အပိုင်း ၁၁၆
Viewers 22k

🍬Chapter 116



ဆန်ကာတင်စာရင်းကို တစ်ယောက်ပြီးတစ်ယောက် ဖတ်ပြနေစဥ်၊ ထိုလူငါးဦး၏ ရုပ်ပုံများက သူမ၏နောက်ကွယ်ရှိ ဖန်သားပြင်ကြီးပေါ်တွင် ပေါ်လာသည်။ မကြာမီ၊ မြင်ကွင်းကပြောင်းလဲသွားပြီး ဗီဒီယိုများ အစဉ်လိုက်ပြသလာသည်။


ဖန်သားပြင်ကြီးပေါ်တွင် ချီချန်အန်းပေါ်လာသည့်အခါ၊ ရွှီလော့ယန်က ရုတ်တရက်ငြိမ်ကျသွားသည်။ 


သူက ဖန်သားပြင်ထက်မှ ပုံရိပ်ကိုကြည့်ရန် အာရုံစိုက်နေသည် - ချီချန်အန်း သရုပ်ဆောင်ထားသော ရွှီကျန့်က လက်သမားအလုပ် လုပ်နေ၏။ ပြတင်းပေါက်မှ ထွက်ပေါ်လာသော အလင်းရောင်သည် သူ့မျက်နှာတစ်ဝက်ကို အရိပ်ထဲ ကျနေစေသည်။ အရိပ်ထဲတွင်ရှိနေ၍ သူ၏အမူအရာကို ရှင်းရှင်းလင်းလင်းမမြင်နိုင်ပေ။ သို့သော် လူတိုင်းက ထိုသူက စိတ်လှုပ်ရှား၊ ပျော်ရွှင်နေပြီး နည်းနည်းတော့ အာရုံ့ပျံ့နေသော်လည်း တစ်ချိန်တည်းမှာပဲ သူက အလွန်အမင်းထိန်းချုပ်ထားသလို ခံစားနိုင်ပေသည်။ 


သူသရုပ်ဆောင်ထားသည့် ဇာတ်ကောင် ချင်းချောင်က ရွှီကျန့်ကိုရှာဖို့လာတုန်းကမြင်ကွင်းဟု ရွှီလော့ယန် မှတ်မိလေ၏။ ရွှီကျန့်မှာစကားအလွန်နည်းသည့်လူဖြစ်ရာ၊ ဤအပိုင်းတွင် စာတိုလေးတစ်ကြောင်းသာရှိသည်။ သို့သော်လည်း သေးငယ်သောလှုပ်ရှားချက်များနှင့် မျက်နှာအမူအရာ အပြောင်းအလဲလေးများက ဇာတ်ကောင်၏စိတ်ခံစားချက်ကို ဖော်ပြနေပြီး ပရိသတ်၏စိတ်ကိုထိခိုက်စေရန် လုံလောက်ပေသည်။


သူ့ထိုင်ခုံမှာသူထိုင်နေတဲ့ ရွှီလော့ယန်က တိတ်တဆိတ်ပျော်နေလေသည်။ 


သူက ချီချန်အန်းရဲ့ဆုကို သေချာပေါက်ထိကိုင်နိုင်မှာပဲ...


ဤအပိုင်းကို ပြသပြီးနောက်၊ ဖန်သားပြင်သည် ချီချန်အန်း၏ဗီဒီယိုကို လျင်မြန်စွာရပ်ဆိုင်းလိုက်ကာ ဆုပေးပွဲရှိ ချီချန်အန်းကို ရိုက်ကူးပြသလာသည်။ ရွှီလော့ယန်က ဖန်သားပြင်ကြီးကို ကြည့်လိုက်ကာ၊ သူ့ဘေးမှာ ထိုင်နေတဲ့လူကို ပြန်ကြည့်လိုက်ပြီး သူ၏ဂုဏ်ယူနေသည့် စိတ်လေးက နွေဦးရေစင်ကဲ့သို့ ကြည်လင်အေးမြသွားလေသည်။


ထို့နောက် ဖန်သားပြင်ထက် သူ့ကိုယ်သူတွေ့လိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့်၊ ထိုအခန်းက မည်သည့်ဇာတ်ဝင်ခန်းလဲဟု ရွှီလော့ယန် မှန်မိလေသည်။ ချင်းချောင်မှာ သူ့သူငယ်ချင်းဖြစ်သူက လူသတ်သမားဖြစ်သည်ဟု သံသယဝင်ကာ သူ့သေနတ်ကို ပထမဆုံးအကြိမ် ရွှီကျန်းထံသို့ ဦးတည်ထားလေ၏။  


ဤဗီဒီယိုဖိုင်နှစ်ခုကိုကြည့်ပြီးနောက် ရွှီလော့ယန်က ထိုရုပ်ရှင်ရိုက်ကူးမှုပြီးစီးပြီး၊တစ်နှစ်ခွဲကျော်သည်အထိ၊ ချီချန်အန်းနှင့်အတူတူ ရိုက်ကူးထားသည့် မြင်ကွင်းများကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးကြောင်း ရုတ်တရက် တွေ့ရှိလိုက်ရသည်။


“အခုချိန်မှာတော့၊ အကောင်းဆုံးဇာတ်ဆောင်ဆုရခဲ့တဲ့ သူရဲ့နာမည်ကို ဖတ်ကြည့်ပါတော့မယ်” 


ဂျူလီယန်က သူမ၏လက်ထဲမှ ငွေရောင်ကတ်ကို ဖွင့်ကြည့်လိုက်သည်။ပါဝင်သည့်နာမည်ကို မြင်ပြီးနောက် စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်တန့်သွားကာ အနည်းငယ် အံ့သြသွားပုံပေါ်လေသည်။ 


မကြာမီ သူမက မိုက်ခရိုဖုန်းသို့ ချဉ်းကပ်လာပြီး "မတူညီသော လမ်းနှစ်သွယ်မှ ရွှီလော့ယန်" ဟု ကြေငြာလိုက်သည်။


လှိုင်းလုံးများအလား ကျယ်လောင်သည့် ပရိသတ်ထံမှ လက်ခုပ်သံများကြောင့် ရွှီလော့ယန်သတိဝင်လာရသည်။သူက မသိလိုက်ပါဘဲ၊ ချီချန်အန်းကို ကြည့်မိကာ၊ ရုတ်တရက် စိတ်ပျက်သွားခဲ့သည်။ အမှန်တော့၊ သူ့ရင်ထဲ၊နှလုံးသားထဲမှ ချီချန်အန်းကို ဆုရစေချင်မိသည်။ 


သူ့ရဲ့ချန်အန်းက အရမ်းတော်လွန်းတာကို...


ထိုအခိုက်မှာပင်၊ ဂျူလီယန်၏အသံက ထပ်မံထွက်ပေါ်လာခဲ့သည်။  


"မတူညီသော လမ်းနှစ်သွယ်မှ ချီချန်အန်း" 


ပရိသတ်များက အံ့ဩသွားကြသည်။ 


ယခုနှစ် Silver Award က အံ့ဖွယ်ကောင်းအောင် လူနှစ်ဦးစလုံးရရှိသွားခဲ့သည်။ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက်၊ လက်ခုပ်သံများက ပို၍ကျယ်လောင်လာသည်မှာ လှိုင်းလုံးကြီးများ ပြိုကျလာသကဲ့သို့ပင်။ 


ရွှီလော့ယန်သည်လည်း အံ့ဩကြောင်အသွားကာ တုံ့ပြန်မှုပြုနိုင်ရန် စက္ကန့်အနည်းငယ်ကြာယူလိုက်ရသည်။ ခေါင်းကို ချီချန်အန်းထံသို့ အမြန်လှည့်ကာ တောက်ပသော အပြုံးဖြင့် ကြည့်နေပြီး သူ့မျက်ခုံးများသည်ပင် ရယ်မောနေဟန် ကွေးညွှတ်နေလေသည်။ ချီချန်အန်းသည်လည်း အနည်းငယ် အံ့အားသင့်သွားသော်လည်း၊ ခဏကြာသည့်အခါ၊ သူ့အမူအရာ ပုံမှန်ပြန်ဖြစ်သွားကာ ထိုင်ခုံမှ ထရပ်လိုက်သည်။


နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘာမှမပြောဘဲ ပြီးပြည့်စုံသော အပြန်အလှန်နားလည်မှုဖြင့် စင်မြင့်ဆီသို့ လျှောက်သွားကြသည်။ ဖန်သားပြင်ကြီး၌လည်း ရုပ်ရှင်ထဲတွင် ရွှီလော့ယန်နှင့် ချီချန်အန်းတို့ ထိပ်တိုက်တွေ့ဆုံသည့် မြင်ကွင်းသို့ ပြောင်းသွားသည်။


ယခုအချိန်တွင်၊ ဆုရလဒ်များကြေငြာသည့်အချိန်တွင်၊ ပြည်တွင်းတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းတစ်ခုလုံး ကြက်သေသေသွားကြသည်။ ထို့နောက်၊ ကောမန့်များနှင့် တိုက်ရိုက်ကောမန့်များ အရူးအမူးတိုးလာပြီး၊ မရေမတွက်နိုင်သော ကြည့်ရှုသူများက တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဝင်ရောက်လာပြီး အွန်လိုင်းတွင် လူအရေအတွက်မှာ အလွန်မြန်ဆန်လှစွာ ထိပ်ဆုံးသို့ ထိုးတက်သွားလေ၏။


"-အရမ်းစိတ်လှုပ်ရှားလွန်းလို့ သူကြောင်သွားတာ အခုတော့ ငါ အားးး လို့ပဲ အော်ချင်တော့တယ်" 


"—အား၊အား နှစ်ယောက်လုံးဆုရသွားတယ် ငါ့ရဲ့ ကုချန်က အကောင်းဆုံးဇာတ်ဆောင်ဆုကို နှစစ်ယောက်လုံး ရသွားတယ် မရတော့ဘူး ရုပ်ရှင်ပြန်ထွက်လာရင် ငါ အဲ့ဒါကို အကြိမ်နှစ်ဆယ်လောက်ပြန်ကြည့်ဦးမယ်"


"— ငါမှတ်မိသလောက်တော့ Flanders ရဲ့ သမိုင်းမှာ၊ အကောင်းဆုံးဇာတ်‌ဆောင်မင်းသားနှစ်ယောက် ပေါ်လာခဲ့တာက လွန်ခဲ့တဲ့ နှစ်ဆယ့်နှစ်နှစ်လောက်ကလားပဲ။ အဲဒီဆုကို ရသွားတာက အမြွှာညီအကိုတွေ အား ချန်အန်းလော့ယန်အတွက် ဖုန်းကို ရိုက်ခွဲလိုက်မိပြီ"


"- စုံတွဲဝတ်စုံနဲ့ တစ်ကမ္ဘာလုံးကလူတွေရှေ့မှာ တစ်ကိုယ်တည်းခွေးတွေကို ညှဉ်းပန်းနှိပ်စက်နေတာပဲ အိုင်းရစ်ပန်းနဲ့ နဲ့ ရွက်ချွန်းပင်တွေက ‌အတော်လေး တောက်ပနေတာပဲ"


"—လော့ယန်ရဲ့အမူအရာကို အခုမှသတိထားမိတယ်...သူ ဆုရသွားပေမယ့် အရင်ဆုံး ချီချန်အန်းကို စိတ်ပျက်လက်ပျက်၊ မပျော်မရွှင်ဖြစ်နေပုံနဲ့ ကြည့်လိုက်ပြီး၊ ချီချန်အန်းလည်း ဆုရသွားတာကို ကြား‌ရော၊ ချန်အန်းကို ချက်ချင်းပြုံးပြီးကြည့်လိုက်တယ် တကယ်ပဲ အဲ့ဒီအပြုံးလေးကို မခံစားနိုင်တော့ဘူး ငါမနေနိုင်ဘူး"


"—တကယ်လို့ ငါမှတ်မိတာသာ မှန်ရင်၊ လွန်ခဲ့တဲ့တစ်နှစ်က ချန်အန်းက "ကြမ်းတမ်းသည့်မုဆိုး" နဲ့ အကောင်းဆုံးဇာတ်ဆောင်မင်းသားဆုကို ရခဲ့တာလေ တစ်နှစ်အကြာမှာပဲ သူနောက်ထပ်တစ်ဆုကို ထပ်ရခဲ့တယ်ပေါ့ နတ်ဘုရားချီကတာ့ တကယ်ကို့ နတ်ဘုရားချီပါပဲ..."


ရွှီလော့ယန်က စင်မြင့်အလယ်တွင်ရပ်နေပြီး ဒရမ်တီးနေသလို ရင်ခုန်ရခြင်း၏အဓိပ္ပါယ်ကို ကိုယ်တွေ့ခံစားလိုက်ရသည်။ သူက မနေနိုင်ဘဲ၊ သူ့ဘေးမှာ ရပ်နေတဲ့ ချီချန်အန်းကို တစ်ချက်ကြည့်လိုက်သည်။ ထိုသို့ကြည့်လိုက်ရုံနှင့် သူ့နှလုံးခုန်နှုန်းက တဖြည်းဖြည်း နှေးကွေးလာပြီး သူ့အပြုံးက ပို၍တောက်ပလာလေ၏။ 


သူ့လက်ထဲမှာ ဆုဖလားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း ကွင်းပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ချီချန်အန်းက နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ ရွှီလော့ယန်က ရှေ့သို့ခြေတစ်လှမ်းတို့၍၊ မိုက်ခရိုဖုန်းစင်အနားသို့ တိုးလိုက်သည်။ ချီချန်အန်းအား ပြန်ကြည့်ကာ၊ တစ်ယောက်ကို တစ်ယောက်ပြုံးပြလိုက်ပြီးအင်္ဂလိပ်လို ကျွမ်းကျင်စွာ ပြောလိုက်သည်။ 


"ဒီဆုကို ကျွန်တော်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး"


ကင်မရာထဲမှာ ချီချန်အန်းက သူ့ကို နက်နဲစွာစိုက်ကြည့်လျက် သူ့အနောက်နားတွင် ရပ်နေလေ၏။


"ကျွန်တော့်အဖေက ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ပြီး အမေက ဇာတ်ညွှန်းရေးဆရာပါ ကျွန်တော်ငယ်ငယ်တုန်းက အဖေက ကျွန်တော့်ရဲ့အိပ်မက်က ဘာလဲလို့ မေးဖူးတယ် ကျွန်တော်က ရုပ်ရှင်‌တွေကို ကြိုက်တာကြောင့်၊ အနာဂတ်မှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ မျှော်လင့်တယ်လို့ ဖြေခဲ့တယ်... အကယ်၍ ကျွန်တော်သာ ငွေတံဆိပ်ဆုရရင် သူတို့ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားဖြစ်စေရမယ်ဆိုပြီး ကျွန်တော့်မိဘတွေနဲ့ ကျွန်‌တော်နဲ့ လောင်းကြေးထပ်လိုက်သေးတယ်...အခု ကျွန်တော်အသက် နှစ်ဆယ့်ခြောက်နှစ်ရှိနေပြီး ငွေတံဆိပ်ဆုကိုလည်း ရခဲ့ပြီ ဒါပေမယ့် ကျွန်တော့်မိဘတွေကတော့ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဒီလောကကနေ ထွက်ခွာသွားခဲ့ကြပြီ ကျွန်တော့်ကို‌ မွေးဖွားပေးပြီး ချစ်ခြင်းမေတ္တာတွေကို ပေးတဲ့အတွက်၊ ပြီးတော့ ရှေ့ဆက်ရမယ့်လမ်းမှာ အခက်အခဲတွေနဲ့ အန္တရာယ်တွေကို မကြောက်အောင် လုပ်ပေးတဲ့အတွက် သူတို့ကို ကျေးဇူးတင်ပါတယ်..."


သူ့နှာခေါင်းက အနည်းငယ်ချဉ်စူးစူးဖြစ်နေလေ၏။ ရွှီလော့ယန်က ချီချန်အန်း၏ နာမည်ကို စိတ်ထဲတွင် သုံးကြိမ်တိုင်တိုင်ရွတ်ဆိုလိုက်သည်။ သို့မှသာ သူ၏စိတ်က ငြိမ်သက်သွားကာ ဆက်လက်ပြောလိုက်သည်။


"ဒါရိုက်တာကြီးရဲ့ ကြိုးစားအားထုတ်မှု အတွက် ကျေးဇူးတင်ပါတယ်... စေတနာထားပေးတဲ့ ဝန်ထမ်းတွေကို ကျေးဇူးတင်ပါတယ် ကျွန်တော့်ကို အမြဲစိတ်ပူပေးခဲ့တဲ့ မန်နေဂျာကိုလည်း ကျေးဇူးတင်ပါတယ်... အမြဲတမ်း အားပေးနေတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ် ဘယ်တော့မှ ကျွန်တော့်ကို လက်မလျှော့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ် ” ထိုသို့ပြောပြီးနောက် သူက တရုတ်ဘာသာဖြင့် ပြန်ပြောပြလေ၏။


စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်လိုက်ပြီးနောက် ရွှီလော့ယန်၏မျက်လုံးထဲမှ အပြုံးက နက်ရှိုင်းလာသည်။ 


"နောက်ဆုံးတော့၊ ကျွန်တော့်ရဲ့ လက်တွဲဖော်၊ ပါတနာ ချီချန်အန်းကို ကျေးဇူးတင်ပါတယ် သူက ကျွန်တော့်ကို အများကြီးသင်ပေးခဲ့ပြီး ဇာတ်ကောင်အတွက် ပေးဆပ်ရတာဟာ သဘာဝကျတဲ့ အရာတစ်ခုဖြစ်ကြောင်းသာမက စွဲလမ်းစေပြီး ပျော်ရွှင်စေရတယ်ဆိုတာကိုပါ နားလည်စေခဲ့တယ်..." 


သူက ချီချန်အန်းထံသို့ နောက်ပြန်လှည့်မကြည့်ပေ။ တစ်ဖက်လူက သူ့ကို အမြဲကြည့်နေမှန်း သူသိသည်။


လက်ခုပ်သံများ ပြင်းထန်စွာထွက်ပေါ်လာပြီး ပရိသတ်ထံမှ မရေမတွက်နိုင်သော ဩဘာပေးသံများ ထွက်ပေါ်လာခဲ့သည်။ ရွှီလော့ယန်က နောက်ဆုံးတွင် ဆုဖလားကို သူ့လက်ထဲတွင် မြှောက်ကာ ခြေလှမ်းတစ်ဝက်မျှ နောက်သို့ပြန်ဆုတ်လိုက်ပြီး ချီချန်အန်းကို သူ့အရှေ့တွင် ရပ်စေခဲ့သည်။


ချီချန်အန်းက ထုံးစံအတိုင်း စွဲမက်ဖွယ်ကောင်းသော အနေအထားဖြင့် မိုက်ခရိုဖုန်း‌အရှေ့၌ ရပ်နေခဲ့သည်။ ခန်းမထဲမှ လက်ခုပ်သံများနှင့် အားပေးမှုများသည် တဖြည်းဖြည်း ပျောက်ကွယ်သွားကာ နောက်ဆုံးတွင် လုံးဝ တိတ်ဆိတ်သွားတော့သည်။ 


"ကျေးဇူးတင်ပါတယ်" အင်္ဂလိပ်လိုပြောတဲ့အခါ ချီချန်အန်း၏အသံက ပျော့ပျောင်းပြီး သူ၏လေယူလေသိမ်းမှာ အလွန်စွဲမက်ဖမ်းစားနိုင်လေ၏။ 


"သူ့ကို သိခွင့်ရလို့ ဒီဇာတ်ကားကို ကျေးဇူးတင်ပါတယ်"


ဤစကားတွင်ပါဝင်သော “သူ” သည် မည်သူကို ရည်ညွှန်းသည်မှန်း အလွန်ထင်ရှား၏။


ဤအတိုချုံးလက်ခံသည့် မိန့်ခွန်းကိုပြောပြီးနောက်၊ ချီချန်အန်းက လှည့်၍ ရွှီလော့ယန်အား သူ့ရင်ခွင်ထဲသို့ တိုက်ရိုက်ပင်ပွေ့ဖက်လိုက်တော့သည်။


ရွှီလော့ယန်က အနည်းငယ် စိတ်ရှုပ်ထွေးနေသေးသော်လည်း သူက အကျင့်ပါနေသည့်အတိုင်း သူ့လက်ကို မြှောက်ကာ ချီချန်အန်း၏နောက်ကျောပြင်ကို ပြန်ဖက်ထားလိုက်သည်။ စင်မြင့်ထက်က တောက်ပနေတဲ့ မီးရောင်တွေကို ကြည့်ကာ၊ လက်ထဲရှိ ဆုဖလားကို ကြည့်ပြီး၊ ချီချန်အန်းကို ပွေ့ဖက်ထားရင်း သူ့နှုတ်ခမ်းပေါ်က အပြုံးတွေကို မထိန်းနိုင်တော့ပေ။ 


"—သူ့ကို သိခွင့်ရခဲ့တဲ့ ဒီဇာတ်ကားအတွက် ကျေးဇူးတင်ပါတယ်!! အာ့၊ နတ်ဘုရားချီရဲ့ ဆုလက်ခံတဲ့မိန့်ခွန်းက အရမ်းတိုတောင်းနေသေးပေမယ့် အဲဒီထဲမှာ မွှေးပျံ့နေတဲ့ရနံ့ကို အနံ့ခံလိုက်ရတယ်"


"— ငါ့ကို ဖက်ထားပေးပါဦး ငါ့ရဲ့ခွေးစာပန်းကန်က ဘယ်မှာလဲ၊ ဘောလုံးကွင်းလောက်ကြီးတဲ့ ငါ့ခွေးစာပန်းကန်က ဘယ်မှာလဲ မြန်မြန်ယူခဲ့ ကုချန်ရဲ့ ခွေးစာအားလုံးကို မဆန့်နိုင်ပေမယ့် ငါ့ခွေးစာပန်းကန်ကို မြန်မြန်သာယူခဲ့ပါတော့"


"—ဒီမှာ ငိုနေတဲ့လူက ငါတစ်ယောက်တည်းမဟုတ်ဘူးလို့ ပြောပေးပါ မစ္စတာချီ ဒီစကားတွေကို ပြောတဲ့အခါ ဘာလို့ ငါက မျက်ရည်ကျရတာလဲ စကားလုံး သုံးသောင်းလောက် ပါတဲ့ ဇာတ်လမ်းတိုလေးကို ရေးတော့မယ်၊ ငါ့ကို စောင့်နေလိုက်"


"— ငါ အိုင်းရစ်ပန်းနဲ့ ရွက်ချွန်းပင်ပုံတွေ ဆွဲနေပြီ၊ ငါ့ကို စောင့်ပါဦး ပုံဆွဲနေတုန်း ငိုနေမိတယ်၊ ဘာဖြစ်လို့ ငါ ပုံဆွဲရင်းငိုနေရတာလဲ မသိတော့ဘူး...ဟူး..."


"—သူတို့ အတူတကွရပ်နေတာကပြီးပြည့်စုံတဲ့ လိုက်ဖက်ညီမှုနဲ့ အဓိပ္ပါယ်နဲ့ စုံတွဲတစ်တွဲဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ကို သရုပ်ဖော်‌နေတာပဲ သူတို့သာ တကယ်ကြီး အချစ်စစ်မဟုတ်ဘူးဆိုရင်၊ ငါခွေးစာကို live လွှင့်ပြီး စားပြမယ် "


ဆုပေးပွဲသည် မပြီးဆုံးသေးသော်လည်း ချီချန်အန်းနှင့် ရွှီလော့ယန်တို့ "အကောင်းဆုံးသရုပ်ဆောင်ဆု" ကို တစ်ပြိုင်နက်တည်း ရရှိခဲ့သည့် သတင်းများသည် အဓိက ဝက်ဘ်ဆိုဒ်များ၏ ခေါင်းကြီးပိုင်းများကို ဖမ်းစားထားနိုင်ခဲ့သည်။ သုံးနာရီအတွင်း "ချီချန်အန်း" နှင့် "ရွှီလော့ယန်" တို့သည် "ကုချန် cp" နှင့်အတူ ထိပ်တန်းရှာဖွေမှုဆယ်ခုတွင် နေရာငါးခုကို တိုက်ရိုက်သိမ်းပိုက်နိုင်ခဲ့သည်။ သူတို့ရဲ့ နောက်ဆုံးပိုင်း၌ ပွေ့ဖက်မှုမြင်ကွင်းက အင်တာနက်တခွင်မှာ ပျံ့နှံ့သွားခဲ့သည်။


ယခုအချိန်တွင် ‌ချီချန်အန်းနှင့် ရွှီလော့ယန် တို့မှာ ငွေရောင်ဆုပေးပွဲပြီးနောက် ညစာစားပွဲသို့ တက်ရောက်နေပြီဖြစ်သည်။ အနက်ရောင် truffle ကြက်သားပိုင်မုန့် သုံးခုကို ဆက်တိုက်စားပြီးနောက်၊ ရွှီလော့ယန်၏ ဆာလောင်မှုမှာ နောက်ဆုံးတွင် ပျောက်ကွယ်သွားရသည်။ သူက ချီချန်အန်းကို အနားယူရန်နေရာသို့ ဆွဲခေါ်ကာ "ဓာတ်ပုံရိုက်ရအောင်" ဟု ဆိုလေ၏။


ချီချန်အန်းက သူ့ကို ပြုံးလျက် မေးလေ၏။ 


"ဘာကို ရိုက်မလို့လဲ" 


"ဆုလေ"


ထို့နောက် ရွှီလော့ယန်က ဆုဖလားနှစ်ဆုလုံးကို ဘေးချင်းကပ်ထားကာ ရှုထောင့်ကိုချိန်ညှိပြီး လက်ကိုင်ဖုန်းဖြင့် ဓာတ်ပုံများစွာရိုက်လိုက်သည်။ ထိုပုံများထဲမှ အလှဆုံးကို သေချာရွေးပြီး ဝေးပေါ်၌ တိုက်ရိုက်တင်လိုက်လေ၏။


သူက ချီချန်အန်းအပေါ်မှီတွယ်လိုက်ကာ မေးလိုက်သည်။


"ချန်အန်း၊ ဘယ်လိုရေးတာ ပိုကောင်းမယ်ထင်လဲ"


" အဆင်ပြေပါတယ်၊ မင်းရေးထားသမျှ ဘာဖြစ်ဖြစ် အဆင်ပြေတယ်"


ချီချန်အန်းကို မော့ကြည့်ကာ ရွှီလော့ယန်က မျက်နှာထက် အပြုံးတစ်ခုဖြင့် သူ့လက်ကိုင်ဖုန်းကို တို့တိတို့တိလုပ်နေကာ "ဒါဆို ငါ ရေးချင်တာ ရေးလိုက်ပြီနော်..."


စက္ကန့်အနည်းငယ်အကြာတွင် ရွှီလော့ယန်၏ ဝေးပေါ်တွင် ဓာတ်ပုံတစ်ပုံနှင့် စာကြောင်းတစ်ခု တက်လာခဲ့သည်။ မိနစ်ဝက်အတွင်း ချီချန်အန်းက ၎င်းကို ထပ်ဆင့်မျှဝေလိုက်သည်။


"ချီချန်အန်း: တွေ့ရတာဝမ်းသာပါတယ် @ရွှီလော့ယန်: တွေ့ရတာဝမ်းသာပါတယ် [ဓာတ်ပုံ]"


ရွှီလော့ယန် ကောမန့်များအား မွှေနှောက်နေသည်ကို တွေ့လိုက်ရသဖြင့် ချီချန်အန်းက ခဏမျှ စဉ်းစားလိုက်ပြီး ထိုပုံကို ချီချန်ယင်းထံသို့ ပို့လိုက်သည်။ 


"ညစာစားပြီးရင် သူနဲ့ အတူ ပြန်လာခဲ့မယ်"


ချီချန်ယင်းထံမှ ပြန်စာက လျင်မြန်စွာရောက်လာလေ၏။ "ကောင်းပြီ...မင်းတို့ကိုစောင့်နေမယ်"  


သူ့ဖုန်းကို ပိတ်လိုက်ပြီးနောက်၊ ချီချန်အန်းက သူ အနည်းငယ် စိတ်လှုပ်ရှားနေတာကို သတိထားမိလိုက်သည်။ ဤကမ္ဘာပေါ်ရှိ သူ၏ အရေးကြီးဆုံးလူနှစ်ယောက်မှာ မကြာမီတွေ့ဆုံတော့မည်ပင်။


————


ရွှီနျောင်နျောင်ရဲ့ ခံစားချက်သေးသေးလေး : 


ချီချီ၊ ဆုတွေကို လဲကိုင်ရအောင်လေ။


____


စာရေးသူမှာပြောစရာတစ်ခုရှိတယ်: 


နှလုံးသားကို ဆုဖလားတစ်ခုနဲ့ဖွဲ့စည်းထားပါတယ်~ အားးးးး၊ ဆုရရှိခြင်းကို ဂုဏ်ပြုဖို့အတွက် ဒီအခန်းမှာ စာအိတ်အနီတစ်ရာ့ငါးဆယ်ကို ထုတ်ပေးလိုက်ပြီနော်... ချစ်တယ်။ 


____


Translated By IQ-Team.