(44) ပိုင်မိသားစု
“မစ္စတာပိုင် မစ္စတာပိုင်.. မစ္စတာချိုးက အကြွေးသိန်းငါးဆယ်ကူဆပ်ပေးခဲ့တယ်ဆိုတာ ဟုတ်ပါသလား!?”
“အကြောင်းရင်းက ဘာပါလဲ? မစ္စတာပိုင်လန်ကြောင့်လား? သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို အစောကြီးကတည်းက သိခဲ့တာပါလား!?”
“သိပြီး လက်မခံတာတောင်မှ ဘာလို့မစ္စတာချိုးရဲ့ပိုက်ဆံကို ယူခဲ့တာလဲ!? တစ်ချက်ရှင်းပြပေးပါလား!?”
“ဒါမှမဟုတ် ပိုက်ဆံယူပြီးနောက်ပိုင်းမှ သိတာလား!? မစ္စတာပိုင် အခုသိသွားပြီဆိုတော့ မစ္စတာချိုးရဲ့သိန်းငါးဆယ် ပြန်ပေးမှာပါလား!?”
“မနေ့တုန်းက အမေဖြစ်သူက ပြောတယ်နော်၊ တစ်ယောက်ကိုတစ်ယောက် အကြွေးမရှိတော့ဘူးဆိုတာ အဲဒိသိန်းငါးဆယ်ကိုဆိုလိုတာပါလား!?”
“မစ္စတာပိုင် ဘာအလုပ်လုပ်လဲမေးလို့ရမလား? သိန်းငါးဆယ်ဆိုတာ မနည်းဘူးနော်၊ ပိုက်ဆံတွေပြန်ဆပ်ဖို့ ဘယ်လိုစီစဉ်ထားပါသလဲ?”
“မစ္စတာပိုင်လန်ကို လူငှားရိုက်ခိုင်းလိုက်တော့ မစ္စတာချိုးက သူ့အကြွေးပြန်လာတောင်းမှာ မကြောက်ဘူးလား!?”
“ကြည့်ရတာက မစ္စတာပိုင်လန်က တရားစွဲဆိုဖို့ မဆုံးဖြတ်ရသေးဘူးထင်ပါတယ်၊ မစ္စတာပိုင်လန် အမှုဖွင့်လိမ့်မယ်လို့ ထင်ပါသလား!?”
ငွေချေးတဲ့သတင်းတွေပေါ်ထွက်လာပြီးနောက်မှာတော့ ပိုင်လိတစ်ယောက် အိမ်တံခါးဝကနေ လှမ်းထွက်ရုံပဲရှိသေးတယ်၊ သတင်းထောက်ဆယ်ယောက်လောက်က သူ့နားဝိုင်းအုံလာကြတယ်။ အဖြစ်က မနေ့ကထက်တောင် ပိုများသေးတယ်။ ပိုင်လိက ဖိအားဒဏ်မခံနိုင်တော့ဘဲ ချက်ချင်းအိမ်ထဲပြန်ဝင်ကာ တံခါးကိုပိတ်လိုက်တယ်။ ဒါပေမယ့် အပြင်ဘက်က အော်ဟစ်မေးသံတွေကိုတော့ တံခါးကိုဖြတ်ပြီးအတွင်းထဲကပါ ကြားနေရလေတယ်။
“မစ္စတာပိုင် မစ္စတာပိုင်!? တံခါးမပိတ်ပါနဲ့ဦး!! အပြင်ထွက်ပြီး မေးခွန်းတွေဖြေပေးပါဦး..”
“မေမေပိုင်လည်း အိမ်ထဲမှာရှိတယ်မလား!? မေးခွန်းမေးချင်လို့ အပြင်ထွက်လာခဲ့ပေးလို့ရမလား….”
“ပြီးတော့ ဖေဖေပိုင်ရဲ့အမြင်ကိုလည်း သိချင်ပါတယ်!? ဖေဖေပိုင်ကရော ကျန်နှစ်ယောက်လိုမျိုးပဲ ပိုင်လန့်ကို လက်မခံတာပါလား ….”
တံခါးကို တဒုန်းဒုန်းထုသံတွေက အတော်လေးကိုပြင်းထန်ပါတယ်။
ပိုင်လိက ဖြူဖျော့နေတဲ့မျက်နှာထားနဲ့ ဧည့်ခန်းထဲပြန်ဝင်လာတယ်။ ပိုင်အမေနဲ့ပိုင်အဖေလည်း ဆူပူသံတွေကြားပြီး စိုးရိမ်ကြီးစွာရောက်ချလာတယ်။
“သူတို့ သူတို့ အပြင်မှာရှိနေတုန်းလား?” ပိုင်အဖေက လေသံဖျော့လေးနဲ့မေးတယ် “အခု အလုပ်ဆင်းတဲ့အချိန်ရောက်ပြီမဟုတ်ဘူးလား? ဘာလို့သူတို့က ရှိနေသေးတာလဲ?”
“အဖေရူးနေလား? သတင်းထောက်တွေက ဘယ်လိုလုပ် အချိန်အတိအကျနဲ့ အလုပ်လုပ်မှာလဲ!?” ပိုင်လိရဲ့စိတ်အခြေအနေက အလွန်တရာဆိုးဝါးနေတာကြောင့် ဆောင့်ကြီးအောင့်ကြီးလေသံတွေပဲထွက်လာတယ် “အမေ ဘာလို့မနေ့က အဲ့လိုပြောလိုက်ရတာလဲ? အမေက အဲ့လိုပြောလိုက်တော့ ဘာမှပြန်အဖတ်ဆည်လို့မရတော့ဘူး၊ စကားတွေကျွံကုန်ပြီ၊ အခုကြည့်.. ပြဿနာတွေက ပိုဆိုးကုန်ပြီ!”
“ဟဲ့ ငါက နင့်အတွက်လုပ်ပေးတာလေ” ပိုင်အမေကလည်း အပြောခံလိုက်ရတာကြောင့် ဒေါသထွက်သွားတယ် “ဟိုကျေးဇူးကန်းတဲ့ကောင်က နင့်ကိုပိုက်ဆံပြန်ဆပ်ခိုင်းတယ်လည်းကြားရော ဒေါသထွက်သွားတာပေါ့၊ စပွန်ဆာဆီက အလကားရထားတဲ့ပိုက်ဆံနည်းနည်းပါးပါးကိုများ ပြန်တောင်းချင်နေသေးတယ်!? သေချာတယ် အဲ့ကောင် ခေါင်းတစ်ခုခုဖြစ်နေတာပဲဖြစ်မယ်၊ … ဒါကြောင့် နင်လည်း လူငှားပြီး သွားပြောခိုင်းတာ မဟုတ်ဘူးလား?”
ပိုင်အမေရဲ့စကားကိုကြားပြီး ပိုင်လိရဲ့ဒေါသမျက်နှာက ရှက်ရွံ့တဲ့မျက်နှာဆီကို မသိမသာပြောင်းသွားတယ်။
ဒါပေါ့.. ပိုင်လန့်ကိုလူငှားရိုက်ဖို့ ငွေယူခဲ့တယ်လို့တော့ သူ့မိဘတွေကို ဘယ်ပြောပါ့မလဲ။ ငွေသိန်းငါးဆယ်ပြန်လာတောင်းလို့ ဆွေးနွေးရအောင် လူတစ်ယောက်လွှတ်လိုက်တယ်လို့ပဲ ပြောထားတာ။ အဲဒိလူငှား အကြမ်းဖက်လိုက်တာကိုတော့ သူ မသိလိုက်ပါဘူးပေါ့။ ဒါကြောင့် အကုန်လုံးက အထင်လွဲတာဖြစ်ပြီး မတော်တဆဖြစ်သွားတာပါလို့ပဲ ဆင်ခြေပေးထားတာပါ။
ပိုင်အမေက ငွေလာပြန်တောင်းတယ်ဆိုတဲ့စကားကြားချိန်မှာ ချက်ချင်းကိုတုန်လှုပ်ခြောက်ခြားသွားခဲ့တာ။ သူမခေါင်းထဲမှာလည်း ဒီအကြောင်းကိုပဲ ထပ်ကာထပ်ကာတွေးနေခဲ့တာ။ ဒီစကားမကြားရခင်အချိန်ထိ သူမရဲ့အဖိုးတန်တိုက်ခန်းနှစ်ခန်းကိုပေါင်ပြီး အကြွေးပြန်ဆပ်ဖို့ ပိုင်လန်ပြောတဲ့အကြောင်းကို မေ့တောင်မှမေ့နေပြီ။
“ဒါကြောင့် ငါလည်း အခွင့်အရေးရတုန်း အဲ့ကောင် သိန်းငါးဆယ်ကိစ္စမေ့သွားအောင် ပြောလိုက်ရတာပေါ့ဟဲ့၊ ပြီးပြတ်သွားတော့ မကောင်းဘူးလား? နို့မို့ဆို ဒင်းက ငါတို့တိုက်ခန်းနှစ်ခန်းကို မျက်စောင်းထိုးနေဦးမယ်!” ပိုင်အမေက အမှားလုပ်ထားတယ်လို့ နည်းနည်းလေးတောင် မခံစားမိပါဘူး “ဘာပဲဖြစ်ဖြစ် အားလုံးက အစကတည်းက သူ့အမှားချည်းပဲ၊ သူက သူ့ကိုယ်သူ ရောင်းစားခဲ့တာလေ၊ ကျွန်မတို့က ဖိအားပေးခဲ့လို့လား၊ သူ့ဖာသာသူ့ ကျေကျေနပ်နပ်ကြီးရောင်းစားခံပြီးမှ ဘာဖြစ်လို့ ပြန်လာပြီး ငွေပြန်လာတောင်းနေသေးလဲ!?”
ပိုင်အဖေက မျက်နှာပျက်သွားပြီးမှ မနေနိုင်မထိုင်နိုင်ပြောလိုက်ရတယ် “ခဏလေး ငါတို့တွေ ပိုက်ဆံကိုဖြည်းဖြည်းချင်းပြန်ဆပ်မယ်လို့ သဘောတူထားတာမဟုတ်ဘူးလား? အဲ့ဒိတုန်းက အားလန်ပြောတာ…”
“ရှင့်ပါးစပ်ကိုပိတ်!” ပိုင်အမေက အကျယ်ကြီးထအော်ပြီး စကားစကိုဖြတ်လိုက်တယ် “ဘာပဲဖြစ်ဖြစ် ကိစ္စတွေကဒီလိုဖြစ်လာတာ သူ့အမှားတွေချည်းပဲ! ရှင်ပဲစဉ်းစားကြည့် .. အခု သူနဲ့အဲ့တစ်ယောက်ကြောင့်ပဲ သိက္ခာတွေကျကုန်တာလေ၊ ပြီးတော့အခု အကုန်လုံးကသိသွားပြီ၊ အားလိကရှေ့လျှောက်ဘယ်လိုမျက်နှာနဲ့ စီးပွားရေးလုပ်ရတော့မှာလဲ!! အားလိစီးပွားရေးတွေသာ အရှုံးပေါ်ကုန်လို့ကတော့ ဒင်းအပြစ်ပဲ၊ အဲ့ဒါတောင် ဒင်းက ပိုက်ဆံပြန်ပေးဖို့ပြောရဲသေးတယ်ပေါ့! အဲဒိသိန်းငါးဆယ်ကို ကျွန်မတို့ကိုတောင် လျော်ကြေးအဖြစ်ပေးရဦးမှာ!!”
“ဒါပေမယ့်…” ပိုင်အဖေက ပါးစပ်ဟရုံလေးပဲရှိသေးတယ်၊ ပိုင်အမေက နောက်ထပ်ဖြတ်ဝင်ပြောပြန်တယ် “ပြီးတော့ ရှင်!! ရှင့်ကိုလည်း အပြစ်တင်ရမှာ၊ အစကတည်းက ရှင့်အမှားချည်းပဲ! ကျွန်မ ရှင့်ကို အစောကြီးကတည်းကပြောတယ် နောက်ကလေးထပ်မယူတော့ပါဘူးလို့၊ ဒါပေမယ့် ရှင်က ခေါင်းမာနေတာလေ၊ မရမကထပ်မွေးခိုင်းတာလေ!! အခု ကြည့်စမ်း ဘာတွေဖြစ်လာပြီလဲ!! ပိုက်ဆံလေးနည်းနည်းတောင်းမိပါတယ် သေမလိုဖြစ်နေပြီ၊ ရှင်ပြောတော့ အားလိကို ကူညီပေးမှာပါဆို၊ အခုကြည့်..အဲ့ကောင်ကိုကျွေးမွေးခဲ့ရတာ သဲထဲရေသွန်လိုက်သလိုပဲ!!”
ပိုင်အမေက ပိုင်အဖေကို ဒေါသတကြီးဆူဆဲနေတုန်းပဲ။ ဘေးမှာမတ်တပ်ရပ်နေတဲ့ပိုင်လိကတော့ မျက်နှာကိုပွတ်ရင်း အကြီးအကျယ်နောင်တရနေရှာတယ်။ သူက ရေတိုတွက်ပြီး ရေရှည်မကြည့်လိုက်မိတာ။
သူက အကြွေးရှင်တွေဆီမှာ သိန်းငါးဆယ်ပြန်ဆပ်လိုက်ပြီး အင်တာနက်ကဖေးဖွင့်ဖို့ နောက်တစ်ခါ သူငယ်ချင်းတစ်ယောက်ဆီက ပိုက်ဆံထပ်ချေးထားတယ်ဆိုတဲ့အကြောင်း သူ့မိဘတွေကိုတောင် မပြောလိုက်ရသေးဘူး။ သူ့ကိုလိုလိုလားလား ပိုက်ဆံချေးမယ့်လူတွေရှိတယ်ဆိုတာလည်း သူ့နောက်မှာ အောင်မြင်တဲ့ပိုင်လန်ရှိနေလို့လေ။ ပြီးတော့ လုပ်ငန်းအသစ်ကိုစလုပ်တော့ မဖြစ်မနေငွေကုန်စရာတွေလည်း ရှိလာတယ်။ ဆုံးရှုံးငွေတွေက အစပိုင်းမှာ မများပေမယ့် နောက်ပိုင်းတစ်စတစ်စနဲ့ တောင်လိုပုံလာတာကြောင့် ပထမတစ်ခါလိုဖြစ်မှာစိုးတဲ့ပိုင်လိက အဲဒိရက်ပိုင်းတွေမှာ ပိုင်လန့်ကို ကြိုးစားပမ်းစားဆက်သွယ်နေခဲ့ရတာပေါ့။ ဒါပေမယ့် သူဆက်သွယ်လိုက်တဲ့အချိန်တိုင်း ချိုးချန်လူတွေနဲ့ချည်းတိုးနေခဲ့တာ။
ဒီလိုနဲ့ပိုင်လိက တစ်စထက်တစ်စ တုန်လှုပ်ခြောက်ခြားလာတယ်။ ဒါကြောင့် ပိုင်လန့်ကို ပညာပေးဖို့ တစ်ယောက်ယောက်က သူ့ကို ငွေထုပ်ကြီးနဲ့ချဉ်းကပ်လာတဲ့အချိန်မှာ နောက်ထပ်များများစားစားမတွေးတော့ဘဲ လက်ခံခဲ့တာဖြစ်ပါတယ်။
အကြောင်းရင်းတစ်ချက်က သူငွေလိုတယ်။ နောက်ထပ်အကြောင်းရင်းတစ်ချက်က သူ့ဆီပြန်အမှုပတ်စရာအကြောင်းရင်းမရှိဘူးလို့ တွေးခဲ့လို့ပဲ။ ဘာမှမဖြစ်ရင် ဘယ်သူမှလည်းသိမှာမဟုတ်ဘဲ သူလည်း ပိုက်ဆံအသာလေးရလိုက်မှာ။ နောက်ပြီး အခုချိန်မှာ တစ်စထက်တစ်စ နာမည်ကြီးလာနေတဲ့ညီငယ်လေးကို ခပ်တန်းတန်းနေရအောင်လည်း ပိုင်လိက အရူးမဟုတ်ဘူး။ သူတွေးနေခဲ့တာက ပိုင်လန်က သိန်းငါးဆယ်တောင်ကူညီခဲ့ပြီးမှတော့ နောက်ပိုင်းလည်း ဒီထက်ပိုပြီးထောက်ပံ့ရဦးမှာလို့ တွေးခဲ့တာ။
ဒါကြောင့် ငွေလွှဲသက်သေတွေပေါ်သွားတဲ့အချိန်မှာ ပိုင်လိအကြောက်ဆုံးက အဖမ်းခံရမှာတစ်ခုတည်းမဟုတ်ဘူး၊ သူ့ညီလေးက သူ့ကိုလျစ်လျူရှုလိုက်မှာကိုလည်း အကြောက်ဆုံးပဲ။ ဒါကြောင့် လုပ်ရတဲ့အကြောင်းရင်းကို ဖုံးကွယ်ထားခဲ့ချင်ပေမယ့် ပိုင်အမေရဲ့လုပ်ရပ်တွေကြောင့် သူတို့က ပိုင်လန်ဆိုတဲ့သစ်ပင်ကြီးကြီးကို တကယ်ပဲလက်လွှတ်လိုက်ရပါပြီ။
..မဟုတ်ဘူး၊ ဒါ မဖြစ်သင့်ဘူး…. ပြန်အဖတ်ဆည်ဖို့နည်းလမ်းရှာရမယ်… ပိုင်လိက အကြာကြီးတွေးတောနေပြီးမှ တစ်ချိန်လုံးပါးစပ်ပိတ်ပြီး ပိုင်အမေအော်တာခံနေရတဲ့ ပိုင်အဖေဘက်ကိုလှည့်လိုက်တယ် “အဖေ အခု ကျွန်တော်တို့မှာ အဖေ့ပဲအားကိုးစရာရှိတော့တယ်”
“ငါ?” ပိုင်အဖေက လန့်သွားတယ် “ဘာကြောင့်… ငါက ဘာလုပ်ပေးနိုင်မှာလဲ…”
“အဖေက အားလန်ကို ကန့်ကွက်ကြောင်းမပြတဲ့တစ်ဦးတည်းသောလူလေ၊ ကျွန်တော်တို့အိမ်မှာ အားလန်ကိုထောက်ခံတဲ့လူတစ်ဦးရှိသေးတယ်ဆိုတဲ့အကြောင်း သတင်းထောက်တွေကိုပြောလိုက်ပေါ့၊ ဒါမှ ကျွန်တော်တို့နောက်ပိုင်းအကူအညီလိုရင် အားလန်ကကူညီပေးမှာ” ပိုင်လိက ခဏလောက်စဉ်းစားနေပြီး ဒီနည်းလမ်းတစ်ခုပဲထွက်လာတယ် “အချိန်နည်းနည်းကြာသွားရင် ကျွန်တော်တို့လည်း အဖေ့ဘက်ပြောင်းပြီး အားလန်နဲ့ပြန်လည်ရင်းနှီးမှုယူရမှာ”
“ဘာ? မင်းက ငါတို့ကို သူ့ကိုခွင့်လွှတ်ပေးစေချင်တာလား!?” ပိုင်အမေက ချက်ချင်းကိုကန့်ကွက်တယ် “အဲဒိကျေးဇူးကန်းတဲ့ကောင်က အရင်မှားတာလေ၊ ဒင်းက ငါတို့ဆီက အရင်ပိုက်ဆံပြန်လာတောင်းတာလေ၊ ခွင့်လွှတ်စရာဘာအကြောင်းရှိလို့တုန်း၊ ဒင်းက ငါတို့သားမဟုတ်တော့ဘူး! ဒင်းကို မြင်တာတောင်မှ ကျိန်ဆဲချင်နေတာ–”
“အမေ.. တော်ပါတော့!” ပိုင်လိက စိတ်မရှည်တော့ဘူး “အားလန်နောက်မှာ သူဌေးချိုးရှိတာ အမေမေ့သွားပြီလား? ကျွန်တော်တို့ အားလန်ကိုဆန့်ကျင်မယ်ဆိုရင် သူဌေးချိုးက ကျွန်တော်တို့ကိုအလွတ်ပေးမယ်များထင်နေလား! ချိုးမိသားစုကိုအပြစ်လုပ်မိရင် နောက်ပိုင်းကျွန်တော် ဘယ်လိုလုပ်စီးပွားရေးလုပ်လို့ရတော့မလဲ?”
ပိုင်အမေက အာစေးမိသွားသလို ပါးစပ်ပိတ်သွားတယ်။ စီးပွားရေးအကြာင်းပြောလိုက်ပြီဆိုတာနဲ့ သူမလို လယ်သူမဟောင်းကြီးက သူမသားပိုင်လိကိုယုံကြည်ရုံမှတပါး အခြားမရှိတော့ဘူး။
“သူဌေးချိုးက အဲ့ကောင်ကို ပစားပေးတယ်လည်း ငါတော့မထင်ပေါင်၊ ဒါမှမဟုတ်ရင် ဘယ်လိုလုပ် သိန်းငါးဆယ်လာပြန်တောင်းနေမှာလဲ?” ပိုင်အမေက ငြိမ်ကျသွားပေမယ့် သုံးလေးခွန်းလောက်တော့ မကျေမချမ်းပွစိပွစိထွက်လာသေးတယ်။
ပိုင်လိက သူ့အမေကိုလျစ်လျူရှုပြီး အဖေဘက်လှည့်လိုက်တယ် “အဲ့ဒါကြောင့်လေ အဖေ.. အခုအပြင်ထွက်ပြီး သတင်းထောက်တွေကိုပြောလိုက်၊ အားလန်ကို ကောင်းကောင်းမွန်မွန်ဘဝလေး ရစေချင်ပါတယ်လို့၊ အဖေကလည်း မိသားစုတွေကိုကြိုးစားဖျောင်းဖျနေပါတယ်လို့၊ အချိန်နည်းနည်းတော့လိုမှာပါလို့ –”
မိသားစုတစ်ခုလုံးမှာ ဆုံးဖြတ်ချက်အနည်းဆုံးချသူဖြစ်တဲ့ ပိုင်အဖေက ပိုင်လိကို ပြီးဆုံးအောင်တောင်ပြောခွင့်မပေးဘဲ ငြင်းဆိုလိုက်ပါတယ် “ငါမပြောတတ်ပါဘူး၊ မဖြစ်ဘူး မဖြစ်ဘူး၊ မင်းပြောတာပိုကောင်းမှာပါ”
“ကျွန်တော်ပြောလို့မရဘူး!” ပိုင်လိက ထသောင်းကျန်းချင်နေတဲ့စိတ်ကို ထိန်းချုပ်နေရတယ်။ သူက အံကြိတ်ပြီးပြောလိုက်တယ် “အဖေ .. သူတို့အော်ဟစ်နေတာတွေမကြားဘူးလား၊ ကျွန်တော်က အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်လို့မှမရတာ၊ မျက်နှာပြောင်တိုက်တဲ့ကောင်ဖြစ်သွားမှာပေါ့! ဘယ်သူမှ ယုံမှာမဟုတ်ဘူး!! ကျွန်တော်တို့မှာ အားကိုးစရာအဖေပဲရှိတော့တယ် သိတယ်နော်? ပြောရမှာအရမ်းလွယ်ပါတယ်.. ကျွန်တော်သင်ပေးတဲ့အတိုင်းပြောလိုက်ရင်ရပြီ”
“ဒါပေမယ့်…” ပိုင်အဖေက ငြင်းဆန်နေဆဲပဲ။ ဒါပေမယ့် ပိုင်လိကတော့ သူ့ကို တံခါးဆီရောက်အောင် အတင်းအကျပ်ဆွဲခေါ်လာလေတယ်။
အချိန်ကြာလာတာနဲ့အမျှ အသံတွေလျော့သွားမှာကိုလည်း ပိုင်လိသိတယ်။ သူ့အဖေ သတ္တိမရှိတာကိုလည်း ပိုင်လိသိတယ်။
ပိုင်အမေက သူမယောကျ်ားတွန့်ဆုတ်နေတာမြင်ပြီး သူ့သားဘေးကနေ သူပါကူတွန်းပေးလိုက်တယ်။ နောက်ပြီး ကြိတ်မှာလိုက်ဖို့လည်း မမေ့ပါဘူး “သိန်းငါးဆယ်အကြောင်းကို မမေ့နဲ့နော်၊ ကျွန်မတို့ပြန်မပေးရရင်တော့ အကောင်းဆုံးပဲ၊ အဲ့ကောင်မှာ ပိုက်ဆံတွေအများကြီးရှိတာပဲကို၊ အဲ့ဒါပါထည့်ပြောဖို့မမေ့နဲ့”
ဒါကြောင့် ပိုင်လိနဲ့ပိုင်အမေတို့ရဲ့ တောင်းဆိုတာတစ်ဝက်၊ အတင်းအကျပ်တိုက်တွန်းတာတစ်ဝက် အောက်မှာ ပိုင်အဖေက ချီတုံချတုံနဲ့ တံခါးကိုဖွင့်လိုက်တယ်။ သူက ချက်ချင်းဆိုသလိုပဲ ဆူညံပွက်လောထနေတဲ့လူအုပ်ကြီးရဲ့ တလက်လက်မျက်ဝန်းတွေနဲ့ ရင်ဆိုင်လိုက်ရပြီး တံခါးအပြင်ဘက်မှာ ရုတ်ရုတ်သဲသဲဖြစ်သွားပါတယ်။
“ဖေဖေပိုင်! ပိုင်လူကြီးမင်း!!” မြင်ကွင်းကတော့ ပိုင်အဖေလို တစ်သက်လုံး လယ်ယာလုပ်ငန်းလုပ်ပြီး နောက်ပိုင်း လက်မှတ်အရောင်းဝန်ထမ်းဖြစ်လာတဲ့လူမျိုး ကြုံတွေ့ဖူးတဲ့အရာမဟုတ်ဘူး။ သူ့ဘဝတစ်ခုလုံးမှာ တစ်ပြိုင်နက်တည်းလူငါးယောက်လောက် စကားလာပြောတာကိုတောင် မခံရဖူးဘူး။ ချက်ချင်းပဲ ပိုင်အဖေရဲ့ဦးနှောက်တစ်ခုလုံး ဗလာဟင်းလင်းဖြစ်ကုန်တယ်။
“ပိုင်လူကြီးမင်း! ပိုင်လန်ရဲ့လိင်တူကြိုက်တဲ့အပေါ် အမြင်လေးသိချင်ပါတယ်!! အားပေးမှာလား ကန့်ကွက်မှာလား သိပါရစေ!!?”
“ပိုင်လူကြီးမင်း! သိန်းငါးဆယ်သဘောတူညီချက်အကြောင်းရှင်းပြပါလား! မစ္စတာချိုးကို ပိုက်ဆံတွေပြန်ပေးမှာလား!?”
“ပိုင်လန်သာအမှုဖွင့်ချင်တယ်ဆိုရင် ဘယ်လိုလုပ်မှာပါလဲ!! ပိုင်လန်ဘယ်လိုလုပ်မယ်လို့ ထင်ပါသလဲ!?”
“ပိုင်လန်နဲ့မစ္စတာချိုးအကြောင်းကို ဘယ်တုန်းကတည်းက သိနေတာပါလဲ!? ပိုက်ဆံမချေးခင်တည်းကလား!?”
“ပိုင်လိက မစ္စတာပိုင်လန်ကိုရိုက်ဖို့လူငှားခဲ့တာ သိန်းငါးဆယ်ကြောင့်ပါလား!?”
“ပိုင်လူကြီးမင်း.. အကြွေးသိန်းငါးဆယ်တင်တာဘာကြောင့်လဲ၊ ပြောပြပေးလို့ရမလား?”
…
အပြင်ဘက်မြင်ကွင်းကတော့ ဝရုန်းသုန်းကားနဲ့ ရှုပ်ထွေးနေတာပဲ။ မိုက်ခရိုဖုန်းတွေ ကင်မရာမီးရောင်တွေအားလုံးကလည်း သူ့ဆီကိုပဲ တည့်တည့်ထိုးထားကြတယ်။ ပိုင်အဖေရဲ့မျက်နှာက စိမ်းတစ်လှည့်ဖြူတစ်လှည့်ဖြစ်နေပြီး အသံတစ်သံထွက်ဖို့တောင် မနဲအားယူနေရတယ်။ အဆုံးမှာတော့ တစ်ယောက်ယောက်က အော်ပါတယ် “မင်းတို့တွေ ဒီလိုမျိုးစွတ်မေးနေမယ်ဆိုရင် ပိုင်လူကြီးမင်း ပြန်ဖြေလို့ရမှာ မဟုတ်တော့ဘူး! ငြိမ်ငြိမ်နေကြ ပိုင်လူကြီးမင်းကို စကားပြောခွင့်ပေးလိုက်ဦး!! သူက ဒီလိုအပြင်ထွက်လာမှတော့ ပြောစရာစကားရှိလို့သေချာတယ်!!”
ဒါကြောင့် လူအုပ်ကြီးက ငြိမ်သက်သွားတယ်။ သတင်းထောက်အချို့က အသာအယာပဲသတိပေးပါတယ် “ပိုင်လူကြီးမင်း ကင်မရာက ဒီဘက်မှာပါ၊ ပိုင်လန့်ကိုပြောစရာရှိတာပြောလို့ရပါတယ်”
ဒါပေမယ့် ဒီလိုရုတ်တရက်ငြိမ်သက်သွားခြင်းက ပိုင်အဖေရဲ့တုန်လှုပ်မှုကို ဆထက်တိုးပိုဆိုးသွားစေတယ်။
အခု သူ့ကိုစကားပြောခိုင်းတာက စတိတ်စင်ပေါ်တက်ရပ်ပြီး သရုပ်ဆောင်ခိုင်းလိုက်သလိုပဲ။
ဒါပေမယ့် ဘေးနားကလူတွေရဲ့မျှော်လင့်ချက်မျက်ဝန်းတွေကတော့ ပိုင်အဖေကိုရွေးချယ်စရာမရှိဘဲ စကားပြောဖို့ရာ ဖိအားပေးနေပါတယ်။
“သိန်း သိန်းငါးဆယ်…ကို...” အလွန်တရာစိတ်လှုပ်ရှားနေတဲ့ပိုင်အဖေက ဒီတစ်ကြောင်းကိုပဲ ဦးနှောက်ထဲကညှစ်ထုတ်လိုက်နိုင်ပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ထွက်လာတယ် “မင်း မင်းအမေပြောတဲ့အတိုင်း ထားလိုက်ပါ”
သူပြောပြီးတဲ့အချိန်မှာတော့ သတင်းထောက်တွေကြားထဲမှာ ရုတ်ချည်းဆိုသလို ရုတ်ရုတ်သဲသဲဖြစ်သွားပြီး အာမေဋိတ်သံတွေထွက်သွားတယ်။ ပိုင်အဖေလည်း သူ့စကားမှားသွားတယ်ထင်ပြီး ပိုလို့တောင်တုန်လှုပ်နေတဲ့အသံနဲ့ ထပ်ပြောလိုက်ပါတယ် “နောက်ပြီး နောက်ပြီးတော့ မင်း မင်းလည်း ကိုယ့်ကိုကိုယ်ကောင်းအောင်နေပါတော့!”
သတင်းထောက်တွေအကုန်လုံးရဲ့မျက်နှာထားက ပြောင်းသွားလေရဲ့။ ပိုင်အဖေကတော့ ရုတ်တရက်မခံနိုင်တော့သလိုမျိုး လှည့်ထွက်သွားပြီး နောက်က သတ္တုတံခါးကြီးကိုဖွင့်ကာ သက်တောင့်သက်သာရှိမယ့်နေရာကိုပဲ ပြန်ပြေးသွားတယ်။ “ဗန်း!” တံခါးက ဆောင့်ပိတ်သွားပြီး ကြောင်းအမ်းအမ်းဖြစ်နေတဲ့သတင်းထောက်တွေကို အပြင်ဘက်မှာထားခဲ့ပါတယ်။
“…..”
“…..”
“…..”
တံခါးအပြင်ဘက်မှာ ကျန်နေခဲ့တဲ့သတင်းထောက်တွေက ဒီအခြေအနေမှာ ပြောစရာစကားကင်းမဲ့ကုန်ကြပြီ။
အခုလေးတင်ပြောသွားတဲ့ ပိုင်အဖေရဲ့စကားတွေက….. သူက ပိုင်လန်နဲ့နောက်ထပ်မဆက်သွယ်လိုတော့ဘူး၊ ဒါပေမယ့် သိန်းငါးဆယ်ကိုတော့ ပြန်မပေးဘဲ ထားလိုက်ချင်တယ်?......
ဒါက သိပ်ကိုအရှက်မရှိလွန်းတာမဟုတ်ဘူးလား၊ ကင်မရာတွေရှေ့မှာတောင် ပွင့်ပွင့်လင်းလင်းပဲ မျက်နှာပြောင်တိုက်ဖို့ဝန်မလေးကြဘူး၊ ဒီလိုမိသားစုမျိုး တစ်ခါမှ မတွေ့ဖူးဘူး။
သူတို့က သားကိုတော့မလိုချင်ဘူး၊ ဒါပေမယ့် သားပိုက်ဆံကိုတော့ လိုချင်သေးတယ်။
***
တစ်ဘက်မှာတော့ ပိုင်အဖေက အိမ်ထဲပြန်ရောက်တာနဲ့ သူ့အခန်းထဲဇွတ်ဝင်သွားပြီး တံခါးလော့ချကာ နောက်ထပ်ပြန်ထွက်မလာတော့ဘူး။ သူ့မိန်းမနဲ့သူ့သား နောက်ထပ်တစ်ခါဖိအားပေးမှာကို အလွန်ကြောက်နေပြီလေ။ ဒါကြောင့် သူက စိုးရိမ်တကြီးတံခါးခေါက်ပြီး တတွတ်တွတ်မေးနေတဲ့ပိုင်လိကို လျစ်လျူရှုထားလိုက်တော့တယ်။
ဒါကြောင့် ပိုင်လိလည်း သူ့အဖေရဲ့အဖြေစကားတွေကို နောက်နာရီအနည်းငယ်ကြာ သတင်းလွှင့်မှပဲ သိရတော့တယ်။ ဒါပေမယ့် အဲ့အချိန်မှာတော့ အကုန်လုံးက နောက်ကျကုန်ပါပြီ။
ဘာကြောင့်လဲဆိုတော့ အဲဒိသတင်းထုတ်လွှင့်တဲ့အချိန်မှာပဲ ပိုင်လန်ရဲ့ကုမ်ပဏီက ပိုင်လန့်ကိုယ်စားဖြေရှင်းချက်တစ်စောင်ကိုထုတ်ပါတယ်။ စာထဲမှာက.. စိတ်ပူပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်၊ ဒီလိုမျိုး ရုတ်ရုတ်သဲသဲဖြစ်စေတဲ့အတွက်လည်း တောင်းပန်ပါတယ်၊ အခုချိန်ကစလို့ ကျွန်တော် ကောင်းကောင်းမွန်မွန်နေထိုင်သွားမှာဖြစ်ပြီး နောက်ပိုင်း သိန်းငါးဆယ်ကိစ္စအပါအဝင် ကျွန်တော့်မိသားစုကို အနှောင့်အယှက်မဖြစ်စေရတော့ပါဘူး။ …. လို့ဖော်ပြခဲ့ပါတယ်။
ပိုင်လိက ဒေါသတကြီးနဲ့ သူ့အဖေကို နောက်ထပ်ထွက်ရှင်းပြဖို့ တောင်းဆိုတယ်။ ဒါပေမယ့် ပိုင်အဖေကတော့ သတင်းထောက်တွေရှေ့ထပ်ရပ်မယ့်အစား သူ့ကိုယ်သူပဲအသေခံလိုက်မှာ။ သူတို့နဲ့မတူစွာပဲ ပိုင်အမေကတော့ အကျေနပ်ကြီးကျေနပ်နေပါတယ်။ သူမ အမြင်မှာက ပိုင်လန်သာသိန်းငါးဆယ်ကိစ္စမစဉ်းစားတော့ရင် အကုန်လုံးကအဆင်ပြေသွားပြီလို့လေ။
တစ်ချို့နိုင်ငံရေးသမားတွေလို အရေထူတဲ့ပိုင်လိက တစ်ရက်လောက်ပဲပေါက်ကွဲလိုက်ပြီး နောက်တစ်နေ့မှာတော့ သူ့ညီကိုခွင့်လွှတ်ဖို့ဆုံးဖြတ်လိုက်တယ်။ သူရည်ရွယ်တာက ခဏလောက်အခြေအနေတွေငြိမ်သက်သွားပြီးရင် အခွင့်အရေးထပ်ရှာပြီး ပိုင်လန်နဲ့ပြေလည်အောင်ကြိုးစားဦးမှာ။
ဒါပေမယ့် ချိုးချန်ကတော့ ဒီလိုမျက်နှာပြောင်တိုက်ခွင့် မပြုနိုင်ပါဘူး။
ပိုင်လန်က တရားမစွဲချင်ပေမယ့် ချိုးချန်ကတော့ သူ့အချစ်လေးကို ဒီလိုမျိုးမျက်တောင်မခတ်ဘဲ ဒုက္ခပေးတတ်တဲ့လူကို အလွတ်ပေးဖို့ စိတ်ကူးမရှိဘူး။
ရက်အနည်းငယ်အကြာမှာတော့ ပိုင်လိရင်းနှီးမြှပ်နှံထားတဲ့အင်တာနက်ကဖေးက လျှပ်စစ်မီးရှော့ခ်ဖြစ်ပြီး မီးလောင်ပြာကျသွားတယ်။
မီးလောင်တဲ့အချိန် အထဲမှာတစ်ယောက်မှမရှိတာပဲ ကံကောင်းနေတာဖြစ်ပြီး ဒီအသစ်ဆောက်ထားတဲ့အင်တာနက်ကဖေးက သီးခြားအဆောက်အအုံတစ်ခုမှာရှိနေတာကြောင့် ဘေးပတ်ဝန်းကျင်တွေက အန္တရယ်မဖြစ်သွားဘူး။ ဆုံးရှုံးမှုက ငွေကြေးသပ်သပ်ပဲ။
ဒါပေမယ့် အဲဒိငွေကြေးဆုံးရှုံးမှုကပဲ ပိုင်လိရဲ့ပိုင်ဆိုင်မှုတွေကို ခြူးတစ်ပြားနတ္ထိဖြစ်သွားစေပြန်တယ်။ နောက်ပြီး လစဉ်အတိုးတွေနဲ့အကြွေးတွေရယ်။
ပိုင်လိက ဒီတစ်ခါတော့ ပိုင်လန့်ကိုသွားမရှာရဲဘူး။ အကြောင်းက ပိုင်မိသားစုလောဘကြီးတဲ့အကြောင်း၊ အရှက်မရှိတဲ့အကြောင်း အင်တာနက်သတင်းတွေကိုကြောက်လို့ပါ။ ဒါကြောင့် သူက ဒီအခြေအနေမှာ ရွေးချယ်စရာမရှိ ပိုင်အမေရဲ့တိုက်ခန်းစာချုပ်ကိုခိုးယူပြီး တစ်ခန်းရောင်းဖို့ဆုံးဖြတ်လိုက်တော့တယ်။
ဒါပေမယ့် ရောင်းတဲ့နေ့မှာတော့ အိမ်ပွဲစားက တိုက်ခန်းနှစ်ခုလုံးရောင်းတာကပိုကောင်းမယ်လို့ တတွတ်တွတ်ပြောနေခဲ့တယ်။ အထပ်နှစ်ထပ်ကိုသီးခြားခွဲလိုက်ရင် နှစ်ထပ်တိုက်ခန်းဆိုတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲတဲ့။ တိုက်ခန်းတန်ဖိုးက အလွန်နည်းသွားမယ်တဲ့လေ။ ပိုင်လိက ခဏစဉ်းစားပြီးမှ သူပြောတာအကျိုးကြောင်းသင့်တယ်လို့ တွေးလိုက်တယ်။
ဒီအချိန်မှာ အိမ်ပွဲစားကပြောပါတယ် “မစ္စတာပိုင်၊ ငွေပိုထွက်လာမယ်ဆိုရင် ခင်ဗျားလုပ်ငန်းပြန်စလို့ရမယ်မလား၊ အကြွေးတွေပေးပြီး လုပ်ငန်းအသစ်ပြန်လုပ်လို့တောင်ရတယ်၊ အကြွေးတွေရှိနေတာ စိတ်ဖိစီးပါတယ်၊ မစ္စတာပိုင်ရဲ့အရည်အချင်းနဲ့ဆိုရင် နောက်ပိုင်းမှာ အကုန်ပြန်ရလာမှာပါ၊ ဒီလိုအိမ်မျိုးပြန်ဝယ်ဖို့ ပြဿနာရှိမှာမဟုတ်ပါဘူး”
နောက်ဆုံးမှာတော့ လောဘကပဲ ပိုင်လိကိုအနိုင်ယူသွားတယ်။ သူက ပိုင်အမေချစ်တဲ့တိုက်ခန်းနှစ်ခန်းလုံးကို တကယ်ကြီးရောင်းပစ်လိုက်ပါတယ်။
ရောင်းရငွေက အတော်လေးကိုလှပေမယ့် နောက်ပိုင်းပြန်ဝယ်နိုင် မဝယ်နိုင်ကတော့ သီးခြားပုံပြင်တစ်ပုဒ်ဖြစ်သွားပါပြီ။
ဒါကြောင့် တိုက်ခန်းဖယ်ပေးဖို့အပြောခံလိုက်ရပြီး အားလုံးကိုသိရှိသွားတဲ့အချိန်မှာ ပိုင်အမေက နှလုံးခုန်ရပ်မတတ်ဖြစ်သွားခဲ့တယ်။ သူမက အော်ဟစ်ပြီး ပိုင်လိကိုထုထောင်းရိုက်နှက်တယ်၊ သူမရဲ့အဖိုးတန်အကြီးဆုံးသား ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုမျိုးပဲ။
သူ့အမေရဲ့အော်တာခံရပြီး ရိုက်နှက်ခံရတာကို ပိုင်လိဘဝတစ်လျှောက်လုံး တစ်ခါမှမကြုံဖူးဘူး။ သူမအပြုအမူတွေနဲ့ကျိန်ဆဲသံတွေက သူ့အတွက်တော့ အလွန်တရာမှ အဆိပ်ပြင်းလှတယ်။ ပိုင်လိက တကယ်ကြီးကို အရှက်ခွဲခံရလို့ ဒေါသထွက်လာပါတယ်။ နဂိုက သူ့မိဘတွေအတွက် တိုက်ခန်းသေးသေးတစ်ခန်းပြန်ဝယ်ပေးမယ်လို့စိတ်ကူးထားပေမယ့် အခုတော့ အဲဒိအတွေးတွေကို လုံးဝစွန့်လွှတ်ပစ်လိုက်ပြီ။ သူက တိုက်ခန်းရောင်းရငွေအားလုံးကို စီးပွားရေးလုပ်ငန်းသစ်တစ်ခုမှာ အရဲစွန့်မြှပ်နှံလိုက်ပါတော့တယ်။
ချိုးချန်က ဒီအချိန်ကိုစောင့်နေတာဖြစ်တယ်။
သူက မီးလောင်တဲ့ကိစ္စကနေ အိမ်ပွဲစားအထိ၊ ပိုင်လိရင်းနှီးမြှပ်နှံတဲ့ ပရောဂျက်အဆုံး … သူဆင်ထားတဲ့ထောင်ချောက်ထဲ ပိုင်လိတစ်ယောက် တစ်လှမ်းချင်းလျှောက်ဝင်လာခဲ့တာကို ဖြည်းဖြည်းချင်းစောင့်ကြည့်နေခဲ့တာ။
……………………..