အပိုင်း ၂၆၅
Viewers 87k

Chapter 265



“သွားရ‌‌အောင်...” 


ကျိယွီရှောင် ပြုံးကာ ပြောလိုက်သည်။


“မ‌နေ့ညက အ၀တ်တွေနဲ့ မင်းတို့လိုချင်တဲ့ပစ္စည်းတွေကို ထုပ်ပိုးပြီးပြီလား..."


"ဟုတ်..."


ကျိလဲ့ယွီက ရင်ဘတ်ကို ပုတ်ကာ ပြန်ဖြေလိုက်သည်။


"ကောင်းပြီ...ဒီလိုဆို ဒယ်ဒီတို့ အ၀တ်အစားလဲပြီး လေဆိပ်သွားကြတာပေါ့..."


"ဟုတ်..."


ကျိလဲ့ယွီက ၀မ်းသာအားရ ဟစ်ကြွေးလိုက်သည်။


*****


လင်းလော့ချင်းက ကားပေါ်မှ ဆင်းလာကာ လေဆိပ်သို့ ရောက်သည်နှင့် ပရိသတ်များကချက်ချင်း ၀န်းရံအော်ဟစ်လာကြသည်။


ငယ်ရွယ်သော မိန်းကလေးများက သူတို့၏အိုင်ဒေါလ်ရှေ့တွင် ထိန်းချုပ်မရစွာ တက်ကြွနေပြီး ရူးသွပ်စွာ‌ အော်ဟစ်နေကြ၏။


လင်းလော့ချင်းက ရယ်ရမည်လား ၊ ငိုရမည်လားမသိတော့ပေ။ သူ့ပရိသတ်များက နေ့တိုင်းအလွန်အမင်း တက်ကြွနေကြလေသည်။


"ကောကော အခုတလော ဘာလှုပ်ရှားမှုတွေ ရှိလဲ...''


ပရိသတ်များက သူ့နောက်လိုက်လာကြပြီး သူနှင့် နီးကပ်သော မိန်းကလေးတစ်ယောက်က ထမေးလိုက်သည်၊၊


လင်းလော့ချင်းက အမှန်အတိုင်း ပြန်ဖြေပေးလိုက်သည်။


"အခုတော့ 'အနောက်အရပ်သို့ခရီး'ကို ရိုက်ကူးနေပါတယ်...အဖွဲ့‌က နေရာပြောင်းနေတုန်း ခွင့်ရက်ယူပြီး ဒီကို ပြန်လာခဲ့တာလေ...အခု ရိုက်ကူးရေးနေရာသစ်က အကုန်စီစဉ်ပြီးလု ဖြစ်နေပြီဆိုတော့ ပြန်သွားတော့ပါ..."


"ဒါဆို 'အနောက်အရပ်သို့ခရီး'က ဘယ်အချိန်ပြီးမှာလဲ..."


"အဖွဲ့က ဘယ်အချိန် ပြီးမလဲတော့ မသိဘူး...ကျွန်တော့်အပိုင်းကတော့ လ၀က်လောက် ကြာဦးမယ်..."


"ကောကော 'အလင်းရောင်'ကရော ထုတ်လွှင့်တော့မှာလား..."


"မသိဘူး..."


ထုတ်လုပ်သူက နွေရာသီ သို့မဟုတ် နို၀င်ဘာတွင် ထုတ်လွှင့်ဖြစ်မည်ဟု ပြောထားသော်လည်း ယင်းက တရား၀င် သတ်မှတ်ထားခြင်း မဟုတ်ပေ။ သို့သော် ယခု ဇူလိုင်လအစောပိုင်းဖြစ်ပြီး နွေရာသီကလည်း အလွန်နီးကပ်နေပြီဖြစ်သည့်အတွက် နို၀င်ဘာလဖြစ်သင့်လေသည်။


“ကောကော နောက်အလုပ်အတွက် ဘယ်လိုဇာတ်ရုပ်မျိုး ရိုက်မှာလဲ...”


“မသိသေးဘူး...ဇာတ်ညွှန်းကို ကြည့်ပြီးမှပဲ ပြောလို့ရမယ်...”


“ကောကော ရသစုံရှိုးတွေ ရိုက်ဖို့ တွေးဖူးလား...ဘယ်လို ရသစုံရှိုးမျိုးကို ရိုက်ချင်လဲ..."


လင်းလော့ချင်းက ထိုအကြောင်း မတွေးဖူးပေ။ သူက နေ့တိုင်း အလုပ်များနေပြီး ထိုအကြောင်းတွေးရန် အချိန်မရှိပေ။ သို့သော် အနာဂတ်တွင် သင့်လျော်သည့်ရှိုးရှိလျှင် ရိုက်ကူးမည်ဖြစ်သည်။


နောက်ဆုံးတွင် သူက ရသစုံရှိုးမှတစ်ဆင့် ငွေရှာနိုင်ပြီး လူသစ်များနှင့် တွေ့ဆုံကာ သူ့အဆက်အသွယ်ကို ချဲ့ထွင်နိုင်ပေသည်။ ဖျော်ဖြေရေးလောကတွင် အဆက်အသွယ်က အလွန်အရေးကြီးပေသည်။


“ရသစုံရှိုးတွေကို ကြိုက်ပါတယ်...သင့်လျော်တဲ့ဟာဆိုရင်တော့ ရိုက်ကူးဖြစ်မှာပါ..."


သူက ပရိသတ်အချို့၏မေးခွန်းများကို ဖြေနေရင်းပင် သူ မသိလိုက်မီမှာပဲ လုံခြုံရေးစစ်ဆေးရေးဂိတ်ပေါက်သို့ ရောက်လာလေသည်။


ပရိတ်သတ်များက ရပ်တန့်ကာ လက်ဝှေ့ယမ်း နှုတ်ဆက်လိုက်ကြသည်။


လင်းလော့ချင်းကလည်း ပြန်နှုတ်ဆက်လိုက်ပြီး ဓာတ်ပုံများစွာ အရိုက်ခံပြီးနောက် လုံခြုံရေးစစ်ဆေးရေးဂိတ်ပေါက်သို့ ၀င်လိုက်သည်။


ဝူရှင်းယွမ်က သူ့နောက်လိုက်ကာ သက်ပြင်းချလိုက်၏။


"ဖန်တွေက အရမ်းများလွန်းတယ်...နောက်တစ်ခါကျရင် VIPလမ်းကြောင်းကို ရွေးလိုက်...လူများလွန်းတယ်..."


"အဆင်ပြေပါတယ်..."


လင်းလော့ချင်းက ယင်းကို များစွာ ဂရုမစိုက်ပေ။


"သူတို့အားလုံးက ကျွန်တော့်ကို ကြိုက်ပြီး ကျွန်တော့်ကို တွေ့ချင်လို့ လာကြတာလေ...ဒီအတိုင်းပဲ ထားလိုက်ပါ...တွန်းတိုက်စုပြုံတာမျိုး မရှိသရွေ့ အဆင်ပြေပါတယ်..."


သူက ပရိသတ်များ၏နှလုံးသားကို ဂရုစိုက်ပေသည်။ အကယ်၍ သူသာ ထိုသို့လုပ်လိုက်လျှင်ပရိသတ်များက အချိန်အကြာကြီးစောင့်‌ခဲ့ရသော်လည်း သူတို့ တွေ့ချင်သည့်သူကို မတွေ့ကြရဘဲ အိမ်ကို စိတ်ပျက်လက်ပျက် ပြန်သွားကြမည်ဖြစ်သည်။


ပရိသတ်များနှင့် နာမည်ကြီးများက တစ်ဖက်ထဲတွင် ရပ်တည်နေကြခြင်းဖြစ်သည်။ ပရိသတ်များ၏အားပေးမှုကြောင့်သာ သာမာန်လူများကနေ နာမည်ကြီးဖြစ်လာကြခြင်းပင်။


ဝူရှင်းယွမ်က လင်းလော့ချင်းစကားကို ကြားသောအခါ လင်းလော့ချင်းက အလွန်ဂရုစိုက်တတ်သည်ဟု တွေးလိုက်သည်။


သူက ဥက္ကဋ္ဌကျိရဲ့နှလုံးသားကို အနိုင်ရသွားတာ မထူးဆန်းတော့ပါဘူး...


ထို့နောက် သူတို့က ထွက်ခွာခြင်းဂိတ်တွင် ထိုင်ကာ လေယာဉ်ပေါ်သို့တက်ရန် စောင့်နေကြလေသည်။


ထိုစဉ် ဝူရှင်းယွမ်၏ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ ဝူရှင်းယွမ်က ဖုန်းကို ကြည့်လိုက်‌သောအခါ သူ့အမူအရာက ချက်ချင်း သိမ်မွေ့သွားလေသည်။


"ဘယ်လိုလဲ...မင်း ပထမတန်းမှာ စီးချင်လား..."


ဝူရှင်းယွမ်က လင်းလော့ချင်းကို ကြည့်ကာ မေးလိုက်သည်။


လင်းလော့ချင်း ခေါင်းခါလိုက်သည်။


"ရိုးရိုးတန်းပဲ စီးကြတာပေါ့..."


အမှန်တွင် သူက ပိုက်ဆံအပိုပေးရန် ၀န်လေးနေခြင်း ဖြစ်သည်။


“ဥက္ကဋ္ဌကျိက မင်းအတွက် ပထမတန်းကို ယူထားတာ ထပ်တွေးကြည့်ပါဦး...”


လင်းလော့ချင်း :“????!!!!”


အဲ့လို ကောင်းတာ ရှိသေးလား...


"အစ်ကိုဝူကရော...ပထမတန်းမှာ စီးချင်လား..."


ဝူရှင်းယွမ် :"..."


ဝူရှင်းယွမ် ထေ့ငေါ့ပြောလိုက်သည်။


"ဘာတွေ ပြောနေတာလဲ...ငါက ဘယ်လိုလုပ် ထိုက်တန်မှာလဲ...ငါက နိမ့်ချတဲ့အလုပ်သမားလေးတစ်ယောက်ပါပဲ...သူ‌‌ဋ္ဌေးရဲ့ မိန်းမမဟုတ်ဘူး...သူဋ္ဌေးက ငါ့ကို မျက်နှာသာပေးပြီး စီးခိုင်းရင် တောင် ငါ မစီးရဲပါဘူး..."


လင်းလော့ချင်း :"..."


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်သည်။


"‌နောက်တစ်ခါကျရင် သူဋ္ဌေးက သေချာပေါက် အစ်ကိုဝူကို ပထမတန်း စီးခိုင်းမှာပါ..."


"မလိုပါဘူး..."


ဝူရှင်းယွမ်က ရိုးသားစွာ ပြောလိုက်သည်။


"ဘယ်မှာစီးရစီးရ ငါ့အတွက် ကိစ္စမရှိဘူး...မင်းဘာမင်းသာ သွားထိုင်ပြီး ပျော်ပျော်နေပါ..."


လင်းလော့ချင်းက ပထမတန်းကို လွန်စွာ တောင့်တခြင်း မရှိပေ။ အဓိကအကြောင်းရင်းက ဈေးကြီး၍ဖြစ်ပြီး ယခု တစ်စုံတစ်ယောက်က သူ့အတွက် ပေးချေပေးလာ‌သောအခါ ပထမတန်းကို အပန်းဖြေဥယျာဉ်သို့ ပထမဆုံးရောက်ဖူးသော ကလေးတစ်ယောက်သဖွယ် ပျော်ရွှင်အံ့ဩစွာ လျှောက်ကြည့်လိုက်လေသည်။


လေယာဉ်မထွက်ခွာမီ လင်းလော့ချင်းက ဖုန်းထုတ်ကာ ဓာတ်ပုံရိုက်လိုက်ပြီး ကျိယွီရှောင်ထံ WeChatမတ်ဆေ့ခ်ျပို့ပေးလိုက်သည်။


[‌မင်းရဲ့ကောင်းချီးပေးမှုအတွက် ကျေးဇူးတင်ပါတယ်...ငါ ပထမတန်းမှာ ပထမဆုံး စီးဖူးဝာာပဲ...အရမ်းပျော်တယ်...]


ကျိယွီရှောင်က လျင်မြန်စွာ အကြောင်းပြန်လိုက်သည်။


[မင်းသဘောကျရင် နောက်ကျရင် အချိန်တိုင်း စီးလို့ရတယ်...]


လင်းလော့ချင်း :[ထားလိုက်ပါ...ဒါက မလိုအပ်ဘူး...ပထမတန်းက အဲ့လောက်မကောင်းပါဘူး...]


ကျိယွီရှောင်က တစ်ခဏခန့် တွေးကာ ပြန်ဖြေလိုက်သည်။


[ ငါ့အစ်ကိုက ကိုယ်ပိုင်လေယာဉ်ဝယ်ခဲ့တာကို မသိ‌သေးဘူးနဲ့တူတယ်...]


လင်းလော့ချင်း :"???"


သူ မသိဘူး...


သူ မသိခဲ့ဘူး...


အစ်ကိုကြီးက အရမ်းချမ်းသာတာပဲ...


ကျိယွီရှောင် :[မင်းကြိုက်ရင် အဲ့လေယာဉ်သုံးလို့ရတယ်...]


လင်းလော့ချင်း :'သူက သာမာန်သရုပ်ဆောင်လေးပါ...အဲ့လောက် ခမ်းနားကြီးကျယ်နေစရာမလိုပါဘူး...'


လင်းလော့ချင်းက လေယာဉ်မထွက်သေးသည်ကို အခွင့်ကောင်းယူကာ ကျိယွီရှောင်နှင့် wechatတွင် စကားပြောနေလေသည်။


သူက wechatကို အာရုံစိုက်နေသောကြောင့် နောက်မှ သူ့ထံ ချဉ်းကပ်လာသူကို သတိမထားမိပေ။ 


ထို့နောက် ကလေးလက်တစ်စုံက သူ့မျက်လုံးကို ဖုံးအုပ်လိုက်ပြီး ရင်းနှီးနေ‌သောအသံက သူ့နာထဲ တိုး၀င်လာလေသည်။


"ဘယ်သူလဲ မှန်းကြည့်..."


လင်းလော့ချင်းက မယုံကြည်နိုင်စွာ ပြောလိုက်သည်။


"ရှောင်ယွီ..."


"မဟုတ်ဘူး..."


နောက်အသံတစ်သံ ထပ်မံထွက်ပေါ်လာလေသည်။


လင်းလော့ချင်းက အလွန်၀မ်းသာအံ့ဩနေပြီး သူ့မျက်လုံးပေါ်မှ လက်လေးကို ဆုပ်ကိုင်လိုက်သည်။


"ဖေးဖေးမလား...သားက ဒီရောက်နေတာလား..."


 လင်းဖေးက သူ့လက်ကို လွှတ်လိုက်ပြီးနောက် လင်းလော့ချင်း နောက်လှည့်ကြည့်လိုက်သောအခါ ကျိလဲ့ယွီက လင်းဖေးဘေးတွင် ပြုံးကာ ရပ်နေသည်ကို တွေ့လိုက်ရလေသည်။


လင်းလော့ချင်းက လက်ကို မြှောက်လိုက်ပြီး ကျိလဲ့ယွီမျက်နှာလေးကို ညှစ်လိုက်သည်။


"အရမ်းတော်တယ်...သားက လူညာလေးပဲ...သနားချင်စရာကောင်းအောင် ဟန်ဆောင်နေတာပဲ...သား အိမ်မှာ ငိုနေမှာကို ပါးပါး စိုးရိမ်နေတာ...အခု အဆင်ပြေနေတာပဲ...သား ပါးပါးနောက်လိုက်လာတာလား..."


ကျိလဲ့ယွီက မျက်တောင်ခတ်ကာ ချစ်စရာကောင်းစွာ ပြောလိုက်သည်။


"ကျို့ကျို့နဲ့မခွဲနိုင်လို့ သားက လိုက်လာပေးတာ..."


"ကျို့ကျို့လား..."


လင်းလော့ချင်း ခေါင်းရှုပ်သွားသည်။


ကျိလဲ့ယွီက လင်းလော့ချင်းနား နားကပ်ကာ ပြောလိုက်သည်။


"ဒယ်ဒီက ပြောတယ်...အပြင်မှာ သား ပါးပါးကို ပါးပါးလို့ခေါ်ရင် အန္တရာယ်များတယ်တဲ့...ဒယ်ဒီက ကိုကို့ (လင်းဖေး)ကို ကျို့ကျို့လို့ ဆက်ခေါ်ခိုင်းပြီး သားကို ရှုရှုလို့ ခေါ်ခိုင်းတယ်...ဒါပေမဲ့ သားက ပါးပါးကို ကိုကိုနဲ့တူကျို့ကျို့လို့ပဲခေါ်မယ်..."


(TN: တရုတ်မှာ အမေဘက်က ဦးလေးကို舅舅(jiùjiu)လို့ခေါ်ပြီး အဖေဘက်ကဦးလေးကို 叔叔(shūshu)လို့ ခေါ်ပါတယ်...အဲ့‌တော့ အရင်က ကျိယွီရှောင်ကို ရှုရှုခေါ်တာက မှန်ပေမဲ့ လင်းလော့ချင်းကို ရှုရှုခေါ်နေခဲ့တာက မှားနေခဲ့ပါတယ်...ဒါက Translatorဘက်မှ အမှားပဲဖြစ်ပါတယ်...အခုတော့ ကျို့ကျို့လို့ပဲ ခေါ်ပါမယ်ရှင့်)


လင်းလော့ချင်းက ထိုစကားကို ကြားသောအခါ ကျိယွီရှောင်က အလွန်တွေးတတ်ကြောင်း ခံစားလိုက်ရသည်။


သူ မေးလိုက်၏။


"သားဒယ်ဒီရော..."


ထိုအခါ လင်းဖေးနှင့် ကျိလဲ့ယွီက ဘေးကို ရွေ့ပေးလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်နေသော ကျိယွီရှောင်ကို ပြလိုက်လေသည်။


ကျိယွီရှောင်က ပြုံးကာ နူးညံ့စွာ ကြည့်လိုက်ပြီး ပြောလိုက်သည်။


"ငါ တွေးကြည့်တော့ မင်းနဲ့တစ်ခါတည်းသွားတာ ပိုကောင်းသလားလို့...မဟုတ်ရင် နောက်ကျသွားပြီး မင်းရိုက်ကူးရေး ပြီးသွားဦးမယ်..."


လင်းလော့ချင်းက ကူရာမဲ့စွာ ရယ်မောလိုက်ပြီး သူ့မျက်လုံးများက လေးကိုင်းသဖွယ် ကွေးညွှတ်သွားလေသည်။ သူ့မျက်၀န်းထဲတွင် ပျော်ရွှင်မှုအလွှာရှိနေ၏။


ကျိယွီရှောင်က လျှောက်သွားလိုက်ပြီး လင်းလော့ချင်းဘေး‌တွင် ၀င်ထိုင်လိုက်သည်။


"ဘာဖြစ်လို့လဲ..."


လင်းလော့ချင်း မေးလိုက်၏။


"မင်း ငါ့ကို ဖက်ချင်သလားလို့ပါ..."


ကျိယွီရှောင်က အရှက်ကင်းမဲ့စွာ ပြန်ဖြေလိုက်သည်။


"အတွေးလေးက လှသား..."


လင်းလော့ချင်းက ပြောပြီးနောက် သူ‌ ဘေးတွင် ရပ်နေသည့်ကျိလဲ့ယွီကို ပေါင်ပေါ် ဆွဲတင်ပွေ့ဖက်လိုက်ကာ ပြောလိုက်သည်။


"ငါ့ရဲ့ကလေးလေးကိုပဲ ဖက်မှာပေါ့..."


ကျိလဲ့ယွီ :"..."


ကျိလဲ့ယွီက အမြန်ပြောလိုက်သည်။


"ဒယ်ဒီကို ဖက်တာက ပိုကောင်းတယ်...သားက ကလေးမဟုတ်တော့ဘူး...လူကြီးဖြစ်နေပြီ.. ဖက်စရာ မလိုတော့ဘူး..."


လင်းလော့ချင်း :"..."


မနေ့ညက‌တော့ မင်းက ကလေးလေးဆို...အခု ကလေးမဟုတ်တော့ဘူးတဲ့လား...


ကျိလဲ့ယွီက ခေါင်းခါလိုက်ပြီး ခိုင်မာစွာ ထပ်ပြောလိုက်သည်။


"ကျို့ကျို့ ဒယ်ဒီကိုပဲ ဖက်ပေး...သားက ကိုကိုနဲ့ကစားနေမယ်..."


ပြောပြီးနောက် လင်းလော့ချင်း၏ပေါင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ပြီး လင်းဖေးလက်ကိုဆွဲကာ အနောက်တွင် သွားထိုင်လိုက်သည်။


လင်းလော့ချင်း :"..."


လင်းဖေး :"..."


ကျိယွီရှောင် :"..."


လင်းလော့ချင်းက ရယ်ရမည်လား၊ ငိုရမည်လား မသိတော့ပေ။


"ရှောင်ယွီက အရမ်းချစ်စရာ ကောင်းတာပဲ...အဲ့ဒါကို မင်းသိရဲ့လား..."


"ငါ သိတာပေါ့..."


ကျိယွီရှောင်က ဂုဏ်ယူစွာ ပြောလိုက်သည်။


"သူက အမြဲတမ်း ချစ်စရာကောင်းတယ်..."


စကားပြောနေစဉ် သူက လင်းလော့ချင်းလက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်သည်။


လင်းလော့ချင်း၏နှလုံးသားက ချက်ချင်း ခုန်ပေါက်လာလေသည်။


"ဘာလုပ်တာလဲ..."


"မင်းက ပွေ့ဖက်ဖို့ အဆင်မပြေတော့ နည်းလမ်းပြောင်းရတာပေါ့..."


လင်းလော့ချင်း :"..."


လင်းလော့ချင်းက ခေါင်းငုံ့လိုက်ပြီး သူ့မျက်နှာက အနည်းငယ် နီရဲနေလေသည်။


ကျိလဲ့ယွီက လည်ပင်းကို ဆန့်ကာ အရှေ့မှခုံတန်းကို လှမ်းကြည့်နေပြီး လင်းဖေးကို ပြောလိုက်သည်။


"ဘာလို့ မဖက်ကြသေးတာလဲ..."


လင်းဖေး :"..."


လင်းဖေးက သစ်ကုလားအုတ်တစ်ကောင်သဖွယ်ဖြစ်နေသည့် ကျိလဲ့ယွီကို ထိုင်ခုံပေါ်ဖိချလိုက်သည်။


"ထိုင်နေ..."


ကျိလဲ့ယွီက သက်ပြင်းချလိုက်သည်။


"ဒယ်ဒီက ပါးပါးကို ဖက်ချင်နေတာမလား...ဘာလို့ အခုထိ မဖက်ကြသေးတာလဲ..."


လင်းဖေး :"..."


မင်းက အရမ်းစိုးရိမ်နေတာပဲ...


သူတို့နှစ်ယောက်က မလောတာကို မင်းက လောနေတယ်...


ကျိလဲ့ယွီက နှုတ်ခမ်းဆူကာ လင်းဖေကို မှီလိုက်ပြီး လင်းဖေးကို ပွေ့ဖက်လိုက်သည်။


ထားလိုက်ပါ...ပါးပါးက အခုမဖက်သေးချင်လို့ နေမှာပေါ့...


ဒါပေမဲ့ သူတို့ဘေးမှာ တစ်ယောက်မှမရှိတာကို ဘာဖြစ်လို့ မဖက်ကြသေးတာလဲ...


ကျိလဲ့ယွီ ‌ခေါင်းရှုပ်နေလေ၏။ 


သူက ပွေ့ဖက်ရတာကို ကြိုက်တယ်...ဒယ်ဒီဖက်ဖက်၊ ပါးပါးဖက်ဖက်၊ ကိုကိုဖက်ဖက် အကုန်ကြိုက်တယ်...


ကျိလဲ့ယွီက လင်းဖေးကို ကြည့်ကာ ပြောလိုက်သည်။


"သားကို ဖက်ပေး..."


"ငါ မင်းကို ဖက်ထားပြီးပြီလေ..."


"ဒါဆို ပိုဖက်ပေး..."


လင်းဖေး :"..."


သူက ပိုပို တွယ်ကပ်လာတာပဲ...


သူက ကျိလဲ့ယွီမျက်နှာကို ညှစ်လိုက်ပြီး ပိုမိုတင်းကြပ်စွာ ဖက်လိုက်သည်။


ဘယ်လိုလုပ်ပြီး ဖက်ပေးတာနဲ့ထိပေးတာကို အရမ်းကြိုက်တဲ့သူ ရှိနေတာလဲ...


လင်း‌ဖေး နားမလည်နိုင်ပေ။


လူတွေက အမှီအခို ကင်းသင့်တယ်...


လင်းလော့ချင်းက လေယာဉ်ထွက်သည်နှင့် ဖုန်းကို ပိတ်လိုက်သည်။ သူ ကြည့်ရ‌သလောက် ပထမတန်းတွင် သူတို့မှလွဲ၍ အခြားလူများ မရှိပေ။ လူအများစုက သူနှင့်အတွေးတူပြီး ပိုက်‌ဆံပို‌ပေးရမှာကို ၀န်လေးကြပုံပေါ်သည်။


ဒါလည်း ကောင်းတာပဲ...လေယာဉ်တစ်စီးလုံး စီးလုံးငှားထားသလို ခံစားရတယ်...


"ငါတို့ပဲ ရှိနေတာပဲ..."


လင်းလော့ချင်းက မျက်လုံးပုတ်ခတ်ပုတ်ခတ်လုပ်ကာ မေးလိုက်သည်။


"ဟုတ်တယ်..."


ကျိယွီရှောင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။


သူက ဘိုကင်တင်ကတည်းက ထိုသို့ဖြစ်စေရန်လုပ်ထားခြင်းဖြစ်သည်။ သူက အခြားလူများလင်းလော့ချင်းကို သတိပြုမိမည်ကို၊ လင်းလော့ချင်းကို နှောင့်ယှက်မည်ကို မလိုချင်ပေ။


သို့သော် လင်းလော့ချင်းက ပထမတန်းလက်မှတ် ဈေးကြီးသောကြောင့် လူအနည်းငယ်မျှသာ ပထမတန်းကို စီးကြခြင်းဟု ထင်နေလေသည်။


ထို့ကြောင့် သူက ယင်းအပေါ် သံသယမရှိပေ။ သူက ပြတင်းပေါက်ကို မှီကာ အပြင်ကို လှမ်းကြည့်နေ‌လိုက်သည်။


သူက ကျိလဲ့ယွီ ယခင်က လေယာဉ်စီးဖူးသည်ဟု ထင်သောကြောင့် လင်းဖေးကိုသာ လှမ်းပြောလိုက်သည်။


"ကြည့် ဖေးဖေး တိမ်တွေက ငါတို့ဘေးမှာ ရှိနေတယ်..."


လင်းဖေးက ပြတင်းပေါက်နား ကပ်ကာ ကြည့်လိုက်ပြီး ကျိလဲ့ယွီသည်လည်း မတ်တပ်ရပ်ကာ ကြည့်လိုက်လေသည်။ တိမ်လွှာများက အဆုံးအစမရှိပေ။ သူတို့က မပျော်‌သေးသည့် နှင်းပုံများနှင့်တူပြီး နူးညံ့သည့် မာရှယ်လိုများနှင့်လည်း တူလေသည်။


လင်းဖေးက တိမ်များကို ဤမျှ နီးကပ်သောအကွာအဝေးမှ ပထမဆုံး မြင်ဖူးခြင်းဖြစ်ပြီး အနည်းငယ် အံ့အားသင့်နေလေသည်။ သူက ပြတင်းပေါက်ဘေးတွင် တိတ်တဆိတ်ထိုင်ကာ ကြည့်နေလိုက်လေ သည်။


ကျိလဲ့ယွီသည်လည်း လင်းဖေးကို မှီကာ တိမ်များကို ကြည့်နေလိုက်သည်။


“ကြည့်‌ကောင်းလား..."


ကျိယွီရှောင်က လင်းလော့ချင်းနား နားကပ်ကာ မေးလိုက်၏။


"ကြည့်ကောင်းတယ်..."


လင်းလော့ချင်းက လင်းဖေးကဲ့သို့ လေယာဉ်ပထမဆုံး စီးဖူးခြင်းမဟုတ်‌သော်လည်း တိမ်များကို လှပသည်ဟု ‌ဘယ်သောအခါမှ မတွေးဖူးခဲ့ပေ။


သူ ကြိုက်သည့်သူက ဘေးမှာရှိနေသောကြောင့် မြင်မြင်သမျှ လှပနေခြင်း ဖြစ်နိုင်ပေသည်။


လင်းလော့ချင်းက ကျိယွီရှောင်မျက်နှာကို အမြန် ဖျတ်ခနဲ နမ်းလိုက်ပြီး ပြတင်းပေါက် အပြင်ဘက်ရှိ တိမ်များကို ဆက်ကြည့်နေလိုက်သည်။


ကျိယွီရှောင်က လင်းလော့ချင်း ခါးကို ဖက်လိုက်ပြီး လင်းလော့ချင်း၏မျက်နှာဘေးကို နမ်းလိုက်သည်။


"နောက်ကျရင် ငါ ဒီထက်လှတဲ့ ရှုခင်းတွေကို ကြည့်ဖို့ ခေါ်သွားပေးမယ်..."


ကျိယွီရှောင် ကတိပေးလိုက်သည်။


"အင်း..."


လင်းလော့ချင်း၏နှလုံးသားထဲ၌ ပျော်ရွှင်မှုများပြည့်နှက်နေလေသည်။


သူက ကျိယွီရှောင်၏လက်ကို ဆုပ်ကိုင်ထားပြီး သူ့နှလုံးသားက ချိုမြိန်နေလေ၏။


လေယာဉ်ဆင်းသောအခါ လင်းလော့ချင်းက ဝူရှင်းယွမ်နှင့် သွားတွေ့လိုက်သည်။


ဝူရှင်းယွမ်က ရုတ်တရက် ပေါ်လာသော သူဋ္ဌေးနှင့် သူဋ္ဌေး၏ကလေးများကို မြင်သောအခါ အံ့အားသင့်သွားလေသည်။


လင်းလော့ချင်းက ဥက္ကဋ္ဌကျိနဲ့ အတူတူရှိနေတာလား...


သူ့မိန်းမကို နောက်ကို လိုက်ခဲ့တာလား...တဖြည်းဖြည်းနဲ့ အချစ်မှာ ရူးသွပ်သထက်ရူးသွပ်နေပြီပဲ...


လင်းလော့ချင်းက လေဆိပ်တွင် ပရိသတ်များ‌ စောင့်နေမည်ကို စိုးရိမ်သောကြောင့် VIPလမ်းကြောင်းမှ မဆင်းခဲ့ပေ။


ကျိယွီရှောင်ကလည်း လေဆိပ်တွင် လူများနေမည်ကို စိုးရိမ်သောကြောင့် ကလေးနှစ်ယောက်ကို ခေါ်ကာ VIPလမ်းကြောင်းမှ ဆင်းပြီး လင်းလော့ချင်းကို အခြားနေရာတွင် စောင့်နေခဲ့သည်။


ကျိယွီရှောင်ကို လာကြိုသောကားက ရောက်‌နေပြီဖြစ်ကာ သူက ကားပေါ်တက်လိုက်ပြီး ဒရိုင်ဘာကို အခြားဆုံမှတ်သို့ မောင်းခိုင်းလိုက်သည်။


သူ ကြာကြာ မစောင့်ခဲ့ရပေ။ မကြာမီပင် လင်းလော့ချင်း၏ကား ရောက်လာပြီး လင်းလော့ချင်းက ‌ကားပေါ်မှ ဆင်းလာကာ ကျိယွီရှောင်၏ကားထဲသို့ ၀င်လိုက်သည်။


လင်းလော့ချင်းက ကားတံခါးပိတ်ပြီးနောက် မေးလိုက်၏။


"မင်း ဘယ်မှာနေမှာလဲ..."


“အတွင်းရေးမှူးကို ဟိုတယ်မှာ ဘိုကင်တင်ခိုင်းထားတယ်...မင်းတည်းတဲ့ ဟိုတယ်နဲ့ မဝေးဘူး..."


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်ပြီး လင်းဖေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ လင်းဖေး၏နူးညံ့သော မျက်နှာလေးကို တို့လိုက်သည်။


လင်းဖေးက လင်းလော့ချင်းကို ကူရာမဲ့စွာ ကြည့်နေသော်လည်း လင်းလော့ချင်း၏လှုပ်ရှားမှုများကို မတားခဲ့ပေ။


လင်းလော့ချင်း၏မျက်နှာပေါ်ရှိ အပြုံးက ပိုမိုနက်ရှိုင်းလာလေသည်။


"ဘာလို့ ဒီတစ်ခေါက် လော့ကျားကို ခေါ်မလာတာလဲ..."


"သူနဲ့ ရှောင်လီကို အားလပ်ရက် ပေးထားတယ်...အရင်က တော်တော်အလုပ်ကြိုးစားခဲ့ကြ‌တော့ အခုခဏလောက် အနားယူခိုင်းထားတယ်..."


ကျိယွီရှောင် ပြောလိုက်သည်။


လင်းလော့ချင်း ခေါင်းငြိမ့်လိုက်သည်။ ကျိယွီရှောင်နှင့် ကလေးနှစ်‌ယောက်ကို ကာကွယ်ရန် လော့ကျားနှင့်ရှောင်လီက သူတို့နောက် အချိန်တိုင်းလိုက်ခဲ့ရလေသည်။ ယခု ကျိယွီရှောင်က နေပြန်ကောင်းနေပြီဖြစ်သည့်အတွက် သူတို့ ခဏလောက် အနားယူသင့်ပြီဖြစ်သည်။


"အဆင်ပြေပါတယ်...ငါ စဉ်းစားထားတာရှိတယ်...ငါ မင်းဆီလာရင် ကလေးနှစ်‌ယောက်ကိုပါခေါ်လာမှာ...သူတို့ ဟိုတယ်မှာပဲ အိမ်စာရေးနေရရင် ပျင်းနေလိမ့်မယ်..."


ကျိယွီရှောင် ပြောလိုက်သည်နှင့် ကျိလဲ့ယွီက တက်ကြွစွာ ခေါင်းငြိမ့်လိုက်သည်။


"အွန်း...အွန်း..."


လင်းဖေး :"..."


လင်းလော့ချင်း :"..."


အိမ်စာကို ဘယ်လောက်တောင် မလုပ်ချင်တာလဲ...


"ကောင်းပါတယ်..."


လင်းလော့ချင်းက သူ့ကို မျှော်လင့်တကြီး ကြည့်နေသည့် ကျိလဲ့ယွီကို ကြည့်လိုက်သည်။


"ငါက အဖွဲ့ထဲမှာ လူကြိုက်များပြီး အဖွဲ့ထဲက လူတွေကလည်း သဘောကောင်းကြတယ်...ကလေးနှစ်ယောက် အတူခေါ်လာလည်း ဘာမှပြောမှာမဟုတ်ဘူး...သူတို့လည်း ရုပ်ရှင် ဘယ်လိုရိုက်လဲဆိုတာကို ကြည့်လို့ရတာပေါ့..."


"ဟုတ်..."


ကျိလဲ့ယွီက ပျော်ရွှင်စွာ ပြန်ဖြေလိုက်၏။


လင်းလော့ချင်းက ပြုံးကာ လင်းဖေးနှာခေါင်းကို ထိလိုက်သည်။လင်းဖေးက သူ့ကို ကူရာမဲ့စွာ ကြည့်နေသည်ကို မြင်သောအခါ လင်းဖေးမျက်နှာလေးကို ပြင်းထန်စွာ ပွတ်သပ်လိုက်လေသည်။


လင်းဖေး :"..."


လင်းဖေးက နီရဲနေသော မျက်နှာလေးကို ထိကာ တစ်ဖက်လူ၏အကျင့်ဆိုးများကို ထပ်မံသည်းခံရန် ဆုံးဖြတ်လိုက်သည်။