အပိုင်း ၉၅
Viewers 22k

🍬Chapter 95


ကျန်းသုန့်အလျင်စလိုရောက်လာသည့်အခါတွင်၊ ရွှီလော့ယန်က ဆေးရုံခန်းထဲတွင်ထိုင်ကာ သစ်သီးစားနေလေသည်။ သူ့ဒဏ်ရာက သိပ်မပြင်းထန်တာမို့ ဆေးရုံတက်စရာတော့မလိုဘူးလို့ သူထင်ပေမယ့်၊ ချီချန်အန်းက ငြင်းဆန်နေတာမို့ သူလည်း တင်းခံမနေတော့ပေ။


သူ့စိတ်ထဲမှာ ယခုတစ်ခေါက်တော့ သူက ချီချန်အန်းကို အမှန်တကယ်ထိတ်လန့်သွားစေမိကြောင်း သိနေလေသည်။ ထို့ကြောင့် ဤသို့လုပ်ခြင်းက သူ့စိတ်ကို အနည်းငယ်လောက်ဖြစ်ဖြစ်သက်သာရာ ရစေလေသည်။


"ကျန်းကော" 


ရွှီလော့ယန်က ခေါ်ပြီးသည့်အခါမှသာ ကျန်းသုန့်က အလွန့်အလွန်ပင်ဒေါသထွက်နေသည့်ဟန်ရှိကြောင်း သတိထားမိသွားသည်။ 


"ဒီပရိုဂရမ်အဖွဲ့ကို အမည်ပျက်စာရင်းထဲမသွင်းနိုင်ဘူးဆိုရင် ငါတကယ့်ကို ကျန်းသုန့်မဟုတ်တော့ဘူး" 


ရွှီလော့ယန်က တိတ်ဆိတ်လျက်သာ။


"ငါ ရိုက်ကွင်းက ဗီဒီယိုကိုမြင်ပြီးပြီ...အကယ်၍ အဲ့ဒီအချိန်တုန်းက မင်းသာ အဲ့ဒီပိုက်လိုင်းတွေအောက် ရောက်မနေဘူးဆိုရင် မင်းခေါင်းပေါ်‌ပြုတ်ကျဘာတဲ့ အဲ့ဒီသံပြားကြီးကြောင့် မင်းအကြီးအကျယ်ဒဏ်ရာရသွားနိုင်သလို၊ သေ‌ပါသေသွားနိုင်တယ် အဲ့ဒီစောက်ပရိုဂရမ်အဖွဲ့က တာဝန်ယူနိုင်မှာလား အခု၊ မင်းဒဏ်ရာသိပ်မပြင်းဘူးဆိုတာ သူတို့သိသွားတော့ သူတို့က ခပ်မြန်မြန်ကိုယ်လွတ်ရုန်း‌ချင်နေကြတာ၊ မသိရင်၊ မင်းကပဲ အဲ့ဒီသံပြားကိုယူပြီး ကိုယ့်ခြေထောက်ကိုရိုက်လိုက်သလိုလိုနဲ့..."


'သေသွားနိုင်တယ်' ဟူသည့်စကားကိုကြားပြီး သူ့လက်ကိုကိုင်ထားသည့်ချီချန်အန်း၏လက်များက တင်းကြပ်သွားသည်ကို ခံစားမိလိုက်သောကြောင့် ရွှီလော့ယန်က ရယ်လိုက်ကာ 


"ကျန်းကော၊ စိတ်မဆိုးပါနဲ့... ကျန်းကောအရမ်းစိတ်ဆိုးနေရင်၊ ခေါင်းက ဆံပင်တွေကျွတ်လာလိမ့်မယ်...ပြီးတော့ ကျွန်တော်က အမြဲကံကောင်းတာပဲလေ၊ ဒီတစ်ခေါက် ကျွန်တော် ကပ်သီးလေး လွတ်မြောက်လာတာပဲမို့လား..."


ကျန်းသုန့်က အလွန်အမင်းစိတ်တိုနေသဖြင့် ထိုင်တောင်မထိုင်ပေ၊ သူ့အသံကမူ ပကတိ အေးစက်နေပေသည်။ 


"နောက်ထပ်ရှိသေးတယ်... မင်းနဲ့ စုန့်ယောင်နဲ့ လူခွဲပြီးသွားကြတယ်မို့လား... ဒုတိယထပ်မှာ သူရပ်နေတဲ့နေရာကဆိုရင်၊ မျက်နှာချင်းဆိုင်မှာရှိနေတဲ့ အဲ့ဒီသံပြားကို သေချာပေါက်မြင်နေရတယ်... အကယ်၍သူ့မှာသာ စ်ိတ်ယုတ်မာမရှိဘူးဆို၊ သူမင်းကို သတိလှမ်းပေးမှာပဲ..."


ရွှီလော့ယန်က စကားမပြောပေ။


"ဘယ်သူက သူ့ရည်ရွယ်ချက်တွေကို မမြင်နိုင်လို့လဲ... အကယ်၍ မင်းသာတစ်ခုခုဖြစ်သွားရင်၊ ဒဏ်ရာကြီးကြီး၊သေးသေး၊ တင်းရွှမ်ရဲ့ဇာတ်ကောင်ကိုပြိုင်မယ့်နေရာက မင်း နှုတ်ထွက်ရမှာပဲ... ပြီးတော့ သူကအဲ့ဒီမှာ ရပ်နေရုံနဲ့တင် အမြတ်ထွက်သွားမှာပေါ့..." 


ကျန်းသုန့်က ကဲ့ရဲ့လာသည်။


 "ဒါပေမယ့် အခုတော့ ဘယ်သူကမှအဲ့ဒီလိုမတွေးဘူး... ဇာတ်လိုက်နေရာအတွက် သရုပ်ဆောင်ကို ဆုံးဖြတ်ပြီးသွားပြီလေ..."


သူ၏လေသံမှတဆင့်၊ ရွှီလော့ယန်က အရွေးခံရသည်မှာ သူမဟုတ်ကြောင်း သိလိုက်ရသည်။ ချယ်ရီသီးစားနေရင်းဖြင့် သူကလျှာကိုက်မိမလိုပင်ဖြစ်သွားကာ၊ အလောတကြီးမေးလိုက်လေသည်။ 


"ဘယ်သူလဲ..."


"အရင်တည်းက သူတို့ရွေးထားတဲ့သူ ကော်ဝေ့ပဲ ဒါပေမယ့် နောက်မှစပြီး သရုပ်ဆောင်တာ"


ရွှီလော့ယန်က ချက်ချင်းပင် နားလည်လိုက်သည်။ 


"အဲ့ဒီတော့ ကျွန်တော်တို့က တုရွမ်လန်ရဲ့ သရုပ်ဆောင်ချက်ထဲက တစိတ်တပိုင်းပေါ့... အဲ့ဒီတော့ တုရွမ်လန်က ဇာတ်လိုက်ကို အစားထိုးချင်ခဲ့တာမဟုတ်ဘဲ သရုပ်ဆောင်ကြေးတိုးမပေးချင်လို့၊ စုန့်ယောင်နဲ့ ကျွန်တော်နဲ့ ပြိုင်နေတယ်ဆိုတဲ့သတင်းကို လွှင့်လိိုက်တာပေါ့... အဲ့ဒီမှာ ကော်ဝေ့လည်း ဒီလောက်ကောင်းတဲ့ ဇာတ်ကောင်ကို လက်လွှတ်လိုက်ရမှာကို စိုးရိမ်ပြီး တုရွမ်လန်ကို ထပ်ပြီး ဆက်သွယ်လာတယ်ပေါ့..." 


"အဲ့ဒီလိုပဲ...တုရွမ်လန်က သူ့ကဒ်တွေကို တော်တော်ကောင်းကောင်း ကစားသွားတာပဲ... လွန်ခဲ့တဲ့တစ်နာရီကပဲ ကော်ဝေ့က စာချုပ်မှာ လက်မှတ်ထိုးလိုက်တာ... သူ့ရဲ့သရုပ်ဆောင်ကြေးကို တပြားမှမတိုးတဲ့အပြင် သူက အရမ်းကိုတောင် ယဉ်ကျေးပြနေသေးတယ်..."


"ဒီလို လှည့်စားမှုမျိုးက တော်‌ေတာ်လေးစိတ်အနှောင့်အယှက်ဖြစ်စေတာပဲ"


 ရွှီလော့ယန်က သူ့ဆံပင်များကို ဆွဲဖွလိုက်သည်။ 


"ကျွန်တော် စိတ်ပင်ပန်းနေပြီ...အဲ့ဒီဇာတ်ကောင် တင်းရွမ်ကို ကျွန်တော် တော်တော်လေး သဘောကျတာ..." 


ကျန်းသုန့်က မတ်တပ်ထရပ်ကာ၊ လူနာကို စိတ်မဆင်းရဲစေရန်အတွက် သူ့လေသံကိုအတော်လေး ထိန်းချုပ်ထားပေသည်။ 


"အဟောင်းမသွားရင် အသစ်လည်းမလာဘူး...ငါမင်းအတွက်စောင့်ကြည့်ထားပေးမယ်...အကယ်၍ ဇာတ်ညွှန်းကောင်းကောင်းလေး၊ ဇာတ်ကောင်ကောင်းကောင်းလေးတွေ့ရင် ငါမင်းကို ဖုန်းခေါ်လိုက်မယ်..." 


ရွှီလော့ယန်၏ခြေထောက်မှ ပတ်တီးကိုကြည့်ကာ ကျန်းသုန့်စိတ်ဆင်းရဲသွားရသည်။ 


"မင်းကိုယ်မင်းလည်း ဂရုစိုက်ဦး ခုရက်တွေအတွင်း လုပ်ရမှာတွေကို ငါဖယ်ထားပေးမယ်..." 


"ကျေးဇူးပါ ကျန်းကော..." 


ရွှီလော့ယန်က တွေးတောနေမိသည်။ 


"ဒါရိုက်တာဝမ်က အလုပ်လုပ်တာရော၊ စကားအပြောအဆိုရောနှေးပေမယ့် သူ့ရဲ့ PR အဖွဲ့က...."


ယခုကဲ့သို့ဖြစ်ရပ်အပြီးတွင်၊ ဒါရိုက်တာဝမ်နှင့် သူ၏ရုပ်မြင်သံကြားဌာနက ပရိုဂရမ်အဖွဲ့၏တာဝန်ယူရမှုကို လျော့ပါးစေရန် မည်သို့ပင်ဖြစ်စေ၊ မတော်တဆဖြစ်ရသည့်အကြောင်းအရင်းအား ရွှီလော့ယန်ကိုယ်တိုင်ဂရုမစိုက်၍ဖြစ်သွားရသည်ဟူ၍ တာဝန်လွှဲရှောင်ရန် တတ်နိုင်သရွေ့ တွန်းအားပေးမည်ဖြစ်ကြောင်းကို ကျန်းသုန့်အား သတိပေးချင်ပေသည်။


"သူလား...ငါသူ့ကို PR ဆိုတာ ဘာလဲ ဒီနေ့ပြလိုက်မယ်..." 


ဒေါသများ တထောင်းထောင်းပြန်ထွက်လာကာ ကျန်းသုန့်ကပြောပြန်၏။


 "ငါ ဗီဒီယိုကြည့်တုန်းက copy ကူးလာခဲ့တယ် အကယ်၍သူသာ တကယ်ပဲ မင်းကို မတောင်းပန်ဘဲ နေရဲရင်နေကြည့်၊ ငါသူ့ကို ကိုင်တွယ်လိုက်မယ်..." 


ထိုသို့ဆိုကာ၊ သူက ဝုန်းဒိုင်းကြဲ၍ တံခါးမှထွက်သွားလေသည်။


ရွှီလော့ယန်က စဉ်းစားကြည့်ကာ၊ အနည်းငယ်စိတ်မသက်မသာခံစားရသဖြင့် ဖုန်းကိုယူကာ ဝေးပေါ်သို့ ဝင်ကြည့်လိုက်သည်။ ထင်ထားသလိုပင် သူဆေးရုံတက်လိုက်ရသည့်အကြောင်းမှာ နေရာအနှံ့ပင်။ ထို့ပြင် "ထိပ်တန်းလျှို့ဝှက်အက်ရှင်" ၏ တရားဝင်အကောင့်တွင် ပို့အသစ်တစ်ခုတင်ထားသည်။ ရွှီလော့ယန်ဒဏ်ရာရသွားသည့်အတွက် စိုးရိမ်ကြောင်းကို အင်မတန်မှ လက်ရာမြောက်စွာရေးသားထားသော်လည်း မတော်တဆဖြစ်ရသည့် အကြောင်းရင်းကို လုံးဝပင် မဖော်ပြထားပေ။


ထို့နောက် သူတို့က ရေတပ်တစ်ဖွဲ့ကိုဝယ်ကာ ပြင်ပရသစုံရှိုးမှ အနုပညာရှင်တစ်ဦးက နာမည်ကျော်ကြားဖို့နှင့် လူသိများရန်အတွက် မည်သို့သောကိစ္စရပ်ဖြစ်ပစေ လုပ်မည့်လူဖြစ်ကြောင်း ပြောဆိုလေ၏။ သူတို့ ရည်ညွှန်းပြစ်တင်ပြောဆိုနေသောသူမှာ မည်သူဖြစ်ကြောင်း အရမ်းပင် သိသာလွန်းနေသည်။


သေသေချာချာဖတ်ပြီးသွားသော်လည်း ရွှီလော့ယန်က ဘာကိုမျှမခံစားရပေ။ ကျန်းသုန့်က နာရီဝက်အတွင်း ပြန်လည်တုံ့ပြန်လိမ့်မည်ဟု သူခန့်မှန်းရသည်။ 


သို့နှင့် သူ့ဖုန်းကိုပိတ်ကာ ချီချန်အန်း၏ အင်္ကျီလက်ကိုဆွဲ၍ "ချန်အန်း၊ ငါအိမ်ပြန်ချင်တယ်" ဟုဆိုလေသည်။


တစ်နာရီကြာပြီးနောက်၊ ရွှီလော့ယန်၏ဆန္ဒလေးပြည့်ဝသွား‌လေ၏။


ဆိုဖာတွင်ထိုင်လျက် ချီချန်အန်း၏ပေါင်ပေါ်လှဲနေကာ ရွှီလော့ယန်က သက်တောင့်သက်သာရှိသဖြင့် မျက်လုံးလေးများပင် ပိတ်ထားလေသည်။ 


"ငါတို့ရဲ့ အိမ်လေးက အကောင်းဆုံးပဲ ဆေးရုံမှာဆို ငါမင်းကို နမ်းလို့‌တောင်မရဘူး..."


ခေါင်းကိုငုံ့ကာ နှုတ်ခမ်းချင်းထိကပ်လိုက်ပြီးနောက် ချီချန်အန်းက အတော်လေး စိတ်အေးသွားပြီဖြစ်သည်။ 


"ဘာစားချင်လဲ..."


"ဘာမှ သိပ်မစားချင်ဘူး" ရွှီလော့ယန်က ခေါင်းခါလိုက်သည်။ 


"မင်းအနားမှာ ဒီလိုမျိုးလေးနေနေတာကိုက ငါအများကြီး အင်အားတွေရတယ်" 


ထိုသို့ဆိုကာ၊ သူက ‌ချီချန်အန်း၏ခါးကို လက်ညှိုးလေးဖြင့် တို့တိတို့တိလုပ်နေမိသည်။


 "ဟုတ်သား... ဟုတ်သားပဲ...ငါ့ဖုန်း... ငါသတင်းတွေ ကြည့်ရဦးမယ်..."


#ရွှီလော့ယန်ဒဏ်ရာသွားတယ် ဟူသည့်ခေါင်းစီးမှာ တင်ထားသာသိပ်မကြာသေးသော်လည်း hot search ပေါ်သို့ တန်းရောက်နေပြီဖြစ်သည်။ ထို hot search အတွက် ကျန်းသုန့်ဝယ်ထားခြင်းဖြစ်မည်ဟု ရွှီလော့ယန်ထင်သော်လည်း ထိုခေါင်းစီးမှ ဆွေးနွှေးမှုများက အလွန်ပင်လူပြောများနေသည်။


ပရိုဂရမ်အဖွဲ့မှ တင်ထားသည့်စာနှင့်ကွဲပြားစွာ၊ ကျန်းသုန့်က live video သက်သေ ကို edit လုပ်ထားသဖြင့် ရေတပ်ဝယ်ရန်ပင်မလိုတော့ဘဲ ပရိသတ်များက လွန်စွာ ဒေါသထွက်နေကြပြီဖြစ်သည်။


"-ဗီဒီယိုကြည့်ပြီးတာတောင် ငါ့လက်တွေတုန်နေတုန်းပဲ... အကယ်၍ ရွှီလော့ယန်သာ ဘောပင်ကို မကောက်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ... အဲ့ဒီနေရာမှာသာ ပိုက်လိုင်းကြီးရှိမနေခဲ့ရင် ဘယ်လိုလုပ်မလဲ... အကယ်၍ အဲ့ဒီသံပြားကြီးသာ ရွှီလော့ယန်ရဲ့ခေါင်းကို တိုက်ရိုက်ထိသွားခဲ့ရင် ဘယ်လိုလုပ်မလဲ... ဘယ်သူက ငါ့ရဲ့လော့ယန်အတွက် ဘယ်လိုလျော်ပေးနိုင်မှာလဲ..."


"-ငါ သုံးခေါက်တောင် ကြည့်ပြီးပြီ... ပိုက်လိုင်းတွေက လေးဖက်စလုံးကာထားတာ သူပြေးချင်ရင်တောင် ထွက်ပြေးလို့မရဘူး...ဒီတော့ ရိုက်ကူးရေးမစခင်၊ ပရိုဂရမ်အဖွဲ့က လုံခြုံရေးအတွက် အန္တရာယ်ရှိတဲ့ပစ္စည်းတွေကို မဖယ်ရှားထားဘူးပေါ့...ဒီလောက် အန္တရာယ်ရှိတာကို သိသာနေတဲ့ဟာ၊ သူတို့ ကန်းနေတာလား... ပရိုဂရမ်အဖွဲ့အတွက် မှန်ဘီလူးပါတဲ့မျက်မှန်ကိုဝယ်ဖို့ ငါတို့ ကူငွေစုပေးရဦးမှာလား..."


"-ငါ့ရဲ့လော့ယန်လေးအတွက် ငါ့ရင်တွေနာတယ်...ဝူး... ငါငိုချင်တယ်... TT မစ္စတာချီအတွက်လည်း ရင်နာတယ်... အဲ့ဒီအချိန်တုန်းက အသိစိတ်လွတ်သွားတဲ့အထိ သူကြောက်နေခဲ့မှာပဲ..."


"-ပရိုဂရမ်အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူက ဘာဖြစ်နေတာလဲ...မင်းက စိတ်ပူပြီး စိုးရိမ်နေပေမယ့် တောင်းတော့မတောင်းပန်ဘူးပေါ့...မင်းတို့ အပြစ်ရှိသလိုမခံစားရဘူးလား... ဆေးကုသစရိတ်ကော ပေးပြီးပြီလား...ဇာတ်ညွှန်းကတော့ တော်တော်လေးကောင်းအောင်ရေးထားတာပဲ...ခံစားချက်တွေအပြည့်နဲ့...မင်းတို့ တောင်းပန်ပြီးပြီလား... သူ ပြင်းပြင်းထန်ထန်ဒဏ်ရာရသွား ဒါမှမဟုတ်မသေသွားတာနဲ့ဘဲ လော့ယန်က ဒီလိုမျိုးခံသင့်တယ်ပေါ့လေ...#ကျေးဇူးပြုပြီးတောင်းပန်ပါ..." 


အများပြည်သူ၏သဘောထားကို အကဲဖြတ်ပြီးနောက် ရွှီလော့ယန်က ဖုန်းကိုချကာ ချီချန်အန်း၏ရင်ခွင်ထဲတိုးဝှေ့ပြီး တီဗီကြည့်နေလိုက်သည်။ ခဏလောက်ကြည့်ပြီးသည့်အခါ၊ တီဗွီမှ‌တဆင့် သူ့အသံသူပြန်ကြားလိုက်ရသဖြင့် အံ့ဩသွားရသည်။ 


"ငါ စကားပြောနေတာလား..." 


အသေအချာကြည့်ပြီးသည့်အခါ၊ တီဗီပေါ်မှလူက အမှန်ပင်သူဖြစ်ကြောင်းတွေ့သွားကာ "idiom ပွဲတော်လား..." 


"အမ်း... ဒီအပိုင်းကို ဒီနေ့မှ သူတို့ထုတ်လွှင့်နေတာ..." 


ခေါင်းကုတ်လိုက်ကာ ရွှီလော့ယန်က အနည်းငယ်ရှက်သွားမိသည်။ 


"ငါ့ကိုယ်ငါ တီဗွီပေါ်မှာမြင်ရတာ နည်းနည်းထူးဆန်းနေတယ်..."


သူက ထိုရှိုးအား လွန်ခဲ့သည့် လဝက်ခန့်က ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ပရိုဂရမ်အဖွဲ့က သူ့ကိုပါဝင်ရန်ဖိတ်ခေါ်ခဲ့စဉ်က သူကအနည်းငယ် ပဟေဠိဖြစ်နေကာ၊ ဘာကြောင့် သူ့ကို ရွေးလိုက်မှန်း မသိပေ။


ဇာတ်လမ်းတစ်ပိုင်းစီ၌ idiom ငါးခုကို ရွေးချယ်ပြီး ပါဝင်မည့်အနုပညာရှင်များကို ဖိတ်ခေါ်ကာ သူတို့၏လုပ်ဆောင်မှုမှတဆင့် idiom နောက်ကွယ်မှ ဇာတ်ကြောင်းကိုပြသမည်ဖြစ်ကြောင်း သူကနောက်မှသာ သိရှိခဲ့ရသည်။ ထိုရှိူးက အလွန်နာမည်ကြီးလေသည်။


ရှိုးသို့ သူသွားပြီးသည့်အခါ၊ ရွှီလော့ယန်က 'စကားတစ်လုံးစီက ရွှေအသပြာတစ်ထောင် ထိုက်တန်၏' ဟူသည်ကို ရွေးမိခဲ့သည်။ သူက 'လု၏နွေဦးနှင့်ဆောင်းဦးမှ မှတ်တမ်းများ'ဟူသည့်စုဆောင်းမှုထဲတွင် ပါဝင်ခဲ့သည့် လုပုဝေ့၏တပည့်တစ်ယောက်အဖြစ် ငယ်ရာမှာ အိုမင်းသည်အထိ သရုပ်ဆောင်ခဲ့ရ၏။


ရှေးဟောင်းဝတ်စုံဖြင့် တီဗီတွင်ပေါ်လာသော သူ့ကိုယ်သူကြည့်ပြီး ရွှီလော့ယန်က ခေါင်းကိုလှည့်ကာ ချီချန်အန်း၏မေး‌ကိုလှမ်းထိတွေ့၍ ရယ်မောလိုက်မိသည်။


 "ချန်အန်းကောကောက ပိုပြီးကြည့်ကောင်းနေတုန်းပဲ..."


ထို့နောက် ချီချန်အန်းက သူ့ဖုန်းကိုထုတ်ကာ သုံးနေတာကိုတွေ့လိုက်ရပြီး ချက်ချင်းဆိုသလိုပင် သူ့ဖုန်းထံမှ ယွမ်ကိုးထောင်ကို လွှဲပြောင်းပေးလိုက်ကြောင်း နိုတီတက်လာလေသည်။ 


အံ့အားသင့်သွားကာ ရွှီလော့ယန်က ချက်ချင်းပြန်ပြောလေသည်။


 "မင်းကို ချစ်တယ်"


နိုတီထပ်တက်လာပြီး သူက ယွမ်နှစ်ထောင် ထပ်ရလိုက်သည်။


ထိုအခြင်းအရာက 'စကားတစ်လုံးစီက ရွှေအသပြာတစ်ထောင် ထိုက်တန်၏'ဟူသည့် ဆိုရိုး၏ လက်တွေ့ဖြစ်ရပ်ပင်။


စိတ်လှုပ်ရှားစွာနှင့် ရွှီလော့ယန်က ပျော်ရွှင်စွာဆက်ပြောလေသည်။ 


"မင်းကို အရမ်းချစ်တယ်.." 


ယွမ်လေးထောင် ရလိုက်လေသည်။


"ငါ မင်းကို တကယ် တကယ် အရမ်းအရမ်းကို ချစ်တယ်..." 


သို့သော်လည်း မျှော်လင့်ထားသလို ယွမ်တစ်သောင်းတစ်ထောင်ကို မရရှိခဲ့ပေ။ ထို့အစား သူ့အပေါ်အုပ်မိုးလာသည့် ချီချန်အန်းထံမှ နမ်းရှိုက်ခြင်းကိုသာ ခံလိုက်ရသည်။


 "ကိုယ်လည်းပဲ၊ မင်းကို အရမ်းအရမ်းကို ချစ်တယ်..."


နမ်းရှိုက်ခံနေရာမှ လွတ်မြောက်လာသောအခါ၊ ရွှီလော့ယန်က အသားစီးရပြီးနောက် လိမ္မာပါးနပ်ဟန်ဖြင့်ထထိုင်ကာ ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလေသည်။ 


"မစ္စတာချီး ဒီလိုနည်းလမ်းနဲ့ လွတ်နိုင်မယ်မထင်နဲ့နော်... ဒီမှာ ရိုးရိုးသားသားပဲ လုပ်ရအောင်... ငါ တစ်ဆယ့်တစ်လုံးတောင် ပြောခဲ့တာလေ...မဟုတ်ဘူးလား..."


ရွှီလော့ယန်၏ လုံးဝိုင်းနေသည့်မျက်ဝန်းလေးများကို မြင်သည့်အခါ ချီချန်အန်းက "ကောင်းပါပြီ...ကောင်းပါပြီ... ချက်ချင်းရမယ်..." ဟု ပြောလာသည်။ 


ထင်ထားသလိုပင်၊ မကြာမီ၌ ရွှီလော့ယန်၏ဖုန်းမှ နိုတီတက်လာခဲ့သည်။ သူက အလျင်အမြန်စစ်ဆေးကြည့်လိုက်ပြီးနောက် ကတိပေးထားသည့် ယွမ်တစ်သောင်းတစ်ထောင်အစား ချီချန်အန်းဟူသည့် စကားလုံးများသာ တွေ့လိုက်ရသည်။


သူက မေးခွန်းထုတ်ရန်ပြင်စဉ်၊ ချီချန်အန်း၏အသံကို ကြားလိုက်ရသည်။


 "ကိုယ့်ကိုယ်ကို မင်းကိုပေးမယ်လေ... ဒါကြောင့် နျောင်နျောင်၊ ခုလေးတင်ပြောလိုက်တဲ့စကားကို ပြန်ပြောပေးလို့ရမလား..."


နောက်ထပ်တစ်ကြိမ်...၊ ချီချန်အန်းက ချိုမြမြအချစ်စကားလေးများကိုပြောသည့် လမ်းကြောင်းမှ ရှေ့သို့အတော်လေးရောက်နေပြီဖြစ်သည့်အတွက်၊ သူ့အနေနှင့် လေယာဉ်ဖြင့်လိုက်လျင်တောင်မှ၊ လိုက်မှီနိုင်မှာ မဟုတ်ပေ။ လည်ချောင်းရှင်းကာ သူက အလေးအနက်ထပ်ပြောလိုက်သည်။


 "ငါ မင်းကို တကယ် တကယ် အရမ်း အရမ်းကို ချစ်တယ်..."


ထိုစကားကိုကြားသည့်အခါ၊ ချီချန်အန်းက သူ့လည်တိုင်တွင်ခေါင်းအပ်ကာ "ကိုယ်လည်း တူတူပဲ" ဟု တိုးတိုးလေး ပြန်ပြောလေသည်။


'Idiom ပွဲတော်' ၏ အပိုင်းတစ်ခုလုံးကို ကြည့်ပြီးသွားသည့်အခါ၊ ချီချန်အန်း၏အကူအညီဖြင့် သူ၏ညနေခင်းလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပြီးသွားသည့် ရွှီလော့ယန်က ကုတင်ပေါ်သို့ သယ်မသွားခြင်းခံလိုက်ရလေသည်။ အိပ်ချင်စိတ်ကကြီးစိုးလာကာ၊ မျက်စိမှိတ်လိုက်သည့်အခိုက်၊ ချီချန်အန်း၏နံဘေး၌ သူအိပ်မောကျသွားတော့သည်။ 


မည်မျှကြာကြာအိပ်ပျော်သွားသည်မသိ၊ သူ့ခြေသလုံးမှနာကျင်မှုကြောင့် ရွှီလော့ယန်အိပ်ရာမှလန့်နိုးလားခဲ့သည်။ သူကမျက်လုံးများပွင့်ကာ ငေးကြောင်နေမိပြီး စက္ကန့်ပိုင်းမျှအကြာမှသာ လုံးဝနိုးသွားလေ၏။ ချီချန်အန်းက မအိပ်သေးဘဲ သူ့ကိုသာ နင့်နင့်နဲနဲစိုက်ကြည့်နေလေ၏။


သူနိုးလာသည်ကိုမြင်သည့်အခါ၊ ချီချန်အန်းက နူးညံ့ညင်သာစွာမေးလာသည်။ 


"အနာက နာလာလို့လား..."


"အင်း...နည်းနည်း..." 


ချီချန်အန်းကို ကြည့်ကာ ရွှီလော့ယန်၏နှလုံးသားထဲမှ နာကျင်မှုက သူ့ခြေထောက်မှနာကျင်မှုကိုပင် ဖုံးလွှမ်းသွားလေသည်။


သူ၏တက်ကြွသည့်အပြုအမူများနှင့်၊ အကြောက်အလန့်မရှိဟန်များက ချီချန်အန်ကို စိတ်ချစေခဲ့ပြီဟု သူထင်ထားသော်လည်း ယခု ချီချန်အန်း၏ မျက်လုံးများထဲကြည့်မိသည့်အခါ၊ သူထင်ထားသလို မဟုတ်သည့်ပုံပင်။


"ချန်အန်း၊ မင်းအိပ်မပျော်ဘူးလား..." 


"အင်း... ကိုယ်အိပ်လို့မရဘူး..." 


ရွှီလော့ယန်၏မျက်နှာကို လှမ်း၍ ညင်သာစွာပွတ်သပ်လိုက်ရင်း ချီချန်အန်းက ရိုးသားစွာဝန်ခံလိုက်သည်။ သူ့လေသံက အလွန်ပင်နူးညံ့ညင်သာနေသည်မှာ ပြင်ပမှတိုက်ခတ်နေသည့် ညလေအေးကြားတွင် ပျောက်ကွယ်သွားတော့မယောင်ပင်။ 


"ကိုယ် မအိပ်ရဲဘူး ကိုယ့်မျက်လုံးတွေကိုမှိတ်လိုက်တာနဲ့ သံပြားကြီးမင်းအပေါ်ကျလာပြီး မင်းကိုထိခိုက်သွားတာကိုပဲ မြင်နေရတယ်..."


သူ့လက်ချောင်းများက တရွေ့ရွေ့ရွေ့လာကာ၊ ရွီလော့ယန်၏လည်တိုင်ထက် နောက်ဆုံး၌ရပ်တန့်သွားသည်။ တဒုတ်ဒုတ်ခုန်နေသည့် သွေးခုန်နှုန်းက သူ့အား အနည်းငယ် သက်သာရာရစေသည်။


"နျောင်‌နျောင်၊ ကိုယ်တကယ် ကြောက်တယ်..." ခါးသီးစွာပြုံးလျက် ဆက်မပြောခင် ချီချန်အန်းက ခဏလောက်ရပ်လိုက်သည်။ 


"ရှန်ကျဲမေ့ ကိုယ့်ဗိုက်ကိုခွဲဖို့ ခွဲစိတ်စားပွဲပေါ်ကိုယ့်ကိုခေါ်သွားတုန်းကတောင်မှ ကိုယ်ဒီလောက်ထိ‌မကြောက်ခဲ့ဘူး..." 


"ချန်အန်း..." 


ရွှီလော့ယန်က ဆို့နင့်သွားရသည်။ 


မတော်တဆဖြစ်ရပ်ကို ကြောက်ရွံ့ခြင်းထက် ချီချန်အန်းအတွက် သူ့နှလုံးသားကပို၍နာကျင်ရပေသည်။


"အင်း..." 


လက်ကိုဆန့်တန်းကာ၊ ချီချန်အန်းက သူ့ကို ဂရုတစိုက်ထွေးပွေ့ကာ၊ ကွဲကြေလွယ်သည့်အရာတစ်ခုလို သူ့အား ဆက်ဆံပေသည်။ သူ့ရင်ခွင်ထဲ ရွှီလော့ယန်လုံခြုံစွာရှိနေသည်ကို သေချာအတည်ပြုပြီးကာမှ နဖူးချင်းအပ်လိုက်ကာ "မင်းက ကိုယ့်အသက်ပဲ..." ဟု ညင်သာစွာ ပြောလေ၏။


မင်းမရှိတော့ရင် ကိုယ်လည်း ဆက်ပြီး ရှင်သန်နိုင်မှာမဟုတ်ဘူး...

__


ရွှီနျောင်နျောင်၏ ခံစားချက်သေးသေးလေး:


ငါနောက်ထပ်လှည့်စားခံလိုက်ရတယ်လို့ ခံစားနေရတယ်... အရမ်းစိတ်တိုတာပဲ...ထားလိုက်ပါတော့... ငါထပ်ပြီးတော့ စိတ်မတိုနိုင်တော့ဘူး...


____


Translated By IQ-Team.