(1) ဒစ်ဂျစ်တယ်နာရီ
“ငါလုပ်တာမဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ယုံတာမယုံတာကတော့ မင်းသဘောပဲ” ဘေးနားကလူရဲ့လေသံက တိုးလျအက်ကွဲနေပြီး ထူးဆန်းတဲ့ ခံစားမှုကို ယူဆောင်လာပေးတယ်။
ပိုင်လန်က အဲဒိအသံကို ဘယ်တုန်းကမှ မကြားချင်ခဲ့ဘူး။ ဒါပေမယ့်အခု ပိုင်လန်ရဲ့ လက်ဖျားခြေဖျားတွေကို ပိုပြီးအေးစက်လာစေတာက စကားလုံးတွေနောက်ကွယ်က အဓိပ္ပါယ်ပဲ။
“ခင်ဗျားမဟုတ်ဘူးဆို၊ ဒါဆိုဘယ်သူလဲ” စကားလုံးတွေက ပိုင်လန်ရဲ့ ခြောက်သွေ့နေတဲ့ လည်ချောင်းတလျှောက်ကို ဖြတ်သန်းပြီး ထွက်လာတယ်။
“ငါ့ကို လာပြန်မေးနေတာလား” ပိုင်လန်ရဲ့ နေမထိထိုင်မထိပုံကို မြင်ပြီး အဲဒိလူရဲ့စကားသံက ရယ်သံတွေ စွက်လာတယ်။ “အဲဒါ.. မင်းကိုမင်း ပြန်မေးရမှာလေ”
ပိုင်လန်ရဲ့ခေါင်းက တစ်ခုခုနဲ့ရိုက်မိသလို အပြင်းအထန်နာကျင်မှုကို ခံစားလိုက်ရတယ်။ သူက ခေါင်းကို လက်နဲ့ကိုင်ပြီး နောက်ဖက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်တယ်။
သူ့အရှေ့က အရပ်ရှည်ရှည်နဲ့ ခန့်ညားပြီး ဟိတ်ဟန်ကောင်းလှတဲ့လူက ခါးကိုကုန်းပြီး စားပွဲပေါ်က ရီမုတ်ကွန်ထရိုးကို ကောက်လိုက်တယ်။
“ဖလတ်!” အသံတစ်သံထွက်လာပြီး နံရံပေါ်ကတစ်ဝက်လောက်အထိ နေရာယူထားတဲ့ TV ကပွင့်လာတယ်။
ပိုင်လန်ရဲ့ ဦးနှောက်က ရှုပ်ထွေးနေပြီး ဝေခွဲမရတဲ့ အတွေးတွေထဲမှာ နစ်မြောနေတုန်းရှိသေးတယ်၊ TV ထဲက ထွက်လာတဲ့အသံကတော့ သူ့နားစည်ထဲကို ခပ်ပြင်းပြင်းဝင်ရောက်လာလေတယ်။
“အစောပိုင်းတွင်ကျင်းပခဲ့သော ရုပ်ရှင်သရုပ်ဆောင် ခန်းကျန့်၏သတင်းစာရှင်းလင်းပွဲအရ အာရှအပြည်ပြည်ဆိုင်ရာ ကုမ်ပဏီသူဋ္ဌေး၏သမီး၊ တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သော ရှန်းလင်းလင်းသည် သူမ၏ ဆိုရှယ်မီဒီယာအကောင့်တွင် သူမနှင့်ခန်းကျန့်၏ စေ့စပ်ပွဲသတင်းကို လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က အတည်ပြုခဲ့ကြောင်း……….”
ပိုင်လန်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး TV ဖန်သားပြင်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ငေးကြောင်ကြည့်နေမိတယ်။
TV က သတင်းစာရှင်းလင်းပွဲတစ်ခုကို ပြသနေတယ်။ ကင်မရာမီးရောင်တွေက တဖြတ်ဖြတ်လက်နေပြီး မှားနိုင်စရာမရှိလောက်အောင် ရင်းနှီးနေတဲ့ ခန်းကျန့်ရဲ့မျက်နှာကို အလုအယက် ဖော်ပြနေကြတယ်။ အဲဒိမျက်နှာပေါ်မှာ မျက်စိကျိန်းစပ်နိုင်လောက်အောင် တောက်ပနေတဲ့ အပြုံးတစ်ခုလည်း ရှိသေးတယ်။
“သူမက အားလုံးရဲ့ကောင်းချီးတွေကို အလွန်တရာမှ ကျေးဇူးတင်လျက်ရှိပြီး ခန်းကျန့်ကိုလည်း ဒိထက်ပိုပြီး ထောက်ခံပေးသွားဖို့မျှော်လင့်ကြောင်း ရေးသားခဲ့ပါတယ်။ ခန်းကျန့်ရဲ့အောင်မြင်မှုဆီသို့သွားရာလမ်းကြောင်းကတော့ မလွယ်ကူလှပါဘူး။ သူက သနားကြင်နာတတ်ပြီး ဖြောင့်မတ်မှန်ကန်တဲ့ လူမျိုးဖြစ်ကြောင်းလည်း ပြသခဲ့ပါတယ်။ မဟုတ်မှန်တဲ့ ကောလဟလတွေကို လွှင့်သူတွေနဲ့ လိင်တူချစ်သူဖြစ်ကြောင်း စွပ်စွဲခဲ့တဲ့ ပိုင်လန်တို့ကိုတော့ စိတ်မကောင်းဖြစ်မိရုံမှမတပါး ဘာမှရှိကြောင်း ရှန်းလင်းလင်းက ဖော်ပြခဲ့ပါတယ်။ သူမက ခန်းကျန့်နဲ့ နှစ်နှစ်တိုင်တိုင်ချစ်သူတွေ ဖြစ်ခဲ့ကြပြီး ယခုအချိန်မှ တရားဝင်ကြေငြာ……..”
TV ကကြေငြာသံတွေကို ကြားပြီး ပိုင်လန်ရဲ့ တကိုယ်လုံးက တုန်လာတယ်။
“အခုတော့ သူတို့နှစ်ဦးက အနာဂတ်အတွက် အစီအစဉ်တွေရေးဆွဲပြီး မိသားစုတစ်ခုတည်ထောင်တော့မှာ ဖြစ်ပါတယ်။ ကောလသလတွေကိုလည်း အမြန်ဆုံးအဆုံးသတ်သွားဖို့ မျှော်လင့်နေကြပါတယ်။ မင်္ဂလာပွဲ ကျင်းပမယ့်ရက်ကိုတော့ ဆုံးဖြတ်နေကြဆဲဖြစ်ပြီး ခန်းကျန့် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်မယ့် ဒါရိုက်တာကော်ရှန်၏ နောက်ဆုံးအထူးလက်ရာ ဖြစ်တဲ့ ‘တောင်တန်းတွေပေါ်မှာရွာတဲ့မိုး’ ရုပ်ရှင်အပြီးမှ စီစဉ်မယ်လို့ ကြားသိရပါတယ်။ မိသားစုတွေ သူငယ်ချင်းတွေဆီမှ ဆုမွန်ကောင်းတွေကိုလည်း ရရှိစေချင်ကြောင်း အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း……………”
ထုတ်လွှင့်နေတဲ့အသံက ပြတ်သားရှင်းလင်းနေပြီး စကားလုံးတစ်လုံးချင်းစီက ပိုင်လန်ရဲ့ နှလုံးသားကို ဓားနဲ့မွှန်းနေသလိုပဲ။
ပိုင်လန်က အသက်ရှူလို့မရတော့သလို ရုတ်တရက်ခံစားလိုက်ရတယ်။ တစ်ပတ်တိတိ ညဖက်အိပ်မပျော်ခဲ့တာပါ ထည့်ပေါင်းလိုက်တဲ့အခါ မျက်စိရှေ့က မြင်ကွင်းက ရုတ်တရက်ကြီး မည်းမှောင်သွားတယ်။ သူ့ရင်ဘတ်ထဲက ပြင်းထန်တဲ့နာကျင်မှုက နှလုံးသားကို ထိုးခွဲသွားသလိုပဲ။ ပိုင်လန်က ဘယ်ဖက်ရင်အုံပေါ်က အင်္ကျီစကို သတိရတချက် မရတချက်နဲ့ ဆွဲစုပ်ထားတယ်။
သူ့ရှေ့ကလူက လန့်ဖြန့်သွားပြီး ရှေ့ကိုတိုးလာတယ်။ ပိုင်လန်က နောက်ဆုတ်ဖို့ကြိုးစားလိုက်ပေမယ့် ဘာမှမတတ်နိုင်တော့ဘူး။ သူ့နာကျင်မှုက နှစ်ဆပြင်းထန်လာတယ်။ သူ့နားထဲမှာတော့ ‘မင်္ဂလာဆောင်’ ‘ချစ်သူတွေ’ စတဲ့စကားတွေက ပဲ့တင်ထပ်နေတယ်။
နာကျင်မှုက တစ်စတစ်စ ပိုပြီး ပိုပြီး ပြင်းလာတယ်။ ချွေးစေးတွေကလည်း မျက်ရည်တွေနဲ့အတူ ရောကျလာပြီး မျက်နှာပြင်တစ်ခုလုံး စိုရွှဲကုန်ပြီ။
သူ သတိလစ်မသွားခင် နောက်ဆုံးအသိတစ်ခုကတော့ သူ ဘယ်တော့မှ မကြားချင်ခဲ့တဲ့ အက်ရှရှအသံတစ်ခုက စိုးရိမ်ပူပန်မှုတွေအပြည့်နဲ့ အော်ခေါ်လိုက်တာပဲ။
“ပိုင်လန်!!!”
…………………….
ပြင်းထန်တဲ့နာကျင်မှုက ပိုင်လန်ကို ဆိုးရွားတဲ့အိမ်မက်ဆိုးကနေ နောက်တစ်ကြိမ်နိုးလာစေတယ်။
သူက မျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ တိတ်ဆိတ်နေတဲ့အခန်းထဲမှာ ပင့်သက်ရှိုက်သံနှင့်အတူ အသက်ရှုသံပြင်းပြင်းကို ကိုယ်တိုင်ပြန်ကြားနေရတယ်။
ပိုင်လန်က အခုအိပ်ယာပေါ်မှာ။ ပြတင်းပေါက်ကဝင်လာတဲ့ လမ်းမီးရောင်ကြောင့် တောက်ပနေတဲ့ အဖြူရောင်မျက်နှာကြက်ကို ငေးကြည့်နေပြီး မိမိရဲ့ ပြင်းထန်တဲ့နှလုံးခုန်သံ ဒုန်း.ဒုန်း.ဒုန်း ကို နားထောင်နေတယ်။ ဒါက အချိန်မရွေး ပေါက်ထွက်သွားတော့မလိုပဲ။
အချိန်အကြာကြီး နှလုံးခုန်တာ နှေးသွားတော့မှ ပိုင်လန်က မျက်နှာကို ပွတ်လိုက်ပြီး ရေတစ်ငုံလောက်သောက်ဖို့ ထလိုက်တယ်။
သူ့အိပ်ယာဘေးမှာ နွေးထွေးတဲ့ ရေနွေးဓါတ်ဗူးတစ်ဗူးရှိတယ်။ သူက ညအိပ်ယာမဝင်ခင် အိပ်ယာဘေးနားထားတဲ့အကျင့်ကို လွန်ခဲ့တဲ့နေ့တွေထဲက လုပ်ထားတာ။
နွေးထွေးတဲ့ ရေတွေက လည်ချောင်းတစ်လျှောက်စီးသွားတော့မှပဲ ပိုင်လန်က ညတိုင်းညတိုင်းမက်နေတဲ့ အိမ်မက်ဆိုးကြီးကနေ လွတ်မြောက်လာသလို ခံစားလိုက်ရတယ်။
ဒါပေမယ့် ဒါက အိမ်မက်ဆိုးသက်သက်ပဲဆို ဘယ်လောက်ကောင်းလိုက်မလဲ။
ပြီးတော့ ဒါက အိမ်မက်တစ်ခုမဟုတ်ဘူး ဆိုရင်ရော သူဘယ်လို အဓိပ္ပါယ်ဖွင့်ရမလဲ……။
ပိုင်လန်က ရေနွေးဓါတ်ဗူးကို ဆုပ်ကိုင်ထားရင်း အမှောင်ထဲကို ရည်ရွယ်ရာမရှိငေးကြည့်နေတယ်။
ခဏနေတော့ သူ့မျက်လုံးတွေက အိပ်ယာဘေးနား စားပွဲပေါ်မှာ တင်ထားတဲ့ ဒစ်ဂျစ်တယ်ကိန်းဂဏန်းပြနာရီကို တစ်ချက်လှည့်ကြည့်လိုက်တယ်။ နာရီမှာ ပြနေတာက သြဂုတ်လ ၂၃ ရက်၊ ၂၀XX ခုနှစ်။
ဒီအချိန်က လွန်ခဲ့တဲ့ ဆယ်နှစ်က နွေရာသီလေ။
သူက နှလုံးဖောက်သေဆုံးသွားခဲ့ပြီး ပြီးဆုံးခဲ့တဲ့ဆယ်နှစ်ရဲ့တစ်နေ့ကို ပြန်လည်ရောက်ရှိလာတာ။
………………………………..
အခုအချိန်ကစပြီး လာမယ့်အနာဂတ်ဆယ်နှစ်ရဲ့ အနုပညာလောကမှာ ပိုင်လန်က စူပါစတားတစ်ယောက် မဟုတ်ပေမယ့် လူသိများတဲ့ ရုပ်ရှင်မင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူ့မှာ နွေးထွေးပြီး နူးညံ့တဲ့ ပုံရိပ်တစ်ခုရှိတယ်။ အချိန်အကြာကြီးထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲ ‘ဘဝလက်တွဲဖော်များ’ မှာ သူက ငယ်ရွယ်တဲ့ ကလေးတစ်ယောက်အဖေအဖြစ် သရုပ်ဆောင်ရတယ်။ ငါးနှစ်အရွယ် ကလေးငယ်လေးတစ်ယောက်ရဲ့လက်ကို ဆွဲပြီး အဖေနဲ့သားပုံရိပ်က ကြည့်ရှုသူ ပရိသတ်တွေရဲ့စိတ်ထဲမှာ စွဲမြဲသွားစေခဲ့တာပေါ့။
ဒီလိုကောင်းမွန်တဲ့ကာရိုက်တာတစ်ခုက သူ့ရဲ့ပုံရိပ်ကို အများကြီး မြှင့်တင်ပေးပြီး ပိုင်လန်ရဲ့ပရိသတ်ပမာဏကို ကျောင်းနေအရွယ်ကလေးငယ်တွေကနေ အသက် ၇၀ ၈၀ အဘိုးအဘွားတွေအထိ တိုးပွားလာစေတယ်။ အချိန်အတော်ကြာတစ်ခုထိလည်း သူက မိန်းမငယ်လေးတွေရဲ့နှလုံးသားမှာ စံပြခင်ပွန်းကောင်းတစ်ယောက်ရဲ့ ပုံရိပ်တစ်ခု ဖြစ်ခဲ့တယ်။
ပိုင်လန်က သန့်ရှင်းပြီးနွေးထွေးတဲ့ သူ့ရဲ့ပုံရိပ်နဲ့လိုက်ဖက်စွာပဲ အညိုတစ်ချက်မသန်းဘဲ ဖြူဖွေးတဲ့အသားအရေကို ပိုင်ဆိုင်ထားတယ်။ ဖြောင့်စင်းပြီး တောက်ပတဲ့အနက်ရောင်ဆံပင်တွေနဲ့ သဘာဝအနီရောင်သန်းနေတဲ့ နှုတ်ခမ်းပြည့်ပြည့်တစ်စုံလည်း ရှိသေးတယ်။ ပိန်သွယ်ပြီး မြင့်မားတဲ့အရပ် ထပ်ပေါင်းလိုက်တော့ ရှေးဟောင်းပုံပြင်စာအုပ်တွေထဲက စာသင်သားလေးတစ်ယောက် ပြင်ပကမ္ဘာမှာ ကိုယ်ထင်ပြလာသလိုပဲ။ ‘ဘဝလက်တွဲဖော်များ’ ဇာတ်လမ်းက နာမည်ကြီးလာခဲ့ပြီးနောက် ပိုင်လန်ရဲ့ပုံရိပ်ကလည်း တစ်စတစ်စ ဖျောက်ဖျက်မရနိုင်အောင် ဖြစ်လာတယ်။
ဒါပေမယ့် ဒီလို ကောင်းကျိုးမျိုးက အကန့်အသတ်လည်း ရှိတယ်။ သူ့ရဲ့ကုမ်ပဏီက စီစဉ်ပေးတဲ့ နောက်ထပ် ဇာတ်လမ်းတွဲငါးခုလုံးကလည်း ဒီလိုမျိုး ဖြောင့်မတ်မှန်ကန်တဲ့ ကာရိုက်တာမျိုးတွေချည်းပဲ။ နည်းနည်းလေးတောင်မပြောင်းဘူး။ ဒါကြောင့် ပိုင်လန်ရဲ့ ရှေ့အလားအလာက ဘောင်တစ်ခုတည်းမှာပဲ ကန့်သတ်ခံလိုက်ရတယ်။
ဒီလိုမင်းသားလေးပုံရိပ်မျိုးက ကုန်ပစ္စည်းကြော်ငြာအမျိုးအမျိုးအတွက် သင့်တော်လေတော့ ကောင်းကျိုးက ဆိုးကျိုးထက် ပိုပြီးတော့များတာပေါ့။ ဝင်ငွေအခွန်ပေးဆောင်နှုန်းနဲ့ တွက်ချက်ရမယ်ဆိုရင် ပိုင်လန်က ထိပ်တန်းအနုပညာရှင်ငါးယောက်ထဲမှာ ပါဝင်တယ်။ ဒါက ငွေတစ်ခုတည်းအတွက်နဲ့ အနုပညာလုပ်နေသလိုမျိုး ဖြစ်သွားစေတယ်လေ။
( Note- သဘောက ပိုင်လန်က ဇာတ်ရုပ်အမျိုးမျိုးကို သရုပ်ဆောင်ပြီး အရည်အသွေးနောက်မလိုက်ဘဲ ကာရိုက်တာတွေ ထပ်လာပြီး ကြော်ငြာရိုက် ငွေနောက်ပဲ လိုက်နေတယ်လို့ပြောချင်တာ)
ဒါပေမယ့် အဖြူရောင်ဖြစ်လေလေ အရောင်ဆေးဆိုးရတာ ပိုလွယ်လေလေပဲ။ ပြစ်မျိုးမထင်တဲ့ ပုံရိပ်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်လန်လို လူတစ်ယောက်က ကောလဟလလေး အနည်းငယ်လောက်နဲ့ ပျက်စီခြင်းငါးပါးဆိုက်သွားနိုင်တယ်။
ပိုင်လန်က သရုပ်ဆောင်သက်တမ်း ဆယ်နှစ်အတွင်းမှာ ဘဝရဲ့စမ်းသပ်မှုကို သုံးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရတယ်။
ပထမတစ်ကြိမ်ကတော့ ‘ဘဝလက်တွဲဖော်များ’ နာမည်ကြီးပြီး သိပ်မကြာခင်မှာပဲ။ အစ်ကိုဖြစ်သူ ပိုင်လိရဲ့ များပြားလှတဲ့အကြွေးတွေက ပိုင်လန်ရဲ့ပုံရိပ်ကို ရိုက်ခတ်စေခဲ့တယ်။ ဒါပေမယ့် မိသားစုအရေးဖြစ်လေတော့ ပိုင်လန်ကို တိုက်ရိုက်ကြီးတော့ မသက်ရောက်ဘူး။ သူက အကြွေးတွေကို ဖြေရှင်းပေးပြီး လူပြောသူပြောဖြစ်လာတဲ့ ရှုပ်ထွေးလှတဲ့မိသားစုအရေးကို ရှင်းပေးခဲ့ရတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်လည်းပြီးရော နာမည်ကြီးစပြုနေတဲ့ သူ့ရဲ့ဂုဏ်သတင်းက ပြန်လည်ထိုးကျသွားလေတယ်။
ဒုတိယတစ်ကြိမ် ပိုင်လန်ကိုနာမည်ရလာစေတာက နှစ်အနည်းငယ်ကြာပြီးနောက်မှာပဲ။ အဲဒိအချိန်မှာ ပိုင်လန်က ‘ညစာဘယ်သူဒကာခံမှာလဲ’ ဆိုတဲ့ တီဗွီအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ရတယ်။ ဖော်ရွေပြီး ခန့်ညားလှပတဲ့လူငယ်လေးက ဟင်းချက်ပစ္စည်းတွေကို ရွေးချယ်ပြီး နာမည်ကြီးစတားတွေအိမ်သွားရောက်ကာ သူတို့ဧည့်သည်တွေကို ညစာတည်ခင်းရတယ်။ ပရိသတ်တွေက တစ်ချိန်တည်းမှာ စတားတွေရဲ့ ဇိမ်ခံအိမ်ကြီးတွေကို ကြည့်ရှုခွင့်ရယုံမက သူတို့ဘဝတွေကိုပါ တစ်စေ့တစ်စောင်း မြင်တွေ့ခွင့်ရတယ်။ ဒါ့အပြင် ဂရုတစိုက်ရွေးချယ်ထားတဲ့ မီနူးတွေနဲ့ အရသာရှိလှတဲ့ဟင်းလျာတွေက အိမ်ရှင်မတွေနဲ့ အမေအရွယ် အဘွားအရွယ် ပရိသတ်တွေကြားထဲမှာ အတော်လေးရေပန်းစားခဲ့တယ်။
ပိုင်လန်ကလည်း နံပါတ်တစ်အမျိုးသားသရုပ်ဆောင်အဖြစ် နာမည်ပြန်ကြီးလာပြီး အမျိုးသမီးတိုင်းက လက်ထပ်ချင်ကြလေတယ်။ ဒါက သူ့ရဲ့ဟင်းချက်လက်ရာကြောင့်ဆိုရင်လည်း မမှားပါဘူး။ အချက်အပြုတ်နဲ့ပတ်သက်တဲ့ ကုမ်ပဏီတိုင်းက ပိုင်လန်ကို သူတို့ကုန်ပစ္စည်း ကြော်ငြာပေးလိုကြတယ်။ ဒါတွေအားလုံးက နာမည်ကြီး ဝက်ပ်ဆိုဒ်တစ်ခုမှာ ဝေဝေဝါးဝါးဗီဒီယိုတစ်ခု ထွက်ပေါ်မလာခင်အထိပါပဲ။ ဗီဒီယိုထဲမှာ ပိုင်လန်က ဇိမ်ခံရွက်လှေပါတီပေါ်မှာ လောင်းကစားလုပ်ပြီး မူးယစ်ဆေးဝါးသုံးစွဲနေတယ်ဆိုပြီး စွပ်စွဲခဲ့ကြပါတယ်။ ပိုင်လန်ကလည်း ရဲတွေရဲ့အစစ်အဆေးခံလိုက်ရပြီး တိကျတဲ့သက်သေ မရှိတာတောင်မှ သူ့ရဲ့အမည်ကတော့ ဒုတိယအကြိမ် ကျဆင်းခဲ့ပြန်ပါတယ်။
ဒါပေမယ့် ကံတရားက ပိုင်လန်ကို မျက်နှာသာပေးပါတယ်။ လုပ်စရာကိုင်စရာသိပ်မရှိတဲ့ တိတ်ဆိတ်ပြီး အထီးကျန်လှတဲ့(၂)နှစ်တာကို ဖြတ်သန်းပြီးနောက်မှာ ပိုင်လန်က အချစ်သီချင်းတစ်ပုဒ်ရဲ့ MV မှာ ဝင်သရုပ်ဆောင်ခဲ့ပြီး ကြည့်ရှုသူတွေကို ကျက်သရေရှိပြီး ငယ်ရွယ်တဲ့ပုံရိပ်တစ်ခုကို ထင်ကျန်ခဲ့စေပြန်တယ်။
ဒီအချိန်မှာတော့ ပိုင်လန်က အနုပညာလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဖြစ်နေပြီ။ ဆိုးရွားလှတဲ့ မိုးသက်လေပြင်းဒဏ်ကို နှစ်ကြိမ်တိုင်ခံလိုက်ရတော့ လူတွေအကြောင်းကိုလည်း သိပြီးဖြစ်နေပြီ။ ကြံ့ကြံ့ခံနိုင်ဖို့ သင်ယူပြီးသားဖြစ်နေပါပြီ။ ဒီလိုမျိုးခံနိုင်ရည်နဲ့ ခွန်အားတွေက အောင်မြင်မှုတွေကိုပဲ ရရှိထားတဲ့ ငယ်ငယ်ရွယ်ရွယ်အနုပညာရှင်အသစ်တစ်ယောက် ပြသနိုင်တဲ့ အရာမျိုးတော့ မဟုတ်ပါဘူး။
သူက ‘နေဝင်ချိန်’ ဆိုတဲ့ ရုပ်ရှင်ကားမှာ ဒုတိယဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ဖို့ ဖြစ်လာတယ်။ အစပိုင်းမှာ အထင်လွဲခံရပြီး အဆုံးသတ်မှာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကို နောက်ကွယ်ကနေ တိတ်တိတ်လေး ဆုမွန်ကောင်းတောင်းခဲ့တဲ့ သနားဖွယ်ရာ ဇာတ်ကောင်အဖြစ် ပုံဖော်ခဲ့ရတယ်။ ဒီကာရိုက်တာက ပိုင်လန်ရဲ့ကံမကောင်းအကြောင်းမလှတဲ့ ကိုယ်ပိုင်ဘဝကိုလည်း ပေါ်လွင်စေပြီး ဒီလွှမ်းမိုးမှုကနေပဲ ပိုင်လန်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တတိယအကြိမ် အောင်မြင်ခဲ့ပြန်တယ်။
ဒါပေမယ့် အမြင့်ကိုတက်လေလေ လေတိုက်လေလေပါပဲ။ ပိုင်လန်အတွက်ကတော့ တတိယတစ်ကြိမ်က နောက်ဆုံးဖြစ်ခဲ့တယ်။ ဒီတစ်ကြိမ်မှာတော့ ပိုင်လန်က လိင်တူနှစ်သက်သူလို့ စွပ်စွဲခံလိုက်ရလေတယ်။
ကောလဟလတွေအရ ပိုင်လန်က လိင်တူကြိုက်ယုံတင်မကဘူး ရွံစရာကောင်းတဲ့လူလို့ပါ ပြောဆိုကြတယ်။ ဘာကြောင့်လဲဆိုတော့ သူက သရုပ်ဆောင်အသစ်တစ်ယောက်ဖြစ်တဲ့ ခန်းကျန့်ကို ဆိုးရွားတဲ့နည်းလမ်းတွေနဲ့ မြူဆွယ်ခြိမ်းခြောက်ခဲ့လို့ပဲဖြစ်တယ်။ သူ့ရဲ့ အပေါ်ယံသန့်ရှင်းတဲ့ ရုပ်ရည်လေးနဲ့မလိုက် နောက်ကွယ်မှာ ညစ်ပတ်တဲ့နည်းလမ်းတွေနဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးလို့ ပြောဆိုကြတယ်။ လူချမ်းသာတွေရဲ့အိပ်ယာပေါ်တက်ပြီး နာမည်ကြီးလာတယ်လို့လဲ စွပ်စွဲကြတယ်။ ဒါတွေကို ခန်းကျန့်ကလည်း စိတ်ပျက်လာပြီး နောက်လူတွေ မခံရအောင် အနစ်နာခံဖော်ထုတ်ပေးဖို့ရာ ရွေးချယ်စရာမရှိတော့ဘူးပေါ့။
အစတုန်းက ပိုင်လန်အတွက်ဖြစ်တဲ့ ‘တောင်တန်းပေါ်မှာ ရွာတဲ့မိုး’ ရုပ်ရှင်က ခန်းကျန့်အတွက်ပြောင်းလဲသွားပြီး ဝဋ်လည်တာလို့ လူတွေက သတ်မှတ်ကြလေတယ်။ ဒီလိုမျိုး အမှိုက်ကောင်က အနုပညာလောကထဲက ပျောက်ကွယ်သွားသင့်ပြီး နောက်ထပ် ပေါ်မလာသင့်တော့ဘူးလို့ မှတ်ချက်ပြုကြလေတယ်။
……………………………
အွန်လိုင်းပေါ်မှာ ဒီလိုမျိုး ဆိုးရွားတဲ့ကွန်မန့်တွေ တွေ့တဲ့အခါတိုင်း အတိတ်ကို ပြန်သတိရသလို ပိုင်လန်ရဲ့နှုတ်ခမ်းထောင့်တစ်စုံက အမြဲကွေးတက်သွားလေ့ရှိတယ်။ ဒါတွေအားလုံးက ခန်းကျန့်သူ့ကိုပြောခဲ့တယ့် စကားတွေနဲ့ယှဉ်ရင် ဘာမှမဟုတ်သေးဘူး။
‘အားလန်.. ငါတို့အချင်းချင်းချစ်ကြတယ်လေ။ အခြားသူတွေကို ထိခိုက်စေတာလည်းမဟုတ်ဘူး။ ဘာလို့ ငါတို့အကြောင်းကို ဖုံးကွယ်ထားမှာလဲ။’
‘မင်းကငါ့ကို ကောင်းစေချင်လို့ဆိုတာသိပါတယ်။ ဒါပေမယ့်ငါက မင်းဘေးမှာ မားမားမတ်မတ်ရပ်တည်နေတာကိုပဲ လိုချင်တာ။ တစ်လောကလုံးရဲ့ရှေ့မှာ မင်းရဲ့လက်ကို ကိုင်ထားချင်တာ။ ငါမင်းကိုအရမ်းချစ်တယ်။ ငါနောက်ထပ်မဖုံးကွယ်ထားချင်တော့ဘူး။ ငါမခံစားနိုင်တော့ဘူး’
‘ငါတို့အနာဂတ်ကိုပဲ တွေးရအောင်။ ငါတို့အကြာကြီးတွဲလာခဲ့တာလေ။ မင်းလက်ကိုတစ်သက်လုံး မလွှတ်ဘူးဆိုတာ မင်းလည်းသိတာပဲကို။ ငါတို့ဘဝတွေကို ရေမြောင်းထဲက ကြွက်တွေလို ဘာလို့အမှောင်ထဲမှာ ရှင်သန်ရမှာလဲ’
‘ငါတို့ဘာလို့ မကြိုးစားကြည့်ရမှာလဲ။ စွန့်စားလိုက်ရအောင်။ ငါတို့အကြောင်းကို ဝန်ခံပြီးရင်လည်း ထောက်ခံမှုတွေ ရနိုင်မှာပါ။ ဒီကွန်မန့်တွေကို ကြည့်လိုက် ဖန်တွေက ငါတို့ဘာလုပ်လုပ် ထောက်ခံမယ်လို့ ပြောနေကြတာပဲဟာကို။ ဘာကြောက်စရာရှိလို့တုန်း’
‘ဘာပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးက ငါတို့ကို ကန့်ကွက်စေဦး၊ ငါတို့တစ်ယောက်ကိုတစ်ယောက် အချင်းချင်း ဖေးမလို့ရသေးတာပဲလေ၊ မဟုတ်ဘူးလား’
……………………………..
ခန်းကျန့်ရဲ့တောင်းဆိုမှုတွေကို တောင့်မခံနိုင်တဲ့အဆုံးမှာ ပိုင်လန်က ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ တုံးအခဲ့တာပါပဲ။ တကယ့်ကို ဦးနှောက်မရှိတဲ့ တုံးအသူတစ်ယောက် ဖြစ်ခဲ့တာပါပဲ။
သူတို့က အရင်တိုင်ပင်ထားခဲ့ကြတယ်။ ပိုင်လန်က အရင်ဆုံး ဂေးဘားတွေ ၊ ဂေးပါတီပွဲတွေမှာ လူလုံးထွက်ပြပြီး ဖန်တွေရဲ့ နားလည်မှုကို ရရှိဖို့ အရင်အချိန်ယူကြမယ်ပေါ့။ နောက်တစ်ဖြည်းဖြည်း ပရိသတ်တွေလက်ခံလာအောင် ကြိုးစားကြမယ်ပေါ့။ ဒါပေမယ့် ပိုင်လန်က ခြေလေးတစ်ဖက်ထွက်ပြီး ဝန်ခံဖို့ အရိပ်အမွက်ပြရုံလေး ရှိပါသေးတယ်၊ အရာအားလုံးက ပြောင်းလဲသွားတယ်။ ခန်းကျန့်က ဆက်သွယ်မရဖြစ်သွားပြီး ပြင်းထန်တဲ့ စွပ်စွဲမှုတွေက နောက်ဆက်တွဲ တစ်သီကြီးပေါ်ပေါက်လာတယ်။
ပိုင်လန်က ဒါတွေကို ခက်ခက်ခဲခဲလက်ခံနေရတယ်။ ဒါပေမယ့် သူချစ်တဲ့သူကို ပေးထားတဲ့ကတိ တည်ချင်တော့ ထွက်မပြေးဘဲ မုန်တိုင်းထဲမှာ ကြံ့ကြံ့ခံဖို့ရာ အားတင်းခဲ့ရတယ်။ သူက အရင်ဖြစ်ရပ်နှစ်ခုကိုလည်း ဒီလိုမျိုး ဖြတ်ကျော်ခဲ့တာပဲလေ။ သူ့အဖေ၊သူ့အမေနဲ့ သူ့အစ်ကိုတို့က လူဘုံအလယ်ထွက်ပြီး ရေစက်ဖြတ်မယ်ဆိုပြီး ဆန့်ကျင်ခဲ့ကြတာတောင်မှ အံတင်းတင်းကြိတ်လို့ တောင့်ခံခဲ့တယ်။
ဒါပေမယ့် နှစ်ပတ်လောက်လည်းကြာရော ပိုင်လန်က ခန်းကျန့်ရဲ့သတင်းကို သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ကြားလိုက်ရလေတယ်။ အဲဒိမှာ ခန်းကျန့်နဲ့ ရှန်းလင်းလင်းရဲ့ မင်္ဂလာဆောင်သတင်းကိုလည်း ကြေငြာခဲ့ပြီး တစ်ချိန်တည်းမှာပဲ ခန်းကျန့်က သူအကြာကြီးထိန်းသိမ်းလာခဲ့တဲ့ ပုံရိပ်ကိုပါ ခိုးယူသွားလေတယ်။
အရာအားလုံးက ရှင်းရှင်းလင်းလင်းဖြစ်ခဲ့ပါပြီ။ ဒါပေမယ့် ကံမကောင်းတာတစ်ခုကတော့ ဒါတွေကို သူသေခါနီးမှ သိခဲ့ရတာပါပဲ။
……………………
ရင်းနှီးနေတဲ့နာကျင်မှုမျိုးက သူ့ရင်ဘတ်ကို တစ်စစီမွှန်းနေတယ်။ ပိုင်လန်က အရေးမစိုက်ဘူး။ သူက သူ့ရဲ့ မိုက်မဲမှုတွေအတွက် အမှောင်ထဲမှာ ရယ်မောဖို့ပဲ တတ်နိုင်တယ်။ ဘာကြောင့် ကံတရားက သူ့ကိုလွန်ခဲ့တဲ့ဆယ်နှစ်ဆီ ပြန်ပို့ခဲ့တာလဲ နားမလည်ဘူး။ ရှင်သန်ဖို့အကြောင်းအရင်း ဘာမှမရှိတဲ့ သူ့လိုလူတစ်ယောက်အတွက် ဘာများအရေးကြီးလို့လဲ။ အထူးသဖြင့် နာတာရှည်နှလုံးရောဂါစွဲကပ်နေပြီး စိတ်ဖိစီးမှုမခံရအောင် ဂရုတစိုက်နေထိုင်ဖို့ ဆရာဝန်တွေဆီက မှတ်ချက်ပေးခံထားရတဲ့ လူမျိုးဆီကပဲ။ အရင်ဘဝတုန်းကတော့ ရောဂါကို ဂရုမစိုက်ဘဲ မိုက်မိုက်မဲမဲပြုလုပ်ခဲ့ပေမယ့် အခုဘဝမှာရော ဘာများကွာခြားသွားမှာမို့လို့လဲ။ ရောဂါကြီးက ပျောက်သွားမှာမို့လို့လား။
အသက်ရှင်ဖို့အတွက် ဂရုတစိုက် နေထိုင်ရတယ်။ နေထိုင်ဖို့အတွက် ကြိုးကြိုးစားစားအလုပ်လုပ်ရတယ်။ အရင်ဘဝတည်းက အလုံအလောက်လုပ်ခဲ့ပြီးပြီလို့ ပိုင်လန်က တွေးနေတယ်။ အခုဘဝမှာရော ဘာတွေထပ်လုပ်ရဦးမှာလဲ။ နောက်ဆုံးမှာ သူက ရောဂါကြောင့် ပြင်းထန်တဲ့နာကျင်မှုနဲ့ အဆုံးသတ်သေဆုံးရမှာပဲလေ။ ကျော်ကြားမှုတွေ ၊ဂုဏ်သတင်းတွေက လေထဲမှာ ပျောက်ကွယ်သွားမှာပဲလေ။ သူက ပြန်လည်စတင်ပြီး လက်စားချေနိုင်စေဦး ဘာများဖြစ်လာမှာ မို့လို့လဲ။
ဒါပေမယ့် နောက်ဆုံးအကြိမ်နာကျင်ရတဲ့ အခိုက်အတန့်ကို တွေးလိုက်တဲ့အချိန်တိုင်း၊ နောက်ဆုံးမှာ ထူးဆန်းတဲ့ပုံရိပ်တွေကို တွေးလိုက်တိုင်း သူ မေ့လို့မရနိုင်တဲ့ တစ်စုံတစ်ခုကတော့ ရှိနေခဲ့တယ်။
ဒါက သူ့ဝိဉာဉ်က သူ့ကိုယ်ခန္ဓာက ထွက်သွားသလိုမျိုးပဲ။
အရင်ဘဝတုန်းက သူ့နှလုံးရောဂါဖောက်ပြီး အဖြစ်အပျက်တွေကို ပိုင်လန်က သိမနေသင့်တော့ဘူး။ ဒါပေမယ့် ထူးဆန်းစွာပဲ သူသိနေခဲ့တယ်။ သူလဲကျပြီးနောက်မှာ တစ်စုံတစ်ယောက်က သူ့ရဲ့ မလှုပ်မယှက်ကိုယ်ခန္ဓာကို ပွေ့ထားတယ်။ တစ်စုံတစ်ယောက်က သူ့နာမည်ကို မရပ်မနားခေါ်နေတယ်။ တစ်စုံတစ်ယောက်က သူ့ကို ဆေးရုံခေါ်သွားပေးတယ်။ ဒီပုံရိပ်တွေက သူ့ခေါင်းထဲမှာ ကသောင်းကနင်းနဲ့ဝင်ရောက်လာတယ်။
အရေးပေါ်ဆရာဝန်က ကုသနည်းတွေမအောင်မြင်ကြောင်းကြေငြာခဲ့ပြီး သူက သေဆုံးသွားတယ်။ မိသားစုက သူ့လိုအမှိုက်ကောင်ကို အရင်ကတည်းက ရေစက်ဖြတ်ခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့ အသုဘမှာ တစ်ခုတည်းသော အနက်ရောင်ထီးကလေးတစ်ချောင်းကတော့ သူ့ကိုမိုးပေးခဲ့တယ်။ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပိုင်လက်တွေနဲ့ သူ့ရဲ့ အရိုးပြာတွေကို သင်္ချိုင်းထဲကို ယူဆောင်လာပေးခဲ့တယ်။
ပိုင်လန်က မျက်လုံးတွေကို မှိတ်လိုက်ပြီး မယုံကြည်နိုင်စရာကောင်းတဲ့ မြင်ကွင်းတွေကို ပြန်လည်မြင်ယောင်နေတယ်။
သူကြားဖူးတာ တစ်ခုရှိတယ်။ လူကြီးသူမတွေက ပြောဖူးတယ်။ တစ္ဆေတစ်ကောင်က သူ့ကိုယ်ပိုင်အသုဘမှာ ငိုကြွေးမြည်တမ်းနိုင်ဆုံး လူတစ်ယောက်ဆီမှာ ကျရှုံးသွားတယ်တဲ့။
ချိုးချန်။
သူဖြစ်နေလိမ့်မယ်လို့ ပိုင်လန် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။
……..…………………