Chapter 111
Extra 1.7
ရှချင်က သူမအား ရှဲ့ယွင်နန် လာရှာမည့်အချိန်ကို စောင့်ရင်း တစ်နေကုန် တစ်ညလုံး အလုပ်များနေခဲ့သည်။
သူတို့၏ မူလအကြံအစည်အရ ကျောက်မိသားစုခေါင်းဆောင်နှင့် သူ့အပေါင်းအပါများကို ရှင်းထုတ်ပြီးနောက် သူမသည် နောက်ထပ် ဆက်လုပ်ရမည့် ကိစ္စအားလုံးကို တာဝန်ယူရမည်ဖြစ်သည်။
ဒါပေမယ့် အခု မြို့အရှင်က မသေသေးဘူးလေ ...
သူမက နောက်တစ်နေ့ မနက်မိုးလင်းသည်အထိ စောင့်လိုက်ရသည်။
ရှဲ့ယွင်နန်ထံ အမြန် ပြေးလာပြီးနောက် ထမင်းစားပွဲတင် မျက်နှာချင်းဆိုင် ထိုင်နေသူနှစ်ဦးကို တွေ့လိုက်သည်။ တစ်လုတ်စားလိုက် ရှဲ့ယွင်နန်ကို စိုက်ကြည့်လိုက် လုပ်နေသည့် အရူးလေး၏ ခက်ထန်လှသော မျက်နှာထားမှာ ချစ်စရာပင် ကောင်းနေသေးသည်။
“ဘာဖြစ်လို့လဲ ...”
သူမက ရှဲ့ယွင်နန်ကို သိလိုစိတ်အပြည့်ဖြင့် မေးလိုက်သည်။
“ငါ့အမှားပါ .. သူ စိတ်ဆိုးနေတာ ...”
အရူးလေးက ဟွန့်ခနဲ နှာမှုတ်ကာ ပြောလိုက်သည်။
“ခင်ဗျားက မကောင်းတဲ့လူ ...”
ရှဲ့ယွင်နန်က အရူးလေးကို အတိုင်းအဆမဲ့စွာ သည်းခံလိုက်လျောခဲ့သည်။
“ဟုတ်တယ် ကိုယ်က တကယ်ကို မကောင်းတဲ့လူ ...”
စားသောက်ပြီးသွားပြီဖြစ်သည့် အရူးလေးက သူ့ကိုသာ ငေးကြည့်နေလိုက်သည်။
ထို့နောက် ရှဲ့ယွင်နန်က ရှချင်ကို မေးလိုက်သည်။
“နောက်ဆက်တွဲကိစ္စတွေကရော ဘယ်လိုလဲ ပြဿနာ ရှိနေသေးလား ...”
ရှချင်က ပြောလိုက်သည်။
“ပြဿနာက မရှိပါဘူး လူတိုင်းက ရှင့်ကို အရမ်း ဂရုစိုက်နေကြတာ တွေ့ချင်တဲ့လူတွေလည်း အများကြီးပဲ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“ဒီနေ့လည် သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ဖို့ စီစဉ်လိုက် ငါ့အတွက်လည်း မိန့်ခွန်းတစ်ခု ပြင်ပေးထားဦး ...”
“မရဘူး .. အလုပ်လုပ်လို့ မရဘူး ...”
သူ့စကား မဆုံးခင်မှာပင် အေးစက်လှသည့် အသံတစ်ခုက ဖြတ်ပြောလိုက်သည်။
ရှဲ့ယွင်နန်က ကြောင်အလျက်သားဖြင့် အရူးလေးကို လှည့်ကြည့်လိုက်၏။ အရူးလေး၏ အရှိန်အဝါမှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။
ရိုးစင်းလှသည့် အကြည့်တို့က ထက်ရှနေကာ သူ့တစ်ကိုယ်လုံးကို အင်အားကြီးမား လွှမ်းမိုးတတ်သည့် အရှိန်အဝါတို့က လွှမ်းခြုံထားပြီး ကမ္ဘာလောကတစ်ခုလုံးကို အထင်အမြင်သေးသူဟူသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။
နှစ်ပေါင်းများစွာ မြို့အရှင် ဖြစ်လာခဲ့သည့် ရှဲ့ယွင်နန်ပင်လျှင် ထိုသူ၏ အရှေ့တွင် အားနည်းသွားရတော့သည်။
အရူးလေး၏ ဒုတိယစရိုက် နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။
သွမ့်ချန်ချင်းက တစ်ခဏမျှ နိုးထနေခြင်း ဖြစ်သည်။ မနက်ခင်း အိပ်ယာနိုးသည့်အချိန်တွင် အရူးလေးက ဒေါသထွက်နေသောကြောင့် နိုးထလာခဲ့ခြင်း ဖြစ်သည်။
သူ နိုးထလာသည်နှင့် တစ်ပြိုင်နက် ရှက်ရွံ့စိတ်ကြောင့် ချက်ခြင်း နောက်ဆုတ်လိုက်မိတော့သည်။
မနေ့က သူ့ပုံစံက ဘယ်လောက်အထိ ခန့်ညားလိုက်လဲ အချိန်ပိုင်းလေး အင်အားကြီးပြီး ပင်ကိုယ်အသိစိတ်လည်း အိပ်မောကျသွားရော .. တစ်ခြားအသိစိတ်က ပြဿနာတွေ အများကြီး ရှာပြီး ငိုတောင် ငိုလိုက်သေးတယ် ... ဒါတင်မကဘူး ရှဲ့ယွင်နန်ကပါ သူ့ကို ပွေ့ဖက်ပြီး ချော့မော့လိုက်ရသေးတယ်တဲ့ ...
သွမ့်ချန်ချင်းက ထွက်မလာဘဲ အသံတိတ် နေနေရန်သာ ဆုံးဖြတ်လိုက်တော့သည်။
အခု ရှဲ့ယွင်နန်က တကယ်ကြီး သတင်းစာရှင်းလင်းပွဲ လုပ်ချင်နေတာလား ...
သူ့ခန္ဓာကိုယ်က ဒီလောက်အထိ ပျက်စီးယိုယွင်းနေတာကိုတောင် အလုပ်လုပ်ချင်နေသေးတယ်ပေါ့ .. မီဒီယာတွေ အုပ်လိုက်ကြီး ဝိုင်းပြီး အင်တာဗျူးတာကိုတောင် လက်ခံဖို့ ကြံနေလိုက်သေးတယ် ...
ရှဲ့ယွင်နန်က ရူးသွားပြီလား သူက သေချင်နေတာလား...
သူက ရှဲ့ယွင်နန်ကို နှင်တံဖြင့် ကုသခဲ့သည့်အတွက် ကျန်းမာရေးအခြေအနေ ပိုမိုကောင်းမွန်လာပြီ ဖြစ်သော်ငြား ရှဲ့ယွင်နန်က သူ့ကို ဆက်ပြီး အသုံးမပြုခိုင်းတော့။ သူက ယမန်နေ့ညက အခြေအနေကို သဘောကျမိသည့်တိုင် ရှဲ့ယွင်နန်ကိုလည်း အမြန်ဆုံး ပြန်သက်သာစေလိုပေသည်။
ဒေါသစိတ်များ တလိမ့်လိမ့် တက်လာသည့်အတွက် ပင်ကိုယ်အသိစိတ်လည်း နောက်တစ်ကြိမ် ပြန်ထွက်ပေါ်လာရတော့သည်။
“ကိုယ်က အလုပ်မသွားပါဘူး ဒီတိုင်း သတင်းစာရှင်းလင်းပွဲလေးပဲ ...”
“အဲဒါလည်း မလုပ်ရဘူး ...”
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ခင်ဗျားက အနားယူဖို့ လိုအပ်တယ် ... ဆရာဝန်ကပဲ အချိန်ဇယား စီစဉ်ပေးလိမ့်မယ် ဆရာဝန်ပေးတဲ့အတိုင်းပဲ လိုက်လုပ် ကျန်တာ ဘာမှ မလုပ်ရဘူး ...”
“ကိုယ်က အကြာကြီး အနားယူထားခဲ့တာလေ အဲဒါက မသင့်လျော်ဘူး ...”
သူက နားချလိုက်သည်။
“အရင်ဆုံး အခန်းထဲကနေ ထွက်ပေးလို့ ရမလား ...”
သူသာ ထိုအကြောင်း မပြောလိုက်ပါလျှင် အဆင်ပြေနေဦးမည် ဖြစ်သည်။ ထိုအကြောင်း စကားစလိုက်သည်နှင့်တစ်ပြိုင်နက် ...
ယခင်က သွမ့်ချန်ချင်းတွင် လွတ်လပ်မှု များစွာ မရှိခဲ့သည့်အတွက် ခံစားချက်များစွာကို ဖိနှိပ်ထားခဲ့ရသည်။ ရှဲ့ယွင်နန်ကလည်း သူ့ကို မချစ်တော့ဟု ပြောခဲ့ဖူးသေးရာ ထို ဝမ်းနည်းဖွယ် စကားလုံးများက သူ့နားထဲတွင် ပဲ့တင်ထပ်နေဆဲပင်။
စားပွဲကို ဝုန်းခနဲ ရိုက်ချလိုက်ရင်း သူက ရှဲ့ယွင်နန်ကို အမိန့်ပေးလိုက်သည်။
“မသွားနဲ့လို့ ပြောရင် မသွားနဲ့ .. ခင်ဗျားကို ဖမ်းချုပ်ထားချင်နေပြီ ...”
ရှဲ့ယွင်နန် “...”
ရှချင် “...”
သွမ့်ချန်ချင်းက ထပ်ပြောလိုက်သည်။
“စောစောက ကျွန်တော့်ကို ထွက်သွားဖို့ ပြောလိုက်တာ မဟုတ်လား မသွားနိုင်ဘူး ခင်ဗျားကိုပါ အခန်းထဲ သော့ခတ်ထားမှာ ရှချင် ခင်ဗျားရဲ့ ပစ္စည်းတွေနဲ့အတူ ထွက်သွားလိုက်တော့ ရှဲ့ယွင်နန်အတွက်ကတော့ .. ဘယ်သူမှ ကျွန်တော့်ကို အနိုင်တိုက်ပြီး ရှဲ့ယွင်နန်ကို ဆွဲထုတ်မသွားနိုင်သရွေ့ ..ကျွန်တော်နဲ့ပဲ အတူတူ နေရလိမ့်မယ် ...”
ထိုသို့ ပြောနေရင်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
ရှချင်က ချက်ခြင်း ပစ္စည်းများကို သိမ်းဆည်းကာ ထွက်သွားတော့၏။
သူမတို့ မိသားစုဝင် မြို့အရှင်လေးကိုတော့ မကူညီနိုင်တော့ဘူး ရှေ့မှာ ရှိနေတဲ့တစ်ယောက်ကို သူမလည်း အနိုင် မတိုက်နိုင်ဘူး ...
မြို့အရှင်ကိုပဲ ခဏလောက် “အကျယ်ချုပ်” ဘဝကို ရောက်စေပြီးပဲ အပြစ်ပြုလိုက်တော့မယ် ...
သူမက အလင်းကဲ့သို့ အရှိန်ဖြင့် ထွက်သွားသည့်အတွက် ရှဲ့ယွင်နန်ပင်လျှင် မတားလိုက်နိုင်ခဲ့။
ရှချင်၏ ပုံရိပ် သူ့မြင်ကွင်းထဲမှ ပျောက်ကွယ်သွားသည်နှင့်တစ်ပြိုင်နက် ရှဲ့ယွင်နန်သည် ရှေ့တွင် ရှိနေသော လူငယ်လေးကို စိုက်ကြည့်လိုက်သည်။
“သို့သို့ ...”
“ကျွန်တော့်နာမည်က သို့သို့ မဟုတ်ဘူး သွမ့်ချန်ချင်း ..."
သွမ့်ချန်ချင်းက ပြောလိုက်သည်။
ဒုတိယစရိုက်မှာလည်း နာမည်တစ်ခု သပ်သပ် ရှိနေသေးတာလား ...
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“သွမ့်ချန်ချင်းတဲ့လား နာမည်က ကောင်းသားပဲ ... ထိုင်ပါ စကားပြောကြရအောင်လေ ...”
သူ့အနေဖြင့် အရူးလေး၏ ဒုတိယစရိုက်နှင့် စကားကောင်းကောင်း ပြောကြည့်ရန် လိုအပ်နေပေသည်။
အရူးလေးနှင့် ဆက်ဆံရေးကို ထိုအခြေအနေအထိ ရောက်အောင် အဆင့်တက်မိသည့်အတွက် သူ့ကိုယ်သူ အမြဲ ရှက်ရွံ့မိနေခဲ့သည်။
သူက .. ကလေးတစ်ယောက်ကို သွေးဆောင်ခဲ့မိသလိုပဲ ...
ဒုတိယစရိုက် ထွက်ပေါ်လာသည့်အခါ သူတို့၏ ဆက်ဆံရေးမှာ ပို၍ပင် ပွေလီရှုပ်ထွေးလာတော့သည်။
သွမ့်ချန်ချင်းက ဝင်ထိုင်လိုက်သည်။
ရှဲ့ယွင်နန်သာ လွန်ခဲ့သော နှစ် ၂၀ ခန့်က ပုံစံအတိုင်း ရှိနေသေးပါလျှင် သူ့ကို ဂျူနီယာတစ်ဦးအဖြစ်သာ သတ်မှတ်မိဦးမည်ဖြစ်သည်။ နေထိုင်ရှင်သန်ခဲ့သည့် ကာလများကို နှိုင်းယှဉ်ကြည့်ပါလျှင် သွမ့်ချန်ချင်းကပင် ပိုမို များပြားနေသေးသည်။
သို့သော် ယခုလက်ရှိ ရှဲ့ယွင်နန်မှာ ပညာရှိအဖိုးအိုတစ်ဦးနှင့် တူညီနေပေသည်။ သွမ့်ချန်ချင်းသည် နှစ်ပေါင်းများစွာ ရှင်သန်ခဲ့ဖူးသော်ငြား အတွေ့အကြုံချင်း နှိုင်းယှဉ်ကြည့်ပါလျှင်မူ သူသည် ရှဲ့ယွင်နန်လောက်ပင် လောကဓံကို မရင်ဆိုင်ခဲ့ရဖူးချေ။
ပြီးခဲ့သည့်ဘဝတွင်လည်း တိုက်ခိုက်ရုံမျှအပ လူသားများနှင့် ထိတွေ့ဆက်ဆံရန် များစွာ မလိုအပ်ခဲ့ချေ။
သို့သော် သွမ့်ချန်ချင်းက သူ့ကိုယ်သူ လူငယ်တစ်ဦးဟုသာ မှတ်ယူထားဆဲပင်။
“ဘာအကြောင်း ပြောချင်တာလဲ ကြိုပြောထားလိုက်မယ်နော် အလုပ်သွားလုပ်မယ့် အကြံရှိနေရင် စောစောစီးစီး စွန့်လွှတ်ထားလိုက် ...”
ရှဲ့ယွင်နန် “ဒါဆို အဲဒီ့အကြောင်း မပြောတော့ဘူး ငါတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးအကြောင်း ပြောကြရအောင် ...”
သွမ့်ချန်ချင်း၏ မျက်နှာထား ပြောင်းလဲသွားတော့သည်။
“မလိုဘူး အတူတူ ရှိနေကြပြီပဲဟာ ခင်ဗျားက ကျွန်တော့်လူပဲ .. အဲဒီ့အကြောင်း ဘာမှ ဆက်ပြောဖို့ မလိုဘူး ခင်ဗျားဘက်က ဇာတ်လမ်းစပြီးကာမှ စိတ်တိုင်းကျ နှင်ထုတ်ချင်လို့ မဖြစ်ဘူးလေ ...”
နည်းလမ်းကျကျ ပြောရပါလျှင် ရှဲ့ယွင်နန်ဘက်မှ စတင်ခဲ့ခြင်း မဟုတ်ပေ။ သူ ပြောလိုသည့် အကြောင်းအရာကိုမူ ... သွမ့်ချန်ချင်းက သူတို့နှစ်ဦးမှာ အတူတူ ရှိနှင့်နေပြီးဖြစ်သည်ဟု ပြောလာသည့်အတွက် ထိုအကြောင်း ဆက်ပြောနေရန် မလိုတော့ချေ။
သူတို့နှစ်ယောက် အတူတူ ဆက်ရှိနေတုန်းပဲ ဆိုတာကကို လိုအပ်တာထက် ပိုပြီးတော့ ကောင်းနေပါပြီ ...”
ဒါက သူ ဖြစ်ချင်တာနဲ့ ကွက်တိပဲလေ ...
ရှဲ့ယွင်နန်က အရူးလေး၏ ကြမ်းတမ်းခက်ထန်သော ဒုတိယစရိုက်ကလည်း သူ့ကို များစွာ သဘောကျကြောင်း ခံစားမိနေပေသည်။
ဒါက သတင်းကောင်းပဲလေ ...
အရူးလေးရဲ့ ဒုတိယစရိုက်ကလည်း သူ့ကို မငြင်းဆန်ဘဲ သဘောကျနေတယ်ဆိုတော့ ပိုတောင် ကောင်းသေးတယ် ...
ဒုတိယစရိုက်အပေါ် သူ ဘယ်လို ခံစားရလဲ ဆိုတာကတော့ ... ဒုတိယစရိုက်နဲ့ သိပ်ပြီး အချိန်အကြာကြီး ရှိမနေခဲ့ရသေးဘူး ဆိုပေမယ့် မုန်းတော့ မမုန်းမိပါဘူး ဒုတိယစရိုက်နဲ့ တစ်ခုခု လုပ်ရအောင်လို့ တောင်းဆိုခံရမယ် ဆိုရင်တော့ နည်းနည်း နေရခက်နေဦးမယ်ထင်တယ် ...
သူနှင့် အရူးလေးအကြား ဆက်ဆံရေးမှာ မူလကတည်းက မှားယွင်းနေခဲ့သည်။ သူက အရူးလေးကို အမြန် လက်ခံနိုင်ခဲ့ခြင်းမှာ တစ်ဖက်သူ၏ ရိုးသားမှုနှင့်လည်း သက်ဆိုင်နေပေသည်။
သူသာ အရူးလေး၏ ဒုတိယစရိုက်နှင့်အတူ ဂူထဲတွင် နိုးထလာခဲ့ပါလျှင် ထိုအခြေအနေမျိုး၌ သူ့ကို အခွင့်ကောင်း ယူသွားသည့် တစ်ဖက်သူအား လက်ခံနိုင်ရန် ခက်ခဲပေလိမ့်မည်။
သူ့ဘက်က အသံတိတ်နေစဉ်မှာပင် သွမ့်ချန်ချင်းက ထပ်မေးလိုက်သည်။
“နောက်ထပ် ဘာပြောချင်သေးလဲ ...”
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“ဟိုနှင်တံ .. အရင်က အဲဒီ့နှင်တံကို သုံးတဲ့လူတိုင်း သေကုန်တာ .. မင်း အဆင်ပြေရဲ့လား ...”
သွမ့်ချန်ချန်းက ပြောလိုက်သည်။
“ကျွန်တော် ထင်ခဲ့တာ ခင်ဗျားက ကျွန်တော့်ကို နှင်တံကို အသုံးပြုပြီး မကုသခိုင်းတာက ...”
“ဘာလဲ ...”
ရှဲ့ယွင်နန်က မေးလိုက်သည်။
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ခင်ဗျားကို “ရိုက်တာ”ကိုပဲ သဘောကျတယ်လို့ ထင်ခဲ့တာ ...”
ရှဲ့ယွင်နန် “...”
သွမ့်ချန်ချင်းက အလျော့မပေးသေး။
“မကြိုက်ဘူးလား ... ခင်ဗျား ကြိုက်တာ အသိသာကြီးပါ ...”
ရှဲ့ယွင်နန်က သူ့ကို တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။
“အရမ်းကို ကြိုက်တာပေါ့ ဒါပေမယ့် မင်းအနေနဲ့ မကိုင်တွယ်နိုင်မှာကိုလည်း စိုးရိမ်မိတယ် ...”
“ကျွန်တော်က အလွှမ်းမိုးခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး ..."
“နွားတွေကလည်း လယ်ထွန်ရင်း မောပြီး သေကြတာပဲ ...”
သွမ့်ချန်ချင်း “...”
ဒီလူအိုကြီးကို စနောက်ရတာကလည်း မလွယ်လိုက်တာ .. ရှဲ့ယွင်နန် ငယ်ငယ်တုန်းကဆို ဆင်ခြေဖုံးဒေသက အန်တီကြီးတွေ သူနဲ့ သူ့ရည်းစားဟောင်းကို စနောက်ကြတိုင်း မျက်နှာတစ်ခုလုံး နီရဲသွားတာကို မှတ်မိပါသေးတယ် ...
အဲဒီ့ ရှဲ့ယွင်နန်က ဘယ်ရောက်သွားတာလဲ ...
ရှဲ့ယွင်နန်၏ ရည်းစားဟောင်းအကြောင်း တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် သွမ့်ချန်ချင်းသည် ရှာလကာရည် ပုံးလိုက်ကြီး သောက်လိုက်ရသလို ချဉ်စူးသွားတော့သည်။
ရှဲ့ယွင်နန်က ပြောလိုက်သည်။
“မင်းခန္ဓာကိုယ်က အဆင်ပြေရဲ့လား ...”
“အဆင်ပြေပါတယ် .. နှင်တံက စိတ်စွမ်းအင်ကို အသုံးပြုရတာလေ ဆိုလိုချင်တာက .. လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက စိတ်စွမ်းအင်ကို အသုံးပြုရတာ ဒါပေမယ့် ကျွန်တော့်ဆီမှာ ကိုယ်ပိုင် စိတ်စွမ်းအင်ရယ်လို့ မရှိဘူး ဒီပစ္စည်းကြောင့်ပဲ ဒီနှင်တံကို ဆက်တိုက် အသုံးပြုလို့ ရနေတာ ...”
သွမ့်ချန်ချင်းက ကြက်ဥအရွယ်အစားခန့် ရှိသော ကျောက်စိမ်းတစ်တုံးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။
ရှဲ့ယွင်နန်က သူ့လက်ထဲရှိ ကျောက်စိမ်းတုံးကို ကြည့်ကြည့်လိုက်သည်။ သူ့ကို ကယ်ရန် ရောက်လာကတည်းက အရူးလေးသည် ထိုကျောက်စိမ်းတုံးကို အမြဲ လက်ထဲ ဆုပ်ထား၏။
ဒီကျောက်စိမ်းက ဘာတွေများ ထူးခြားနေတာလဲ ...
သွမ့်ချန်ချင်းက သူ၏ သိလိုစိတ်ကို အကဲခတ်မိသည့်ဟန်၊ အသေးစိတ် ရှင်းပြလိုက်သည်။
“ဒီနှင်တံကို ဘယ်လို သုံးရလဲဆိုတာ ခင်ဗျားကို သင်ပေးမယ် .. ဒါပေမယ့် တစ်ကြိမ်ပဲ အသုံးပြုနိုင်မယ် ခင်ဗျားခန္ဓာကိုယ် အခြေအနေက အရမ်းကို ဆိုးလွန်းတော့ အဲဒါကို တစ်ကြိမ်ထပ်ပိုပြီး သုံးနိုင်မှာ မဟုတ်ဘူး ..."
ထိုသို့ ပြောကာ ရှဲ့ယွင်နန်၏ ဘေးသို့ လျှောက်လာလိုက်သည်။ နှင်တံနှင့် ကျောက်စိမ်းတုံး နှစ်ခုလုံးကို ရှဲ့ယွင်နန်၏ လက်ထဲသို့ ထည့်ပေးပြီးနောက် အသုံးပြုပုံကို စိတ်ရှည်လက်ရှည် သင်ပေးလိုက်တော့သည်။
ရှဲ့ယွင်နန်က သူ့လက်ထဲရှိ နှင်တံနှင့် ကျောက်စိမ်းတုံးကို ငေးကြည့်ရင်း အတွေးနွံထဲ နစ်ဝင်သွားပြန်၏။
သွမ့်ချန်ချင်းက ထိုကျောက်စိမ်းတုံး၏ ကျေးဇူးဖြင့် နှင်တံကို တိုက်ခိုက်ရေးနှင့် ကုသရာတွင် အသုံးပြုနိုင်သည်ဟု ပြောခဲ့သည်။ ထိုပစ္စည်းနှစ်ခုကို သူ့လက်ထဲ ထည့်လိုက်ခြင်းမှာ အားကောင်းလှသော အင်အားစုအား သူ့ထံ လွှဲပြောင်းပေးသည်နှင့် အတူတူပင် ဖြစ်သည်။ ‘
သွမ့်ချန်ချင်းက သူ ဒီပစ္စည်းနှစ်ခုကို ယူပြီး ထွက်ပြေးသွားမှာကို မကြောက်ဘူးလား ...
ဘယ်လိုလုပ်ပြီး သူ့ကို ဒီလောက်အထိ ယုံကြည်နိုင်ရတာလဲ ...
ထို့နောက် ရုတ်တရက် အခြားတစ်ခုကို သတိပြုမိသွားသည်။
သွမ့်ချန်ချင်းက သူနဲ့ တအားကို နီးကပ်လွန်းနေသလိုပဲ ...
သူက မည်သူ့ကိုမှ နီးနီးကပ်ကပ် နေခွင့်မပြုခဲ့။ သို့သော် သွမ့်ချန်ချင်းက သူနှင့် များစွာ ရင်းနှီးနီးကပ်နေခြင်းကိုမူ မသက်မသာ မဖြစ်မိချေ။
ကျောက်စိမ်းတုံးနှင့် နှင်တံကို အသုံးပြုကြည့်ကာ ၎င်းက ခန္ဓာကိုယ်ကို မထိခိုက်ကြောင်း အတည်ပြုပြီးကာမှ ရှဲ့ယွင်နန်လည်း စိတ်အေးသွားရတော့သည်။
“ကျွန်တော် ခင်ဗျားကို ကုသပေးနိုင်တယ် ဒီနှင်တံနဲ့သာဆို ရှေ့နှစ်ဆို သေချာပေါက် ကျန်းမာရေး ပြန်ကောင်းလာတော့မှာ ...”
ရှဲ့ယွင်နန်က သူ့ကို အလေးအနက် စိုက်ကြည့်လိုက်သည်။
“ကျေးဇူးတင်ပါတယ် ...”
“ကျေးဇူးတင်ဖို့ မလိုပါဘူး တကယ်တမ်း ပြောရရင် နှင်တံ မပါလည်း ခင်ဗျားကို ကုသပေးနိုင်တယ် နည်းနည်းလေးတော့ ပိုနှေးသွားမှာပေါ့ ငါးနှစ် ဖြစ်မလား ဆယ်နှစ် ဖြစ်မလားပဲ .. ကျွန်တော်က ခင်ဗျားကို ဘယ်လိုလုပ် လက်လျော့နိုင်မှာလဲ ကျွန်တော့်အတွက် ဘယ်လောက်အထိ စိတ်မသက်မသာ ဖြစ်ရလဲဆိုတာ မသိဘူး မဟုတ်လား ကျွန်တော်က ခင်ဗျားကို အများကြီး အများကြီးကို သဘောကျတာ ...”
အရူးလေး၏ ဒုတိယစရိုက်မှာ အလွန်ရင့်ကျက်ကာ ငိုယိုခြင်း မရှိသည့်တိုင် သူ၏ တိုးဝင်သွားသော အသံမှာ ရှဲ့ယွင်နန်ကို ချဉ်စူးသွားစေသည်။
“အဲဒီ့လိုလား ...”
“ကျွန်တော်လည်း မမှန်ခဲ့ပါဘူး ခင်ဗျားကို စောစောစီးစီး မပြောခဲ့မိဘူးလေ ...”
ဒုတိယစရိုက်က အမြဲ ထွက်ပေါ်နေခြင်း မဟုတ်သည့်အတွက် သူ့ကို ရှင်းမပြဟုဆိုကာ အပြစ်မတင်တော့။ ရှဲ့ယွင်နန်က အခြားကိစ္စတစ်ခုကိုသာ ပိုပြီး သိလိုနေခဲ့သည်။
“ဘာ.. ဘာလို့ ငါ့ကို သဘောကျတာလဲ ...”
အရူးလေးက သူ့ကို တွေ့ဖူးပြီး အထင်ကောင်း အမြင်ကောင်းတွေ ဖြစ်မိလို့ ချစ်သွားတယ်ဆိုတာကမှ ယုတ္တိရှိသေးတယ်လေ ...
ဒါပေမယ့် သွမ့်ချန်ချင်းက တူမှမတူတာ သူက အရမ်းကို အင်အားကြီးတဲ့အပြင် ကိစ္စတွေ အများကြီးကိုလည်း သိထားသေးတယ် ...
ဒီလိုလူက သူ့ကို ဘယ်လိုလုပ် ချစ်မိသွားနိုင်မှာလဲ သူ့လို သက်လတ်ပိုင်း အမျိုးသားတစ်ယောက်ကိုလေ ...
သွမ့်ချန်ချင်းက ပြောလိုက်သည်။
“ခင်ဗျားက အရမ်းကောင်းတာ တကယ်ကို အချစ်ခံရသင့်တယ် ...”
ရှဲ့ယွင်နန်မှာ ဘာဆက်ပြောရမှန်း မသိတော့။
“ငါက အရမ်း အိုနေပြီ ...”
“ခင်ဗျားအသက်က ဘယ်လောက်လဲ လေးဆယ်ကျော်မှ ဘဝစတယ်လို့တောင် ပြောကြတာ မဟုတ်ဘူးလား ခင်ဗျားအသက်က ကွက်တိပဲ ...”
ရှဲ့ယွင်နန်က ထိုအသက်သို့ပင် မရောက်သေး။ အသက်နှင့် ပတ်သက်၍ နှစ်သိမ့်ခံလိုက်ရပြီးနောက် အလွန် စိတ်ကြည်လင်သွားကာ အပြုံးတို့က ဖုံးဖိ၍ မရစွာ ထွက်ပေါ်လာတော့သည်။
သွမ့်ချန်ချင်းက ထပ်ပြောလိုက်ပြန်သည်။
“ဒီလိုဆိုမှ ကျွန်တော်ကမှ ခင်ဗျားကို အရင် စကြိုက်ခဲ့တာပါနော် ကျွန်တော်သာ မကြိုက်ရင် အဲဒီ့ အရူးလေးက ကြိုက်မှာကို မဟုတ်ဘူး ...”
ရှဲ့ယွင်နန်က ကြောင်အသွားသည်။
သွမ့်ချန်ချင်းက ခပ်တိုးတိုး ချောင်းဟန့်ကာ ပြောလိုက်သည်။
“သူက ဘာကိုမှ မသိ နားမလည်ဘူးလေ သူ ခင်ဗျားကို တစ်ခုခု လုပ်ခဲ့တာကလည်း ကျွန်တော့်ကြောင့်ပဲ ..."
ထိုစကားမှာ အမှန်ဖြစ်သည်။
အရူးလေးက ၎င်းကို “ရိုက်နှက်ခြင်း” ဟုသာ ထင်ထားခဲ့ကာ သူ ထိုသို့ လုပ်ခဲ့ခြင်းမှာမူ သွမ့်ချန်ချင်း၏ အတွေးများကြောင့် ဖြစ်သည်။
သူက ထပ်ပြေလိုက်ပြန်သည်။
“ခင်ဗျားက ကျွန်တော့်ကို နှင်ထုတ်ပြီး မချစ်ဘူးလို့လည်း ပြောသေးတယ် ခင်ဗျားကို လုံးဝ ဂရုမစိုက်တော့ဘူး ... ကျွန်တော် နိုးလာရင် ကျွန်တော့်ကို ချစ်တယ်လို့ ပြောပေး ...”
သွမ့်ချန်ချင်းက ထိန်းချုပ်မှုများ လွတ်ကင်းလာပြီဟု ခံစားမိလာရသည်။ ထိုသို့ မဖြစ်မီ ရှဲ့ယွင်နန်၏ ဝန်ခံချက်ကို ကြားလိုပေသည်။
ရှဲ့ယွင်နန်က အနည်းငယ် တုန့်ဆိုင်းမိနေ၏။
ထို့ကြောင့် သွမ့်ချန်ချင်းက အကြောင်းအရာတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။
ရှဲ့ယွင်နန်က အရူးလေးကို ကြိုက်ပေမယ့် သူ့ကို မကြိုက်ဘူးပဲ ..
နောက်ထပ် ရှာလကာရည် တစ်ပုလင်း ထပ်သောက်လိုက်ရသူက ဖုံးမနိုင် ဖိမရစွာဖြင့် ထုတ်ပြောလိုက်သည်။
“လူယုတ်မာ ...”
ရှဲ့ယွင်နန် “...”
သို့သော် သွမ့်ချန်ချင်း၏ အမူအယာ ပြောင်းလဲသွားကာ အရူးလေး ပြန်ရောက်လာပြန်သည်။
သွမ့်ချန်ချင်း၏ ပြင်းထန်လှသော ခံစားချက်များကို ဆက်ခံလိုက်ရသည့် အရူးလေးကလည်း အလိုလိုပင် ကျိန်ဆဲမိသွားသည်။
“လူယုတ်မာ ...”
ရှဲ့ယွင်နန်က သူ့ကို မကြိုက်ဘူးတဲ့ လူယုတ်မာ ...
ရှဲ့ယွင်နန် “???”
1.7