အပိုင်း ၂၉၃
Viewers 87k

Chapter 293



'အလင်းရောင်'၏လူကြိုက်များကျော်ကြားလာမှုနှင့်အတူ အဓိကဇာတ်ဆောင်များနှင့်ဇာတ်ပို့များက လူတိုင်း၏ပါးစပ်ဖျားထက်တွင် နေ့စဉ်မပြတ် ပြောကြသည့် အကြောင်းအရာများ ဖြစ်လာကြလေသည်။ ထိုအထဲတွင် လူတိုင်းနှင့်မရင်းနှီးသည့်နာမည်ဖြစ်သော 'ချင်ဝူ'ကလည်းအင်တာနက်သုံးစွဲသူများကြားတွင် ခေါင်းစဉ်အသစ်ဖြစ်လာခဲ့သည်။


အခြားလူများနှင့်မတူသည်က ချင်ဝူသည် ဒရမ်မာတွင် လူသိသည့်သူမဟုတ်ခဲ့ပေ။ ဖူဟန်၏ အနစ်နာခံသေဆုံးမှု‌ဇာတ်၀င်ခန်းနောက်မှသာ အင်တာနက်သုံးစွဲသူများက သတိထားမိခဲ့ကြခြင်းဖြစ်သည်။


ပထမတွင် ဖူဟန်သေဆုံးမှု၏နောက်ခံဇာတ်၀င်တေးက ကြေကွဲစရာကောင်းလွန်းသောကြောင့် လူများက သီချင်းကို ဒေါင်းလုဒ်ဆွဲကာ နားထောင်ခဲ့ကြသည်။ ထိုအခါမှ ချင်ဝူကို သိရှိခဲ့ကြခြင်းဖြစ်လေသည်။


ထိုအချိန်တွင် လူတိုင်းက လင်းလော့ချင်း၏ဆွဲဆောင်မှုကို ခံနေရသောကြောင့် ဖူဟန်သေဆုံးမှုကြောင့်သာ ၀မ်းနည်းကြေကွဲနေကြပြီး ချင်ဝူကို သတိမထားမိခဲ့ကြပေ။


နောက်ပိုင်းတွင် အင်တာနက်သုံးစွဲသူများထဲမှ အချို့က ဖူဟန်သေဆုံးသည့်ဇာတ်၀င်ခန်းကို ပြန်ကြည့်‌ကြစဉ် သူတို့ကို ၀မ်းနည်းကြေကွဲလာစေသည်က လင်းလော့ချင်း၏သရုပ်ဆောင်မှုကြောင့်အပြင် ‌နောက်ခံအဆိုတော်၏သီဆိုမှုကြောင့်ပါဖြစ်ကြောင်းကို သတိထားမိလိုက်ကြလေသည်။


သီချင်းစာသားက ဇာတ်၀င်ခန်းနှင့် အလွန်ကိုက်ညီလွန်းသောကြောင့် လူများကို ငိုကြွေးစေခဲ့ခြင်းဟု ထင်ခဲ့ကြသည်။


ယခုမူ ယင်းကား အဆိုတော်နှင့်သရုပ်ဆောင်၏ပြီးပြည့်စုံလွန်းသော ပူးပေါင်းမှုပင် ဖြစ်လေသည်။ ထိုဇာတ်၀င်ခန်းတွင် ထိုကဲ့သို့သော ဇာတ်၀င်တေးသီဆိုမှုသာ မရှိခဲ့လျှင် ဖူဟန်၏သေဆုံးမှုက လူများကို ၀မ်းနည်းစေနိုင်သော်လည်း ငိုကြွေးလောက်သည့်အထိ ဖြစ်စေမည် မဟုတ်ပေ။


[ဖူဟန်သေသွားတဲ့ဇာတ်၀င်ခန်းရဲ့နောက်ခံတေးက အရမ်းမလှလွန်းဘူးလား...အဆိုတော်အစ်မရဲ့သီချင်းကို နားထောင်လိုက်တိုင်း ပိုပို၀မ်းနည်းလာတယ်...ကျွန်မနဲ့ အတွေးတူတဲ့သူတွေရှိရင် သိချင်ပါတယ်...]


ပို့စ်ကို တင်ပြီး မကြာမီပင် တစ်စုံတစ်ယောက် ကွန်မန့်ရေးလာလေသည်။


[ဟုတ်တယ်...ငါရောပဲ အဆိုတော်အစ်မသီချင်းကို ကြိုက်လွန်းလို့ လိုက်‌တောင်ရှာမိသေးတယ်...]


[ငါရောပဲ ရှာမိသေးတယ်...]


[လူတော်တော်များများက ရှာပြီးဒေါင်းလုဒ်ဆွဲခဲ့ကြတယ်...အဲ့နေ့က ငါကြည့်ကြည့်တာ ဒေါင်းလုဒ်ဆွဲတဲ့အရေအတွက်က များတယ်...]


[ကျဲကျဲရဲ့အသံက အရမ်းကောင်းလွန်းလို့ နားထောင်ပြီးတိုင်း ငိုချင်လာတယ်... 】


[အဲ့အဆိုတော်က အဆုံးသတ်သီချင်းကိုလည်း ဆိုထားတာ...သီချင်းနှစ်ပုဒ်လုံး အရမ်းကောင်းတယ်...】


[ကျဲကျဲက အဆိုတော်အသစ်ဖြစ်မယ်...အဲ့သီချင်းနှစ်ပုဒ်ပဲရှိတယ်...တခြားသီချင်း‌‌တွေ မရှိဘူး...】


[မဖြစ်နိုင်တာ...အသံ ဒီလောက်ကောင်းတဲ့ဟာကို...အရင်က ဇာတ်၀င်တေးတွေ မဆိုဖူးဘူးလား...]


[ဒါက ပထမဆုံးဆိုတာ ဖြစ်နိုင်တယ်...အဆိုတော်နာမည်က ချင်ဝူဟုတ်တယ်မလား...]


[ဟုတ်တယ် ချင်ဝူလို့ခေါ်တယ်...သဘောကျရင် ချင်ဝူရဲ့ဖန်ဂရုကို လာခဲ့ပါ...]


ပို့စ်တင်ပြီး မကြာမီပင် ထိုပို့စ်က ရေပန်းအစားဆုံးပို့စ်ဖြစ်လာခဲ့လေသည်။ ဤနွေရာသီတွင် ရှာဖွေမှုအများဆုံးသီချင်းကို သီဆိုခဲ့သူက အဆိုတော်အသစ်ဖြစ်ကြောင်းကို သိလိုက်ကြရသည့်အခါ အင်တာနက်သုံးစွဲသူအများအပြားက အံ့အားသင့်ခဲ့ရလေသည်။


အဆိုတော်အသစ်က အဲ့သီချင်းကို ဆိုခဲ့ရုံတင်မကဘူး...ရေးပါရေးခဲ့တဲ့သူပဲ...


ထိုသီချင်းက လူတိုင်း၏စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်ပြီး အင်တာနက်သုံးစွဲအချို့က ဖူဟန်သေဆုံးသည့်ဇာတ်၀င်ခန်းကို အခြားသီချင်းများနှင့်ပေါင်းစပ်ခဲ့ကြသော်လည်း မူရင်းဇာတ်၀င်တေးကို မမှီနိုင်ပေ။


ထို့ကြောင့် ဖူဟန်ကြောင့် ခံစားခဲ့သူတိုင်းက ချင်ဝူကို သဘောကျကြပြီး ချင်ဝူ၏ဝေ့ပေါ်ပို့စ်အောက်တွင် ကွန်မန့်သွားရေးကြလေသည်။


ချင်ဝူ၏မန်နေဂျာကလည်း ဖူဟန်သေဆုံးမည့်ဇာတ်၀င်ခန်းကို စောင့်နေခြင်းဖြစ်ပြီး သီချင်းကို ဒေါင်းလုဒ်ဆွဲသူများပြားလာသောအခါ Hot searchကို မတွန့်မဆုတ် ၀ယ်ယူလိုက်ပြီး ချင်ဝူ၏တိုးပွားလာ‌သောအမာခံပရိသတ်များနှင့်သီချင်းပရိသတ်များက ထိုHot searchကို မြှင့်တင်နိုင်ရန် ပို့စ်များမျှဝေခြင်း၊ ကွန်မန့်များရေးခြင်းများ ပြုလုပ်ကြလေသည်။


ထိုအခါမှသာ အင်တာနက်သုံးစွဲသူများက သူတို့အကြိုက်ဆုံးသီချင်းက အဆိုတော်အသစ်ကိုယ်တိုင်ရေးစပ်ထားသည့်သီချင်းဖြစ်ကြောင်း သိရှိသွားကြပြီး သီချင်းအသစ်များကို စောင့်မျှော်လာကြသည်။


ထို့အပြင် တိုးပွားလာသော ပရိသတ်အရေအတွက်နှင့်အတူ ထုတ်လုပ်သူများကလည်း ချင်ဝူကိုဇာတ်၀င်တေးသီဆိုပေးရန် ဖိတ်ခေါ်လာကြလေသည်။


ချင်ဝူ၏မန်နေဂျာက ထိုဖိတ်ခေါ်ချက်များကို မစိစစ်မီ 'အလင်းရောင်'ထုတ်လွှင့်၍အပြီးတွင် ချင်ဝူ၏ပထမဆုံးအယ်လ်ဘမ်ဖြစ်သည့် 'ခန့်ကျန့်နီ'ကို ထွက်ရှိနိုင်ရန် အလျင်လိုနေခဲ့လေသည်။


(看见你-kànjian nǐ)


ချင်ဝူက ဝူရှင်းယွမ်နှင့်လက်မှတ်ထိုးခဲ့ခြင်းဖြစ်သော်လည်း ဝူရှင်းယွမ်က ဂီတအကြောင်းကိုနားမလည်သောကြောင့် လင်းလော့ချင်းနှင့် တိုင်ပင်ပြီးနောက် ချင်ဝူကို ယခင်က အဆိုတော်များကို ကိုင်တွယ်ခဲ့ဖူးပြီး ယုံကြည်စိတ်ချရသည့်အမျိုးသမီးမန်နေဂျာထံ လွှဲပြောင်းပေးခဲ့သည်။


လင်းလော့ချင်းက စာအုပ်ထဲမှချင်ဝူ၏အဆုံးသတ်ကို မှတ်မိပြီး မန်နေဂျာပြောင်းလဲလိုက်လျှင် စာအုပ်ထဲမှအတိုင်း ပြန်ဖြစ်သွားမည်ကို စိုးရိမ်ခဲ့သော်လည်း အမျိုးသမီးမန်နေဂျာက ဉာဏ်ကောင်းပြီး စိတ်ဓာတ်ခိုင်မာရုံသာမက ချင်ဝူကို ညီမလေးတစ်ယောက်သဖွယ် ဆက်ဆံကြောင်း သိလိုက်ရသည့်အခါမှသာ စိတ်သက်သာရာရသွားပြီး ချင်ဝူကို မန်နေဂျာပြောင်းပေးခဲ့လေသည်။


မန်နေဂျာကလည်း ချင်ဝူဆိုထားသည့်သီချင်းကို နားထောင်ပြီးနောက် လင်းလော့ချင်းကို ချင်ဝူအား အယ်လ်ဘမ်ထုတ်ပေးရန် တောင်းဆိုခဲ့သည်။


ထို့အပြင် ထုတ်လုပ်သူများကလည်း 'အလင်းရောင်'ထုတ်လွှင့်‌၍အပြီးတွင် ထွက်ရှိရန် စီစဉ်ခဲ့ကြလေသည်။


ချင်ဝူက ပထမဆုံးအယ်လ်ဘမ်ဖြစ်သည့်အတွက် အလွန်စိတ်လှုပ်ရှားနေပြီး ထုတ်လုပ်သူများ၏စကားကို နားထောင်ကာ သူ ယခင်က ရေးစပ်ခဲ့ဖူးသည့် သီချင်းများထဲမှ သီချင်းငါးပုဒ်ကို ရွေးချယ်ခဲ့လေသည်။


သူက ထိုအယ်လ်ဘမ်ကို 'ခန့်ကျန့်နီ'ဟု အမည်ပေးထားပြီး လူများ သူ့ကို သိရှိလာစေရန် ရည်ရွယ်ရန် ပေးထားခြင်းဖြစ်သည်။


အယ်လ်ဘမ်ထုတ်ဝေသောအခါ ချင်ဝူက နာမည်ကြီးနေသော်ငြားလည်း ဂီတပလက်ဖောင်းများတွင် ဈေးနည်းနည်းဖြင့် ရောင်းချခဲ့သည်။


တက်ကြွနေကြသော အင်တာနက်သုံးစွဲသူများကလည်း အယ်လ်ဘမ်၏ဈေးကို မြင်‌သောအခါနားထောင်ရန် ၀ယ်ယူလိုက်ကြလေသည်။


နားထောင်ကြည့်လိုက်ကြသောအခါ ပထမဆုံးသီချင်း သာယာကြည်နူးဖွယ်ကောင်းသောအချစ်သီချင်းဖြစ်ပြီး ဒုတိယသီချင်းက ရှေးခေတ်စတိုင်သီချင်းဖြစ်ကာ ကျန်သုံးပုဒ်ကလည်း ကိုယ်ပိုင်စတိုင်များ ရှိကြလေသည်။


ထိုအခါ 'ခန့်ကျန့်နီ'ကလည်း အရောင်းရဆုံးအယ်လ်ဘမ်ဖြစ်လာပြီး ချင်ဝူကလည်း ဂီတလောကတွင် မြင်းနက်တစ်ကောင်ဖြစ်လာခဲ့ကာ ဤနှစ်နွေရာသီတွင် ရေပန်းအစားဆုံးလူများထဲမှ တစ်ယောက်ဖြစ်လာခဲ့လေသည်။


ချင်ဝူက နာမည်ကြီးလာသည်နှင့်အမျှ ရသစုံ ရှိုးဖိတ်ကြားချက်များ၊ ဇာတ်၀င်တေးသီဆိုရန်ဖိတ်ကြားချက်များ၊ ပွဲတက်ရန် ဖိတ်ကြားချက်ကလည်း နောက်မှလိုက်လာကြလေသည်။


ထို့အပြင် ရှင်းရီ၏ရှယ်ယာရှင်များနှင့်၀န်ထမ်းများကလည်း လင်းလော့ချင်းကို လုံး၀ယုံကြည်စိတ်ချသွားကြပြီဖြစ်ကာ လင်းလော့ချင်းကိုလည်း CEOအသစ်အဖြစ် လက်ခံသွားကြလေသည်။


ထို့ကြောင့် ရှင်းရီရှိ ကျိယွီရှောင်၏ ရှယ်ယာများကလည်း တည်ငြိမ်သွားခဲ့ပြီး သူ့ကို အပြစ်တင်ပြောဆိုသည့်သူ မရှိကြတော့ချေ။


အစောပိုင်းတွင် လင်းလော့ချင်းက ပိုမိုကျော်ကြားလာသည်နှင့်အမျှ ရှင်းရီရှိအနုပညာရှင်များက သူတို့ နေရာပျောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။


သို့သော် ယခု နာမည်ပင်မရှိခဲ့သည့်ချင်ဝူက ကျော်ကြားလာသည်ကို မြင်သောအခါ အရည်အချင်းများကို ပိုမိုတိုးတက်လာအောင်လုပ်ပြီး လင်းလော့ချင်းရှေ့တွင် ပြသကာလင်းလော့ချင်း၏အာရုံကို ဖမ်းစားချင်လာကြလေသည်။


ချင်ဝူက ဘယ်သူလဲ...နာမည်တောင် မကြားဖူးတဲ့သူလေ...အခု သူက လင်းလော့ချင်း ပံ့ပိုးပေးခဲ့လို့နာမည်ကြီးနေပြီ...ချင်ဝူပြီးရင် နောက်တစ်ယောက်က ဘယ်သူလဲဆိုတာ ကြိုမသိနိုင်ဘူးလေ...


ထို့အပြင် သရုပ်ဆောင်များက ပို၍ပင် အခွင့်သာပြီး လင်းလော့ချင်း၏ရုပ်ရှင်တွင် သူတို့ကိုခေါ်ရိုက်လာအောင် ပိုမိုလေ့ကျင့်လာကြလေသည်။


ထိုအခါ ရှင်းရီ၏အနုပညာရှင်များက လက်ရှိအခြေအနေမှ ရုန်းထွက်ရန် ကြိုးစားနေကြပြီးကုမ္ပဏီ၏အနေအထားကလည်း ပိုမိုကောင်းမွန်လာခဲ့ပေသည်။


ရှယ်ယာရှင်များအတွက်မူ ချန်လီဝေ့ ကုမ္ပဏီတွင် ရှိစဉ်က စုထုံတစ်ယောက်တည်းကသာ ထိပ်တန်းအနုပညာရှင်ဖြစ်ခဲ့သော်လည်း ယခုမူ ချင်ဝူနှင့်လင်းလော့ချင်းပါ ရှိလာပြီး ချင်ဝူကို လင်းလော့ချင်းက ပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပေသည်။


တွေ့လား...တစ်ယောက်ကနေ သုံးယောက်ဖြစ်လာပြီ...နောက်ဆို ငါးယောက်၊ ဆယ်ယောက်ဖြစ်လာမလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ...အခု ချန်လီဝေ့ကို ပြန်တွေးကြည့်တော့ အသုံးကိုမကျဘူး...ကြည့်...လင်းလော့ချင်းက ဘယ်လောက်တော်လိုက်လဲ...


ချင်မန်က ချင်ဝူ၏ဝေ့ပေါ်အကောင့်ကို ကြည့်ကာ ပျော်ရွှင်နေလေသည်။ ယခင်က သူက လင်းလော့ချင်းကို ဂရုမစိုက်ခဲ့‌သော်လည်း ယခုမူ လင်းလော့ချင်း၏အမြင်က တကယ်ကောင်းကြောင်း ခံစားရလေသည်။


သူနှင့်စာချုပ်ချုပ်ခဲ့သည့် ရှစ်ကျန်းက လူမှတ်မိသည့် သရုပ်ဆောင်ဖြစ်နေပြီဖြစ်ကာ ချင်ဝူကရှစ်ကျန်းထက် နောက်ကျမှစာချုပ် ချုပ်ခဲ့သော်လည်း ရှစ်ကျန်းထက် ဦးစွာ နာမည်ကြီးနေပြီဖြစ်သည်။ ထို့အပြင် ချင်ဝူနှင့်ရှစ်ကျန်းနှစ်ယောက်လုံးက အရည်အချင်းရှိနေသရွေ့ ရှေ့ဆက်သွားနိုင်ကြဦးမည်ဖြစ်သည်။


"သူက တကယ်အစွမ်းထက်တာပဲ.. သူနဲ့စာချုပ်ချုပ်ထားတဲ့ယွီကျားယုံကရော အောင်မြင်ဦးမှာလား..."


ထိုအချိန်တွင် ချင်မန် ပြောနေသည့် ယွီကျားယုံက လင်းလော့ချင်းနှင့် ဖုန်းပြောနေလေသည်။ သူက ဝေ့ပေါ်ပေါ်ရှိ ချင်ဝူဟူသော နာမည်နှင့်ရင်းနှီးနေပြီး နောက်မှသာ ထိုအဆိုတော်က ဇာတ်၀င်တေးအတွက် လင်းလော့ချင်း အကြံပြုထားသည့်သူဖြစ်ကြောင်း သတိရသွားလေသည်။


"အဲ့အဆိုတော်က အခု‌ ဈေးတက်သွားပြီလား..."


လင်းလော့ချင်း ရယ်မောလိုက်သည်။ ချင်ဝူကို ဖိတ်ခေါ်သူ များပြားနေသည့်အတွက် အနုပညာကြေးကလည်း အလိုလိုမြင့်တက်သွားလေသည်။


သို့သော် ယင်းက သူနှင့်မသက်ဆိုင်ပေ။ ချင်ဝူက နာမည်ကြီးလာသောအခါ သူ့ထံ ချက်ချင်း WeChatမက်ဆေ့ခ်ျပို့ခဲ့လေသည်။


[ရှောင်လင်းလောင်ရှီး ကျွန်မ အခု နာမည်ကြီးလာပြီ...]


[ဟုတ်တယ်...ပျော်နေလား...]


ချင်ဝူက သူ့အိမ်မက် အမှန်တကယ်ဖြစ်လာသည့်အတွက် အလွန်ပျော်ရွှင်နေလေသည်။ 


သူက အယ်လ်ဘမ်ထွက်ပြီးပြီ...သူ့ကို လူတွေက လှပပြီး အရည်အချင်းရှိတဲ့သူ၊ ဂီတလောကအတွက် မျှော်လင့်ချက်အသစ်ဆိုပြီး အသိအမှတ်ပြုလာကြပြီ...


သူ အရမ်း ဂုဏ်ယူမိတယ်...တကယ်တော့ သူက အဲ့လောက်ချီးကျူးဖို့ မထိုက်တန်ပါဘူး...ဒါက ကံကောင်းသွားရုံပါပဲ...


[ကျေးဇူးတင်ပါတယ် ရှောင်လင်းလောင်ရှီး...ဒါတွေအားလုံးက ရှင့်ကြောင့်ပါ...ရှင့်‌ကြောင့်သာမဟုတ်ရင် ဒါ‌တွေဖြစ်လာမှာမဟုတ်ဘူး...】


သူ့အိမ်မက်ကို အကောင်အထည်ဖော်လာနိုင်လေလေ သူ့အိမ်မက်ကို ဖြစ်မြောက်လာအောင်ပံ့ပိုးပေးခဲ့သူများကို ကျေးဇူးတင်လာလေလေဖြစ်သည်။


[ရှောင်လင်းလောင်ရှီးက ကျွန်မကို သီချင်းတစ်ပုဒ်ဆိုခိုင်းမယ်လို့ ပြောထားတယ်မလား...အခု ကျွန်မ အောင်မြင်နေပြီဆိုတော့ ကျွန်မ ရှင့်ကို ပိုပံ့ပိုးပေးနိုင်ပြီ...ကျွန်မအပေါ် မယဉ်ကျေးပါနဲ့...]


လင်းလော့ချင်းအတွက်မူ ချင်ဝူက နာမည်ကြီးတစ်ယောက်နှင့်မတူပေ။ ဘေးအိမ်မှအစ်မနှင့် တူလေသည်။


[အဲ့လိုဆို အဆင်ပြေတာပေါ့...ကျွန်တော် ဇာတ်ကားသစ်အတွက် ဇာတ်၀င်တေးဆိုပေးမဲ့သူ လိုနေတာလေ...]


ချင်ဝူက ချက်ချင်းအကြောင်းပြန်လိုက်သည်။


[ပြဿနာမရှိပါဘူး...ရှောင်လင်းလောင်ရှီးရဲ့ဇာတ်ကားအသစ်မှာ ပါ၀င်ခွင့်ရတာ ပျော်ရွှင်မိပါတယ်...]


လင်းလော့ချင်းက ပြန်တွေးမိပြီးနောက် ရယ်မောလိုက်ပြီး ယွီကျားယုံကို ပြောလိုက်သည်။


"စိတ်မပူပါနဲ့...သူက ဈေးတက်မှာ မဟုတ်ဘူး..."


ယွီကျားယုံက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။


"အဲ့လိုဆိုရင်လည်း ကောင်းတာပေါ့...ငါ မင်းကို အီးမေးလ်ပို့ထားတယ်... Auditionအတွက် သရုပ်ဆောင်တွေ ခေါ်မလို့...မင်းမှာ အကြံပေးတဲ့သူ ရှိရင်လည်း ပြော..."


"အိုကေ..."


လင်းလော့ချင်းက ဖုန်းချပြီးနောက် မေးလ်ဘောက်စ်ကို စစ်ကြည့်လိုက်သောအခါ ယွီကျားယုံထံမှ အီးမေးလ်အသစ်၀င်နေလေသည်။


သူက ထိုအီးမေးလ်ကို ဝူရှင်းယွမ်ကို ပို့ပေးလိုက်ပြီး ပြောလိုက်သည်။


"'ကွေးယွီ့'အတွက် Auditionခေါ်စာပို့ပေးလိုက်တယ်‌...အစ်ကိုဝူက မန်နေဂျာတွေဆီ ပို့ပေးပြီးဇာတ်ကားကို စိတ်၀င်စားတဲ့သရုပ်ဆောင်ရှိမရှိ မေးပေးပါ..."


"ကောင်းပြီ..."


ဝူရှင်းယွမ် ပြန်ဖြေလိုက်သည်။


"စုထုံနဲ့ရှစ်ကျန်းကိုတော့ ကျွန်တော် ပြောလိုက်မယ်သိလား..."


"မင်းက စုထုံနဲ့ရှစ်ကျန်းကိုပါ ဒီရုပ်ရှင်ဇာတ်ကားထဲ ပါခိုင်းမလို့လား...မင်းက 'ကွေးယွီ့'ကို တကယ်ကြိုက်တာပဲ..."


ဝူရှင်းယွမ်က အံ့အားသင့်စွာ ပြောလိုက်သည်။


ဒါပေါ့...ဒါရိုက်တာယွီကျားယုံရဲ့ အပြောင်မြောက်ဆုံး ဇာတ်ကားဖြစ်လာမဲ့ဟာပဲလေ...


"ကျွန်တော်က ယွီကျားယုံကို ယုံကြည်တယ်လေ..."


ပြောပြီးနောက် လင်းလော့ချင်းက တစ်ခုခုကို သတိရသွားပြီး ဆက်ပြောလိုက်သည်။


"ဒါနဲ့ ချင်ဝူရဲ့ အရင်ဘော့စ်နဲ့မန်နေဂျာဟောင်းဆီ မက်ဆေ့ခ်ျပို့ပြီး ချင်ဝူရဲ့လက်ရှိအခြေအနေကို ကျေနပ်မနပ် မေးပေးပါဦး..."


ဝူရှင်းယွမ် :"..."


ဟိုလူတွေကတော့ တကယ်နာကျင်သွားမှာပဲ...


ဒါကို ဒဏ်ရာပေါ်ဆားဖြူးတယ်လို့ ခေါ်တာလား...


(စိတ်ပုပ်လေး 🤣🤣)