Chapter 157
မင်းရဲ့ အိပ်ရာဘေးက မီးအိမ်လေး ဖြစ်ပေးမယ်
၁၅ရက်နေ့တွင် "ရတနာလမ်းစ ရှာဖွေခြင်း"၏ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်လိုက်သည်။ အစီအစဥ် မပြီးခင်ပင် #ယွီနျန့်နာရီ# ဆိုသည့် hashtagက မီးလိုတောက်သွားလေသည်။
[#ယွီနျန့်နာရီ# ငါက အစီအစဥ်ကို ကြည့်တာက ယွီနျန့်မျက်နှာကို မြင်ရဖို့လေးပဲ ဆိုပေမယ့် တစ်ခုခု ခံစားမိသွားရတယ်။ အနီးကပ်ကြည့်ကြည့်မှ ဘုရားရေ သူက နာရီလဲထားတာပဲ။ အရင်တုန်းက ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ အိုးမူနာရီကို ဝတ်ထားတာ။ ထင်ထားတဲ့အတိုင်း ကြောငြာပေးတာပဲလေ အဲ့ဒါက။ ဒါပေမယ့် ဒီနေရာမှာ သူက Vacheron Constantinကို ပတ်ထားတာ တွေ့လိုက်ရတယ်။ ထပ်ပြီး နှိုင်းပြရရင် ဥက္ကဌရွှယ် hot searchမှာ တင်ခဲ့တာနဲ့ နာရီအတူတူပဲ။ ငါတော့ သိချင်နေပြီနော်]
[#ယွီနျန့်နာရီ# ယွီနျန်ဝတ်ထားတဲ့ နာရီနဲ့ ဥက္ကဌရွှယ်ရဲ့ နာရီက လုံးဝ အတူတူပဲ။ လူချမ်းသာတွေမှာ အကြိုက်တူတာမျိုး ရှိနိုင်လို့လား]
[#ယွီနျန့်နာရီ# တစ်ယောက်ယောက် မှတ်မိကြသေးလား။ ပါပါရာဇီက ယွီနျန်နဲ့ ဥက္ကဌရွှယ်ကို အင်ပါယာကလပ်ကနေ အတူတူ ထွက်လာတာကို မတော်တဆ ဖမ်းမိသွားတာကိုလေ။ သူတို့က ရန်ဖြစ်ဖို့ သွားတာများလားလို့ ငါထင်ခဲ့ပေမယ့် ဘာလို့ ငါ့ရင်ထဲ တစ်ခုခု မမှန်သလို ခံစားနေရတာလဲ]
[#ယွီနျန့်နာရီ# ယွီနျန်က လက်စွပ်ကို ဝတ်ထားတုန်းလေ။ သူ့အချစ်ရေးက တည်မြဲနေတယ်လို ပြနေတာပဲ မို့လား။ ဥက္ကဌရွှယ်ကလည်း ဆက်ဆံရေးတစ်ခု ရှိနေတာလေ။ ဒါကြောင့် နာရီတူတာလေးပဲကို တစ်ချို့လူတွေက အများကြီး မတွေးလိုက်ကြသင့်ဘူး။ သူတို့စိတ်ကူးယာဥ်တာတွေက တွင်းနက်ကြီးလိုပဲ]
[#ယွီနျန့်နာရီ# တိတ်တိတ်လေး လက်ထောင်လိုက်ပါမယ်။ ငါပြောမယ် အမ် အဲ့ဒါကလေ သမိုင်းဝင်အဆင့် နာရီပဲ။ နှစ်ခုပဲ ရှိတာ။ မြင်သာသွားအောင် ခဲတံသုံးပြီး ပြလိုက်မယ်။ နှစ်ခုပဲရှိတာ]
ရှစ်ရော့က တံခါးတွန်းဖွင့်ဝင်လာသောအခါ ယွီနျန်က နားကြပ်ကို ဖြုတ်လိုက်ပြီး ဖြစ်သည်။ သူက ပြုံးပြီး ပြောလာသည်
" ဘာဖြစ်လို့လဲ။ အစ်မရော့ရော့"
ရှစ်ရော့က အရင် မေးလိုက်သည်
" နျန်နျန် မင်း အချိန်ပိုဆင်းနေတုန်း နှောင့်ယှက်မိသွားလား"
“မနှောင့်ယှက်မိပါဘူးဗျာ"
ယွီနျန်က နားကြပ်ကို ဘေးတွင် ချထားလိုက်ရင်း ပြောလာသည်
" ကျွန်တော် အခုလေးတင် သီချင်းနှစ်ပုဒ်စာ စီစဥ်ပြီးသွားလို့ ဆက်မလုပ်ခင် ခဏ နားလိုက်မလား စဥ်းစားနေတာ။ ဘာဖြစ်လို့လဲ"
"အစ်ကိုမုန့်က မနက်တုန်းက အစ်မကို မှာထားတာ။ မင်းကို နောက်ကျတဲ့အထိ အလုပ်လုပ် မနေဖို့ စောင့်ကြည့်ထား ဆိုပြီး။ ဆယ်နာရီ ရှိပြီလေ"
ယွီနျန်က ပြုံး၍သာ နေပြီး သူမစကားကို နားထောင်မည် မဟုတ်မှန်း သိနေ၍ သူမက တခြားနည်းလမ်းနှင့် လှည့်ပြီး သုံးလိုက်သည်
" ဥက္ကဌရွှယ်က မင်းကို အိမ်မှာ စောင့်နေမှာလေ။ မင်းမရှိရင် တစ်ယောက်တည်း ဖြစ်နေမှာပေါ့"
ယွီနျန့်အပြုံးတို့ လန်းဆန်းလာပြီး စကားဆိုလာသည်
" ကောင်းပါပြီ။ သူက ဒီည အစည်းအဝေး ရှိနေတော့ ဆယ့်တစ်လောက်ထိ အိမ်ပြန်ရောက်မှာ မဟုတ်သေးဘူး။ ကျွန်တော် အဲ့ဒီအချိန်မှ ပြန်လိုက်မယ်လေ။ ပြီးတော့ ကျွန်တော် အခု အိမ်ပြန်သွားရင် တစ်ယောက်တည်း ဖြစ်နေမှာ။ အထီးကျန်ပြီး အဖော်မဲ့နေမှာပေါ့"
သူမက ယွီနျန့်ကို သိမ်းသွင်း၍ မရနိုင်မှန်း သိလိုက်၍ ရှစ်ရော့က အရှုံးပေးလိုက်သည်။ သူမက ကုလားထိုင်တစ်ခု ယူပြီး ထိုင်လိုက်ကာ စကားဆိုလာသည်
" နျန်နျန် ... လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်တုန်းက အစ်မကို 'ရတနာလမ်းစ ရှာဖွေခြင်း'မစီအစဥ်ရဲ့ ထုတ်လွှင့်ပြီးနောက်ပိုင်း အခြေအနေကို စောင့်ကြည့်နေဖို့ ပြောထားတယ် မို့လား။ ပရိုဂရမ်က လွှင့်လို့တောင် မပြီးသေးဘူး ဒီအမြင်စူးရှတဲ့ ဖန်တွေက မင်းဝတ်ထားတဲ့ Vacheron Constantin နာရီကို တူးဆွနေကြပြီ။ အခုဆို လူတိုင်းက မင်းနဲ့ ဥက္ကဌရွှယ်ရဲ့ နာရီဆင်တူဝတ်ထားရတဲ့ အကြောင်းရင်းကို ဆွေးနွေးနေကြပြီးတော့ ဆန်းကြယ်တဲ့ ကိစ္စက ရှိနေသလား သိချင်နေကြတာ ..."
ယွီနျန်က တုံ့ပြန်လာသည်
" တစ်ချို့လူတွေက သေချာပေါက် ဒီနာရီနှစ်ခုက တန်ဖိုးမြင့်တယ်။ ရွှယ်ယုံနဲ့ ကျွန်တော်က မော်ဒယ်တစ်ခုတည်း ဝယ်မိသွားကြရုံပဲ ပစ္စည်းကလည်း နှစ်ခုပဲ ရှိနေလို့ ဆိုပြီး ထင်နေကြတာမဟုတ်လား"
ရှစ်ရော့က စိတ်လှုပ်ရှားစွာ ပြောလာသည်
"အာ...မင်း ဝေ့ပေါ်ကို စစ်ကြည့်ပြီးပြီလား"
ယွီနျန်က ရယ်မောလိုက်သည်
" မဟုတ်ပါဘူး။ ကျွန်တော်က အလုပ်များနေတာ။ ဖုန်းကြည့်ဖို့ အချိန် မရှိဘူးလေ။ ဒါပေမယ့် ကျွန်တော် မှန်းတာ မှန်နေတယ် မဟုတ်လား"
"ဟုတ်တယ်။ အွန်လိုင်းဆွေးနွေးချက်တွေက အမျိုးမျိုး ကွဲနေကြတယ်။ တချို့တွေက မင်းတို့ နှစ်ယောက်စလုံး ချမ်းသာကြလွန်းလို့ အံ့သြကြတာလည်း ရှိသလို တချို့ကလည်း တိုက်ဆိုင်တာပါလို့ ထင်နေကြတယ်။ ကျန်တဲ့သူတွေကတော့ နောက်ကွယ်မှာ တစ်ခုခု ရှိနေတယ်လို့ ယုံနေကြတာလေ။ နောက်ပိုင်းနှစ်မျိုးကတော့ သက်သေရှိတယ် ဆိုပြီး အငြင်းပွားနေကြတာ။ ကြည့်ရတာ ပျော်စရာကောင်းတယ်"
ယွီနျန်က အိမ်ပြန်လာပြီး ရေချိုးလိုက်ပြီးနောက် ရွှယ်ယုံကလည်း ဝေ့ပေါ် ကြည့်နေမှန်း သတိထားမိသွားသည်။ လက်ပူးလက်ကြပ် မိသွား၍ ရွှယ်ယုံက အနည်းငယ် ရှက်ရွံ့သွားပြီး သူ့ဖုန်းကို ဖွက်ရန် ပြင်သည်။ သူက ယွီနျန့်လက်ထဲက ပုဝါကို လှမ်းယူလိုက်ရင်း ပြောလာသည်
" နျန်နျန် ကိုယ် မင်းရဲ့ ဆံပင်ကို သုတ်ပေးမယ်"
ယွီနျန်က နာနာခံခံ ထိုင်ချလိုက်ရင်း သူ့ခေါင်းကို ဖွဖွ သုတ်ပေးလာသည်ကို ခံစားမိသည်။ သူက မနေနိုင်ပဲ မေးလိုက်လေသည်
" ခင်ဗျား ဘာတွေ ကြည့်နေတာလဲ"
ရွှယ်ယုံက ယွီနျန့်ခေါင်းကို သုတ်ပေးရန်ကိုသာ အာရုံစိုက်နေဟန် ပြုရင်း အသံထွက်မလာချေ။
ယွီနျန်က လှည့်လိုက်ပြီး ရွှယ်ယုံ့ခါးကို လက်နှစ်ဖက်နှင့် ဖက်ထားလိုက်ရင်း မော့ကြည့်ပြီး ထပ်မေးလာသည်
" ခင်ဗျား ဘာတွေ ကြည့်နေတာလဲ"
ယွီနျန့် ဇွဲကောင်းမှုကြောင့် ရွှယ်ယုံလည်း မတတ်နိုင်ပဲ ပြန်ဖြေရတော့သည်။ သူ၏ နားရွက်များ အနည်းငယ် နီမြန်းသွားပြီး မျက်လုံးအကြည့်ကို ရှောင်ရင်း ဝန်ခံလာသည်
" ကိုယ် ယုံယွီCPဆောင်းပါးတွေ ဖတ်နေတာပါ"
ယွီနျန်က သူ၏ တုံ့ပြန်မှုကို အလစ်ဖမ်းလိုက်ရင်း မေးလိုက်သည်
" အို့...အသက်မပြည့်တဲ့သူတွေ မဖတ်ရတဲ့ ဇာတ်ဝင်ခန်းမျိုးရော ပါလား"
တစ်ခဏမျှ တုန့်ဆိုင်းနေပြီးနောက် ရွှယ်ယုံက ပြန်ဖြေလာသည်
"...အင်း"
ထပ်ပြီး မေးလျှင် ရွှယ်ယုံက ပိုရှက်သွားမည်မှန်း သိနေ၍ ယွီနျန်က ပြန်ထိုင်ချလိုက်ပြီး လည်ချောင်းရှင်းကာ ခေါင်းစဥ်ပြောင်းလိုက်သည်
" ဝါးစာလိပ်ရဲ့ လေလံပွဲနဲ့ ပတ်သတ်ပြီး တစ်ခုခု ထူးသေးလား"
“ထူးတယ်။ လေလံပွဲက ဟုန်မြို့တော်မှာ ကျင်းပဖြစ်မယ်။ ဝေသဲလေလံအိမ်ကနေ ဦးစီးပြီးလုပ်မှာ။ ဘယ်လိုပဲဖြစ်ဖြစ် ဝါးစာလိပ်နဲ့ ပတ်သတ်ပြီး ကြော်ငြာထားတာတော့ မရှိသေးဘူး။ လက်ထောက်ချင်ကို စုံစမ်းခိုင်းထားတယ်။ သူတို့ဘက်က သတင်းအချက်အလက်တစ်ချို့ကို ထုတ်ပေးရုံပဲ။ ကိုယ်တို့က ဖိတ်စာ ရထားပြီးပြီ"
“ 'ကော်ရှု'ရဲ့ ဝါးစာလိပ်က အဖိုးတန်တယ်။ မလိုအပ်တဲ့ အငြင်းပွားစရာတွေကို ရှောင်ရှားဖို့ ဝေသဲက လျှိုထားတာ နေမယ်"
ယွီနျန်က စိတ်အေးသွားဟန် သက်ပြင်းချလာသည်
" ကျွန်တော်တို့က ဒီဝါးစာလိပ်ကိုသာ ရနိုင်ရင် အဘိုးရဲ့ မိသားစုမှတ်တမ်းမှာလည်း ပြည့်စုံသွားလိမ့်မယ်"
သူက တောက်တောက်ပပ မျက်လုံးလေးများနှင့် ပြုံးပြလာသည်
" အဘိုးက တစ်ခါက ပြောခဲ့ဖူးတယ်။ ဒီဝါးစာလိပ်က သမိုင်းကြောင်းမှတ်တမ်းရေးရောမှာ ရတနာတစ်ပါးတဲ့။ ကျွန်တော်တို့ လူမျိုးရဲ့ မူလအစကို ကိုယ်စားပြုတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဘိုးတို့ခေတ်တုန်းက ဒီဝါးစာလိပ်က နှစ်ရာပေါင်းများစွာ ပျောက်ကွယ်နေခဲ့တာ။ သူကတော့ ဒီတစ်ခုက ကမ္ဘာကြီးရဲ့ တစ်နေရာရာမှာ ဖုန်မှုန့်ဖြစ်သွားလောက်ပြီလို့ တွေးခဲ့လိမ့်မယ်။ ဒါပေမယ့် ထင်မထားခဲ့ဘူး ဒီစာလိပ်က စွန်းမိသားစုမှာ.မျိုးဆက်အဆင့်ဆင့် တိတ်တိတ်လေး လက်ဆင့်ကမ်းလာခဲ့တယ် ဆိုတာကိုပေါ့"
ရွှယ်ယုံက ပုဝါကို ဘေးတွင် ထားလိုက်ပြီး ယွီနျန့်ကျောပြင်နှင့် သူ့ရင်ဘတ်ကို ကပ်၍ အနောက်ကနေ ပွေ့ဖက်လာသည်။ သူက ယွီနျန့် လည်တိုင်လေးကို နူးနူးညံ့ညံ့ နမ်းရှိုက်လိုက်ရင်း ပြောလာသည်
" ကောင်းပါပြီ။ ဒါဆိုလည်း ပြန်ဝယ်ကြတာပေါ့ အဲ့ဒါကို"
“တကယ်ပေါ့။ ကျွန်တော်က အဘိုးစွန်း ပြောသွားတဲ့အချိန်ကတည်းက စိတ်အေးသွားတာ။ အဲ့ဒါက အခိုးခံရပြီး ရောင်းခံခဲ့ရတယ် ဆိုရင်တောင် အနည်းဆုံးတော့ ကမ္ဘာကြီးမှာ ရှိနေသေးလို့ ကံကောင်းမှုအကြီးကြီးပဲ မဟုတ်လား"
ယွီနျန်က နှစ်စက္ကန့်မျှ စကားရပ်သွားပြီး လေသံတိုးတိုးလေးနှင့် ထပ်ထည့်ပြောလာသည်
" ဒါပေမယ့် ကံကောင်းလို့ အဘိုးက ဒီဖြစ်ရပ်ကို မသိသွားခဲ့တာ။ သိသွားရင်တော့ သူက အစားမစားနိုင်လောက်အောင် ဒေါသထွက်နေမှာ သေချာတယ်"
သူ၏ အပြုံးက အနည်းငယ် မှေးမှိန်သွားသော်လည်း တစ်ခုခုကို အမှတ်ရလာ၍ ဆက်ပြောလာသည်
" အဘိုးဆုံးသွားတော့ အဘွားက ပြောခဲ့တယ်။ သူက ကောင်းကင်ပေါ်မှာ ကြယ်လေးတစ်လုံးလို ရှိနေပြီး ကျွန်တော့်ကို အမြဲတမ်း စောင့်ကြည့်နေမှာတဲ့။ ပြီးတော့ အဘွားဆုံးသွားတော့လည်း သူမက အတူတူပဲ ပြောခဲ့တာ"
ရွှယ်ယုံက သူ့ကို နမ်းနေတာရပ်ပြီး ပြောလာသည်
" နျန်နျန်"
"အင်း"
" ကိုယ် မင်းကို ထားသွားရရင် မင်းရဲ့ အိပ်ရာဘေးက မီးအိမ်လေးတစ်ခု ဖြစ်လာချင်တယ်။ မင်း အနားရောက်လာရင် အလင်းရောင် ပေးနိုင်အောင်လို့လေ"
ယွီနျန့်မျက်လုံးများက မျက်ရည်တို့ ပြည့်လာ၍ လှည့်ကြည့်လိုက်ပြီး ရွှယ်ယုံ့ လည်တိုင်တစ်ဝိုက် ဖက်ထားလိုက်သည်။
ရွှယ်ယုံက သူ့ကို အနားထိ ဆွဲယူလိုက်ပြီး ဆံပင်လေးကို နမ်းရှိုက်လာလေသည်။
******
၁၇ရက်နေ့ မနက်ပိုင်းတွင် အချိန်ဇယားအတိုင်း ယွီနျန်က သိုက်ပေါ်ဌာနချုုပ်သို့ ကားနှင့် သွားလိုက်သည်။ အနောက်ခုံတွင် ထိုင်နေရင်း သူက နားကြပ်တပ်ပြီး တူရိယာသံများကို နားထောင်၍ ခဲတံကိုင်ပြီး စာရွက်ပေါ် လိုက်မှတ်လိုက်သည်။ မုန့်ယွမ်က တစ်ခုခု ပြောရန် ပြင်လိုက်စဥ် ယွီနျန်က နားကြပ်ချွတ်လာသည်။
" ငါ အခုမှ သတိရလို့။ မေးဖို့ မေ့နေတာ။ ကြေးနီစပ်ကွေ့အိုးက နောက်ဆုံးမှာ ဘာဖြစ်သွားလဲ"
မုန့်ယွမ်က မေးလိုက်သည်။
ယွီနျန်က ခဲတံကို လက်ချောင်းကြား လှည့်လိုက်ရင်း ပြောလာသည်
" သူတို့ပြောတာ ကျွန်တော့်ကို ဘာမှပြန်ပေးစရာမလိုပဲ အလကားပေးမလို့တဲ့။ ဒါပေမယ့် ကျွန်တော် ငြင်းလိုက်တယ်"
“အလကားပေးမှာ"
မုန့်ယွမ်က စိတ်ဝင်စားမှု မြင့်တက်လာသည်
" ကမ္ဘာပေါ်က ဘယ်နေရာမှာများ ကြေးနီရောင် လက်မှုပစ္စည်းကို အလကား ရနိုင်လို့လဲ။ မင်း ပြန်ရောင်းလိုက်ရင်တောင် နှစ်ဘီလီယံ မဟုတ်တောင် အနည်းဆုံး တစ်ဘီလီယံလောက် ရှိတယ်နော်။ သူတို့က ဒါကို ဒီအတိုင်း ပေးလိုက်မယ် ဆိုတာက မဖြစ်နိုင်တာတွေ။ ငါ မင်းရဲ့ ဆုံးဖြတ်ချက်ကို သဘောတူတယ်။ ငါလည်း လက်ခံရဲမှာ မဟုတ်ဘူး။ မင်းသာ လက်ခံလိုက်ရင် ဘာတွေ စောင့်မျှော်နေမလဲဆိုတာ ဘယ်သူသိမှာလဲ"
တစ်ခဏမျှ စဥ်းစားပြီးနောက် မုန့်ယွမ်က ပြန်မေးလာသည်
" အဲ့ဒါပြီးတော့ ဘာဖြစ်သွားလဲ။ တစ်ခုခု ဆက်ဖြစ်လာတာ ရှိလား"
" တစ်ပတ်လောက်တော့ ရှိပြီ။ ကျွန်တော့်ကို ဆက်မသွယ်လာကြသေးဘူး"
ယွီနျန်က ရက်စွဲကို စစ်ကြည့်ပြီး ပြန်ဖြေလာသည်။
နှစ်စက္ကန့်မျှ ချင့်ချိန်စဥ်းစားပြီးနောက် ယွီနျန်က ပြန်ဖြေလာသည်
" အလျင်မလိုပါဘူး။ တစ်ခုခု ဆက်ဖြစ်လာဖို့ ရှိနေရင်လည်း ကျွန်တော်တို့က အရင်ဆုံး တောင့်မထားနိုင်တဲ့သူကို တွေ့ရမှာပဲလေ။ တစ်ဖက်လူမှာ ဖုံးကွယ်ထားတဲ့ ခြေလှမ်းရှိနေရင် ကိုယ့်ဘက်က တိုင်တောင်တန်းလို ကြံကြံခိုင်နေပြီး ခြေလှမ်းယူပြီး ချုပ်ကိုင်ထားရမယ်။ ကိုယ့်အတွက် အရှုံးရှိမှာ မဟုတ်ဘူးပေါ့"
မုန့်ယွမ်က အခြေအနေကို နားလည်၍ ဆက်ပြောလာသည်
" နောက်ပိုင်းမှာ လေဒီသိုက်ပေါ်ကလည်း ဒီမှာ ရှိနေမှာ။ ကြည့်ရတာ သူမက မင်းအတွက် ဝတ်စုံ ခြောက်စုံ ခုနစ်စုံလောက် စမ်းဝတ်ဖို့ ယူလာမယ့်ပုံပဲ။ ဒီလို လုပ်ရတဲ့ ရည်ရွယ်ချက်က နောက်ဆုံး မင်း runwayလျှောက်ဖို့အတွက် ဝတ်မယ့် အဝတ်အစားကို အပြီးသတ်ပြီး ကိုယ်နဲ့ ကွက်တိကျမကျ လိုအပ်တာလေးတွေ ပြင်ဖို့လေ။ ပြီးတော့ မင်းက runway လျှောက်ဖို့က အစမ်းလေ့ကျင့်ရဦးမယ်။ မင်းလျှောက်တာနဲ့ ပတ်သတ်ပြီး ပြဿနာတစ်ခုခု ရှိရင် မင်းအတွက် နည်းပြတစ်ယောက် ငှားပေးကြမှာ။ ဒါပေမယ့် အကုန် အဆင်ပြေရင်တော့ မင်းက လက်တန်းလျှောက်လို့ ရတာပေါ့"
ဓာတ်လှေကား၏ လေးဆယ့်တစ်ထပ်မြောက်ကို ရောက်သွားပြီး စတူဒီယိုထဲ ဝင်လိုက်သည်နှင့် လေဒီသိုက်ပေါ်က လက်ထောက်ငယ်ငယ်လေးနှင့် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ လက်ထောက်လေးက ထသွားထလာ မီးခိုးနှင့်အဖြူ အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ခွေခွေလေးများကို သပ်သပ်ရပ်ရပ် စည်းနှောင်ထားကာ နားဆွဲကြီးကြီးများ ဆွဲထားပြီး လက်ကောက်တောက်တောက်ပြောင်ပြောင်များကို ဝတ်ဆင်ထားသည်။ သူမက ဖက်ရှင်မဂ္ဂဇင်းကာဗာတစ်ခုကဲ့သို့ တောက်ပနေသည်။
ယွီနျန်နှင့် အခြားသူများ ရောက်လာသည့်အချိန် လေဒီသိုက်ပေါ်ကလည်း ဒေါက်မြင့်ဖိနပ်နှင့် လျှောက်လာရင်း အပြုံးလေးနှင့် အနားရောက်လာသည်။ သူမက လက်ဆန့်လာသည်
" အခုလို ငါတို့ရဲ့ပြောရေးဆိုခွင့်ရှိသူ အနေနဲ့ ထပ်ပြီး တွေ့ရတဲ့အတွက် ဝမ်းသာပါတယ်"
ယွီနျန်က သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး တောက်တောက်ပပ ပြုံးလာသည် " ကျွန်တော်လည်း ဝမ်းသာမိပါတယ်"
နှုတ်ဆက်ကြပြီးနောက် လေဒီသိုက်ပေါ်က ယွီနျန့်ကို အခန်းသေးသေးတစ်ခုထဲ ခေါ်သွားပြီးနောက် မိတ်ဆက်ပေးလာသည်
" ဒီတစ်ခေါက် ဝတ်စုံ ကိုးစုံ ယူလာခဲ့တယ်။ ပြီးတော့ မင်းကို တစ်ခုစီ စမ်းဝတ်ကြည့်စေချင်လို့။ နည်းနည်းတော့ အလုပ်ဖြစ်သွားမယ်"
စမ်းဝတ်ကြည့်သည့်အချိန်ကပင် နှစ်နာရီကျော် ကြာသွားလေသည်။ ယွီနျန်က ကိုးခုမြောက် ဝတ်စုံကို ဝတ်ပြီး ထွက်လာသည့်အချိန် သူ့မျက်နှာထက် စိတ်မရှည်သည့်ပုံစံ တစ်စိုးတစ်စဥ်းမျှ ရှိမနေချေ။
လေဒီသိုက်ပေါ်က ခုံမြင့်ပေါ် ထိုင်နေရင်း ဆံပင်ကို ဘေးသို့ သပ်ချလိုက်ပြီး ချီးကျူးလာသည်
" ငါ နောက်ဆုံးတော့ စလစ်မန်းက မင်းကို ဘာကြောင့် အရမ်း လေးစားနေရလဲ ဆိုတာ အခု နားလည်သွားရပြီ။ မင်းရဲ့ ခန္ဓာကိုယ်အချိုးအစားက တကယ် ကောင်းမွန်တာပဲ။ မင်းရဲ့ ၁.၈မီတာ အရပ်နဲ့ ခြေတံရှည်ကြီးတွေရယ် ၊ခါးနဲ့တင် အချိုးအစား၊ လက်မောင်းအရှည်၊ လည်ပင်းကြောတစ်လျှာက်နဲ့ မင်းရဲ့ ခေါင်းပုံစံ....အကုန်လုံးက မျက်စိပဒါသဖြစ်စရာတွေပဲ။ ဒီနယ်ပယ်ထဲ ဆယ်စုနှစ်တစ်ခုစာ နစ်မြုပ်နေတဲ့ စလစ်မန်းနဲ့ ငါ့လို လူတွေအတွက် မင်းကို တွေ့ရတာက အရမ်း လန်းဆန်းတက်ကြွစေတယ်"
မှန်ရှေ့ရပ်ပြီး ယွီနျန်က လက်မြောက်ထား၍ အဝတ်အစားပြင်ပေးသည့်သူက သူ့ကို အဆင်တန်ဆာများ ဝတ်ပေးလာသည်ကို ငြိမ်ခံနေသည်။ လေဒီသိုက်ပေါ်၏ စကားလုံးများကို ကြားသောအခါ ယွီနျန်က ပြုံးလိုက်သည်
" အဲ့ဒီလိုမျိုး သဘောထား ရှိတယ် ဆိုရင် ကျွန်တော်တော့ ကျွန်တော့် မျိုးရိုးဗီဇကို အရမ်း ကျေးဇူးတင်သွားပြီ"
“မျိုးရိုးဗီဇရဲ့ သက်ရောက်မှုကြောင့်ပဲ မဟုတ်ဘူး။ မင်းရဲ့ ပုံစံတစ်ခုလုံးနဲ့ ဟန်ပန်အမူအရာကလည်း အကောင်းဆုံး ဖြစ်နေတာ။ ပြီးတော့ မင်းမှာ အကြိုက်ကောင်းကောင်းလည်း ရှိတယ်"
လေဒီသိုက်ပေါ်က ပန်းပုံလေးများပါသည့် စာရွက်ပေါ်တွင် မှတ်စုများ ချရေးလိုက်ပြီး ပြောလာသည်
" ဝတ်စုံကိုးစုံမှာ သုံးခု ရွေးလိုက်မယ်။ အခု မင်း ပိုသဘောကျတဲ့
တစ်စုံကို ဖယ်ထားလိုက်။ နောက်ဆုံးတစ်ခုကို ရှိုးပွဲအတွက် သုံးမယ်။ တစ်စုံကိုတော့ အရံအနေနဲ့ သိမ်းထားလိုက်မယ်။ ဘယ်လိုသဘောရလဲ"
ယွီနျန်က တွန့်ဆုတ်မနေပဲ ဝတ်စုံတစ်စုံကို ယူထားလိုက်သည်။