Chapter 112
"-အား အား အား အား... နှစ်ယောက်သားဖက်လိုက်ကြတုန်းက ချန်အန်းက လော့ယန်ကို ဘာတွေများပြောလိုက်တာလဲ သိချင်လွန်းလို့ ငိုနေပါပြီ ဒီနောက်ကွယ်မှာ အံ့ဩထိတ်လန့်စရာလျှို့ဝှက်ချက်တစ်ခုခုရှိနေမယ်လို့ ငါထင်နေတယ် အမှန်တရားကို ချပြဖို့ တောင်းဆိုပါတယ်... ပညာရှင်တွေကို ဖိတ်ကြားပါတယ် အတန်းခေါင်းဆောင်ကို အကူအညီတောင်းပါတယ် FBI ကို ဖိတ်ခေါ်ပါတယ်..."
"- ငါလည်း မေးချင်ပါတယ် နှုတ်ခမ်းကိုဘယ်လိုဖတ်ရမလဲမသိတာ တကယ်နောင်တရမိတယ်..."
"-အတန်းခေါင်းဆောင် ရောက်လာပါပြီ...အတန်းခေါင်းဆောင် ရောက်လာပါပြီ...ဒီဆယ်စက္ကန့်ကျော်ကျော်လောက်ကို အနှေးပြကွက်နဲ့သေချာကြည့်ပြီးတဲ့နောက်၊ နှုတ်ခမ်းဖတ်တဲ့ နည်းလမ်းတွေအရ၊ မစ္စတာချီပြောလိုက်တာက 'ပွဲပြီးသွားတဲ့အခါ အတူတူ' ပဲဖြစ်လိမ့်မယ်... အဲ့ဒါပြီးတော့ နောက်ထပ်စာသားတစ်ဝက်လောက် ကျန်နေသေးပေမယ့် သူက ရည်ရွယ်ချက်ရှိရှိနဲ့ ကင်မရာကိုရှောင်လိုက်တာမို့ ပထမပိုင်းကိုပဲ အဓိပ္ပာယ်ဖော်လို့ရတယ်...ဒုတိယပိုင်းကို မမြင်ရဘူး..."
"-ငါ့ လက်တော့ အရှေ့မှာငိုနေပါပြီ သိပ်စိတ်တိုတာပဲ 'ပွဲပြီးသွားရင် အတူတူစားကြရအောင်' ဆိုတာနဲ့၊ 'ပွဲပြီးသွားရင် အတူတူအိပ်ကြရအောင်' ဆိုတာရဲ့ကြားမှာ ကွဲပြားမှုကြီးအကြီးကြီးရှိနေတယ်လေဟာ မစ္စတာချီက ရည်ရွယ်ချက်ရှိရှိကို တမင်လုပ်တာဖြစ်ရမယ် ဟူး...."
"- ဒီလိုထင်နေတာ ငါတစ်ယောက်တည်းလား နိုင်ငံတစ်ခုလုံးရှေ့မှာ တီးတိုးပြောနေတာက စောက်ရမ်းရိုဆန်တယ်လို့လေ ငါ့ရဲ့ မိန်းမပျိုလေးလိုနှလုံးသားလေးတော့ ပေါက်ကွဲထွက်နေပါပြီ..."
"-ဂရုမစိုက်ဘူး screenshot, screenshot. ငါနေ့တိုင်း ကြည့်မှာ ကုချန် တစ်နေရာတည်းမှာ ပွေ့ဖက်နေတာ မျက်ရည်တွေကျလာပြီ..."
ထိုအခိုက်၊ ဆုပေးပွဲစင်မြင့်ပေါ်ဝယ်၊ ရွှီလော့ယန်က ညာဘက်လက်ဖြင့် ရွှေရောင်မေပယ်လ်ဆုတံဆိပ်ကို ကိုင်ဆောင်ထားကာ၊ သူ၏ဦးခေါင်းထိပ်သို့ဖြာကျနေသည့် တောက်ပသည့်အလင်းရောင်များက သူ့အား နွေးထွေးဟန်ပေါ်ပေါ်က်စေသည်။ သူက ဘယ်ဘက်လက်ဖြင့် မိုက်ခရိုဖုန်းတင်သည့်တန်းကို အနိမ့်အမြင့်ချိန်ညှိလိုက်ကာ၊ ပထမဆုံးစာကြောင်းကို ပြောလာလေသည်။
"ဆုက နည်းနည်းတော့ လေးတယ်နော်"
ပရိသတ်များ၏သဘောတကျရယ်မောသံများထွက်လာပြီး သိပ်မကြာမီပင် ပြန်လည်တိတ်ဆိတ်သွားတော့သည်။ ခန်းမထဲတွင် အပ်ကျသံပင်ကြားရလောက်သည်အထိ တိတ်ဆိတ်နေလေရာ၊ ရွှီလော့ယန်မှာ သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။
သူ့စိတ်ထဲ အတွေးများစွာဖြင့် ရှုပ်ထွေးနေလေ၏။ 'ပွဲပြီးသွားရင် အိမ်အတူပြန်ကြရအောင်' ဟူသော ချီချန်အန်း၏အသံကို ပြန်ကြားယောင်လိုက်၊ ကောင်းယွီရုပ်ရှင်နှင့်ရုပ်မြင်သံကြားမြို့တော်မှ ရုပ်ရှင်ရိုက်ကူးနေသည့်မြင်ကွင်းများကို ပြန်မြင်ယောင်လိုက်ဖြင့် သူ၏ခံစားချက်များကို ချုပ်ထိန်းလိုက်ကာ၊ မိုက်ခရိုဖုန်းအနားသို့ ပြန်၍ တိုးသွားလိုက်သည်။
" 'ယိုယွင်းနေသော ကမ္ဘာကြီး' က ကျွန်တော် အရမ်းကိုသဘောကျတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ... ဖရိုဖရဲဖြစ်နေတဲ့ ကင်းဗတ်စ်တစ်ခုလိုမျိုး၊ သူ့မှာ နိုင်ငံနှစ်နိုင်ငံရဲ့ အတက်အကျ၊ သူရဲကောင်းတွေရဲ့ ရုန်းကန်ရမှုတွေ၊ သတ္တိနည်းပါးမှုတွေနဲ့ နက်နဲတဲ့ ချစ်ခြင်းတရားတွေ ရှိတယ် ဒါက တကယ်ကို ကြည့်ရှုဖို့ထိုက်တန်တဲ့ ဇာတ်လမ်းတစ်ခုပါ... ဒါပေါ့... ဒီဇာတ်ကား အွန်လိုင်းမှာရှိနေတုန်း၊ မင်းတို့ ဒုတိယတစ်ခေါက် ဒါမှမဟုတ် တတိယတစ်ခေါက်ထိ ထပ်ကြည့်လို့လည်းရတယ်..."
သူ့ရဲ့ စိတ်အားထက်သန်နေတဲ့လေယူလေသိမ်းနှင့် အမူအရာများကြောင့် ပရိသတ်ဆီမှ နောက်ထပ်တစ်ကြိမ်ရယ်မောသံများ ပျံ့လွင့်လာရပြန်သည်။
ရယ်မောသံများ တိုးတိတ်သွားသည့်အခါ၊ ရွှီလော့ယန်က ပြုံးလိုက်ပြီး "ဒီဆုကို လက်ခံရရှိတဲ့အတွက် ကျွန်တော် တစ်ကယ်ပဲ ဝမ်းမြောက်ပျော်ရွှင်မိပါတယ်... ကျွန်တော့်ကို ဒီဆုချီးမြင့်ပေးတဲ့ အကဲဖြတ်အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ် ကျွန်တော့်အနေနဲ့ ဒါရိုက်တာချူးဝေ့ကိုလည်း ကျေးဇူးတင်စကား ပြောချင်ပါတယ် ဒါရိုက်တာကြီးဆီကနေ ကျွန်နော်အများကြီး သင်ယူနိုင်ခဲ့ပြီး အဲ့ဒီသင်ခန်းစာတွေက ကျွန်တော့်အတွက် တကယ်ပဲ တိုးတက်စေခဲ့ပါတယ် ကျွန်တော့်ကို ဒါရိုက်တာချူးဝေ့နဲ့ မိတ်ဆက်ပေးခဲ့ပြီး၊ ကျစ်ချူးရဲ့ဇာတ်ကောင်ကို သရုပ်ဆောင်ခွင့်ပေးခဲ့တဲ့ ဒါရိုက်တာ ကျန်းပေါ်ချန်းကိုလည်း ကျေးဇူးတင်ပါတယ် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့သားတွေ၊ ကျွန်တော့မန်နေဂျာနဲ့ ကျွန်တော့်ရဲ့အဖွဲ့သားတွေ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ် ပြီးတော့ ကျွန်တော့်ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်... မင်းတို့ရဲ့အားပေးပံ့ပို့းမှုတွေကြောင့် ဒီနေ့ဒီနေရာကို အဆင့်ဆင့်ဖြတ်ကျော်ပြီးရောက်လာနိုင်ခဲ့တယ်..."
လက်ထဲရှိ ရွှေရောင်ဆုတံဆိပ်ကို ငုံ့ကြည့်လိုက်ရာ ခပ်ပါးပါးအပြုံးလေးတစ်ခုက သူ့နှုတ်ခမ်းသားများထက် ပေါ်ထွက်လာလေသည်။
"ပြီးတော့ နောက်ဆုံးအနေနဲ့၊ ကျွန်တော့်ကို ဒီဆုတံဆပ်ကို ချီးမြှင့်ပေးသွားတဲ့ မစ္စတာချီကိုလည်း ကျေးဇူးတင်ပါတယ်"
ထိုသို့ပြောပြီးနောက်၊ သူက နောက်သို့ ခြေတစ်လှမ်းဆုပ်ကာ စိတ်ပါလက်ပါဖြင့် ဦးညွှတ်လိုက်လေသည်။
တစ်ချိန်တည်းမှာပင် live stream ပေါ်ရှိ ကောမန့်များမှာ အသဲပုံလေးများဖြင့် ပြည့်နှက်သွားရသည်။
"- ဒါက မင်းနဲ့ထိုက်တန်တဲ့အရာပဲ... ပထမဆုံးအကြိမ်လော့ယန်ရဲ့ လက်မှတ်ထိုးပွဲကိုသွားကြည့်တုန်းက အံ့ဩသွားခဲ့ရတာကို ငါမှတ်မိနေသေးတယ် ပရိသတ်တစ်ယောက်ချင်းစီကို၊ မတ်တပ်ရပ်ပြီး 'မင်္ဂလာပါ' လို့ နှုတ်ဆက်ပြီးမှ ပြန်ထိုင်တာ ပြီးတော့ အဲ့ဒီနေ့က သူ အယ်လ်ဘန်ပေါင်း ငါးရာလောက်ကို လက်မှတ်ထိုးပေးခဲ့တာ အဲ့ဒီလိုမျိုး ထိုင်လိုက်ထလိုက်ကို သူအကြိမ်ငါးရာလောက် ထပ်ခါတလဲလဲလုပ်နေခဲ့တာ ဒီလောက်အထိကောင်းမွန်တဲ့ လူသားလေးနဲ့တွေ့ရမှတော့ ၊ ပရိသတ်မဖြစ်နိုင်စရာ အကြောင်းကိုမရှိဘူး..."
"-အပေါ်ထပ်ရေ၊ ငါ့ကိုစောင့်ဦး ငါတစ်ခါက သူ့ကို မနက်သုံးနာရီလောက်ကြီး လေဆိပ်မှာ သွားကြိုဖူးတယ် အဲ့ဒီအချိန်တုန်းက လော့ယန်က နာရီပေါင်း သုံးဆယ်လောက် မအိပ်ရသေးတာမို့ အရမ်း ပင်ပန်းနေတဲ့အချိန်၊ ဒါပေမယ့် သူကငါတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတာမို့၊ သူကိုယ်တိုင် ငါတို့အားလုံး ကားပေါ်တက်သွားတဲ့အထိစောင့်ပြီး ကားလိုင်စင်နံပါတ်ကို သေချာရေးမှတ်ပြီးတော့မှ သူ့ကားပေါ်တက်ပြီး ထွက်သွားတာ..."
"- ပရိသတ်တွေရေးပေးလိုက်တဲ့ စာတစ်စောင်ချင်းစီကိုလည်း ဖွင့်ဖတ်ပြီး တစ်ခါတစ်လေ စာလုံးပေါင်းမှားနေတာကိုပါ ပြင်ပေးသေးတယ် ငါ့ရဲ့အိုင်ဒေါလ်က အရမ်းလေးနက်တာပဲနော် ဟုတ်တယ်မဟုတ်လား... ငါ မနက်ဖြန်ကျရင် 'ယိုယွင်းနေသောကမ္ဘာကြီး' ကို တတိယအကြိမ်မြောက် သွားကြည့်ဦးမယ်..."
သို့သော်လည်း ထိုကောမန့်အပြီးတွင် ရေးသားသည့်စတိုင်က ပြောင်းလဲသွားပြန်၏။
"- ကျွတ်ကျွတ် ငါတောင်းပန်ပါတယ်...တောင်းပန်ပါတယ် ဒါပေမယ့် သူက တကယ်ကြီး ခွေးစာ ကြဲတဲ့သူပဲ အဆုံးမှာ မစ္စတာချီကိုတောင် မရရအောင် ကျေးဇူးတင်သွားသေးတယ် အား အား အား ၊ ဘာဖြစ်လို့ ငါ အခုသူပြောတဲ့ 'မစ္စတာချီကို ကျေးဇူးတင်ပါတယ်' ဆိုတာက 'ကျေးဇူးပါ ချန်အန်း' ဆိုတာထက် အဆတစ်ရာလောက် ပိုပြီး ချိုမြိန်နေတယ်လို့ ခံစားနေမိတာလဲ...".
"-ဝေါင်း ဝေါင်း ဝေါင်း၊ ဒီတော့ တိတိကျကျ ဘာကိုပြောချင်တာလဲ သူကြားလိုက်ပြီးပြီးချင်း သူ့မျက်လုံးတွေထဲမှ ကြယ်တွေအပြည့်ဖြစ်သွားသလိုမျိုး ရွှီလော့ယန်၊ မင်းဦးညွှတ်လိုက်တုန်းက တိတ်တိတ်လေးကြိတ်ရယ်နေမယ်ဆိုတာ ငါသေချာတယ်..."
"-မင်းက ကျေးဇူးတင်နေမှတော့၊ ရိုးသားမှုလေး နည်းနည်းတော့ ပြဦးပေါ့ နှစ်ယောက်သားခေါင်းကို ပူးပြီးဖိကိုင်ထားပေးမယ့်အဖွဲ့က အဆင်သင့်၊ အဆင်သင့်ပါပဲ..."
"-ဘာပဲဖြစ်ဖြစ်၊ ငါတော့ ခုလေးတင်ပြောသွားတဲ့ တီးတိုးစကားတွေက 'ပွဲပြီးသွားရင် အတူတူချိန်းတွေ့ကြရအောင်' လို့ပဲ သတ်မှတ်လိုက်ပြီ... ဘယ်လို ငြင်းဆိုချက်မျိုးကိုမှ လက်မခံဘူး...ငါ တောက်လျှောက် 'အန်တီကြီးအပြုံး' နဲ့ ပြုံးနေမိတာ... မင်း ဆုရသွားတာမြင်ရတာ ငါ တကယ်ပဲ အရမ်းကိုပျော်တယ်..."
ဆုပေးပွဲ၏ကျန်ရှိသည့် နောက်ပိုင်းတစ်လျှောက်လုံး ရွှီလော့ယန်က စိတ်ပျံ့လွင့်နေပေသည်။ သူ့၏စိတ်ထဲ ချီချန်အန်းဖြင့်သာ ပြည့်နှက်နေပြီး သူ့ကိုယ်သူ ကိုယ်ပွားခွဲနိုင်ချင်မိသည်။ သို့မှသာ သူက ချီချန်အန်းကို ရှာရန်ထွက်သွားနိုင်မည်ဖြစ်သည်။ ဆုပေးပွဲပြီးသည်အထိ အောင့်အီးသည်းခံနေပြီးနောက်၊ သူက ပြေးထွက်ရန်ဟန်ပြင်လိုက်စဉ်မှာပင် သတင်းထောက်များ၏ ဝိုင်းရံခြင်းကို ခံလိုက်ရပြန်သည်။
ကင်မရာဆီသို့ သူ၏မူပိုင်အပြုံးလေးဖြင့် ပြုံးပြလိုက်ကာ၊ သူ့နှလုံးသားကမူ မျက်ရည်မြစ်ကြီးထဲ နစ်မြှုပ်သွားသလိုပင်။
ငါက ငါ့ချစ်သူကောင်လေးဆီပြေးသွားရုံချင်ပါ...ဘာလို့ ဒီလောက်တောင်ခက်ခဲနေရတာလဲ...
မိနစ်နှစ်ဆယ်ကြာသည့် အင်တာဗျူးပြီးသွားသည့်နောက်၊ အဖွဲ့သားများက ပြန်၍ စုရုံးလာကြပြီး စင်နောက်တွင်၊ 'ယိုယွင်းနေသော ကမ္ဘာကြီး' ၏ ကြီးမားသော ပိုစတာတစ်ခုကို နောက်ခံအဖြစ်ချိတ်ဆွဲလိုက်ကြသည်။
ရွှီလော့ယန်အနား ချူးဝေ့က ဖြတ်သွားစဉ်ခဏတွက် သူက တိုးတိုးလေးပြောပြလာခဲ့သည်။
"အလျင်မလိုနဲ့... သူမင်းကို စောင့်နေပါတယ်..."
ထိုသို့ပြောပြီးနောက် သူ့မျက်နှာက ပြန်၍ တည်ကြည်သည့်ဟန်ပြောင်းသွားကာ၊ ဆက်လျှောက်သွားလေ၏။
ထိုစကားလုံးများကို နားလည်စွာဖြင့်၊ ရွှီလော့ယန်က မနေနိုင်ဘဲသူ၏အပြုံးအား တစ်ယောက်ယောက်ကများ မြင်သွားသေးလားဟု လည်ပြန်ကြည့်၍စစ်ဆေးလိုက်၏။
ဤနှစ်၏ ရွှေရောင်မေပယ်လ်ဆုပေးပွဲတွင် 'ယိုယွင်းနေသောကမ္ဘာကြီး' က အဓိကဆုကြီး ငါးဆုနှင့် ဆန်ကာတင်ခြောက်ဆုတို့ကို အိမ်ပြန်ယူသွားနိုင်သဖြင့် အကြီးမားဆုံးအောင်နိုင်သူဖြစ်လာခဲ့သည်။ ဒါရိုက်တာချူးဝေ့မှာ၊ တစ်သက်တာအောင်မြင်မှု အထူးဆုကိုပင် ရရှိခဲ့တာ ဂုဏ်ပုဒ်များဖြင့် ပြန်လာနိုင်ခဲ့သည်။ သတင်းထောက်များကလည်း ရွှီလော့ယန်နှင့် သူ၏အဖွဲ့ကို ခေါင်းစီးသတင်းများကို ကြည့်နေရသကဲ့သို့ မြင်ကာ၊ အင်မတန်ပင် စိတ်အားထက်သန်နေကြသည်။
စိတ်ထဲတွင် ပူပန်နေသော်လည်း၊ ရုပ်ရှင်အား ကြော်ငြာရမည်မှာ သူ၏တာဝန်ဖြစ်သောကြောင့်၊ ရွှီလော့ယန်က စိတ်ထဲမှ စိတ်မရှည်မှုတို့ကို ဖိနှိပ်ကာ၊ တစ်လျှောက်လုံး သူ၏အမူအယာကို စိတ်နှစ်ထားဟန် ပေါက်အောင် ထိန်းထားလေသည်။ ထို့ပြင် သတင်းထောက်များက၊ အခြေအနေ၊အရိပ်အကဲခတ်ရာတွင် ကျွမ်းကျင်သည့်အတွက်၊ ရိုးရှင်းသည့် သမားရိုးကျမေးခွန်းများကိုသာ မေးကာ၊ မသင့်တော်သည့်အချက်များနှင့် ထောင်ချောက်များကို ရှောင်ရှားသည့်အတွက်၊ လေထုမှာ သဟဇာတဖြစ်လျက်နေလေ၏
တစ်နာရီကြာပြီးနောက်၊ လူအုပ်ကြီးမှာ လျော့ပါးသွားသည့်အတွက်၊ ရွှီလော့ယန်က ကျန်းသုန့်ထံ သွက်သွက်လေးလျှောက်သွားလိုက်ကာ၊ "ကျန်းကော၊ ကျွန်တော် အင်တာဗျူးလုပ်စရာကျန်သေးလား" ဟုမေးလိုက်သည်။
ကျန်းသုန့်က သူ့ဖုန်းစခရင်အား ဆွဲလိုက်ကာ၊ "မနက်ဖြန်ကျရင် မင်းမှာ သီးသန့်အင်တာဗျုးသုံးခုရှိတယ်... အဲ့ဒီအတွက် ပြင်ဆင်ထား ပြီးရင်၊ မင်း Flanders ရုပ်ရှင်ပွဲတော်ဆီ တန်းပြီး လေယာဉ်စီးသွားရမယ်..."
ထို့နောက် ဖုန်းကိုပိတ်ကာ၊ ချောင်းနှစ်ချက်ဟန့်ပြီး သူ့အသံကို နှိမ့်၍၊ "သူမင်းကို ကားထဲမှာစောင့်နေတယ်... မိနစ်သုံးဆယ်ဆို လောက်တယ်မဟုတ်လား..."
မျက်လုံးလေးများတောက်ပသွားကာ၊ ရွှီလော့ယန်က ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။
"ကျေးဇူးပါ ကျန်းကော..."
ထို့နောက် သတင်းထောက်များကိုရှောင်ရှားသွားပြီးနောက် ကားပါကင်ရှိ ကားရှေ့၌ရပ်ကာ၊ သူ့နှလုံးခုန်သံများ မြန်ဆန်လာလေသည်။
ထိုအချိန်မှာပင် ကားတံခါးက အသာလေးပွင့်လာသဖြင့် ရွှီလော့ယန်က အလျင်အမြန်ပင် အထဲသို့ဝင်ကာ၊ သူ့နောက်မှကားတံခါးကို လိုရမယ်ရ၊ အမြန်ပိတ်လိုက်သည်။
ထို့နောက်၊ ထိုင်လျက်နှင့် သူက ချီချန်အန်းကို ကြည့်လိုက်သည်။ ကားထဲတွင် ဟီတာဖွင့်ထားသဖြင့်၊ ချီချန်အန်းမှာ သူ၏အပေါ်ထပ်အင်္ကျီကိုချွတ်ကာ ဘေး၌တင်ထားလေသည်။ သို့နှင့် သူ့ကိုယ်ပေါ်၌ အဖြူရောင်ရှပ်အင်္ကျီနှင့် vest ကိုသာ ဝတ်ဆင်ထားပြီး သူ၏ နက်ကတိုင်သည်လည်း သက်တောင့်သက်သာရှိသည့်ဟန်ဖြင့် လျော့ရဲစွာရှိနေသည်။
ဟီတာဖွင့်ထားသည့်အတွက်ကြောင့်လားမသိသော်လည်း၊ ရွှီလော့ယန်၏ကိုယ်မှာ ပူလောင်လာလေသည်။ ပြတင်းပေါက်များအားလုံးပိတ်ထားပြီး အပြင်ဘက်မှ ဘာကိုမှမမြင်နိုင်သည်ကို အတည်ပြုပြီးနောက်၊ သူက ချီချန်အန်းကို စက္ကန့်နှစ်ဆယ်ခန့် စိုက်ကြည့်နေမိကာ၊ ကားထဲမှအလင်းရောင်ကို အနိမ့်ဆုံးသို့ ချိန်ညှိလိုက်ပြီး ချီချန်အန်းအပေါ် ခုန်တက်လိုက်လေသည်။
သူ့အား လှမ်း၍ပွေ့ဖက်ကာ၊ ချီချန်အန်းက တစ်ခုခုပြောရန်ပြင်စဉ်၊ ရွှီလော့ယန်က အမြန်ပင် သူ့အပေါ်အုပ်မိုးကာ နမ်းရှိုက်လာလေသည်။ သူ၏အေးစက်နေသော နှုတ်ခမ်းသားများက ရွှီလော့ယန်၏နှုတ်ခမ်းများနှင့်ထိတွေ့သွားပြီး၊ သူ့အား နမ်းရန်အလျင်လိုနေသည့်အတွက်၊ အနမ်းက နက်နဲခြင်းမရှိသော်လည်း၊ သူတို့၏စိတ်ထဲ မီးတောက်လေးတစ်ခု ဖြစ်ပေါ်လာရသည်။
သက်ပြင်းချလျက်ပြုံးလိုက်ကာ၊ ချီချန်အန်းက သူ့နှုတ်ခမ်းလွှာတို့ကို ဖွင့်ဟ၍ ရွှီလော့ယန်ကို သူ့အား ပြင်းပြင်းပျပျနမ်းရှိုက်ခွင့်ပေးလိုက်၏။ ထို့နောက် တစ်ဖက်လူ၏အားလျော့သွားသည့်အခါမှသာ၊ သူက ရွှီလော့ယန်၏ဂုတ်ပိုးကို ဖိကိုင်ကာ၊ တိုက်ရိုက်ပင် ပြန်လည်ထိန်းချုပ်လိုက်သည်။
ချီချန်အန်း၏လက်များက သူ့အင်္ကျီထဲသို့ဝင်ရောက်လာကာ သူ့ခါးကို ထိတွေ့စဥ်တွင် ရွှီလော့ယန်က ငေးမောနေမိသည့်အနေအထားနှင့်ပင် တစ်ခုခုလွဲမှားနေသည်ကို ခံစားမိလိုက်သည်။ သို့သော်လည်း သူက သေချာမစဉ်းစားနိုင်သေးခင်၊ ချီချန်အန်းက သူ၏လျှာကို လွှတ်လိုက်ကာ၊ သူ၏ ပင်ကိုနားဝင်ချိုသည့်ခပ်အုပ်အုပ်အသံက ထွက်ပေါ်လာခဲ့သည်။
"နျောင်နျောင်၊ မင်းရဲ့ခါးလေးကို အနွေးအိတ်ဘယ်နှခုလောက်တောင် ကပ်ထားတာတုန်း..."
!!
အဓိက စကားလုံးများကို ကြားလိုက်ပြီးသည့်နောက်၊ ရွှီလော့ယန်က ရုတ်ချည်းအသိပြန်ဝင်လာကာ၊ နေရာမှာပင် အေးခဲသွားရသည်။
ကြည့်ရတာ ချီချန်အန်းက သူ့ရဲ့ခါးကိုဆုပ်ကိုင်ချင်ပေမယ့် အနွေးအိတ်တွေကိုပဲ လက်နဲ့အပြည့်ဆုပ်ကိုင်မိသွားတယ်နဲ့တူတယ်။
ဒါကတကယ်ကို ရှက်စရာပဲ...
ချီးချန်အန်း၏ပခုံးထက်သူ့ခေါင်းလေးကိုဖွက်ထားလိုက်ကာ၊ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေပြီးမှ၊ အသံသေးသေးလေးဖြင့် ပြောလာသည်။
"အဲ့လောက်လည်း မများပါဘူး လေးခုတည်းပါ..."
ထို့နောက် သူပြန်ရလိုက်သည့် တုံ့ပြန်မှုကတော့ ချီချန်အန်း၏ရယ်မောသံများပင်။
ထိုကဲ့သို့ နှောင့်ယှက်ခံလိုက်ရသဖြင့်၊ ရွှီလော့ယန်၏စိတ်ထဲမှ တောက်လောင်နေသည့်မီးစလေးမှာ တစ်ဝက်တစ်ပျက်၌ပင် ငြိမ်းသတ်ခံလိုက်ရ၏။ သူက ခါးပတ်ပတ်လည်ရှိအနွေးအိတ်များကိုဖယ်ရှားလိုက်ပြီး ဘေးတစ်နေရာရာ၌ တင်ထားလိုက်သည်။
ထို့နောက် သူက ချီချန်အန်း၏ပခုံးများထက်တွင် လှဲလျောင်းလိုက်ကာ၊ ခေါင်းကိုအနည်းငယ်စောင်းလိုက်ပြီး ဖြည်းဖြည်းလေးနှင့် ဖွဖွလေးနမ်းလိုက်ကာ၊ မနေနိုင်ဘဲ ရေရွတ်မိသည်။
"ငါ မင်းကို အရမ်းလွမ်းတာပဲ..."
"ကိုယ်လည်း မင်းကိုလွမ်းတယ်..."
ထို့သို့ပြောရင်း၊ ချီချန်အန်း၏လက်များက သူပခါးတစ်ဝိုက်ရစ်ပတ်လာခဲ့ပြီး သူ၏နှာခေါင်းထိပ်လေးကို နမ်းလိုက်သည်။
"နျောင်နျောင်က အရမ်းတော်တာပဲ ရွှေရောင်မေပယ်လ်ဆုကိုတောင်ရတယ်"
သတိပေးခံလိုက်ရကာ၊ ရွှီလော့ယန်၏မျက်လုံးလေးများက ပြူးကျယ်လာပြီး ချီချန်အန်းကို စိုက်ကြည့်လျက်အော်ဟစ်လိုက်တော့၏။
"လူလိမ်"
ချီချန်အန်းက ပြုံးလျက်သာ။ "ကိုယ်မင်းကို ဘယ်မှာလိမ်လို့လဲ"
"မင်းပြောတော့ ကောဇောနီပေါ် မင်းမလျှောက်တော့ဘူးဆို ..."
ထိုနေရာအထိပြောပြီးကာမှ၊ သူက ချီချန်အန်း၏ စကားလုံးထောင်ချောက်များထဲ နောက်တစ်ကြိမ်ထပ်မံကျရောက်သွားပြန်ကြောင်း ရွှီလော့ယန်သတိထားမိလိုက်သည်။
ချီချန်အန်းက အမှန်ပင် သူ့ကိုမညာခဲ့။ သူကတကယ်ကို ကော်ဇောနီပေါ် မလျှောက်ခဲ့၍ပင်။
"အား၊ စိတ်တိုလွန်းလို့ ပုံပျက်သွားတော့မှာပဲ..."