(45) ကမ္ဘာကြီးကို အချစ်များဖြင့်ထွေးပွေ့မယ်
ပိုင်လိအတွက်ဆင်ထားတဲ့ ချိုးချန်ရဲ့ထောင်ချောက် အပြည့်အဝအသက်ဝင်လာဖို့က အချိန်တစ်ချို့ယူရဦးမှာဖြစ်တယ်။ ပိုင်လန်က မီးလောင်တဲ့ကိစ္စအထိသိပေမယ့် နောက်ပိုင်းအစီအစဉ်တွေကိုတော့ ဂဃနဏမသိဘူး။ သူသိသွားရင် ရတတ်မအေးဖြစ်နေမှာ စိုးတာကြောင့် ချိုးချန်ကအသေးစိတ်မပြောပြဘူး။ ဒါပေမယ့် ချိုးချန်ကတော့ ပိုင်မိသားစုသုံးယောက်လုံးကို အဲဒိတိုက်ခန်းကမောင်းချပစ်ရမယ်လို့ ခိုင်ခိုင်မာမာသန္ဓိဋ္ဌာန်ချထားခဲ့ပြီးပြီ။ ဟုတ်တယ်လေ..သူတို့ကို ဘယ်သူက အဲဒိတိုက်ခန်းတွေအတွက်နဲ့ ပိုင်လန့်ကို ဒုက္ခပေးခိုင်းနေလို့လဲ?
ပိုင်လန်ခမျာမှာတော့ ဒီကိစ္စတွေကိုခံစားနေဖို့ များများစားစားအချိန်မရှိပါဘူး။ ‘ရှုပ်ထွေးနေသာလမ်းမများ’ ရိုက်နေရတာကတစ်ဘက်၊ ဆုဇကာတင်စာရင်းဝင်လို့ အမျိုးမျိုးသောတီဗွီအစီအစဉ်တွေမှာ ပါဝင်နေရတာကတစ်ဘက်နဲ့ အလုပ်ရှုပ်နေတယ်။ ဟုတ်တာပေါ့.. ဒီအစီအစဉ်တွေမှာ စည်းမျဉ်းစည်းကမ်းတိတိကျကျရှိတယ်။ အဲ့ဒါက အစီအစဉ်နဲ့မပတ်သက်တဲ့ အခြားအကြောင်းတွေကို ဆွေးနွေးခွင့်မပြုတာပဲ။ ဒီစည်းကမ်းက ပါဝင်သူတွေအကုန်လုံးအပေါ်မှာသက်ရောက်ပါတယ်။
အဲဒိဟာတွေအပြင် ပိုင်လန့်မှာနောက်ထပ်အထူးစပါရှယ်အလုပ်တစ်ခုလည်း လက်ခံထားသေးတယ်။ အဲဒါက နိုင်ငံရဲ့လေကြောင်းနဂါးကြီး ‘ရုန်အဲ’က ပိုင်လန့်ကို သူတို့ရဲ့ပြောရေးဆိုခွင့်ရှိသူသံတမန်အဖြစ် ငါးနှစ်ကြာခန့်အပ်ကြောင်း သတင်းစာရှင်းလင်းပွဲအခမ်းအနားနှင့်တကွ ကြေငြာခဲ့တာကြောင့် ဖြစ်တယ်။
ဒီလို ဘရန်းတစ်ခုရဲ့ပြောရေးဆိုခွင့်ရှိသူဆိုတာ သာမန်ဆိုရင် တစ်နှစ်သက်တမ်းပဲစာချုပ်ချုပ်လေ့ရှိတယ်။ ဒါကြောင့် ရုန်အဲရဲ့ ငါးနှစ်စာချုပ်က အလွန့်အလွန်ကာလကြာရှည်တယ်လို့ မှတ်ယူလို့ရတယ်။ နောက်ပြီး ရုန်အဲက ပြောရေးဆိုခွင့်ရှိသူခန့်အပ်ဖို့အတွက်နဲ့ သတင်းစာရှင်းလင်းပွဲမျိုးတွေ အရင်တုန်းက မကျင်းပပေးဖူးဘူး။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ရုန်မိသားစုက လိင်တူချစ်သူပိုင်လန့်ကို အပြည့်အဝထောက်ခံကြောင်း ဖော်ထုတ်ပြသပေးခဲ့ခြင်းဖြစ်ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာတော့ သီးသန့်ဆန်လွန်းတဲ့စီအီးအိုရုန်အိုက်တင်မကဘူး၊ အိုင်ဒေါလ်စတားရုန်စစ်ချီတောင်မှ ရုန်မိသားစုအနေနဲ့ ပွဲတက်လာခဲ့တယ်။ ဒါက သူ့အတွက် ရုန်မိသားစုသခင်လေးပါလို့ လူထုရှေ့မှာတရားဝင်ဖော်ပြခဲ့တဲ့ ပထမဦးဆုံးအကြိမ်ပါ။
ဒီအကြောင်းအရာက သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်သူသတင်းထောက်တွေရဲ့အာရုံကို လက်ဝါးကြီးအုပ်သွားနိုင်လိုက်တယ်။ ပိုင်လန်ကတော့ ဘာမှမဖြစ်ပါဘူး။ သူက ရုန်စစ်ချီရဲ့လုပ်ရပ်ကိုတောင် စိတ်ထဲထိပြီးသဘောကျသွားခဲ့သေးတာ။ ရုန်စစ်ချီက အရင်တုန်းက သူ့ဂီတကိုထိခိုက်မှာစိုးလို့ မျိုးရိုးကိုလူသိမခံဘူးလို့ အတိအလင်းပြောဆိုခဲ့တာတောင်မှ အခုပိုင်လန့်ကိစ္စမှာတော့ ခေါင်းမာမာနဲ့ ဝင်ပူးပေါင်းပေးခဲ့တာကြောင့်ဖြစ်ပါတယ်။ နောက်ပြီး သတင်းစာရှင်းလင်းပွဲအတွင်းမှာ သတင်းသမားတွေအားလုံး ရင်ခုန်စိတ်လှုပ်ရှားစရာမြင်ကွင်းတစ်ခုက ရုန်စစ်ချီနဲ့ပိုင်လန်တို့ သူငယ်ချင်းအရင်းခေါက်ခေါက်တွေလို တစ်ယောက်ကိုတစ်ယောက်ဖက်ထားခဲ့တဲ့ မြင်ကွင်းပါပဲ။
ဒါတင်ဘယ်ကလိမ့်ဦးမလဲ.. ဒီအချိန်မှာ ချိုးချန်ကလည်း စတိတ်စင်အောက်ဖက်မှာ လက်ပိုက်ပြီးထိုင်နေတယ်။ တက်ရောက်မယ်လို့ကြိုတင်ကြေငြာထားခြင်းမရှိဘဲ သတင်းသမားတွေနဲ့ရောနှောနေပြီးတော့လေ။ သတင်းသမားတွေလည်း ဘာလုပ်လို့ဘာကိုင်ရမှန်းတောင် မသိကြတော့ဘူး။ စင်ပေါ်မှာရော စင်အောက်မှာပါ အင်တာဗျူးဖို့အခွင့်ရေးတွေရပါလျက်နဲ့ လူများများမခေါ်လာမိတာ နောင်တရမဆုံးဖြစ်နေကြလေရဲ့!
ဒါကြောင့် သူ့သူငယ်ချင်းတွေ သူ့ချစ်ရသူနဲ့ သူ့မိသားစု(အိမ်မှာနေခဲ့ပြီး တီဗွီပဲကြည့်နေရတဲ့ချိုးရှောင်ဟိုင်) တွေရဲ့ အထောက်အပံ့တွေနဲ့ ဒီမိုးသက်လေပြင်းကာလတွေဟာ ပိုင်လန့်စိတ်ထဲမှာ အများကြီးသက်ရောက်မှုမရှိတော့ဘူး။ နောက်ပြီး ကျူခွန်း၊ ချွယ်ချီမင်နဲ့ အခုမှစသိတဲ့စွင်းရှီပင်းတို့လိုမျိုး နံဘေးကလူတွေရဲ့ခင်မင်ရင်းနှီးမှုတွေက ပိုင်လန့်ကို သူ့ဘဝရဲ့ပြန်လည်မွေးဖွားခြင်းက အရမ်းကိုလှပပါလားလို့ ခံစားမိစေခဲ့ပါတယ်။
ဒါပေမယ့်.. ဟုတ်တာပေါ့.. အရာရာအားလုံးကတော့ ပြေပြစ်ချောမွေ့နေတာတော့ မဟုတ်ဘူး။
ပြဿနာတွေအားလုံးအေးချမ်းစပြုလာတဲ့အချိန်မှာ ပိုင်လန်က အထူးပရိုဂရမ်တစ်ခုမှာပါဝင်ဖို့ ဖိတ်ကြားစာရရှိခဲ့တယ်။ ပရိုဂရမ်ရဲ့နာမည်က ‘ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်’ တဲ့။
ဖိတ်ကြားစာထဲမှာတော့ ပိုင်လန့်အပြင် ချိုးချန်နဲ့ချိုးရှောင်ဟိုင်ကိုလည်း ဖိတ်ကြားပါကြောင်း အထူးတလည်ဖော်ပြထားပါသေးတယ်။
****
ဒီ ‘ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်’ အစီအစဉ်ရဲ့အဓိကပုံစံက နာမည်ကြီးစတားသုံးယောက် သူတို့မိသားစုတွေနဲ့အတူတူ ကျောပိုးအိတ်ပြင်ပြီး သုံးရက်နှစ်ည စခန်းချခရီးထွက်ကြတဲ့အကြောင်းပါ။ ရှိုးကိုပြင်ဆင်တည်းဖြတ်ပြီး ထုတ်လွှင့်တဲ့အခါမှာတော့ မိသားစုတွေကြားထဲကရယ်စရာအဖြစ်အပျက်တွေ၊ ချစ်သူချင်းကြားထဲက ကတောက်ကဆတွေ၊ ကမောက်ကမအမူအရာတွေနဲ့ တောတွင်းအတွေ့အကြုံတိုက်ပွဲတွေ စတာတွေကိုပေါင်းစပ်ပြီး ပရိသတ်ကိုဖျော်ဖြေစေခဲ့ပါတယ်။ ရှိုးရဲ့အခြေခံသဘောတရားက မိသားစုချစ်ခြင်းတရား၊ သဘာဝတရားကြီးနဲ့ကျန်းမာရေးကိုရည်ရွယ်ပြီး ပရိသတ်တွေကြား အလွန်ကိုပေါ်ပြူလာဖြစ်တဲ့ပရိုဂရမ်တစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် ပရိုဂရမ်ရဲ့အရင်အပိုင်းတွေမှာ ဖိတ်ကြားခံရတဲ့မိသားစုတွေက ပြီးပြည့်စုံတယ်လို့ ပြည်သူလူထုကသတ်မှတ်လက်ခံထားတဲ့ မိသားစုတွေချည်းပဲ။ ဒီတစ်ကြိမ် ပိုင်လန်၊ချိုးချန်နဲ့ ချိုးရှောင်ဟိုင်ကိုဖိတ်ကြားတာက သူတို့ပုံမှန်လုပ်နေကြစတိုင်တော့ မဟုတ်ဘူး။
အကယ်၍ ပိုင်လန်သာ ဖိတ်ကြားချက်ကို လက်ခံခဲ့မယ်ဆိုရင် လူတွေရဲ့အမြင်မှာ သူက သူ့ရဲ့ဂေးမိသားစုကို ကြွားလုံးထုတ်နေတယ်ဆိုပြီး မြင်ကြလိမ့်မယ်။ ဒါပေမယ့် ငြင်းပယ်လိုက်ပြန်ရင်ရော.. လူတွေကအသိအမှတ်ပြုဖို့ကြိုးစားပေးနေတာတောင်မှ သူက ရှေ့မထွက်ရဲဘူးလားလို့ မေးခွန်းထုတ်ကြပါလိမ့်မယ်။ ဝန်ခံခဲ့ပြီးမှ ဒီပရိုဂရမ်သေးသေးလေးမှာပါဝင်ဖို့ ကြောက်နေရသေးလားလို့ ပြောကြပါလိမ့်မယ်။
ဒါကြောင့် ဖိတ်ကြားချက်ရဲ့နောက်ကွယ်ကရည်ရွယ်ချက်က ကောင်းတာဖြစ်ပစေ၊ ဆိုးတာဖြစ်ပစေ၊ ဒါမှမဟုတ် ချိုးချန်ကိုမျက်နှာလုပ်ချင်ဇောနဲ့ ဖိတ်တာဖြစ်ပစေ၊ ဘာကြောင့်ဖိတ်တာဖြစ်ဖြစ် ဖန်းဟွာကိုယ်တိုင်က မသဲကွဲသလို ပိုင်လန်ကလည်း အစကတည်းက သွားချင်စိတ်ကိုမရှိဘူး။ ဒါကြောင့် ဖန်းဟွာက အစီအစဉ်နောက်ကွယ်ကပူးပေါင်းပါဝင်သူတွေကို စုံစမ်းလိုက်ပြီး ဟာမိုနီအင်တာတိန်းမန့်သခင်မလေးလိရှားရဲ့ သူငယ်ချင်းတွေဖြစ်မှန်း သိရှိပြီးတဲ့အချိန်မှာတော့ ပိုင်လန်က ဖိတ်ကြားချက်ကို သဘာဝကျကျပဲ ငြင်းပယ်ခဲ့ပါတယ်။
ချိုးချန်လည်း ဒီအကြောင်းကို ကြားတယ်။ တစ်ညနေခင်းရဲ့ညစာစားချိန်မှာ သူက ကိုင်တွယ်ရမယ့်လူအချို့ရှိနေသေးကြောင်း ရေရွတ်ပြောဆိုနေခဲ့တယ်။ နောက်ပြီး စခန်းချခရီးထွက်တဲ့ပုံစံတွေကို ဟိုဟိုဒီဒီမေးမြန်းနေတုန်းမှာ နားစွန်နားဖျားကြားသွားတဲ့ချိုးရှောင်ဟိုင်က “ယေး… အားပိုင်နဲ့အတူ စခန်းချခရီးထွက်ချင်တယ်၊ စခန်းချမယ်! စခန်းချမယ်!” ဆိုပြီး ဝမ်းသာအားရထအော်တော့တာပဲ။ ကောင်ငယ်လေးက တက်ကြွလွန်ပြီး တစ်ညလုံး စခန်းချမယ် အကျယ်ကြီးအော်နေတာ ပိုင်လန်နဲ့ချိုးချန်တောင် လက်မြှောက်အရှုံးပေးလိုက်ရတယ်။ နောက်ဆုံးမှာတော့ အားလပ်တဲ့တစ်နေ့ စခန်းချသွားပါ့မယ်လို့ ကတိတွေ အထပ်ထပ်အခါခါပေးလိုက်ရတော့တယ်။
ချိုးရှောင်ဟိုင်တစ်ယောက် ဒီလိုဖြစ်နေရင် ရုန်ကျန်းမိသားစုလည်းပြေးမလွတ်ဘူးဆိုတာ အသိသာကြီးပဲ။ ဒါကြောင့်အဆုံးမှာ မိသားစုနှစ်ခုအတူသွားဖို့ဖြစ်လာတယ်။ သူတို့က အလုပ်တွေ ကျောင်းတွေ အစည်းအဝေးတွေ ရွှေ့လို့ရတဲ့ ဖွင့်ရက်တစ်ရက်ကိုရွေးပြီး နှစ်ရက်တာစခန်းချခရီး အတူထွက်ခဲ့ကြတယ်။
ဖွင့်ရက်ကိုရွေးချယ်ရတဲ့အကြောင်းက ပိုင်လန်ကတိုင်းသိပြည်သိဖြစ်တာကြောင့် သူတို့ရဲ့စခန်းချခရီးကို စပရိုက်ဖန်မီတင်းဖြစ်မသွားလိုတာကြောင့်ဖြစ်တယ်။ သူတို့က ကိုယ့်ကိုကိုယ်နှိပ်စက်သလိုဖြစ်မှာကြောင့် တောထဲတောင်ထဲလည်းမသွားချင်ဘူး။ ဒါကြောင့် သွားရလာရလွယ်ကူတဲ့ ရှုမျှော်ခင်းကြည့်နေရာတစ်ခုဆီကိုပဲ ထွက်လာခဲ့ကြပါတယ်။
အလွန်တရာအလုပ်များလွန်းတဲ့ လူကြီးလေးယောက် သူတို့ရဲ့အလုပ်တွေကိုပစ်ပြီး နှစ်ရက်တာစခန်းချခရီးထွက်ဖို့က စဆုံးဖြတ်ပြီး သုံးပတ်ကြာမှပဲ အကောင်အထည်ပေါ်ခဲ့တာပါ။ ဒါပေမယ့် မိုးနတ်မင်းကကျီစယ်ချင်လွန်းတော့ သူတို့စခန်းချတဲ့ကန်ဘေးရှုမျှော်ခင်းနေရာမှာ ‘ကမ္ဘာကြီးကိုအချစ်များဖြင့်ထွေးပွေ့မယ်’ အဖွဲ့သားတွေနဲ့ တည့်တည့်တိုးတော့တာပါပဲ။
ချိုးချန်နဲ့ ရုန်စစ်ယွိ(အားကျန်းအဖေ၊ ရုန်စစ်ချီဒုတိယအစ်ကို)တို့ရဲ့ကားက စခန်းချနယ်မြေကိုရောက်လာတဲ့အချိန်မှာတော့ သူတို့က ရိုက်ကူးရေးပစ္စည်းအကြီးအသေးတွေကိုသယ်လာတဲ့ ကားအကြီးကြီးတွေကိုမြင်လိုက်ရတယ်။ ကိစ္စတွေအဆင်ပြေဖို့ ပိုင်လန့်မှာရွေးစရာမရှိဘူး၊ ခေါင်းမာမာနဲ့ပဲ ရိုက်ကူးရေးအဖွဲ့သားကို သွားတွေ့ရတော့တယ်။ ဖြစ်ချင်တော့ ဒီနေ့အဖွဲ့ခေါင်းဆောင်က ပိုင်လန်သိတဲ့လူတစ်ယောက်ဖြစ်နေတယ်။ သူက ‘ဘဝလက်တွဲဖော်များ’ပရိုဂျူဆာ ချန်သုန်လိဖြစ်ပါတယ်။
“ပရိုဂျူဆာချန်.. မတွေ့ရတာကြာပြီနော်” ပိုင်လန်က သူ့ရှေ့ကတစ်ယောက်ကို အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ် “ဒီနေ့ရှိုးလာရိုက်တာလား?”
“ပိုင်လန်!? တကယ်ကြီး မင်းပါလား!! ဘယ်လိုလို့ ဒီရောက်လာတာလဲ!?” ချန်သုန်လိရဲ့မျက်နှာက အပျော်တွေနဲ့ပြည့်သွားတယ်။ သူက ဘေးဘီကိုလှည့်ကြည့်လိုက်တော့ မနီးမဝေးမှာ သူဌေးချိုးကိုကျောပိုးအိတ်ကြီးနဲ့ လှမ်းတွေ့လိုက်တယ်၊ သူ့ဘေးက ကောင်ငယ်လေးတစ်ယောက်ကတော့ ပျော်လွန်းလို့ခုန်ဆွခုန်ဆွဖြစ်နေတယ်။ ဒါတင်မကသေးဘူး နူးညံ့သိမ်မွေ့ပုံရတဲ့ ကောင်ငယ်လေးတစ်ယောက်ရယ်၊ သူ မသိတဲ့ လင်မယားတစ်စုံရယ် ကိုလည်း နောက်ထပ်ကားတစ်စီးနဲ့ တွေ့လိုက်ရသေးတယ်။ ကြည့်ရတာ ပိုင်လန်က မိသားစုလိုက်အပျော်ခရီးထွက်လာပုံရတယ် “တိုက်ဆိုင်ချက်ကတော့.. ဟား ဟား ဟား ၊ မင်း ငါတို့အစီအစဉ်ကိုငြင်းလိုက်တာ စိတ်မကောင်းစရာဖြစ်ပေမယ့် ဒီမှာလာတွေ့မယ်လို့ မထင်ထားလိုက်မိဘူး၊ ငါတို့ရေစက်ရှိတယ်ထင်တယ်နော!”
ချန်သုန်လိပုံစံက ခံပြင်းနေပုံလည်းမရဘူး၊ ဒေါသလည်းထွက်မနေဘူး။ ပိုင်လန်က အလိုက်သင့်ပဲ ပြန်ပြောလိုက်တယ် “ပရိုဂျူဆာကြီး ဖိတ်ကြားချက်အကြောင်း ကြားရပြီးကတည်းက ကလေးတွေက စခန်းချမယ်ချည်း ပြောနေကြတာ၊ ကျွန်တော်က သူတို့ကို ကင်မရာတွေနဲ့ ဝေးဝေးနေစေချင်တာပါ၊ ဒါပေမယ့် ပရိုဂျူဆာကြီးတို့နဲ့လာတွေ့မယ်လို့ မထင်လိုက်မိဘူး၊ ဒါက…..”
ချန်သုန်လိက ပိုင်လန့်စကားဆုံးအောင်စောင့်မနေဘူး။ ခပ်မြန်မြန်ပဲဖြတ်ပြောလိုက်တယ် “နားလည်တယ်၊ နားလည်တယ်၊ ရှိုးကိုလက်မခံတဲ့လူတွေရဲ့တစ်ဝက်ကျော်လောက်က သူတို့ကလေးတွေကြောင့်ပဲလေ၊ နားလည်ပေးလို့ရပါတယ်၊ မင်း ဘာမှပူစရာမလိုဘူး၊ မင်းတို့ကိုရှောင်ပြီးရိုက်ပေးပါလို့ ကင်မရာမန်းတွေကိုပြောထားပေးမယ်၊ ဒါပေမယ့် တစ်ချို့ဆင်းန်တွေမှာတော့ ဖြတ်လျှောက်လိုမျိုးတော့ ပါနေမှာတော့ ငါလည်း အာမ ခံလို့မရဘူးနော်”
“တမင်တကာရိုက်ထားတာမဟုတ်ရင်တော့ နည်းနည်းပါးပါးပါလည်း ကိစ္စမရှိပါဘူး၊ ပရိုဂျူဆာချန်ကို ကျေးဇူးတင်ပါတယ်၊ ဒုက္ခများစေမိပြီ” ပိုင်လန်က ခေါင်းပေါ်ဆောင်းထားတဲ့ဘေ့စ်ဘောဦးထုပ်ကို ဆွဲချရင်း အပြုံးလေးနဲ့ပြောပါတယ် “ဒါပေမယ့် ခါတိုင်းရိုက်နေကျက ပိုပြီးစိန်ခေါ်မှုများတဲ့နေရာ သွားရမှာမဟုတ်ဘူးလား၊ ဘာလို့ဒီလိုလွယ်တဲ့ရှုမျှော်ခင်းကြည့်နေရာကိုလာတာလဲ?”
ချန်သုန်လိက သူ့အမေးကို အကူအညီမဲ့အပြုံးလေးနဲ့ပြန်ဖြေတယ်။ သူက အနားကပ်လာပြီး တိုးတိုးပြောပါတယ် “ဧည့်သည်တွေကြောင့်မဟုတ်ရင် တခြားဘာရှိဦးမှာလဲကွာ၊ မင်း ယွမ်ရင်းကို သိတယ်မလား ၊ သူက အရင်က ဆရာမ ဖြစ်ဖူးတာလေ၊ သူ့သမီးကို အန္တရာယ်များတဲ့နေရာတွေမသွားစေချင်ဘူးတဲ့၊ မြွေပါးကင်းပါးကြောက်တယ်နဲ့တူပါတယ်၊ သူ့သမီးအိပ်မရဘဲနေလိမ့်မယ်တဲ့၊ ဒီတော့ ငါတို့လည်း လိုက်လျောပေးရတော့တာပေါ့၊ ဘာပဲဖြစ်ဖြစ်ပါ နေရာအပြောင်းအလဲလေးဖြစ်သွားတော့ ပိုဆန်းသစ်သွားတာပေါ့၊ နောက်ပြီးတော့လည်း ငါတို့က ရိုက်ကွင်းနေရာကို တမင်တကာကို မထိန်းချုပ်ထားတာ၊ တခြားစခန်းချတဲ့လူတွေနဲ့ထိတွေ့ဆက်ဆံတာကိုလည်း ရိုက်ချင်တာကိုး၊ ဒါပေမယ့် မင်းတို့နဲ့တည့်တည့်တိုးလိမ့်မယ်တော့ မထင်လိုက်ဘူး”
ပိုင်လန်က ခေါင်းညိတ်ပါတယ်။ သူက ရိုက်ကူးရေးအဖွဲ့တွေစခန်းချမယ့်နေရာအကြောင်း မေးခွန်းတွေမေးလိုက်သေးတယ်။ ဒါမှ သူတို့လည်း ခပ်ဝေးဝေးမှာ စခန်းချလို့ရမှာကိုး။
ချန်သုန်လိက နေရာတွေကိုပြောပြတယ်။ ဒါပေမယ့် ရေကန်ဘေးစခန်းချနေရာက ကျယ်ပြောလွန်းတော့ အဝေးကြီးမသွားရင်တောင် ရိုက်ကူးရေးအဖွဲ့တွေကိုရှောင်လို့ရတယ်။ ချန်သုန်လိက ပိုင်လန့်ကို ရိုက်ကူးရေးအစီအစဉ်စာရွက်ပေးလိုက်တယ်။ စာရွက်ထဲမှာက ရိုက်ကူးမယ့်အချိန်တွေအကြောင်း ပါပါတယ်။ ဒါက တကယ့်ကို ရက်ရောလှတယ်လို့ပြောလို့ရတယ်။ ဒါကြောင့် ပိုင်လန်က ကျေးဇူးတင်ကြောင်းပြောရင်း အရသာရှိတဲ့ဟင်းတစ်ခွက်လည်းပို့ပေးပါမယ်လို့ အာမခံလိုက်တယ်။
ဖက်တီးချန်သုန်လိက စားစရာအကြောင်းပြောသံကြားတော့ မျက်ဝန်းလေးတွေလက်သွားတယ်။ သူက ပိုင်လန်ရဲ့ဟင်းချက်လက်ရာကို သတိရနေဆဲပဲလေ။ ပရိုမိုးရှင်းပွဲတွေမှာပြတဲ့ ရွှေရုပ်ရှင်ရဲ့ BTS ဆင်းန်တွေမှာ တစ်ခါတစ်ရံ ပိုင်လန်ချက်လာတဲ့ဟင်းလေးတွေကို ပြသပေးတာတွေရှိတယ်။ ချန်သုန်လိလည်း ပျော်ပျော်ရွှင်ရွှင်သဘောတူလိုက်ရင်း စောင့်မျှော်နေမယ့်အကြောင်း ဖော်ပြလိုက်တယ်။
နှစ်ယောက်သားက နောက်ထပ်အာလာပသလာပတွေ ဖလှယ်နေသေးတယ်။ ဒီအချိန်မှာ ဘေးနားကလူတွေက ပရိုဂျူဆာနဲ့စကားလက်ဆုံကျနေတဲ့လူကို ဖန်သားပြင်ပေါ်မှာ ခဏခဏမြင်နေရတဲ့ပိုင်လန်မှန်း တစ်စထက်တစ်စသိလာကြတယ်။ လူတွေက ရုန်းစုရုန်းစုဖြစ်လာတာကြောင့် ချန်သုန်လိလည်း ဒါရိုက်တာ၊ စီစဉ်သူနဲ့ ကင်မရာမန်းအချို့ကိုခေါ်ပြီး ပိုင်လန်ရဲ့တောင်းဆိုချက်ကို ပြောပြလိုက်တယ်။
ဒီလူတွေက အများကြီးအံ့သြသွားပေမယ့် ရိုက်ချက်တွေမပါစေရပါဘူး၊ တိတ်တိတ်လေးလည်း ခိုးမရိုက်ပါဘူးလို့ ချက်ချင်းသဘောတူပေးလိုက်ကြတယ်။
ဒါပေမယ့် မရိုက်ဖို့သဘောတူတာက မကြည့်ဖို့သဘောတူတာမဟုတ်ဘူး။ ခဏအကြာ ချိုးချန်လှမ်းခေါ်လို့ ပိုင်လန်ပြန်သွားတဲ့အချိန်မှာတော့ ဒီလူတွေရဲ့မျက်လုံးတွေက မနေနိုင်မထိုင်နိုင် သူ့နောက်ကပ်ပါသွားကြရင်း ခိုးကြောင်ခိုးဝှက်ချောင်းကြည့်ကြလေတယ်။
***
ချိုးချန်အတွက်တော့ စခန်းချတယ်ဆိုတာ ဘာရေးကြီးခွင်ကျယ်မှမဟုတ်ဘူး။ တဲဆောက်မယ်၊ အပြင်ဘက်မှာမီးဖိုတစ်လုံးဆင်မယ်၊ မီးမွှေးမယ်၊ ဟင်းချက်မယ် ဒါပဲ။
ဒါကြောင့် ရောက်လျှင်ရောက်ချင်း တဲကိုဆင်ရင်း ရေကန်ဘေးက ကျောက်တုံးတွေသွားကောက်လာကာ မီးဖိုတစ်ခု အလျင်အမြန်လုပ်လိုက်တယ်။ ပြီးတော့ မီးခြစ်ကိုသုံးပြီး မီးမွှေးလိုက်တယ်။ ချိုးချန်က စခန်းချဖို့သင့်တော်တဲ့ စားပွဲနဲ့ထိုင်ခုံခပ်သေးသေးသုံးလေးလုံးကိုလည်း ဝယ်ခဲ့ပါသေးတယ်။ ခဏအကြာမှာတော့ စားဖိုမှူးကြီးပိုင်လန်အတွက် အလွန်တရာသက်တောင့်သက်သာရှိ အပြင်ဘက်မီးဖိုချောင်တစ်ခု ဆောက်လုပ်လို့ပြီးသွားတယ်။ ဒီအတောတွင်းမှာ ပိုင်လန်လုပ်စရာရှိတာက ဟိုပစ္စည်းလေးယူ၊ ဒီပစ္စည်းလေးကမ်း လုပ်ပေးရုံပဲ။ တစ်နာရီတောင်မကြာတဲ့အချိန်တွင်းမှာတော့ ချိုးချန်က အားလုံးပြီးစီးလို့ ခွေးခြေတစ်ခုပေါ်မှာထိုင်ရင်း အေးအေးလူလူအနားယူနေပါတယ်။
ဖြစ်စဉ်တစ်ခုလုံးကိုကြည့်နေခဲ့တဲ့ရုန်စစ်ယွိရဲ့မျက်လုံးထဲမှာ မနာလိုခြင်းနဲ့အားကျခြင်းတွေပြည့်နေတယ်။ တစ်ဘက်ကအားလုံးပြီးသွားတဲ့အချိန်မှာ သူက တဲအိမ်ဆောက်ဖို့ လမ်းညွှန်စာအုပ်ဖတ်လို့တောင် မပြီးသေးဘူး။ ချိုးချန်လည်း ဝင်ကူညီဖို့ နည်းနည်းလေးမှတောင် စိတ်ကူးမရှိပါဘူး။ ဘေးမှာထိုင်ရင်း အကျယ်ကြီးရယ်ကာ ဒီလင်မယားတဲဆောက်နေတာကို ဟိုလိုလုပ်၊ဒီလိုလုပ်ဆိုပြီး ပါးစပ်နဲ့ပဲဆရာလုပ်နေတယ်။ ဒါပေါ့… တဲအိမ်တစ်ခုကို မင်းလက်နဲ့မင်းကိုယ်တိုင်ဆောက်ကြည့်မယ်ဆိုရင် ဘယ်လောက်ပျော်စရာကောင်းလဲ မင်းတွေ့ပါလိမ့်မယ်။
ခဏအကြာမှာ ချိုးချန်က ကလေးနှစ်ယောက်ကိုဦးဆောင်ပြီး ငါးဖမ်းဖို့ ရေကန်ဘက်ကိုထွက်သွားကြတယ်။ ပင်လယ်ထဲမှာကြီးလာတဲ့ချိုးချန်အတွက် ငါးဖမ်းတယ်ဆိုတာ သူ့အကျွမ်းကျင်ဆုံးအလုပ်ပဲ။ ရုန်စစ်ယွိလည်း သိချင်ဇောနဲ့ နောက်ကလိုက်သွားပါတယ်။ ဒီအချိန်မှာ လင်ချင်းက ပိုင်လန့်ကိုကူဖို့ တဲအိမ်နားမှာကျန်ခဲ့တယ်။ သူမက (၁၀၀)% လုပ်ငန်းခွင်အမျိုးသမီးပါ။ သူမအိမ်မှာဆို နေ့ဖို့ညစာသုံးနပ်လုံးက အိမ်အကူတွေပဲလုပ်ကြတာ။ ဒါပေမယ့် အခု သူမက ဒီရောက်နေတော့ တစ်အုပ်စုလုံးမှာ တစ်ဦးတည်းသောအမျိုးသမီးအနေနဲ့ ဘာတစ်ခုမှမသိပေမယ့်လည်း အမျိုးသမီးဆန်ကြောင်းပြသဖို့လိုပါသေးတယ်။
ဒါပေမယ့်လည်း ဓါးသေးသေးလေးတစ်ချောင်းက လျှပ်စီးလက်သလိုအမြန်နှုန်းနဲ့ ပိုင်လန့်လက်ထဲ ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေတာကိုမြင်တဲ့အခါ သူမက အံ့သြလွန်းလို့ ပါးစပ်အဟောင်းသားနဲ့ ကြက်သေသေသွားတယ်။ “ရွှက် ရွှက် ရွှက်” ဓါးသံအောက်မှာ မုန်လာဥတွေက သေးသွယ်ညီညာလှတဲ့အပိုင်းအစလေးတွေအဖြစ်ပြောင်းသွားတယ်။ ဒါက လင်ချင်းကို မီးမောင်းထိုးပြလိုက်သလိုမျိုး ရှော့ခ်ရသွားစေပါတယ်။
ပိုင်လန့်မှာ နှစ်ဘဝစာဟင်းချက်အတွေ့အကြုံတွေ အများကြီးအများကြီးရှိမှန်း သူမ မသိဘူး။ သူမ သိတာက ပိုင်လန်ဟင်းရွက်လှီးတဲ့စတိုင်က စူပါ့စူပါ အလွန်ကြည့်ကောင်းတယ်လို့ပဲ သိတာ။ သူမ နှလုံးသားထဲမှာ အားကျမခံလိုစိတ်တွေနဲ့ပြည့်လာတယ်။ ဒါကြောင့် အိမ်ပြန်ရောက်တာနဲ့ ဟင်းချက်လေ့လာတဲ့နေရာမှာ အားအင်ပိုစိုက်ထုတ်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီဆုံးဖြတ်ချက်က သနားစရာကောင်းလှတဲ့ရုန်စစ်ယွိရဲ့အစာအိမ်ကို ရက်အတော်ကြာ ဒုက္ခပေးလိုက်သေးတယ်။ နောက်ပိုင်းမှာတော့ ဒီသားအဖက သူတို့အမေရှေ့မှာ စခန်းချသွားတဲ့အကြောင်း ယောင်လို့တောင်ထုတ်မပြောတော့ဘူး။ ဒါပေမယ့် အခုချိန်မှာတော့ ရုန်မိသားစုသားအဖက သူတို့ကိုစောင့်ကြိုနေတဲ့ ဖြစ်ရပ်ဆိုးကြီးကို မသိရှိသေးဘဲ ခြောက်ယောက်သား အလွန်တရာပျော်ရွှင်နေခဲ့ကြပါတယ်။
ဒီစခန်းချနယ်မြေက အလွန်တရာသက်တောင့်သက်သာရှိပြီး အဆင်ပြေလွန်းလှတယ်။ ရေပေးတဲ့ဘုံဘိုင်နဲ့ ဆွဲချအိမ်သာတောင်ရှိသေးတယ်။ ဒါပေမယ့် ပတ်ဝန်းကျင်ကိုတော့ နဂိုအတိုင်းထိန်းသိမ်းထားပြီး ဘာမှမပြုပြင်ထားဘူး။ ရေကန်အဆုံးမှာ နောက်ခံနေတဲ့ တောင်တန်းကြီးကလည်း တောထဲတောင်ထဲရောက်နေသလိုရသကိုပေးတယ်။ ရှုမျှော်ခင်းက လူတွေကိုအလွန်တရာအပန်းပြေစေပါတယ်။
အခုချိန်က အားလပ်ရက်ရာသီမဟုတ်တာကြောင့် စခန်းချသူ အများကြီးမရှိဘူး။ နေရာအကျယ်ကြီးမှာ လူတွေအများကြီးရှိမနေဘူး။ ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီးအေးချမ်းနေတယ်။
ဒါကြောင့် ချိုးရှောင်ဟိုင် ထအော်လိုက်တဲ့အချိန်မှာ စခန်းချနေရာတစ်ခုလုံး အကျယ်ကြီးပျံ့နှံ့သွားတယ်။
“အားပိုင်ရေ~~ ငါး! ဖေဖေနဲ့သား ငါးဖမ်းတာ ငါးမိပြီ!!”
ပိုင်လန်တင်မကဘူး၊ ရိုက်ကူးရေးတစ်ဖွဲ့လုံးက သူ့အသံကိုကြားလိုက်ရတယ်။
စိတ်လှုပ်ရှားနေတဲ့ချိုးရှောင်ဟိုင်က ငါးကိုကိုင်ရင်း ပိုင်လန့်ဆီခုန်ပေါက်ပြေးသွားတာကို သူတို့တွေ့တယ်။ ပိုင်လန်က မတ်တပ်ရပ်ရင်းကြိုနေတဲ့အခါ ကောင်လေးက ခြေထောက်ကိုပြေးဖက်တယ်။ သူ့လက်ထဲမှာ ငါးကိုမြှောက်ကိုင်ထားပြီး အောင်နိုင်သူလို ပျော်ရွှင်မြူးထူးစွာပြောပါတယ် “ဖေဖေနဲ့သားက ငါးဖမ်းလာခဲ့တယ်! ငါးကြီး ဟီးဟီး! အားပိုင်အကြိုက်ဆုံးငါးကြီး!”
“ဝါး! ရှောင်ဟိုင် အတော်ဆုံးပဲ” ပိုင်လန်ကရယ်ရင်း ချိုးရှောင်ဟိုင်ခေါင်းကိုဖွတယ်။
ချိုးရှောင်ဟိုင်က မျက်ဝန်းလေးတွေ ကွေးတက်သွားတဲ့အထိပြုံးပါတယ် “ရော့ အားပိုင် ယူထား~ သားနဲ့ဖေဖေနဲ့ ဒီထက်ပိုကြီးတဲ့ငါး ဖမ်းဦးမှာ! အားပိုင် ပိုစားလို့ရအောင်!”
“ကျေးဇူးပါ” ပိုင်လန်က ငါးကိုယူလိုက်ပြီး ပြန်ပြေးတော့မယ့်ချိုးရှောင်ဟိုင်ကို ဖမ်းဆွဲလိုက်တယ်။ သူက ကလေးကို ရေပုလင်းပေးလိုက်ပါတယ် “မသွားခင် ရေသောက်သွားဦး”
“အင်း” ချိုးရှောင်ဟိုင်က ပိုင်လန့်လက်ကိုကိုင်ပြီး သုံးလေးကျိုက်လောက်သောက်ချလိုက်တယ်။ ပိုင်လန်က ရေဗူးကိုပြန်မယူဘူး၊ အဲဒိအစား ရှောင့်ဟိုင့်လက်ထဲထည့်ပေးလိုက်တယ် “အဖေ့ကိုလည်းသောက်ဖို့ပေးလိုက်ဦးနော်”
ဒါကြောင့် ချိုးရှောင်ဟိုင်က ရေဗူးကို လက်နှစ်ဖက်နဲ့ဖမ်းကိုင်သွားရင်း ချိုးချန်ရှိရာကို အော်ပြီးပြန်ပြေးသွားတယ်။ ချိုးချန်က ရေကန်ဘေးမှာ ငါးမြှားတံကို ဟန်ပါပါကိုင်ပြီး ငါးမြှားနေတာပါ “အားပိုင်က ရေသောက်တဲ့~”
ချိုးချန်လည်း ပါးစပ်အပြည့်တဂွပ်ဂွပ်မော့ချလိုက်ပြီး ရေဗူးကို သူ့လည်ပင်းမှာချိတ်လိုက်တယ်။ သူက သူ့ရဲ့ big boss ပုံရိပ်ကို နည်းနည်းလေးတောင် ဂရုစိုက်ပုံမရဘူး။
ခဏတောင်မကြာသေးဘူး ချိုးရှောင်ဟိုင်ရဲ့အသံမြူးမြူးက ထွက်လာပြန်တယ် “ငါးနောက်တစ်ကောင်မိပြန်ပြီ!!” ဒီတစ်ကြိမ်မှာ ကလေးလေးက ပိုင်လန်ရှိရာပြန်ပြေးသွားပြီး အဖိုးတန်ပစ္စည်းလိုငါးကို လွဲပြောင်းပေးပြီးနောက်မှာတော့ ထုတ်ထိုးမှိုကင်အချောင်းတွေကို ပြန်ယူလာတယ် “အားပိုင်က မှိုကင်ထားတယ်~~”
ငါးဖမ်းမိပြန်ပြီလို့ တတိယအကြိမ်မြောက် ချိုးရှောင်ဟိုင်အော်လိုက်တဲ့အချိန်မှာ စခန်းချနေရာတစ်ခုလုံးက လူတစ်ယောက်မကျန် ရေကန်ဘေးကိုလှည့်ကြည့်လာတယ်။ … ဖမ်းရဒီလောက်လွယ်နေတာ ရေကန်ထဲမှာငါးတွေပြည့်နေတာပဲ ဖြစ်ရမယ်… သူတို့မျက်လုံးတွေက အလုပ်များပြီးစိတ်လှုပ်ရှားတက်ကြွနေတဲ့ချိုးရှောင်ဟိုင် ပိုင်လန့်ဆီပြေးသွားတဲ့နောက် လိုက်ပါသွားကြတယ်။ ကောင်ငယ်လေးက ငရုတ်ပွကင်လေးငါးချောင်း လက်ထဲမှာကိုင်လာပြီး ရေကန်ဘေးပြန်ပြေးလာပြန်တယ်။
“အားပိုင်က ငရုတ်ပွသီးကင်ထားတယ်~~”
ပိုင်လန်က သူ့အသံကြားပြီးလှမ်းအော်တယ် “ရှောင်ဟိုင်.. အသီးအရွက်တွေသေချာစားနော်၊ မင်းအဖေကို ခိုးကျွေးတာ ဖမ်းမိလို့ကတော့!”
“အော်—” ချိုးရှောင်ဟိုင်က သံရှည်ဆွဲလိုက်ပြီး သိရှိကြောင်းပြပေမယ့် ပုံစံကတော့ လက်ခံချင်ပုံမရဘူး။
ခိုးကြည့်နေကြတဲ့ ရိုက်ကူးရေးအဖွဲ့သားတွေက ချိုးရှောင်ဟိုင် အကင်တွေကို စီစစ်ရွေးချယ်ရေးလုပ်နေတာ မြင်တယ်။ နောက်တော့ သူက ပိုင်လန့်ဘက်ကိုချောင်းကြည့်ပြီး သိမ်မွေ့ပြီးလှပတဲ့ကောင်လေးဆီ တိတ်တိတ်လေးပြေးသွားတယ်။ လူကြီးလေးနှစ်ယောက်က ခေါင်းချင်းဆိုင်နေပြီး တိုးတိုးတိုးတိုးပြောနေကြတယ်။ ဒါက ချိုးရှောင်ဟိုင်က သူ့သူငယ်ချင်းကို အသီးအရွက်တွေကူစားပေးဖို့ပြောနေတာမှန်း ပရိသတ်တွေအားလုံးက ခန့်မှန်းမိပါတယ်။
ဒါကြောင့် ခဏကြာတဲ့အခါမှာတော့ ပိုင်လန်က ရုတ်တရက်ဆိုသလို မီးဖိုဘေးနားကခွာခဲ့ပြီး ပြောစကားနားမထောင်တဲ့ကလေးနှစ်ယောက်ကိုအမိဖမ်းဖို့ ခြေလှမ်းကျဲကြီးနဲ့ရောက်ချလာတယ်။ ချိုးရှောင်ဟိုင်က လန့်ဖြန့်သွားပြီး သူ့သူငယ်ချင်းကိုလက်ဆွဲကာ ထွက်ပြေးပါတယ်။ သူတို့က အော်ဟစ်ရယ်မောပြီးပြေးနေတယ်၊ ပိုင်လန်ကလည်း နောက်ကလိုက်ဖမ်းနေတယ်။ ဒါပေမယ့် ကြာကြာလိုက်မဖမ်းလိုက်ရပါဘူး၊ ချိုးချန်လည်း သူ့ငါးမြှားတံကိုပစ်ချပြီး တိုက်ပွဲထဲကိုဝင်လာတယ်။
လူကြီးနှစ်ယောက်က ကလေးနှစ်ယောက်ကို အရှေ့အနောက်ညှပ်ပူးညှပ်ပိတ်ဖမ်းနေတာ ပရိသတ်တွေကမြင်တယ်။ ချိုးရှောင်ဟိုင်က ကောင်ချောလေးရဲ့နောက်မှာပုန်းနေပြီး ကောင်ချောလေးကတော့ စစ်သည်တော်တစ်ယောက်လို ရင်အစုံကိုဖွင့် လက်တွေကိုဆန့်တန်းရင်း သူ့လူကို ရဲရဲဝင့်ဝင့်ကာကွယ်နေပါတယ်။ ဒါပေါ့.. နောက်ဆုံးမှာတော့ ကလေးနှစ်ယောက်လုံးအဖမ်းခံလိုက်ရပြီး အပြစ်ပေးတဲ့အနေနဲ့ ကလိထိုးခံလိုက်ရသေးတယ်။ သူတို့ရဲ့ရယ်သံတွေကို ဟိုးအဝေးကတောင်ကြားရပါတယ်။ ဒီအချိန်မှာ ရေကန်ဘေးနား တစ်ချိန်လုံးမလှုပ်မယှက်ထိုင်နေတဲ့ ပညာတတ်ပုံစံနဲ့လူက ဝမ်းသာလွန်းလို့ထအော်တယ် “အား! ငါလည်း ငါးဖမ်းမိပြီကွ!!”
ကစားနေကြတဲ့လူတွေရော မီးဖိုဘေးနားကအမျိုးသမီးရော အကုန်လုံးက သူ့နားပြေးချလာပြီး ဂုဏ်ပြုကြောင်းပြောလာကြတယ်။ သူက ချိုးချန်ခဏခဏငါးဖမ်းမိနေတာကို ထိုင်ကြည့်နေရင်းပဲ အရှုံးကိုလက်မခံနိုင်လွန်းလို့ ခေါင်းမာမာနဲ့အခုထိထိုင်ဖမ်းနေခဲ့တာဖြစ်ပါတယ်။
သူတို့ခြောက်ယောက်ရဲ့အပျော်တွေ၊ အပြုအမူအပြောအဆိုတွေက ဇာတ်ညွှန်းရေးထားတာလည်းမဟုတ်၊ ကြိုတင်စီစဉ်ထားတာလည်းမဟုတ်ပေမယ့် ကြည့်နေတဲ့လူတွေကို မျက်စိမလွှဲချင်လောက်အောင် ဆွဲဆောင်လွန်းနေပါတယ်။
တစ်ဘက်ခြမ်းက ကင်မရာမန်းတွေကတော့ မနေနိုင်မထိုင်ဖြစ်ကုန်ကြပြီ။ ဒီမြင်ကွင်းတွေကို ဘာလို့များရိုက်လို့မရနိုင်ရတာလဲ? သူတို့က ကိုယ့်ဘက်အခြမ်းကိုပဲ ပြန်ကြည့်လိုက်ကြတယ်။ သူတို့ဘက်က စတားသုံးယောက်အဖွဲ့ကတော့ အလုပ်ခွဲဝေဖို့၊ တဲဆောက်ဖို့ အခုမှ ဆွေးနွေးခန်းဝင်နေတုန်းပဲရှိပါသေးတယ်။
ယွမ်ရင်းက ပိုင်လန်တို့ဆီလှမ်းကြည့်ပြီး မကျေမနပ်လေသံနဲ့ထပြောတယ် “ဆူလိုက်ကြတာ၊ တစ်ခြားသူတွေကို အနှောင့်အယှက်ဖြစ်မယ်ဆိုတာ နားမလည်ကြဘူးလားမသိဘူး”
ဒီအချိန်မှာ ယွမ်ရင်းရဲ့သမီးဖြစ်သူ ပန်းရောင်ဂါဝန်လေးဝတ်ထားတဲ့ လေးငါးနှစ်အရွယ်ကောင်မလေးက သူ့အမေရဲ့အားကစားဝတ်စုံကိုဆွဲပြီး ပြောပါတယ်
“မေမေ သမီးလည်း ငါးစားချင်တယ်”
…………………….