အပိုင်း ၁၁၉
Viewers 35k

🍵Chapter 119


ဝမ်ရူကွေ့က အခြားသူများစကားပြော၍မပြီးသေးခင်တွင် ဤကဲ့သို့ရိုင်းပျသည့် ကြားဖြတ်ပြောတာမျိုးကို တစ်ခါမှမလုပ်ခဲ့ဖူးပေ။ သို့သော်ငြား ဒီတစ်ကြိမ်တွင် ရွေးချယ်စရာမရှိသဖြင့် ထိုသို့လုပ်ရပေမည်။သူက ကျုံးရှူလန်ကို လေးနက်စွာကြည့်လိုက်သည်။


“ရှီးမူ ကျွန်တော် ရှီးမူသမီးအတွက် စိုးရိမ်တာကို နားလည်ပါတယ်၊ ဒါပေမယ့်ကျိုးရန်က ကောင်မလေးရှိနေပြီလေ၊ ရှီးမူက သူ့ကိုဘယ်လောက်ဘဲသဘောကျပါစေ အဲ့ဒီလိုမလုပ်သင့်ဘူး”


“ရှီးမူက ကျိုးရန်ကိုသူ့ကောင်မလေးနဲ့လမ်းခွဲပြီး ရဲဘော်ကျောင်းရဲ့ကောင်လေးဖြစ်လာစေချင်တာလား၊ ပြီးတော့ သူတကယ်ဘဲအဲ့လိုလုပ်လိုက်ရင် ရှီးမူက သူ့ကို ရဲဘော်ကျောင်းနဲ့အတူရှိဖို့ထိုက်တန်တဲ့သူလို့ တွေးဦးမှာလား၊ အဲ့ဒါက ရဲဘော်ကျောင်းရဲ့အမည်ကို ထိခိုက်စေလိမ့်မယ်၊ ရှီးမူက ဒီအကြောင်းကိုထပ်ပြောသင့်တယ်လို့ ကျွန်တော်မထင်ဘူး”


ကျုံးရှူလန်က ထိတ်လန့်သွားသည်။သူမက မိုးကြိုးပစ်ခံလိုက်ရသလိုပင် ထိုနေရာမှာရပ်နေ၏။


သူဘာတွေပြောနေတာလဲ...သူမက ကျိုးရန်ကို သမက်တော်ချင်တယ်လို့ ဘယ်တုန်းကများပြောမိလို့လဲ...


(သူဘယ်လိုအသက်ဆက်ရှင်ရမှာလဲ...(1) )


ရှီးမူက ကြောင်အနေသည်ကိုမြင်သောအခါ ဝမ်ရူကွေ့က ညင်သာစွာပြောလာ၏။


“ကျွန်တော်ဒီကိစ္စကို ဆရာ့ကိုပြောပြမှာမဟုတ်ပါဘူး၊ ရှီးမူလည်း ဒီကိစ္စကို ဒီနေရာမှာတင်ရပ်လိုက်ပါတော့ ရဲဘော်ကျောင်းအတွက်ကတော့ ကျွန်တော့်အဖိုးကိုပြောပြီး သူမနဲ့သင့်တော်မယ့် အမျိုးသားရဲဘော်တစ်ယောက်ရှာခိုင်းထားလိုက်ပါ့မယ်”


ပြောစရာမရှိ။မလှုပ်ရှားနိုင်တော့ပေ။ဆွံ့အသွား၏။

ကျုံးရှူလန်သည် ဝမ်ရူကွေ့က သူမကျိုးရန်ကိုသမက်တော်ချင်သည်ဟု အထင်မှားခဲ့တုန်းကတောင် ဒီလောက်ထိခံစားရမဆိုးခဲ့ပေ။


အခုဝမ်ရူကွေ့က သူ့အဖိုးကို ယွင်ရှီးအတွက် လက်တွဲဖော်ရှာခိုင်းမည်ဖြစ်ကြောင်းပြောနေသဖြင့် သူ့အဓိပ္ပါယ်က ဒီထက်ပိုပြီးမသိသာနိုင်တော့ပေ။


ကျုံးရှူလန်က ဖြူဖျော့လာပြီး သူ့ကိုကြောင်အစွာကြည့်လိုက်သည်။


ထိုအရာကိုမြင်သောအခါ ဝမ်ရူကွေ့ကမျက်မှောင်ကြုတ်လိုက်သည်။


“ရှီးမူ အဆင်ပြေရဲ့လား”


ကျုံးရှူလန်အတွက် သတိပြန်ဝင်လာရန် အချိန်အနည်းငယ် ယူလိုက်ရသည်။ သူမက တောင့်တင်းစွာခေါင်းခါပြလိုက်သည်။


“ဒေါ်လေးအဆင်ပြေပါတယ် မှောင်နေပြီဘဲ၊ ဒေါ်လေးအိမ်ပြန်ပြီး ညစာချက်သင့်နေပြီ”


သူမက ဘယ်လိုတောင်စိတ်မသက်မသာဖြစ်နေသည်ကို မြင်သောအခါ ဝမ်ရူကွေ့ကသူမကိုတံခါးဝအထိလိုက်ပို့လာပြီး သူမပုံရိပ်ပျောက်သွားသည်အထိ စိုးရိမ်တကြီးကြည့်နေလိုက်သည်။


ကြည့်ရတာ ရှီးမူက ရဲဘော်ကျောင်းရဲ့လက်ထပ်မှုနဲ့ ပတ်သက်ပြီး တကယ်စိုးရိမ်နေတဲ့ပုံဘဲ။


ဝမ်ရူကွေ့က ခနလောက်တွေးကြည့်ပြီးနောက် တံခါးသော့ခတ်ကာ ထွက်လာလိုက်သည်။


သူကအရင်ဆုံး သူ့အဖိုးဆီဖုန်းဆက်လိုက်ကာ ရဲဘော်ကျောင်း၏အခြေအနေကို ရှင်းပြလိုက်ပြီး သင့်တော်သောအမျိုးသားရဲဘော်ရှိမရှိ ကြည့်ထားပေးရန်ပြောလိုက်သည်။


ထုံးစံအတိုင်းပင် အဖိုးဝမ်က သူပြောသမျှကိုလုပ်ပေးရန် သဘောတူ၏။ ထို့နောက်တွင်မူ အဖိုးဝမ်က ဝမ်ရူကွေ့ကို သူကိုယ်တိုင်က တစ်ကိုယ်တည်းသမားဖြစ်နေသော်လည်း အခြားသူများအတွက်စိုးရိမ်ပေးနေသည့်အကြောင်းလှောင်လာ၏။


ဝမ်ရူကွေ့သည် သူ့အဖိုးဆီမှအစခံရခြင်းကို နေသားကျနေပြီဖြစ်သည်။


ဖုန်းခေါ်ပြီးသောအခါ သူကခေါင်းဆောင်၏ရုံးခန်းသို့သွားပြီး တူညီသောအကြောင်းကို ထပ်ပြောလိုက်သည်။


 ခေါင်းဆောင်ကလည်း ဝမ်ရူကွေ့က ဤကိစ္စကိုပြောရန် အထူးတလည်ရောက်လာပြီး အမှန်ပင် ကျောင်းယွင်ရှီးအပေါ်စိတ်မဝင်စားကြောင်း သိသွားသည်။ ထို့ကြောင့် သူကသူတို့နှစ်ယောက်ကို ချိတ်ဆက်ပေးရန်မကြိုးစားတော့ဘဲ ဝမ်ရူကွေ့၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။


တစ်ဖက်တွင် ကျုံးရှူလန်က သတိလွတ်စွာထွက်လာပြီးနောက် အပြင်သို့ရောက်သောအခါမှ အနည်းငယ် သတိပြန်ဝင်လာသည်။


သူမက သတိပြန်ဝင်လာလာချင်းပင် ဝမ်းနည်းသွားသည်။


သူမက ဝမ်ရူကွေ့နှင့် သူမသမီးယွင်ရှီးတို့ကြားတွင် ဆက်ဆံရေးတစ်ခုရှိလာစေရန် မြင့်မားစွာမျှော်လင့်ထားခဲ့၏။ အခုတွင် ဝမ်ရူကွေ့က ယွင်ရှီးအပေါ်လုံးဝစိတ်မဝင်စားကြောင်းသိလိုက်ရသည်။ သူတို့ကို ဆက်တိုက်တွန်းနေပါက သူမ မကောင်းသာဖြစ်သွားလိမ့်မည်။


အရင်တုန်းကဆိုလျှင် သူမက ကျိုးရန်ကို သူမသမီးနှင့် ဝမ်ရူကွေ့ရှေ့တွင် ပြောဆိုဆက်ဆံရန်တောင်းဆိုခဲ့၏။ ပြီးခဲ့သည့်တစ်ခေါက်ကဆိုလျှင် ကျိုးရန်ကသူမနှင့်စကားပြောခဲ့ရာ ဘာမှစိုးရိမ်စရာမရှိဟု အာမခံခဲ့၏။


သူမက ၎င်းကို ဝမ်ရူကွေ့က သူမအကြံကိုမကန့်ကွက်ဘူးဟု ထင်သွားကာ သူမကိုယ်တိုင်ကိုယ်ကျ သူ့ဆီရောက်လာခြင်းဖြစ်သည်။


ဟင်းးးးးအခုတော့ ကို့ရိုးကားယားဖြစ်ကုန်ပြီ...


သူမကပိုတွေးမိလေလေ သူမပါးများက ပိုလောင်ကျွမ်းလာသလိုပင်။ တစ်ချိန်တည်းတွင် သူမသမီးအတွက် စိတ်မကောင်းသလို ခံစားလိုက်ရသည်။


ကျုံးရှူလန်က သူမခင်ပွန်းနှင့်သမီးအား သူမ၏လက်ရှိပုံစံကို မမြင်စေချင်သောကြောင့် အပြင်တွင် အချိန်ခနကြာအောင်နေပြီးမှ အိမ်ပြန်သွားလိုက်သည်။


အမှန်တွင် ကျိုးရန်က ဤကိစ္စအတွက် တစ်စိတ်တစ်ပိုင်းတာဝန်ရှိ၏။


ကျုံးရှူလန်က သူ့ကိုထပ်ခါတလဲလဲ‌ပြောပြီးနောက်တွင် သူကကူညီ‌ရန်သဘောတူခဲ့ပြီး ဝမ်ရူကွေ့ရှေ့တွင်တစ်ခါထုတ်ပြောခဲ့၏။


တစ်ခုတည်းသောကိစ္စမှာ ကျိုးရန်က ဝမ်ရူကွေ့နားတွင် ပုံမှန်ဆိုလျှင်လည်း အလွန်အစအနောက်သန်လေ့ရှိသဖြင့် ဝမ်ရူကွေ့က ဘာမှသိပ်မတွေးဘဲ သူ့ကိုချက်ချင်းရပ်ခိုင်းခဲ့၏။


ဓာတ်ခွဲခန်းတွင် အလုပ်ရှုပ်လာ‌သောအခါ ကျိုးရန်က အကုန်လုံးကိုမေ့သွားပြီး ဝမ်ရူကွေ့ရှေ့တွင် ထပ်မပြောလာတော့ပေ။


နောက်ပိုင်းတွင် ကျုံးရှူလန်ကသူ့ကိုထပ်မေးလာသောအခါ သူတတ်နိုင်သလောက်အကောင်းဆုံးလုပ်ပေးခဲ့သည်ဟု ခံစားမိသော်လည်း ဝမ်ရူကွေ့ကသူ၏အကြံပြုချက်ကို လက်မခံခဲ့ပေ။ ဝမ်ရူကွေ့က တကယ်ပင်စိတ်မဝင်စားပါက သူကအခြားယောက်ျားလေးများအား စုံစမ်း‌ပေးမှာဖြစ်သည်။


ဤသို့ဖြင့် အထင်လွဲမှုကြီးဖြစ်လာခဲ့လေသည်။


***

အမေရှောင်ဆီမှ အသီးပင်များသည် ဆောင်းလယ်ပွဲတော်ပြီးသွားသည့်နောက်တစ်နေ့တွင် ရောက်လာ၏။


အမေရှောင်က လူကိုယ်တိုင်ရောက်လာသည်ကို မြင်သောအခါ ထုံရွှယ်လူက အနည်းငယ်စိတ်မကောင်းဖြစ်သွားပြီး ကျန်နေသောလမုန့်များကို ထည့်ပေးလိုက်သည်။


သို့သော်ငြား အမေရှောင်က လမုန့်များကိုမြင်သောအခါ ထုံရွှယ်လူကသူမကိုအချိုသပ်ဖို့လုပ်နေသည်ဟု အထင်လွဲသွားပြီး သတိတကြီးဖြစ်လာသည်။


သူမကချက်ချင်းပင် ထုံရွှယ်လူအား အရူးချီးပန်းအကြံများကို လက်လျှော့ရန်ပြောပြီး မေး‌ကိုချီကာ ပြန်သွားလေသည်။


ထုံရွှယ်လူက ဘာလုပ်ရမည်မှန်း မသိတော့ချေ။


(သူဘယ်လိုအသက်ဆက်ရှင်ရမှာလဲ...(2))


ကျောင်းကိစ္စများနှင့် ကျန်းမိသားစု၏ကိစ္စများကြောင့် ထုံရွှယ်လူက စာလေ့လာဖို့စိတ်မပါခဲ့ပေ။ ထို့ကြောင့် သူမ၏စာပြန်လေ့လာမှုကို ခနလောက်ရပ်ဆိုင်းထားခဲ့၏။


အခုတွင်ကိစ္စအားလုံးကို ဂရုစိုက်ပြီးဖြစ်သဖြင့်  သူမ၏ပုံနှိပ်စာအုပ်များကို တစ်ဖန်ပြန်ထုတ်လာလိုက်သည်။


ထိုနေ့ညစာစားပြီးသောအခါ မောင်နှမတစ်သိုက်က အိမ်စာလုပ်သူလုပ်ကာ စာပြန်လေ့လာသူက လေ့လာလိုက်ကြသည်။


ပေါက်စီလုံးလေးထုံမျန်မျန်ကလည်း စာလုပ်ရာတွင် ပါလာသည်။ စားပွဲပေါ်တွင် သူမ၏လက်တုတ်တုတ်လေးက ခဲတံကိုကိုင်ထားကာ ကွေးကောက်နေသည့် ‘တစ်’များကို စာမျက်နှာအပြည့်ရေးခဲ့၏။


“မမကြီးက ကျောင်းပြီးသွားပြီမဟုတ်ဘူးလား၊ ဘာလို့စာဆက်လုပ်ဖို့လိုနေသေးတာလဲ”


ထုံကျားရှင်းက သူအိမ်စာလုပ်ရတိုင်း လိပ်ခေါင်းဖြစ်နေသလိုပင် ဂနာမငြိမ်ဖြစ်လေ့ရှိသည်။


ထုံရွှယ်လူက သူ့အိမ်စာစာအုပ်ကိုကြည့်လိုက်သည်။

ခုနတည်းက ဗလာဖြစ်နေကာ အခုထိဖြစ်နေဆဲဖြစ်သည်။


“ငါကကျောင်းပြီးတာနဲ့ဘဲ စာဆက်လုပ်လို့မရတော့ဘူးလား၊ နင်ကရော အိမ်စာလုပ်ပြီးပြီလား”


ထုံကျားရှင်းက ခေါင်းကုတ်လိုက်သည်။


“ပြီးတော့မှာပါ”


ထုံရွှယ်လူက မျက်ဖြူလှန်လိုက်မိသည်။ သူမက ဖောင်တိန်ကိုချကာ ပြောလိုက်သည်။


“တွေးကြည့်လိုက်မှဘဲ နှစ်လယ်စာမေးပွဲက ဒီတလောလေးထဲမှာဘဲ ပြီးသွားတာမလား၊ အခြေအနေဘယ်လိုရှိလဲ နင့်အမှတ်တွေငါ့ကိုပြ”


ထုံကျားမင်က သူမပြောသည်ကိုကြားသောအခါ တည်တည်ငြိမ်ငြိမ်ပင် လွယ်အိတ်ထဲမှ အမှတ်စာရင်းစာရွက်ကိုထုတ်လိုက်သည်။


သို့သော်ငြား ထုံကျားရှင်းကမျက်နှာအရောင်ပြောင်းလာ၏။ သူက လွတ်အိတ်ထဲတွင် အချိန်အတော်ကြာအောင် ဟိုဟိုဒီဒီနှိုက်နေပြီးမှ ပြောလာ၏။


“ကျွန်တော်အမှတ်စာရင်းစာရွက်ကိုရှာလို့မတွေ့တော့ဘူး၊ ဘယ်ပျောက်သွားတာလဲ မသိဘူး”


ထုံရွှယ်လူက မျက်ခုံးပင့်လိုက်သည်။


“နင်တကယ်ဘဲပျောက်သွားတာလား ဒါမှမဟုတ် အထားဘဲမှားတာလား၊ နင်သေချာရှာကြည့်သင့်တယ်နော် နောက်မှငါကိုယ်တိုင်ရှာလို့တွေ့လို့ကတော့ နင့်ကိုတလလောက် အသားမကျွေးဘူး”


ထုံကျားရှင်းက ထိုစကားကိုကြားသောအခါ ခိုက်ခိုက်တုန်သွားသည်။ 


“ကျွန်‌ေတာ်သေချာမရှာရသေးဘူး ထပ်ရှာကြည့်လိုက်ဦးမယ်”


ထုံရွှယ်လူက နှုတ်ခမ်းအနည်းငယ်ဆူလိုက်သည်။  သူကများ သူမရှေ့မှာ လှည့်ကွက်သေးသေးလေးတွေ လုပ်ရဲတယ်လား။


ထုံကျားရှင်းက ထုံရွှယ်လူဆီမှထိုသို့ကြည့်သည်ကိုမြင်သောအခါ ချွေးစေးများထွက်လာသည်။ နောက်ဆုံးတွင် သူကတုန်ယင်နေသောလက်များဖြင့် သူ့လွယ်အိတ်ထဲမှ အမှတ်စာရွက်ကိုထုတ်ပြလာ၏။


အမလေးးဘုရားရေ...အဲ့ဒါကို အမှတ်စာရွက်လို့ သူမလုံးဝထင်မိမှာမဟုတ်ဘူး...


စာရွက်များကို လုံးခြေထားသည်မှာ ဆားရည်စိမ်အရွက်များနှင့်တူနေ၏။ ၎င်းက ဘယ်လိုမှနားမလည်နိုင်လောက်သည့် ပုံစံမျိုးဖြစ်သည်။


ထုံကျားရှင်း၏မျက်လုံးများက နေရာအနှံ့လျှောက်ပြေးနေပြီး ဦးရေပြားအထိထုံကျင်နေသော ခံစားချက်မျိုးဖြင့် စာရွက်ကိုကမ်းပေးလိုက်သည်။


ထုံရွှယ်လူက စာရွက်ကိုကြည့်လိုက်သောအခါ ဒေါသထွက်လွန်းသဖြင့် အော်တောင်ရယ်ချင်မိသွားသည်။

ရသစာပေ-၆မှတ်။ သင်္ချာ-၃မှတ်။ 

နှစ်ဘာသာပေါင်းလျှင်တောင်မှ ဆယ်မှတ်မပြည့်ပေ။


ထုံရွှယ်လူက သူ့ကိုမော့ကြည့်လာ၏။


“တကယ်ဘဲ နင်ဒီအမှတ်တွေရအောင် ဘယ်လိုလုပ်ခဲ့တာလဲ၊ ဘယ်သူမဆိုမျက်စိမှိတ်ပြီးဖြေရင်တောင်မှ ဒီထက်အမှတ်များဦးမယ်”


ထုံကျားရှင်းက ခေါင်းကုတ်လိုက် နှာခေါင်းပွတ်လိုက်ဖြင့် ထစ်အစွာပြန်ဖြေ၏။


“သား သားလည်းမသိဘူး၊ မေးခွန်းတွေကိုကြည့်လိုက်ပေမယ့် ဘယ်တစ်ပုဒ်ကိုမှ သားအတွက်အဓိပ္ပါယ်ရှိမနေဘူး မမကြီးလည်းသိမှာပါ........”


ငါက*ကိုသိရမှာလား။


“နင်အတန်းထဲမှာ ပုံမှန်အာရုံမစိုက်ဘူးလား”


ဒီတစ်ကြိမ်တွင် ထုံကျားရှင်းအတွက်‌ ပြန်ဖြေရန် အချိန်အတော်ယူလိုက်ရသည်။


“အာရုံစိုက်ပါတယ်၊ ကျွန်တော်အရမ်းကိုဂရုတစိုက်လိုက်နားထောင်ပါတယ်နော်”


ထုံရွှယ်လူက သူ့စကားတစ်လုံးကိုမှမယုံပေ။


“ကောင်းပြီလေ အဲ့လိုဆိုရင်လည်း အတန်းထဲမှာလိုက်မှတ်ထားတာတွေကိုပြ”


ထုံကျားရှင်းက မျက်လုံးများက နောက်တစ်ကြိမ်ဝေ့လည်ကြောင်ပတ်ဖြစ်လာပြန်သည်။ သူကကြမ်းပြင်ကို စိုက်ကြည့်နေလိုက်သည်။ သူက ထုံရွှယ်လူမျက်လုံးမှလွဲလျှင် နေရာတိုင်းကိုကြည့်ချင်ပေသည်။


နောက်ဆုံးတွင် သူကခြေထောက်ကိုကြွကာ မှတ်စုစာအုပ်များကို သွားယူလိုက်သည်။ မှတ်စုစာအုပ်ထဲတွင် အပြည့်ဖြစ်၏။ စာများတော့မဟုတ်ပေ။ ပုံများဖြင့်သာပြည့်နေခြင်းဖြစ်သည်။


အထဲတွင် မာမိန်လူသိရှင်ကြားရှုတ်ချခံရသည့်အကြောင်း၊ ကျန်းမင်အကန်ခံလိုက်ရသည့်ပုံများရှိနေ၏။ ထိုပုံများက အပြင်မှသူများနှင့် အလွန့်အလွန်တူနေသော်လည်း ကျောင်းစာနှင့်နည်းနည်းလေးမှ မသက်ဆိုင်နေပေ။


ထုံရွှယ်လူက ခေါင်းကိုက်လာသည်။


ထုံကျားရှင်းက အနာဂတ်တွင် ဒီဇိုင်းနာတစ်ယောက်ဖြစ်လာမည်ဖြစ်ကာ အလွန်ငယ်ရွယ်သည့်အသက်မှာကတည်းက သူ၏ပုံဆွဲစွမ်းရည်ကို ဖော်ပြနေ၏။


မည်သို့ပင်ဖြစ်စေ သူ၏အဆင့်များက အလွန်ရှက်စရာကောင်းနေပေသည်။


သူမက ထုံကျားရှင်းကိုတစ်ချက်ကြည့်ကာ ဘာမှမပြောလိုက်ပေ။


ချက်ချင်းဆိုသလိုပင် ထုံကျားရှင်းက သူ့ပေါ်သို့ရောက်လာသော ဖိအားများကို ခံစားလိုက်ရသည်။ သူက ကျောင်းတွင်ဆရာမဆီမှ အဆူခံရသည်ထက် ပို၍စိတ်လှုပ်ရှားနေ၏။ သူက စိတ်လှုပ်ရှားလွန်းသဖြင့် သူ့တင်ပါးကိုကုတ်လိုက်သည်။


ထုံမျန်မျန်က ချက်ချင်းထပြောလာလေသည်။


“တတိယအကို တင်ပါးကိုမကိုင်နဲ့လေ မမကြီးက အဲ့ဒါကိုလူတွေရှေ့မှာ မလုပ်‌သင့်ဘူးလို့ပြောထားတယ်”


ထုံကျားရှင်း: “……”


သူတင်ပါးကိုကိုင်နေတာမဟုတ်ပါဘူးနော်၊ ကုတ်နေတာပါ...


ဒီနှစ်ခုက လုံးဝကိုကွဲပြားတယ် ဟုတ်ပြီလား...


ထုံရွှယ်လူက အော်ရယ်လိုက်လေသည်။ ထုံမျန်မျန်က ဝေ့ကျူးကျူးနှင့် အတူကစားတာများသွားလို့လားတော့မသိ အခုဆိုလျှင် ထုံမျန်မျန်က ပေါက်ကရစကားများကို ပိုပြီးပြောတတ်လာသည်ဟု ခံစားမိသွားသည်။



xxxxx