🐹အခန်း ၁၀၉ (အချပ်ပို ၄)
တောက်ပတဲ့အနာဂတ်
ညကောင်းကင်ယံတွင် ကြယ်များ တောက်ပစွာ ထွန်းလင်းနေကြသည်။
အခန်းထဲတွင် ရှောင်ဝူယိနှင့် နျဲ့ရှောင်သည် ဆေးကြောပြီး၍ အိပ်ရာဝင်ရန် အသင့်ဖြစ်နေသည်။ ထိုအချိန်ကွက်တိတွင် အမည်မသိသောဂြိုလ်ပေါ်ရှိ ဦးလေးများထံမှ ဆက်သွယ်ရေး ခွင့်တောင်းစာ ရလာခဲ့သည်။
ခေါင်းပေါ်တွင် ရှင်းလင်းသော ကောင်းကင်ကြီးရှိပြီး မော့ယန်နှင့် အန်းယိသည် ကမ်းခြေတွင် ပျော်ရွှင်စွာ နေပူဆာလှုံရင်း နေကာမျက်မှန်များတပ်လျက် ဒေသအထူးဖျော်ရည်များသောက်ကာ ဘဝင်ခိုက်နေကြသည်။ ထိုသည်အား ဟမ်းစတားလေးမြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် ချဥ်လာခဲ့သည်။
"ဦးဦး ပျော်နေတာပေါ့.. ဝူးဝူး.. ပေါင်ပေါင်းလည်း ခရီးထွက်ချင်တယ်လို့.."
ရှောင်ဝူယိမှာ သံပုရာသီးကြီးတစ်လုံး ဖြစ်လာတော့မည်ဟု ခံစားနေရသည်။
မော့ယန်သည် ကျယ်လောင်စွာရယ်ပြီးနောက် အကြင်နာကင်းမဲ့စွာ ပြောလေသည်။
"မင်းရဲ့ နေရာလွတ်ထဲက ကမ္ဘာလေးဆီကိုပဲ သွားလိုက်.. အဲဒါက ခရီးသွားတာနဲ့ အတူတူပဲ မဟုတ်ဘူးလား.."
"ဘယ်လိုလုပ်တူမှာလဲ!.."
ရှောင်ဝူယိ၏ ပါးလေးများ ဖောင်းလာသည်။ နျဲ့ရှောင် မနေနိုင်တော့ဘဲ လက်ဆန့်၍ ကောင်လေး၏ ခေါင်းလေးအားပုတ်ပေးကာ စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်လိုက်သည်။
သူတို့နှစ်ယောက်အား ကြည့်နေသော အန်းယိသည် မူရင်းကိစ္စအား သတိရမိသွားသည်။ ခန္ဓာကိုယ်အား မတ်မတ်ထိုင်ပြီးနောက် ပြောလေသည်။
"မင်းတို့ ဘယ်အချိန် ကလေးယူမှာလဲ.. တော်ဝင်မိသားစုက မျိုးဆက်မရှိလို့ မဖြစ်ဘူး.. ငါတို့အခုပဲ သတင်းတွေ့လိုက်ရတာ ကမ္ဘာမြေကလူတွေက စွမ်းရည်အမွေဆက်ခံနိုင်ကြတယ်ဆို.."
"ဒါကောင်းတဲ့အရာပဲ..အနာဂတ်မှာ လူသားတွေနဲ့ မဟာမိတ်က မျိုးနွယ်စုတွေ လက်ထပ်တဲ့အခါမှာ စွမ်းရည်အမွေမရှိမယ့် ကိစ္စကို ကြောက်စရာ မလိုတော့ဘူး.. ဒါ တကယ့်ကို ကောင်းတဲ့ အရာပဲ.."
အန်းယိ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် နားမလည်သော်လည်း အံ့သြဖွယ်ကောင်းသည်ဟု ခံစားရသည်။
စွမ်းရည်အမွေ မရှိမှာ... သည်လိုထုတ်ပြန်ချက်ရှိတာလား.. ဒါက အရေးကြီးလို့လား..
အူကြောင်ကြောင်ကလေးနှစ်ယောက်၏ သံသယအား မြင်သောအခါ မော့ယန်သည် သံက သံမဏိဖြစ်မလာသည့် အတွက်မုန်းမိသည်။ သူ၏တူလေးအားကြည့်ကာ ပြောလိုက်သည်။
"ငါသိတယ်.. မင်းတို့ သေချာပေါက် မလေ့လာခဲ့ဘူးဆိုတာ ဒါကြောင့် မဟာမိတ်ရဲ့ မျိုးရိုးဗီဇလမ်းကြောင်းနဲ့ ပတ်သက်ပြီး ဘာအတွေးအခေါ်မှ မရှိကြတာ.."
"ငါတို့ရဲ့ မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ဆင့်ကဲဖြစ်စဥ် အုပ်ချုပ်ခြင်း နိယာမက အခြေခံအားဖြင့်တော့ အတူတူပဲ.. ဒါပေမဲ့ မဟာမိတ်ရဲ့ အမျိုးမျိုးသော မျိုးနွယ်စုတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ဝိသေသလက္ခဏာတွေနဲ့ မတူညီတဲ့ ဂြိုလ်တွေက မူပိုင်တွေရှိကြတယ်.. မျိုးပွားတဲ့အခါမှာလည်း ခွဲခြားလို့မရဘူး.. ဘာလို့လဲ ဆိုတော့ အပ်နှင်းခံလိုက်တဲ့ ဗီဇတွေမှာ ငါတို့ရဲ့ စွမ်းရည်တွေက တိကျပြတ်သားတဲ့ နေရာကနေ ပါဝင်မှာမလို့.."
ထိုသို့ကြားသောအခါ နျဲ့ရှောင်သည် သူနီမိုသို့ ရောက်စဥ်က ဖြစ်ရပ်များအား ပြန်လည်တွေးတောကြည့်မိသည်။ ၎င်းသည် သွေးစုတ်ဖုပ်ကောင်နှင့် ရေသူအတွဲဖြစ်ပြီး အမွှာမွေးခဲ့ကြသည်။သို့ သော် ကလေးနှစ်ယောက်သည် ရေသူနှင့် သွေးစုတ်ဖုတ်ကောင်နှစ်မျိုး ရောစပ်မနေဘဲ တစ်ယောက်ချင်းသည် ရေသူနှင့် သွေးစုပ်ဖုတ်ကောင်၏ ဝိသေသလက္ခဏာ အသီးသီးထိန်းသိမ်းထားခဲ့သည်။
အစ်ကိုကြီးသည် ရေသူမျိုးနွယ်၏ စွမ်းရည်အားလုံးအား ပြည့်စုံစွာ အမွေဆက်ခံခဲ့သည်။ သူသည်သန့်စင်သော ရေသူထီးတစ်ကောင်ဖြစ်သည်။ သို့သော်အသွင်အပြင်တွင် သူ၏သွေးစုပ်ဖုတ်ကောင် ဖခင်နှင့် ဆင်တူသည်။ တစ်ခြားတစ်ဖက်တွင် ညီငယ်လေးသည် စစ်မှန်သော သွေးစုပ်ဖုတ်ကောင် မျိုးဆက်ဖြစ်ပြီး သူ့တွင် ရေသူအမေ၏ အထူးကောင်းမွန်သော အသွင်အပြင်ရှိသည်။
သူသည်နဂိုက ၎င်းသည်မဟာမိတ်၏အနက်ရောင် နည်းပညာမှ မျိုးရိုးဗီဇများ ပြုပြင်ဖန်တီးခြင်းကြောင့် ကလေးနှစ်ယောက်အား ပြည့်စုံသော မျိုးဆက်များအဖြစ် မွေးဖွားနိုင်ခြင်းဖြစ်သည်ဟု ထင်ခဲ့သည်။ သို့သော် ယခုအခါ ၎င်းသည် သဘာဝပေါင်းစပ်ခြင်း စစ်မှန်သောရလဒ်ဖြစ်ကြောင်း ထွက်ပေါ်လာသည်။
"အဲသည်လောက်ထိ မှော်ဆန်တယ်ပေါ့.."
နျဲ့ရှောင်သည် ဤမျိုးရိုးဗီဇနည်းလမ်းကြောင့် အံ့သြတုန်လှုပ်ခဲ့ရပြီး သူ၏ခေါင်းအားလှည့်ကာရှောင်ဝူယိအားကြည့်ခဲ့သည်။
"ဒါဆို ပေါင်ပေါင်းအဖေက ဟမ်းစတားဖြစ်ပြီး အမေက ကျားကြီးပေါ့.. ဒါပေမဲ့ ပေါင်ပေါင်းက ဟမ်းစတားအဖြစ် မွေးလာတုန်းပဲ.. ဒါက ဒီမှော်ဆန်တဲ့ မျိုးရိုးဆက်ခံခြင်းကြောင့်ပေါ့.."
ရှောင်ဝူယိသည်လည်း နားလည်သွားသည့်ပုံပေါ်ကာ မျက်လုံးများ ပြူးကျယ်လာသည်။
"တကယ် အဲသည်လိုပဲ ထင်တယ်.."
အန်းယိနှင့် မော့ယန်သည် အူကြောင်ကြောင်ကလေးနှစ်ယောက်အားကြည့်၍ အကူအညီမဲ့ကာ ဆို့နင့်သွားကြသည်။ သူတို့သည် နီမိုတော်ဝန်မိသားစု၏ မျိုးရိုးဗီဇသည် အနာဂတ်တွင် ဤနည်းဖြင့် ရပ်တန့်သွားမည်အား စိတ်ပူခဲ့ကြသည်။ အဆုံးတွင် အရူးနှစ်ယောက်သည် ထိုအကြောင်း တစ်ခါမျှပင် မတွေးခဲ့ပေ။
ကံကောင်းစွာ ယခုအချိန်တွင် ပြသာနာမရှိပေ။ နျဲ့ရှောင်၏ ခန္ဓာကိုယ်သည် မျိုးရိုးစွမ်းရည်အမွေဆက်ခံရန် အမှန်တကယ် ကျရှုံးခဲ့လျှင် သားစဥ်မြေးဆက်အပေါ် အကျိုးသက်ရောက်မှုနှင့် နှိုင်းယှဥ်လျှင် အလွန်ကြီးမားလိမ့်မည်။
"အတိုချုံးပြောရရင်.. မင်းတို့နှစ်ယောက် မြန်မြန် မျိုးပေါက်ပွားတဲ့ အဖွဲ့အစည်းကိုသွားပြီး ကလေးတစ်ယောက် ပျိုးထောင်သင့်တယ်.."
အန်းယိနှင့် မော့ယန်သည် ပဲစေ့ဦးနှောက်နှင့် ကလေးများအား ဆက်မပြောချင်တော့၍ သူတို့၏နောက်ဆုံးအမိန့်အား ချမှတ်ပေးပြီး ဆက်သွယ်ရေးကိရိယာအား ဖြတ်တောက်ခဲ့သည်။
နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် သူတို့၏ လက်ထဲရှိ ဆက်သွယ်ရေးကိရိယာအားကြည့်၍ ပြန်လည်မကောင်းမွန်သေးပေ။ သူတို့သည် အိပ်ရာပေါ်တွင် တစ်ယောက်နှင့်တစ်ယောက်ကြည့်၍ မိန်းမောတွေဝေနေခဲ့သည်။
သူတို့နှစ်ယောက်သည် ဤအကြောင်းအား အလေးအနက်ဖြစ်စွာ ပါဝင်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူတို့သည် သာမန်အတိုင်း မဟာမိတ်၏ အနက်ရောင်နည်းပညာပေါ် အမှီပြု၍ ကိုယ်ဝန်ဆောင်ပြီး ကလေးတစ်ယောက်အား ကိုယ်ဝန်ဆောင်ရသည်ဟု ထင်ခဲ့ကြသည်။
"ဒယ်ဒီက ပေါင်ပေါင်းတို့ ဟမ်းစတားမိသားစုကို ဖျက်တောက်ပစ်လိုက်တဲ့ အပြစ်သားဖြစ်တော့မလို့.."
နျဲ့ရှောင်သည် နှလုံးသားထဲတွင် အနည်းငယ် စိတ်ဓါတ်ကျစွာ ပြောခဲ့သည်။
"ပေါင်ပေါင်းကလည်း သူ့ရဲမျိုးဆက်ကို ဖျက်တောက်ပစ်တဲ့ စွမ်းရည်မရှိတဲ့ ဧကရာဇ် ဖြစ်လုနီးပါးပဲ.. ကံကောင်းစွာနဲ့ အဲသည်လို မဟုတ်ခဲ့ဘူး.."
ထိုသို့ပြောပြီး ရှောင်ဝူယိသည် ခေါင်းမော့ကာ နျဲ့ရှောင်၏နှုတ်ခမ်းအား နမ်းလိုက်သည်။ ထို့နောက် လေးနက်မှုအပြည့်ဖြင့် ပြောခဲ့သည်။
"ဒါပေမယ့် အဲသည်လို ဖြစ်ခဲ့ရင်တောင် အမွေဆက်ခံဖို့အတွက် ပေါင်ပေါင်းက တစ်ခြားတစ်ယောက်နဲ့ ကလေးရှိလာမှာ မဟုတ်ဘူး.. သိပ္ပံပညာနဲ့ မွေးဖွားခြင်းက အလားအလာ မရှိဘူး ဆိုရင်တောင် ပေါင်ပေါင်းက ဒယ်ဒီနဲ့ပဲ ကလေးလေး ရှိချင်တာ.."
ထိုသို့ကြားသောအခါ နျဲ့ရှောင် နူးညံ့သွားပြီး ထိရှခဲ့ရသည်။ သူသည် ဝူယိ၏နဖူးပေါ်သို့ ခပ်ဖွဖွ နမ်းလိုက်သည်။
"ပေါင်ပေါင်းကို ချစ်တယ်.."
"အခု တစ်ယောက်လောက် သွားမွေးကြရအောင်!.."
ဟမ်းစတားလေးသည် ချက်ချင်းဆိုသလို မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။
".....ကောင်းပြီလေ.."
ထို့နောက် နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် မျိုးပေါက်ပွားပေးသည့် အဖွဲ့အစည်းသို့ သွားကာ သူတို့၏ ကိုယ်ပိုင်ကလေးများအတွက် လျှောက်ထားခဲ့ပြီး အောင်မြင်စွာ ချစ်စဖွယ်ကလေးနှစ်ယောက် ပျိုးထောင်နိုင်ခဲ့သည်။
ကလေးနှစ်ယောက်သည် ဥဖောက်သည့် ကိရိယာမှ ထွက်လာပြီးနောက် သူတို့သည်ထင်ရှားသော အမူအကျင့်များအား ပြသခဲ့သည်။
အကိုကြီးသည် နီမိုတော်ဝင်မိသားစုသွေးအား ဆက်ခံခဲ့သော်လည်း နျဲ့ရှောင်နှင့် တူလေသည်။ သူသည်သေချာပေါက် အနာဂတ်တွင် အေးစက်သော lady-killer လေး ဖြစ်လာလိမ့်မည်။ သို့သော် ဥဖောက်စက်မှ ထွက်လာပြီးနောက် သူ၏ မတည်ငြိမ်သော ခန္ဓာကိုယ်အခြေအနေသည် သူ့အား ဟမ်းစတားလေး ဖြစ်သွားစေသည်။ အသက်သုံးနှစ်နီးပါးလောက်အထိ သူသည် သူ၏ပုံစံအား မထိန်းသိမ်းနိုင်လောက်ပေ။
ညီငယ်လေးသည် စစ်မှန်သော ကမ္ဘာမြေသားဖြစ်ပြီး သူနှင့် ရှောင်ဝူယိသည် ပုံစံခွက်ထဲမှ ထွက်လာသည့်အတိုင်း တူညီကြသည်။ သူပြုံးလိုက်သည့်အခါတိုင်း ပန်းရောင်သွားဖုံးများအား ပြကာ အလွန်ချစ်ဖို့ကောင်းလှသည်။
နေ့ကလေးထိန်းဌာနတွင် ဖခင်အသစ်နှစ်ယောက်ဖြစ်သော နျဲ့ရှောင်နှင့် ရှောင်ဝူယိသည် ကလေးများအား ကြည့်ရန် နေ့တိုင်းလာခဲ့ကြပြီး ကြင်နာယုယစွာဖြင့် စကားများပြောပေးကာ သူတို့၏ ဖခင်နှင့် သားများ၏ ဆက်ဆံရေးအား ငယ်စဥ်ကတည်းက ပျိုးထောင်ခဲ့သည်။
ရှောင်ဝူယိသည် အကြီးလေး၏ ပုခက်ပေါ်မှီ၍ ပြောခဲ့သည်။
"မင်းတို့နှစ်ယောက် မြန်မြန် ကြီးလာရမယ်နော်.. ဒီလိုမှ မင်းတို့ အသက် ၂၀ ရောက်တဲ့အခါ လေးလံတဲ့တော်ဝင်မိသားစု အရေးကိစ္စတွေကို လက်လွှဲလို့ရမှာ.. ဒါမှ သည်ဧကရာဇ်ဖေဖေနဲ့ မင်းတို့ရဲ့ ဧကရီဖေဖေက နှစ်ရာချီကြာအောင် အပြင်ဘက်မှာ လည်ပတ်လို့ရမှာ.."
နျဲ့ရှောင် လေးနက်စွာ ခေါင်းညိတ်သည်။
"အင်း..မဆိုးဘူး.."
ကလေးများ: “…”
🐹🐹🐹--Extras end--🐹🐹🐹
Translated By - IQ Team
အဆုံးထိ ပြီးပါပြီ။ ချစ်ရတဲ့ ပေါင်ပေါင်းကို အဆုံးထိ ဖတ်ရှုပေးခဲ့တဲ့အတွက် စာဖတ်သူ တစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီး တင်ပါတယ်❤️။
∧,,,∧
( • · • )
/ づ♡