အပိုင်း ၉၆
Viewers 22k

🍬Chapter 96



ရွှီလော့ယန်၏နှလုံးသားလေးမှာ ချဉ်စူးစူးဖြင့် ပေါက်ကွဲထွက်တော့မတတ်ပင်။ 


ချီချန်အန်း၏လက်ကိုယူကာ၊ သူ့နှလုံးသားရှိရာနေရာ၌တင်လိုက်ပြီး 


"ချန်အန်း၊ ခံစားကြည့်... ငါ့နှလုံးက ခုန်နေတုန်းပဲ... ငါက နည်းနည်းလေး ကံဆိုးပေမယ့်၊ ဘေးအန္တာရယ်ဆိုးတွေကို ရှောင်တဲ့နေရာမှာတော့ ငါက ထိပ်ဆုံးက‌ပဲ... ငါအခုထိ၊ အသက်ရှုနေပြီးတော့ ကောင်းကောင်းမွန်မွန်နဲ့ မင်းဘေးနားမှာ လှဲနေတယ်လေ..."


ထို့နောက်၊ သူ၏နဖူးပြင်၊ လက်မောင်းများ၊ ခါးနှင့် ခြေထောက်တို့အား ချီချန်အန်း၏လက်ကိုဆွဲယူ၍ စမ်းသပ်စေကာ၊ ကြိုးစား၍ပြုံးလျက် 


"တွေ့လား...အကုန်လုံး အကောင်းတိုင်းပဲ... ရှရာလေး နည်နည်းကလွဲလို့၊ ဘာပြဿနာမှ မရှိပါဘူး..." 


ထိုသို့ပြောပြီးနောက် ခေါင်းမော့ကာ ချီချန်အန်း၏နှုတ်ခမ်းကို ကိုက်လိုက်မိသည်။


"နာတယ်မို့လား...ဒါက မင်း အိပ်မက်မက်နေတာမဟုတ်ဘူးဆိုတာ သက်သေပဲ... မင်းရဲ့နျောင်‌နျောင်‌က ခုလေးတင် မင်းကို ကိုက်လိုက်တာလေ..."


ချီချန်အန်းရယ်မောလိုက်တာကို မြင်သည့်အခါ၊ ကျောပြင်ကို ပုတ်ပေးလိုက်ပြီး 


"အဆင်ပြေပါတယ်...မကြောက်ပါနဲ့ ... မျက်လုံးတွေမှိတ်ထားလိုက်... ငါဒီမှာ မင်းနဲ့အတူတူရှိနေတယ်..."


ထိုသို့ပြောလိုက်သော်လည်း၊ သူ့မျက်လုံးများမှိတ်လိုက်ပြီး မကြာမီ သူအိပ်ပျော်သွားပြန်သည်။ ချီချန်အန်းက သူနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်အထိ စောင့်နေပြီးမှ၊ သူ့ဖုန်းကိုယူကာ ဧည့်ခန်းသို့ထွက်သွား၍ လျန်ချိုးထံ ဆက်သွယ်လိုက်သည်။


"ခုရက်ပိုင်းအတွင်း စွန့်ပစ်စက်ရုံနဲ့ အနားတဝိုက်က စောင့်ကြည့်ရေးကင်မရာရဲ့ ဗီဒီယိုတွေကို ယူခဲ့... သေသေချာချာ စစ်ဆေး.... အင်း... ငါ ရိုက်ကွင်းက ဗီဒီယိုကို အကြိမ်သုံးဆယ်ကျော်လောက်ကြည့်ပြီးပြီ... ပြဿနာတစ်ခုခုရှိနေတယ်...ဖြစ်နိုင်ချေကို ..... တတ်နိုင်သမျှ အမြန်ဆုံး.... ရှာဖို့လိုတယ်..."


ဖုန်းချပြီးနောက် လှည့်၍ အိပ်ခန်းထဲသို့ ပြန်ဝင်သွားသည်။ သို့သော်လည်း ချီချန်အန်းက တံခါးဝတွင်သာခဏလောက်ရပ်ကာ သူ့ကိုယ်ပေါ်ရှိ လေအေးများပျောက်ကွယ်သွားသည်အထိစောင့်ပြီး‌မှ ကုတင်ပေါ်တက်လာလေသည်။ သူက ရွှီလော့ယန်၏နဖူးကို ညင်သာစွာနမ်းရှိုက်လိုက်သည်။


 "ကောင်းသောညပါ ကိုယ့်ရဲ့နျောင်နျောင် ..."


နှစ်ယောက်စလုံး ညလုံးပေါက် နှစ်ခြိုက်စွာအိပ်မပျော်နိုင်ခဲ့ပေ။ သူ၏ဒဏ်ရာများမှနာကျင်မှုကြောင့် ရွှီလော့ယန်က အိပ်နေရာမှ တစ်ခေါက်မက နိုးလာရပြီး ချီချန်အန်း၏ချော့မြှူမှုအောက်၌ ပြန်လည်အိပ်ပျော်သွားရသည်။


သို့သော်လည်း အလင်းရောင်ဝင်လာသည်နှင့် ရွှီလော့ယန်က သူဆက်အိပ်လို့မရ‌နိုင်တော့ပေ။ ထို့နောက် ခဏလောက်စဉ်းစားကာ၊ စောစောထလိုက်သည်။ သို့သော် သွားတိုက်ပြီးသည်‌နှင့် သူကနောင်တရသွားပြန်ပြီး သူနှင့်အတူ ချီချန်အန်းကို ကုတင်ပေါ်ဆွဲခေါ်ကာ ၊ လှဲလျောင်း၍ စကားစမြည်ပြောနေလေ၏။


"ချန်အန်း...ငါငယ်ငယ်တုန်းကလေ၊ ငါ့မှာ အတော်လေးကို ကြီးမားတဲ့ရည်မှန်းချက်ရှိတဲ့ အိပ်မက်တစ်ခုရှိတယ်..." 


"ဘာများလဲ..."


"ငါက မိန်းကလေးတစ်ယောက်ဖြစ်ချင်ပြီးတော့ ငါ့ရဲ့စောင်နဲ့ လက်ထပ်ချင်တာတဲ့... အဲ့ဒါမှ နေ့တိုင်းစောင်ခြုံပြီးအိပ်လို့ရမှာလေ... ဒါပေမယ့် ပြီးတော့ ငါက အဲကွန်းနဲ့လက်ထပ်ချင်ပြန်ရော... ဒါမှ နွေရာသီမှာ အေးအေးလေနဲ့ ဆောင်းရာသီမှ နွေးနွေးလေး နေနိုင်မှာလေ...ဒါပေမယ့် အဲ့ဒီလိုဆို ငါက အရင်ဆုံး စောင်နဲ့ကွာရှင်းရမယ်ဆိုတာ သဘောပေါက်သွားတယ်... မဟုတ်ရင် ငါက တရားဝင်အိမ်ထောင်ဖက်ရှိလျက်နဲ့နောက်တစ်ယောက်နဲ့လက်ထပ်တဲ့ အပြစ်အကြီးကြီးခံရမှာလေ...အဲ့ဒီအချိန်တုန်းက ငါကတကယ်ပဲ ဘယ်သူ့ကို လက်လွှတ်လိုက်ရမလဲလို့ တော်တော်လေးဝေခွဲမရဖြစ်နေတာ...အဲ့ဒါနဲ့ ငါ‌အမေ့ကိုသွားမေးလိုက်တော့ အမေက 'နျောင်‌နျောင်၊ သားကအရမ်းအတာပဲ...သားက လေအေးပေးစက်ပါတဲ့စောင်နဲ့ လက်ထပ်လိုက်လို့ရတယ်လေ' လို့ပြန်ပြောတယ်လေ..." 


ရွှီလော့ယန်ကပြောရင်းရယ်မောလိုက်ကာ၊ ချီချန်အန်းထံလှည့်၍မေးလိုက်သည်။ 


"ငါ့အမေမှာ ဟာသတွေပြောနိုင်တဲ့အရည်အချင်းရှိတယ်မဟုတ်လား..."


သို့သော်လည်း ထိုသို့ပြောပြီးနောက်၊ ချီချန်အန်း၏သဝန်တိုစိတ်လေးကို သူထိမိသွားပြီဟု ရုတ်ချည်းအမှတ်ရသွားကာ၊ အလျင်အမြန်ပင် ပြန်လည်ပြင်ဆင်လိုက်သည်။


 "ဒါပေါ့၊ စောင်နဲ့ အဲကွန်းလို အရာတွေက အရမ်းအားနည်းလွန်းတယ်...ငါတကယ်တည်းလက်ထပ်မယ်ဆိုရင်၊ သေချာပေါက် ငါ့ရဲ့ မစ္စတာချီကိုပဲ ရွေးမှာပေါ့..."


ချီချန်အန်းရယ်နေတာကို မြင်သည့်အခါမှ၊ ရွှီလော့ယန်က သူ့နဖူးထက်မှ ချွေးစက်တို့ကို သုတ်လိုက်ကာ သူကတကယ်ဉာဏ်ပြေးတာပဲ ဟုတွေးနေမိသည်။ ထို့နောက် အတွေးရသွားကာ စိတ်ရင်းဖြင့် အကြံပေးလိုက်သည်။ 


"မစ္စတာချီ၊ နာမည်ကို မစ္စတာရှာလကာရည်လို့ ပြောင်းလိုက်ရင်ကော..."


ထို့နောက်တွင်တော့ သူက ချီချန်အန်းထံမှ အဖိခံလိုက်ရကာ တစ်ဆယ့်ရှစ်မိနစ်တိတိ အနမ်းခံလိုက်ရလေသည်။


မနက်စောစောသာဖြစ်သည့်အတွက် အပူတို့ထကြွလွယ်လေသည်။ ရုပ်ပိုင်းဆိုင်ရာတုံ့ပြန်မှုတို့ကို ငြိမ်သက်စေရန် နှစ်ယောက်သား ခဏလောက် ကိုယ်ချင်းခွာလိုက်သည့်အခါတွင်၊ ဖုန်းမြည်လာခဲ့သည်။ ချီချန်အန်းက ဖုန်းကိုလှမ်းယူ၍ ဖြေဆိုသည့်ခလုတ်ကိုသေချာနှိပ်လိုက်ကာ ရွှီလော့ယန်ထံ လှမ်းပေးလိုက်သည်။


"ကျန်းကော" ကျန်းသုန့်မှန်းသိလိုက်ရတော့ ရွှီလော့ယန်က စပီကာဖွင့်လိုက်သည်။


"လော့ယန်၊ မင်းရဲ့ရပ်တည်ချက်ကို ပြော မင်းကိုယ်မင်း မှားယွင်းစေမှာလား... ဒါမှမဟုတ် သည်းမခံဘဲနေမလား..."


ချီချန်အန်း၏ မျက်နှာက ရုတ်ချည်းအေးစက်သွားသည်ကို မြင်လိုက်သည့်အခါ ရွှီလော့ယန်က မတုံ့ဆိုင်းဘဲ အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။ 


" ကျွန်တော်က သဘောထားကြီးတဲ့လူမှမဟုတ်တာ အငြိုးအတေးထားတတ်တယ်..."


ကျန်းသုန့်ကလည်း ရယ်မောလိုက်မိသည်။ 


"ကောင်းတယ်...ငါရောပဲ..." 


သက်တံ့ရုပ်မြင်သံကြားဌာန...


ယမန်နေ့ညအတွက် ဝမ်ကျစ်လင်းမှာ သုံးနာရီသာ အိပ်ရသေးသည်။ ရွှီလော့ယန်က ဆေးရုံတင်လိုက်ရပြီး ချီချန်အန်းကလည်း အနောက်မှလိုက်သွားသဖြင့်၊ အခြားသောအနုပညာရှင်များကလည်း ပူးပေါင်းဆောင်ရွက်ခြင်းမရှိသဖြင့် ရှိုးကိုဆက်ရိုက်ရန် မဖြစ်နိုင်တော့ပေ။


အစီအစဉ်ကိုနှောင့်နှေးစေသည့်အတွက်၊ စုန့်ယောင်က မကျေမချန်းဖြစ်ဟန်ပြသလာသည်။ ကွမ်းရှန်း၊ ကျန်းလျို့နှင့် ချင်းရှောင်ရန်တို့က ယခုထိဘာလှုပ်ရှားမှုမှမရှိသေးသော်လည်း ဆက်လက်၍နှောင့်နှေးနေပါကဘာမှဖြစ်မလာနိုင်ဘူးဟု မပြောနိုင်ပေ။ မနေ့က ရွှီလော့ယန်အဖွဲ့၏ လုပ်ဆောင်ချက်အပြီးတွင် လူထုအမြင်က လုံးဝကို သူတို့ဖက်မှဖြစ်သွားကာ၊ ဌာန၏ခေါင်းဆောင်ပိုင်းမှလူကြီးများက သူ့ကိုခေါ်၍ နာရီဝက်ကျော်မျှ ဆူပူခံခဲ့ရသဖြင့် မျက်နှာပျက်စေသည်။ ထို့ကြောင့်အစည်းအဝေးခန်းသို့ ပြန်ရောက်သောအခါ၊ သူက ဒေါသများကို ဖိနှိပ်ထားကာ မနည်းထိန်းထားရသည်။


သူ့လက်ထောက်က အလိုက်တသိဖြင့် ကော်ဖီခွက်ကို လှမ်းပေးလာသည်။


"ဝမ်ကော၊ ရွှီလော့ယန်တို့ဘက်က သဘောထားက နဂိုအတိုင်းပါပဲ..." 


'ဘန်းခနဲ' ကော်ဖီခွက်ကို စားပွဲပေါ်ဆောင့်ချလိုက်ပြီး ဝမ်ကျစ်လင်းက ထေ့ငေါ့လိုက်သည်။ 


"သူက တကယ်ကြီး ငါကိုယ်တိုင်သူ့ကိုတောင်းပန်ဖို့ မျှော်လင့်နေတာလား..."


လက်ထောက်မှာ သူ့အား မစော်ကားမိစေရန် ဂရုတစိုက်ဖြင့် 


"အခြေအနေတွေအရတော့ အဲ့ဒီလိုပါပဲ..."


သို့သော်လည်း သူကစိတ်ထဲ၌ ရိုက်ကူးရေးမပြုလုပ်မီ လုံခြုံရေးအန္တရာယ်ရှိသည့် အရာများကို သေချာမစစ်ဆေးခဲ့သည်မှာ သူတို့အပြစ်ဖြစ်ကြောင်း တွေးနေမိသည်။ ထို့ထက်၊ ထိုအချိန်က ရွှီလော့ယန်၏အခြေအနေမှာ လွန်စွာမှ အန္တရာယ်များလှသည်။ ထို့ကြောင့် တရားဝင်တောင်းပန်မှုကို တောင်းဆိုသည်ပင်။ 


သို့သော်လည်း သူက ထိုကဲ့သို့ ထုတ်မပြောရဲပေ။ မနေ့ကပြုလုပ်သည့်အစည်းအဝေး၌၊ ဒါရိုက်တာဝမ်က လုံးဝတောင်းပန်မည်မဟုတ်သလို၊ ညှိနှိုင်းမှုလည်း မလုပ်လိုကြောင်း ဖိအားပေးပြောဆိုခဲ့သည်။ တစ်ဖက်တွင် ရွှီလော့ယန်က ကြီးကြီးမားမား ဒဏ်ရာမရသွားသလို၊ ပရိုဂရမ်အဖွဲ့၏ပုံရိပ်ကို ထိန်းသိမ်းရန်လည်းဖြစ်သည်။ မဟုတ်ပါက၊ လုံခြုံရေးအန္တရာယ်ဟူသည့် အဓိကအချက်ကိုသာ မီးမောင်းထိုးပြသည့်အချက်ကြောင့်၊ နောင်တွင် ရှိုး၌ရိုက်ကူးရန် အနုပညာရှင်များကို ဖိတ်ခေါ်ရာ၌ ခက်ခဲသွားပေမည်။ သက်ဆိုင်ရာဌာနများကို သတိပေးသလိုသာဖြစ်သွားခဲ့လျှင်၊ ဤပရိုဂရမ်အား ဆက်လက်ရိုက်ကူးနိုင်မည်၊ မရိုက်ကူးနိုင်မည်ကပင် ပြဿနာမဟုတ်တော့ကြောင်းကို ပြောရန်မလိုပေ။ 


ထင်ထားသည့်အတိုင်းပင်၊ ဝမ်ကျစ်လင်းကပြောလာခဲ့သည်။ 


"ငါတို့ရှိုးမှာ ပါဝင်ခဲ့လို့ပဲ၊ ရွှီလော့ယန်ရဲ့ကျော်ကြားမှုက ဘယ်လောက်အထိမြင့်တက်သွားခဲ့လဲ...အပြင်မှာ သူတောင်းတဲ့ကြေးက ငါးသန်းအထိ တက်သွားတယ်... သူဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာကို နားမလည်ရင်တောင်မှ သူနဲ့ သူ့အနောက်ကအဖွဲ့သားတွေက သူ့အနာဂတ်ကိုဖျက်စီးရဲမှာမဟုတ်ဘူး... သူခေါင်းညွှတ်လာမှာကို ငါစောင့်နေမယ်..."


ကျန်းသုန့်ထံမှ ထိုစကားများကိုပြန်ကြားရချိန်၌ ရွှီလော့ယန်က ပြုံးသာနေလိုက်သည်။ 


"ဒါရိုက်တာဝမ်က ဒီလိုပြောနေမှတော့ သူမြင်သာအောင် ဖျက်စီးပစ်လိုက်ရအောင်..."


မနက်ရှစ်နာရီအချိန်တွင်၊ အတော်ကြာအောင်တိတ်ဆိတ်နေခဲ့သည့် ရွှီလော့ယန်၏ဝေ့ပေါ်အကောင့်မှ စာတစ်ကြောင်းတည်းဖြင့်သာ ပိုစ့်တင်လာခဲ့သည်။


 "တောင်းပန်ပါတယ်...အခုချိန်ကစပြီးတော့ "ထိပ်တန်းလျှို့ဝှက်အက်ရှင်" ရိုက်ကူးရေးကနေ ကျွန်တော်နှုတ်ထွက်လိုက်ပါပြီ..."


တစ်မိနစ်တောင်မကြာဘဲ၊ ချီချန်အန်းက ထိုပိုစ့်ကို ပြန်လည်ဝေမျှလာသည်။ 


"ငါလည်း နှုတ်ထွက်တယ်...//ရွှီလော့ယန်: တောင်းပန်ပါတယ်...အခုချိန်ကစပြီးတော့ "ထိပ်တန်းလျှို့ဝှက်အက်ရှင်" ရိုက်ကူးရေးကနေ ကျွန်တော်နှုတ်ထွက်လိုက်ပါပြီ...//"


ဆက်တိုက်တက်လာသည့် ပို့စ်နှစ်ခုက ရုတ်ချည်း ရုတ်ရုတ်သဲသဲဖြစ်သွားစေသည်။


"-ငါသေချာမနိုးသေးတာမို့ မှားမြင်နေတာများလား ဘယ်ကမှန်းမသိ စိုးရိမ်ပြီး သွက်သွက်လက်လက် မစ္စတာချီရဲ့ဝေ့ပေါ်ကို သွားပြီးစစ်ဆေးကြည့်လိုက်သေးတယ်...ဒီတော့ ကုချန်က နှုတ်ထွက်သွားပြီပေါ့..

  ဒီလိုမျိုးကြီးလေ... သပ်ရပ်ပြီး သန့်ရှင်းတယ်...လန်းလိုက်တာ... ငါ့အဆောင်က ဘယ်သူကမှ အဲ့ဒီ ချေးလိုရှိုးကို မကြည့်ကြတော့ဘူး..."


"-အခုချိန်ကစပြီး "ထိပ်တန်းလျှို့ဝှက်အက်ရှင်"ကို ကြည့်နေရာက ရပ်လိုက်တော့မယ်...တောင်းပန်နေစရာမလိုဘူး...ထွက်လိုက်၊ ထွက်လိုက်....ထွက်လိုက်...မင်းအတွက် ငါအပြည့်အဝတောက်ခံတယ်... ချီးလို ပရိုဂရမ်အဖွဲ့၊ ငါ့ရဲ့ ရွှီလော့ယန်ကို နစ်နာစေပြီး၊ အခုချိန်ထိတောင်၊ တောင်းပန်စာမပြင်သေးဘူးပေါ့လေ ကြည့်သူမရှိတဲ့ အစီအစဉ်ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်တယ်..."


"-ဆို‌တော့ ဒီတစ်ခါရွှီလော့ယန်ရဲ့ ဒဏ်ရာက တကယ် ပြင်းတယ်နဲ့တူတယ် အဟင့်၊ ငါ့ရင်တွေနာလိုက်တာ... အဲ့ဒီမြင်ကွင်းကို ကြည့်လိုက်တိုင်း ငါ့နှလုံးသားကိုဖြစ်ညစ်ခံထားရသလိုပဲ... နှုတ်ထွက်တာကို ထောက်ခံတယ်... လော့ယန်ကို ထောက်ခံတယ်... ကုချန်ကို ထောက်ခံတယ်..." 


များမကြာမီပင် ကျန်းသုန့်ကလည်း ပို့စ်ကို ပြန်၍မျှဝေလာခဲ့သည်။ သူ့စကားလုံးများကမူ ထေ့ငေါ့ဟန်အပြည့်ဖြင့်။


"ခြေထောက်ဒဏ်ရာရသွားတဲ့အတွက်ကြောင့် ရွှီလော့ယန်က ရှိုးမှာဆက်လက်ပြီး မပါဝင်နိုင်တော့ပါဘူး..

 ဒီကနေပြီးပဲ၊ သူ့ကိုအမြဲတမ်းအားပေးလာတဲ့ပရိသတ်တွေကို တောင်းပန်ပါတယ်..."


ထိုတောင်းပန်ခြင်းက ပရိုဂရမ်အဖွဲ့အတွက်မဟုတ်ပဲ၊ ပရိသတ်များအတွက်သာ ရည်ရွယ်ထားကြောင်း အလွန်ပင် သိသာလေသည်။


ထို့နောက် သူက ချီချန်အန်းရိုက်ကူးထားသည့် ရွှီလော့ယန်၏ ဒဏ်ရာများ ကုသနေသည့်ပုံများကို ဆေးမှတ်တမ်းအပြည့်အစုံနှင့်တကွ တင်ပေးလိုက်သည်။


ထို့နောက်၊ ရွှီလော့ယန်တို့ဘက်မှ ဘာမှဆက်မပြောလာတော့ပေ။ မည်သူ့ကိုမျှ လက်ညှိုးမထိုးဘဲ၊ အလွန်တည်ငြိမ်၍ ချုပ်ထိန်းထားဟန်ဖြင့်သာ ပြုမူသွားလေသည်။ သို့သော်လည်း ပရိသတ်များက ဒေါသပုန်ထသွားရလေ၏။


"-ပရိုဂရမ်အဖွဲ့ရဲ့ တရားဝင်အကောင့်ကိုကြည့်တော့ သူတို့က ပေါ့ပေါ့လေးလုပ်နေတာပဲ မသိတဲ့သူတွေက ရှရာ၊ခြစ်ရာလေးရတယ်လို့တောင် ထင်သွားဦးမယ် မေးခိုင်၊ ဖနောင့်ကြောပြတ်တာ၊ သွေးထွက်လွန်တာနဲ့ ကူးစက်မှုတွေအကြောင်း နည်းနည်းလောက်ဗဟုသုတလေး ပေးပါရစေ...ဒေါသထွက်စရာပဲ...ပရိုဂရမ်အဖွဲ့က တကယ်ကို အထင်ကြီးလောက်ပါတယ်..."


"- ဒဏ်ရာသေးသေးလေးကို သေတော့မလို ဖြစ်ပျက်ပြနေလိုက်တာ... နည်းနည်းလောက် ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကျင့်ဝတ်တွေ၊ ဝတ္တရားတွေကို မပြပေးနိုင်ဘူးလား..."


"-ဦးနှောက်ရှိတဲ့ မှင်စာတွေနဲ့ ကီးဘုတ်ဖိုက်တာတွေ ထွက်သွားကြစမ်း...ဒီလောက်ထိ စာရိုက်ရတာကြိုက်နေကြလား... ဒါဆိုလည်း သွားပြီး ခုနစ်ချက်၊ရှစ်ချက်လောက် အပ်နဲ့ချုပ်ခံကြည့်လိုက်လေ..."


"-ငါ့ရင်တွေအရမ်းနာနေပြီ... မစ္စတာချီ လော့ယန်ကို သေချာဂရုစိုက်ပေးပါဦး... တောင်းဆိုပါတယ်..." 


မမျှော်လင့်စွာနှင့်၊ ရွှီလော့ယန် ပို့စ်တင်လိုက်ပြီး နာရီဝက်ခန့်အကြာ၊ ကျန်းလျို့က ပို့စ်ကို ပြန်လည်ဝေမျှလာခဲ့သည်။


 "ကျန်းလျှို့: ငါလည်းနှုတ်ထွက်တယ်...//ချီချန်အန်း:ငါလည်း နှုတ်ထွက်တယ်...//ရွှီလော့ယန်: တောင်းပန်ပါတယ်...အခုချိန်ကစပြီးတော့ "ထိပ်တန်းလျှို့ဝှက်အက်ရှင်" ရိုက်ကူး‌ဆရာကနေ ကျွန်တော်နှုတ်ထွက်လိုက်ပါပြီ...//"


ခဏချင်းပင်၊ ပွဲကြည့်နေသူများ၏ လက်ထဲမှ ဖရဲစေ့များ လွတ်ကျသွားရသည်။ ကျန်းလျို့၏ပရိသတ်များက ကောမန့်များမန့်လာလေသည်။ အချို့က သူ၏သစ္စာရှိမှုအတွက်ချီးကျူးကာ၊ အချို့က သူ့အား ချီချန်အန်းနှင့်ရွှီလော့ယန်နှင့်မတူဘဲသူ၏အုတ်မြစ်က မခိုင်သေးသဖြင့် ပြဿနာမရှာရန် စိတ်ရင်းဖြင့် တောင်းဆိုကြသည်။ သို့သော်လည်း ပို့စ်တင်ပြီး‌နောက်၊ ကျန်းလျှို့က ပျောက်သွားကာ မည်သည့်အသံမျှထွက်မလာတော့ပေ။ သို့သော်လည်း သူက ပို့စ်ကိုလည်း မဖတ်ပေ။


ပျားရည်ခွက်ကိုကိုင်ထားသည့် ရွှီလော့ယန်က အနည်းငယ် တုံ့ဆိုင်းသွားရသည်။ 


ထို့နောက် ချီချန်အန်းထံလှည့်ကာ


 "ငါ သူ့ကိုဖုန်းတစ်ချက်လောက်ခေါ်သင့်တယ်ထင်တယ်... ပုံမှန်ဆို သူကတော်တော်လေး ဉာဏ်ကောင်းပါတယ်... ဘယ်လိုဖြစ်လို့ ရုတ်တရက်ကြီး အရူးထရတာလဲမသိဘူး..." 


သူ့အတွက် အသီးအခွံကိုခွာပေးနေသည့် ချီချန်အန်းက 'အိုကေ' ဟုသာ ပြန်ပြောလာသည်။


ဖုန်းက တစ်ချက်မြည်ပြီးသည်နှင့် ချိတ်ဆက်သွားလေ၏။ ရွှီလော့ယန်က လိုရင်းကိုသာ တန်းပြောလိုက်သည်။ 


"ဆွေးနွေးကြရအောင်... မင်းဘာလို့ မင်းပိုစ့်ကို မဖျက်တာလဲ..."


ကျန်းလျိူ့က ရယ်မောလျက်၊ 


"ရွှီကော၊ ပို့စ်က တင်ပြီးနေပြီ... ပြန်ဖျက်လိုက်ရင် အတုအယောင်ဆန်သွားမှာပေါ့..."


ရွှီလော့ယန်က ဆက်ပြီး သိမ်းသွင်းလေသည်။


 " ဒီမှာ၊ ဒီရသစုံရှိုးက မင်းရဲ့မန်နေဂျာက ကြိုးကြိုးစားစားနဲ့ မင်းအတွက် အရယူထားပေးတာ... ဒီအတိုင်းကြီး နှုတ်ထွက်လိုက်တော့၊ မင်းကို သူချမှာ မစိုးရိမ်ဘူးလား..."


"မစိုးရိမ်ပါဘူး... လုံးဝကို မကြောက်တာ... ကျွန်တော့် မန်နေဂျာနဲ့ဆွေးနွေးပြီးပြီ..."


 ကျန်းလျို့၏ ရယ်မောသံက ပို၍ပင် အသက်ဝင်လာလေသည်။ 


" ကျွန်တော့မန်နေဂျာက၊ တစ်ခုခုလုပ်ရင် ကိုယ့်လုပ်ရပ်ကိုယ် တာဝန်ခံရမယ်လို့ပြောတယ် ဒီတကြိမ် ထုတ်လုပ်ရေးအဖွဲ့ရဲ့ ကိုင်တွယ်တဲ့နည်းလမ်းက တော်တော်လေး အောက်တန်းကျတယ် ဒီတော့ ဒီလို ရသစုံရှိုးမျိုးကို မရိုက်ရလည်း ဘာမှမဖြစ်ပါဘူး... အဓိကအချက်၊ သူပြောတာက၊ ရွှီကောနဲ့ မစ္စတာချီတို့ နှုတ်ထွက်တာနဲ့၊ ဝမ်ကျစ်လင်းသာ ယဲ့ရှန်ရှန်ကို မခေါ်နိုင်ဘူးဆိုရင်၊ rating က ချောက်ထဲကျသလိုကျသွားတာကနေ ပြန်တက်နိုင်မယ့် လမ်းမရှိဘူးလို့ ကျွန်တော့်မန်နေဂျာကပြောတယ်...ဒါကို ကျွန်တော်တို့က ပရိယာယ်ကျကျနောက်ဆုတ်ခြင်းလို့ခေါ်တာ..."


ထိုစကားကိုကြားသည့်အခါ ရွှီလော့ယန်၏နှုတ်ခမ်းဖျားလေးမှာ ကော့တက်သွားလေသည်။


 "ဒါဆိုလည်း ငါမပြောတော့ပါဘူးလေ....ကျေးဇူးပါ..."


"မလိုပါဘူး... ဒါက ကျွန်တော်လုပ်သင့်တာပဲကို... ကျွန်တော်တို့ 'လူတစ်ယောက်ကိုရှာဖွေခြင်း'မှာ အတူတူရိုက်ကူးရေးလုပ်ခဲ့တုန်းက ရွှီကောက ကျွန်တော်ကို အများကြီး ကူညီပြီး စောင့်ရှောက်ပေးခဲ့တာပဲကို..."


"ဒီတော့ ခပ်ချဉ်ချဉ်ဇီးဖျော်ရည်တစ်ခွက်ပေးလိုက်တာက မင်းကို ဂရုစိုက်ရာရောက်တယ်ပေါ့... မင်းကဈေးပေါလိုက်တာ..."


"အဲ့ဒီ ခပ်ချဉ်ချဉ်ဇီးဖျော်ရည်ကပဲ ကျွန်တော့်ကို အပူချိန် လေးဆယ်ဒီဂရီလောက်ရောက်နေတာတောင် အပူမရှပ်အောင် ကာကွယ်ပေးခဲ့တာလေ..." ကျန်းလျို့က ဆက်ပြောသည်။


 "ရွှီကော၊ တတ်နိုင်သလောက် များများအနားယူ၊ အစားသေချာစားပြီးတော့၊ ဝက်ခြေထောက်စွပ်ပြုတ်လိုမျိုး စွပ်ပြုတ်များများသောက်ပြီးတော့ မြန်မြန်နေကောင်းအောင် လုပ်နော်..."


ကျန်းလျို့ထံမှ ဖုန်းချပြီးသည့်အခါ၊ တခြားဖုန်းတစ်ခုက ချက်ချင်းထပ်ဝင်လာခဲ့သည်။ 


ရွှီလော့ယန်က ဖုန်းပြန်ဖြေလိုက်၏။ 


"ကျန်းကော၊ ဘာဖြစ်လို့လဲ..." 


"ရှန်ရှန်က တအား ထိန်းချုပ်ထားတယ် " 


ကျန့်သုန်းရဲ့လေသံမှာ သိသိသာသာပင် ပျော်ရွှင်နေလေသည်။


 " သူဘယ်လိုများ hack လိုက်လဲတော့ ငါမသိဘူး ဒါပေမယ့် သူ ဝမ်ကျစ်လင်းရဲ့ မွေးစာရင်းကို ရှာထုတ်လာတယ်...ဒါပေမယ့်၊ အလေးအနက်ပြောရရင်၊ ဒီဒါရိုက်တာဝမ်ရဲ့ဘဝက အတော်လေး အရောင်အသွေးစုံတာပဲ..."


ရွှီလော့ယန်က တက်ကြွလာသည်။


 "စိတ်ဝင်စားစရာ အတင်းအဖျင်းတွေ ရှိတာလား...ကျန်းကော၊ အတူတူ ပျော်ရအောင်လေ..."


"ဝမ်ကျစ်လင်းက ဝမ်လင်လို့ ခေါ်တယ်...သူ့ရဲ့ဇာတိမှာ ဇနီးနဲ့ ကလေးနှစ်ယောက်ရှိတယ်...ဒါပေမယ့် သူက ပိုက်ဆံရှာဖို့ထွက်သွားပြီး ရှုတင်တစ်ခုမှာ လက်တိုလက်တောင်းလုပ်နေရင်း လက်ထောက်ဒါရိုက်တာတစ်ယောက်ရဲ့ သမီးနဲ့တွေ့ခဲ့တယ်...ဒါနဲ့ သူက အိမ်ကိုအပြေးပြန်ပြီး သူ့မိန်းမကို အတင်းအကြပ်ကွာရှင်း၊ သူ့သမီးနှစ်ယောက်ကိုလည်း မလိုချင်တော့ဘဲ နာမည်ကိုပြောင်း၊ အတိတ်ကို အတုလုပ်ပြီး အဲ့ဒီမိန်းမပျို‌ေလးကို လိုက်ပိုးဖို့ နည်းလမ်းပေါင်းစုံထုတ်သုံးတော့တာပဲ... နောက်ဆုံးတော့၊ သူက အောင်အောင်မြင်မြင်နဲ့ လူမှုဆက်ဆံရေးလှေကားထစ်ကို တက်နိုင်သွားပြီး သက်တံ့ရုပ်မြင်သံကြားဌာနကိုဝင်ပြီး အားလုံးက သူ့အတွက် ချောချောမွေ့မွေ့နဲ့ ရွက်လွှင့်နေခဲ့တာပေါ့..."


ရွှီလော့ယန်က အံ့အားသင့်သွားရ၏။ 


" အရင်က ဒီအကြောင်း သဲလွန်စလေးတောင် မတွေ့ရဘူး"


"သူက သေချာဖုံးကွယ်ထားတာလေ" 


ကျန်းသုန့်က ဟန့်ခနဲ့ နှာမှုတ်ကာ 


"မင်း ကြည့်နေလိုက် င

ါသူ့ကို တစ်ချက်ချင်းစီဆွဲချပြီး သူလမ်းတောင်မလျှောက်နိုင်တော့လောက်အောင် နာမည်ဖျက်ပစ်မယ်..."


__


ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး : 


ချီချီ...မကြောက်ပါနဲ့ ၊ လိမ္မာနော်~ 


_


Translated By IQ-Team.