(2) အနက်ရောင်ထီးကလေးတစ်ချောင်း
ပိုင်လန်နဲ့ချိုးချန်က ဟိုးအရင်အစောပိုင်းကတည်းက သိခဲ့ကြတာ။ ပိုင်လန် တီဗွီမှာ ပွဲဦးမထွက်ခင်ကတည်းက တွေ့ခဲ့ကြဖူးတယ်။
အဲဒိအချိန်တုန်းက ပိုင်လန်က နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ တတိယနှစ်ကျောင်းသားလေး တစ်ယောက်ပေါ့။ တစ်နေ့တော့သူက လမ်းမပေါ်မှာ လမ်းလျှောက်နေရင်း တစ်စုံတစ်ယောက်က နာမည်ကဒ်တစ်ခုကို ပေးလာတယ်။ သပ်ရပ်ပြီးခန့်ညားတဲ့ပိုင်လန်အတွက် ဒါမျိုးဖြစ်ရပ်က ပထမဦးဆုံးတော့ မဟုတ်ဘူး။ အရင်အချိန်တွေတုန်းကတော့ အမှိုက်ပုံးထဲကို ထည့်ပစ်လိုက်ပြီး ဘယ်တော့မှ နှစ်ခါပြန်မတွေးခဲ့ဘူး။
ဒါပေမယ့် အဲဒိအချိန်က သူ့အစ်ကိုပိုင်လိ စီးပွားရေးမှာ ပထမဦးဆုံးအကြိမ်အရှုံးပေါ်ပြီး အကြွေးတွေအများကြီး တင်ကျန်တဲ့အချိန်။ ငွေအမောင့်က ပိုင်လန်နာမည်ကြီးလာပြီး ဆပ်ပေးခဲ့တဲ့အချိန်လို အများကြီးမဟုတ်ပေမယ့် ပိုင်မိသားစုတစ်ခုလုံးအပေါ်တော့ သက်ရောက်ခဲ့လေတယ်။ ဒါကြောင့် သူ့မိဘတွေက သူ့ကိုကျောင်းထွက်ဖို့ ပြောဆိုခဲ့တယ်။
ပိုင်လိက သားကြီးသြရသလေ။ ဒါကြောင့် အရံတစ်ယောက်လို ဖြစ်နေတဲ့ သားငယ် ပိုင်လန်က မိဘတွေရဲ့အစီအစဉ်ထဲမှာ မပါဝင်ခဲ့ဘူး။ ဒီလူအိုကြီးနှစ်ယောက်ရဲ့ နှလုံးသားထဲမှာ သားအကြီးဖြစ်တဲ့ ပိုင်လိကို ပိုင်လန်ထက်ပိုပြီး မျှော်လင့်ချက်ကြီးလေတယ်။ ပိုင်လိက ငွေတွေကို မရှာနိုင်ရင် ဒေဝါလီခံရပြီး တစ်သက်လုံးအရိပ်မည်းကြီး ဖြစ်သွားတော့မှာ။ ဒါကြောင့် ညီငယ်လေးဖြစ်တဲ့ပိုင်လန်က အစ်ကိုဖြစ်သူကို ကူညီသင့်တယ်လို့ တွေးကြလေတယ်။
ပိုင်လန်က သူ့ထက်ခုနှစ်နှစ်ကြီးတဲ့ အစ်ကိုဖြစ်သူနဲ့ ရင်းရင်းနှီးနှီးမရှိပေမယ့် တောင်းဆိုလာတော့လည်း အံ့သြတကြီး ဖြစ်မနေဘူး။ ဒါပေမယ့် ကျောင်းထွက်တာက သူ့ရှေ့ရေးကို အများကြီးထိခိုက်နိုင်တယ်လေ။ ဒါကြောင့် ကျောင်းလည်းမထွက်ရ၊ မိသားစုလည်း အကူအညီရအောင် သူ့ကို နာမည်ကဒ်ပေးခဲ့တဲ့ ကုမ်ပဏီကို ဆက်သွယ်ခဲ့တယ်။ သူက စာချုပ်ချုပ်ရင်ရမယ့် ကြိုတင်ပိုက်ဆံတွေကို တွေးနေခဲ့တာ။ သူသာ ပိုင်လိကို အစပိုင်း အနည်းငယ်ပဲဖြစ်ဖြစ် ကူညီနိုင်ရင် ကျန်တာက သူတို့ဖာသာသူတို့ ဖြည်းဖြည်းချင်းဆပ်လို့ရတယ် ဆိုပြီးလေ။
ဒါပေမယ့် ကမ္ဘာပေါ်မှာ အလကားရတယ့်အရာ ဘယ်အရာမှ မရှိဘူး။ ပိုင်လန်က လူတွေအကြောင်းနားမလည်သေးတဲ့ မနူးမနပ်ဖိုးသခွားလေးဆိုတော့ ဒီတစ်ကြိမ်မှာ ထောင်ချောက်ထဲကို ကျသွားရှာလေတယ်။ ငွေတွေရပြီး ပိုင်လိရဲ့မီးတွေ ငြှိမ်းလိုက်နိုင်ပေမယ့် စာချုပ်ချုပ်ပြီးနောက် သူ့ရဲ့ ပထမဦးဆုံးအလုပ်က ကလပ်မှာ လူတွေအရက်သောက်ကြတာကို အဖော်ပြုပေးဖို့ ဖြစ်လာတယ်။
ဒါက ပိုင်လန်ရဲ့ပထမဦးဆုံးအကြိမ် ကလပ်ကို ရောက်ဖူးခြင်းဖြစ်ပြီး အဲဒိမှာ VIP ဧည့်သည် ချိုးချန်နဲ့တွေ့ခဲ့ပါတယ်။
ဖြူဖျော့နေတဲ့မျက်နှာနဲ့ပိုင်လန်ကို မြင်မြင်ချင်းမှာပဲ ချိုးချန်က ချက်ချင်းစွဲလမ်းသွားလေတယ်။ စွဲလမ်းရတဲ့အကြောင်းရင်းက ပိုင်လန်ရဲ့ ချစ်စရာကောင်းတဲ့မျက်နှာလေးကြောင့်တော့ မဟုတ်ဘူး။ ပြောရရင် ချိုးချန်ထိတွေ့ဆက်ဆံနေရတဲ့ ရုပ်ရှင်မင်းသားတွေ၊ မော်ဒယ်တွေထက်လည်း ပိုင်လန်က ပိုချောပိုလှနေတာမဟုတ်ဘူး။ ချိုးချန် အရသာတွေ့သွားရတဲ့အကြာင်းရင်းက လူငယ်လေးရဲ့ မျက်ဝန်းထဲက အတိုင်းသားမြင်နေရတဲ့ ကြောက်ရွံ့ပြီးမနှစ်မြို့တဲ့ အမူအရာလေးတွေ ကြောင့်ပဲ။ ဒီလူငယ်လေးကို အလျော့ပေးအညံ့ခံလာအောင် ဘယ်လောက်အချိန်ယူရမလဲလို့ သူကစမ်းကြည့်ချင်တာ။
ဒါပေမယ့် ချိုးချန်က ပိုင်လန်ကို နည်းနည်းအထင်ကြီးမိသွားတယ်။ အရက်ကလေး တစ်ငုံနှစ်ငုံလောက်ဝင်ပြီးသွားတဲ့အချိန်မှာ ပိုင်လန်က ခုခံနိုင်စွမ်းမရှိတော့ဘဲ ခေါင်းတွေမူးလာပြီး ချိုးချန်ရဲ့ဆိုဖာပေါ်တွန်းလှဲခြင်းကို ခံလိုက်ရတယ်။ ဖိထားပြီး အတင်းအကျပ် နမ်းရှုပ်ခြင်းလည်း ခံလိုက်ရတယ်။ သူတို့ရဲ့ ပေါင်တွေကိုလည်း အချင်းချင်းပွတ်နေကြတယ်။ ပိုင်လန်ရဲ့ မျက်လုံးအိမ်ထဲမှာ မျက်ရည်တွေနဲ့ပြည့်လာတယ်။ သူက ပြီးမြောက်သွားနိုင်လောက်တဲ့အထိ ချိုးချန်ရဲ့ ကစားခြင်းကို တုန်လှုပ်စွာ အရှက်ကွဲလုနီးပါး လက်ခံလိုက်ရလေတယ်။
ဒါပေမယ့် အဆုံးထိမသွားဖို့ ချိုးချန်က ဆုံးဖြတ်လိုက်တယ်။ သူက ပိုင်လန်ရဲ့ နီရဲနေတဲ့ နားရွက်လေးတွေကိုပဲ လျက်လိုက်ပြီး အဲဒိညမှာ ပိုင်လန်ကို ထွက်သွားခွင့်ပြုလိုက်တယ်။
နောက်တစ်နေ့မှာတော့ ပိုင်လန်က သူရဲ့စာချုပ်ကို အန်းကျင့်လုပ်ငန်းစုရဲ့ လက်ခွဲလုပ်ငန်းဖြစ်တဲ့ တိုတယ်အနုပညာကုမ်ပဏီကို လွဲပြောင်းလိုက်ပြီဖြစ်ကြောင်း အကြောင်းကြားစာ ရရှိခဲ့တယ်။ တိုတယ်အနုပညာရဲ့ သူဋ္ဌေးက ချိုးချန်ဖြစ်တယ်။ ပိုင်လန်က လှပပြီး ချောမောတာကြောင့် သူဋ္ဌေးက သူ့ကို စပွန်ဆာပေးချင်နေပြီး အတူနေချစ်သူအဖြစ်ထားရှိချင်ကြောင်း သိရှိခဲ့တယ်။
ပိုင်လန်က တကိုယ်လုံးတုန်လာတဲ့အထိ ဒေါသတွေထွက်သွားတယ်။ ပြီးတော့ တစ်ချိန်တည်းမှာပဲ လန့်ဖြန့်ပြီး ကြောက်လာတယ်။
ချိုးချန်က သူ့ကို ဖုန်းခေါ်ပြီးမေးနေတဲ့အချိန်မှာ ပိုင်လန်က တုန်ယင်နေတဲ့အသံနဲ့ ငြင်းပယ်ခဲ့တယ်။ ချိုးချန်ကတော့ သူ့နဂိုလေသံအက်အက်နဲ့ ပိုင်လန်က ကလေးဆန်ပြီး ဖြူစင်ကြောင်း ဖုန်းထဲကနေ ပြောပြီး အော်ရယ်နေခဲ့တယ်။
လာမယ့်ရက်သတ္တပတ်တွေမှာ ချိုးချန်က လက်စားချေမလားဆိုပြီး သူက ကြောက်ရွံ့နေခဲ့ပေမယ့် ဘာမှ မဖြစ်လာဘူး။ အဲဒိအချိန်တုန်းက သူကစာချုပ်မြန်မြန်ပြီးသွားဖို့ပဲ မျှော်လင့်ခဲ့တယ်။ အကြွေးတွေသာ ဆပ်ပြီးသွားရင် ဒီလိုမှောင်မိုက်ပြီး ကြောက်စရာကောင်းတဲ့လောကမှ လွတ်မြောက်နိုင်ပြီလေ။
ဒါပေမယ့် ကုမ်ပဏီက ပိုင်လန်ကို အကြာကြီးဆွဲထားချင်ပုံရတယ်။ သူလက်ခံရတဲ့ အလုပ်တွေအားလုံးက ဝိုင်ပြပွဲမှာ ဝိတ်တာလုပ်ရတာတို့၊ ကားပြပွဲမှာ လက်ကမ်းစာစောင်ဝေရတာတို့ စတဲ့ ပိုက်ဆံနည်းနည်းပဲရတဲ့ အလုပ်တွေချည်းပဲ။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာသွားပြီး ပိုင်လန်ကဘွဲ့ရခဲ့ပေမယ့် အကြွေးတွေကတော့ မကျေသေးဘူး။
ပိုင်လန်က စာချုပ်ဖျက်သိမ်းဖို့တွေးပေမယ့် ပေးရမယ့်လျော်ကြေးက နည်းနည်းနောနောမဟုတ်တော့ သူက မတတ်နိုင်ဘူး။ ပြီးတော့ စာချုပ်ထဲမှာ ချုပ်ထားတာက သက်တမ်းကာလအတွင်း မည်သည့်အပြင်အလုပ်ကိုမဆို လုပ်လို့မရဘူး ဆိုတာပဲ။ ကျူရှင်ပြစားတာတို့၊ စတိုးဆိုင်မှာ အရောင်းဝန်ထမ်းလုပ်တာတို့၊ ကျောင်းမှာ ကျူတာလုပ်တာတို့ စတာတွေကိုလည်း လက်မခံဘူး။
ပိုင်လန်ကို အလုပ်လုပ်လို့မရအောင် ကန့်သတ်ထားတော့ ကျောင်းပြီးသွားတာတောင်မှ စာချုပ်ကို ဖျက်မရဘဲ ဝင်ငွေလည်း မကောင်းရှာဘူး။ မိသားစုကလည်း ပိုင်လိရဲ့ အကြွေးတွေကြားမှာ နစ်မြှပ်နေပြီး ပိုင်လန်ကို ဝင်ငွေမရှာရကောင်းလားဆိုပြီး ပြောဆိုကြတယ်။ ပိုင်လန် ဒီလိုဘဝရောက်ရတဲ့ အကြောင်းရင်းတရားခံကိုတော့ လျစ်လျူရှုထားပြီးတော့လေ။
ပိုင်လန်ဘွဲ့ရပြီး နှစ်လအကြာ အခြေအနေတွေက ဆိုးရွားလာတုန်းမှာပဲ ကုမ်ပဏီက သူ့ကို နှစ်တစ်ဝက်လောက်ပြသမယ့် ဇာတ်လမ်းတွဲရှည်ကြီးတစ်ခုမှာ ပါဝင်ခွင့်ပေးခဲ့တယ်။ ဒီဇာတ်ရုပ်က ပိုင်လန်နဲ့လည်း အရမ်းကို လိုက်ဖက်တာလေ။ သူပါဝင်ရတဲ့ ဇာတ်ဝင်ခန်းတွေက အရမ်းကြီးမများသလို၊ အရမ်းကြီးလည်း မနည်းဘူး။ ပြီးတော့ လိုအပ်တဲ့ သရုပ်ဆောင်လေ့ကျင့်ခန်းတွေနဲ့ ထရိန်နင်တွေကိုလည်း လုပ်ရတယ်။ နောက်လေးလလောက် ပိုင်လန်က အလုပ်ရှုပ်နေပြီး များပြားလှတဲ့ ထရိန်နင်တွေနဲ့ ပြည့်နေတယ်။
ဒါပေါ့ ထရိန်နင်တွေအတွက် ပေးရတဲ့ငွေကြေးက ပိုင်လန်ကိုယ်တိုင်ပေးရတာ။ ကုမ်ပဏီကပြောတာက ထရိန်နင်တွေက ပိုင်လန်အတွက်ပဲ အကျိုးရှိစေလို့ ပိုင်လန်ကပဲ ပေးသင့်တယ်တဲ့။
ပိုင်လန်က ဒါကို ချိုးချန်နဲ့ ငြိခဲ့တာကြောင့်လို့ ထင်ခဲ့မိပေမယ့် အများကြီးလည်း ဆက်မတွေးနိုင်တော့ဘူး။ သူ့အခြေအနေက ဒါတွေကို လက်မခံလည်း ဘာမှသွားလုပ်လို့ မရတာ။ သူက ထရိန်နင်ပရိုဂရမ်တွေအားလုံးကို လေးလေးနက်နက် သင်ယူပြီး သူ့ကိုယ်သူ ‘ဘဝလက်တွဲဖော်များ’ ရဲ့ တစ်ကိုယ်တော်ကလေးအဖေ ကျန်းရှင်းချန်အဖြစ် မြှပ်နှံလိုက်တော့တယ်။
ဇာတ်လမ်းတွဲထဲမှာ ပိုင်လန်ရဲ့ သရုပ်ဆောင်စွမ်းရည်က သိပ်မကောင်းလှပေမယ့် သူ့ပုံပန်းသဏ္ဍန်ကတော့ ဇာတ်ဆောင်နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ သူက လူမှုပတ်ဝန်းကျင်နဲ့ ထိတွေ့မှုသိပ်မရှိတဲ့ ဖြူစင်တဲ့ခပ်ကြောင်ကြောင်ကလေးအဖေ တစ်ယောက်ဖြစ်ခဲ့တယ်။ ပိုင်လန်ရဲ့ မကျွမ်းကျင်မှုတွေက ရုပ်ရည်လေးနဲ့ ဖာထေးပြီးသားဖြစ်သွားပြီး ချစ်စရာကောင်းပြီး ဉာဏ်ပြေးလှတဲ့ ခြောက်နှစ်အရွယ်ကလေးသရုပ်ဆောင် သုန်သုန်ကလည်း အများကြီး အထောက်အပံ့ဖြစ်ခဲ့လေတယ်။ ကလေးလေးက ပိုင်လန်ရဲ့သားအဖြစ် သရုပ်ဆောင်ခဲ့ပြီး ပိုင်လန်ကို နေ့ချင်းညချင်း နာမည်ကြီးသွားအောင် ကူညီခဲ့လေတယ်။
‘ဘဝလက်တွဲဖော်များ’ က ခြောက်လရှည်ကြာအောင် တဖြည်းဖြည်းထုတ်လွှင့်နေတဲ့အချိန်မှာ ကုမ်ပဏီက ပိုင်လန်ကို ကြော်ငြာတွေများစွာ စီစဉ်ပေးခဲ့တယ်။ အလုပ်တွေအများကြီး လက်ခံရရှိခဲ့ခြင်းက ပိုင်လန်ကို ရုပ်ရှင်မင်းသားတစ်ယောက်ရဲ့လမ်းကြောင်းပေါ်ရောက်စေခဲ့ပြီး နောက်ပြန်ဆုတ်ဖို့ မဖြစ်နိုင်တဲ့အနေအထားကို ရောက်ရှိစေခဲ့ပါတယ်။ နောက်ပိုင်းမှာ အခက်အခဲတွေရင်ဆိုင်ခဲ့ရတာတောင်မှ ပိုင်လန်က သရုပ်ဆောင်အလုပ်ကို စွန့်လွတ်ဖို့ မတွေးမိခဲ့ပါဘူး။ ဒီပထမဦးဆုံးသရုပ်ဆောင်အလုပ်က ပိုင်လန်အတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ယူဆောင်လာပေးခဲ့တာကြောင့်ပါပဲ။
ဒါပေမယ့် အစ်ကိုဖြစ်သူပိုင်လိက ဒုတိယအကြိမ် စီးပွားပျက်ခဲ့ပြန်တယ်။ သူက ပထမအကြိမ်ကို သင်ခန်းစာယူရကောင်းမှန်းလည်း မသိဘူး။ သူငယ်ချင်းအတုယောင်တွေနဲ့ ပေါင်းမိပြီး တရားမဝင်တဲ့ ကုမ်ပဏီတစ်ခုမှာ အမြတ်အများကြီး ရတယ်ဆိုပြီး ရင်းနှီးမြုပ်နှံခဲ့တယ်။ ငွေတိုးချေးစားတဲ့လူတွေဆီက ငွေချေးပြီးတော့ကို ရင်းနှီးမြှပ်နှံခဲ့တဲ့အထိ လောဘကြီးခဲ့ပါတယ်။ သို့ပေမယ့် နောက်ဆုံးမှာ သူရလိုက်တာက ပူစီဖောင်းတွေပေါက်သလို လေထဲပျောက်ကွယ်သွားခြင်းဖြစ်ပြီး အကြွေးတွေသာ တနင့်တပိုးကျန်ရှိခဲ့လေတယ်။ ငွေတိုးချေးစားသူတွေက ဒေါသတကြီး ငွေတွေပြန်လာတောင်းကြရင်း ပိုင်မိသားစုကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုတွေ ခံစားလိုက်ရစေတယ်။
ဒါကြောင့် ပိုင်ဆိုင်မှုတွေဘာဆိုဘာမှမရှိတဲ့ ပိုင်လန်က အကြွေးတွေအတွက် ကုမ်ပဏီကိုသာ ဖွင့်ပြောပြီး တောင်းခံခဲ့ရလေတယ်။ အဲဒိအချိန်ကစလို့ TV စကရင်ပေါ်မှာ အမြဲတောက်ပပြီး တလက်လက်ဖြစ်နေခဲ့တဲ့ ပိုင်လန်က မြောက်မြားလှစွာသော အကြွေးပုံထဲနစ်ရင်း အနာဂတ်က မှောင်မိုက်သွားလေတယ်။
ပိုင်လန်ဆပ်နေခဲ့ရတာက ပိုင်လိရဲ့အကြွေးတွေချည်းပဲလည်း မဟုတ်ဘူး။ များပြားလှတဲ့ ကြော်ငြာစာချုပ် လျော်ကြေးတွေလည်းပါတယ်။ မိသားစုအကြွေးတွေက ပိုင်လန်ရဲ့ပုံရိပ်ကို ပျက်စီးစေတဲ့အခါ စာချုပ်ချိုးဖောက်မှုဖြစ်သွားပြီး လုပ်ငန်းရှင်တွေက ဆုံးရှုံးမှုတွေအတွက် ပြန်လည်တောင်းခံခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ပိုင်းမှာ ပိုင်လိကလည်း ဟိုဟိုသည်သည်အကြွေးတွေအတွက် ပိုင်လန်ကို အမြဲတောင်းဆိုနေခဲ့တာကြောင့် ပိုင်လန်က ပိုမိုကျပ်တည်းလာခဲ့ပြီး ကိုယ်ပိုင်ကားလေးတစ်စင်း ဝယ်ချင်တာတောင်မှ ပြန်လည်သုံးသပ်နေရတဲ့ အခြေအနေဖြစ်လာလေတယ်။
ဖြစ်ရပ်ရဲ့ အစမှအဆုံးထိ ပိုင်လန်ရဲ့တစ်ဦးတည်းသော အကြွေးရှင်ကတော့ ချိုးချန်တစ်ယောက်တည်းသာ ဖြစ်ခဲ့ပါတယ်။ စာချုပ်ဖောက်ဖျက်မှုအတွက် လျော်ကြေးတွေကို ကူညီရှင်းပေးခဲ့တာလည်း ချိုးချန်ဖြစ်ပြီး ပိုင်လန်ရဲ့ တာဝန်ဝတ္တရားတွေအားလုံးကို ဆောင်ရွက်ပေးခဲ့တာလည်း ချိုးချန်ပါပဲ။ အကြောင်းရင်းကလည်း ရှင်းပါတယ်။ သူက ပိုင်လန်ကို အတူနေချစ်သူဖြစ်ပေးရန် တောင်းဆိုချက်ကို ပြန်စဉ်းစားပေးဖို့ ပြောခဲ့ပြီး အကြွေးတွေနဲ့ သူ့ကြားမှာ ရွေးချယ်စေချင်တာပါ။
နူးညံ့တယ်လို့ မြင်ရပေမယ့် ခေါင်းမာလှတဲ့ပိုင်လန်က သူ့တောင်းဆိုချက်ကို အကြိမ်ကြိမ်ငြင်းပယ်ခဲ့ပြီး ဒါကိုကပဲ ချိုးချန်အတွက် စိတ်ဝင်စားစရာဖြစ်ခဲ့တယ်။ သူက ပိုင်လန်အခက်အခဲဖြစ်တဲ့အချိန်တိုင်း ချစ်သူဖြစ်ပေးဖို့ ထပ်ကာထပ်ကာတောင်းဆိုနေပြီး ပိုင်လန်ရဲ့ ခံနိုင်ရည်ကို စမ်းသပ်နေခဲ့တယ်။
သူက ချိုးချန်ဆီက ဒီလိုမျိုးဆက်ဆံခံရတဲ့အခါ နောက်ဆက်တွဲတွေလည်း ဖြစ်ပေါ်လာလေတယ်။ ပိုင်လန်ဘေးနားက မန်နေဂျာ၊ စတိုင်လစ်၊ မိတ်ကပ်ဆရာ စတဲ့သူတွေအားလုံးက အရည်ချင်းရှိသူတွေဖြစ်ပေမယ့် သူဒုက္ခရောက်တဲ့အချိန်ကျရင်တော့ ဘာမှအထောက်အကူမရဘူး။ သူ့ကို အမြဲပစ်ထားကြတာချည်းပဲ။ ဒါကြောင့် ပိုင်လန်က အမြဲလျစ်လျှူရှုထားခံရပြီး သူ့ရဲ့သရုပ်ဆောင်လမ်းကြောင်းက အခက်အခဲတွေနဲ့ပြည့်နေလေတယ်။ ဒီလိုမျိုးဆက်တိုက်ဖြစ်နေတာက သူနောက်ဆုံးအချိန် နှလုံးရောဂါဖောက်တဲ့အချိန်ထိအောင်ပါပဲ။
သူ့ဘဝရဲ့နောက်ဆုံးထိုးနှက်ချက်ဖြစ်တဲ့ အဲဒိညစ်ပတ်ပြီး အဆိပ်ပြင်းလှတဲ့ မဟုတ်မမှန် ကောလဟလတွေက ခန်းကျန့်လက်ချက်လို့ မထင်မိပဲ ချိုးချန်လုပ်တာလို့ သံသယရှိခဲ့တယ်။ ဒါကြောင့် ချိုးချန်ဆီကို ဒေါကြီးမောကြီးပြေးသွားခဲ့ပြီး အပြစ်တင်စွပ်စွဲခဲ့တယ်။ ဒါပေမယ့် သူပြန်လည်ရရှိခဲ့တဲ့အဖြေကတော့ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့တဲ့ ခန်းကျန့်ရဲ့သစ္စာဖောက်မှုသာ ဖြစ်နေခဲ့ပါတယ်။
သူသာ ပြန်လည်မွေးဖွားမလာဘဲ အဲဒိအခိုက်အတန့်မှာ အပြီးအပိုင်သေဆုံးသွားခဲ့ရင် ဘယ်လောက်ကောင်းမလဲလို့ ပိုင်လန်က အမြဲတမ်းတွေးခဲ့တယ်။ မိသားစုနဲ့ ချစ်သူက စွန့်ပစ်တာကို ရင်ဆိုင်ရပြီးတဲ့နောက်မှာ နောက်ထပ်အသက်ရှင်ဖို့ရည်ရွယ်ချက် ဘာများကျန်ရှိသလဲဆိုတာ သူမသိတော့ဘူး။
ဒါပေမယ့် ပိုင်လန်ဘယ်တော့မှ မတွေးမိခဲ့တဲ့ ချိုးချန်၊…. သူ့လည်ပင်းကို ဖြတ်မဲ့ဓါးတစ်ချောင်းလို့ ထင်မှတ်မှားခဲ့တဲ့ ချိုးချန်၊…. ချိုးချန်.. သူက မထင်ထားမိလောက်အောင် သူ့အတွက် ဝမ်းနည်းပူဆွေးနေခဲ့တယ် တဲ့လား။
ချိုးချန် ဘယ်လောက်ပဲ အပြစ်ပြုခဲ့ပါစေ၊ ပိုင်လန်က အခု အပြစ်မတင်တော့ပါဘူး။ သူအမှတ်ရနေတာ တစ်ခုပဲရှိတော့တယ်။ အဲဒါက… အနက်ရောင်ထီးကလေးကိုကိုင်ထားတဲ့ မချိတင်ကဲ ဝေဒနာတွေနဲ့ ချိုးချန်ကိုပါပဲ။ ဒီမြင်ကွင်းက စည်းတံဆိပ်တစ်ခုလိုပဲ၊ စပြီးမြင်လိုက်ရကတည်းက ပိုင်လန်ရဲ့ စိတ်ထဲမှာ အမြစ်တွယ်သွားခဲ့တယ် ……..
………………………….
“ဒီ.... ဒီ….. ဒီ…..”
အမှောင်ထဲမှာ စူးရှထွက်လာတဲ့ ဖုန်းမြည်သံက ပိုင်လန်ကို အတိတ်ကနေ ပြန်လည်ခေါ်ဆောင်လာပေးတယ်။ သူက ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်တယ်။ သူ့အစ်ကို ပိုင်လိက ခေါ်နေတာ။
ပိုင်လန်ရဲ့စိတ်တွေ အလွန်တရာ ရှုပ်ထွေးနောက်ကျိသွားတယ်။ ဘာဖြစ်လို့လဲဆိုရင် အချိန်ကို တွက်လိုက်ရင် သူ့အစ်ကိုက အကူညီတောင်းဖို့ခေါ်တယ်ဆိုတာ သိနေလို့ပဲ။
အခုချိန်က ‘ဘဝလက်တွဲဖော်များ’ ကထုတ်လွှင့်တာ နှစ်လလောက်ရှိနေပြီး ပိုင်လန်ကလည်း အရေးကြီးတဲ့ကြော်ငြာအနည်းငယ်ကို လက်ခံစပဲရှိသေးတယ်။ ပိုင်လိကတော့ ငွေတိုးချေးစားသူတွေဆီက ယွမ်သိန်းနှစ်ဆယ်ချေးထားခဲ့ပြီး အတိုးရောအရင်းပါပေါင်း အကြွေးသိန်းငါးဆယ်လောက် တင်နေတဲ့အချိန်ပါ။ သူကနောက်ဆုံး သတိပေးစာကို လက်ခံရရှိထားပြီး နောက်တစ်ပတ်အထိ ပြန်မဆပ်နိုင်ရင် အကျိုးဆက်ကြီးကြီးမားမားတွေ ဖြစ်တော့မှာ။
ဒီကံကြမ္မာက ပိုင်လန်အတွက် ကိစ္စအားလုံး အစကနေ တစ်ပတ်ပြန်လည်လာသလို ဖြစ်နေပြီး ဒီတစ်ခါရော သူဘယ်လိုရွေးချယ်သင့်ပါသလဲ………
“အစ်ကိုကြီး” ပိုင်လန်က ဖုန်းမြည်သံ နောက်နှစ်ချက်လောက်စောင့်လိုက်ပြီးမှ ကိုင်လိုက်တယ်။
“ညီလေး!! ..မင်း..ငါ့ကို ကူညီရမယ်နော်!! ငါ့ဘဝက မင်းလက်ထဲမှာပါကွာ…!!”
ပိုင်လိရဲ့ငိုသံကို ဖုန်းတစ်ဖက်ကနေ ကြားနေရလေတယ်။
………………………….