🍵Chapter 208
ထုံရွှယ်လူသည် နှစ်သစ်ကူးမတိုင်မီ အမဲသားတုံးအချို့ကို ပြုလုပ်ခဲ့သည်။ မနက်ဖြန် ခရီးထွက်မည်ဖြစ်သောကြောင့် သူမက ၎င်းတို့ကို ထုတ်ယူပြီး ၀မ်ရူကွေ့နှင့် သူမအဘိုးတို့ကို ခွဲ ပေးလိုက်သည်။
၀မ်ရူကွေ့သည် ထုံရွှယ်လူ၏နေရာတွင် နေ့လည် ၃ နာရီ၊ ၄ နာရီအထိ နေခဲ့သည်သည်။
ထုံအိမ်မှ ထွက်ခွာပြီးနောက် ၀မ်ရူကွေ့က စစ်စခန်းသို့ မပြန်ခဲ့ဘဲ ၎င်းအစား သူက ဟွမ်ချီမင်ကို သွားရှာလိုက်သည်။
ဟွမ်ချီမင်၏နေရာကိုရောက်သည့်အခါ ကျိုးရန်ကလည်း ထိုနေရာတွင် ရှိနေ၏ ။ သို့နှင့် အချစ် လူရိုးလေး သုံးယောက်လုံး ပြန်လည်ဆုံစည်းသွားကြသည်။
၀မ်ရူကွေ့ကိုမြင်သည့်အခါ ကျိုးရန်က " အားယို" ဟု ဆိုသည်။ " ဟေး မစ္စတာအလုပ်များ၊ မင်း ဒီနေ့ ခွေးဥဟွမ်ရဲ့နေရာကို လာဖို့ ဘယ်လိုလုပ် အချိန်ရတာတုန်း "
ကျိုးရန်က ၀မ်ရူကွေ့ကို နှစ်သစ်ကူးမတိုင်ခင်မှာ သူ့ဆီလာလည်မည်ဟု ပြောခဲ့သော်လည်း ၀မ်ရူကွေ့က သူ့မှာ အားလပ်ချိန်မရှိဟု ဆိုခဲ့သည်။ သူက နှစ်သစ်ကူးကာလ တစ်လျှောက်လုံး သူ့ရည်းစား၏ နေရာ၌ ရှိနေမည်ဖြစ်သည်။
ကျိုးရန်မှာ ထိုစကားကိကြားသောအခါ မနာလိုစိတ်ကြောင့် သွားများ ပြုတ်ထွက်လုမတတ်ဖြစ်ခဲ့လေသည်။
ပိုဆိုးသည်က သူ့ထံ၌ ရည်းစားရှိသော်လည်း သူမဆီတွင် နေ့တိုင်းနေထိုင်၍ မရသဖြင့် အလွန်စိတ်တိုစရာကောင်းပေသည်။
ထို့ကြောင့် ၀မ်ရူကွေ့ပေါ်လာသည်ကို မြင်သောအခါ အနည်းငယ် လှောင်ပြောင်ရပေမည်။
၀မ်ရူကွေ့သည် ဘေးပတ်လည်ကို ကြည့်ရှုပြီး " တစ်နေရာရာကို သွားပြောရအောင်။ ဒါက မှန်ကန်တဲ့နေရာ မဟုတ်ဘူး "
ဟွမ်ချီမင်က သူ၏ မိဘများ၊ ညီအစ်ကိုများနှင့်အတူ အတူတူ နေထိုင်သည်။ အနီးတဝိုက်တွင် သူ၏ တူနှင့်တူမ အနည်းဆုံး ၅ ယောက်၊ ၆ ယောက်ရှိသည်။ သူ ရောက်သည့် အချိန်တိုလေးအတွင်းမှာပဲ လူ ၂ယောက်၊၃ေယာက်က သူ့ကို စိုက်ကြည့်နေကြပြီ ဖြစ်သည်။
ထိုသို့ဖြစ်နေသည့် သူ့ကိုမြင်သော် ဟွမ်ချီမင်က မျက်ခုံးပင့်ပြီး မေးလိုက်သည်။
" မင်း တစ်ခုခု ပြဿနာတက်နေတာလား"
၀မ်ရူကွေ့က " အင်း "
ဟွမ်ချီမင်က အချစ်ဇာတ်လမ်းမှာ အတိုင်ပင်ခံလုပ်ရခြင်း သို့မဟုတ် အချစ်ဇာတ်လမ်းနှင့် ပတ်သက်သည့် တစ်ခုခု မေးမြန်းခံရခြင်းထက် ပို၍နှစ်သက်သည့်အရာ မရှိပေ။
သူ့မျက်လုံးများက တောက်ပလာပြီး မတ်တပ်ရပ်ကာ ပြောသည်။ " သွား သွား သွား။ အပြင်မှာ စကားပြောရအောင် "
ကျိုးရန် "......"
နှစ်ယောက်လုံး စိတ်လွတ်သွားကြလေပြီ။ အပြင်ဘက်တွင် လေအရမ်းတိုက်နေသည်ဖြစ်ရာ ဘာကြောင့် အပြင်ဘက်၌ စကားပြောလိုကြသနည်း။
သူတို့နှစ်ယောက်ထွက်သွာပြီးနောက် ဟွမ်အိမ်မှာ သူ တစ်ယောက်တည်း ရှိနေစရာ အကြောင်းမရှိချေ။ ထို့ကြောင့် သူ့တွင် ရွေးချယ်စရာမရှိစွာ ထိုသူတို့ နောက်သို့ လိုက်သွားရသည်။
စားသောက်ဆိုင်များကို ပိတ်ထားကြပြီး ပန်းခြံထဲ၌ အလွန်အေးစိမ့်နေသည်။ သူတို့ လမ်းလျှောက်လာရင်း နောက်ဆုံးတွင် စွန့်ပစ်ထားသည့် အိမ်တစ်လုံးကို တွေ့လိုက်ကြပြီး သုံးယောက်သား စကားစမြည်ပြောရန် ထောင့်တစ်နေရာ၌ စုပြုံလိုက်ကြသည်။
လေက တိုက်ခတ်သွားပြီး ဟွမ်ချီမင်မှာ တုန်ယင်သွားလေသည်။ " ဆက်ပြော ။ ဘာတွေဖြစ်ခဲ့တာလဲ "
၀မ်ရူကွေ့က ခဏရပ်ပြီးပြောသည်။ " အရမ်းကလိမ်ကကျစ်ကျတဲ့လူတစ်ယောက် ငါ့ကောင်မလေးအနားမှာ ပေါ်လာတယ်......"
ထို့နောက် သူတို့နှစ်ယောက်အား ဂျေဆန်အကြောင်း အတိုချုပ် ပြောပြသည်။
ကျိုးရန်က သူ့ကို ရုတ်တရက် စကားဖြတ်ကာ ပြောသည်။ " မင်း သူ့နာမည်က ဇိန်စန့်လို့ ပြောလိုက်တာလား။ သူခိုးဆိုတဲ့စကားလုံးက ဇိန်လေ "
၀မ်ရူကွေ့၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားပြီး ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်၊ အဲဒီ စကားလုံး "
ကျိုးယန် "......."
ဟွမ်ချီမင် "......"
၀မ်ရူကွေ့က သူ့လည်ချောင်းကို နည်းနည်းရှင်းလိုက်ပြီး ဆက်ပြောသည်။
" မနက်ဖြန် ယန်ကျိုးကို အတူတူသွားကြလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ၄၊၅ရက်ကြာ အတူရှိကြလိမ့်မယ်။ ငါ ဘာလုပ်သင့်တယ်လို့ မင်းထင်လဲ "
ကျိုးရန် " မင်းဘာလုပ်နိုင်မှာလဲ။ မင်းရည်းစားကို မယုံဘူးလား "
၀မ်ရူကွေ့က " ဒါပေါ့ ငါယုံကြည်တယ်။ငါ စိတ်ပူတာက အဲဒီသူခိုးဆိုတဲ့လူကို "
ဟွမ်ချီမင်က အတွေ့အကြုံရှိသည့်လူတစ်ယောက်ကဲ့သို့ စကားဆိုသည်။
" ငါ နားလည်ပါတယ်။ လုံးဝနားလည်တယ်။ တလောက မန်နေဂျာအသစ်တစ်ယောက် ငါ့ဇနီးရဲ့ စက်ရုံထဲဝင်လာပြီး ကြိုးတွေကို ပြခိုင်းတယ်။ အဲဒီကိစ္စတုန်းက ငါလဲ မကျေနပ်ဘူး "
" ငါ့မိန်းကလေးနား ယောက်ျားလေးတစ်ယောက်ယောက်ရှိနေတယ်ဆိုတဲ့အတွေးက အဲဒီကောင်ကို ထိုးပစ်ချင်လာတယ် "
၀မ်ရူကွေ့က ခေါင်းညိတ်သည်။ " အတိအကျပဲ "
ထိုသည်က သူ ခံစားရသည့်အတိုင်းပင်။ သူက ထုံရွှယ်လူကို စိတ်နှလုံး အကြွင်းမဲ့ ယုံကြည်သော်လည်း ဂျေဆန်က သူ့အား အဆုံးမရှိ ဒေါသထွက်စေသည်။
အထူးသဖြင့် သူတို့ နှစ်ယောက် နေ့တိုင်း တစ်ယောက်ကို တစ်ယောက် တွေ့မြင်ကြနေကြမည်ကို တွေးမိချိန်တွင် သူ့ အား အလူးအလဲ ခံစားရစေသည်။
ကျိုးရန်တွင် ထိုသို့သောအတွေ့အကြုံမရှိသော်လည်း ဟွမ်ချီမင်၏စကားများအရ သူ နားလည်နိုင်သည်။
ရည်းစားရှာရသည်မှာ မလွယ်ကူသည့်အပြင် ရှိလာသည့်အချိန်၌လည်း သူမဘေးမှာ ဝေ့၀ိုက်နေသည့် အခြားသူများက ရှိနေမှုက သူ့အား မခံမရပ်နိုင်ဖြစ်စေသည်။
ကျိုးရန်က " ဒါပေမယ့် မင်းဘာလုပ်နိုင်မှာလဲ။ ရူကွေ့ က အတူလိုက်သွားလို့ မရနိုင်ဘူးလေ "
ဟွမ်ချီမင်က အရူးတစ်ယောက်လို သူ့အား ကြည့်သည် ။ " မင်းရည်းစားလက်ကို မကိုင်သေးတာ အံ့သြစရာ မဟုတ်တော့ဘူး။ မင်းစိတ်က ပြုပြင်မရဖြစ်လွန်းတယ် "
ထိုသို့ပြောပြီးနောက် ဝမ်ရူကွေ့ကို လှည့်ကြည့်လိုက်သည်။ " ငါ့စကားကို နားထောင် ရူကွေ့ ။ မင်းရည်းစားအတွက် မင်းလိုက်သွားရမယ် "
၀မ်ရူကွေ့ အနည်းငယ် အံ့ဩသွားသည်။ " လိုက်သွားရမှာလား "
ကျိုးရန်က " ဒါပေမယ့် ငါတို့က မနက်ဖြန် အခြေစိုက်စခန်းကို ပြန်သွားရမှာ။ မင်းက ရူကွေ့ကို အလုပ်ဖျက်ဖို့ ပြောနေတာလား "
ဟွမ်ချီမင်က သူ့ကို မထီမဲ့မြင်ပြုသည့် အကြည့် ပေးလိုက်သည်။ " ဘာက ပိုအရေးကြီးလဲ၊ အလုပ်လား ချစ်သူရည်းစားလား။ မင်း ငါ့ကိုပြော"
၀မ်ရူကွေ့ ၏ နားရွက်ထိပ်များသည် အနည်းငယ် ပန်းရောင်ပြောင်းသွားသည်။ " ငါ့ရည်းစား "
ဟွမ်ချီမင်က သူ့ကို သဘောကျသည့် အကြည့် ပေးလိုက်သည်။
" တော်တယ်။ မင်းက ကျိုးရန်ထက် ဒါကို ပိုပြီး နားလည်တယ်။ ရည်းစားလက်ကို ကိုင်နိုင်တဲ့နေရာမှာ မင်းသူ့ကို အနိုင်ပိုင်းနိုင်တာ အံ့သြဖို့ မကောင်းတော့ဘူး။ မင်းက သူ့ထက် ပိုတော်တယ် "
ကျိုး လက်မကိုင်နိုင်လျှင် ယောင်္ကျားမဟုတ်သည့် ရန် "……"
ဟွမ်ချီမင်ကဆက်ပြောသည်။
" နှစ်သစ်ကူးပြီးခါစပဲ၊ အလုပ်ကို ပြန်ရင်တောင် အလုပ်အများကြီးရှိမှာမဟုတ်ပါဘူး။ ဌာနမှူးက မင်းကို အားလပ်ချိန်ပေးလိမ့်မယ်။ ဒါက မင်းရည်းစားနဲ့ သက်ဆိုင်တယ်ဆိုတာ ထည့်ပြောဖို့ လိုတာကိုတော့ ငါ ပြောပြနေစရာကို မလိုတော့ဘူး "
" မနက်ဖြန်အတွက် ရထားလက်မှတ်သွားဝယ်ထားလိုက်။ ဖြစ်နိုင်ရင် မင်းရည်းစားနောက်က နေရာကိုဝယ်။ မင်းသူမကို လိုက်ပို့ပြီး သူမ နောက်ကို လိုက်သွားလိုက်။ ဒါမှ မင်း ကောင်မလေး မင်းကိုတွေ့တဲ့အခါ နောက်ထပ် စပရိုက်တစ်ခုဖြစ်သွားလိမ့်မယ် "
ကျိုးရန်က နှာခေါင်းကို ကုတ်လိုက်သည်။
" အဲဒါ အကြံကောင်းလား "
ဟွမ်ချီမင်က "ဒါက ဘယ်လိုလုပ်အကြံကောင်းမဟုတ်ရမှာလဲ။ ရူကွေ့ ငါ့စကားကို နားထောင်။ မင်းက သွားရုံတင်မကဘူး ၊ မင်းအတတ်နိုင်ဆုံး အကောင်းဆုံး သေချာ ဝတ်သွားရမယ် "
၀မ်ရူကွေ့ က အံ့အားသင့်သွားပုံရသည်။ " ၀တ်ဆင်ရမယ် "
ကျိုးရန်လည်း အံ့သြသွားသည်။ " ယောက်ျားတွေ ဝတ်ကောင်းစားလှ၀တ်ဖို့ မလိုပါဘူး။ မိန်းမတွေကသာ ဝတ်ရတာ "
ဟွမ်ချီမင်က သူ့ကို နောက်ထပ် အထင်သေးသည့် အကြည့် ပေးလိုက်သည်။
" ငှက်တွေကိုကြည့်။ ငှက်အထီး တွေမှာ ငှက်အမတွေကို ဆွဲဆောင်ဖို့ လှပတဲ့အမွေးတွေရှိဖို့ အရေးကြီးတယ်။ ဒေါင်း၊ မန်ဒရင်းဘဲ ဒါမှမဟုတ် ကြက် တွေပဲဖြစ်ပါစေ အထီးတွေက ဆွဲဆောင်မှုမရှိရင် ငှက်အမတွေက စိတ်မဝင်စားဘူး "
၀မ်ရူကွေ့နှင့် ကျိူးယန်သည် ထိုအကြောင်းကို အနည်းငယ်စဉ်းစားပြီး ဟွမ်ချီမင်၏ စကားများသည် အဓိပ္ပါယ်များစွာရှိနေသည်ဟု ခံစားမိသည်။
ဤနှစ်ယောက်ကို အောင်မြင်စွာ ဆွဲဆောင်နိုင်ခဲ့သည်ကို မြင်သောအခါ ဟွမ်ချီမင်က ပြုံးလိုက်သည်။
" ဒါဆို ရူကွေ့၊ မင်း ဝတ်စားဆင်ယင်ပြီး သူခိုးရှေ့မှာ မင်းရဲ့ အကောင်းဆုံးအဝတ်အစားတွေနဲ့ လူလုံးပြရမယ်။ သူ့ထက် မင်းက ပိုချောတယ်ဆိုတာ မင်းသူ့ကို သိစေရမယ် "
၀မ်ရူကွေ့ "......"
ကျိုးယန် "......"
နောက်ဆုံးအပိုင်းက အနည်းငယ် ထူးဆန်းနေသော်ငြား ၀မ်ရူကွေ့မှာ သွမ်းသွင်းခံလိုက်ရလေပြီ။
သူက ဟွမ်ချီမင်ကို ကျေးဇူးတင်လိုက်ပြီး အေးစိမ့်သည့်လေထဲ တုန်တုန်ယင်ယင်ဖြင့် အိမ်ပြန်လာခဲ့သည်။
စစ်မှုထမ်းအိမ်ရာဝင်းသို့ ပြန်ရောက်သည်နှင့် လုံခြုံရေးအစောင့်စခန်းမှာ အရင် ရပ်တန့်ကာ နားရက်ယူရန် ဌာနမှူးဆီသို့ ဖုန်းဆက်လိုက်သည်။
ဟွမ်ချီမင်ပြောခဲ့သလိုပင် ဌာနမှူးက သူ့နောက်ကွယ်က အကြောင်းအရင်းကို သိရှိပြီးသည်နှင့် သူ၏နားရက်ကို ခွင့်ပြုပေးလိုက်သည်။
သူက ၀မ်ရူကွေ့ကိုတောင်မှ အားပေးနေသည်။
" ရူကွေ့၊ မင်းရဲ့ရည်းစားကို စောင့်ရှောက်ရမယ်။ ငါတို့ အခြေစိုက်စခန်းမှာ တစ်ကိုယ်တည်းအမျိုးသားတွေ လုံလောက်နေပြီ။ ငါတို့နောက်တစ်ယောက်ထပ်မလိုဘူး "
၀မ်ရူကွေ့ ".…..."
ဖုန်းခေါ်ဆိုပြီးနောက် ၀မ်ရူကွေ့သည် လက်မှတ်ဝယ်ရန် ရထားဘူတာသို့ စက်ဘီးဖြင့် သွားသည်။
ယနေ့ခေတ်တွင် နေရာတိုင်းသို့သွားရန်အတွက် ထောက်ခံစာတစ်စောင်သာ လိုအပ်ပြီး ထို့အတွက်ကြောင့် ရထားလက်မှတ်ရရှိရန် မခက်ခဲပေ။
လက်မှတ်ဝယ်ပြီးနောက် အဘိုးဝမ်နှင့် ဦးလေးဇုန်းတို့ကို ၎င်းကိစ္စ ပြောပြသည်။
အဘိုးဝမ်က စားပွဲပေါ်သို့ အကြိမ်ကြိမ် ရိုက်သည်။
" သူ့ကိုမြင်ကတည်းက သူခိုးမှန်း ငါသိတယ်။ ရွှယ်လူကို အတူခေါ်သွားဖို့က သူ့စိတ်ကူး ဖြစ်နိုင်တယ် "
၀မ်ရူကွေ့က ဂျေဆန်ကို သဘောမတွေ့သော်လည်း သူက ရိုးသားနေဆဲဖြစ်သည်။
" အဘိုး၊ ဒီလိုဖြစ်အောင်လုပ်ဖို့ သူမှာ အခွင့်အာဏာရှိတယ်ဆိုတာ ကျွန်တော် သံသယဖြစ်မိတယ် "
အဘိုး၀မ်က "မင်း မင်းရဲ့ ပြိုင်ဘက်ကို ဘာလို့ ကာကွယ်နေတာလဲ။ ထုပ်ပိုးပြီးပြီလား "
၀မ်ရူကွေ့က " ကျွန်တော် မကြာခင် ထွက်တော့မယ် "
အဘိုး၀မ်က အနည်းငယ် စဉ်းစားပြီး နောက် စိုးရိမ်နေဆဲဖြစ်သည်။
" ငါမင်းနဲ့ လိုက်ခဲ့သင့်တယ်ထင်တယ်။ မင်းက ဒီလိုကိစ္စတွေမှာ အတွေ့အကြုံမရှိဘူး။ ဒီကောင်နဲ့ ယှဉ်ပြိုင်ဖို့ အခွင့်အရေးမရှိမှာ စိုးရိမ်တယ် "
၀မ်ရူကွေ့ "......"
အဘိုး၀မ် လိုက်လာခဲ့လျှင် ဤအရာက အလွန်ရှုပ်ထွေးသွားလိမ့်မည်ဖြစ်သည်။
ထို့အပြင် သူသည် ထုံရွှယ်လူနှင့် နှစ်ယောက်တည်း အချိန်ရှိလိုသည်။ အကယ်၍ အဘိုး၀မ် လိုက်လာမည်ဆိုလျှင် ထိုကဲ့သို့ ဖြစ်နိုင်တော့မည် မဟုတ်သည်က သေချာလေသည်။
၀မ်ရူကွေ့သည် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ပြီး နောက်ဆုံးတွင် ဦးလေးဇုန်း၏ အကူအညီဖြင့် အဘိုး၀မ်ကို ဖျောင်းဖျနိုင်သွားသည်။
🍵
၀မ်ရူကွေ့သည် နောက်တစ်နေ့တွင် စောစောထ၊ အဝတ်အစားဝတ်ကာ ထုံရွှယ်လူ၏နေရာဆီသို့ စက်ဘီးစီးသွားသည်။
၀မ်ရူကွေ့ကို တွေ့သောအခါ ထုံရွှယ်လူ၏ မျက်လုံးများက တောက်ပလာသည်။
" အချစ် ရှင် ဒီနေ့ ပုံမှန်မြင်နေကျနဲ့ ကွဲနေတယ် "
၀မ်ရူကွေ့က အနက်ရောင် ကုတ်အင်္ကျီနှင့် မနေ့က သူမ ပေးခဲ့သော ပဝါအဖြူကိုလည်း ၀တ်ထားကာ သားရေဖိနပ်တစ်ရံကို စီးထားပြီး လက်ရှိခေတ် ချမ်းသာသောမိသားစုမှ သခင်ငယ်တစ်ဦးနှင့် အလွန်တူနေသည်။
ဆောင်းရာသီနေ့တစ်နေ့၏ နွေးထွေးသော နေရောင်ခြည်က ၀မ်ရူကွေ့၏ မျက်နှာပေါ် ကျရောက်နေပြီး သူ့နားများက နေရောင်အောက်တွင် ဆွဲဆောင်မှုရှိစွာ ပန်းရောင်သန်းနေသည်။
" အင်း ကိုယ့်ဆီမှာရှိနေတာ နှစ်အတော်ကြာပြီ။ ခဏခဏဝတ်သင့်တယ်လို့ ကိုယ်သိသွားတာ "
ဟွမ်ချီမင်၏စကားမှာ မှန်ပေသည်။ ငှက်ထီးက ငှက်မများကို ဆွဲဆောင်ရန်လှပရပြီး ယောက်ျားလေးများက မိန်းကလေးများကို ဆွဲဆောင်ရန်အတွက် လှပသည့်အသွင်အပြင်ရှိရန် လိုအပ်ပေသည်။
သူက ဟွမ်ချီမင်နှင့် စောစောစီးစီး မတိုင်ပင်ခဲ့သည်ကိုတောင်မှ နောင်တရနေမိသည်။