အပိုင်း ၂၆၇
Viewers 87k

Chapter 267



သူတို့ မိသားစု တစ်ယောက်ပြီးတစ်ယောက် ကားပေါ်တက်လိုက်ကြသည်။လင်းလော့ချင်းက ရှေ့တွင်မထိုင်ဘဲ အနောက်တွင်ထိုင်သည်။ဤသို့ဆိုလျှင် ကလေးနှစ်ယောက်ကို ဂရုစိုက်၍ ပိုအဆင်ပြေ၏။


လင်းဖေး နှင့် ကျိလဲ့ယွီက သူ့ဘေးတစ်ဖက်တစ်ချက်တွင်ထိုင်သည်။လင်းလော့ချင်းက ကျိလဲ့ယွီ ရင်ခွင်ထဲတွင် ပိုက်ထားသော အရုပ်ကို ကြည့်ပြီး ပြုံးပြုံးလေး မေးလိုက်သည်။


"ဒါ သားဒယ်ဒီကောက်ပေးထားတာလား" 


ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။ ထို့နောက် ခေါင်းလေးစောင်းကာ သိုးရုပ်လေးကို ကောက်ယူ၍ ဟုဆိုသည်။

"ဒါလည်း ဒယ်ဒီကောက်ပေးတာ"


ပြီးလျှင် သူက တစ်ဖက်က သစ်ကုလားအုတ်ကို ကောက်ကိုင်လိုက်သည်။ 

"ဒါကိုကျ ကိုကို ကောက်ပေးတာ...ကိုကိုက ပါးပါးအတွက်လည်းကောက်ပေးထားတယ်...ခြင်္သေ့ကလေး"


လင်းလော့ချင်းက နားထောင်ပြီး လင်းဖေးကို အံ့သြစွာ ကြည့်လိုက်သည်။ 

"ဖေးဖေးလည်း အရုပ်ကောက်တတ်တာလား"



မယုံနိုင်စရာပဲဟု သူတွေးမိသည်။ 

"ပါးပါးတောင်းမကောက်တတ်ဘူး သားကကောက်တတ်တယ်ရော...ဖေးဖေး သားက တကယ်ကို အံ့သြစရာကောင်းတယ်"


လင်းဖေးက အလွန်တည်ငြိမ်၍နေသည်။ 

"ပထမတော့ မလုပ်နိုင်ပေမဲ့ နောက်ပိုင်းမှာ လေ့ကျင့်လိုက်တာ"


"ဘာလို့ဒါကိုလေ့ကျင့်နေတာလဲ" 

လင်းလော့ချင်းက ပဟေဠိဖြစ်ပြီး သူ့ကို တမင်တကာ စလိုက်သည်။ 

"ဘာလို့လဲ...အတန်းထဲက ကောင်မလေးကို ပေးချင်လို့လား"


ကျိလဲ့ယွီက ထိုစကားများကိုကြားပြီး ဒေါသတကြီးဖြင့် ချက်ချင်း သူ့ဘက်ကိုမှီလိုက်သည်။ 

"မဟုတ်ဘူး...သားကိုပေးဖို့...ကိုကိုက သားကို ချော့ဖို့ ကြိုးစားနေတာ"


လင်းလော့ချင်းက ပြုံးလိုက်သည်။ "ဟုတ်လား...ကိုကို သားကိုချော့အောင် ဘာလုပ်လိုက်တာလဲ"


ကျိလဲ့ယွီ ကျိယွီရှောင်၏ရှေ့တွင် သူအဆင်မပြေမှာစိုးသဖြင့် ဖန်ရှင်းနှင့်ပတ်သတ်၍ ဘာမှမပြောချင်သည့်အတွက် ယခုလိုသာပြောလိုက်၏။

"ဘာပဲဖြစ်ဖြစ် ဒါက သားအတွက်... တခြားသူတွေအတွက်မဟုတ်ဘူး...အဲဒီကောင်မလေးတွေဆိုပြောမနေနဲ့"


"ဟုတ်ပါပြီ"

လင်းလော့ချင်းက ပြုံးပြီး ပြောလိုက်သည်။ 

"သားကိုကိုရဲ့နှလုံးသားထဲမှာ သားပဲရှိပါတယ်ဟုတ်ပြီလား"


"အဲလိုလည်း မဟုတ်သေးဘူး" 

ကျိလဲ့ယွီက သူ့ကို မှီ၍ ချိုသာစွာ ပြောလိုက်သည်။ 

"ပါးပါးနဲ့ဒယ်ဒီလည်းရှိတယ်...သားတို့ သုံးယောက်လုံး တစ်ယောက်စီမှာ အရုပ်တစ်ရုပ်စီရှိတယ်"


"ဟုတ်တာပေါ့" 

ကျိယွီရှောင် ပြုံးပြီး ခေါင်းမော့၍ နောက်ကြည့်မှန်ထဲကနေ သူ့ကိုကြည့်လိုက်သည်။ 

"မင်းနဲ့ငါနှစ်ယောက်လုံးအတွက် ခြင်္သေ့လေးတွေကောက်ရင်း သူက ရှောင်ယွီအတွက် သစ်ကုလားအုတ်တစ်ကောင် မိခဲ့တာ"


၎င်းကိုကြားသောအခါ လင်းလော့ချင်း လင်းဖေးကိုကြည့်ပြီး ပွေ့ဖက်လိုက်သာ်။ 

"ဖေးဖေးက အရမ်းမိုက်တာပဲ... သုံးကောင်လုံး တစ်ပြိုင်တည်း ကောက်နိုင််တယ်... ဖေးဖေး သားက တော်လိုက်တာ"


လင်းဖေးကမူ ယင်းက အဆင်ပြေရုံပဲဟု ထင်သည်။ကျိယွီရှောင်က သူ့ထက်အများကြီးပိုကောက်နိုင်သည်။ တကယ်တမ်းတွင် ကျိယွီရှောင်က ပိုစွမ်း၏။


၎င်းကို သူတွေးနေချိန်မှာ လင်းလော့ချင်းက သူ့ပါးကို တရှုံ့ရှုံ့နမ်းနေသည်ကို ခံစားလိုက်ရသည်။လင်းလော့ချင်းက ဝမ်းသာအားရနှင့် မေးလာ၏။

"ပါးပါးအတွက်က ဘယ်ဟာလဲ... သား ပါးပါးကိုမပေးဘူးလား... ခြင်္သေ့လေး ဘယ်မှာလဲ"


လင်းဖေး: "……"


လင်းဖေး မူလက ဟိုတယ်သို့ ပြန်ရောက်ပြီးမှ ၎င်းအား ပေးချင်ခဲ့သည်။ ယခု သူက ယခုလိုပြောလာသဖြင့် လင်းဖေး သူ့ကို ယခုပဲ ပေးလိုက်ရုံတတ်နိုင်သည်။


သူ့ဘေးမှာတင်ထားသည့် ခြင်္သေ့လေးကို ကောက်ယူလိုက်ပြီး လင်းလော့ချင်းကို ပေးလိုက်သည်။


"ရော့"


 ခြင်္သေ့လေးက အလွန်ချစ်စရာကောင်း၏။


သူဆွဲယူကာ သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။ 

"အရမ်းချစ်စရာကောင်းတာပဲ.... နောင်ကျရင် သူနဲ့ သားဒယ်ဒီဟာကို ပါးပါးတို့အိပ်ခန်းထဲမှာ ထားမယ်...ခြင်္သေ့ပေါက်လေးနှစ်ကောင် စုံတွဲပေါ့"


"ဟုတ်ကဲ့"


လင်းလော့ချင်း နှင့် ကျိယွီရှောင်တို့က ခြင်္သေ့လေးနှစ်ကောင်ကို အိပ်ရာပေါ်တင်ထားသည့်ပုံကို သူတွေးကြည့်လိုက်ပြီး အတော်လေး ကောင်းသလိုခံစားရသည်။သူ နားမလည်နိုင်စွာ ပျော်ရွှင်နေခဲ့သည်။


လင်းလော့ချင်း သူ့ကိုကြည့်ကာ အရုပ်ကောက်စက်ထဲတွင် ကျားပေါက်လေးတစ်ကောင်မျှမရှိသောကြောင့် ၎င်းနှင့်ဆင်တူသည့် ခြင်္သေ့လေးတစ်ကောင်ကို ကောက်ခဲ့ခြင်းဖြစ်မည်ဟုတွေးလိုက်သည်။သူ့အမြင်မှာ သူတို့နှစ်ယောက်လုံးက သားရဲကောင်ကြီးတွေပင်။သို့သော်..


ချစ်ဖို့ကောင်းတယ်...


လင်းလော့ချင်း ပြုံးပြီး သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။လင်းလော့ချင်း သူ့မျက်နှာလေးကို အကြိမ်ပေါင်းများစွာ နမ်းလိုက်၏။သူတို့ဖေးဖေးက တကယ်ကိုရတနာလေးပဲဟု ခံစားရသည်။သူ့ဆီမှာ မထင်မှတ်ထားသော အံ့အားသင့်စရာအသစ်တွေ နေ့စဉ်နှင့်အမျှ ရှိနေ၏။


ကားက မိနစ် 20 ခန့် မောင်းနှင်ခဲ့ပြီးနောက် ဟိုတယ်၏ ကားပါကင်တွင် ရပ်သွားသည်။


လင်းလော့ချင်း ကျိယွီရှောင် နှင့် ကလေးနှစ်ယောက်နှင့်အတူ ကားပေါ်မှ ဆင်းကာ ဟိုတယ် ဓာတ်လှေကားထဲသို့ ဝင်ခဲ့သည်။


"ဘာစားချင်လဲ" 

သူ ကလေးနှစ်ယောက်ကို မေးလ်ုက်သည်။



ကျိလဲ့ယွီက သူ့လက်ကို တက်ကြွစွာ မြှောက်လိုက်သည်။ 

"ရေခဲမုန့်"


လင်းဖေးက ရေကဲ့သို့ ငြိမ်သက်နေသည်။ 

"ဘာမဆို အဆင်ပြေပါတယ်"


"ဒါဆို ညစာအရင်စားရအောင်... ညစာစားပြီးရင် အချိုပွဲအတွက် ရေခဲမုန့်စားလို့ရတယ်"


"ဟုတ်" 

ကျိလဲ့ယွီက နာခံစွာ ပြန်ဖြေသည် ။


ဤဟိုတယ်၏ အထင်ကရ ဟင်းလျာမှာ စတိတ်ခ်(steak) ဖြစ်သည်။လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့က ၎င်းကို ဆွေးနွေးပြီး စတိတ်ခ်များ မှာယူခဲ့ကြသော်လည်း ကလေးနှစ်ဦး မကြိုက်မှာကို စိုးရိမ်သောကြောင့် ဟမ်ဘာဂါနှင့်အာလူးချောင်းကြော်အချို့ကိုလည်း မှာယူခဲ့သည်။


ညစာရောက်အလာကိုစောင့်နေချိန်မှာ လင်းလော့ချင်း.. လင်းဖေးအတွက် ဟိုတယ်ကလုပ်သည့် သရေစာမုန့်တချို့ကို မှာယူခဲ့သည်။


ကျိလဲ့ယွီအတွက် အိမ်စာမရေးရဘဲ ရိုက်ကွင်းကို လာရောက်လည်ပတ်ရသည့်အပြင် ကျိယွီရှောင်နှင့်လည်းအပြင်ထွက်လည်ရသည်က ရှားပါးသည်။ယနေ့က တကယ်ကောင်းသည့်နေ့ဟု သူထင်လေသည်။


"သားတို့ဒီမှာနည်းနည်းကြာအောင်နေလို့ရမလားဟင်" 

ကျိလဲ့ယွီက မေးသည်။ 


"သား ပါးပါးကို အချိန်ပိုပေးချင်တယ်"


လင်းလော့ချင်း၏ နှလုံးသားမှာ ဤစကားများကို ကြားပြီးနောက် အရည်ပျော်လုမတတ်ပင်။


ယခုအချိန်တွင် ကျိလဲ့ယွီကို ပုံမှန်မဟုတ်သောနတ်ဆိုးဘုရင်မျိုးဖြစ်သည်ဟု သူမထင်တော့ပေ။ သူ့ပေါင်ပေ့က အကျင့်စာရိတ္တကောင်းပြီး ချစ်ဖို့ကောင်းကာ ဂရုစိုက်တတ်သည်ဟုသာ သူခံစားခဲ့ရသည်။ သူက လုံးဝကို နွေးထွေးတဲ့ ပေါင်ပေ့လေးဟာကို...


"အင်း" 

ကျိယွီရှောင်က သဘောတူလိုက်သည်။


သူ အလုပ်အားလုံးကို စီစဉ်ပြီးဖြစ်ကာ ကျန်သည်များကို ဗီဒီယိုအစည်းအဝေးမှတဆင့် ဖြေရှင်းနိုင်သသည့်အပြင် လဝက်ပဲဖြစ်သဖြင့် ထိခိုက်စရာမရှိပေ။


ကျိလဲ့ယွီ ဝမ်းသာအားရဖြစ်သွားပြီး လင်းဖေးလည်း အနည်းငယ် မပျော်ဘဲမနေနိုင်ပေ။


လင်းလော့ချင်း သူတို့ သုံးယောက်ကို ကြည့်ပြီး သူ့မျက်နှာမှာ မသိစိတ်က အပြုံးတွေနှင့် ပြည့်နေသည်။


ရုပ်ရှင်ရိုက်နေရချိန်မှာ သူ အလွန်ပျော်သည်။မည်သို့ပင်ဖြစ်စေ ဤသည်က သူသဘောကျသည့် အရာဖြစ်၏။ ဘယ်အချိန်ပဲလုပ်ရလုပ်ရ သူ ဘယ်တော့မှ ငြီးငွေ့မှာမဟုတ်ပေ။


သို့ပေမဲ့ ဤတစ်ခါက မတူပါချေ။


ယခု ကျိယွီရှောင်၊ လင်းဖေးနှင့် ကျိလဲ့ယွီတို့ပါ ရှိနေသည်။ အထူးသဖြင့် သူတို့ပြောသည်များကို နားထောင်ပြီး သူတို့ကိုကြည့်နေသည့်အခါ သူစိတ်သက်သာရာရပြီး ကျေနပ်မိသည်။ အဆုံးမရှိသော ပျော်ရွှင်မှုက ရေပန်းတစ်ခုသကဲ့သို့ အဆက်မပြတ် ပန်းထွက်လာသည်။


လင်းလော့ချင်း မုန့်တစ်ခုကို ကောက်ယူပြီး ကျိလဲ့ယွီအား ကျွေးလိုက်သည်။ ထို့နောက် လင်းဖေး၏ပါးစပ်ထဲကို နောက်တစ်ခုကို ခွံ့ကျွေးသည်။


သူ့လက်ကို ရုတ်လိုက်ပြီး ဟမ်စတားလေးတွေလို စားနေသည့် ပါးဖောင်းဖောင်းလေးများနှင့် ကလေးနှစ်ယောက်ကို ကြည့်လိုက်သည်။၎င်းက ချစ်စရာကောင်းသည်ဟု သူတွေးနေစဥ်မှာပဲ 'ငါ့အတွက်ရော' 'ငါကျမရဘူးလား' 'ငါ့အလှည့်မဟုတ်လား'ဟုရှင်းရှင်းလင်းလင်းပြောနေသည့် ကျိယွီရှောင်၏သံသယမျက်လုံးများကို သူ ရုတ်တရက်တွေ့လိုက်ရသည်။


လင်းလော့ချင်း ပြုံးလိုက်မိသည်။ ကလေးတွေရှေ့မှာ ကျိယွီရှောင်ကိုခွံ့ကျွေးရမည်ကို ရှက်သဖြင့် လက်ထဲကိုပဲ မုန့်တွေကို ထိုးထည့်ပေးလိုက်၏။


ကျိယွီရှောင်က သူ့လောက်ရှက်မနေဘဲ လင်းလော့ချင်း၏ပါးစပ်ထဲသို့ လက်ပြန် မုန့်ခွံ့ထည့်လိုက်သည်။


လင်းလော့ချင်း:"……"


လင်းလော့ချင်း ရွေးချယ်စရာမရှိပဲ ၎င်းကို ကိုက်ပြီး ဖြည်းညှင်းစွာ ဝါးလိုက်ရသည်။


မုန့်က ကြွပ်ရွနေပြီး အထဲရှိ ပဲအနှစ်က ချိုပေမဲ့ မအီပေ။ လိမ္မော်ခွံရနံ့ဖျော့ဖျော့နှင့် အရသာရှိလှသည်။


"ချိုလား" 

ကျိယွီရှောင်က မေးသည်။


လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။ 

"အင်း"


ကျိယွီရှောင်က သူ့ကို ပေါက်ထွက်မတတ် ကြည့်နေသည်။

"ငါလည်း ချိုတယ်လို့ ခံစားရတယ်"


လင်းလော့ချင်း:"……"


လင်းလော့ချင်း မပြုံးဘဲမနေနိုင်ပြန်ပေ။ထို့နောက် ခေါင်းငုံ့ကာ မုန့်စားနေလိုက်သည်။


မုန့်တွေကုန်ခါနီးမှာ ညစာက ရောက်လာသည်။



လင်းလော့ချင်းက စတိတ်ခ်စားပြီးသည်နှင့် လင်းဖေး နှင့် ကျိလဲ့ယွီထံမှ အာလူးချောင်းကြော်အနည်းငယ် ခိုးယူလိုက်သည်။ ထို့နောက် ကျေနပ်စွာဖြင့် ဆိုဖာပေါ် မှီ၍ ကလေးများနှင့် ရေခဲမုန့်စားသည်။


ကျိလဲ့ယွီက ယခုတစ်ကြိမ်တွင် သူ၏ နွေရာသီအားလပ်ရက် အိမ်စာများကို ယူဆောင်လာခြင်းမရှိပေ။ သူက ပျော်ရန်သက်သက်လာသည်မှန်း ထင်ရှားသည်။


ဤအကြိမ်နောက်ဆုံးစာမေးပွဲတွင် သူဒုတိယရခဲ့ပြီး လင်းလေ့ာချင်းနှင့်ကျိယွီရှောင်တို့ အံ့သြဝမ်းသာသွားကြသည်။ သူတို့သည် ကျိလဲ့ယွီ၏ ပညာရေးဆိုင်ရာ ကိစ္စရပ်များကို လင်းဖေးအား ယုံကြည်မှုအပြည့်ဖြင့် လွှဲပြောင်းပေးခဲ့သည်။


လက်ရှိအချိန်တွင် လင်းဖေးက ကျိလဲ့ယွီ၏ဘေးတွင်ထိုင်ကာ တီဗီကြည့်ရင်း ရေခဲမုန့်စားနေသည်။ သူက ကျိလဲ့ယွီ၏စာမလုပ်သည့်သဘောထားနှင့် လင်းလော့ချင်းနှင့်ကျိယွီရှောင်က ဘာမှ မပြောသည့်အပေါ်မကျေမနပ်ဖြစ်နေသည်။


လင်းဖေးတစ်ယောက်ကပဲ သဘောမတူခြင်းဖြစ်သည်။သူတို့ အားလုံးက သဘောတူကျေနပ်ကြသည်။


ကလေးနှစ်ယောက်၏ သင်ယူမှုကိစ္စနှင့် ပတ်သက်၍ လင်းလော့ချင်း နှင့် ကျိယွီရှောင် တို့သည် လင်းဖေးက မိသားစုထဲတွင် အကောင်းဆုံး သင်ယူသူ၊ အရည်အချင်းအရှိဆုံးနှင့် စိတ်အားထက်သန်ဆုံး အလုပ်သမားဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။ ထို့ကြောင့် သူ့တွင် အမြင့်ဆုံးပြောပိုင်ခွင့်ရှိသည်။


ခဏအကြာတွင် လင်းလော့ချင်း နှင့် ကျိလဲ့ယွီတို့သည် စကားပြောရန် အိပ်ခန်းသို့ ပြန်သွားကာ ဧည့်ခန်းထဲတွင် တီဗီကြည့်နေသည့် ကလေးနှစ်ယောက်ကို ထားခဲ့သည်။


သူ့ဘေးမှာ ကလေးနှစ်ယောက်မရှိလျှင် 

လင်းလော့ချင်းက သိပ်ရှက်မနေတော့ပါချေ။သူက အရုပ်များကို စွန့်ပစ်လိုက်ပြီး ကျိယွီရှောင်ကို ဖက်ကာ တရင်းတနှီး နမ်းလိုက်သည်။


ကျိယွီရှောင်က သူ့ကိုမေး၏။

"မင်းကြိုက်လား"


လင်းလော့ချင်းကစ ခေါင်းညိတ်လိုက်သည်။ 

"အချိန်တန်ရင် ဒီအရုပ်တွေကို ပြန်ယူသွားပြီး ငါတို့အိပ်ခန်းထဲမှာ ထည့်ထားလိုက်"


"ကောင်းပါပြီဗျာ"


"ဒီနေ့ သူတို့နှစ်ယောက်နဲ့ အကြာကြီး ကစားခဲ့တာ... ပင်ပန်းနေပြီလား" 

လင်းလော့ချင်းက စိုးရိမ်တကြီးဖြင့် သူ့ခြေထောက်များကို ကြည့်လိုက်သည်။ "ငါ မင်းကိုနှိပ်ပေးမယ်လေ"


"မလိုပါဘူးကွာ" 

ကျိယွီရှောင်က သူ့လက်ကို ဆုပ်ကိုင်လိုက်သည်။ 

"ခဏလောက် အနားယူလိုက်ရင်အဆင်ပြေသွားမှာ... မင်းရော... ရိုက်ကူးရေးအဆင်ပြေလား"


"ဒါပေါ့ အဆင်ပြေပါတယ်...မဟုတ်ရင် ငါဘယ်လိုလုပ် မင်းနဲ့အတူတူညစာစားဖို့ အစောကြီးထွက်လာနိုင်မှာလဲ"


"အဲဒါကောင်းတယ်"


"ရက်အနည်းငယ်အတွင်းမှာ ညခန်းတစ်ခုရှိတော့ စောစော ထွက်မလာနိုင်တော့ဘူး...ဒါပေမဲ့ အဆင်ပြေပါတယ် ...ရိုက်ကူးရေးပြီးတာနဲ့ မင်းဆီလာခဲ့မယ်"


"မလိုပါဘူး" 

ကျိယွီရှောင်က ညင်သာစွာပြောသည်။ "သိပ်နောက်မကျရင် ကလေးတွေနဲ့ အတူစောင့်နေမယ်... အရမ်းကြီးနောက်ကျရင် ဖေးဖေး နဲ့ ရှောင်ယွီကို အရင်အိပ်ခိုင်းလိုက်မယ်...ငါတစ်ယောက်ထဲ မင်းကို ရိုက်ကွင်းမှာ စောင့်နေမယ်"


လင်းလော့ချင်း၏နှလုံးသားထဲတွင် ချိုမြိန်သွားသည်။ သူက 'အိုး'ဟု ခပ်တိုးတိုးဆိုပြီး ခေါင်းငုံ့လိုက်၏။


ကျိယွီရှောင်က သူယခုလိုဖြစ်နေသည်မြင်သောအခါ သူ့မျက်နှာကို နမ်းလိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏နှုတ်ခမ်းဆီသို့ ဖြည်းညှင်းစွာ ရွေ့သွားပြီး ၎င်းတို့ကို အလိုအလျောက် မထိန်းချုပ်နိုင်စွာဖြင့် နမ်းလိုက်သည်။


လင်းလော့ချင်းက တိတ်တိတ်လေးပဲ သူ့ကို ဖက်ထားပြီး သူ၏အနမ်းများကို တုံ့ပြန်နေလိုက်သည်။


သူတို့၏စိတ်ခံစားချက်များ အပြင်းထန်ဆုံးအချိန်ကိုရောက်လာသောအခါ လေနှင့်လတို့မှာ အရိပ်တွေ ပါ၍လာလေသည်။


လင်းလော့ချင်း နောက်နေ့မနက်တွင် ရိုက်စရာအခန်းမရှိသောကြောင့် အိပ်ရာနောက်ကျမှထခဲ့ပြီး သူ ကျိယွီရှောင် ၊လင်းဖေး၊ကျိလဲ့ယွီတို့နှင့်အတူတူ မနက်စာစားသောက်ခဲ့၏။


ကျိယွီရှောင်က မနေ့က ရိုက်ကွင်းကို ရောက်ပြီးပြီဖြစ်သဖြင့် ယနေ့ သွားရန်မစီစဉ်ထားပေ။လိုသည်ထက်ပိုပြီးသွားခြင်းက လင်းလော့ချင်း 

အပေါ် ဆိုးရွားသည့် သက်ရောက်မှုရှိမှာကို သူကြောက်သည်။


သူတစ်ရက်နားလိုက်ပြီးနောက် လင်းလော့ချင်း အလုပ်ပြန်လုပ်သည့် သုံးရက်မြောက်သောနေ့တွင်မှ ရိုက်ကွင်းသို့ ထပ်သွားခဲ့သည်။


လင်းလော့ချင်းက ဝမ်ကျစ်မင်နှင့် ဟို့ဝမ်ယွီတို့နှင့်အတူ ယနေ့အတွက်နောက်ဆုံးအခန်းကိုရိုက်ကူးနေဆဲဖြစ်သည်။ သူ့မျက်လုံးတွေက ဘာကိုမှဂရုမစိုက်ဟန်ရှိနေပြီး သူ့အမူအရာက အေးစက်နေသည်။ သူက အလွန်တည်ငြိမ်နေပြီး အကူအညီမဲ့နေပုံရသည်။အထင်အမြင်သေးမှုတစ်စွန်းတစ်စလည်းသူ့ဆီမှာ မြင်နေရသည်။ဤခံစားချက်က.... ကျိယွီရှောင်ကို နားမလည်နိုင်အောင် ရင်းနှီးနေသလို ခံစားရစေသည်။


ကျိလဲ့ယွီက ၎င်းကိုကြည့်ပြီး အံ့သြတကြီးနှင့်ဆိုသည်။

"ရှုရှုက ခါတိုင်းနဲ့မတူဘူး"


"အဲဒါ သူက သရုပ်ဆောင်နေလို့ပါ"

ကျိယွီရှောင်က သူ့ကိုရှင်းပြလိုက်သည်။

"သရုပ်ဆောင််ဆိုတာက မတူညီတဲ့ ကာရိုက်တာတစ်ခုလိုလုပ်ဆောင်ပြီး မတူညီတဲ့ ဇာတ်လမ်းတစ်ခုကို ပြောပြဖို့... အဲဒါကြောင့် သူက သူ့ပုံမှန်ပုံစံနဲ့ မတူဘူးဖြစ်နေတာ"


ကျိလဲ့ယွီ နားလည်သွားပြီး လက်ခံကြောင်းဖော်ပြသည်။

"ရှုရှုသရုပ်ဆောင်တာက တကယ်ကောင်းတယ်နော်"


ကျိလဲ့ယွီက သူ့ခေါင်းကို ထိလိုက်သည်။ 

"ဟုတ်တယ်... သူက ဒီနယ်ပယ်မှာ ပရော်ဖက်ရှင်နယ်တစ်ယောက်လေ"


'သားလည်း ပရောက်ဖက်ရှင်နယ်ပဲ' 

ကျိလဲ့ယွီက ခေါင်းညိတ်ပြီး တိတ်တိတ်လေး တွေးလိုက်သည်။


လင်းဖေးကလည်း ငြိမ်သက်စွာ ကြည့်နေပြီး သူ့စိတ်ထဲမှာ လင်းလော့ချင်းက အလုပ်လုပ်သည့်အခါ သည်လိုပုံစံပါ့လားဟု တွေးနေမိသည်။


အလွန်လေးနက်ပြီး ကြည့်ကောင်းသည်။


လင်းဖေး မမြင်နိုင်သည့် အရပ်မှာ သူသည်လိုနေခဲ့သည်ပင်။


ကျိယွီရှောင် သူတို့နှစ်ဦး ဂရုတစိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး အနည်းငယ် စိတ်သက်သာရာရသွားသည်။


လင်းလော့ချင်းက ကလေးနှစ်ယောက်၏အမြင်တွင် နူးညံ့သိမ်မွေ့သောဖခင်တစ်ဦးဖြစ်ပြီး ယုံကြည်စိတ်ချရသောမိဘတစ်ဦးဖြစ်ရုံသာမက အောင်မြင်သောအသက်မွေးဝမ်းကြောင်းလုပ်ငန်းဖြင့် ဩဇာတိက္ကမရှိပြီး အမှီအခိုကင်းသောပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်ရန် သူမျှော်လင့်သည်။


သူသည် လင်းဖေး နှင့် ကျိလဲ့ယွီတို့ ၏ဖခင် သို့မဟုတ် ကျိယွီရှောင် ၏ချစ်သူဖြစ်နိုင်သည်။သို့သော်လည်း သူကိုယ်တိုင်လည်း လင်းလော့ချင်းဖြစ်သင့်သည်၊လင်းလော့ချင်းချည်းသက်သက်ဖြစ်၏။သူတို့မရှိလျှင်ပင် လင်းလော့ချင်း၏တန်ဖိုးနှင့် ထက်မြက်မှုတို့ကို ဖုံးကွယ်ထား၍ရမှာမဟုတ်ပေ။


ဤနည်းဖြင့်သာ သူ၏ ကြိုးစားအားထုတ်မှုနှင့် ဇွဲလုံ့လတို့ဖြင့် ထိုက်တန်မှာဖြစ်သည်။


ရိုက်ကူးရေးကို အာရုံစိုက်နေသည့် သူ့ချစ်သူကို ကြည့်ပြီး သူ့နှလုံးသားက ဂုဏ်ယူနှင့်နူးညံ့မှုတွေနှင့် ပြည့်နေသည်။


သူက အလွန်တော်သော သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ပြီး ကျိယွီရှောင်လည်း ၎င်းကို အမြဲသိခဲ့ပါ၏။ယခုတွင် သူ့ကိုသိသွားမြင်သွားသည့် လူများကတဖြည်းဖြည်း ပိုပိုများလာကာ သူ၏ အတောင်ပံများသည်လည်း တဖြည်းဖြည်း ဖြန့်ကျက်လာသည်။


လင်းဖေးက အချိန်အတော်ကြာအောင် ကြည့်နေခဲ့ပြီးနောက် သန့်စင်ခန်းသွားချင်လာသည်။


သူ ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း 'သန့်စင်ခန်း' ဟူသော ဆိုင်းဘုတ်ကို ရှာမတွေ့ပေ။ သူက ကျိယွီရှောင်အား "သန့်စင်ခန်းသွားချင်တယ်" ဟု တိတ်တိတ်လေး ပြောလိုက်သည်။


ကျိယွီရှောင် သန့်စင်ခန်းဘယ်မှာရှိလဲ မသိသဖြင့် ဝူရှင်းယွမ်ကိုသာ မေးရုံတတ်နိုင်သည်။


"နည်းနည်းဝေးတယ်" 

ဝူရှင်းယွမ်ကပြော၏။

"ကျွန်တော် လိုက်ပို့ပေးမယ်"


"ကောင်းပြီ"

ကျိယွီရှောင်က

သဘောတူလိုက်ပြီး ကျိလဲ့ယွီဘက်လှည့်ကာ "သားရော သန့်စင်ခန်းသွားမလား"ဟု မေးလိုက်သည်။


သူ့အဖေနှင့် လင်းဖေးသွားမှာကိုတွေ့သောအခါ ကျိလဲ့ယွီက ခေါင်းညိတ်လိုက်သည်။ 

"ဟုတ်ကဲ့"


သားအဖသုံးယောက် ဝူရှင်းယွမ်၏ဦးဆောင်မှုအောက်တွင် ရိုက်ကွင်း၏သန့်စင်ခန်းသို့ အတူတူသွားလိုက်ကြသည်။