(23) လေဆိပ်ထဲကဓါတ်ပုံတွေ
Viewers 62k

(23) လေဆိပ်ထဲကဓါတ်ပုံတွေ

ချိုးချန်က ရုတ်တရက်ကြီး ပိုင်လန်ရဲ့တင်ပါးဖောင်းဖောင်းကို ရိုက်ချလိုက်တယ် “ဟိုဘက်လှည့်၊ နောက်ကျောကို လိမ်းရဦးမယ်”

ပိုင်လန်က ကြောင်တောင်တောင်ဖြစ်နေဆဲပါပဲ။ ပြီးတော့မှ တဖြည်းဖြည်းချင်း လှိမ့်လိုက်တယ်။ စက္ကန့်အနည်းငယ်လောက်စဉ်းစားပြီး ခဏနေမှ ပိုင်လန့်နှုတ်ခမ်းတွေက ပွင့်လာတယ် “ဖုန်းပိတ်ထားတာက အမှန်က တကယ်တော့…..” 

ဒါပေမယ့် ပြီးအောင်မပြောရသေးဘူး၊ ချိုးချန်က သူ့ခါးကို ခပ်ကြမ်းကြမ်းဆွဲညှစ်ပစ်လိုက်တယ်။ 

“မှားပြန်ပြီ!” ချိုးချန်က မျက်လုံးတွေကိုမှေးကျဉ်းပြီးပြောတယ် “အခုချိန်မှာ မင်းဖြေရမှာ နှစ်မျိုးပဲရှိတယ် … နံပါတ်(၁) ‘အိုကေ. တွဲကြစို့’ ၊ နံပါတ်(၂) ‘စိတ်ပျက်လိုက်တာ.. ပိုက်ဆံတွေထားခဲ့ပြီးထွက်သွား’ ၊ ကဲပြော.. နှစ်မျိုးတည်းက ဘာကိုရွေးမှာလဲ?”

ပိုင်လန်က တိတ်ဆိတ်နေတယ်။

ဒီမေးခွန်းက ရုတ်တရက်ကြီး ချောင်ပိတ်မေးသလို တဲ့တိုးဆန်လွန်းတယ်။ ပြီးတော့ မဖြေမနေရမေးခွန်းတွေလို ယောင်ဝါးဝါးလုပ်တာကိုလည်း လက်မခံဘူး။

ချိုးချန်က အနားကိုကပ်လာပြီး ခြိမ်းခြောက်တဲ့အငွေ့အသက်တွေနဲ့ ပိုင်လန့်နားရွက်တွေကို လျက်လိုက်တယ်။ 

“တစ်ခါပဲ ဖြေခွင့်ရှိမယ်လို့ သတိပေးရဦးမလား၊ ရွေးတာမှားရင် နောက်တစ်ခါအခွင့်အရေးမရဘူး”

ပိုင်လန်က ချိုးချန်မျက်ဝန်းတွေကိုကြည့်နေရင်း သတိပေးခေါင်းလောင်းသံတွေပါ ကြားလိုက်ရသလိုပဲ။ သူ အားကိုးရာမဲ့သာ ရယ်လိုက်ချင်တော့တယ်။

ခင်ဗျားက ကျွန်တော့်ကို ဒီလိုရွေးစေချင်မှတော့ ကျွန်တော်က တစ်ခြားတစ်မျိုးဖြေလို့ရပါတော့မလား?

အတွေးထဲနစ်နေတဲ့ပိုင်လန်က သူ့ကိုယ်သူ တိတ်တိတ်လေးဝန်ခံမိတယ်၊ သူတို့အတူနေတဲ့အတောတွင်း သူ့နှလုံးသားလေး လှုပ်ရှားခဲ့မိတာကိုလေ။

ဖြစ်နိုင်တာက ပြန်လည်မွေးဖွားလာပြီးနောက်သူ့နေ့ရက်တွေက တအားအထီးကျန်လွန်းလို့ ဖြစ်ပါလိမ့်မယ်။

ရုတ်တရက်ပဲ လွန်ခဲ့တဲ့ဆယ်နှစ်ကို ပြန်ရောက်သွားပြီး သူ့ဘေးနားက ရင်းနှီးတယ်လို့ထင်မိခဲ့တဲ့လူတွေက အခုပြန်ကြည့်လိုက်တော့ သူစိမ်းတွေလိုပဲ။ နောက်ပြီး ပိုင်မိသားစုနဲ့အဖြစ်အပျက်တွေကလည်း သူ့နှလုံးသားကို အများကြီးနာကျင်စေခဲ့သေးတယ်။

ဒါကြောင့် ချိုးချန်နဲ့အတူနေပြီးနောက်မှာ သဘာဝကျကျပဲ ခံစားချက်တွေ ပုံအောပေးမိခဲ့တာဖြစ်လိမ့်မယ်။ ဒါကို မိတ်ဆွေသူငယ်ချင်းသံယောဇဉ်လို့ပဲ အမည်တပ်တပ်၊ ကျေးဇူးတရားပဲဆိုဆို၊ ဒါမှမဟုတ် တခြားအမည်မသိခံစားချက်တစ်ခုခုပဲပြောပြော ပိုင်လန့်အတွက် အရေးမကြီးပါဘူး။ နောက်ထပ်ပြီး လူတစ်ယောက်ရဲ့နှလုံးသားကိုပျော့ပျောင်းစေတဲ့ ချိုးရှောင်ဟိုင်ရဲ့ရင်းနှီးနွေးထွေးမှုလေးတွေ…. အဖော်ပြုထားတဲ့ သူ့နေ့ရက်တွေသာ အမြဲတမ်းဒီအတိုင်းပဲဖြစ်နေခဲ့မယ်ဆိုရင် သိပ်ကောင်းမှာပဲလို့ ပိုင်လန်က တွေးခဲ့မိတာပေါ့။

ဒါကြောင့်ပဲ ချိုးချန်က ချိုးရှောင်ဟိုင်ကိုခေါ်ပြီး နှစ်သစ်ကူးအိမ်ပြန်သွားတဲ့အခါ အေးစက်ပြီးဟာလာဟင်းလင်းကျန်ခဲ့တဲ့ တိုက်ခန်းထဲမှာ ပိုင်လန်တစ်ယောက်တည်း ရက်စက်ပြီးကြောက်စရာကောင်းလှတဲ့အမှန်တရားကို နောက်တစ်ကြိမ်တွေ့ကြုံလိုက်ရပြန်တယ်။

နွေးထွေးပြီးငြိမ်းချမ်းတဲ့ဘဝ.. ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲ။ သဲကန္တာရထဲက အိုအေစစ်လိုပေါ့။ လှပတဲ့ တံလျှပ်တစ်ခုပါပဲ။ 

ယာချီရဲ့ပြောစကားတွေ.. သူ့စကားတွေက ဒေါသအလျောက်ထွက်သွားတာလည်း မဟုတ်ဘူး၊ အခြေအနေကိုလက်မခံနိုင်လို့ သွေးရူးသွေးတန်းလျှောက်ပြောတာလည်း မဟုတ်ဘူး၊ ဒီစကားတွေကြားထဲမှာ အမှန်တရားတွေတစ်ချို့တစ်ဝက်ပါဝင်မှန်းလည်း ပိုင်လန်သိပါတယ်။

အရင်ဘဝရဲ့ချိုးချန်က ဒီစကားတွေအတွက်သက်သေပဲလေ။ ချိုးချန်က ဘဝတစ်လျှောက်လုံးမှာ ကောလဟလဖြစ်စရာလက်တွဲဖော်လေးတွေ အများကြီးရှိခဲ့ဖူးတယ်။ အကုန်လုံးက နာမည်ကြီးဖို့တာစူနေတဲ့ တက်သစ်စအနုပညာရှင်လေးတွေပါ။ တစ်ယောက်တစ်ယောက်ပြောင်းတဲ့ကြာချိန်က မြန်လည်းမမြန်ဘူး၊ နှေးတယ်လည်း မခေါ်ဘူး။ တစ်ယောက်ကို တစ်နှစ် နှစ်နှစ် ပတ်လည်လောက် သွားနေတာပါပဲ။

ချိုးချန်ကြောင့် နာမည်ကြီးလာတဲ့စတားတွေအကုန်လုံးကိုလည်း သူတို့ဖန်တွေသာ မသိရင်ရှိမယ်၊ အနုပညာလောကထဲကလူတွေကတော့ ရှင်းရှင်းလင်းလင်းသိကြတယ်။

ချိုးချန် ဒီလိုအတည်တကျမရှိရတဲ့အကြောင်းရင်းက ယာချီပြောသလို စုချွမ်ကြောင့်လားတော့ ပိုင်လန်လည်း သေချာမသိဘူး။ 

ဒါပေမယ့် အမှန်တကယ်တော့လည်း ဒါကအရေးမကြီးပြန်ပါဘူး၊ တကယ်အရေးကြီးတာက တစ်နှစ် နှစ်နှစ် အတောတွင်းမှာ သူတို့နှစ်ယောက်ဆက်ဆံရေးက အဆုံးသတ်သွားမှာပဲ၊ လမ်းဟောင်းကြီးလမ်းစဉ်လိုက်ပြီး ရှေ့လူတွေအတိုင်း ပြီးဆုံးသွားမှာပဲ။

သမိုင်းတစ်ပတ်ပြန်လည်သလိုပေါ့။

တစ်နေ့နေ့ ထွက်သွားချိန်တန်လို့ လက်လွှတ်ရပြီဆိုရင် ကိုယ်တစ်ယောက်တည်းရပ်တည်ရမယ်ဆိုတာ ပိုင်လန်မမေ့ချင်ပါဘူး။

ဒါကြောင့် ပိုင်လန်တစ်ယောက် ဖုန်းပိတ်လိုက်တဲ့တဒင်္ဂမှာပဲ ဆုံးဖြတ်ချက်ချခဲ့တယ်။ တစ်ယောက်တည်းအထီးကျန်ခဲ့တဲ့နေ့ရက်တွေမှာ သူ့စိတ်ထဲ ခိုင်ခိုင်မာမာဆုံးဖြတ်လိုက်တာက နှလုံးသားပတ်ပတ်လည်မှာ ထူထဲတဲ့အကာအရံတွေ ပိန်းပိတ်အောင်ချထားလိုက်ဖို့ပါပဲ။

ဒါတွေကြောင့်ပဲ အခုချိန်မှာ ချိုးချန်တစ်ယောက် သူ မမျှော်လင့်ထားတဲ့စကားတွေပြောလာပြီး ဒီလိုရွေးချယ်မှုမျိုးပေးလာတဲ့အခါ သူဖြေဖို့ရာတွန့်ဆုတ်နေခဲ့မိတာပေါ့………..

အိုကေလေ…. ဘာပဲဖြစ်ဖြစ်ပါ ချိုးချန်က သူ့ထောက်ပံ့သူ၊ သူတို့တွေ အတူအိပ်လာတာလည်း အချိန်အတော်ကြာနေပြီ.. သူ့မှာ ချိုးချန်ကို လိမ်ပြီးဖြေစရာအကြောင်းမရှိပါဘူး။

ကောင်းပါပြီ.. ချိုးချန်ရဲ့စကားတွေကို အတည်လို့ပဲ ယူဆပြီး ဖြေပါ့မယ်…

သူ့နှလုံးသားထဲမှာ အတူနေသံယောဇဉ်နည်းနည်းရယ်၊ ကျေးဇူးတင်တဲ့စိတ်တစ်ချို့တစ်ဝက်ရယ်၊ အမည်မသိခံစားချက်တစ်စုံတစ်ရာရယ် ရှိပါတယ်။

ပိုင်လန်က ခေါင်းညိမ့်လိုက်ချင်တဲ့သူ့ဆန္ဒတွေကို ခက်ခက်ခဲခဲထိန်းချုပ်နေရတယ်။ အဖြစ်အပျက်တွေအားလုံးက အဆုံးသတ်မှာ ပုံရိပ်ယောင်တွေပဲကျန်ခဲ့မှာကို သူသိပ်ကိုစိုးရိမ်တာ။ 

ဒါပေမယ့်.. အနည်းဆုံးတော့ လမ်းခွဲမှာဘာပဲဖြစ်ဖြစ် အခုချိန်ဘာမှမရှိတာထက်စာရင် ပိုကောင်းမယ်မလား…

ပိုင်လန်က မျက်လုံးတွေကိုပိတ်လိုက်တယ်။ သူ့နှလုံးသားထဲမှာတော့ ရှုပ်ထွေးမှုတွေနဲ့လွန်ဆွဲနေတုန်းပါပဲ။ သူက သက်ပြင်းချတယ်။

“အိုကေ.. တွဲကြစို့”

သူ့ကိုအကဲခတ်နေတဲ့ ချိုးချန်ရဲ့အကြည့်တွေက စူးရဲသွားတာပဲ။ ပြီးတော့ သူ့တစ်ကိုယ်လုံးနဲ့ ပိုင်လန့်ကိုတက်ဖိရင်း နှုတ်ခမ်းတွေကိုဆွဲယူကာ အကြိတ်အနယ် ပြင်းပြင်းပြပြနမ်းလေတယ်။

ပိုင်လန်ကတော့ မျက်ဝန်းတွေကိုပိတ်ထားဆဲပါပဲ၊ နောက်ပြီးအပြည့်အဝလည်း ပူးပေါင်းပါဝင်တယ်။ သူ့လက်တွေကချိုးချန်ပုခုံးပေါ်မှာချိတ်တွဲထားတယ်။

ချိုးချန်က သူ့ကို ကျေနပ်တဲ့ညီးညူသံတွေပြန်ပေးရင်း ဆုချတယ်။ ခန္ဓာကိုယ်တစ်ခုလုံးနဲ့လည်း ပိုင်လန့်ကိုဖိထားရင်း ပိုင်လန်ရဲ့ပေါင်နှစ်ဖက်ကြားကိုလည်း ခြယ်လှယ်ဖို့ကြိုးစားတယ်။

ဒီအချိန်မှာကွက်တိပါပဲ.. မကျေမနပ်အသံလေးတစ်ခုက မနီးမဝေးကနေ စူစူအောင့်အောင့်ထွက်လာတယ်။ 

“ဖေဖေ! ဘာလို့ အားပိုင်ကိုဖိထားတာလဲ! အားပိုင်အရိုးတွေကျိုးကုန်တော့မယ်!”

ချိုးရှောင်ဟိုင်က သဲတစ်ဆုပ်နဲ့လှမ်းပေါက်လိုက်ပြီး စိတ်ပျက်လက်ပျက်နဲ့ခြေထောက်ကိုဆောင့်နေတယ်။ 

***

ချိုးရှောင်ဟိုင်ဘာတွေဘယ်လိုထိမြင်သွားမှန်း ပိုင်လန်တကယ့်ကိုမသိချင်ဘူး။ ဒါကြောင့် မျက်နှာနီနီနဲ့ပဲ ကုန်းထပြီး ချိုးရှောင်ဟိုင်နဲ့ဆော့ဖို့ရေထဲဆင်းသွားတယ်။ ကမ်းခြေမှာခဏလောက်ဆော့ပြီးတဲ့အချိန်မှာတော့ ချိုးရှောင်ဟိုင်က ပိုင်လန်နဲ့ပဲဖြစ်ဖြစ် ချိုးချန်နဲ့ပဲဖြစ်ဖြစ် ရေချိုးဖို့အချိန်ရောက်လာပါပြီ။ ရေချိုးပြီးတော့မှ သူတို့က ကိုယ်ပိုင်ဗီလာပေါ်မှာ သက်သောင့်သက်သာရှိရှိ သီးသန့်ပင်လယ်စာဘူဖေးစားကြမှာ။ 

မတိုင်မီမှာ ချိုးချန်မျှော်လင့်တာက သူတို့သုံးယောက်အတူတူရေချိုးဖို့လေ၊ ရည်ရွယ်ချက်ပြောဆိုရင်တော့ သုံးယောက်ကြားက ခံစားချက်တွေတိုးပွားလာအောင်ပေါ့။ ဒါပေမယ့် သူက ရေချိုးခန်းထဲ လိုက်ဝင်မယ်ဆိုပြီး ခြေတစ်လှမ်းတောင် မဝင်ရသေးဘူး၊ ဖုန်းကထမြည်လာတယ်။  

“ရှင် မနက်ဖြန် တရုတ်ပြည်ပြန်လာမှာ မဟုတ်လား” ဖန်းဟွာရဲ့အသံက ချက်ချင်းပဲထွက်လာတယ်။

“မနက်ဖြန်ည ပြန်လာမယ်၊ ဒါနဲ့..အကုန်လုံးဖြေရှင်းပြီးပြီလား” ချိုးချန်က ဖုန်းဖြေရင်း သူ့မျက်စိရှေ့က ပိတ်ထားတဲ့ရေချိုးခန်းတံခါးကို ကြေကြေကွဲကွဲစိုက်ကြည့်တယ်။

“အကုန်လုံး ရှင်းပြီးပြီ” ဖန်းဟွာက ချက်ချင်းပဲ ကွန်ပလိန်းထပ်တက်တယ် “ဒါပေမယ့် ကျွန်မ ရှင့်ကို တောင်းဆိုတာပါ၊ နောက်တစ်ခါဒီလိုလုပ်မယ်ဆို ကျွန်မကိုအရင် အသိပေးလို့ ရမလား၊ ရှင် မစီစဉ်ချင်ဘူးဆိုရင်လည်း ကျွန်မပဲ အကုန်လုပ်ပေးမယ်! အခုက နှစ်သစ်ကူးအချိန်နော်၊ ဘာလို့များ ပိုင်လန်နဲ့လေဆိပ်ကိုသွားပြီးတော့ ပွဲလုပ်ချင်နေရတာတုန်း! အကုန်လုံးက မိုဘိုင်းဖုန်းတွေနဲ့၊ ရှင့်ကိုရှင် ကံကောင်းတယ်များ မှတ်နေလား?”

ချိုးချန်က ခပ်ဟဟ ထရယ်တယ် “မိုဘိုင်းဖုန်းရှိတော့ ဘာဖြစ်လဲ၊ သူတို့တွေဓါတ်ပုံမရိုက်ကြမှာတောင် စိုးရိမ်နေတာ”

“….ဟင်.. ဒါဆိုလဲ ဘာဖြစ်လို့ မီဒီယာတွေကို လိုက်ရှင်းခိုင်းနေသေးလဲ?!” ဖန်းဟွာရဲ့အသံက တအားကြီးထိုးတက်သွားတယ်။ 

“ကြိုတင်ကာကွယ်ထားတာပါ” ချိုးချန်က စိတ်ကောင်းဝင်နေတာကြောင့် ဖန်းဟွာကိုရှင်းပြနေတယ် “ကိုယ့်ရဲ့အချစ်ဇာတ်လမ်းကို တစ်သက်လုံးဖုံးကွယ်ထားဖို့ စိတ်ကူးမရှိဘူး၊ ဒါကြောင့် အခုချိန်ကစပြီး ပိုင်လန်နဲ့ကိုယ့်ရဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တဖြည်းဖြည်းချင်း လူတွေကို ကျင့်သားရလာအောင်လုပ်ပေးရမယ်၊ ဒါမှ နောက်ပိုင်းသိသွားကြရင် ပိုင်လန့်အပေါ်သက်ရောက်တာ နည်းသွားမှာ”

ဖုန်းတစ်ဘက်ခြမ်းကဖန်းဟွာက တိတ်ဆိတ်သွားတယ်။ ပြီးတော့မှ မယုံနိုင်သလို ဇဝေဇဝါနဲ့ မေးလိုက်ရတာပေါ့ “ဘာပြောလိုက်တယ်? ဘယ်သူနဲ့အချစ်ရေး?”

“ပိုင်လန်အပြင် ဘယ်သူရှိသေးလို့လဲ?” ချိုးချန်က ပျော်ပျော်ရွှင်ရွှင်ပဲ ကြေငြာမောင်းခတ်တာ “စိတ်မပူပါနဲ့၊ ကိုယ် မင်းရဲ့တပည့်လေးကို မဖျက်ဆီးပါဘူး”

ဖန်းဟွာက စိတ်ချလက်ချဖြစ်မသွားပါဘူး။ သူမက အသံတိတ်သွားပြန်ပြီးမှ နောက်တစ်ကြိမ်ထပ်မေးတယ် “ရှင် တကယ်ကြီးပြောနေတာလား?”

ချိုးချန်က ရယ်ရယ်မောမောနဲ့ပဲ ပြန်ဖြေတယ် “ဘာလို့ ဒီလိုမေးတာတုန်း?”

“ကျွန်မထင်တာက တစ်ချိန်ချိန်ရောက်ရင်တော့ …” ဖန်းဟွာက ရပ်သွားတယ် “ရှင့်မှာ အရင်….?”

“မင်းတို့အကုန်လုံးက ကိုယ့်ထက်တောင် ကိုယ့်ကိုပိုနားလည်နေကြတယ်ပေါ့” ချိုးချန်က ဒီစကားကို ပုံမှန်လေသံနဲ့ပြောတာပါ။

ဖန်းဟွာက သက်ပြင်းချတယ် “အိုကေလေ၊ ကျွန်မဘက်က ဘာလုပ်ပေးရမလဲ သိပါတယ်၊ ရှင်သာ ကိုယ့်ကိုကိုယ် ဘာလုပ်နေတာမှန်း သေချာပါစေ” 

ရေချိုးခန်းထဲက ရေကျသံတွေနဲ့ ချိုးရှောင်ဟိုင်ရဲ့ရယ်သံလွင်လွင်က အခန်းတံခါးကို ဖြတ်သန်းထွက်လာပြီး ပတ်ဝန်းကျင်မှာ ပြည့်နှက်သွားတယ်။

နွေးထွေးပြီးအေးချမ်းလှတဲ့ မိသားစုလေးတစ်ခုလိုပါပဲ။

ချိုးချန်ရဲ့နှုတ်ခမ်းထောင့်တွေ ကွေးတက်သွားတာပေါ့ “အရမ်းသေချာတယ်”

***

နှစ်သစ်ကူးပိတ်ရက်အနည်းငယ်က လောက်ငတယ်ကို မရှိဘူး။ အိမ်ပြန်ဖို့အချိန်ရောက်လာပြီဖြစ်တဲ့အကြောင်း ချိုးရှောင်ဟိုင်လည်းကြားရော ဒင်းလေးက သစ်ပင်တွေ သစ်ကိုင်းတွေကို ဆွဲဖက်ထားရင်း အိမ်ပြန်ဖို့ငြင်းဆန်နေတယ်။ ပိုင်လန်က သူ့ကို ကြက်သွန်မြိတ်ပန်ကိတ်နဲ့ ဆွဲဆောင်လိုက်ရတာပေါ့။ ပြောရမယ်ဆိုရင်လည်း အားလပ်ရက်အတွင်း ပိုင်လန်တစ်ခါမှ ဟင်းမချက်တာကြောင့် ကြက်သွန်မြိတ်ပန်ကိတ်သံလည်းကြားရော ချိုးရှောင်ဟိုင်ရဲ့မျက်လုံးလေးတွေ တလက်လက်ဖြစ်သွားတာ။ ပြီးတော့ အပြန်ခရီးတစ်လျှောက်လုံးလည်း လေယာဉ်ပေါ်မအိပ်ဘဲ ပြန်ရောက်ရင် ဘာစားမယ် ဘာစားမယ်ဆိုပြီး မီနူးထိုင်အော်နေတာလေ။

ဒါပေမယ့် စားဖိုမှူးကြီးပိုင်လန်ကတော့ လမ်းတစ်လျှောက်လုံး သိုးနေအောင်အိပ်လာတယ်။ 

သူ့ခမျာ မနေ့ညကတစ်ညလုံး အားသွန်ခွန်စိုက် လူကြီးကစားနည်းတွေကစားလိုက်ရတာ အရင့်အရင်ညတွေကထက်တောင် ပိုပြီး ခြေကုန်လက်ပမ်းကျသွားရရှာတယ်။

ဘာပဲပြောပြော ‘ချစ်ရည်လူးတယ်’ ဆိုတဲ့စကားမှာတောင် ‘ချစ်’ ဆိုတာ ပါသေးတယ်လေ။ အဆင့်တက်သွားတဲ့ သူတို့ဆက်ဆံရေးကြောင့်လည်း အထိအတွေ့တွေတိုင်း အနမ်းတွေတိုင်းမှာ ဓါတ်လိုက်သွားသလို အပူဟပ်သွားသလို ရှိန်းရှိန်းဖိန်းဖိန်းနဲ့ ဆန်းသစ်နေတာပေါ့။ ပိုင်လန်က ညတုန်းက မျက်ရည်စက်တွေနဲ့အသနားခံရတဲ့အထိ ချိုးချန်ရဲ့ဒဏ်ကို လှိမ့်ပိန့်ခံလိုက်ရပြီး နောက်တစ်နေ့မှာလည်း ပန်ဒါမျက်လုံးလေးနဲ့နိုးထလာရလေတယ်။ သူက လေယာဉ်ပေါ်ကဆင်းတဲ့ထိအောင် အိပ်ချင်မူးတူး ယိုင်တိယိုင်တိုင် ဖြစ်နေသေးတာ။

ကံကောင်းတာက သူတို့ပြန်လာတဲ့အခါမှာတော့ ကြိုတင်စီစဉ်ထားတာကြောင့် အသွားတုန်းကလို သတင်းမဖြစ်သွားပါဘူး။ 

သူတို့သုံးယောက်ခရီးထွက်တဲ့နေ့က ရိုက်ခံလိုက်ရတဲ့ဓါတ်ပုံတွေကိုတော့ မီဒီယာတွေမှာ မဖော်ပြမီလေးတင်မှာပဲ ဖန်းဟွာက အုပ်လိုက်နိုင်တယ်။ ပြီးတော့ ချိုးချန်ရဲ့ညွှန်ကြားမှုအရ ပိုင်လန်က သူငယ်ချင်းမိသားစုနဲ့အားလပ်ရက်ခရီးထွက်နေတယ်လို့ ပရိသတ်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

အတွင်းလူလောကသားအချင်းချင်းကတော့ သတင်းကိုတစ်ချက်ကြည့်လိုက်တာနဲ့ ဘယ်လိုအားလပ်ရက်ခရီးမျိုးမှန်း သိကြတယ်။ သူဌေးချိုးချန်ကလည်း အရင့်အရင် အချစ်သတင်းတွေရှိဖူးတာကိုး။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့ ချိုးချန်ကိုယ်တိုင်ကိုက သတင်းတွေကိုထိန်းချုပ်နေတယ်။ သာမန်အခြေအနေမျိုးမှာလည်း ဘယ်သူကမှ ဒီလို အပြောသာရှိပြီး သက်သေတိတိကျကျမရှိတဲ့သတင်းကို မရေးရဲကြဘူး။ အရင်းစစ်ရင်တော့ ဘယ်သူမှ ချိုးသခင်လေးနဲ့ ရန်မဖြစ်ရဲကြဘူးလေ။ 

ဒါကြောင့် တိကျမှုမရှိတဲ့သတင်းအချို့မှာပဲ ဓါတ်ပုံအနည်းငယ်တက်လာပြီး ဘာမှကြီးကြီးမားမား မဖြစ်သွားဘူး။ 

ဒါပေမယ့် သိရှိကြတဲ့အတွင်းလူတွေရဲ့မျက်လုံးထဲမှာတော့ ရှင်းရှင်းလင်းလင်းဖြစ်သွားကြပြီ…  ပိုင်လန့်နောက်မှာ ဘယ်သူထောက်ပံ့ပေးထားလဲ… ပိုင်လန်က ထိလို့ရမယ့်လူလား မရမယ့်လူလား.. ဆိုတာကိုလေ။

ဒါတွေအားလုံးက ချိုးချန်လိုချင်တဲ့ရလဒ်တွေချည်းပါပဲ။ အခုချိန်မှာ သူက ပိုင်လန့်ကိုယ်ပေါ်မှာ ‘ငါ့အပိုင်’ ဆိုတဲ့ တံဆိပ်ကပ်ထားလိုက်ပါပြီ။ 

ဒါကြောင့် လာမယ့်နှစ်ပတ်အလိုမှာ ကျင်းပတဲ့ ရုန်မိသားစုခေါင်းဆောင်မွေးနေ့ပွဲကို တက်ရောက်မယ့် ဖိတ်ကြားခံဧည့်သည်တော်ချိုးချန်က ပိုင်လန့်ကိုပါ သူနဲ့အတူခေါ်သွားခဲ့တဲ့အခါ ဘယ်သူမှအံ့သြဘနန်း ဖြစ်မနေခဲ့ပါဘူး။ 

***

ရုန်မိသားစုလက်ရှိအကြီးအကဲဖြစ်သူ ရုန်အိုက်ရဲ့ အသက်(၇၀) ပြည့်မွေးနေ့ပွဲကို ရုန်မိသားစုအိမ်တော်တွင်းမှာ ကျင်းပခဲ့ကြတယ်။

ဖိတ်ကြားထားတဲ့ဧည့်သည်တော်တွေကလည်း နိုင်ငံရေးနှင့်စီးပွားရေးနယ်ပယ်က သြဇာအာဏာရှိကျော်ကြားသူတွေချည်းပဲ။ ရုန်မိသားစုက သူတို့ရဲ့ကြီးမားကျယ်ပြန့်လှတဲ့ ပေါင်းသင်းဆက်ဆံရေးကွန်ရက်ကြီးကို လျှို့ဝှက်ထားချင်တာကြောင့် ဧည့်ခံပွဲကို အပြင်လူတစ်ဦးတစ်ယောက်မှ ဝင်ခွင့်မပေးဘဲ သီးသန့်သာကျင်းပခဲ့တယ်။ အကယ်၍ သတင်းက ဂျာနယ်လစ်တွေဆီပေါက်ကြားသွားရင်တောင်မှ ဖော်ပြလို့ကောင်းကျိုးဘာမှရှိမှာမဟုတ်မှန်း သတင်းလောကသားအားလုံးက သိကြတယ်။

ချိုးချန်က ဒီဖိတ်ကြားချက်ကို ပိုင်လန်နဲ့ခရီးမထွက်ခင်ကတည်းက လက်ခံရရှိထားတာ။ 

ခရီးကပြန်ရောက်တော့ သူတို့အတူသွားကြမယ်လို့ ပိုင်လန့်ကိုအသိပေးလိုက်တယ်။ ပိုင်လန်ကလည်း ချက်ချင်းသဘောတူလိုက်ပါတယ်။ သဘောတူရတဲ့အကြောင်းရင်းတစ်ခုကလည်း ရုန်စစ်ချီနဲ့ သူငယ်ချင်းဖြစ်တာကြောင့်ပါ။ ဒါဆို သူက ဖိတ်ကြားစာမရဘဲ ချိုးချန်နဲ့ကပ်လိုက်သွားတာတောင်မှ တစ်ခြားသူအမြင်မှာ မသင့်လျော်တာမရှိတော့ဘူးလေ။

ဒါပေမယ့် ဧည့်ခံပွဲကိုရောက်သွားပြီးမှပဲ ချိုးချန်ပြောလာတာက သူ ရုန်စစ်ချီကိုတွေ့ရဖို့ မသေချာဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဖိတ်ကြားခံရတဲ့လူတွေအကုန်လုံးက ချိုးချန်လိုမျိုး ရုန်မိသားစုရဲ့စီးပွားရေးပါတနာတွေချည်းပဲမို့ပါ။ သီးသန့်သူငယ်ချင်းတွေအတွက်က နောက်ထပ်ပါတီတစ်ခုသပ်သပ်ကျင်းပပြီး ပါတီနှစ်ခုက မရောဘူးတဲ့လေ။

ဒီတော့မှ ပိုင်လန်က မေးလိုက်မိတယ် “ဒါဆို ဘာလို့ ကျွန်တော့်ကို ဒီခေါ်လာတာလဲ?”

ချိုးချန်က မျက်ခုံးတွေကိုပင့်တင်ရင်းပြောပါတယ် “ပါတီက သိပ်ပျင်းစရာကောင်းလို့လေ၊ ကိုယ့်ကို အဖော်လုပ်ပြီး ဖျော်ဖြေပေးစရာလူရှိအောင်လို့”

ပိုင်လန်က ချိုးချန်ရဲ့အေးဆေးဖြစ်နေတဲ့အမူအရာတွေကိုကြည့်ပြီးတွေးနေမိတယ်… သူကတောင် သူများမွေးနေ့ပွဲကို ယောကျ်ားလေးအဖော်ခေါ်သွားတာ မသင့်တော်ဘူးလို့မတွေးမှတော့.. ပိုင်လန်လည်း ဘာမှစောဒကတက်စရာ မရှိတော့ဘူးပေါ့….

ဒါပေမယ့် လီဖူချုပ်ပေးတဲ့ နောက်ဆုံးပေါ်အနက်ရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားတဲ့ပိုင်လန်က ကြီးကျယ်ခမ်းနားလှတဲ့ဧည့်ခံပွဲအတွင်းကို ခြေချလိုက်ရုံပဲရှိသေးတယ် ချိုးချန်ရဲ့မထုံတက်တေးအမူအရာတွေကို ခပ်မြန်မြန်ပဲ နားလည်သွားပါတယ်။

ဧည့်ခံပွဲအတွင်းမှာ သူလိုကိုယ်လို ပွဲတက်ဖော်တွေ အများကြီးပါပဲ…..

လောလောလတ်လတ်မှထိပ်တန်းမင်းသမီးဖြစ်လာသူ ဖေးဟုန်၊ နာမည်ကြီးအစီအစဉ်တင်ဆက်သူ ကျန်းမေယီ၊ ခြေတံရှည်ရှည်စူပါမော်ဒယ် လီလင်းလင်း၊ ပြီးတော့ မကြာမီကမှဟော့ဖြစ်လာတဲ့အမျိုးသားအိုင်ဒေါလ် လီခွမ်လင်… အကုန်လုံးကလည်း သူ့လိုပဲ ဖိတ်ကြားခံဧည့်သည်တော်တွေနဲ့လိုက်လာကြတာ။ အဲဒိဧည့်သည်တော်တွေထဲကတစ်ချို့ဆိုရင် လက်ထပ်ပြီးသားအိမ်ထောင်သည်တွေတောင်ရှိသေးတယ်။ 

ပိုင်လန်က မြင်မြင်သမျှအရာ လေ့လာမှတ်သားပြီးနောက်မှာ ဘေးနားကချိုးချန်ကိုလည်း ရည်ရွယ်ချက်ရှိရှိလှည့်ကြည့်လိုက်မိတယ်။

ချိုးချန်က ချက်ချင်းပဲသူ့အနားကိုတိုးလာရင်း အသံတိုးတိုးနဲ့ပြောလေတယ် “တစ်ချို့တွေက သူတို့မိန်းမတွေကိုလည်း ခေါ်လာတယ်၊ ကြည့်..ကြည့် ရုပ်ဆိုးဆိုးတွေနဲ့မိန်းမတွေကို…”

“…...”

ကျွန်တော်ကရော ဘယ်ခေါင်းစဉ်အောက်ကလဲလို့ ပိုင်လန်ကမမေးလိုက်ပါဘူး။ ဧည့်ခံပွဲကိုပဲ ဆက်လက်စူးစမ်းလေ့လာနေခဲ့တယ်။ ဒါပေမယ့် ပိုင်လန်ရဲ့မျက်လုံးတွေက တစ်နေရာကိုအရောက်မှာ ရပ်သွားတယ်။ 

သူ စုချွမ်ကိုမြင်လိုက်မိတယ်။

စုချွမ်ရဲ့ ပြီးပြည့်စုံပြီး သိမ်မွေ့လှတဲ့မျက်နှာလေးမှာ နူးညံ့ပြီးနွေးထွေးတဲ့အပြုံးလေးရှိနေတယ်။ သူက အခု ဘီးတပ်ကုလားထိုင်မှာထိုင်နေတဲ့ အသက်ကြီးကြီးလူကြီးတစ်ယောက်ရဲ့နောက်မှာ မတ်တပ်ရပ်နေတာ။

ထိုင်နေတဲ့ဒီလူကြီးကို ပိုင်လန်မှတ်မိတယ်။ 

အဓိကကျတဲ့နိုင်ငံရေးသုံးသပ်ချက်ဆွေးနွေးပွဲသတင်းတွေအားလုံးမှာ သူ့နာမည်က မပါမဖြစ်ပဲလေ။ 

ဟုန်ယွိ။

……………………..