာရုံမရှိချေ။ သူက စပျစ်သီးအနီ၏ အခွံပါးကို စိတ်ရှည်လက်ရှည် ခွာပေးနေပြီး ယွီနျန့်ကို ဖြေးဖြေးချင်း ခွံ့ကျွေးနေရင်း သူ၏ မျက်လုံးများကလည်း ကျန်းနန်ရှိ နွေဦးမိုးကဲ့သို့ နူးညံ့သက်ဝင်နေသည်။
လေလံပွဲ၏ နောက်ဆုံးအပိုင်းတွင် သက်တော်စောင့် ဟယ်ရှန်က လူတစ်ယောက် ခေါ်ပေးလာပြီး ဝေသဲမန်နေဂျာဟု မိတ်ဆက်ပေးလာသည်။
ရွှယ်ယုံ၏ နူးညံ့နေသည့် မျက်နှာအမူအရာက ပျောက်ကွယ်သွားပြီး သူ၏ လက်ချောင်းထိပ်မှ စပျစ်ရည်တို့ကို လက်ကိုင်ပဝါနှင့် သုတ်လိုက်ရင်း မေးလာသည်
" ဘာကိစ္စလဲ"
မန်နေဂျာ၏ မျက်နှာက အပြုံးတို့ ချိတ်ဆွဲထားပြီး လေးလေးစားစား ရှင်းပြလာသည် " မစ္စတာရွှယ်...စိတ်မကောင်းပေမယ့် ခင်ဗျားတို့ စိတ်ဝင်စားနေတဲ့ ပစ္စည်းက နောက်ဆုံးတစ်ခေါက်မှာ ရောင်းမယ့်သူက ဖျက်သိမ်းသွားလို့ပါ"
ရွှယ်ယုံက လက်ကိုင်ပဝါကို ချလိုက်ရင်း စိတ်မကြည်ဖြစ်သွားဟန် ပြောလာသည်
" ဘာလို့လဲ"
မန်နေဂျာက စည်းချက်မညီသည့် နှလုံးခုန်သံနှင့် အမြန် ရှင်းပြလာသည် " အကြောင်းရင်းကိုတော့ ရောင်းမယ့်သူက ပြောမသွားပါဘူး။ သူတို့က ပစ္စည်းကို ဖျက်သိမ်းသွားဖို့ပဲ စိတ်အားထက်သန်နေတာ။ ဝေသဲက ရောင်းသူတွေကို သူတို့ ဆန္ဒမရှိရင် အတင်းတွန်းအားမပေးတတ်ပါဘူး။ ဒါကြောင့် ဒီည လေလံပွဲမှာ ဝါးစာလိပ်က ပါမှာမဟုတ်ဘူးဆိုတာ စိတ်မကောင်းစွာနဲ့ပဲ အသိပေးရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ် စိတ်မကောင်းပါဘူး"
ရွှယ်ယုံက ဤကိစ္စအတွက် အကြောင်းပြချက်က လေလံအိမ်နှင့် မဆိုင်မှန်း နားလည်လိုက်သည်။ သူက နားလည်ကြောင်း ပြလိုက်သည်။ မန်နေဂျာက ကျေးဇူးတင်လာသည်
" နားလည်ပေးတဲ့အတွက် အရမ်းပဲ ကျေးဇူးတင်ရှိပါတယ်။ ဝါးစာလိပ်နဲ့ ပတ်သတ်ပြီး သတင်းတစ်ခုခု ရရင် ကျွန်တော်တို့ဘက်က ချက်ချင်း သတင်းပေးပါ့မယ်"
သီးသန့်ခန်း၏ တံခါးပိတ်သွားချိန် ရွှယ်ယုံက ယွီနျန့်လက်ကို ကိုင်လိုက်ပြီး စိုးရိမ်တကြီး ကြည့်လာသည်။
ယွီနျန်က ပြုံးပြလိုက်သည်
" ကျွန်တော် အဆင်ပြေပါတယ်။ နည်းနည်း စိတ်ပျက်သွားတာတော့ ဝန်ခံရမယ်။ ဒါပေမယ့် အရာရာတိုင်းက ချောချောမွေ့မွေ့ ဖြစ်တတ်တာမှ မဟုတ်တာ။ ကြန့်ကြာစေတဲ့ အရာတွေ ရှိတတ်စမြဲပဲကို။ ဒီကမ္ဘာမှာ ဝါးစာလိပ်က ရှိနေသေးပြီး ပိုင်ရှင်မှာလည်း ရောင်းဖို့ဆန္ဒရှိနေသေးသရွေ့ လုံလောက်ပါပြီ"
ယွီနျန့်လက်ကို ကိုင်ထားရင်း ရွှယ်ယုံက လက်ဖမိုးလေးကို နမ်းရှိုက်လိုက်သည်
" အင်း...ဘာကိစ္စပဲရှိရှိ ကိုယ် မင်းနဲ့အတူ ရှိနေမှာပါ"
ဟုန်မြို့တော်သို့ သွားသည့် ခရီးစဥ်က မအောင်မြင်၍ ယွီနျန်က အရမ်း စိတ်ပျက်မနေသော်လည်း မုန့်ယွမ်က ပိုပြီး စိတ်ပျက်နေသည့်ပုံ ပေါ်သည်။
“တစ်ခြားတစ်ယောက်ယောက်ကများ ဝယ်သွားနှင့်တာ များလား"
ခေါင်းယမ်းလိုက်ရင်း ယွီနျန်က ပြန်ဖြေလာသည်
" ဒီနယ်ပယ်က အဲ့လောက် မကြီးဘူး။ တစ်ယောက်ယောက်က ဝယ်ထားနှင့်တာ ဆိုရင်လည်း သတင်းတော့ ရှိလာမှာပဲလေ။ ဒီတစ်ခေါက်မှာ ဝါးစာလိပ်က လေလံတင်ပြီးမှ ဖျက်သိမ်းသွားတာ။ ကျွန်တော် မှန်းကြည့်တာ ပိုင်ရှင်က အရင် စမ်းကြည့်ရင်း လူတော်တော်များများ စိတ်ဝင်စားနေကြတာကို တွေ့သွားလို့ဖြစ်မယ်။ စမ်းကြည့်ပြီးတော့မှ သူက ဖျက်သိမ်းဖို့ ဆုံးဖြတ်သွားတာနေမယ်"
မုန့်ယွမ်က နားလည်လိုက်သည် " ဒါဆို ပစ္စည်းကိုတော့ ရောင်းဖို့ တင်ထားဦးမှာ ဆိုပေမယ့် စျေးနှုန်းကတော့..."
“အမှန်ပဲ။ စျေးက တက်သွားမှာ။ အဲ့ဒါကြောင့်လည်း အစကတည်းက အရမ်း ကြော်ငြာမပေးတာလို့ ထင်တယ်။ ဝေသဲလေလံအိမ်ကလည်း ဒီလုပ်ဆောင်မှုကို လက်ခံလိုက်တာလေ"
“တစ်ယောက်ယောက်ကို အပြစ်လုပ်မိမှာ ကြောက်လို့များလား"
“မဟုတ်ဘူး။ ပစ္စည်းကို ကိုင်ထားတဲ့သူက ထိန်းချုပ်ထားတဲ့သူပဲ။ ဒီပစ္စည်းက တစ်ပိုင်းပဲ ရှိတော့တာမို့လို့ ဘယ်အချိန် ဘယ်နေရာမှာ ရောင်းဖို့ ဆုံးဖြတ်ထားပါစေ ကျွန်တော်တို့က အမြန်ဝယ်ရမယ်။ ကော်မရှင်ခက ဘာမှသိပ်မရှိဘူး။ ဝေသဲက ဒီပစ္စည်းကို လက်ဝယ်ရထားတယ် ဆိုတဲ့ အောင်မြင်မှုကိုပဲ လိုတာ။ ပြဿနာကြီးကြီးမားမား မရှိသေရွေ သူတို့က ရောင်းတဲ့သူသဘောအတိုင်း လုပ်ပေးလိမ့်မယ်"
ဆွေးနွေးပြီးနောက် မုန့်ယွမ် သတိရသွားသည်
" ဒါနဲ့ မင်းတောင်းထားတဲ့ ဂီတနမူနာတွေ ပြင်ထားပြီးပြီနော်။ တယောသံနဲ့ ဆယ်လိုသံလေ။ မင်းအတွက် အလုပ်ဖြစ်မလားဆိုတာ နားထောင်ပြီး ကြည့်ကြည့်ဦး"
ယွီနျန်က နားကြပ်တပ်လိုက်ပြီး နမူနာဂီတသံများကို ဖွင့်ပြီး နားထောင်လိုက်သည်။ သူ၏ မျက်လုံးများက သဘောကျသွားဟန် တလက်လက် တောက်ပလာသည် " အကောင်းဆုံးပဲ"
မုန့်ယွမ်က သူ့ကိုယ်သူ ဂုဏ်ယူဟန် ခြေသလိမ်ချိတ်လိုက်ရင်း ပြောလာသည်
" ဒါပဲလေ။ ငါ ကြိုးစတစ်ချို့ကို ဆွဲကြည့်လိုက်တာ မင်းအတွက် အထူးအသံသွင်းဖို့ သံစုံတီးဝိုင်းက တယောပညာရှင်ကို ရသွားတယ်"
ယွီနျန်က အမြန်ပင် ကျေးဇူးတင်ကြောင်း ပြလာသည် "ကျေးဇူးပါ အစ်ကိုမုန့်"
လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်သံကို ကြားသောအခါ မုန့်ယွမ်က ခြေထောက်ချလိုက်ရင်း ပြောလာသည်
" ရိုးရိုးသားသားပြောရရင် အေးဂျင့်တစ်ယောက်အနေနဲ့ အကြာကြီး အလုပ်လုပ်ပြီးတော့ ငါက ပိုက်ဆံရယ် အချက်အလက်ရယ် နာမည်ကြီးတာကိုပဲ အဆက်မပြတ် စဥ်းစားခဲ့ပေမယ့် ဂီတအပေါ် မင်းရဲ့ ဇွဲကောင်းမှုကို အရမ်း လေးစားတယ်။ ငါလည်း ကူညီပေးရလို့ ဝမ်းသာပါတယ်။ ပြီးတော့ အဲ့ဒါက ငါ့ကို ပျော်စေတယ်လေ"
ယွီနျန်၏ နှုတ်ခမ်းများ တွန့်ကွေးသွားရသည် " ကျေးဇူးပါ အစ်ကိုမုန့်"
ယွီနျန်၏ ဒုတိယမြောက် ကျေးဇူးတင်လာသည့် အဓိပ္ပါယ်ကို သိလိုက်၍ မုန့်ယွမ်က လက်ခံလိုက်ပြီး ပြောလာသည်
"အလုပ်ကောင်းကောင်းကြိုးစားထား"
မုန့်ယွမ်က မေးလာသည်
" ကြေးနီစပ်ကွေ့အိုးကရော...ဒီရက်ပိုင်း ဘာသတင်းရှိလဲ"
ယွီနျန်က ခေါင်းခါပြလာသည် " ကျွန်တော့်ကို ထပ်ဆက်သွယ်မလာသေးဘူး"
သူတို့ ဆွေးနွေးနေစဥ် ယွီနျန်၏ ဖုန်းက မြည်လာသည်။ သူက ဖြေလိုက်သောအခါ ရင်းနှီးနေသော အသံကို ကြားလိုက်ရသည်။
“မင်္ဂလာပါ မစ္စတာယွီ။ လူဝီဆန်ပါ"
အိမ်တော်ထိန်းလား။ ယွီနျန်က ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည် " မင်္ဂလာပါ"
“မစ္စတာယွီနဲ့ တွေ့ချင်လို့ပါ။ အချိန်ရှိပါရဲ့လား"
တွေ့ဆုံမည့်နေရာကို ယွီလန်တွင်သာ ဆက်ပြီး စီစဥ်လိုက်သည်။ နောက်ဆုံးအကြိမ် တွေ့ဆုံခြင်းနှင့် နှိုင်းယှဥ်လျှင် မစ္စတာလူဝီဆန်၏ အင်္ကျီကော်လံက တွန့်ရာလေးတောင် မရှိပဲ ဖြစ်နေသော်လည်း သူ၏ မျက်နှာက သိသိသာသာ မောပန်းနွမ်းနယ်နေပြီး အနည်းငယ် အိုစာသွားသည့်ပုံပေါ်သည်။ ယွီနျန် ဝင်လာသည့်အချိန်တွင် သူက ယဥ်ယဥ်ကျေးကျေး မတ်တပ်ထရပ်လိုက်ပြီး ပြောလာသည်
" တွေ့ဖို့ ဖိတ်လိုက်ရတဲ့အတွက် တောင်းပန်ပါတယ်။ နှောင့်ယှက်မိသလို ဖြစ်သွားရပြီ"
ယွီနျန်က ခေါင်းညိမ့်ရင်း ပြန်ဖြေလာသည်
" ကျွန်တော်က ဒီရက်ပိုင်း ဘာအစီအစဥ်မှ မရှိပါဘူး။ ဒါကြောင့် မနှောင့်ယှက်မိရပါဘူးဗျာ"
နှစ်ဦးသား ထိုင်လိုက်ရင်း ပယင်းရောင် လက်ဖက်ရည်ကို ခွက်ထဲ ထည့်လိုက်သည်။ လက်ဖက်ရည်၏ အနံ့က လေထုထဲ သင်းပျံ့လာပြီး ယွီနျန်က တဖက်လူ စကားစပြောလာမည့်အချိန်ကို စိတ်ရှည်လက်ရှည် စောင့်နေလိုက်သည်။
လူဝီဆန်၏ လက်ဖက်ရည်ခွက်က အငွေ့ တထောင်းထောင်းထနေကာ သူက မတ်မတ်ထိုင်လိုက်ရင်း အနည်းငယ် အက်ကွဲနေသော လေသံနှင့် ပြောလာသည်
" မစ္စတာဟယ်ရဲ့ ကျန်းမာရေးက သိပ်မကောင်းဘူး။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နည်းနည်း တိုးတက်လာခဲ့ပေမယ့် မနေ့ညက ပြန်ပြီး ရောဂါဖောက်လာခဲ့တယ်။ တာဝန်ကျဆရာဝန်ကလည်း ဒီနေ့မနက် ပြန်ငြိမ်သွားတဲ့အထိ တစ်ညလုံး အလုပ်များနေခဲ့တာ"
ယွီနျန်က နားမလည်ဟန် မေးလာသည်
" ဒါဆို ဘာကြောင့်များ..."
လူဝီဆန်က ဆက်ပြောလာသည်
" မင်းက ဘာကြောင့်များ ဒီလို အရေးကြီးနေတဲ့ အချိန် မစ္စတာဟယ်ဘေးမှာ မနေပဲ မင်းနဲ့ လာတွေ့နေရတာလဲလို့ သိချင်နေတာ ဖြစ်ရမယ်"
ယွီနျန်က ထိုးဖောက်အမြင်ခံလိုက်ရ၍ အံ့သြသွားဟန် ပြမလာတော့ပဲ ပြန်ဖြေလာသည်
" ဟုတ်တယ်။ အဲ့ဒါကို ကျွန်တော် မေးချင်နေတာ"
သူက ရှုပ်ထွေးနေသော ခံစားချက်များနှင့် ထပ်ပြောလာသည်
" ဒီတစ်ကြိမ် မစ္စတာယွီကို တွေ့ဖို့ ပြောရတဲ့ အကြောင်းပြချက်က ကြေးနီစပ်ကွေ့အိုးအောက်ခြေကို လက်ခံပေးဖို့ စည်းရုံးမလို့ပါ။ မစ္စတာဟယ်က အဲ့ဒါကို အရမ်း တန်ဖိုးထားတာမို့ အခြားသူကို ပေးလိုက်ရင် စိတ်ချနိုင်မှာ မဟုတ်ဘူး"
“မစ္စတာဟယ်ကတော့ မင်းကို ယူဖို့ တွန်းအားမပေးချင်ပါဘူး။ ဒါပေမယ့် နှစ်ပေါင်းများစွာ သူ့နောက်လိုက်ခဲ့ပြီးတဲ့နောက်မှာ သူ လက်မလွှတ်နိုင် ဖြစ်နေတာကို မကြည့်ရက်တော့လို့ပါ။ ဒါကြောင့်လည်း မင်းနဲ့ သီးသန့်တွေ့ဖို့ အခွင့်အရေးယူလိုက်ရတာပါ"
လက်ဖက်ရည်ခွက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ရင်း ယွီနျန်က ခေါင်းအသာယမ်းပြလာသည်
"ပွင့်ပွင့်လင်းလင်းပြောပြတာကို လက်ခံပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီလောက်ထိ ခရီးရောက်ပြီးပြီဆိုတော့ ဘာလို့ ခင်ဗျားနဲ့ မစ္စတာဟယ်တို့ နှစ်ယောက်က ကြေးနီစပ်ကွေ့အိုးကို ပေးရတဲ့ထိ ကျွန်တော့်ကို အရမ်း ယုံကြည်နေကြတဲ့ အကြောင်းရင်းကို သိချင်ပါတယ်။ မဟုတ်ရင် ကျွန်တော် လက်မခံနိုင်ပါဘူး"
သီးသန့်ခန်းလေးက တိတ်ကျသွားပြီး လက်ဖက်ရည်ခွက်နှင့် ဇွန်းသံများပင် ကင်းမဲ့နေသည်။ လေထုက ခပ်ဖျော့ဖျော့ ရနံ့များ သင်းပျံ့နေသည်။ လူဝီဆန်က မျက်လွှာချလိုက်ရင်း အသက်အနည်းငယ် ရှူပြီးနောက် ပြန်ဖြေလာသည်
" ဆောရီးပါ။ ကျွန်တော် မပြောပြနိုင်ပါဘူး"
မုန့်ယွမ်နှင့် ရှစ်ရော့တို့က ကားထဲတွင် စောင့်နေကြသည်။ ယွီနျန် ပြန်လာသည့်အချိန်တွင် မုန့်ယွမ်က စိတ်ဝင်တစား မေးလာသည်
" ဘယ်လိုဖြစ်သွားလဲ။ တစ်ဖက်လူရဲ့ ရည်ရွယ်ချက်က ဘာတဲ့လဲ"
“လူဝီဆန်ကတော့ သူက ကျွန်တော်နဲ့ တွေ့ဖို့ လက်ဦးယူခဲ့တယ်လို့ ပြောနေတာ"
ယွီနျန်က ချင့်ချိန်စဥ်းစားလိုက်ရင်း ပြောလာသည်
" သူ့စကားအသွားအလာအရ ကျွန်တော် ပြောနိုင်တာကတော့ မစ္စတာဟယ်ရှောင်းရဲ့ ကျန်းမာရေးက အရမ်း ဆိုးရွားနေတာမို့ သူက ကြာကြာ တောင့်မခံနိုင်လောက်တော့ဘူးတဲ့။ သူတို့က ကျွန်တော့်ကို ကြေးနီစပ်ကွေ့အိုးကို ပေးချင်နေကြပေမယ့် အကြောင်းရင်းကိုလည်း ပြောပြဖို့ ငြင်းဆန်နေကြတယ်"
မုန့်ယွမ်က ထိုအခြေအနေမျိုး ယခင်က မကြုံခဲ့ဖူး၍ သူ့မေးစေ့ကို ပွတ်သတ်လိုက်ရင်း ပြောလာသည်
" ငါ့အထင် ဖြစ်နိုင်တာ နှစ်ခု ရှိနေတယ်။ ပထမတစ်ခုက မင်းရဲ့ ချင်းရှန်းယွီမိသားစုနဲ့ မစ္စတာရှို့နျင်းရဲ့ အရှိန်အဝါ
က အရမ်း ကြီးတာမို့ ယွီမိသားစုရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ သူတို့က ကြေးနီစပ်ကွေ့အိုးကို အရမ်း တန်ဖိုးထားပြီး မင်းကို ယုံကြည်တယ်။ ဒါကြောင့် မင်းကို ပေးချင်နေကြတာ"
ယွီနျန်က နားထောင်နေရင်း ခေါင်းညိမ့်ပြလာသည်။