Chapter 326
[ဝူးဝူးဝူး ဘယ်သူရလိုက်ပြန်ပြီလဲ...ငါ ရလိုက်တယ်]
လင်းလော့ချင်း ထိုစကားကိုကြားပြီးနောက် ပို၍ပင် သံသယဝင်လာခဲ့သည်။
ကျိယွီရှောင်က ကြိုးကို ဖြည်ပြီး သူ့လက်ကို ဆွဲကာ မတ်တပ်ရပ်လိုက်သည်။
"ကောင်းပြီ ဆက်သွားကြရအောင်"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
ထို့နောက် ကျိယွီရှောင်ဘက်ကနေ သူ့ကို စဖက်လာခဲ့သည်။ ထိုအခါ လင်းလော့ချင်းတစ်ယောက် ယခုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်ခြင်းဖြစ်သည်ကို သတိရသွားသည်။ကျိယွီရှောင်ကို သည်ကနေ့ နည်းနည်း ပိုထိန်းထိန်းသိမ်းသိမ်းနေသင့်သည်ဟု မနေ့ညကပဲ သူပြောခဲ့၏။
ထို့ကြောင့် သူ ပခုံးကျုံ့ပြီး ခပ်ခွာခွာနေလိုက်သည်။
"ရတယ်... ငါ အခု သိပ်မကြောက်တော့ဘူး...အဲဒါကြောင့် အဆင်ပြေတယ်"
ကျိယွီရှောင် သူတည်ငြိမ်ဟန်ဆောင်နေသည်ကို ကြည့်ပြီး အတော်လေး သံသယဖြစ်သွား၏။
"တကယ်လား"
"ဟုတ်တယ်"
လင်းလော့ချင်းက အခိုင်အမာ ပြော၏။
"ဒါတွေကို ငါမကြောက်ဘူး...ခုနက ခဏလောက် ကျင့်သားမရဖြစ်နေရုံတင်"
မှတ်ချက်ဘားတန်းက သောသောညံအောင်ရယ်သည်။
[ချင်းချင်း ဘာလို့ ဒီလောက်ခေါင်းမာနေတာလဲ]
[သရဲမကြောက်တဲ့လင်းလော့ချင်း [ခွေးခေါင်း]]
[အဲဒါကို ကျင့်သားမရတာ မဟုတ်ဘူးချင်းချင်းရေ... နင်က ရိုးရိုးရှင်းရှင်းကို ကျင့်သားမရနိုင်တာ]
[ဟားဟားဟားဟား... ချင်းချင်း မင်းက ဘဲလား]
[သခွားသီးတစ်လုံးနဲ့ လောင်းမယ်... ငါးမိနစ်ကြာရင် ချင်းချင်းက ဥက္ကဋ္ဌကျိရင်ခွင်ထဲကို သူ့ဘာသူပစ်ဝင်လိမ့်မယ်]
[မင်းက ဘယ်သူ့ကို လာအထင်သေးနေတာလဲ...သုံးမိနစ်က လုံလောက်တယ်]
[ဟားဟားဟား... တစ်မိနစ်ကွာ]
[ဘုရား ဘုရား... နင်တို့အားလုံးက ဖန်အတုတွေ...စက္ကန့် 30 ထက်မပိုဘူးဆိုတာ အသိသာကြီးကို]
လူတိုင်းစကားပြောနေစဉ်တွင် ကျယ်လောင်သော "ကျိယွီရှောင်"ဟုအော်သံကို ထပ်မံကြားလိုက်ရသည်။ နောက်တစက္ကန့်မှာပဲ ခုနက မကြောက်ဘူးဟု ပြောထားသည့်သူက သူ့ဘေးက ကျိယွီရှောင်ကိုတင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်ပြီး အသံကတုန်နေသည်။
"တစ် တစ် တစ်ခုခုက…တစ်ခုခုက ထပ်ပြီး ရွေ့နေတယ်"
ကျိယွီရှောင် ရယ်ရင်း သူ့ဘာသူတွေးလိုက်သည်။ဒီလူက သူ့ရင်ခွင်ကို စွန့်သွားတာ ဘယ်လောက်ကြာသေးလို့လဲ... စက္ကန့် 30 လား...
ဤသည်က တကယ်ကို ထုတ်ပြောရန် ရိုးသားရာကျလွန်းနေသည်။
သူ လင်းလော့ချင်းကို ထပ်မံဖက်လိုက်သည်။
"အတူတူသွားကြည့်ရအောင်"
လင်းလော့ချင်းက စိုးရိမ်တကြီး ခေါင်းညိတ်၏။
အင်တာနက်သုံးစွဲသူတွေက သူ ကျိယွီရှောင်၏ရင်ခွင်ထဲကို ဤမျှ မြန်မြန်ဆန်ဆန် ပြန်ဝင်သွားရန် ဘယ်တုန်းကမှ မမျှော်လင့်ထားကြသဖြင့် မေးခွန်းတွေထုတ်ကုန်ကြ၏။
[ဒါက စက္ကန့် 30 လား]
[ဟားဟားဟား စက္ကန့် 30 ထက်နည်းတယ်...ချင်းချင်း စကားပြောတဲ့အခါ အရမ်းခေါင်းမာမနေသင့်ဘူး]
[ဟမ့် ခုနက သူ့သိက္ခာကို ကာကွယ်ချင်နေတာမဟုတ်ဘူးလား ]
[လမ်းတစ်လျှောက်လုံးမှာ 'ကျိယွီရှောင် ကျိယွီရှောင် ကျိယွီရှောင်' ဆိုတဲ့ စကားသုံးလုံးပဲ ငါ ဆက်တိုက်ကြားနေရတယ်... ရယ်ရလို့ သေတော့မယ်]
[ဥက္ကဋ္ဌကျိ: ငါ ဘာလုပ်ရမလဲ...သူ့ကို အလိုလိုက်ရုံပေါ့...]
[ဟားဟား ချင်းချင်းအရမ်းချစ်စရာကောင်းတယ်...ငါသာ ဥက္ကဋ္ဌကျိဖြစ်ခဲ့ရင် ငါလည်း သူ့ကို အလိုလိုက်ချင်မှာပဲ]
[ဟုတ်တယ်...ငါတို့ရဲ့ ချင်းချင်းက အရမ်းချစ်စရာကောင်းပြီး ရုပ်ရည်လည်းချောတယ်...ဥက္ကဋ္ဌကျိ ဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမလဲ]
[သူသာခံနိုင်ရည်ရှိမယ်ဆိုရင် ဥက္ကဋ္ဌကျိကတကယ့်ကို အဖြောင့်ကြီးပဲလို့ပဲ ပြောရမယ်]
[အဲလို မထင်ပါဘူး...အဖြောင့်က တခြားအဖြောင့်ကို ရင်ခွင်ထဲထည့်၊ ခေါင်းလေးပွတ်ပြီး 'မကြောက်နဲ့ လိမ္မာနော်' လို့ ပြောမလား [ရယ်]]
[မှန်တယ်... ဒီအတွဲကြားမှာသာ ဘာမှရှိရင် ငါ ဘယ်တော့မှ CPထပ်မယူတော့ဘူး]
[ငါရောပဲ!!]
လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့ သူတို့၏တာဝန်များကို ယူပြီး ထွက်လာချိန်မှာ တိုက်ရိုက်ထုတ်လွှင့်မှုကိုကြည့်နေသည့် အင်တာနက်သုံးစွဲသူတွေသာမက အပြင်မှာစောင့်နေသည့်ဧည့်သည်တွေ၏ ခေါင်းထဲမှာပင် 'ကျိယွီရှောင်' ဆိုသည့် စကားလုံးတွေနှင့် ပြည့်နှက်နေသည်။
"လင်းကောရဲ့ အသံက ကြည်တောက်နေတာပဲ"
ချမ်ယုံအန်းက စိတ်ခံစားချက်ပါပါ သက်ပြင်းချလိုက်သည်။
"ပြီးတော့ စူးရှတယ်"
ဖန်းဖေးကျယ်က ဆက်လက်ပြောသည်။
"လုံးဝပီသပြီး ရှင်းလင်းနေတာ... သူ့လိုင်းတွေက ဘာကြောင့်ကောင်းတာလဲ အံ့သြစရာမရှိဘူးပဲ"
စုန့်ရှို့ဝမ်က သုံးသပ်သည်။
"ခံစားချက်ကလည်း အပြည့်ပါတယ်...လုံးဝ သူ့နေရာနဲ့သူရှိတယ်"
ကျိုက်ထင်လန်က ဆက်ပြောသည်။
လျှိုယာမင်: "……"
လျှိုယာမင်က ခဏလောက် စဉ်းစားပြီး
မှတ်ချက်ပေးလိုက်သည်။
"ဒါဆို သူက အစီအစဥ်တင်ဆက်သူဖြစ်ဖို့အတွက် တော်တော်သင့်တော်တယ်"
စွန်းလျန့်က သဘောတူသည်။
"ဟုတ်တယ်"
မှတ်ချက်ဘားဆန်က တဖန် ရယ်ရွှင်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြန်သည်။
အားလုံးရယ်မောပြီးနောက် လင်းလော့ချင်း နှင့် ကျိယွီရှောင် ထွက်လာသည်။
သူတို့ရရှိခဲ့သည့် သဲလွန်စတွေကို ပေါင်းစပ်ပြီးနောက် ယင်းက သင်္ချာပုစ္ဆာတစ်ပုဒ်မှန်း တွေ့လိုက်ရကာ အံ့အားသင့်ခဲ့ကြသည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်နေကြသည်။လင်းလော့ချင်းက ၎င်းကိုမြင်ပြီး ကြိုးစားကြည့်သည်က ပိုကောင်းသည်ဟု စိတ်ထဲကနေ တွေးလိုက်၏။
သူက စားပွဲမှာထိုင်လိုက်သည်။စားပွဲပေါ်မှ စာရွက်နှင့် ဘောပင်ကို ကောက်ယူလိုက်ပြီး ပြဿနာကို စတင်တွက်ချက်သည်။ သို့သော်၊ ယင်းက ကျောင်းမပြီးခင် အချိန်တချို့ကြာအလိုကဖြစ်ပြီး လင်းလော့ချင်း အစောပိုင်းက ရှုပ်ထွေးသည့် ဖော်မြူလာအချို့ကို မေ့နေပြီဖြစ်၏။(စာတွေကျောင်းပြန်သွားပြီ😁)
၎င်းကို သူတွေးနေချိန်မှာ ကျိယွီရှောင်၏ အသံက သူ့နားထဲကို တိုးဝင်လာသည်။
လင်းလော့ချင်း လှည့်ကြည့်လိုက်ရာ ကျိယွီရှောင်က ခေါင်းငုံ့ကာ သူ့ရှေ့က သူ ပုစ္ဆာဖြေရှင်းထားသည့် အဆင့်တွေကိုကြည့်နေသည်။ မေးစေ့က သူ့ပုခုံးကို ထိလုနီးပါးပင်။
သူ သူ့ကိုကြည့်နေသည်ကိုမြင်သောအခါ ကျိယွီရှောင်က သူ့ကို ပြန်ကြည့်လာသည်။ မျက်လုံးချင်းဆုံသွားပြီး သူတို့နှစ်ယောက်ကြားရှိ အကွာအဝေးက နီးကပ်လွန်း၍ အတော်လေးဟိုလိုလိုသည်လိုလိုအခြေအနေဖြစ်နေ၏။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသည့် CP ဖန်များသည် ချက်ချင်းပင် ကိုယ့်ကိုကိုယ့်ပွေ့ဖက်ကာ စိတ်လှုပ်ရှားစွာ အော်ဟစ်ခဲ့ကြသည်။
[ဒါက အနမ်းမဟုတ်ဘူးလား]
[အားးး ဘာလို့ ဒီအချိန်မှာ ခေါင်းချင်းစေ့အဖွဲ့ မရှိရတာလဲ...ငါ့အတွက် သူတို့နှစ်ယောက်ရဲ့ ခေါင်းတွေကို ဆွဲကပ်လိုက်စမ်းပါ]
[နမ်း နမ်း မြန်မြန်နမ်း! ဒီမေမေအမိန့်ပေးနေတယ်နော်]
[အခုအချိန်မှာ ငါဘာလို့အဲဒီမှာမရှိတာလဲ... စိတ်ပူလို့သေတော့မယ်!!]
[အဲဒီမှာ ဘယ်သူပဲရှိရှိ ကျေးဇူးးပြုပြီး ခေါင်းကို မြန်မြန်ဖိချလိုက်စမ်းပါ]
[ဖာ့ခ်... ဒါက ဘယ်လို idol ဒရာမာဇာတ်ကွက်လဲ...ဒါက တကယ့်ကို ဖြူစင်ပြီး ဟိုလိုလိုသည်လိုလိုဖြစ် လွန်းတယ်... သူတို့နှစ်ယောက်ကြားမှာ ဘာမှမရှိဘူးလို့ ဘယ်သူ တကယ်ပြောရဲလဲ]
[ဥက္ကဋ္ဌကျိ မပြောရဲဘူး [ခွေးခေါင်း]]
[ချင်းချင်း မပြောရဲဘူး]
အဆုံးတွင် လင်းလော့ချင်းက ပထမဆုံးတုံ့ပြန်ခဲ့သည်။ အချိန်မီ ခေါင်းကို လှည့်ပြီး သူ့ရှေ့က စာရွက်ဖြူကို ငုံ့ကြည့်လိုက်သည်။
ကျိယွီရှောင် သဘာဝမကျစွာ ချောင်းဆိုးလိုကိသည်။ အသံက အကျယ်ကြီးမဟုတ်ပေမဲ့ CPဖန်တွေ၏ နားထဲကို ရောက်သွားဆဲဖြစ်၏။
[ကြားလား?ကြားလား? ဥက္ကဋ္ဌကျိချောင်းဆိုးတာ]
[ငါကြားတယ်... သူက အဖြောင့်ဆို ချောင်းဟန့်မှာတဲ့လား...ဒီအချိန်မှာ သူရှက်မနေသင့်ဘူးမဟုတ်လား]
[ဥက္ကဋ္ဌကျိ ရှင်တော့ တစ်ခုခုပဲ...တစ်ခုခုတော့ တစ်ခုခုပဲနော်!]
[ဥက္ကဋ္ဌကျိက ချင်းချင်းကို ကြိုက်ကိုကြိုက်နေတာ... သူသာ ချင်းချင်းမကြိုက်ရင် ငါ ငါ့ရှေ့က ကွန်ပြူတာကို စားပြမယ်!]
[ဒါပေမဲ့ ဥက္ကဋ္ဌကျိရဲ့ ချောင်းဟန့်သံက တော်တော် နားထောင်ကောင်းတာပဲနော် [မျက်နှာကို အုပ်ထား]]
[ဥက္ကဋ္ဌကျိရဲ့ အသံက အရမ်းကောင်းတာပဲ]
[သူက ဉာဏ်ကောင်းလိုက်တာ ...ဒီလို ရှုပ်ထွေးတဲ့ ဖော်မြူလာကို ငါက မေ့သွားပေမဲ့ သူက မှတ်မိနေသေးတယ်]
[သူက ချောလည်း ချောတယ်!]
[ပိုက်ဆံလည်းရှိသေးတယ်! ဘုရားရေသူက လုံးဝကို Mr. Perfectပဲ...ချင်းချင်းရေး ရက်စ်လို့သာ ပြောလိုက်]
[ဟုတ်တယ် ...မာမားက မင်းတို့ကို သဘောတူတယ်]
ကျိယွီရှောင် လင်းလော့ချင်းက ဘောပင်ကိုကိုင်ကာ ခေါင်းငုံ့ထားသော်လည်း မလှုပ်ရှားဘဲနေသည်ကို ကြည့်နေသည်။ သူခုနကပြောသည်ကို ထပ်ပြီးပြောလိုက်၏။ထို့နောက် လင်းလော့ချင်းက တုံ့ပြန်ပြီး သူ့စကားအတိုင်း တွက်ချက်သည်။
သူ့စိတ်က အနည်းငယ် ဖရိုဖရဲဖြစ်နေ၏။ခုနက မြင်ကွင်းက စိတ်ထဲမှာ အမြဲပြန်ပေါ်လာသည်။ သူ့စိတ်ထဲတွင် ကျိယွီရှောင်၏ အမူအရာများဖြင့် ပြည့်နေပြီး အာရုံမစိုက်နိုင်ဖြစ်နေသည်။ ကံကောင်းထောက်မစွာ၊ ယခုအချိန်မှာ သူ့မှာ ဘာကိုမှ စဉ်းစားရန် အချိန်မရှိပေ။ကျိယွီရှောင် ပြောသမျှကို ရေးပြီး သူပြောသည့်အတိုင်းသာလိုက်တွက်သည်။ထို့နောက် နောက်ဆုံးတွင်အဖြေကို တွက်ချက်နိုင်ခဲ့သည်။
အင်တာနက်သုံးစွဲသူများသည် ၎င်းတို့ကြားရှိ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်မှုကို ကြည့်ရှုခဲ့ကြသည်။ သူတို့သည် ကျိယွီရှောင်အား လေ့လာရေးနတ်ဘုရားဖြစ်ခြင်းအတွက်ချီးကျူးခဲ့ကြကာ လင်းလော့ချင်းကိုတော်သည့်အတွက် ချီးကျူးခဲ့ကြသည်။ နောက်ဆုံးမှာ သူတို့နှစ်ယောက်က လုံးဝလိုက်ဖက်ညီသည်ဟု ထပ်ပြောကြပြန်၏။
ဖန်းဖေးကျယ်က အဖြေအတိုင်း စကားဝှက်ကို ထည့်သွင်းခဲ့သည်။ တံခါးပွင့်လာပြီး အားလုံး အောင်မြင်စွာ လွတ်မြောက်သွားကြသည်။
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရှိ အင်တာနက်သုံးစွဲသူများသည်လည်း ၎င်းတို့အတွက် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။ [အောင်မြင်ပြီကွ! အရမ်းကောင်းတယ်!]
[ဒီတစ်ခါမှာတော့ MVP ကို ကျိယွီရှောင်ကို ပေးရမယ်...တကယ်တမ်းကျ သူ့ကြောင့် မဟုတ်ရင် စကားဝှက်ကို တွက်ချက်နိုင်မှာမဟုတ်တာ သေချာတယ်]
[ဟုတ်တယ်...ချင်းချင်းရဲ့ စွမ်းဆောင်မှုက အရမ်းကောင်းပေမဲ့ သူ သရဲ နည်းနည်းကြောက်တယ်[မျက်နှာကိုအုပ်ထား]]
[နှစ်ယောက်လုံးက အရမ်းတော်တယ်... မနေ့က ကျိပန်ရှားမှာလည်း သူတို့ ကောင်းကောင်း လုပ်ခဲ့တယ်... တော်တော်ရှားပါတယ်]
[ဥက္ကဋ္ဌကျိက အပျော်တမ်းဖြစ်တာတောင်ကောင်းကောင်း လုပ်နိုင်တာ တကယ့်ကို အံ့သြစရာပဲ...လင်းလော့ချင်းရဲ့ ဇာတ်ကားတွေကို အရင် မြင်ဖူးပေမဲ့ လက်တွေ့ဘဝမှာ သူက ဒီလောက်စိတ်ဝင်စားစရာကောင်းလိမ့်မယ်လို့ မမျှော်လင့်ထားဘူး]
[ချင်းချင်းနဲ့ဥက္ကဋ္ဌကျိတို့ တခြား ရသစုံစုံရှိုးတွေမှာ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ပါတယ်... သူတို့က တော်ပြီး စိတ်ထား ပွင့်လင်းတယ်... ရသစုံရှိူးချစ်သူတွေ အားရဝမ်းသာဖြစ်နေကြမှာ]
[ဟုတ်တယ် ...ကျေးဇူးပြုပြီး စဉ်းစားပါတော့...]
[ကျေးဇူးပြုပြီး အချစ်ရှိုးကို သွားပါ... သူတို့ရဲ့ ချစ်ခြင်းမေတ္တာရဲ့ ချိုမြိန်မှုကို ငါ စိတ်ကူးကြည့်လို့ ရနေပြီ!]
[တူညီတဲ့ တောင်းဆိုချက် ရှိပါတယ်!]
သေချာသည်ပင်၊ လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့က သူတို့အကြောင်း အင်တာနက်သုံးစွဲသူတွေ ဘာပြောနေမှန်း မသိခဲ့ကြပါချေ။
လျှိုယာမင် နှင့် စွန်းလျန့်တို့နောက်ကနေလိုက်၍ အခြားဧည့်သည်များနှင့်အတူ ပြန်သွားကြသည်။
ဤအချိန်မှာ လင်းလော့ချင်း စိတ်တွေ ပြန်လည်ရှင်းလင်းလာသည်။ဤမိစစ်ထောင်ထို့က တော်တော်လေး ပျော်စရာကောင်းသည်ဟု သူခံစားရသည်။ သေချာတာပေါ့၊ သရဲတွေက အဲလောက်လည်း ကြောက်စရာ မဟုတ်ဘူး... သူက သရဲဘာလို့ကြောက်ရမှာလဲ...
သို့ပေမဲ့ ည ၁၁း၃၀ သူအိပ်ယာထဲမှာ လှဲနေချိန်တွင် မျက်လုံးမှိတ်လိုက်သည်နှင့် နေ့ခင်းဘက်တွင် လျှို့ဝှက်ခန်းထဲတွင် ကစားသည့် မြင်ကွင်းက အမြဲပြန်ပေါ်လာသည်။
တစ်ခါတစ်ရံ စားပွဲအောက်က အရုပ်က သူ့ကို ပြုံးပြနေသည်။တစ်ခါတစ်ရံ နံရံပေါ်ကလူက သူ့ကို ပြုံးပြနေသည်။
လေက သစ်ရွက်တွေကို ဖြတ်တိုက်သွားသည်။လင်းလော့ချင်း ထိတ်လန့်တကြားဖြင့် မျက်လုံးများဖွင့်ကာ စောင်သေးသေးလေးနှင့် သူ့ကိုယ်သူ တိတ်တိတ်လေး ပတ်ခြုံထားလိုက်သည်။
ကျိယွီရှောင်က ကုတင်ပေါ်တွင် လဲလျောင်းနေသည်။သူပျော်လုလုမှာ တံခါးခေါက်သံတိုးတိုးလေးကို ကြားလိုက်ရ၏။
အသံက သိပ်ပြီး မညီညာပေ။ရောက်လာသည့်လူက ချီတုံချတုံ ဖြစ်နေပုံပင်။
ကျိယွီရှောင် မျက်လုံးများကို မဖွင့်ချင်ဖွင့်ချင်ဖြင့်ဖွင့်လိုက်သည်။သံသယစိတ်ဖြင့် အိပ်ရာမှထကာ တံခါးကိုဖွင့်လိုက်ရာ တံခါးအပြင်ဘက်တွင် ရပ်နေသော သူ့ချစ်သူလေးကို တွေ့လိုက်ရသည်။
"မင်း ညမှာ အိပ်မက်ဆိုးတွေ မက်မှာစိုးလို့ မင်းကိုအဖော်ပြုပေးဖို့ ငါလာခဲ့တာ"
လင်းလော့ချင်းက ကိုးရိုးကားယား ပြောလိုက်သည်။
ကျိယွီရှောင် သူနားလည်သည်ဟု တွေးကာ ခေါင်းညိတ်လိုက်သည်။လင်းလော့ချင်းက နေ့ခင်း ကြောက်လန့်နေခဲ့သဖြင့် ညဘက်တွင် အိပ်မက်ဆိုးများ မက်မည်ကို ကြောက်သောကြောင့် တစ်ယောက်တည်း မအိပ်ရဲခြင်းဖြစ်ပုံရသည်။
သူက ပြုံးပြီး တံခါးကိုဖွင့်ကာ ဝမ်းသာအားရဖြစ်ဟန်ဖြင့်ပြောလိုက်သည်။
"အဲဒါအရမ်းကောင်းတယ်... ခုနက ကိုယ်အိပ်ရမှာကို အရမ်းကြောက်နေတာ"
လင်းလော့ချင်း ခပ်မြန်မြန် လှစ်ခနဲဝင်လိုက်သည်။ သူ့စိတ်ထဲတွင် 'ကံကောင်းလိုက်တာ ...အဲဒါနဲ့ သူထပ်လွတ်သွားတယ်' ဟု တွေးလိုက်သည်။
နောက်နေ့မနက်စောစောမှာ လင်းလော့ချင်း နှိုးစက်နာရီကြောင့် နိုးလာပြီး ကျိယွီရှောင်၏ ရင်ခွင်ထဲမှာ နိုးလာခဲ့သည်။
လိပ်ပြာမလုံစွာဖြင့် အဝတ်အစားများကိုဝတ်ကာ အိပ်ရာပေါ်ကနေ ခြေဖျားထောက်ဆင်းပြီး သူ့အခန်းကို ပြန်သွားခဲ့သည်။
ကျိယွီရှောင် အခြားသူများမြင်သွားမှာကို ကြောက်နေသည့်ပုံစံလေးကိုမြင်ပြီး ပြုံးလိုက်သည်။ ထို့နောက် အဝတ်အစားလဲပြီး အိပ်ရာမှထလိုက်သည်။
ရသစုံရှိုးရိုက်ကူးမှုက ပြီးဆုံးသွားပြီဖြစ်၏။လူတိုင်း မနက်စာအတူတူစားကြပြီး WeChat အကောင့်ဖလှယ်ကာ လျှိုယာမင် နှင့် စွန်းလျန့်တို့ ဇနီးမောင်နှံအား နှုတ်ဆက်ကြသည်။ အိမ်ပြန်ကြသူကပြန် အလုပ်ရှုပ်နေကြသူကရှုပ်ကြသည်။
******
ကျိလဲ့ယွီက ဆိုဖာပေါ်တွင်ထိုင်ကာ အိမ်အပြင်ဘက်သို့ ခဏပြီးခဏ လှမ်းကြည့်နေမိသည်။ ထို့နောက် လင်းဖေးကို ပြန်လှည့်ကြည့်လိုက်သည်။
"ဒီနေ့ သူတို့ပြန်လာကြမှာလား"
လင်းဖေးက လက်ကိုင်ဂိမ်းစက်ဖြင့် ကစားနေရင်း ထိုစကားကို ကြားလိုက်သည်နှင့် အသံတိုးတိုးဖြင့် ပြန်ဖြေသည်။
ကျိလဲ့ယွီက အပေါ်ကနေငုံ့ကာ သူ့ဂိမ်းတိုးတက်မှုအခြေအနေကို ကြည့်ပြီး သူ့ကိုသတိပေးသည်။
"ဒီအဆင့်က အရမ်းခက်တယ်...ဒီအဆင့်မှာသားအမြဲသေတယ်"
နောက်တစ်စက္ကန့်တွင် လင်းဖေးက စစ်ဆင်ရေးများကို ဆက်တိုက်အသုံးပြုကာ ထွက်ခွာသွားခဲ့သည်။ ဘော့စ်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့မျက်လုံးနှစ်လုံးက X ပုံသဏ္ဍာန် ဖြစ်သွားသည်။
"လင်း နိုင်သွားပါပြီ"
ဂိမ်းစက်မှ စက်ပိုင်းဆိုင်ရာ အမျိုးသမီး အသံကို ကြားလိုက်ရသည်။
ကျိလဲ့ယွီ: "……"
လင်းဖေးက သူ့ကို မော့ကြည့်လာသည်။
"ခက်လို့လား"
ကျိလဲ့ယွီ: "!!!"
ကျိလဲ့ယွီ ဒေါသတကြီးနှာမှုတ်ကာ ခေါင်းကို လှည့်လိုက်သည်။
တကယ်ပါပဲ... ဒီလူက အရာအားလုံးကို ဘယ်လိုလုပ်သိနေတတ်နေရတာလဲ...
စိတ်ဆိုးလွန်းလို့...
သူ ခေါင်းကို လှည့်ကြည့်လိုက်သောအခါ တောက်ပသော ပြင်သစ်ပြတင်းပေါက်အပြင်ဘက်မှာ အနက်ရောင်ကားတစ်စီးက မဝေးသည့် သစ်ပင်အောက်မှာ တည်ငြိမ်စွာ ရပ်လိုက်သည်ကို တွေ့လိုက်ရ၏။
ကျိလဲ့ယွီ ချက်ချင်းထရပ်ပြီး "ဒယ်ဒီ ပြန်လာပြီ" ဟု စိတ်လှုပ်ရှားစွာပြောလိုက်သည်။
၎င်းကို ကြားလိုက်သည်နှင့် လင်းဖေးက ဂိမ်းစက်ကို ချလိုက်ပြီး ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။ တကယ် ကျိယွီရှောင်၏ ကားဖြစ်၏။
ကျိလဲ့ယွီက ကျိယွီရှောင်နှင့် သုံးရက်ကြာ ဝေးနေခဲ့သည်။ ယခုတွင် သူနောက်ဆုံးတွင် ပြန်လာသည်ကို မြင်ပြီးထရပ်ကာ တံခါးဆီသို့ ပြေးလိုက်သည်။
သူ လုံးနေအောင်ပြေးကာ တံခါးကနေ အမြန်ပြေးထွက်၊ ခြံဝင်းကိုဖြတ်ပြီး ကျိယွီရှောင်၏ရင်ခွင်ထဲ တိုက်ရိုက်ပစ်ဝင်လိုက်၏။
ကျိယွီရှောင်က သူ့ကို ကောက်မပြီး တစ်ပတ်လှည့်လိုက်သည်။ ထို့နောက် ကျိလဲ့ယွီကို သူ့ရင်ခွင်ထဲတွင်ဆွဲသွင်းလိုက်သည်။
သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်လိုက်သည်။ကျိလဲ့ယွီ သူ့လည်ပင်းကို လက်နှစ်ဖက်နှင့် ချိတ်ပြီး ချွဲကာပြောသည်။
"ဒယ်ဒီကို အရမ်းလွမ်းနေတာ"
ကျိယွီရှောင်ကဆိုသည်။
"ဒယ်ဒီလည်း သားကို လွမ်းနေတာ"
"ပါးပါးနဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းလား"
ကျိလဲ့ယွီက ခေါင်းလေးစောင်းကာ ကျိယွီရှောင်ကို စပ်စုပြီး မေးလိုက်သည်။
ကျိယွီရှောင် သူ့ဘေးနားရှိ လင်းလော့ချင်းကို ကြည့်ကာ နူးညံ့သော လေသံဖြင့် ပြောသည်။
"တော်တော်လေး ပျော်စရာကောင်းတယ်"
"ဒါဆို သားလည်း နောက်တစ်ခေါက်ကျ သွားချင်တယ်"
"အိုကေဗျာ"
လင်းလော့ချင်းက သူ့ကို ကတိပေးလိုက်သည်။
"အခွင့်အရေးရရင် သားကိုသွားခိုင်းမယ်နော်"
သူက ပြောပြီးသည်နှင့် ခေါင်းလှည့်ကာ အိမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ လင်းဖေးက ဤဘက်သို့ ဆောလျင်စွာ လျှောက်လာသည်ကို သူမြင်လိုက်ရသည်။
သူ့လက်တွေက ဘောင်းဘီအိတ်ကပ်ထဲမှာဖြစ်၏။သူ့တွင် အေးစက်သော အမူအရာ ရှိပြီး ကျိလဲ့ယွီထက် စိတ်လှုပ်ရှားမှု နည်းပါးသည်။
လင်းလော့ချင်း သူ့ဆီ လျှောက်သွားပြီး သူ့ခေါင်းကို ထိရန် ငုံ့လိုက်သည်။လင်းဖေးက ဟန်ပြ ရှောင်လိုက်သောလည်း သူ့ကို နာခံမှုရှိရှိဖြင့်ပွတ်ခွင့်ပြုထားသည်။
"ပါးပါး ပြန်လာပြီ"
လင်းလော့ချင်းက သူ့ကို တိုးတိုးပြောသည်။
လင်းဖေးက အရေးမစိုက်ယောင်ဆောင်ကာ "အိုး"ဟုဆိုသည်။
"နောင်မှာ အခွင့်ရေးရရင် သားကို ပါးပါးနဲ့တွဲလုပ်ခိုင်းမယ်နော်"
"ဟုတ်ကဲ့"
လင်းဖေးက အပေါ်ယံမှာ တည်ငြိမ်နေဆဲဖြစ်သော်လည်း သူ့ရင်ထဲတွင် သေးငယ်သော မျှော်လင့်ချက်အချို့ ရှိနေသည်။
လင်းလော့ချင်း သူ့မျက်နှာတွင် ဘာအရိပ်အယောင်မှမရှိသည်ကို မြင်လိုက်ရသည်။လင်းလော့ချင်း သူ့ကို စချင်၍ တမင်တကာ မျက်နှာကို နမ်းလိုက်သည်။မျှော်လင့်ထားသလိုပဲ လင်းဖေး၏ မျက်လုံးများ တကယ်ကို ပြောင်းလဲသွား၏။
သူက အနည်းရှက်ပြီး အနည်းငယ် အနေရခက်နေပုံရသည်။
"အိမ်ထဲဝင်ရအောင်"
လင်းလော့ချင်းက ပြုံးပြီး သူ့မျက်နှာကို လက်ညှိုးနှင့်ကုတ်ခြစ်ကာ သူ့လက်ကို ကိုင်လိုက်သည်။
လင်းဖေးကလည်း လင်းလော့ချင်း၏ လက်ကို ကိုင်ကာ ဖြည်းညှင်းစွာ ညှစ်လိုက်သည်။
သူက လင်းလော့ချင်း၏ဘေးကနေလျှောက်သည်။ သူ့အရိပ်က လင်းလော့ချင်း၏ အရိပ်ဘေးတွင် ကျရောက်နေပြီး ကြားမှာအဟအသေးလေးရှိနေသည်။