🍵Chapter 209
၀မ်ရူကွေ့၏ ပန်းရောင်နားရွက်များကို ကြည့်ရင်း ထုံရွှယ်လူက ၎င်းတို့ကို လက်လှမ်းကာ ညှစ်ပစ်ချင်သည်။ သို့သော် သူမ၏အဘိုး၊ထုံကျားမင်နှင့် အခြားသူများ ထွက်လာကြသည့်အတွက် သူမမှာ ထိုအတွေးကို စွန့်လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။
ဗိုလ်မှူးရှောင်းက သူ့မြေးမလေးအား ပူပန်စွာ ကြည့်နေသည်။
" အဲဒီကိုရောက်တဲ့အခါ ကိုယ့်ကိုကိုယ် သေချာဂရုစိုက်ရမယ်။ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ရင် အဘိုးကို အသိပေး။ အဘိုးက မင်းအတွက် သူတို့ကို ဂရုစိုက်ပေးမယ် "
ထုံရွှယ်လူသည် သူမ၏ နှလုံးသားထဲ နွေးထွေးမှုကို ခံစားလိုက်ရသည်။
" ဟုတ်ပါပြီ၊ သူတို့က သမီးကို အနိုင်ကျင့်ရင် သမီးအဘိုးက ဗိုလ်မှူးလို့ပြောလိုက်မယ် "
ကျောထောက်နောက်ခံရှိခြင်းမှာ အတော်လေး ကောင်းလေသည်။
ထုံမျန်မျန်က သူမ မမကြီး၏ပေါင်ကို ပွေ့ဖက်ပြီး သူမ၏ကြီးမားရွှန်းလဲ့နေသောမျက်လုံးများကို မျက်တောင်ခတ်လိုက်ရင်း " မကြာခင်အိမ်ပြန်လာနော် မမကြီး။ မျန်မျန် လွမ်းနေမှာ "
ထုံရွှယ်လူက သူမခေါင်းကို ပွတ်သပ်ေပးလိုက်သည်။ " မမကြီးလည်း မင်းကို လွမ်းနေမယ်။ မင်းအစ်ကိုတွေပြောတာကို နားထောင်ပြီး ကောင်းကောင်းနေနော် "
ထုံမျန်မျန်က ဆန်ကိုကောက်နေသည့် ကြက်ကလေးလို ခေါင်းညိတ်သည်။
၀မ်ရူကွေ့ ၏ စက်ဘီးပေါ်မတက်မီ ထုံရွှယ်လူက ထုံကျားမင်နှင့် ထုံကျားရှင်းတို့အား သတိထားရမည့်အရာများကို ပြောပြပြီးနောက် နှုတ်ဆက်လိုက်သည်။
ရထားဘူတာသို့ ရောက်သောအခါ ကုန်သွယ်ရေးဌာနနှင့် မြူနီစီပယ် နိုင်ငံခြားရေးရုံးအဖွဲ့ဝင်များက ရောက်ရှိနေကြပြီးဖြစ်သည်။
သူတို့က ထုံရွှယ်လူကို နှုတ်ဆက်ရန် တုန်တုန်ယင်ယင်နှင့် လမ်းလျှောက်လာကြသည်။
ခေတ္တခဏကြာပြီးသည့်ေနာက် ကျယ်ချန်းကျိုးနှင့် တခြားသူများ ရောက်ရှိလာကြသည်။
ထုံရွှယ်လူ လှမ်းကြည့်သောအခါ မျက်စိကွယ်လုနီးပါး ဖြစ်သွားသည်။
လည်ပင်းတစ်ဝိုက်တွင် အစိမ်းရင့်ရောင် ပဝါတစ်ခု၀တ်ထားပြီး ဦးထုပ်အစိမ်းရောင် ဆောင်းထားသည့် ဂျေဆန်ကို သူမတွေ့လိုက်ရလေသည်။
အစိမ်းရောင် အစုအဝေး တစ်ခုလုံးသည် အလွန်ထူးဆန်းနေပေသည်။
ထုံရွှယ်လူက ဂျေဆန်ကို စိုက်ကြည့်နေသည့်အခါ ၀မ်ရူကွေ့ ခြိမ်းခြောက်မှုတစ်ခု ခံစားလိုက်ရသည်။
" မင်း သူ့ဝတ်စုံကို ကြိုက်လား။ အမှန်တော့ ကိုယ်လည်း အဲဒီလို ဝတ်နိုင်ပါတယ် "
ထိတ်လန့်သွားပြီးေနာက် ထုံရွှယ်လူက လျင်မြန်စွာ ပြောလိုက်သည်။
" မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒီဝတ်စုံကို မကြိုက်ဘူး။ ကျေးဇူးပြုပြီး အဲလိုမဝတ်လိုက်ပါနဲ့ "
၀မ်ရူကွေ့သည် ထိုစကားကိုကြားသောအခါ သက်ပြင်းတစ်ချက်ချလိုက်သည်။
ဂျေဆန်၏၀တ်စားဆင်ယင်မှုက အလွန်ဆိုးသည်ဟု သူက ထင်မြင်သည့်အပြင် တရုတ်နိုင်ငံတွင် အစိမ်းရောင်ဦးထုပ်နှင့် ပဝါရှာရန် အလွန်ခက်ခဲသည်။
ရထားစီးရန် အချိန်ကျရောက်လာပြီး ထုံရွှယ်လူက တခြားသူများနှင့်အတူ ရထားပေါ်သို့ တက်လိုက်ပြီးနောက် ပြတင်းပေါက်မှတစ်ဆင့် ဝမ်ရူကွေ့ကို လက်ဝေ့ယမ်းပြလိုက်၏။
၀မ်ရူကွေ့က သူမကို ညင်သာစွာ ပြန်လည်ဝေ့ယမ်းပြပြီး သူ့အကြည့်တွင် ခံစားချက်များစွာကို သူမ မတွေ့နိုင်ပေ။
သူမ ထူးထူးခြားခြား ခံစားချက်တစ်ခု ရနေမိသည်။ ၀မ်ရူကွေ့က သူမကို အမှန်တကယ် မသွားစေချင်ဟု မနေ့က သူမခံစားခဲ့ရပေမယ့် ယနေ့တွင်မူ သူက အလွန်သက်တောင့်သက်သာရှိနေပုံရ နေ၏။
အချစ်က ပျောက်ကွယ်သွားမည်လား။
ဤခေတ်တွင် ရထားများက အလွန်နှေး ကွေးပြီး ၁၄၊၁၅နာရီကြာ ရထားစီးပြီးသည့်နောက် သူမတို့၏အဖွဲ့ ယန်ကျိုးသို့ရောက်ရှိကြသည်။
မနက်ခင်းမှာ ထွက်ခွာလာခဲ့ကြသော်လည်း ယန်ကျိုးကို ရောက်ချိန်မှာတော့ သန်းခေါင်ယံ ကျော်လွန်နေပေပြီ။
ကံကောင်းစွာနှင့် ဤဒေသရှိ သက်ဆိုင်ရာဌာနကို သူမတို့အား လာကြိုရန် ကြိုတင်အကြောင်းထားခဲ့ကြသည်။ Check in ၀င်ရန် ဟိုတယ်ဆီသို့ ကားဖြင့် သူမတို့ သွားကြသည်။
ထုံရွှယ်လူသည် မောပန်းနွမ်းနယ်နေပြီး ညစာစားပြီးသည်နှင့် ချက်ချင်း ရေချိုးရန် သူမအခန်းဆီသို့ ပြန်လာလိုက်သည်။
အခန်းတံခါးခေါက်သံကြားသည့်အခါ သူမ အိပ်ယာဝင်ခါနီးအချိန်ဖြစ်လေသည်။
ဂျာကင်အင်္ကျီကို အပေါ်မှ ထပ်၀တ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားလိုက်သည်။ တံခါးဖွင့်လိုက်သည့်အခါ အပြင်ဘက်မှာ ရပ်နေသည့် ဟိုတယ် စားပွဲထိုးတစ်ယောက်ကို တွေ့လိုက်ရသည်။
" ရဲဘော်ထုံ မင်းရဲ့ဝမ်းကွဲလို့ ပြောတဲ့သူက မင်းကို အောက်ထပ်မှာ စောင့်နေပါတယ် "
ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။
" ဝမ်းကွဲ ဟုတ်လား "
' ဒီဝမ်းကွဲက ဘယ်ကရောက်လာတာလဲ '
ထုံယန်းလျန်သည် သူမ၏၀မ်းကွဲဖြစ်သော်လည်း သူက ယခုအချိန်တွင် မွေးမြူရေးခြံတွင် ပြုပြင်ပြောင်းလဲခံနေမည်ဖြစ်သည်။
စားပွဲထိုးက ခေါင်းညိတ်သည်။ " ဟုတ်ပါတယ်၊ သူ့မျိုးရိုးနာမည်က ၀မ်လို့ပြောပါတယ် "
' ဝမ် '
ထုံရွှယ်လူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမသည် မျိုးရိုးအမည် ၀မ်နှင့်သူ တစ်ဦးတည်းသာ သိသည်။ ထိုသူက ၀မ်ရူကွေ့ မည်သို့ ဖြစ်နိုင်မည်နည်း။
သို့သော် သူမ ခေါင်းကို အမြန်ခါယမ်းလိုက်ပြီး ထိုအတွေးကို ငြင်းပယ်လိုက်တယ်။ ၀မ်ရူကွေ့သည် ထိုနေ့နံနက်တွင် သူမနှင့် လမ်းခွဲခဲ့သည်။
ထို့အပြင် ဤဆိုးရွားသောရာသီဥတုတွင် ယန်ကျိုးကို အဘယ်ကြောင့် လာလိမ့်မည်နည်း။
ထုံရွှယ်လူမှာ မည်သည်များဖြစ်ပျက်နေသည်ကို နားမလည်သောကြောင့် အဝတ်အစားများထပ်၀တ်ကာ စားပွဲထိုး၏ နောက်မှ အောက်ထပ်သို့ လိုက်သွားသည်။
သူမ အောက်ထပ်ကို ရောက်သည်နှင့် တံခါးဘေး၌ ရပ်နေသည့် အရပ်ရှည်ရှည် လူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူ၏လက်ထဲတွင် အနက်ရောင် အိတ်တစ်လုံး ရှိနေသည်။ သူက ဧည့်ခံကောင်တာ၏ရှေ့တည့်တည့်မှာ ရပ်နေပြီး ခြေသံကြားသည့်အခါ လှည့်ကြည့်လာသည်။
၀မ်ရူကွေ့ပင် ဖြစ်လေသည်။ သူမ မဖြစ်နိုင်ဟု ထင်ခဲ့သည့်သူက ယခု သူမရှေ့၌ ရောက်နေသည်။
ထုံရွှယ်လူ ထိတ်လန့်သွားလေသည်။
" ဒီမှာ ရှင်ဘာလုပ်နေတာလဲ "
၀မ်ရူကွေ့၏ မျက်တောင်များ တုန်လှုပ်သွားသည်။ " ဝမ်းကွဲ၊ ငါ ထောက်ခံစာ ပျောက်သွားလို့ check in ၀င်လို့မရဘူး ဖြစ်နေတယ် "
ထုံရွှယ်လူ၊ "……"
တစ်ခုခု လွဲနေပြီဟု သူမ ခံစားမိသည်။
သို့သော် သူက ဤနေရာကို ရောက်နေပြီးဖြစ်ပြီး အချိန်မှာလည်း ညသန်းခေါင် ရောက်နေပြီဖြစ်သည်။ အပြင်ဘက်တွင် မိုးရွာကာ နှင်းများကျနေပြီး ၀န်ထမ်းက သူ့အား ကန်ထုတ်မည်ကို သူမ ခွင့်မပြုနိုင်ပေ။
ထုံရွှယ်လူက လှည့်လိုက်ပြီး ၀န်ထမ်းကို ပြောလိုက်သည်။
" မှန်ပါတယ်။ ရဲဘော်၀မ်က ကျွန်မရဲ့ဝမ်းကွဲပါ။ ကျွန်မနဲ့အတူ လိုက်လာခဲ့တာ။ သူ့ရဲ့မန်နေဂျာက သူ့ကို နောက်ဆုံးမိနစ်မှာ တစ်ခုခု လုပ်ခိုင်းခဲ့တာမို့ နောက်ကျသွားခဲ့တာ။ သူ့အတွက် အခန်းတစ်ခန်း ရနိုင်ဦးမလား "
၀န်ထမ်းက ခေါင်းယမ်းသည်။
" အခန်းအားလုံး ပြည့်နေတယ်။ သူက မင်းရဲ့ဝမ်းကွဲလို့ မပြောရင် သူ့ကို ၀င်ခွင့်ပြုခဲ့မှာ မဟုတ်ပါဘူး "
ထုံရွှယ်လူနှင့် သူမ၏အဖွဲ့သည် အဆင့်အတန်းမြင့်သောသူများဖြစ်ကြပြီး ၎င်းတို့ကို အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရန် ၀န်ထမ်းအားလုံးကို ကြိုတင် မှာကြားထားသည်။ ထို့ကြောင့် ၀န်ထမ်းက ထုံရွှယ်လူ၏စကားကို လုံးလုံး သံသယမရှိခြင်း ဖြစ်သည်။
ထုံရွှယ်လူက အေးဆေးတည်ငြိမ်စွာပြောသည်။
" ကျွန်မ နားလည်ပြီ။ ဒါဆို သူ ယောကျ်ားလေး ရဲဘော်တစ်ယောက်နဲ့ အခန်းမျှသုံးလို့ရနိုင်မှာပါ "
၀န်ထမ်းက ခေါင်းညိတ်ပြပြီး အပေါ်ထပ်သို့ တက်ရန် လမ်းဖယ်ပေးသည်။
သူမသည် ယနေ့ သူမ၏အဖွဲ့တွင် တစ်ဦးတည်းသော အမျိုးသမီးရဲဘော်ဖြစ် သောကြောင့် ကိုယ်ပိုင်အခန်းရှိ လေသည်။ အခန်းက ၁၀ စတုရန်းမီတာခန့် ကျယ်ဝန်းပြီး မာကျောသော ကုတင်နှစ်လုံးနှင့် စားပွဲတစ်လုံး ရှိသည်။ စားပွဲပေါ်တွင် ရှိနေသော ရေပုလင်းကို ထုံရွှယ်လူက ယူဆောင်လာခဲ့ခြင်းဖြစ်ပြီး အခန်းထဲ၌ တခြားမည်သည့် အရာမျှ မရှိပေ။
ထုံရွှယ်လူက တခြားကုတင်ကို လက်ညှိုးထိုးပြပြီး ပြောသည်။ " ဒီည ဒီမှာပဲ အိပ်လိုက်ရင်ရော "
ထုံရွှယ်လူ၏ ယောင်္ကျားလေးလုပ်ဖော်ကိုင်ဖက်များ အားလုံးသည် အခန်းမျှသုံးကြလေသည်။ လူတိုင်းအတွက် ကုတင်အရေအတွက်က အလုံအလောက် ရှိရုံမျှသာဖြစ်ပြီး ကုတင်တစ်လုံးက လူတစ်ယောက် အံဝင်ခွင်ကျဖြစ်ရုံသာလျှင် ကြီးမားသည်။ ၀မ်ရူကွေ့ ထိုသူတို့နှင့် သွားနေလျှင် ကြမ်းပြင်ပေါ်တွင်သာ အိပ်ရလိမ့်မည်ပင်။
သို့သော် ဤရာသီဥတုမှာ ကြမ်းပြင်ပေါ် အိပ်စက်ခြင်းက သူ့အား ဖျားနာသွားစေမည်ဖြစ်သည်။
၀မ်ရူကွေ့သည် လက်တစ်ကမ်းအကွာလောက်သာရှိသော ကုတင်နှစ်လုံးကို ကြည့်လိုက်ပြီး နားရွက်နှင့် ပါးပြင်များ သိသိသာသာနီရဲလာသည်။
" ကိုယ်တခြားဟိုတယ် ဒါမှမဟုတ် မိုတယ်တစ်ခုခုကို သွား....သွားရှာလို့ရမှာပါ "
အခန်းများမကျန်ဟု စောစောက ပြောခံရပြီးချိန်မှာ သူက ထုံရွှယ်လူ၏ ဝမ်းကွဲဖြစ်ကြောင်း ပြောလိုက်သည်။
နှစ်ယောက်သား တစ်ခန်းတည်းနေရမည်ကို ယခုမှ သူ သဘောပေါက်သွားပြီး ဤသို့မပြုလုပ်သင့်ဟု ခံစားနေရသည်။
အမျိုးသားနှင့် အမျိုးသမီးကြား ဆက်ဆံရေးသည် ယနေ့ခေတ်တွင် ဖြောင့်ဖြောင့်တန်းတန်း ရှိနေသည်။ သူတို့နှစ်ယောက် တစ်ခန်းတည်းနေခြင်းအား မနက်ဖြန်၌ တစ်ယောက်ယောက် သိရှိသွားလျှင် ထုံရွှယ်လူ၏ဂုဏ်သတင်းမှာ အကြီးအကျယ် ထိခိုက်သွားလိမ့်မည်ပင်။
ထုံရွှယ်လူက မျက်ခုံးများပင့်လိုက်သည်။
" အပြင်မှာ နှင်းတွေကျနေတယ်။ ရှင် နှင်းလူသားအဖြစ် ပြောင်းလဲသွားချင်လို့လား "
၀မ်ရူကွေ့သည် သူမ၏ မျက်လုံးများကိုပင် မကြည့်ဝံ့ဘဲ နားရွက်များ နီရဲနေကာ သွေးထွက်မတတ် ဖြစ်နေသည်။ " ဒါပေမယ့် ကိုယ်တို့ တစ်ခန်းတည်းနေနေတာ မင်းအတွက် မကောင်းဘူး "
ထုံရွှယ်လူက ခေါင်းစောင်းလိုက်ပြီး သူ့ကိုကြည့်သည်။ " ဘာလို့လဲ။ ညသန်းခေါင်မှာ ရှင် ကျွန်မကို တစ်ခုခုလုပ်မှာမို့လို့လား "
၀မ်ရူကွေ့က လျင်မြန်စွာ ခေါင်းယမ်းလိုက်သည်။
" ကျိန်းသေ မလုပ်ဘူး "
သူမကို နာကျင်စေသည်ထက် သူ့ကိုယ်သူသာ နာကျင်စေမည်ဖြစ်သည်။
သူသည် သူ၏ဆုံးဖြတ်ချက်ကို နောင်တရလာသည်။သူ ယခုကဲ့သို့ ရူးသွပ်စွာဖြင့် မလာခဲ့သင့်ပေ။
ထုံရွှယ်လူက ပခုံးတွန့်လိုက်သည်။
" ဒါဆို ကျွန်မတို့ ဘာကို စိတ်ပူရမှာလဲ။ စိတ်မပူပါဘူး...အကယ်၍ ကျွန်မ ရှင့်ကို တစ်ခုခုလုပ်မှာ ရှင် စိုးရိမ်မနေရင်ပေါ့ "
ထိုသို့ပြောပြီးနောက် သူမ သူ၏ခန္ဓာကိုယ်ကိုယ် အထူးသဖြင့် သူ၏ရှည်လျားသော ခြေတံရှည်တစ်စုံကို ကြည့်လိုက်သည်။ သူမသည် ၎င်းတို့အား အပေါ်အောက် ကြိမ်ဖန်များစွာ စိုက်ကြည့်နေသည်။
သူမ၏ အကြည့်ကို သတိပြုမိလိုက်ရာ ၀မ်ရူကွေ့၏ နှလုံးသားက ခုန်ပေါက်နေပြီး သူ့ခန္ဓာကိုယ်က နားမလည်နိုင်စွာ တောင့်တင်းလာသည်။
" မဟုတ်ဘူး၊ မင်းက အဲဒီလိုလူ မဟုတ်ပါဘူး "
ထုံရွှယ်လူက သူ့ကို တိတ်တဆိတ် အမှန်ပြင်ပေးလိုက်သည်။
' ဒါဆို ရှင်မှားသွားပြီ။ ကျွန်မက အဲဒီလိုလူမျိုး အတိအကျပဲ '
မှားယွင်းသည့်တည်နေရာကြောင့်သာ မဟုတ်လျှင် သူမ၏အောက်၌ သူ့ကို ဖိထားပြီး သူ ငိုစေမည့် သူမ၏ နည်းလမ်းများကို အသုံးပြုနေမည်ဖြစ်သည်။
" ဒါဆို ရှင်ဘာတွေ စိတ်ပူနေတာလဲ။ ပြောကြည့်ပါ ။ အိုး ဒါနဲ့ ရှင် ညစာစားပြီးပြီလား "
၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " အင်း ကိုယ်စားပြီးပြီ "
သူပြောပြီးသည်နှင့် သူ၏ ဗိုက်က အော်မြည်လာသည်။
၀မ်ရူကွေ့ "......"
' အမ်း အဲဒါ နည်းနည်းတော့ရှက်စရာကောင်းတယ် '
ထုံရွှယ်လူက ရယ်မောလိုက်သည်။
" ရှင် ရေချိုးလိုက်ဦး။ ကျွန်မ မီးဖိုချောင်မှာ ရှင့်အတွက် တစ်ခုခု ချက်လိုက်မယ် "
မီးဖိုချောင်ထဲတွင် ခေါက်ဆွဲ၊ ဂေါ်ဖီထုပ်၊ ကြက်ဥ စသည့် ရိုးရှင်းသော ပါဝင်ပစ္စည်းများရှိကြသည်။ သူမလုပ်စရာရှိသည်က ထိုအရာများကို ချက်ပြုတ်ရန်သာဖြစ်သည်။
၀မ်ရူကွေ့က ရှက်ရွံ့စွာ ခေါင်းညိတ်သည်။ " အင်း "
ထုံရွှယ်လူက စကားပြောပြီးသောအခါ လှည့်ထွက်သွားသည်။
သူမ ထွက်သွားပြီးနောက် မကြာမီ ၀မ်ရူကွေ့က အဝတ်အစားများကို ကိုင်ကာ အောက်ထပ်သို့ ဆင်းသွားလေသည်။