Chapter 290
ကလေးနှစ်ယောက်မုန့်ယူပြီး ပြန်လာသောအခါ လင်းလော့ချင်းနှင့်ကျိယွီရှောင်က ဆိုဖာပေါ်တွင် ထိုင်ကာ တီဗီကြည့်နေကြလေသည်။
သူတို့အဖေနှစ်ယောက်က သူတို့နောက်ကွယ်တွင် ဘာလုပ်ခဲ့ကြသည်ကို လင်းဖေးနှင့်ကျိလဲ့ယွီက မသိသောကြောင့် အေးအေးသာသာပင် လိမ္မော်သီးများ ပေးလိုက်သည်။
“ပါးပါး စားပါဦး…”
လင်းလော့ချင်းက ပြုံးကာ လှမ်းယူလိုက်သည်။
ကလေးနှစ်ယောက်က အရမ်းချစ်စရာကောင်းတာပဲ…
မိသားစုလေးယောက်က လိမ္မော်သီးစားကာ တီဗီကြည့်နေကြလေသည်။
ပထမပိုင်းတွင် ဖူဟန်၏ဇာတ်၀င်ခန်း မပါပေ။ ဇာတ်လမ်းအစတွင် ရာဇ၀တ်မှုစုံစမ်းစစ်ဆေးရေး ရဲမှူးဖူပင်းက အမှုကြီးတစ်မှုကို ကြုံတွေ့ခဲ့ရပြီး တစ်ဖွဲ့လုံးက ထိုအမှုကြောင့် အလုပ်များနေကြလေသည်။
ဒုတိယပိုင်း မပြီးဆုံးမီတွင် အောက်ထပ်သို့ ဆင်းလာသည့်ဖူပင်းက အပေါ်ထပ်သို့ တက်လာသည့် ဖူဟန်နှင့်တွေ့လိုက်ရလေသည်။ ယင်းကား လင်းလော့ချင်း ပရိသတ်ရှေ့တွင် ပထမဆုံးပေါ်လာသည့်ဇာတ်၀င်ခန်းဖြစ်သည်။
ဒရမ်မာ၏အရှိန်အဟုန်က မြန်ဆန်ပြီး အရေးကြီးသည့်အချက်များကို ဖြတ်တောက်ပြသထားသည့်အတွက် ပထမနှစ်ပိုင်းလွှင့်ပြီးနောက်တွင် ပရိသတ်များအား ဒရမ်မာကို ဆက်လက်ကြည့်ရှုလာစေလေသည်။
တီဗီကြည့်ရသည်ကို မကြိုက်သည့် ကျိယွီရှောင်ပင် ဇာတ်လမ်း၏ဆွဲဆောင်ခြင်းကို ခံလိုက်ရပြီး လင်းလော့ချင်းကိုပင် ရှေ့ဆက်မည့်ဇာတ်လမ်းအကြောင်း မေးမြန်းလိုက်လေသည်။
တစ်ရက်လျှင်နှစ်ပိုင်းနှုန်းနှင့် သုံးရက်မြောက်နေ့ 'အလင်းရောင်' ထုတ်လွှင့်ချိန်တွင် လင်းလော့ချင်းရိုက်ကူးနေသည့်'အနောက်အရပ်သို့ခရီး'က ရိုက်ကူး၍ ပြီးဆုံးသွားပြီဖြစ်သည်။
ထုတ်လုပ်ရေးအဖွဲ့က ဝေ့ပေါ်တွင် အုပ်စုဓာတ်ပုံကို တင်ခဲ့ပြီး ဓာတ်ပုံထဲတွင် လင်းလော့ချင်းက ၀မ်ကျစ်မင်ကိုင်ထားသည့်ကိတ်မုန့်နောက်တွင် ပြုံးကာ ရပ်နေခဲ့လေသည်။
လင်းလော့ချင်း၏ပရိသတ်များက ပို့စ်ကို ပြန်တင်ကြပြီး ကွန်မန့်များ ရေးကြလေသည်ယ
[ပြီးသွားပြီပေါ့…ဖူရှီကို စောင့်နေဖို့ပဲ ကျန်တော့တယ်…]
[ဖူရှီက အရမ်းချောတာပဲ…ဖူရှီနဲ့ တွေ့ချင်လိုက်တာ…]
[ဟားဟား ငါတို့အစ်ကိုရဲ့ဇာတ်ကောင်တွေကိုကြည့်ဦး…ဖူဟန်နဲ့ဖူရှီတဲ့…】
[တကယ်ပဲဟ…အသက်အရွယ်အရ ကြည့်မယ်ဆို ဖူဟန်က ပိုကြီးတယ် တဖူကို အရင်ကြည့်ရပြီးရှောင်ဖူကို နောက်မှကြည့်ရမှာပေါ့…】
[ရှောင်ဖူကို ဘယ်အချိန်ကြည့်ရမလဲမသိဘူး…ဒီနှစ် နွေဦးပွဲတော်မှာ ကြည့်လို့ရရင်ကောင်းမယ်…]
[ကျေးဇူးပြုပြီး နွေဦးပွဲတော်မှာ ကြည့်လို့ရအောင်လုပ်ပေးပါ…ဒါရိုက်တာကြီး ကြားရဲ့လား…]
ယင်းကွန်မန့်ကို မြင်သောအခါ လင်းလော့ချင်းတွေးလိုက်သည်။
'အနောက်အရပ်သို့ခရီး'က နွေဦးပွဲတော်ကိုပဲဦးတည်ထားတာဆိုတော့ နွေဦးပွဲတော်မှာ ကြည့်ရလောက်ပါတယ်…
ထို့နောက် သူက ထုတ်လုပ်ရေးအဖွဲ့၏ဝေ့ပေါ်ပို့စ်ကို ပြန်ရှယ်လိုက်လေသည်။
'အလင်းရောင်'ထုတ်လွှင့်သည့် စတုတ္ထမြောက်ရက်တွင် ဖူဟန်က သူလျှိုအဖြစ် တစ်ဖက်ဂိုဏ်းထဲ ဝင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုမှစ၍ ဖူဟန်က ဇာတ်လမ်းထဲ ပါ၀င်လာလေသည်။
ငယ်ရွယ်နုပျိုချောမောပြီး နွေရာသီသဖွယ် တောက်ပပြီး တစ်ချိန်တည်းတွင်ပင် ဖြောင့်မတ်ကာတာ၀န်သိစိတ်အပြည့်ရှိသည့်ဖူဟန်က အဓိကဇာတ်ဆောင်ဖြစ်သည့်ဖူပင်းကို လွှမ်းမိုးသွားမည်ကို ပရိသတ်များက စိုးရိမ်နေကြလေသည်။
တစ်ချိန်တည်းတွင်ပင် အင်တာနက်သုံးစွဲသူများက ဖူဟန်၊ ဖူပင်းနာမည်များကို ရှာဖွေနေကြလေသည်။
ဒရမ်မာထဲတွင် လင်းလော့ချင်းက ဒုတိယတစ်ပိုင်းပေါ်လာသောအခါ အစွန်းပရိသတ်များက ခုန်ပေါက်လာကြလေသည်။
[သူ့အိုက်တင်စကေးနဲ့ ဒီဒရမ်မာထဲပါဖို့ မထိုက်တန်ဘူး…]
[ဒါက လေးနက်တဲ့ဒရမ်မာ…အိုင်ဒေါလ်ဒရမ်မာမဟုတ်ဘူး…]
[ကျေးဇူးပြုပြီး ရဲတွေကို လေးစားပေးပါဦး…ရဲဇာတ်ရုပ်က ဘယ်သူမဆို သရုပ်ဆောင်လို့ရတဲ့ဟာလား…]
[သူ့ကိုသာ ဖယ်လိုက်ရင် ဒရမ်မာက အကောင်းဆုံးဒရမ်မာ ဖြစ်သွားမှာ…】
သို့သော် ထိုခုနစ်ပိုင်းမြောက်တွင် ခုန်ပေါက်လာကြသည့် အစွန်းရောက်ပရိသတ်များကို လင်းလော့ချင်း၏ပရိသတ်များက ဘာမှလုပ်စရာပင်မလိုချေ။ ဒရမ်မာပရိသတ်များက ဦးစွာချေမှုန်းလိုက်ကြလေသည်။
[ဖူဟန်က ငယ်ရွယ်ချောမောတဲ့ဇာတ်ကောင်တဲ့…ရဲတွေက မချောရဘူးလို့ ဘယ်သူပြောလဲ…ငါ့ရဲသားလေးက အချောဆုံးပဲ…]
[လင်းလော့ချင်းရဲ့အိုက်တင်က အရမ်းကောင်းနေပြီမဟုတ်ဘူးလား…ဖူပင်းနဲ့စကားပြောတဲ့ ဇာတ်၀င်ခန်းကိုကြည့်ပြီး ငါတောင် စိတ်လှုပ်ရှားမိတယ်…နင်တောင် သရုပ်ဆောင်တတ်ရဲ့လား…သူများကို အပြစ်လိုက်ပြောမနေနဲ့…]
【မနေ့ညက ညစာစားတုန်း ငါ့မိဘတွေနဲ့အတူတူကြည့်တာ…ငါ့မိဘတွေက ဒီကောင်လေးကသရုပ်ဆောင်ကောင်းလိုက်တာတဲ့…ဒါတောင် ငါ့မိဘတွေက သူ့ဖန်မဟုတ်ဘူးနော်...]
နောက်ပိုင်းတွင် ဖူဟန်က အမှန်တရားကို သိရှိရန် သူ့ကိုယ်သူ အန္တရာယ်တောထဲ တိုး၀င်နေသည်ကိုမြင်သောအခါ အင်တာနက်သုံးစွဲသူများက ပိုမို စိုးရိမ်လာကြလေသည်။
[အား…အဲ့က မြန်မြန်ထွက်သွားပါတော့…ဒီနှစ်ပိုင်းကို ကြည့်ရတာ ဖူဟန်ကို ရှာတွေ့သွားမှာကို အချိန်တိုင်း စိုးရိမ်နေရတယ်…]
[ဖူဟန် နင်က အရမ်းဉာဏ်ကောင်းပြီး အရမ်းချောတာပဲ…]
[ဖူဟန်ကို အရင်က သတိမထားမိပေမဲ့ ဒီနှစ်ပိုင်းလွှင့်ပြီးသွားတော့ သတိထားမိသွားတယ်…အခု လင်းလော့ချင်းရဲ့ပရိသတ်ဖြစ်သွားပြီ…သူ့ရဲ့အိုက်တင်က အရမ်းကောင်းတာပဲ…ငါ သူ့ကို ကြည့်နေတာ ထမင်းတောင် မစားရသေးဘူး…]
[ဟုတ်တယ်…အရင်က တီဗီကို ဒီလိုမျိုးမကြည့်ဖူးပေမဲ့ အခုမျိုးကြည့်မိတော့ သူက ရုပ်ချောပြီးသရုပ်ဆောင်ကောင်းတဲ့သူပဲ…]
[ရဲအဖြစ် သရုပ်ဆောင်တုန်းကလည်း ကောင်းတယ်…ဂန်းစတားအဖြစ် သရုပ်ဆောင်တော့လည်း ကောင်းတာပဲ…]
[သူက စီနီယာသရုပ်ဆောင်တွေရဲ့သရုပ်ဆောင်မှုနောက်ကို လိုက်နိုင်တာပဲ…ဘယ်သူနဲ့သရုပ်ဆောင်ဆောင် သရုပ်ဆောင်တာက အရမ်းတည်ငြိမ်တယ်…]
[အိုင်ဒေါလ်ဒရမ်မာမှာတုန်းက အဲ့လောက်မသိသာပေမဲ့ ဒီဒရမ်မာမှာတော့ သရုပ်ဆောင်ကောင်းတာအရမ်းသိသာတယ်…]
အင်တာနက်သုံးစွဲသူများ ပြင်ပဖိုရမ်များတွင် အပြင်းအထန်ဆွေးနွေးနေကြလေသည်။
ဖူဟန်က နောက်ဆုံးသတင်းကို ပေးပို့ပြီးနောက် ပိုက်ကွန်ကို ရုတ်သိမ်းလိုက်ပြီဖြစ်သည်။ ထိုအခါပရိသတ်များက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်လေသည်။
နောက်ဆုံးတော့ ဘေးကင်းကင်းနဲ့ပြန်လာနိုင်တော့မယ်…
သို့သော် နောက်တစ်ပိုင်းအစတွင် ဂန်းစတားများက ထွက်ပြေးရန် စီစဉ်နေကြပြီး ဖူဟန်၏အသင်းဖော်များက အချိန်မီသိသွားကာ ဂန်းစတားများနောက်သို့ လိုက်ကြလေသည်။ သို့သော် မြေပြင်အခြေအနေကြောင့် ဖူဟန်၏အသင်းဖော်များက ဆိုးရွားသောအခြေအနေနှင့် ရင်ဆိုင်လိုက်ရသည်။
နှစ်ဦးနှစ်ဖက် တိုက်ခိုက်နေကြစဉ် ဖူဟန်က သူ့အသင်းဖော်တစ်ယောက်၏နောက်မှ အန္တရာယ်ကို သတိထားမိပြီး အသင်းဖော်ကို တွန်းထုတ်လိုက်ရာ သေနတ်ဖြင့်အပစ်ခံလိုက်ရသည်။
“ဒိန်းးး”
သေနတ်သံနှင့်အတူ ဖူဟန်က သူ့ရင်ဘတ်သူ အံ့ဩစွာ ကြည့်လိုက်ပြီး ဖြည်းညှင်းစွာ လဲကျသွားလေသည်။
ထိုစဉ် လူများ၏စိတ်ဝိညာဉ်ကို ဆွဲဆုပ်နိုင်သော အလွန်သိမ်မွေ့သောအသံပိုင်ရှင် မိန်းကလေးတစ်ဦးက လွမ်းချင်းတစ်ပုဒ်ကို သီကျူးလာခဲ့ပြီး ပရိသတ်များက မျက်ရည်ဝဲလာကြလေသည်။
ပရိသတ်များအားလုံးက တီဗီထဲရှိ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
ဖူဟန်၏အဆုံးသတ်ဇာတ်၀င်ခန်းတွင် ဖူဟန်၏ယခင်ပုံရိပ်များကို ပြသလာခဲ့သည်။ စတိုးဆိုင်ရှေ့တွင် ကြောင်ကလေးကို ကျီစယ်နေသည့်ဖူဟန်၊ စက်ဘီးစီးနေသည့်ဖူဟန်၊ မိဘများကို နှုတ်ဆက်နေသည့်ဖူဟန်။
ထိုစဉ် ဖူဟန်၏နောက်ဆုံးအတွေးများကို ပြသလာခဲ့သည်။
အဲ့နေ့က အဖေနဲ့ စတိုးဆိုင်ရှေ့မှာတွေ့တော့ အဖေ့ကိုနှုတ်ဆက်ချင်ပေမဲ့ ကိုယ့်ရဲ့အထောက်အထားကြောင့် မသိချင်ယောင်ဆောင်ဖို့ကလွဲရင် ကျန်တာ ဘာမှမလုပ်နိုင်ခဲ့ဘူး…
ဒီတာ၀န်ကို မယူခင် အဖေက အလေးပြုပြီး နှုတ်ဆက်ခဲ့တယ်…
“နှုတ်ဆက်ပါတယ် ဖူဟန်…”တဲ့…
အခု ကျွန်တော်လည်း နှုတ်ဆက်ပါတယ် အဖေနဲ့အမေ…
နှုတ်ဆက်ပါတယ် အသင်းခေါင်းဆောင်နဲ့အသင်းဖော်တွေ...
နောင်ဘ၀သာရှိခဲ့ရင် ကျွန်တော် အဖေလို ထူးချွန်တဲ့ရဲသားတစ်ယောက် ဖြစ်ချင်ပါသေးတယ်…
ထို့နောက် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီး ဘယ်တော့မှ ပြန်မပွင့်လာနိုင်သည့်မျက်လုံးကိုမှိတ်လိုက်သည်။
နောက်ခံသီချင်းဆိုနေသည့် အမျိုးသမီးက ဆွဲဆွဲငင်ငင် သီဆိုသီကျူးနေဆဲဖြစ်လေ၏။
ထိုအသံကြောင့် ၀မ်းနည်းမှုက နှစ်ဆတိုးလာပြီး တီဗီကြည့်နေသည့်ပရိသတ်များက ကြေကွဲစွာငိုကြွေးနေကြပြီး အသည်းကွဲနေကြပြီဖြစ်သည်။
ဖိုရမ်ပေါ်တွင် ဖူဟန်၏ပို့စ်များဖြင့် ပြည့်နေပြီး လူများကလည်း ဆက်လက်ပို့စ်တင်နေကြဆဲဖြစ်၏။
[ဘာလို့ ဖူဟန်က သေသွားရတာလဲ…ငါ လက်မခံနိုင်ဘူး…အားးးအရမ်းရက်စက်လွန်းတယ်…]
[ငါ့ရင်ကို ပိုးစိုးပက်စက် ခွဲထည့်လိုက်တာပဲ…]
[မြတ်စွာဘုရား…နောက်ဆုံး အလုပ်ပြီးသွားပြီဆိုတော့ အိမ်ပြန်ပြီး မိဘတွေနဲ့ပြန်တွေ့ရတော့မယ် ထင်တာလေ…ဘာလို့ သေသွားရတာလဲ…]
[ဖူဟန်ရဲ့အမေက သူ့သားပြန်အလာကို စောင့်နေခဲ့တာလေ…အရမ်းကြေကွဲစရာကောင်းတာပဲ…]
[ဖူဟန်က အသက်၂၀ပဲရှိသေးတာ…အရမ်းငယ်သေးတဲ့ဟာကို…】
【အားးးရာဇ၀တ်ကောင်တွေ သေသင့်တယ်…】
တစ်ချိန်တည်းတွင်ပင် ဖူဟန်က ရှာဖွေမှုအများဆုံးစာရင်းထဲရောက်လာပြီး ထိုဒရမ်မာကို ကြည့်ရှုသူပရိသတ်များက ဖူဟန်အတွက် ကြေကွဲနေကြလေသည်။
လူတိုင်းက ဖူဟန်၏အနစ်နာခံမှုများအကြောင်းကို ဆွေးနွေးနေကြပြီး အလင်းရောင်'ရှိ ဖူဟန်၏ဇာတ်၀င်ခန်းများအကြောင်း ပြောဆိုနေကြ၏။
နောက်ဆုံးတွင် ဖူဟန်၏သေဆုံးမှုနှင့်အတူ 'အလင်းရောင်'က ပေါက်ကွဲထွက်သွားလေသည်။
ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ ထုတ်လုပ်သူနှင့် လင်းလော့ချင်း၏ပရိသတ်များက ဤဒရမ်မာက လင်းလော့ချင်း၏ကျော်ကြားမှုကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ဤမျှအထိပေါက်သွားလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ဤဒရမ်မာတွင် လင်းလော့ချင်း၏ဇာတ်ကွက်က နည်းလွန်းပြီး လေးပိုင်းမျှသာရှိသည်။ ယင်းက ဇာတ်ပို့အဆင့်ပင်မရောက်ချေ။
သို့သော် ဖူဟန်၏သေဆုံးမှုနှင့်ချင်ဝူ၏သီဆိုမှုက လင်းလော့ချင်းနှင့်'အလင်းရောင်'ကို အထွတ်အထိပ်သို့ ရောက်သွားစေလေသည်။
ဖူဟန်၏ကျော်ကြားမှုနှင့်အတူ လင်းလော့ချင်း၏ပရိသတ်အရေအတွက်လည်း များပြားလာခဲ့သည်။
ထိုအချိန်တွင် မားကတ်တင်းအကောင့်တစ်ခုက ပို့စ်တင်လာခဲ့၏။
[အခုနာမည်ကြီးနေတဲ့ ဇာတ်ကောင်လေးက သရုပ်ဆောင်အသစ်လေးတစ်ယောက်အပိုင်ဖြစ်ခဲ့တာပဲ…ဒီခေတ်မှာ သရုပ်ဆောင်အသစ်လေးတွေက ရပ်တည်ဖို့ခက်ခဲလွန်းတယ်…]
ထိုပို့စ်ကို တစ်စုံတစ်ယောက်က ဖိုရမ်ပေါ်တွင် ပြန်တင်ကာ ပြောလိုက်သည်။
[အခုနာမည်ကြီးနေတဲ့ဇာတ်ကောင်က ဘယ်သူပါလဲ…]
[အခု လင်းလော့ချင်းက ဒီနှစ်ရက်ထဲမှာ တော်တ်ော နာမည်ကြီးနေတာ မဟုတ်ဘူးလား…]
[ဒါ့အပြင် ဖူဟန်က အခုနာမည်ကြီးနေတဲ့ဇာတ်ကောင်လေ…]
[လင်းလော့ချင်းက လူသစ်တစ်ယောက်ရဲ့ဇာတ်ရုပ်ကို လုယူခဲ့တာလား…ငါ မယုံနိုင်ဘူး…]
[ဒီဟာက လင်းလော့ချင်းကို ပြောတယ်ဆိုတာသိသာလွန်းတယ်…]
[ဒါပေမဲ့ လင်းလော့ချင်းက မထုတ်လွှင့်ခင် ဒီဇာတ်ကောင်က နာမည်ကြီးမယ်ဆိုတာမှ ကြိုမသိထားတာ…]
[ပြီးတော့ နာမည်ကြီးလာဖို့ ဘယ်သူက ဇာတ်ပို့တောင် မဟုတ်တဲ့ဇာတ်ရုပ်ကို လုမှာလဲ…]
[ဟုတ်တယ်…ဒါက အဓိကဇာတ်ဆောင်နေရာမှ မဟုတ်တာ…ပေါက်ကွဲသွားမယ်ဆိုတာကို ကြိုသိရင်တော့ တစ်မျိုးပေါ့…]
[ဒါပေမဲ့ လင်းလော့ချင်း ဒီဒရမ်မာကို ရိုက်တုန်းက နာမည်မကြီးသေးဘူးလေ…အချိန်ကို ကြည့်ကြည့်တော့ ‘’ထောင်လီပုရန်'ဒရမ်မာအပြီး ရိုက်ခဲ့တာပဲ…]
[ဒါက တစ်ကားမဟုတ် တစ်ကားအောင်မြင်အောင် လုရိုက်ခဲ့တာရော မဖြစ်နိုင်ဘူးလား... 】
လင်းလော့ချင်း၏ပရိသတ်များနှင့်ဒရမ်မာပရိသတ်များကြောင့် ငြိမ်နေခဲ့ရသည့် လူမည်းပရိသတ်များက ထိုပို့စ်ကို မြင်သောအခါ ထကြွလာကြလေသည်။
[မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး…]
လူတိုင်း ငြင်းခုံနေကြစဉ် တစ်စုံတစ်ယောက်က ပို့စ်အသစ်တင်လာလေသည်။
[ငါ ဇာတ်ရုပ်လုယူခံလိုက်ရတယ်ဆိုတဲ့ သရုပ်ဆောင်အသစ်လေးရဲ့ဝေ့ပေါ်ကို ရှာတွေ့ပြီ…]
ယင်းက စခရင်ဓာတ်ပုံဖြစ်လေသည်။
[အို…ငါက ကံမကောင်းသလို ခံစားရတယ်…နဂိုက ငါ့ဇာတ်ရုပ်ဖြစ်ခဲ့ပေမဲ့ အခုပေါက်ကွဲသွားတဲ့သူက ငါမဟုတ်တာ ၀မ်းနည်းစရာပဲ…]