အပိုင်း ၁၂၀
Viewers 35k

🍵Chapter 120

(သူဘယ်လိုအသက်ဆက်ရှင်ရမှာလဲ...3)


သူမက ထုံကျားမင်၏အမှတ်စာရွက်ကို လှည့်ကြည့်လိုက်သောအခါ သူမ၏မျက်ခုံးများ‌ကပြေလျော့သွားသည်။


ထုံကျားမင်က အမှန်ပင် အနာဂတ်စီးပွားရေးလောက၏ ခေါင်းဆောင်ဖြစ်ရန် ကံကြမ္မာပါ၏။


သူကရသစာပေတွင် အမှတ်၁၀၀၊ သင်္ချာတွင် ၁၀၀ရ၏။


သူမက သူ့မှတ်စုများကိုကြည့်လိုက်သည်။ မှတ်စုများက သပ်ရပ်ကာ အစီအစဉ်ကျပြီး ကြည့်ရတာစိတ်ချမ်းသာ၏။


သူမက အမှတ်စာရွက်ကို သူတို့နှစ်ယောက်အား ပြန်ပေးလိုက်သည်။ ထို့နောက်သူမက ခနလောက်တန့်နေပြီးမှ ပြောလာ၏။


“အခုကစပြီး ငါတို့အိမ်မှာ ပြောင်းလဲမှုတစ်ချို့လုပ်ရမယ်”


ထုံကျားရှင်း၏ရင်ခုန်သံများ ဒုန်းစိုင်းလာ၏။


“ဘယ်လိုပြောင်းလဲမှုမျိုးလဲ”


“မနက်ဖြန်ကစပြီး နေ့လယ်စာနဲ့ ညစာကို ငါကိုယ်တိုင်ထည့်ပေးမယ်၊ အဲ့ဒီနေ့မှာလုပ်ခဲ့တဲ့ နင်တို့ရဲ့အပြုအမူအပေါ်မူတည်ပြီး စားစရာခွဲတမ်းကိုရမယ်”


“မသန့်ရှင်းတဲ့အပြုအမူလုပ်ရင် အသားတစ်တုံးလျှော့ခံရမယ်၊ စာမေးပွဲကျရင် တစ်လအသားမစားရဘူး”


ထုံကျားရှင်း “……”


ဒီစည်းကမ်းတွေအားလုံးက သူ့ကိုပစ်မှတ်ထားနေတာဘဲ။


ဒီလိုပုံစံမျိုးနဲ့‌ဆိုရင် သူဘယ်တော့မှ အသားစားရတော့မှာမဟုတ်ဘူး။


ထုံကျားရှင်းက ခံစားရလွန်းသဖြင့် ပါးများတောင်နီရဲလာသည်။


“မမကြီး အဲ့ဒါကမတရားဘူး၊ ကျွန်တော့်အမှတ်တွေနဲ့ဆိုရင် ဘယ်တော့မှအသားထပ်စားရမှာမဟုတ်တော့ဘူး”


ထုံရွှယ်လူက သူ့ကိုကြည့်လာ၏။


“အဲ့ဒါက နင်အသားစားချင်လား၊ မစားချင်ဘူးလားဆိုတာအပေါ် မူတည်တယ်လေ၊ အသားစားချင်ရင် နင့်အမှတ်တွေတိုးလာအောင် ဘယ်လိုလုပ်ရမလဲနည်းလမ်းရှာကြည့်ပေါ့”


“ငါက တရားမျှတတဲ့သူပါ၊ တကယ်လို့ နင့်အဆင့်တိုးလာရင် ဆုချမှာပေါ့၊ ဒါပေမယ့် နင့်အဆင့်က အခုနေရာမှာဘဲရှိနေမယ်ဆိုရင် ဘယ်တော့မှအသားမစားရတော့ဘူး”


ထုံကျားရှင်းတစ်ယောက် ငိုမိတော့မည်ဖြစ်သည်။


သူက ကျန်ရှိသည့်တစ်သက်လုံးတွင် အသားစားရတော့မည်မဟုတ်ဟု ခံစားမိသွားသည်။


ထုံကျားမင်ကိုဆုချရန်အတွက် ထုံရွှယ်လူက ကျန်းတန့်ဟုန်လက်‌ဆောင်ပေးခဲ့သည့် ဖောင်တိန်ကိုပေးလိုက်သည်။


သူမဆီတွင် ဝမ်ရူကွေ့ပေးထားသည့် ဖောင်တိန်တစ်ချောင်းရှိနေပြီဖြစ်သဖြင့် ဖောင်တိန်နောက်တစ်ချောင်းမလိုတော့ပေ။ သူမက ‌ထိုဖောင်တိန်ကိုဖြုန်းတီးစရာမလိုပေ။


ထုံကျားမင်က အမြဲပင်တည်ငြိမ်သည့်ပုံစံရှိသော်လည်း ဖောင်တိန်ကိုမြင်သောအခါ သူ့မျက်လုံးများက အရောင်တောက်လာ၏။


“ကျေးဇူးပါ မမကြီး”


ထုံကျားရှင်းက သူ၏ဒုတိယအကိုကိုကြည့်ကာ မနာလိုလာသည်။


ဘဝကြီးက မမျှတလိုက်တာ...


သူမ၏စည်းကမ်းများကို သေချာချမှတ်ကာ စနောက်နေသည်မဟုတ်ကြောင်းကို ထုံကျားရှင်းသိစေရန်အတွက် အိမ်စာလုပ်ပြီးသောအခါ ထုံရွှယ်လူက ထုံကျားမင်နှင့် ထုံမျန်မျန်တို့ကို‌မုယောနို့တစ်ခွက်စီတိုက်လိုက်သည်။ ထုံကျားရှင်းကဘာမှမသောက်ရပေ။


ထုံကျားရှင်းက မျက်လုံးပြူးသွားသည်။


“မမကြီးပြောတော့ အသားကိုဘဲလျှော့မှာဆို ကျွန်တော်ကဘာလို့ နို့မသောက်ရတာလဲ”


သူ စိုးရိမ်နေပြီ၊ သူစိုးရိမ်နေပြီလို့။


“အိုးး ငါခုနကပြောဖို့မေ့သွားတာ၊ အသားအလျှော့ခံရတာက တစ်ခု၊ နင်ကောင်းကောင်းမလုပ်ရင် သရေစာတွေရော ချိုချဉ်တွေပါမစားရဘူး”


ဆိုလိုရင်းမှာ အငတ်တော့မနေရဘူးဒါပေမယ့် အရသာရှိတာတွေလဲ မစားရဘူးဆိုသောအဓိပ္ပါယ်ပင်။


ထုံကျားရှင်းက ငိုချင်လာသည်။ သူက ထုံကျားမင်ကိုလှည့်ကြည့်လိုက်သည်။


“ဒုတိယအကို ကျွန်တော်ကို နည်းနည်းခွဲပေးပါလား”


ထုံကျားမင်က ခနတွေးကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်သည်။


“မရဘူး မင်းသောက်ချင်ရင် အဆင့်တွေတက်လာအောင်လုပ်၊ မနက်ဖြန်ကစပြီး ငါမင်းကိုစာပြပေးမယ်”


ထုံကျားရှင်း : ဝူးဝူးးဝူးးးဒီလိုပုံစံမျိုးနဲ့ သူကဘယ်လိုအသက်ဆက်ရှင်သွားရတော့မှာလဲလို့ QAQ


***

ရက်အနည်းငယ်လောက်လေ့ကျင့်ပြီးသောအခါ ကောင်းဝေ့ဖျင်က တချို့တလေကိုချက်တတ်နေပြီဖြစ်သည်။ ထုံရွှယ်လူချက်သည်လောက် အရသာမကောင်းသော်လည်း ဆိုးလည်းမဆိုးပေ။


ကောင်းဝေ့ဖျင် သူချက်ထားသည်ကို ကိုယ်တိုင်ပြန်မြည်းကြည့်လိုက်သောအခါ မျက်စိများနီရဲလာသည်။


နေ့လယ်စာချိန်ပြီးသောအခါ ထုံရွှယ်လူက ကျောင်းစာအုပ်များကိုထုတ်ပြီး စဖတ်လိုက်သည်။ ထို့နောက်တွင် လျှိုတုံချန်က သူမဆီသို့လျှောက်လာ၏။


လျှိုတုံချန်က ဆံပင်ကိုသပ်ကာ သူမကိုပြောလာသည်။


“ရဲဘော်ထုံ ခနလောက်အပြင်ထွက်လာလို့ရမလား ငါမင်းနဲ့ပြောချင်တာလေးရှိလို့”


သူပြောပြီးပြီးချင်းပင် ထမင်းစားခန်းထဲမှ လူအားလုံးက သူတို့ကိုလှည့်ကြည့်လာကြသည်။


အထူးသဖြင့် ထန်ရှောင်ယန်ပင်။ သူမ၏မျက်လုံးများက မီးလုံးကြီးလိုပင် ထုံရွှယ်လူနှင့် လျှိုတုံချန်အား စိုက်ကြည့်နေ၏။


ထုံရွှယ်လူက ခေါင်းရှုပ်သွားသည်။


“ကျွန်မတို့ ဒီမှာဘဲပြောလို့မရဘူးလား”


လျှိုတုံချန်က ခေါင်းခါပြလိုက်သည်။


“အဲ့ဒီလိုက သင့်တော်မှာမဟုတ်ဘူး၊ အပြင်ကိုသာထွက်ခဲ့လိုက်ပါ”


ထုံရွှယ်လူသည် လျှိုတုံချန်တစ်ယောက် ထူးဆန်းနေသည်ဟု ခံစားမိသွားသည်။ သို့သော် အခုကနေ့ဘက်ဖြစ်ကာ အပြင်ဘက်တွင်လည်း လင်းထိန်နေသောကြောင့် ‌ခနလောက်တွေးကြည့်လိုက်ပြီးနောက် သူ့နောက်မှလိုက်သွားလိုက်သည်။


သူတို့နှစ်ယောက်က စားသောက်ဆိုင်မှ ၃-၄မီတာအကွာတွင် ရပ်လိုက်ကြသည်။


ရာသီဥတုက တဖြည်းဖြည်း ပိုပိုအေးလာ၏။ နေ့လယ်အချိန်တွင်တောင်မှ အပြင်ဘက်တွင် လေပြင်းနေကာ လေများက လူတစ်ယောက်၏မျက်နှာကိုတောင် နာကျင်စေနိုင်ပေသည်။


“မန်နေဂျာလျှို ရှင်ကျွန်မကိုဘာပြောချင်လို့လဲ”


သူမက လေပြင်းနေသောအပြင်ဘက်တွင် သူ၏လေးထောင့်ပုံစံမျက်နှာကြီးကို ကြည့်နေရသည်မှာ အဆင်မပြေပေ။


(“မင်းကဒါနဲ့အရမ်းလှတယ်”(1))


လျှိုတုံချန်၏ဆံပင်က လေကြောင့်ပွသွားသဖြင့် သူကတစ်ခါပြန်သပ်လိုက်သည်။


“ရဲဘော်ထုံ ငါမင်းရဲ့ခံစားချက်တွေကို နားလည်ပါတယ်၊ သေသေချာချာစဉ်းစားလိုက်ပြီးတဲ့နောက်မှာ ငါမင်းနဲ့ရှေ့ဆက်သွားဖို့ ဆုံးဖြတ်လိုက်တယ်”


? ? ?

လေထုထဲတွင် တိတ်ဆိတ်မှုများ လွှမ်းမိုးလာသည်။


ထုံရွှယ်လူက သူ့ကိုအရူးတစ်ယောက်ကို မြင်နေရသလို ကြည့်လိုက်သည်။


“မန်နေဂျာလျှို ရှင်တစ်ခုခုကိုအထင်လွှဲနေပြီထင်တယ်”


သူမ၏ မျက်စိကန်းနေလျှင်တောင်မှ ဤအိမ်ထောင်ကျပြီးသော မုဆိုးဖိုကို စိတ်ဝင်စားမှာမဟုတ်ပေ။


သူမက သူ၏ခေါင်းအစခြေအဆုံးကို ဆွဲဆောင်မှုရှိသည်ဟု မခံစားရရုံသာမက သူ့အိမ်တွင် သားလေးနှစ်ယောက်ရှိ၏။ ထို့အပြင် သူက သူ့အစ်မနှင့်ပတ်သက်ပါက ကျိုးကြောင်းဆီလျော်မှုမရှိပေ။


သူက လစာတစ်ဝက်ကို သူ့အစ်မကိုပေးပြီး အစ်မဖြစ်သူ၏ကလေးများအတွက် ကျူရှင်ခများကိုပါ ပေးသည်ဟု ကြားဖူးပေးသည်။


သူ့ပိုက်ဆံကို သူဘယ်လိုသုံးသည်က သူ၏လုပ်ပိုင်ခွင့်ပင်။ သို့သော်သူမက မျက်စိမကန်းသလို ရူးလည်းမရူးနေပေ။ သူမက ဘာကြောင့် ဒီလိုယောက်ျားမျိုးနဲ့အတူနေချင်ရမှာလဲ။


လျှိုတုံချန်က ဆံပင်ကိုသပ်ကာ ပြန်ဖြေ၏။


“ရဲဘော်ထုံ မင်းရှက်တာကို ငါနားလည်ပါတယ်၊ အဲ့ဒါကိုငြင်းနေစရာမလိုပါဘူး အကုန်လုံးကို ငါသိပြီးသားပါ”


**$$ကိုရှက်တာလား...


ယန်းလီပြောတာမှန်တယ်၊ ယောက်ျားတွေများ သူတို့ပုံစံက ဘာမှမဟုတ်ရင်တောင်မှ အရမ်းကိုယုံကြည်ချက်ရှိနေကြတာဘဲ။


ထုံရွှယ်လူက စက်ဆုပ်ရွံ့ရှာမိသွားကာ ပြန်ပြောလိုက်သည်။


“မန်နေဂျာလျှို ကျွန်မတကယ်ပြောနေတာပါ ရှင်တစ်ခုခုကို အထင်လွဲနေပြီထင်တယ်၊ ကျွန်မကရှင့်အပေါ်မှာ ဘာချစ်‌မှုရေးရာခံစားချက်မှမရှိဘူး၊ နည်းနည်းလေးတောင် မရှိပါဘူး”


လျှိုတုံချန်က သူမပြောသည်ကို မယုံပေ။


“ရဲဘော်ထုံ မင်းငြင်းနေစရာမလိုပါဘူး အရင်တစ်ခေါက်တုန်းက မီးဖိုချောင်ထဲမှာ မင်းရဲဘော်မုန့်နဲ့ပြောနေတာကို ကြားခဲ့တယ်၊ မင်းတို့နှစ်ယောက်လုံးက ငါ့ကိုသဘောကျနေတယ်ဆိုတာ‌ကိုပေါ့ ငါအချိန်အတော်ကြာအောင် တွေဝေနေခဲ့ရတယ်၊ မင်းဘက်ကမိသားစုက အခက်အခဲတစ်ခုဖြစ်နေတယ်လေ ရဲဘော်ထုံ”


 “ရဲဘော်မုန့်ရဲ့မိသားစုက ပိုပြီးရိုးရှင်းတယ် ပြီးတော့ သူမမှာအကိုနှစ်ယောက်ရှိတယ်လေ၊ ဒါပေမယ့် နောက်ဆုံးမှာတော့ ငါမင်းနဲ့ရှေ့ဆက်ဖို့ဘဲ ဆုံးဖြတ်လိုက်တယ် ရဲဘော်ထုံ”


လျှိုတုံချန်က ထိုသို့ပြောပြီးနောက် ‘မင်းငါ့ကိုဒူးထောက်ပြီးတောင် ကျေးဇူးတင်သင့်တယ်’ဟုသော ပုံစံဖြင့် သူမကိုကြည့်လာ၏။


ထုံရွှယ်လူက အန်မိတော့မည်ဖြစ်သည်။


ဤကိစ္စများအားလုံးက ဘယ်ကရောက်လာသည်ကို သူမသိချင်ခဲ့၏။ လက်စသတ်တော့သူ တစ်နေ့တုန်းကသူတို့စကားပြောတာကို ကြားသွားတာကိုး။ ဒါပေမယ့် သူတို့က သူ့အကြောင်းပြောနေတယ်လို့ ဘာကြောင့်ထင်သွားရတာလဲ။


ပြီးတော့ သူမရောမုန့်ချင်းချင်းကပါ သူ့ကိုကြိုက်နေတယ်လို့ ထင်သွားသေးတယ်။


ထုံရွှယ်လူက စက်ဆုပ်လွန်းသဖြင့် အသံထွက်ပြီးတောင် ရယ်လိုက်မိသည်။


“မန်နေဂျာလျှို ကျွန်မနောက်တစ်ခေါက်ထပ်ပြောမယ်နော် ကျွန်မက‌ဈေးထဲမှာဆိုရင်တောင်မှ ရှင့်လိုလူကို ရွေးချယ်မှာမဟုတ်ဘူး”


“ကျွန်မချိန်းတွေ့မယ့်သူက အနည်းဆုံး အရပ်1.8မီတာရှည်ပြီး ဆံပင်တွေအားလုံးလည်း ရှိနေရမယ်၊ အရေးကြီးဆုံးတစ်ခုက သူကလက်ထပ်ဖူးပြီး ကလေးရှိနေတာမျိုး မဖြစ်ရဘူး၊ ရှင်က ကျွန်မစိတ်ထဲက ပုံစံမျိုးမဟုတ်ပါဘူး မန်နေဂျာလျှို ကျေးဇူးပြုပြီး ဒီကိစ္စကိုဆက်မပြောပါနဲ့ မဟုတ်ရင် ကျွန်မရှင့်ကိုရဲတိုင်ရလိမ့်မယ်”


“……”


မုဆိုးဖိုဖြစ်သည့်အပြင် အရပ်1.65မီတာသာရှိပြီး နဖူးပြောင်ကာ ကလေးလည်းနှစ်ယောက်ရှိသော လျှိုတုံချန်သည် သူမကို စိုက်ကြည့်လာ၏။ သူ့မျက်နှာက  သကြားမုံလာလို နီရဲလာလေသည်။


ထုံရွှယ်လူက ထိုအရာကိုမြင်သောအခါ ထွက်သွားရန်လှည့်လိုက်သည်။သို့သော် လျှိုတုံချန်က ရုတ်တရက် သူမ၏လက်ကောက်ဝတ်ကိုဆွဲလာ၏။


ထုံရွှယ်လူက သူ့ဘက်ပြန်လှည့်လာပြီး အေးစက်စွာပြောလိုက်သည်။


“ရှင် လမ်းလယ်ခေါင်ကြီးမှာ ကျွန်မကို ထိပါးချင်နေတာလား”


လျှိုတုံချန်က အပူလောင်သွားသလိုပင် သူမလက်ကိုလွှတ်လိုက်သည်။သူကအသက်ပြင်းပြင်းရှူလိုက်၏။


“ရဲဘော်ထုံ အကယ်၍ဒီကိစ္စက အထင်လွဲသွားတာ ဆိုရင်တောင်မှ မင်းကကောင်းမွန်တဲ့သူတစ်ယောက်လို့ ငါတကယ်ခံစားမိတာပါ၊ ငါတို့ကဘာလို့မတွဲကြည့်ရမှာလဲ”


ထုံရွှယ်လူက သူ့ခေါင်းကိုဖွင့်ကာ ဦးနှောက်ပတ်လမ်းများအား ဘယ်လိုစီစဉ်ထားသည်ကို တကယ်ပင်သိချင်မိသည်။


သူမက ဒီထက်ပိုပြီးလည်း ရှင်းရှင်းမပြောနိုင်တော့ပေ။ ဘာလို့ သူမက သူနဲ့တွဲချင်မယ်လို့ ထင်နေသေးတာလဲ။


“မန်နေဂျာလျှို ကျွန်မခုနက လုံ‌လုံ‌လောက်လောက် ရှင်းလင်းအောင် မပြောလိုက်မိဘူးလား၊ ကောင်းပြီလေ ဒါဆိုလည်းအနာဂတ်မှာပြသနာတွေကို မဖြစ်လာစေဖို့အတွက် ကျွန်မပိုပြီးရှင်းရှင်းလင်းလင်း ပြောလိုက်မယ်၊ ကျွန်မ ထုံရွှယ်လူက ရှင်ဆိုတဲ့လျှိုတုံချန်ကို ဘယ်တော့မှသဘောကျမှာမဟုတ်ဘူး ဒီလောက်‌ဆိုသေချာရှင်းသွားပြီလား မန်နေဂျာလျှို”


ထိုသို့ပြောပြီးနောက် သူမက လျှိုတုံချန်၏မျက်လုံးများက နွားမျက်လုံးလောက် ပြူးလာသည်ကို ဂရုမစိုက်ဘဲ ‌ဆက်ပြောလိုက်သည်။


“အဲ့ဒါကိုမှ ထပ်ပြီးနားမလည်သေးရင် ကျွန်မအခုဘဲ ရဲစခန်းကိုသွားလိုက်တော့မယ်”


လျှိုတုံချန်၏မျက်နှာက ခရမ်းရောင်သန်းလာသည်။ သူက သူမကိုလက်ညှိုးထိုးကာ မာန်မဲလာ၏။


“မင်း မင်းကိုယ်မင်း ဘာပြောနေတယ်ဆိုတာရော သိရဲ့လား”


ထုံရွှယ်လူက မျက်စောင်းထိုးကာ ထွက်သွားလိုက်သည်။


လျှိုတုံချန်က ထိုနေရာတွင်ရပ်နေခဲ့ကာ ဒေါသဖြင့် သေလုမတတ်ဖြစ်သွားသည်။




xxxxx