(24) ဘလက်ခ် ချယ်ရီ
ပိုင်လန့်ဘေးနားရပ်နေတဲ့ချိုးချန်လည်း သူ့အကြည့်ရဲ့လားရာကို သတိပြုမိပုံပေါ်တယ်။
ဒါကြောင့် ချိုးချန်လှမ်းကြည့်လိုက်တဲ့အချိန်မှာပဲ တစ်ဘက်က စုချွမ်ကလည်း သူတိုနှစ်ယောက်ကို လှမ်းကြည့်လာတယ်။
စုချွမ်က ချက်ချင်းပဲ ရင်းနှီးလှတဲ့အပြုံးလေးတစ်ခုကိုပေးပါတယ်။ ချိုးချန်ကိုပြုံးပြပြီးနောက်မှာတော့ သူ့အကြည့်တွေက ပိုင်လန့်ဆီဆက်လက်ရောက်ရှိလာတာပေါ့။ ဒါပေမယ့် တိုက်ဆိုင်တာလား မသိပေမယ့် ပိုင်လန့်ကိုလှမ်းကြည့်လိုက်တဲ့အခါ နှုတ်ဆက်မှုပြီးဆုံးသွားသလို သဘာဝကျကျပဲ သူ့အပြုံးတွေက မှေးမှိန်သွားလေတယ်။ ဒီအပြုအမူက ဘာမှထူးဆန်းတာမဟုတ်ဘူး၊ ဖြစ်တတ်တာပဲလေ။ ပိုင်လန်က စုချွမ်နဲ့မှမရင်းနှီးတာ။ ဒါပေမယ့် ပိုင်လန်ကတော့ သူ့ကိုယ်ပေါ်လေအေးအေးတွေဖြတ်တိုက်သွားသလို ခံစားလိုက်ရတယ်။
ဒါကြောင့် သူလည်း အကြည့်လွှဲလိုက်ပြီး ပတ်ဝန်းကျင်ကိုသာ ဆက်လက်လေ့လာနေလိုက်တယ်။ နောက်တစ်ခုသိသွားတာကလည်း ချိုးချန်ပြောသလို ရုန်စစ်ချီလည်း ဒီမှာရှိပုံမရဘူး။
ချိုးချန်က သူ့အနားကိုတိုးကပ်လာပြီး စနောက်ချင်တဲ့အပြုံးလေးနဲ့ ပြောလိုက်တယ် “ဘယ်တွေလျှောက်ကြည့်နေတာလဲ? စုချွမ်က အခုလေးတင် ကိုယ်တို့ကို ပြုံးပြသွားတယ်လေ”
ဒီနေ့မှာ ချိုးချန်က ရှားရှားပါးပါးအဖြစ် သားနားစွာဝတ်ဆင်လာခဲ့တယ်။ သူက မီးခိုးရောင်ရင့်ရင့်သန်းတဲ့ သုံးမျိုးတွဲဆင်တူ(ဘောင်းဘီ၊ ဝေ့စကုတ်၊ အပေါ်ကုတ်)ဝတ်စုံကို အပြည့်ဝတ်ဆင်ထားပြီး အနက်ရောင်ရှပ်အင်္ကျီ၊ ခရမ်းရင့်ရင့်လည်စီးတို့နဲ့ ပနံရနေတယ်။ ဒါပေမယ့် အလေ့အကျင့်မရှိလို့လည်း ဖြစ်နိုင်ပါတယ် ချိုးချန်ရဲ့လည်စီးက အခုချိန်မှာ ကိုယ်တိုင်ကြောင့်ရွ့ဲစောင်းနေတယ်။
“ကျွန်တော်တို့ကို မဟုတ်ပါဘူး…၊ ခင်ဗျားတစ်ယောက်တည်းပါ” ပိုင်လန်က ပတ်ဝန်းကျင်ကိုအကဲခတ်လိုက်တယ်။ သူတို့နှစ်ယောက် တိတ်ဆိတ်တဲ့ထောင့်တစ်နေရာမှာ ရောက်နေကြောင်း အတည်ပြုပြီးတဲ့အခါမှာတော့ ချိုးချန်လည်စီးကို ကူပြီးပြင်ပေးလိုက်ရင်း အင်္ကျီကော်လံကိုပါ တည့်ပေးလိုက်တယ်။
ချိုးချန်ကလည်း ပူးပေါင်းဆောင်ရွက်တဲ့အနေနဲ့ ငြိမ်ငြိမ်လေးမေးစေ့ကိုမြှောက်ပေးတယ်။ ပြီးတော့ မျက်ဝန်းမှာကျေနပ်ခြင်းတွေအပြည့်နဲ့လည်း ပိုင်လန့် စိုက်ကြည့်နေတယ်လေ။
“မင်း စုချွမ်အကြောင်းသိချင်တယ်ဆိုရင် မေးသာမေးလိုက်၊ ကိုယ်က ဖြေဖို့အသင့်ပဲ၊ ဒါပေမယ့် မမေးရင်တော့ မသိချင်ဘူးလို့ ယူဆလိုက်မယ်”
ပိုင်လန်က ချိုးချန်ဝတ်စုံရဲ့ပုခုံးသားတွေကို ချောမွေ့အောင် ဂရုတစိုက်သပ်ချပေးနေတယ်။ ဒါက သူ တော်ဝင်ဝတ်စုံမှာ သေသေချာချာသင်ယူခဲ့တဲ့ လှုပ်ရှားမှုတွေပါ။ “ကျွန်တော် ခင်ဗျားကို ယုံပါသေးတယ်”
“ ‘သေးတယ်’ ?” ချိုးချန်က ပိုင်လန်ရဲ့လက်ကို ဖမ်းကိုင်လိုက်လေတယ် “ဘာလဲ… ပြောချင်တာက မယုံတော့တဲ့အချိန်လည်း ရောက်လာနိုင်တယ်ပေါ့?”
ပိုင်လန်က တဲ့တိုးပြန်မဖြေဘူး “ယုံတယ်ဆိုတာ အရမ်းကိုရိုးရှင်းတာပဲကို၊ ရှိရင် ရှိတယ်၊ မရှိရင်တော့ မရှိတော့ဘူးပဲ”
ပိုင်လန်ရဲ့ဒီစကားက သူတို့နှစ်ယောက်ကြားမှာစည်းချထားမှန်း သိသိသာသာကြီးကို ဖော်ပြနေတာပေါ့။ အရင်တုန်းကလို သူဘယ်လိုပဲစုံစမ်းခဲ့ပါစေ.. ပိုင်လန့်ရင်ထဲဘာတွေရှိမှန်း မြင်အောင်မကြည့်နိုင်သလိုမျိုးလေ။ ပိုင်လန်က ဖမ်းလို့မမိနိုင်တဲ့တံလျှပ်လိုပဲ။ နီးတယ်လို့ထင်ရပေးမယ့် ဘယ်လောက်ပြေးပြေးလက်လှမ်းမမှီနိုင်ဘူး။ ဒါကြောင့် သူတို့နှစ်ယောက်ကြားထဲက အတားအဆီးတွေကို အတတ်နိုင်ဆုံးမြန်မြန်ဆန်ဆန် ချေဖျက်ဖို့လိုနေပြီလို့ ချိုးချန်ကခံစားနေရတယ်။ ဒါမှမဟုတ်ရင်တော့ အနာဂတ်မှာ နောက်ထပ်အခွင့်အရေးရတော့မှာ မဟုတ်ဘူး။
ချိုးချန်က လက်ဖဝါးထဲကိုင်ထားတဲ့ ပိုင်လန့်လက်တွေကို တင်းတင်းကျပ်ကျပ်ဆုပ်လိုက်တယ်။ အခုချိန်မှာ ဒီလက်တွေကို မြဲမြဲမြံမြံကိုင်ထားနိုင်ဖို့ သူ အကောင်းဆုံးကြိုးစားရပါလိမ့်မယ်။
“ဟုတ်ပါပြီ၊ ထားလိုက်ပါတော့ …. ကိုယ်တို့တွေ မွေးနေ့ရှင်ကိုသွားနှုတ်ဆက်ဖို့ အချိန်ရောက်ပြီ”
ပိုင်လန်က ခေါင်းညိမ့်ပြလိုက်တယ်။ ချိုးချန်က သူ့လက်တွေကိုမလွှတ်ဘူး။ ပြီးတော့ အခန်းရဲ့တစ်ဘက်ကိုလျှောက်သွားတုန်းမှာလည်း တောက်လျှောက်မလွှတ်တမ်းကိုင်ထားတယ်။
လူကြားထဲမှာ လက်တွဲထားတယ်…. အစပိုင်း ခြေလှမ်းအနည်းငယ်လောက် ပိုင်လန်က ချီတုံချတုံနဲ့ တွန့်ဆုတ်နေပြီးမှပဲ ကောင်းကောင်းမွန်မွန်လမ်းလျှောက်ရဲတာ။
ဘာပဲဖြစ်ဖြစ်ပါ.. ဒီလိုပွင့်ပွင့်လင်းလင်းဆက်ဆံရေးမျိုးကို အရင်ဘဝတုန်းက သူ သေလောက်အောင်လိုချင်ခဲ့တာပဲလေ။ ဒီဘဝမှာရော… သူ ဘာမှလုပ်စရာတောင်မလိုဘူး၊ အားလုံးက ရေကန်အသင့်ကြာအသင့်ပဲ။ မဟုတ်ဘူးလား။ ဒီလိုတွေးတောလိုက်ပြီးနောက်မှာတော့ ပိုင်လန်က သူ့ဘဝကြီးကို ရယ်လိုက်ချင်တော့တာပါပဲ။
***
ဒီနေ့ညဧည့်ခံပွဲရဲ့ ညစာက ဘူဖေးပုံစံခင်းကျင်းထားတာပါ။
ဧည့်သည်တွေက ကြိုက်တဲ့နေရာထိုင်နိုင်ပြီး အစားအစာတွေနဲ့အဖျော်ယမကာတွေကိုလည်း ကြိုက်ရာယူငင်စားသောက်နိုင်တယ်။ သူတို့တွေက စကားသွားပြောချင်တဲ့သူ မရှိရင်ဘဲဖြစ်ဖြစ်၊ စကားလာပြောပေးမယ့်သူ မရှိရင်ဘဲဖြစ်ဖြစ် တစ်ယောက်တည်းဖြစ်နေရင်တော့ ကိုယ့်ဖာသာကိုယ်အထီးကျန်ပြီး ပျင်းစရာကောင်းနေမှာပဲ။ ဒါကြောင့်လည်း ဖိတ်စာတွေမှာကိုက အဖော်တစ်ယောက်ခေါ်လာနိုင်ကြောင်း ဖော်ပြထားတာလေ။ ပိုင်လန်က လူအုပ်ကြီးထဲမှာ အနုပညာရှင်တော်တော်များများကို တွေ့နေရတာကြောင့်လည်း သူလိုက်လာတာ မသင့်တော်တာမရှိဘူးလို့ သိသွားပြီ။ ဒါပေမယ့်လည်း ဧည့်သည်တော်တွေက အဖော်ခေါ်လာတဲ့အချိန်မှာ ဇနီးမယားပဲဖြစ်ဖြစ်၊ အပျော်လေးတွေပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားတွေပဲဖြစ်ဖြစ် သူတို့ကြိုက်တဲ့လူကို ခေါ်လာကြတာပါပဲ။
ဒီနေ့ရဲ့မွေးနေ့ရှင်က ရုန်အိုက်အကြီးအကဲဖြစ်တယ်။ သူက အခုချိန်မှာ ရုန်မိသားစုရဲ့သက်လတ်ပိုင်းမိသားစုဝင်တွေနဲ့အတူ ဧည့်သည်တစ်ယောက်ချင်းစီရဲ့ ဂုဏ်ပြုစကားတွေကို လက်ခံဖြေကြားနေတာ။ အစောပိုင်းတုန်းကတော့ ရုန်အိုက်က စင်ပေါ်တက်သွားပြီး ကျေးဇူးတင်စကားပြောကြားရင်း ပါတီကိုဖွင့်လှစ်ပြီးပါပြီ။ ဧည့်ခံပွဲမှာ ရုန်အိုက်ရဲ့ကျေးဇူးတင်စကားအပြင် အခြားဘယ်တစ်ဦးတစ်ယောက်မှ အမှာစကားပြောကြားတာမျိုး မရှိဘူး။ အကုန်လုံးက အရေးကြီးဧည့်သည်တော်တွေချည်းပဲဆိုတော့လည်း ဒီလူတက်ပြော၊ ဟိုလူချန်ထားလို့မှ မဖြစ်တာလေ။ ဒါကြောင့် မွေးနေ့ရှင်တစ်ယောက်ပဲ အမှာစကားပြောကြားပြီး နိုင်ငံရဲ့နံပါတ်(၁) လေကြောင်းလောကအကြီးအကဲလုပ်ငန်းရှင်တစ်ယောက်အနေနဲ့လည်း သူ့မှာအပြည့်အဝ ဒီလိုလုပ်ပိုင်ခွင့်ရှိပါတယ်။
ရုန်အိုက်က ဒီညမှာ ရွှေရောင်ရိုးရာဝတ်စုံကို ဝတ်ထားတယ်။ သူက ပိန်ပိန်ပါးပါးနဲ့အရပ်မရှည်ပေမယ့် သွက်လက်ဖျတ်လတ်ပြီး တက်ကြွလို့နေတယ်။
ပိုင်လန်နဲ့ချိုးချန်တို့ သူ့အနားရောက်လာတဲ့အချိန်မှာ ရုန်အိုက်က ဝှီးချဲပေါ်မှာထိုင်နေတဲ့ဟုန်ယွိနဲ့ စကားပြောလို့ပြီးသွားပြီ။ ဖိတ်ကြားခဲ့ဧည့်သည်တော်တွေအများကြီးကြားထဲကမှ ရုန်မိသားစုအကြီးအကဲတစ်ယောက်ကို အနားလာပြီး ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်စေရတဲ့အထိပြုလုပ်နိုင်စွမ်းရှိတဲ့ ဒီလူရဲ့ အဆင့်အတန်းကမြင့်မားလှတယ်ဆိုတာ သိပ်ကို ရှင်းရှင်းလင်းလင်းရှိလှတယ်။
ဧည့်ခံပွဲတစ်လျှောက်လုံး ပျော်ရွှင်တက်ကြွတဲ့အပြုံးလေးကိုဆင်မြန်းထားတဲ့ ရုန်အိုက်က ချိုးချန်ကိုလည်းမြင်ရော လက်တစ်ဖက်ကိုဆန့်တန်းပြီးကြိုဆိုတယ် “အိုး.. ရှောင်ချိုးပါလား၊ ကြိုဆိုပါတယ် ကြိုဆိုပါတယ်၊ လူငယ်လေးက ဒီအဘိုးကြီးရဲ့မွေးနေ့ကိုတက်လာတာဆိုတော့ ငါကိုယ်တိုင်တောင် ငယ်သွားသလိုပဲဟေ့”
ပင်လယ်ရေကြောင်းကုန်သွယ်ရေးကို ချိုးမိသားစုထိန်းချုပ်နေတဲ့အချိန်မှာ ရုန်မိသားစုကတော့ လေကြောင်းလောကကို စိုးမိုးပါတယ်။ ဟိုးရှေးရှေးပဝေသဏီကတည်းက မိသားစုနှစ်ခုက စီးပွားရေးပူးပေါင်းဆောင်ရွက်ချက်တွေ အများကြီးရှိခဲ့တာပါ။ ဒီနှစ်ပိုင်းတွေအတွင်းမှာ ချိုးချန်က ချိုးမိသားစုရဲ့ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်သူဖြစ်လာတဲ့အတွက်ကြောင့်လည်း ရုန်မိသားစုရဲ့နောက်ပိုင်းမျိုးဆက်တွေနဲ့ ထိတွေ့ဆက်ဆံရတာတွေအများကြီးရှိလာတယ်။
ချိုးချန်ကပြုံးပြီး လက်ကိုပြန်ကမ်းပေးတယ် “အကြီးအကဲရုန်ကို ဂုဏ်ပြုပါတယ်၊ သက်ရှည်ကျန်းမာပျော်ရွှင်ပါစေ”
“ဆုမွန်ကောင်းအတွက်ကျေးဇူးပဲ၊ ပြီးတော့ ပျားလိမ္မော်ခြင်းတွေအတွက်ရောနော်၊ အသီးတွေကသိပ်ကိုလတ်ဆတ်ပြီး အရမ်းကြိုက်လွန်းလို့ လက်ကတောင်မချနိုင်ဘူး” ရုန်အိုက်က ပြုံးပြုံး ပြုံးပြုံးနဲ့ပြောတယ်။ သူက ချိုးချန်ကြိုတင်ပို့ထားတဲ့လက်ဆောင်ကို အတိအကျမလွဲပြောနိုင်တယ်။ ဒီလိုမျိုးအသေးစိတ်အထိအာရုံစိုက်နိုင်တဲ့ သူ့ရဲ့စွမ်းရည်က အပြင်လူတွေနဲ့ထိတွေ့ဆက်ဆံတဲ့နေရာမှာ သိပ်ကိုကောင်းမွန်စေတာပေါ့။
“အကြီးအကဲရုန်ကြိုက်တယ်ဆိုရင်သိပ်ကောင်းတာပေါ့” ချိုးချန်ကပြုံးတယ် “ကြည့်ဘဲမကြည့်နေနဲ့ဦးနော်၊ စားပါစားဦး၊ အသီးတွေက ခန္ဓာကိုယ်အတွက်အရမ်းကောင်းတယ်၊ စားသုံးနည်းအတွက်ကိုတော့ ပိုင်လန်က အကြီးအကဲရုန်အတွက် ကောင်းကောင်းရှင်းပြပေးနိုင်တယ်ခင်ဗျ” ဒါက ပိုင်လန့်ကို စကားပြောဖို့အခွင့်အလမ်းဖွင့်ပေးလိုက်တာလေ။
“အကြီးအကဲရုန်.. မွေးနေ့မှာပျော်ရွှင်ပါစေ၊ အသီးတွေက စားတာအပြင် ရေချိုးလို့လည်းရပါတယ်၊ ပြီးတော့အခွံတွေကို လက်ဖက်ရည်ထဲထည့်သောက်မယ်ဆိုရင်လည်း ရပါတယ်၊ အစာကြေလွယ်ပြီး ချွဲသလိပ်တွေကိုလည်း သက်သာစေပါတယ်ခင်ဗျာ” လက်ဆောင်တွေအကုန်လုံးက သူကိုယ်တိုင်ရွေးထားတာကြောင့် စကားတွေပြောဖို့ ပိုင်လန်က တွေးတောစဉ်းစားနေစရာမလိုဘူး “ဒါပေမယ့် မစားခင်တစ်နာရီနဲ့ စားပြီးတစ်နာရီအတွင်းမှာတော့ နို့ထွက်ပစ္စည်းတွေ ရှောင်ပေးရပါမယ်ခင်ဗျာ”
ရုန်အိုက်ရဲ့မျက်လုံးထဲမှာ အံ့သြမှုအရိပ်အယောင်လေးဖြတ်ပြေးသွားတယ်။ လူတွေအကုန်လုံးက ဒီလိုပွဲမျိုးမှာ နာမည်ကြီးစတားတွေခေါ်လာလေ့ရှိကြတာကို သူ မြင်ဖူးပေါင်းများနေပါပြီ။ ဒါကအမျိုးသမီးတွေ သူ့ထက်ငါ ဒီဇိုင်နာလက်ကိုင်အိတ်နဲ့ ရှိုးပြချင်သလိုပဲပေါ့။ ဒါပေမယ့် ဒီပါတနာတွေအများစုက ယာယီသဘောမျိုးပဲ။ ပြီးတော့ သူတို့တွေက အရေးကြီးလူတွေနဲ့ စကားစမြည်ပြောဖို့အခွင့်အရေးလည်း မရကြရှာဘူး။ အရင်တုန်းကလည်း ချိုးချန်တစ်ယောက် စတားလေးတွေခေါ်လာလေ့ရှိပေမယ့် ဖာသိဖာသာပဲထားခဲ့တာပါ။ ဒါပေမယ့် အခုတော့…..
“သြော် ဒီလိုကိုး” အတွေးအချို့က ရုန်အိုက်ခေါင်းထဲဝင်လာရင်း သူက ပိုင်လန်ကို ပြုံးပြလိုက်တယ် “မစ္စတာပိုင်လည်း လိုက်လာတာ ကောင်းတယ် ကောင်းတယ်၊ မစ္စတာပိုင်က ကိုယ်တွေစစ်ချီကို အရမ်းဂရုစိုက်ပေးတယ်လို့ကြားပြီး ကျေးဇူးတင်ဖို့တောင် အခွင့်မရှိခဲ့ဘူး” စကားပြောပြီးတဲ့အချိန်မှာတော့ ရုန်အိုက်က ပိုင်လန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဧည့်သည်တစ်ယောက်လို ကြိုဆိုပါတယ်လို့ ဖော်ပြလိုက်လေတယ်။
ပိုင်လန်က လက်တွေကိုပြန်ဆုပ်ကိုင်လိုက်တယ် “ရပါတယ်ခင်ဗျာ ကျေးဇူးတင်စရာမလိုပါဘူး၊ ကျွန်တော်လုပ်ပေးရမှာပါ”
“လူငယ်လေးတွေ သူတို့ကြိုက်တာလုပ်နေရတာ ကောင်းတယ်၊ ဒါပေမယ့် ရွေးချယ်လိုက်ပြီဆိုရင်တော့ အကောင်းဆုံးဖြစ်အောင်လုပ်သင့်တယ်” ရုန်အိုက်က ခေါင်းတညိတ်ညိတ်နဲ့ ပြုံးတယ်။ ပြီးတော့မှ တစ်ဘက်ကိုလှည့်ပြီးမေးလိုက်လေတယ် “သားကြီး၊ စစ်ချီ ဒီနေ့မလာဘူးလား?”
ဘေးနားမှာရပ်နေတဲ့ တည်တည်တံ့တံ့မျက်နှာပိုင်ရှင်သက်လတ်ပိုင်းလူက အရှေ့တက်လာတယ် “မလာဘူး အဖေ၊ ဒီည အတန်းရှိတယ်”
“တစ်ခါတစ်လေ ဖျက်လိုက်လည်းရပါတယ်၊ ပြောလိုက် လာခဲ့လို့၊ မစ္စတာပိုင်ကို အဖော်လုပ်ပေးရအောင်” ရုန်အိုက်က သူ့သားကို ညွှန်ကြားလိုက်တယ် “ပွဲထဲမှာက လူငယ်များများစားစားရှိတာမဟုတ်ဘူး၊ မစ္စတာပိုင် မပျင်းတော့ဘူးပေါ့”
သူ ညွှန်ကြားချက်ပေးပြီးနောက်မှာတော့ သုံးလေးလှမ်းအကွာမှာရပ်နေတဲ့ ခရင်ကာလာရောင်ဝတ်စုံပိုင်ရှင်အမျိုးသမီးက စကားဝိုင်းထဲရောက်ချလာပြီး ဝင်ပြောတယ် “ဘိုးဘိုး.. ဘိုးဘိုးက မသိလို့၊ တကယ်တော့ မစ္စတာပိုင်က ရှောင်ကျန်းနဲ့လည်း ရင်းနှီးတယ်၊ အရင်တစ်ခါတုန်းကတောင် မုန့်တွေနဲ့အိမ်လာလည်သေးတာ၊ နောက်ပိုင်း ရှောင်ကျန်းက ဘာမှသိပ်မပြောပေမယ့် ကျွန်မသိတာပေါ့.. သူက မစ္စတာပိုင့်အပေါ်မှာ မှတ်မှတ်ထင်ထင်ရှိတယ်”
ဒီတစ်ကြိမ်မှာ ရုန်အိုက်က အသေအလဲအံ့သြသွားလေတယ် “အိုက်ယိုး..ရှောင်ကျန်းကိုတောင် ဖမ်းစားနိုင်တယ်ပေါ့၊ အံ့ဖွယ်ဖြစ်ရပ်ပဲ”
စကားအသွားအလာက ကလေးတွေဆီရောက်သွားတဲ့အခါ ပိုင်လန်က ချက်ချင်းကို စိတ်အေးလက်အေးဖြစ်သွားတယ် “ကျွန်တော်တို့က အိမ်နီးနားချင်းတွေပါ၊ ရှောင်ဟိုင်က ခဏခဏ ရှောင်ကျန်းနဲ့ကစားချင်တယ်လို့ ငိုယိုနေတာ၊ ဒါကြောင့် ကျွန်တော်လည်း အားနာနာနဲ့ပဲ အနှောင့်အယှက်ပေးရတယ်”
ရုန်အိုက်က နားမလည်ဖြစ်သွားတယ် “ရှောင်ဟိုင်?”
ချိုးချန်က ပြုံးပြီး ဝင်ဖြေရှင်းလေတယ် “ကျွန်တော့်သား ချိုးရှောင်ဟိုင်ပါ၊ သူက အကြီးအကဲတို့မိသားစုရုန်ကျန်းနဲ့ တစ်တန်းတည်းသူငယ်ချင်းတွေလေ”
“တိုက်ဆိုင်ချက်ကတော့ကွာ၊ ဘာလို့ ငါ့ကိုဒီအကြောင်းတွေ တစ်ယောက်မှမပြောကြတာတုန်း” ရုန်အိုက်က အံ့သြပြီး ပျော်ပါပျော်နေတယ် “တကယ့်ကိုရေစက်ပဲ၊ နောက်တစ်ခါ ငါတို့တွေအကုန်လုံး ထမင်းတစ်နပ်လောက် အတူစားကြစို့၊ ဟား..ဟား..၊ ဒီအေးတိအေးစက်မျက်နှာနဲ့ မြေးတစ်ကောင်ကို မစ္စတာပိုင်ရဲ့ဘယ်အချက်ကများ စိတ်လှုပ်ရှားစေတာလဲ သိချင်နေပြီဟေ့..”
မိသားစုအကြောင်းအရာတွေနဲ့စကားဝိုင်းက ပတ်ပတ်လည်ကလူတွေကို ပိုပြီးရင်းနှီးလာစေတယ်။ ခန့်ညားတဲ့အသံတစ်သံ ဝင်ရောက်မဖျက်ဆီးခင်အထိပေါ့။
“ဘာတွေများ ရယ်ရယ်မောမောနဲ့ပြောနေကြတာလဲ ညီလေးရှစ်?” ဒါက သက်လတ်ပိုင်းအရွယ် ခပ်ပြည့်ပြည့်လူတစ်ယောက်ပါ။ ကျက်သရေရှိစွာဝတ်စားဆင်ယင်ထားတဲ့ ထိပ်တန်းမင်းသမီးဖေးဟုန်လည်း သူ့ဘေးနားမှာယှဉ်တွဲပါလာရင်း လက်တစ်ဖက်ကို ချိတ်ထားတယ်။ နှစ်ယောက်စလုံးက အနီးကိုလျှောက်လာရင်း ပြုံးနေတာပါပဲ။
ပိုင်လန် သူ့ကိုသိတယ်။ သူက ချိုးမိသားစုနှောင်းပိုင်းမျိုးဆက်လည်းဖြစ်၊ ချိုးချန်ရဲ့တတိယအစ်ကိုကြီးလည်းဖြစ်၊ ပြိုင်ဘက်တစ်ယောက်လည်းဖြစ်တဲ့ ချိုးခိုင် ပါ။ နောက်နှစ်နည်းနည်းလောက်ကြာရင်တော့ သူက ချိုးချန်ရဲ့ရက်ရက်စက်စက်နင်းခြေခြင်းကို ခံရပြီး သတင်းတွေကလည်း ဟိုးလေးတစ်ကြော်ကြော်ဖြစ်သွားမှာ။
ချိုးခိုင်က အထက်တန်းလွှာတို့ရဲ့ ရည်မွန်လှတဲ့အပြုအမူလေးနဲ့ပြောပါတယ် “ဒီလိုပွဲမှာ မွေးနေ့ရှင်ရဲ့အချိန်တွေအကုန်လုံးကို အပိုင်စီးထားတာတော့ မကောင်းဘူးထင်တယ်နော်၊ ငါက မင်းရဲ့အစ်ကိုကြီးဆိုတော့လည်း သတိပေးဖို့ ဝတ္တရားရှိတာမို့လေ၊ ဒါမှမဟုတ်ရင် အပြင်လူတွေက ငါတို့ချိုးမိသားစုကို ကောင်းကောင်းမသွန်သင်ထားဘူးလို့ တွေးကြမှာစိုးလို့ပါ”
ချိုးချန်မျက်နှာပေါ်က အပြုံးတွေကတော့ ပျောက်မသွားပေမယ့် မျက်လုံးတွေကတော့ သိသိသာသာကြီးကို အေးစက်လာတယ်။ ချိုးခိုင်ပြောပုံဆိုပုံက ချိုးချန်ကို ကောင်းကောင်းမကြီးပြင်းလာရဘူးလို့ လူတကာကိုသိစေချင်တာ။
ဒီနေရာမှာ ချိုးချန်ရဲ့အဖေ ချိုးအန်းရှင့်အကြောင်းပြောကြကြေးဆိုရင် သူက သွင်းကုန်ပို့ကုန်လုပ်ငန်းတွေနဲ့လောင်းကစားလုပ်ငန်းတွေရဲ့ဆရာတစ်ဆူ ဆိုတာအပြင် နောက်ထပ်သတိပြုမိစရာအောင်မြင်မှုတစ်ခုက မိန်းမလေးယောက်ကို တရားဝင်ပေါ်ပေါ်ထင်ထင်ယူထားတာပဲ။ နောက်ပြီး ချိုးချန်တောင်မှ အဲဒိမိန်းမလေးယောက်ရဲ့သား မဟုတ်ဘဲ အပြင်ဘက်မှာ မျိုးစေ့ကျရာအပင်ပေါက်လာတဲ့ အပင်ရိုင်းလေးတစ်ပင်ဖြစ်တယ်။ သူက လူလူသူသူအရွယ်ရောက်လာတော့မှပဲ မိသားစုအဖြစ် အသိအမှတ်ပြုခံရတာ။ ဒီမိသားစုကြီးရဲ့သပွတ်အူအရှုပ်တော်ပုံဟာဆိုရင်ဖြင့် တစ်ထောင့်တစ်ညပုံပြင်တွေလို နိုင်ငံတွင်းမှာ လူသိများကျော်ကြားလှပါတယ်။
ဒါကြောင့် ချိုးချန်က မကွယ်ဝှက်ထားဘဲ ပေါ့ပေါ့ပါးပါးလေးပဲ ပြောလိုက်တယ် “မွေးဖို့တော့ သတိရပြီး ပျိုးထောင်ဖို့တော့ မေ့သွားတယ်တူပါရဲ့၊ ကျွန်တော်တို့အိမ်ကအဖေက အရမ်းအလုပ်များတာလေ”
ဒီစကားအနည်းငယ်က ချိုးခိုင်ကို “အိမ်တွင်းကမီး အပြင်ထုတ်သူ” ဖြစ်သွားစေတာပေါ့။
ချိုးခိုင်မျက်နှာက အေးခဲသွားတာပဲ။ သူက လည်ချောင်းရှင်းသလိုချောင်းဟန့်လိုက်ပြီးမှ မွေးနေ့ရှင်ရုန်အိုက်ကို ဂါရဝပြုဖို့ တစ်ဘက်ကိုလှည့်လိုက်တယ် “အကြီးအကဲရုန့်ကို ရယ်စေမိတာ တောင်းပန်ပါတယ်၊ ကျွန်တော်က ချိုးမိသားစုတတိယသားချိုးခိုင်ပါ၊ ဒီနေ့ ကျွန်တော်က အဖေ့ကိုယ်စားလာရောက်ခြင်းဖြစ်ပါတယ်ခင်ဗျာ၊ အကြီးအကဲရဲ့ကံကောင်းမှုတွေက အရှေ့ပင်လယ်ကြီးလိုကျယ်ပြောပြီး မြောက်ဘက်တောင်တန်းတွေလို အဓွန့်ရှည်တည်တံ့ပါစေ၊ ကျွန်တော်က အဖေ့နားမှာ အချိန်အကြာကြီးအဖော်ပြုရင်းသင်ယူလာရတော့ အကြီးအကဲရုန်ရဲ့အောင်မြင်မှုတွေအကြောင်း အဖေပြောတာကြားပြီး လေးစားနေရတာပါ၊ ဒီတစ်ကြိမ်လည်း အကြီးအကဲဆီက အများကြီးသင်ယူနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်ခင်ဗျာ”
ရုန်အိုက်ကတော့ ပြုံးမြဲပြုံးဆဲပါပဲ။ ချိုးခိုင်ရဲ့လက်တွေကိုလည်း ဆုပ်ကိုင်ပြီး နှုတ်ဆက်လိုက်တယ် “ဒါဆို မင်းက ချိုးမိသားစုက နောက်ထပ်အမျိုးကောင်းသားလေးတစ်ယောက်ပေါ့၊ ကြိုဆိုပါတယ် ကြိုဆိုပါတယ်”
ချိုးခိုင်က သူ့လက်ကိုကိုင်ကာ (၇၅)ဒီဂရီ ကိုယ်ကိုကိုင်းပြီး ဦးညွှတ်တယ်။ ရိုသေလေးစားပြီးနှိမ့်ချတဲ့အမူအရာတွေနဲ့လေ။
ဒါပေမယ့် ရုန်အိုက်ကတော့ လက်ကလေးပြန်သိမ်းဖို့အခွင့်လေးတောင် မရသေးဘူး၊ နောက်ထပ်ကျောက်စိမ်းလိုလက်တစ်ဖက်က ဆန့်တန်းပေးလာပြန်တယ်။
ပိုင်ရှင်က အလှဆုံးပြုံးထားတဲ့ဖေးဟုန်ပါ “ကျွန်မက ဖေးဟုန်လို့ခေါ်ပါတယ်ရှင်၊ အကြီးအကဲမွေးနေ့မှာ ပျော်ရွှင်ပါစေ၊ နေလိုလလိုထွန်းတောက်ပြီး သက်ရှည်ကျန်းမာပါစေလို့ ဆုတောင်းပါတယ်ရှင်”
သူမရဲ့စကားတွေက ယဉ်ကျေးချိုသာပြီး အနောက်တိုင်းယဉ်ကျေးမှုမှာလည်း အမျိုးသမီးတစ်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်ကြပေမယ့် အခုဒီမှာရှိတဲ့လူတွေကတော့ ရှေးရိုးစွဲလူအိုကြီးတွေပါ။ ပတ်ပတ်လည်ကလူတွေရဲ့မျက်လုံးထဲမှာတော့ ဖေးဟုန်ရဲ့အပြုအမူတွေကို အနေအထိုင်မတတ်ဘူးလို့ မြင်ကုန်ကြပါပြီ။
သားအကြီးဆုံးရုန်ဟယ်က ရှေ့ကိုထွက်လာပြီး လက်တစ်ဖက်ပြန်ကမ်းပေးလိုက်တယ် “ကြိုဆိုပါတယ်၊ မစ္စဖေးရဲ့နာမည်ကို ကြားဖူးနေတာကြာပါပြီ”
ချီးကျူးခံလိုက်ရသလိုစကားတွေကြောင့် ဖေးဟုန်ရဲ့မျက်နှာမှာ ဝမ်းသာရိပ်တွေဖြတ်ပြေးသွားတယ်။ သူမက ခပ်မြန်မြန်ပဲ အစောတုန်းက ကသိကအောက်အခြေအနေကိုမေ့သွားတယ်။
လက်ဆွဲနှုတ်ဆက်တာပြီးဆုံးသွားပြီး ပတ်ဝန်းကျင်က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဒါပေမယ့် ချိုးခိုင်တစ်ယောက်ကတော့ အခြေအနေကိုနားလည်ပုံမရဘဲ ဘာတွေဖြစ်သွားမှန်းတောင် သိလိုက်ပုံမရဘူး။ သူ အခြားတစ်နေရာကို စူးစိုက်ကြည့်နေပြီး ရှေ့မှာဘာဖြစ်နေလဲတောင် မသိလိုက်ဘူး။ ဒါကိုမြင်တဲ့ ရုန်အိုက်က အပြုံးလေးတွေ လျော့ပါးသွားလေတယ်။ ဒီအချိန်မှာ ချိုးချန်ကလည်း သူ့အစ်ကိုနဲ့အချိန်ဖြုန်းချင်ပုံမရတာကြောင့် မွေးနေ့ရှင်ကို နှုတ်ဆက်လိုက်တယ်။ ရုန်အိုက်ကလည်း ပြန်ပြီး ချိုးချန်ကို ပျော်ရွှင်ပါစေကြောင်းပြန်ပြောရင်း ပိုင်လန့်လက်ကိုဆွဲလမ်းလျှောက်ထွက်သွားတဲ့ချိုးချန်ကိုသာ ငေးကြည့်နေမိတော့တယ်။
လှည့်ထွက်သွားကြတဲ့နောက်ကျောတစ်စုံက ဖြောင့်တန်းပြီးကျက်သရေရှိလှတယ်။ ရှိန်လည်း ရှိန်မနေဘူး၊ မော်မော်ကြွားကြွားလည်း ဖြစ်မနေဘူး။ လှုပ်ရှားမှုတွေက သဘာဝအတိုင်းလိုက်လျောညီထွေပါပဲ။ ရုန်အိုက်က သက်ပြင်းတစ်ချက်ကိုချပါတယ်။ ယောကျ်ားနှစ်ယောက်အတူရှိခြင်းက ရိုးရာဓလေ့ကိုဆန့်ကျင်တာမှန်ပါတယ်၊ ဒါပေမယ့် သူ့မျက်စိရှေ့က ယောကျ်ားမိန်းမအတွဲထက်စာရင်တော့ သူတို့ကိုကြည့်ရတာ ပိုပြီးသက်တောင့်သက်သာရှိလှတယ်။
အချိန်သိပ်မကြာလိုက်ပါဘူး၊ အနောက်တိုင်းဝတ်စုံလေးနဲ့ရုန်စစ်ချီက ဧည့်ခံပွဲထဲရောက်လာပြီး ဧည့်သည်တွေကို နှုတ်ဆက်နေတယ်။
အခုချိန်မှာ အပြင်လောကသားအနည်းငယ်လောက်ကပဲ ရုန်စစ်ချီနဲ့ရုန်မိသားစုပတ်သက်မှုကိုသိကြတာ။ ရုန်မိသားစုတက်ရောက်တဲ့ ပွဲတိုင်းပွဲတိုင်းမှာ ရုန်စစ်ချီရောက်လာလေ့မရှိဘူးလေ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူလာတယ်။ ရုန်စစ်ချီက သူ့အဘိုးရုန်အိုက်ကို ခဏလောက်စကားပြောပြီးတာနဲ့ ပိုင်လန့်ဆီ ချက်ချင်းတန်းပြေးသွားတာကို အခန်းထဲကလူတွေရဲ့တစ်ဝက်လောက်က မြင်လိုက်ရလေတယ်။
“ဟယ်လို အစ်ကိုလန်” ရုန်စစ်ချီက တွေ့တွေ့ချင်းနှုတ်ဆက်တယ် “ဆောရီး ကျွန်တော်နောက်ကျသွားတယ်”
အသီးတစ်ပန်းကန်ကိုင်ထားတဲ့ပိုင်လန်က ပြန်ပြုံးပြတယ် “အစ်ကိုက အားနာရမှာ၊ မင်းကို ဒီကိုလာခိုင်းသလိုဖြစ်သွားတယ်၊ စားပြီးပြီလား?”
ရုန်စစ်ချီက ပွင့်ပွင့်လင်းလင်းပဲ ခေါင်းခါပြလိုက်တယ် “မစားရသေးဘူး”
အခုချိန်က ည(၇)နာရီ (၈)နာရီလောက်တောင် ရှိနေပြီ။
ပိုင်လန်က သိချင်စိတ်တွေနဲ့မေးလိုက်တယ် “မင်း အတန်းတက်နေတယ်ဆို၊ ဘာအတန်းလဲ?”
စိတ်ရှုပ်ထွေးတဲ့အမူအရာက ရုန်စစ်ချီမျက်နှာပေါ်မှာ ပေါ်လာတယ် “အင်္ဂလိပ်စာ”
“ခက်လား?”
ရုန်စစ်ချီက မှုန်ကုတ်ကုတ်နဲ့ခေါင်းညိတ်လိုက်လေရဲ့။
ပိုင်လန်က ရယ်ချင်သွားတာပဲ။ သူက စာသင်နည်းလမ်းလေးတွေ မျှဝေပေးချင်ပေမယ့်လည်း ပါးစပ်ထဲပြည့်နေတဲ့ အနက်ရောင်ချယ်ရီသီးကြီးကြောင့် ဟမရပြုမရဖြစ်နေတယ်။
ဒီအချိန်မှာ ဘယ်ဆီနေမှန်းမသိတဲ့ချိုးချန်က သူ့ဘေးနားကိုရောက်လာတယ်။ သူ့ပန်းကန်ထဲမှာလည်း အသားတွေနဲ့ပြည့်လျှံနေတာပဲ။ သူက မျက်ခုံးပင့်ကြည့်ပြီးပြောလိုက်လေတယ် “စားပြီးမှ ပြောကြ၊ ဘာတွေလောနေတာလဲ?”
ပိုင်လန်ကတော့ အကူအညီလိုနေပြီ။ ပါးစပ်ထဲက ချယ်ရီသီးကြောင့်လည်း စကားပြောရခက်နေတယ်။ ဒါကြောင့် သူတို့ထိုင်မယ့်ထိုင်ခုံကိုသာ ရုန်စစ်ချီကို လက်ညှိုးညွှန်လိုက်ရတယ်။
ပိုင်လန်တစ်ယောက် အရှေ့ကနေလျှောက်သွားတဲ့အချိန်မှာ ချိုးချန်က ရုန်စစ်ချီကိုကြည့်ပြီး အသိပေးချင်တဲ့အမူအရာနဲ့ပြောလေတယ် “စကားပြောတာပဲဆိုရင်တော့ အိုကေတယ်၊ ဒါပေမယ့် မင်းသိဖို့က ပိုင်လန့်မှာ ချစ်သူရှိပြီးသား” သူက နှစ်ကုန်ပါတီပွဲတုန်းက ပိုင်လန်နဲ့ရုန်စစ်ချီ တစ်ညလုံးအဖော်ပြုရင်းစကားပြောနေကြတာကို မကျေမနပ် ဖြစ်နေသေးတာ။ ဒါပေမယ့် ဒေါသခြောင်းခြောင်းထွက်ရလောက်အောင်တော့ မဟုတ်သေးဘူး။
ဒါပေမယ့် မျှော်လင့်မထားတာက ရုန်စစ်ချီက သူ့ကိုတည့်တည့်ကြည့်ပြီး မကြောက်မရွံ့စကားပြန်ပြောလာမှာကိုပဲ “အစ်မဖန်းပြောတာက… အစ်ကိုလန်က ခင်ဗျားဆီမှာ အကြွေးတင်နေတယ်တဲ့၊ ဘယ်လောက်လဲ?”
ချိုးချန်ရဲ့မျက်ခုံးတွေက ပိုလို့တောင်မြင့်တက်သွားတယ် “ဘာလို့ သိချင်တာလဲ?”
“သူ့အစား ကျွန်တော်ပြန်ဆပ်ပေးမလို့လေ”
“မင်းက သူ့အစားပြန်ဆပ်ပေးမယ်?” ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းလိုက်တယ်။ ဒီကလေးကို သူလျော့တွက်မိပါတယ် “ပြီးတော့..?”
ရုန်စစ်ချီက ခဏလောက်တော့ တိတ်ဆိတ်နေပြီးမှ ဆက်ပြောတယ် “ပြီးတော့.. အစ်ကိုလန်က ကျွန်တော့်ကို ဖြည်းဖြည်းချင်းပြန်ပေးမှာပေါ့”
ချိုးချန်က ဝါးလုံးကွဲတဟားဟား ထရယ်တာပေါ့။ ဒီကောင်လေးကို ပိုင်လန်ဘာကြောင့်နှစ်သက်လဲဆိုတာ အခုတော့သူ နားလည်သွားပါပြီ။
“အိုကေ ညီလေး.. မင်း သွားပြီး စားစရာရှိတာစား၊ များများစား၊ မြန်မြန်ကြီးလာအောင်လို့”
ရုန်စစ်ချီက နားမလည်ဘူး။ သူက မျက်မှောင်ကြုံ့လိုက်တယ် “ခင်ဗျား ကျွန်တော့်မေးတာပြန်မဖြေသေးဘူး”
ချိုးချန်က ရယ်မြူးရိပ်တွေနဲ့ပြန်ဖြေပါတယ် “သူ ကိုယ့်ဆီမှာ အကြွေးတင်နေတာ ပိုက်ဆံမဟုတ်ဘူး၊ တစ်ခြားဟာ...” ပြီးတော့မှ ပန်းကန်ကိုကိုင်ပြီး ထွက်သွားတယ်။
သူတို့ရဲ့ဖြစ်ပျက်နေတဲ့ အမူအရာတစ်ခုချင်းဆီက အခန်းတစ်ဘက်မှာ မတ်တပ်ရပ်ကြည့်နေတဲ့ စုချွမ်ရဲ့မျက်လုံးတွေဆီကနေ ဘယ်တစ်ချက်မှ လွတ်မထွက်သွားခဲ့ပါဘူး။
………………….