အပိုင်း ၂၆၈
Viewers 87k

Chapter 268



လင်ဖေးက သန့်စင်ခန်းဝင်ပြီးနောက် လက်ကိုဆေးလိုက်သည်။ ထို့နောက် သူ ကျိလဲ့ယွီ၊ကျိယွီရှောင် နှင့် ဝူရှင်းယွမ်တို့ကို တံခါးအပြင်တွင် ရပ်စောင့်နေလိုက်သည်။


သူ ထိုနေရာမှာ ရပ်နေစဥ်တွင် တစ်စုံတစ်ယောက်က သူ့ကိုကြည့်နေသည်ကို ခံစားလိုက်ရသည်။လင်းဖေး ခေါင်းမော့လိုက်ပြီးနောက် ကျိယွီရှောင်ထက် အသက်ကြီးသည့် လူကြီးတစ်ယောက်က သူ့ကို စေ့စေ့ စိုက်ကြည့်နေသည့်ကို တွေ့လိုက်ရသည်။


လင်းဖေး: "……"


လင်းဖေးက စကားမပြောဘဲ ထိုလူကို တည့်တည့်ပြန်စိုက်ကြည့်လိုက်သည်။


ကျိယွီရှောင်က သူနှင့် မဝေးသော သန့်စင်ခန်းထဲတွင် ရှိနေသည်။ သူအော်လိုက်လျှင် ကျိယွီရှောင် တန်းထွက်လာမှာဖြစ်သည်။ထို့ကြောင့် လင်းဖေး မကြောက်ခဲ့ပေ။


လက်ထောက်ဒါရိုက်တာကအတွက် ယခုလိုမြင်ဖူးသည်က ပထမဆုံးအကြိမ်ဖြစ်၏။ သူက ကလေးတစ်ယောက်ကို စိုက်ကြည့်လိုက်သောအခါ ထိုကလေးကလည်း ပြန်ကြည့်လာသည်။ အထူးသဖြင့် တစ်ဖက်လူမှာ ချောမောသော မျက်နှာရှိပြီး အလွန်အေးစက်နေကာ အထင်အမြင်သေးမှုတွေပြည့်နေ၏။ တည်ကြည်ပြီး တသီတခြားဆန်မှုများကအထင်းသား။


တစ်ခုခုနဲ့...တူတယ်လို့ ခံစားရတယ်....


ဘေးကနေ အကြာကြီးကြည့်နေပြီးမှ

လက်ထောက်ဒါရိုက်တာက ရုတ်တရက် သတိရသွား၏။ဒါက ဖူရှီရဲ့ ခံစားချက်မဟုတ်ဘူးလား...


တည်ငြိမ်အေးဆေးတယ်၊ဘာကိုမှဂရုမစိုက်ဘူး၊တသီးတခြားဆန်တယ်၊ အေးစက်ပြီး အထင်အမြင်သေးမှုတွေပြည့်နေတဲ့အကြည့်... သူက အရမ်းကို ထက်မြက်ပြီး မာနကြီးတဲ့ပုံပေါက်ပေမဲ့ ရုပ်ရည်လည်းကြည့်ကောင်းတယ်..


ဒါ့အပြင် ဒီကလေးက ရုပ်ရည်ကြည့်ကောင်းရုံတင်မကဘူး၊ချောလည်ချောသေးတယ်...ပြီးတော့ သူက လင်းလော့ချင်းနဲ့လည်း ခပ်ဆင်ဆင်တူတယ်... သူက ရိုးရိုးရှင်းရှင်းပဲ ဖူရှီအငယ်စားလေးဟာကို...


ဒါက ငါတို့အဖွဲ့သားတွေဆီ ကောင်းကင်က စေလွှတ်လိုက်တဲ့ ကလေးသရုပ်ဆောင်မဟုတ်ဘူးလို့ပြောရင် သူယုံမှာမဟုတ်ဘူး...


လက်ထောက်ဒါရိုက်တာကက ချက်ချင်းရယ်ပြီးဆိုလိုက်သည်။ "သူငယ်ချင်းလေး... ဘာလို့တစ်ယောက်ထဲဖြစ်နေတာလဲ ...လူကြီးတွေရော ဘယ်မှာလဲ"


လင်းဖေး: "……"


လင်းဖေးက သူ့ကို လျစ်လျူရှုကာ စကားမပြောပေ။


လက်ထောက်ဒါရိုက်တာက သူ၏ အေးစက်စက် မျက်နှာကိုမြင်ပြီး ပြုံးပြုံးရွှင်ရွှင် ဆိုသည်။

"မင်းနာမည်ဘယ်လိုခေါ်လဲ...မင်းမိဘတွေက ဒီမှာ အလုပ်လုပ်နေတာလား... သူတို့ကအခု သန့်စင်ခန်းသွားနေတာလား"


လင်းဖေး တိတ်ဆိတ်နေမြဲ။


သူ၏ မတုန်မလှုပ်အကြည့်ကို မြင်လိုက်ရသောအခါ လက်ထောက်ဒါရိုက်တာ သူက ဖူရှီအငယ်စားလေးနှင့်တူသည်ဟု ပိုပိုပြီး ခံစားလာရသည်။ တစ်ခုခုကို သတိရပြီး သူမေးလိုက်၏။ 


"မင်း လင်းလော့ချင်းကို သိလား...မင်းတို့နှစ်ယောက်က တော်တော်လေးတူတယ်... သူနဲ့ ဒီကို ပါလာတာလား"


လင်းလော့ချင်း အသက် 23 နှစ်သာရှိသေးပြီး ထိုမျှကြီးသောသားကို မမွေးထားလောက်နိုင်ခြင်းကြောင့်သာ မဟုတ်ပါက ဤသည်က လင်းလော့ချင်း၏ကလေးဟု သူသံသယရှိမည်ဖြစ်သည်။


လင်းဖေးက စကားမပြောသေး။


သူက အမြဲတမ်းစကားနည်းပြီး သတိရှိရှိနေလေ့ရှိသည်။သူ့ရှေ့ကလူကို မသိသဖြင့် ထိုသူ့ကို အာရုံစိုက်ရန် သို့မဟုတ် စကားပြောရန် ပျင်းလွန်းသည်က သဘာဝပါပင်။ထိုလူ၏မေးခွန်းတွေကို ဖြေရန်က ပို၍ပင် ပျင်းနေသေးသည်။ လက်ထောက်ဒါရိုက်တာက သူ့ကိုယခုလိုမြင်သောအခါ ဤကလေးက အတော်လေးအေးစက်သည်ပဲဟု တွေးလိုက်မိသည်။


သူယခုလိုတွေးနေချိန်မှာခြေသံကြားလိုက်ရသည်။သူ နောက်ပြန်လှည့်ကြည့်လိုက်သောအခါ အရပ်ရှည်ရှည် ရုပ်ချောချောလူတစ်ယောက်က လှပသောကလေးတစ်ယောက်ကိုချီကာလာနေသည်ကို တွေ့လိုက်ရ၏။


ဤသည် တကယ်ကို ထူးခြားဆန်းကြယ်သည်။ လက်ထောက်ဒါရိုက်တာက အံ့သြတကြီးစိတ်ထဲမှာရေရွတ်လိုက်သည်။သူတို့အဖွဲ့ထဲမှာ ဒီလောက်ချောတဲ့လူ ရှိတယ်လား...


နောက်ပြီး သူချီထားတဲ့ ကလေးက အရမ်းလှပြီး ချစ်ဖို့ကောင်းတယ်... ဒီနေ့မြင်လိုက်ရတဲ့ ကလေးနှစ်ယောက်က တအားကြည့်ကာင်းပေမဲ့ ကလေးအနုပညာရှင်အသိုင်းအဝိုင်းမှာ တစ်ခါမှ မတွေ့ဖူးဘူး...ဒါက သိပ္ပံနည်းမကျလွန်းတယ်... 


ဒါက ရုပ်ရှင်နဲ့ ရုပ်မြင်သံကြားလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပဲ...


ကျိယွီရှောင် သူ့ရှေ့ကလူကို ကြည့်ပြီး ဤလူကို အရင်က မြင်ဖူးသလို ယောင်ဝါးဝါး ခံစားလိုက်ရသည်။


နောက်တစ်စက္ကန့်မှာ ဝူရှင်းယွမ်က သူ့သံသယတွေကို အဖြေပေးလာသည်။ 


"လက်ထောက်ဒါရိုက်တာကြီး အလုပ်ရှုပ်နေလား"


ကျိယွီရှောင် သူ အရင်က အဖွဲ့ထဲကို ဝင်ခဲ့တုန်းက ဝူရှင်းယွမ်က ဤလူကိုမိတ်ဆက်ပေးခဲ့သည်ကို မှတ်မိသွား၏။ သို့သော် ထိုအချိန်က သူက အဝေးကြီးတွင်ရှိနေ၍ သာမန်ကာလျှံကာ တစ်ချက်သာကြည့်လိုက်သည်။ သူ ရှင်းရှင်းလင်းလင်း မမြင်လိုက်ပေ။


လက်ထောက်ဒါရိုက်တာက ဝူရှင်းယွမ်ကိုမြင်ပြီး အလင်းရောင်ကို မြင်လိုက်ရသလို ခံစားလိုက်ရသည်။


"လောင်ဝူ... ဒီသူငယ်ချင်းလေးက လော့ချင်းရဲ့ ဆွေမျိုးလား...သူ့တူလားဒါမှမဟုတ် ညီလေးလား"

သူက လင်းဖေးကို ပြန်ကြည့်ရင်း မေးလိုက်သည်။


ကလေးက လင်းလော့ချင်း နှင့် အလွန်ဆင်တူပြီး ဝူရှင်းယွမ်ကလည်း သူ့နောက်သို့ လိုက်နေသည်။ သူက လင်းလော့ချင်း နှင့် ပတ်သက်နေရမည်။ လက်ထောက်ဒါရိုက်တာမှာ ယုံကြည်မှုအပြည့်ရှိနေ၏။


ဝူရှင်းယွမ်က သူ ဘာ့ကြောင့် ယခုလိုမေးသည်ကို နားမလည်ပေမဲ့ ပြန်ဖြေလိုက်သည်။

"သူက လော့ချင်းရဲ့ တူပါ...ဘာဖြစ်လို့လဲ"


"တိုက်ဆိုင်ချက်ပဲ မဟုတ်လား" လက်ထောက် ဒါရိုက်တာက ပြုံးသည်။ "ငါတို့ရဲ့ရုပ်ရှင်မှာ ကလေးသရုပ်ဆောင်တစ်ယောက် ဖူရှီကလေးဘဝနေရာမှာ သရုပ်ဆောင်ဖို့ လိုအပ်တဲ့ အခန်းတချို့ရှိတယ်...ဒီကလေးက အရမ်းသင့်တော်မယ်ထင်တယ်...သူက ကြည့်ကောင်းပြီး လော့ချင်းနဲ့ ဆင်တယ်... အရေးကြီးဆုံးကတော့ သူ့မှာ ထူးကဲတဲ့ စိတ်ထားရှိတာပဲ...မင်းသိလား ငါဒါရိုက်တာလီကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ခိုင်းပေမဲ့ ကလေးသရုပ်ဆောင်တွေက နူးညံ့ပြီး ချစ်ဖို့ကောင်းလွန်းတယ်လို့ သူကခံစားရတယ်... အေးစက်စက်ပုံစံမျိုး သူကလိုချင်နေတာ... ဒါက အဆင်သင့်လုပ်ထားတဲ့ အေးစက်စက်တိတိလေး မဟုတ်ဘူးလား...သူ့ထက် ပိုအေးစက်တဲ့ ကလေး မတွေ့ဖူးဘူး"


ဝူရှင်းယွမ်:"????"


ကျိယွီရှောင်: "!!!"


လင်းဖေး:"……"


သူတို့ကြားတွင် ညှပ်နေသော ကျိလဲ့ယွီက ဘယ်ကိုကြည့်လိုက် ညာကို ကြည့်လိုက်ဖြစ်နေသည်။ သူ အတော်လေး ရှုပ်ထွေးနေ၏။ဒါက ဘာကို ဆိုလိုတာလဲ...သူက လင်းဖေးကို သရုပ်ဆောင်ခိုင်းနေတာလား...


သရုပ်ဆောင်ဖို့ လာရှာခံရမဲ့သူက သူဖြစ်ရမှာမဟုတ်ဘူးလား ...လင်းဖေးကို ဘာလို့လာရှာတာလဲ...


သူလုပ်နိုင်တယ်...သရုပ်ဆောင်နိုင်တဲ့သူက သူလေ...


သူ့ကိုကိုကဖြင့် တစ်နေကုန် အေးစက်နေပြီး အကြောသေနေတဲ့ မျက်နှာထားနဲ့ကို...


ဝူရှင်းယွမ် ယခုလိုမျိုး တစ်ခါမှ မကြုံဖူးသေးသဖြင့် သူ ကျိယွီရှောင်ကိုပဲ ကြည့်နေလိုက်သည်။မည်သို့ပင်ဖြစ်စေ လင်းဖေးသရုပ်ဆောင်ရန် သရုပ်မဆောင်ရန်က သူ မဆုံးဖြတ်နိုင်ပေ။သူ့အနေဖြင့် ကျိယွီရှောင် နှင့် လင်းလော့ချင်းတို့၏အမြင်ကိုကြည့်ရမည်ဖြစ်သည်။


ကျိယွီရှောင်အတွက်လည်း ယခုလို ပထမဆုံးအကြိမ် ကြုံဖူးခြင်းဖြစ်သည်။လင်းဖေးဆီသို့သွား၍ သူ့သဘောထားကိုကြည့်ရန်သာတတ်နိုင်သည်။


သို့ပေမဲ့ လင်းဖေးကမူ ယခင်အတိုင်းမပြောင်းမလဲပါပင်။သူ၏ ချောမောသော မျက်နှာလေးက စိတ်မဝင်စားဟန်ဖြင့်ရှိနေကာ သူ့အမူအရာမှာ တည်ငြိမ်နေပြီး ခံစားချက်တစ်စုံတစ်ရာကို မမြင်ရပေ။


"အရင်ဆုံး ဆွေးနွေးကြည့်ရအောင်"

သူ လက်ထောက်ဒါရိုက်တာကို ပြောလိုက်သည်။


လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်ပြပြီး သိလိုစွာမေးသည်။ "မင်းက လော့ချင်းရဲ့ သူငယ်ချင်းလား...သူ့ဆီလာလည်တာလား"



ကျိယွီရှောင်က ခေါင်းညိတ်လိုက်သည်။ 

"ကျွန်တော်က သူ့အစ်ကိုပါ"


ယခု လက်ထောက် ဒါရိုက်တာ နားလည်သွားပြီဖြစ်၏။


သူ သက်ပြင်းချလိုက်သည်။ 

"ဒါဆို မင်းတို့မိသားစုက တော်တော်ကြည့်ကောင်းကြတာပဲ... ရိုးရိုးသားသားပြောရရင် မင်းရဲ့ရုပ်ရည်က သရုပ်ဆောင်ဖို့ အရမ်းသင့်တော်တယ်... မင်းစိတ်ဝင်စားလား"


ကျိယွီရှောင်: '...ခင်ဗျားက ပါရမီရှင်ကင်းထောက်(talent scout)တစ်ယောက်အနေနဲ့ အချိန်ပိုင်းအလုပ်လုပ်သေးတာလား'


သူက ခပ်ဟဟရယ်ပြီး "စိတ်မဝင်စားဘူး"ဟု ပြန်ဖြေလိုက်သည်။


"ဒါဆို ဒီကလေးကကော" 

လက်ထောက်ဒါရိုက်တာက ကျိလဲ့ယွီကို ငုံ့ကြည့်သည်။


ကျိလဲ့ယွီက အပြစ်ကင်းစင်စွာ မျက်တောင်လေးခတ်ပြလာပြီး သူ့ပုံစံက နူးညံ့၍ ချစ်စရာကောင်းနေသည်။


"ခင်ဗျားက သူ့ကိုခင်ဗျားရဲ့ ရုပ်ရှင်ထဲမှာ ပါစေချင်တာလား" 

ကျိယွီရှောင်က သံသယစိတ်ဖြင့် မေးလိုက်သည်။


"အဲလိုတော့ မဟုတ်ဘူး"

လက်ထောက် ဒါရိုက်တာက ရယ်သည်။ 

"ဒီဇာတ်ကားမှာ ကလေးသရုပ်ဆောင်တစ်ယောက်ပဲလိုတယ်…"


မနီးမဝေးက သူရွေးချယ်ထားသည့် ရှောင်ဖူရှီလေးကို သူလှည့်ကြည့်လိုက်သည်။၎င်းနောက် ကလေးနာမည်ကို သူမသိသေးဘူးဆိုသည်ကို သတိရလိုက်၏။


"သူ့နာမည်က…" 

သူ ကျိယွီရှောင်ကို မေးလိုက်သည်။


"လင်းဖေး"


လက်ထောက်ဒါရိုက်တာက ခေါင်းညိတ်သည်။ 

"ရှောင်လင်းဖေးက ဒီဇာတ်ကားအတွက် ပိုသင့်တော်တယ်... သူရဲ့ စိတ်နေစိတ်ထားနဲ့ အသွင်အပြင်က ဖူရှီအတွက် သင့်လျော်ပြီး သူက လင်းလော့ချင်းနဲ့ အတော်လေး တူတယ်... ဒီနည်းနဲ့ဆို သူ ကြီးပြင်းလာတဲ့အခါလော့ချင်းဖြစ်လာတာကို...ပရိသတ်က သဘာဝကျတယ်လို့ ခံစားရလိမ့်မယ်"


'အဟုတ်ပဲ' 

ကျိယွီရှောင် တွေးလိုက်သည်။တူက ဦးလေးနှင့်တူသည်ကသဘာဝဖြစ်၏။လင်းဖေးက လင်းလော့ချင်းနှင့် အတော်လေး တူသည်။


တစ်ခုပဲ...လင်းဖေးကိုသရုပ်ဆောင်ခိုင်းတာက...လင်းဖေးရဲ့ပုံစံက သရုပ်ဆောင်ပိုင်းနဲ့ ဘာမှမဆိုင်သလိုပဲလားလို့...


သူက လက်ထောက်ဒါရိုက်တာနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် လင်ဖေးနှင့် ပြန်သွားပြီး ဆွေးနွေးလိုက်ဦးမည်ဟု ပြောကာ ထွက်သွားရန်ပြင်လိုက်သည်။


လက်ထောက်ဒါရိုက်တာ ဘာမှ မတတ်ဘဲ သဘောတူရုံသာ တတ်နိုင်ခဲ့သည်။


"ဒါဆို မင်းနဲ့ ရှောင်လင်း ဒါကို သေချာစဉ်းစားရမယ်နော်... သူက တကယ်ကို သင့်တော်တာ...လော့ချင်းကိုယ်တိုင်က သရုပ်ဆောင်တစ်ယောက်ပါ... သူ့တူလေးက အခု သရုပ်ဆောင်လိုက်ရင် ငယ်ငယ်လေးနဲ့သရုပ်ဆောင်ဖြစ်လာမှာ...ဒါက ကောင်းကင်ဘုံရဲ့အလိုတော်ပဲမဟုတ်ဘူးလား... နောင်လည်း သူက သရုပ်ဆောင်ဖြစ်လာမှာပဲ...ဒါကို အမှတ်တရအနေနဲ့ သိမ်းထားနိုင်မှာလေ"


ကျိယွီရှောင်: 'အာ...ဒါက...'


"ဒါ့အပြင် လင်းဖေးရဲ့ ရုပ်ရည်နဲ့ စိတ်နေစိတ်ထားက အရမ်းကောင်းတယ်...အနုပညာလောကထဲမဝင်ရင် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လိမ့်မယ်"


ကျီယွီရှောင်: 'ဒါ...'


"ဒါ့အပြင် မင်းနဲ့ ရှောင်လင်းဖေးက ဘယ်လိုပဲဖြစ်ဖြစ် ဒီမှာရှိနေပြီး လော့ချင်းသရုပ်ဆောင်တာကို နေ့တိုင်းလာကြည့်ကြမှာလေ...လော့ချင်းရိုက်တာကို ကြည့်တာလည်းတစ်ရက်ပဲ...သူ့ဘာသူရိုက်ရင်လည်း တစ်ရက်ပဲ... အချိန်ကို ပိုတန်ဖိုးရှိအောင်အသုံးချရာမကျဘူးလား"


ကျိယွီရှောင်: '... ကျွန်တော်တို့ ဖေးဖေးကို ခင်ဗျားတကယ်သရုပ်ဆောင်စေချင်နေမှန်း မြင်နေရပါတယ်ဗျာ'


"ကျွန်တော် စဉ်းစားကြည့်ပါ့မယ်"


"ဒါဆို မင်းဆီကသတင်းကောင်းကို ငါစောင့်မျှော်နေပါ့မယ်"



ကျိယွီရှောင်: '... ခင်ဗျားရဲ့မျှော်လင့်ချက်တွေကို လျော့ထားတာပိုကောင်းမယ်' 


အကြောင်းမှာသူက ဆန္ဒမရှိ၍ မဟုတ်ပေ။ လင်းဖေးက စာလုပ်ခြင်းနှင့် စာဖတ်ခြင်းမှလွဲ၍ အခြားအရာများကို ဘယ်သောအခါမှ စိတ်ဝင်စားမှု မပြခဲ့ခြင်းကြောင့် ဖြစ်သည်။


ကျိယွီရှောင် သူ့ကို ရုပ်ရှင်ရိုက်ခိုင်းလျှင် 

သိပ်မလုပ်ချင်လောက်ဟု ခံစားရ၏။


လက်ထောက်ဒါရိုက်တာနှင့် စကားပြောအပြီးတွင် သူလင်းဖေးကို ပြန်ဆွဲခေါ်လာလိုက်သည်။


လင်းဖေး၏အမူအရာက အလာတုန်းကနှင့် အတူတူပါပင်။သူ့ကို ရုပ်ရှင်ရိုက်ချင်စေချင်သည့် တစ်ဖက်လူ၏ စကားကို မကြားလိုက်သကဲ့သို့ဖြစ်၏။


"ဖေးဖေး သားသရုပ်ဆောင်ချင်လား" 

ကျိယွီရှောင်က သူ့ကို မေးသည်။


လင်းဖေးက သူ့ကို မော့ကြည့်လိုက်သည်။


အမှန်တွင် သူကြားလိုက်သည်။ သူကြားရုံတင်မကဘဲ လေးလေးနက်နက် ပါတွေးနေမိသည်။


သူ့မျက်နှာမှာ အမြဲတမ်း မျက်နှာအမူအရာမရှိ၍သာ အလေးအနက်မထားသလို ဖြစ်နေပုံရခြင်းဖြစ်၏။


"ဒါကို အလုပ်လုပ်တာလို့တွက်လို့ရလား" 

သူ ကျိယွီရှောင်ကို မေးလိုက်သည်။ 


"သားရောလုပ်အားခ ရမှာလား"


"ဒါပေါ့" 


ကျိယွီရှောင်က ပြန်ဖြေသည်။ 

"ဒါပေမဲ့ သားကို နွေရာသီအားလပ်ရက်အတွင်း ယာယီအလုပ်သမားလို့ပဲ သတ်မှတ်ရမှာ... ဒါက တရားဝင်အလုပ်မဟုတ်ဘူး...ပြီးတော့ သား အနာဂတ်မှာလည်း ကျောင်းဆက်တက်ရဦးမှာ"


လင်းဖေး၏ ဉာဏ်ကောင်းမှုနှင့်စာကြိုးစားမှုတို့အရ သူသာ ကျောင်းမတက်ဘဲ ကလေးသရုပ်ဆောင်အဖြစ်သို့ ပြောင်းလဲသွားပါက သူနှလုံးရောဂါရပြီး သေသွားလိမ့်မည်ဟု ကျိယွီရှောင် ခံစားရသည်။


သူက အရမ်းတော်တဲ့ ပေါင်ပေ့လေးလေ...


ပထမတစ်ချက်မှာ၊ သူသည် အနာဂတ်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ထိပ်ဆုံးကျောင်းသားဖြစ်လာမည်ဖြစ်သည်။


ကျိယွီရှောင် သူ့ IQ ကို ယခုလို ဖြုန်းတီးရန် ဘယ်တော့မှ ခွင့်မပြုပါချေ။


ကံကောင်းထောက်မစွာ၊ လင်းဖေးက သရုပ်ဆောင်အလုပ်အတွက် ပညာရေး မစွန့်လွှတ်ချင်ခဲ့ပေ။ သူက ငွေရှာချင်ရုံသာဖြစ်သည်။


ငွေရှာပြီးနောက် လင်းလော့ချင်းကို မုန့်ဖိုးအဖြစ် ပေးနိုင်သည်။ ဤနည်းအားဖြင့် လင်းလော့ချင်းကို မုန့်ဖိုးပေးရန် သူကြီးပြင်းလာသည်အထိ စောင့်စရာမလိုတော့ပေ။


ကြိုပြီးအကောင်အထည်ဖော်နိုင်မှာ...


"ဘယ်လောက်ကြာမှာလဲ" 

လင်းလော့ချင်းရုပ်ရှင်သွားရိုက်တိုင်းအချိန်အကြာကြီး သွားရသည်ကို သူမှတ်မိနေဆဲဖြစ်သည်။ 

"စက်တင်ဘာမှာ ကျောင်းစတက်ရမှာ"


"သားပါးပါးက ဒီလကုန်မှာ ရိုက်ကူးရေးပြီးမှာ...သားလည်းအတူတူပဲဖြစ်လောက်တယ်"


ကျိယွီရှောင်က စကားဆုံးသွားပြီးနောက် ဝူရှင်းယွမ်ကို လှည့်ကြည့်လိုက်သည်။


ဝူရှင်းယွမ်က အမြန်ပြောလိုက်သည်။

"ဒီဒရာမာက သြဂုတ်လ နောက်ဆုံးထားပြီးအပြီးရိုက်မှာ... ကျောင်းဖွင့်ချိန်ကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဒါဆို သားသရုပ်ဆောင်လို့ရပါတယ်"


သူက ထပ်ဖြည့်လိုက်သည်။

"ဒါပေမဲ့ သူတို့ သားကို လုပ်အားခပေးဖို့ သတိရနေရမယ်"


သူပြောပြီးသည်နှင့် တဖန်ရှုပ်ထွေးသွားပြန်သည်။ 

"သားကို လုပ်အားခက ဘယ်တော့ ပေးမှာလဲ ...သားသဘောတူတာနဲ့ သားကိုပေးလား ဒါမှမဟုတ် သားအလုပ်ပြီးမှ ပေးမှာလား"


ကျိယွီရှောင် ၎င်းကိုကြားသောအခါ မနေနိုင်ဘဲ ရယ်လိုက်မိသည်။

"ငါ ဒါကိုမသိခဲ့ပါလားနော်...ငါတို့ရဲ့ ဖေးဖေးက ကိုငွေခင်လေးဆိုတာကို... ပိုက်ဆံက ဘာလိုချင်လို့လဲ"


လင်းဖေးက နှုတ်ဆိတ်သွားသည်။


ကျိယွီရှောင်က သူ့ကို ကောင်းကောင်းမွန်မွန် ချော့ပြောသည်။ 

"ဒယ်ဒီကိုပြော...ဒယ်ဒီက သားကို ကူညီနိုင်ပြီး သားကို ပိုက်ဆံ ပိုပေးနိုင်တာလည်း ဖြစ်နိုင်တယ်လေ"


လင်းဖေးက ခေါင်းခါသည်။ 

"မလိုဘူး"


သူက ဆိုသည်။

"သားဘာသာသား ပိုက်ဆံရှာချင်တယ်"


"ကောင်းပြီ"

ကျိယွီရှေယင် သူ့မှာ အမြဲတမ်း ကိုယ်ပိုင် အတွေးတွေ ရှိသည်ကို သိပြီး သူ့ကို ဆက်မမေးတော့ပေ။

"ဒါဆို သားရှုရှုနဲ့ ဒယ်ဒီတို့ စကားပြောကြတာပေါ့... သူသဘောတူရင် သားသွားသရုပ်ဆောင်လို့ရတယ်"


"ဒါဆို လုပ်အားခက ဘယ်တော့ ပေးမှာလဲ"

လင်းဖေးက ဤပြဿနာအတွက် စိုးရိမ်နေဆဲဖြစ်သည်။


ကျိယွီရှောင် ရယ်ရမလား ငိုရမလား မသိပေ။သူက လင်းဖေးကို မုန့်ဖိုးပေးလေ့ရှိသော်လည်း လင်းဖေးက ပိုက်ဆံယူသောအခါ ၎င်းကို သိပ်သဘောကျဟန်မပြပေ။လင်းဖေးက အခုကျမှ ဘာလို့ ဒီလောက် ဂရုစိုက်နေတာလဲ...


သေချာတာက ကိုယ့်ဘာကိုယ်ရှာတဲ့ပိုက်ဆံက ပိုအရသာရှိလို့လား...


တကယ်ချစ်ဖို့ကောင်းတယ်...


သူက လင်းဖေး၏ ခေါင်းကို ပွတ်လိုက်သည်။


ဝူရှင်းယွမ်လည်း သူက ယခုလိုကျအနည်းငယ် ချစ်စရာကောင်းသည်ဟု ခံစားရပြီး သရုပ်ဆောင်တစ်ဦး၏ အလုပ်အကိုင်က ယေဘုယျအားဖြင့် မည်သို့ အခကြေးငွေရပုံကို ညင်သာစွာ ပြောပြသည်။


"ဒါပေမဲ့ ဖေးဖေး သားမှာ ဘဏ်ကတ်မရှိဘူး" 

ဝူရှင်းယွမ်က ပြောသည်။ 

"အဲဒီတော့ သားရှုရှုရဲ့ ဘဏ်ကတ်ထဲကို ပို့မယ်ထင်တယ်"


"အိုး"

လင်းဖေးက ခေါင်းညိတ်လိုက်ပြီး ကန့်ကွက်ခြင်းမရှိပေ။ မူလကတည်းက သူက လင်းဖေးကို မုန့်ဖိုးပေးရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။


ဝူရှင်းယွမ် သူ၏ဂရုမစိုက်သည့်ပုံစံကိုမြင်ပြီး လင်းဖေးက ပုံမန်ကလေးများထက် များစွာလိမ္မာသည်ဟု ခံစားရသည်။


လင်းလော့ချင်းက သူ့တူလေးကို နေ့တိုင်း ဘာကြောင့် ချီးကျူးသည်လဲ မအံ့သြတော့ပါချေ။သူက တကယ်ပဲ သဘောကျစရာကောင်း၏။


သူ့တူအငယ်လေးက သူ့ကလေးဘဝကနေရာမှာ သရုပ်ဆောင်မည်ကို လင်းလော့ချင်း မသိပေ။သူ သေချာပေါက် အံ့သြသွားလိမ့်မည်ဟုထင်သည်။အတော်လေး ဆန်းကြယ်သည်ဟု ဝူရှင်းယွမ် တွေးမိသည်။


အမှန်တွင်လည်း လင်းလော့ချင်း တကယ်အံ့သြသွားခဲ့သည်။


သူက သူ့ရှေ့မှ ကလေးအား ကြည့်ကာ သိလိုစွာ ပြောလိုက်၏။

"ဖေးဖေး သားတကယ် လုပ်ချင်စိတ်ရှိတာလား"


လင်းဖေးက အလွန်တည်ငြိမ်၍နေသည်။ 

"လုပ်အားခရမှာလား"


"ဒါပေါ့ ရမှာ...ဒါပေမဲ့ သားအရင်က မလုပ်ဖူးဘူးလေ... သရုပ်ဆောင်တာ တခါတရံမှာ အခက်အခဲတွေ ရှိနိုင်တယ်"


"အခက်အခဲတွေကို မကြောက်ဘူး”


သို့ပေမဲ့ သူ သူ့ပေါင်ပေါင်းကိုအဆူမခံရစေချင်ပေ။လင်းလော့ချင်း အနည်းငယ် စိတ်ပူသွားသည်။လင်းဖေးက အလွန်မာနကြီးသည်။ကျောင်းပြောင်းပြီးနောက်တွင် သူ့ဆရာများဆီက ချီးမွမ်းခံရကာ အတန်းဖော်များကလည်း သူ့ကိုကိုးကွယ်ကြပြီး မိဘများက သူ့ကိုအားကျကြသည်။နေ့တိုင်း ချီးကျုးမှုတွေအပြည့်နှင့်ဖြစ်သည်။ကဲ့ရဲ့အပြစ်တင်ခံရရန်ကဝေးစွပင်။


အတန်းထဲက ဆရာဆရာမတွေက သူ့ကို နေ့တိုင်း ချီးကျူးရန်မစောင့်နိုင်ကြ။လင်းဖေးက အတန်းထဲတွင်သင်ခန်းစာများကို နားထောင်မည့်အစား သူ့ဘာသာသူစာဖတ်သည့်တိုင် ဆရာက မျက်ကွယ်ပြုထားကာ သင်ကြားရေးတွင် သူ၏ကိုယ်ပိုင်လုပ်ပိုင်ခွင့်ကို ချီးကျူးခဲ့သည်။


ဒါရိုက်တာလီက သူကောင်းကောင်းသရုပ်ဆောင်နိုင်သည်ဟုမထင်ဘဲ သူ့ကို လေးနက်လွန်းနေသည်ဟု ပြောလျှင် လင်းဖေး၏ ကိုယ့်ကိုယ်ကို လေးစားမှုကို အများကြီး ထိခိုက်စေလိမ့်မည်။


လင်းလော့ချင်း ထိုကိစ္စကို ထည့်မစဉ်းစားဘဲမနေနိုင်ပေ။


"ရိုက်ကူးရေးက အရမ်းခက်ခဲတယ်... စောစောထပြီး နောက်ကျမှ အိပ်ရမယ်... တူညီတဲ့လုပ်ရပ်ကို အဆက်မပြတ် ထပ်ခါတလဲလဲပြန်လုပ်ရမှာ...ပြီးတော့ ရိုက်ကူးနေချိန်အတွင်းမှာ စာကြောင်းတွေကိုလည်း အလွတ်ကျက်ရမယ်... ဆိုလိုတာက သားပြောရဲ့မဲ့ဟာတွေ ပြည့်နှက်နေတဲ့ စာမျက်နှာအများကြီး သားကို ပေးထားမှာ...သားက အဲဒါကို အလွတ်ကျက်ဖို့ လိုတယ်"


"သား အဲဒါကို ကျက်နိုင်တယ်" 

လင်းဖေးက တည်ငြိမ်စွာပြောသည်။ သို့သော် သူနားမလည်သည့်အရာတစ်ခုရှိသည်။ 

"ဘာလို့ လုပ်ရပ်တစ်ခုကို ထပ်လုပ်ရမှာလဲ"


"သား ကောင်းကောင်းမလုပ်ရင် ဒါရိုက်တာက သားကို ဆက်ပြီး သရုပ်ဆောင်ခိုင်းလိမ့်မယ်...စာလုံးတစ်လုံးမှားလို့ ဆရာက အကြိမ် 20 ထပ်ရေးခိုင်းသလိုပဲ"


လင်းဖေးက ခေါင်းညိတ်လိုက်သည်။ "ဒါဆို မှန်အောင်ရေးသရွေ့အဆင်ပြေတာပေါ့...သားကောင်းကောင်း သရုပ်ဆောင်ရင် သူသားကို ထပ်ခါထပ်ခါပြန်လုပ်ခိုင်းမှာ မဟုတ်ဘူး"


"တစ်ခါတစ်လေ… အဲသလောက် မရိုးရှင်းဘူး"

လင်းလော့ချင်းက ရိုးရိုးသားသားပြောသည်။