Chapter 106
Extra 1.4.1
သွမ့်ချန်ချင်းမှာ ရူးတော့မတတ်ပင်။
သူ့ဘဝတစ်လျှောက် ဤကဲ့သို့သော ရူးမိုက်ဖွယ် ကိစ္စမျိုးနှင့် ကြုံတွေ့ရလိမ့်မည်ဟု တွေးပင် တွေးမထားဖူးခဲ့။
ဤကမ္ဘာသို့ စတင် ဝင်ရောက်လာစဉ်က ပထမဆုံး တွေ့ခဲ့သည့် ခန္ဓာကိုယ်မှာ အလွန် ထိခိုက်ပျက်စီးနေခဲ့သည်။ အသက်ရှင်သန်ရန်အတွက် ထိုခန္ဓာကိုယ်ကို စွန့်ပစ်ကာ သူ၏ သိစိတ်ဝိဉာဉ်အား လွှတ်ပေးလိုက်ရ၏။
ဘဝတစ်ခုအား မည်ကဲ့သို့ အရယူရမည်ဖြစ်ကြောင်း သင်ယူဖူးထားခြင်း မရှိသည့်တိုင် ဤကမ္ဘာက သူ့ကို လက်ခံကာ များမကြာမီ အဆာငတ်မွတ်မှုကြောင့် သေတော့မည့် ကလေးတစ်ဦးအဖြစ် ပြန်လည်မွေးဖွားလာပြန်သည်။
သို့သော် သူ့စိတ်ဝိဉာဉ်မှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရနေသည့်အတွက် ၎င်းကို တစ်ဖြည်းဖြည်း ပြန်လည်သက်သာလာစေရန် ထိုကလေး၏ စိတ် အောက်ဆုံးတွင် နစ်မြုပ်စေလျက် ထိုကလေး၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခွင့် လုံးဝ မပြုခဲ့ချေ။
ခန္ဓာကိုယ်က သူ့အပိုင် ဖြစ်သော်ငြား စိတ်ဝိဉာဉ်က ဒဏ်ရာရထားသည့်အတွက် စိတ်ဝိဉာဉ် မရှိသည့် ဗလာအခွံတစ်ခုနှယ်သာ ဖြစ်နေခဲ့သည်။
ထိုကလေးက ငိုလည်း မငို၊ ပြဿနာရှာခြင်းလည်း မရှိသည့်အပြင် ပြင်ပလောကကို တုန့်ပြန်ခြင်းလည်း အလျဉ်းမရှိ၊ သူ့သဘာဝအတိုင်း ရိုးရိုးရှင်းရှင်းသာ နေထိုင်ခဲ့သည်။
သူက အချိန်အများစုကို အိပ်စက်ခြင်းဖြင့်သာ ကုန်ဆုံးကာ တစ်ခါတစ်ရံမှသာ နိုးထလာတတ်၏။ နိုးထလာသည့်အခါ သူ၏ ပြန့်ကြဲနေသော အသိစိတ်များကို စုစည်း၍ ဖြစ်ပျက်နေသည်များအား သင်ယူရန် ကြိုးစားခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်။
ဤကလေးမှာ အဆာငတ်မွတ်မှုကြောင့် သေတော့မလိုပင် ဖြစ်ခဲ့ရရာ .. သူ့မိဘများကို လုံးဝ ယုံကြည်အားကိုးနေ၍ မရပေ။ အမှန်စင်စစ်အားဖြင့် သွမ့်ချနန်ချင်းသည် ပြန်လည်မွေးဖွားလာပြီးနောက် အချိန်ကြာမြင့်စွာ ဆာလောင်မွတ်သိပ်နေခဲ့ရသည်။ ဘေးအိမ်ရှိ အဘွားအိုတစ်ဦးက သူ့ကို တစ်ခါတစ်ရံ ဆန်ပြုတ်အချို့ ကျွေးခဲ့၍သာ တော်သေးသည်။
သို့သော် ၎င်းမှာလည်း ရေပုံးထဲသို့ ကျလာသည့် ရေတစ်ပေါက်မျှသာပင်။
ထို့အပြင် သူက မည်ကဲ့သို့ ငိုရမှန်းလည်း မသိ။ သူ့ကို မွေးဖွားပေးသည့် မိဘများက သူ့ကို ပြုစုစောင့်ရှောက်ခြင်း မရှိသည့်အပြင် မငိုသည်ကပင် ပိုကောင်းသေးသည်ဟု ခံယူထားသေး၏။ သို့သော် ဘေးအိမ်ရှိ အဘွားအိုက သူ့တွင် ပြသနာ တစ်ခုခု ရှိနေသည်ဟု ထင်ခဲ့သည်။ သို့သော် ဝမ်းရေးမှာ ခက်ခဲလွန်းလှသည့်အတွက် သူမကလည်း သူ့ကို တစ်ဖြည်းဖြည်း အစာမပေးနိုင်တော့။
အစား မစားရသည့်အတွက် သူသည် ငတ်မွတ်သည့် ဘဝသို့ တစ်ဖြည်းဖြည်း ရောက်ရှိလာတော့သည်။ ပို၍ ဆိုးသည်မှာ မိုးရွာသည်နှင့် တစ်ပြိုင်နက် အိမ်အမိုးကပါ မိုးရေယိုစ ပြုလာပြန်၏။ ။
ဘေးနားရှိ လူများ၏ စကားများအရ လူများကို သတ်ဖြတ်ကာ စားသောက်တတ်သည့် ကြောက်မက်ဖွယ် သားရဲများလည်း ရှိနေကြောင်း သိလိုက်ရသည်။
သွမ့်ချန်ချင်းက သူ ဝင်ရောက်ခဲ့ရာ ကမ္ဘာအကြောင်း အနည်းငယ်တော့ သိစပြုနေပြီ ဖြစ်သည်။ ၎င်းမှာ ဆင်းရဲသားရပ်ကွက်ကဲ့သို့သော နေရာမျိုး ဖြစ်ကာ မည်သူ၏ဘဝကမှ မလွယ်ကူ။ ဥပမာအားဖြင့် ဤခန္ဓာကိုယ်၏ မိဘများတွင် ဝင်ငွေ အတည်တကျ မရှိ။ သူတို့က လက်ထပ်ထားခြင်းပင် မရှိ၊ နှစ်ဦးသဘောတူ အတူတူ နေနေကြခြင်းသာ ဖြစ်ပေသည်။
ထိုသို့သော အခြေအနေမျိုးတွင် ဤကလေးသည် သူတို့အတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုမျှသာ ဖြစ်ပေသည်။
တစ်ခါတစ်ရံ သူတို့ ငွေမရှာနိုင်သည့်အခါ သူ့ကို ဆူပူကြိမ်းမောင်းကာ အငတ်ထားခဲ့ကြသည်။ ငွေရလာသည့် အခါတွင်လည်း ထိုသူနှစ်ဦးက စားစရာ ဝယ်ရမည့်အစား ဝိုင်များ ဝယ်ယူကာ ရီဝေယစ်မူးနေရသည့် အရသာကိုသာ ပိုပြီး လိုလားကြသည်။
အိမ်နီးနားချင်း အများအပြားမှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။
ထို့အပြင် လူသား စားတတ်သည့် အံ့ဖွယ်သားရဲများကိုပါ ထပ်ပေါင်းထည့်လိုက်ပါလျှင် ...
သွမ့်ချန်ချင်းက တစ်ခုခု လုပ်လိုသော်ငြား မည်သို့မှ မလုပ်နိုင်၊ နောက်တစ်ကြိမ် အသိစိတ် ပျောက်သွားရပြန်တော့သည်။
ထိုကဲ့သို့ အသိစိတ် ပျောက်သွားသည်မှာ မည်မျှ ကြာမြင့်သွားသည် မသိ၊ တစ်ရက်သောအချိန်တွင် စိုးရိမ်မှုတို့ ရောစွက်နေသည့် အသံကြောင့် နိုးထလာခဲ့သည်။
သူ့သိစိတ်ဝိဉာဉ်သည် များသောအားဖြင့် အိပ်စက်နေသည့်တိုင် လပေါင်းများစွာ နိုးကြားခဲ့ပြီးနောက် ဤနေရာရှိ ဘာသာစကားကို အတော်အသင့် နားလည်နေပြီ ဖြစ်သည်။
ထိုအချိန်တွင် လူတစ်ယောက်၏ အံ့ဖွယ်သားရဲများ လာနေပြီ ဖြစ်ကြောင်းနှင့် သူတို့ကို နေရာတစ်နေရာ ရှာကာ ပုန်းအောင်းနေရန် ပြောသည့်စကားသံကို ကြားလိုက်ရသည်။
သူ့သိစိတ်ဝိဉာဉ်ကို အနည်းငယ်မျှ ထုတ်ကြည့်လိုက်သည့်အခါ သူတို့ကို သတိပေးခဲ့သူမှာ အများက ရှဲ့ယွင်နန်ဟု ခေါ်ဝေါ်ကြသော အသက် ၂၀ ဝန်းကျင်အရွယ် လူချောလေးတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။
အများစုက သူ့နောက်မှ လိုက်ကာ ထွက်ပြေးသွားကြသော်ငြား ဤကိုယ်၏ မိဘများမှာမူ မူးယစ်နေကြသည့်အတွက် နားငြီးသည်ဟုသာ ယူဆလိုက်ကြသည်။
သူက သူ့ကို ကယ်ထုတ်ပေးမည့်သူတစ်ဦးဦး ရောက်လာရန် အော်ဟစ်ငိုယိုလိုက်လိုသော်ငြား ဤခန္ဓာကိုယ်မှာ ဗလာအခွံမျှသာ ဖြစ်သည့်အတွက် မငိုနိုင်၊ သိစိတ်ဝိဉာဉ်မှာလည်း အမြန် ပျောက်ဆုံးသွားပြန်တော့သည်။
သူ နောက်တစ်ကြိမ် နိုးလာသည့်အခါ သူ့မိဘများက သေလုမျောပါး ပြေးလွှားနေကြ၏။
မူလကိုယ်၏ မိဘများမှာ ပြောပလောက်အောင် မဆိုးဟု ခံစားမိစဉ်မှာပင် သူ့ကို အံ့ဖွယ်သားရဲများ ရှိရာသို့ လွှင့်ပစ်လိုက်ကြတော့သည်။
ဒီကမ္ဘာကို ရောက်ကတည်းက အံ့ဖွယ်သားရဲတွေ စားတာကို တစ်ကြိမ် ခံရပြီးသားလေ ဘယ်သူက နောက်တစ်ကြိမ် အစားခံချင်မှာလဲ ...
သွမ့်ချန်ချင်းက သူ့ကိုယ်သူ မြေပေါ်သို့ ပြုတ်ကျတော့မည်ဟုပင် တွေးလိုက်မိပြီး ဖြစ်သည်။ အံ့ဖွယ်သားရဲတို့၏ သွေးညှီနံ့များ နီးကပ်လာစဉ် ... သူတို့ကို သတိလာပေးခဲ့သည့် ရှဲ့ယွင်နန်က သူ့ကို ကယ်တင်လိုက်သည်။
ထိုလူချောလေးမှာ များစွာ သန်မာခြင်း မရှိသော်ငြား အလွန် ကောင်းမွန်လှသည့် စိတ်နှလုံးကို ပိုင်ဆိုင်ထားသည်။ သူ့ကို လက်တစ်ဖက်ဖြင့် ပွေ့ထားကာ ကျန်လက်တစ်ဖက်ဖြင့် အံ့ဖွယ်သားရဲများကို တိုက်ခိုက်ခဲ့ပြီး ထိုသားရဲများ၏ ကိုက်ခဲခြင်းကို ခံရသည့်တိုင် သူ့ကို မစွန့်ပစ်ခဲ့ချေ။
လူချောလေးက အခြေအနေကို စစ်ဆေးပြီးနောက် သူ့ကို ၁၁ နှစ်၊ ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးထံ ခေါ်လာကာ စောင့်ရှောက်စေခဲ့၏။
နောက်တစ်နေ့တွင် လူချောလေးက သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်ကို တရွတ်တိုက်ဆွဲကာ နို့မှုန့်နှစ်ထုပ်နှင့် အတူ ပြန်လာခဲ့သည်။ ထို့အပြင် သူက အာဟာရ ပြတ်နေကြောင်း ပြောကာ ထိုမိန်းကလေးအား သူ့ကို နို့မှုန့် တိုက်ရန် ပြောခဲ့သေးသည်။
သူ့အခြေအနေမှာ များစွာ မကောင်းမွန်လှ။ သို့သော် လူချောလေး၏ ကယ်ဆယ်ခြင်းကို ခံရပြီးနောက် နို့မှုန့်သောက်ကာ ထမင်းစားရသည့်အတွက် ပိုပြီး ကျန်းမာလာတော့သည်။
ဒဏ်ရာများကို ကုသရန်အတွက် သူ့သိစိတ်ဝိဉာဉ်က အမြဲတမ်းနီးပါး အိပ်စက်နေကာ ရံဖန်ရံခါမှသာ နိုးထလာလေ့ ရှိသည်။ သို့သော် နိုးထလာသည်နှင့်တစ်ပြိုင်နက် သူက ထိုသိစိတ်ဝိဉာဉ်ကို အသုံးပြု၍ လူချောလေးကို လိုက်ရှာလေ့ ရှိခဲ့သည်။
လူချောလေး၏ ခွန်အားမှာ သာမန်မျှသာ ဖြစ်သော်ငြား သူက အံ့ဖွယ်သားရဲများကို သတ်နိုင်ဆဲ ဖြစ်ကာ သတ်ပြီးလေတိုင်း သူတို့ စားရန် ပြန်သယ်လာပေးလေ့ ရှိသည်။
သွမ့်ချန်ချင်းက ထိုလူချောလေးကို အလွန့်အလွန် သဘောကျမိ၏။ ထိုသူတွင် ချစ်သူ ရှိနှင့်နေသည်မှာ နှမြောဖွယ်ရာပင်။
လူချောလေး၏ ချစ်သူကလည်း သူတို့အတွက် လိုအပ်သည့် ပစ္စည်းများကို ရံဖန်ရံခါ လှူဒါန်းလေ့ ရှိသည်။ သို့သော် သွမ့်ချန်ချင်းကမူ ထိုသူမှာ သူတို့ကို မနှစ်မျို့ကြောင်းနှင့် လူချောလေးကိုပင် အနည်းငယ် ရွံရှာနေကြောင်း တပ်အပ် ပြောနိုင်နေပေသည်။
လူချောလေးက အစစအရာရာ ကောင်းမွန်သော်ငြား အမြင်ကမူ မကောင်းလှချေ။
ထို့နောက် လူချောလေးက ဆရာတစ်ယောက် ရှာတွေ့သွားခဲ့သည်။
မျက်နှာတစ်ခုလုံး မီးလောင်အမာရွတ်များဖြင့် ပြည့်နှက်နေသည့် လူချောလေး၏ ဆရာက သူတို့အပေါ် ဆိုးဆိုးရွားရွား မဆက်ဆံသည့်အပြင် လူချောလေးကိုလည်း အကောင်းဆုံး သင်ပြပေးခဲ့သည့်အတွက် လူချောလေး၏ ခွန်အားမှာ ဆက်တိုက် တိုးတက်လာတော့သည်။
ထို့နောက် .. ထိုဆရာတပည့်နှစ်ဦးက ပုန်ကန်ခဲ့ရာ .. အားလုံးက မြို့တံတိုင်းဖြင့် ကာကွယ်ထားသည့် ပိုပြီး ဘေးကင်းလုံခြုံသော ဟုန်ယဲ့မြို့သို့ ဝင်ရောက်လာခဲ့ကြသည်။
သူ့ကို ယခင်က စောင့်ရှောက်ပေးခဲ့သည့် ရှောင်ဟွားက ဆက်လက်ပြီး စောင့်ရှောက်ခဲ့သည်။
စောင့်ရှောက်ရေးဂေဟာတွင် ရှိနေသူအားလုံးမှာ မိဘ ပျောက်ဆုံးသွားသည့် သို့မဟုတ် စွန့်ပစ်ခြင်းကို ခံခဲ့ရသည့် မိဘမဲ့များ ဖြစ်ကြပေသည်။ သူတို့တွင် အသိပညာဟူ၍လည်း မရှိ၊ အမူအကျင့်များလည်း မကောင်းကြသည့်အတွက် အချင်းချင်း ခိုက်ရန်ဖြစ်ပွားခြင်းမှာ သူတို့အတွက် မထူးဆန်းလှချေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် အားလုံးကို ရှောင်ဟွားက ဖိနှိပ်ထား၏။
ရှောင်ဟွားက ရှဲ့ယွင်နန်၏ ဓာတ်ပုံကို နံရံတွင် ချိတ်ဆွဲကာ သူတို့အားလုံးအား ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး ရှဲ့ယွင်နန်ကို ကျေးဇူးတင်ရမည် ဖြစ်ကြောင်းနှင့် ခွန်အားကို အသုံးပြု၍ သူတို့၏ ဘက်တော်သားများကို မဆန့်ကျင်ရန် သင်ပြခဲ့သည်။
အရေးအကြီးဆုံးအချက်မှာ .. မနာခံတတ်သည့် ကလေးများသည် ရှောင်ဟွား၏ အပြင်းအထန် ရိုက်နှက်ခြင်းကို ကြုံတွေ့ခံစားကြရခြင်း ဖြစ်သည်။
မူကြိုကလေးများက ပိုပြီး အေးချမ်းလာကာ အငယ်တန်းများအကြားတွင် အနိုင်ကျင့်မှုများ ရှိနေသေးဆဲ ဖြစ်သည့်တိုင် ယခင်လို မပြင်းထန်တော့။
ထို့အပြင် ရှောင်ဟွားက သူ့ကို ဂရုစိုက်ပေးသည့်အတွက် သူသည် ပြင်ပကမ္ဘာကို မတုန့်ပြန်နိုင်သော အရူးတစ်ယောက်ဟု အားလုံးက သိထားသည့်တိုင် အစားအစာ ပြတ်လပ်ခြင်း မရှိခဲ့။
မငိုတတ်၊ ကြည့်ကောင်းသည့်အပြင် ရှောင်ဟွားကလည်း သူ့ကို မမုန်းပေ။
ကြီးပြင်းလာသည့်အခါ သွမ့်ချန်ချင်းက ပြင်ပလောကအကြောင်း ပိုပြီး သိရှိလာ၏။ သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည့်တိုင် မူလက ဗလာဖြစ်နေသော ဤခန္ဓာကိုယ်ထဲသို့ အတွေးအမြင် အကြံအစည်အချို့ ထည့်သွင်းနိုင်ကြောင်း သိလာရတော့သည်။
ဥပမာအားဖြင့် သူက လူချောလေး ရှဲ့ယွင်နန်ကို များစွာ သဘောကျပေသည်။ ထို့ကြောင့် ဤခန္ဓာကိုယ်က ရှဲ့ယွင်နန်၏ ဓာတ်ပုံရှေ့တွင် တစ်နေကုန် မတ်တပ်ရပ်နေတတ်ကာ မည်သူမှ ဆွဲထုတ်သွား၍ မရ။
ဒီခန္ဓာကိုယ်က အရူးဆိုတော့ အရှက်လည်း မရှိဘူးပေါ့ ...
နောက်ထပ် သတင်းကောင်းတစ်ခုအနေဖြင့် .. သူ့ခန္ဓာကိုယ်သည် နောက်ဆုံးတွင် ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်လာပြီ ဖြစ်သည်။
ကြီးပြင်းလာသည့် နေ့ရက်များတွင် ဟုန်ယဲ့မြို့အနှံ့ အစားအစာ ပြတ်လပ်နေသည့်တိုင် စောင့်ရှောက်ရေးဂေဟာတွင် စားစရာ ရှားပါးခြင်း မရှိ။ အများစုမှာ ရှဲ့ယွင်နန်က ပို့ပေးထားခဲ့ခြင်း ဖြစ်သည်။
ရှောင်ဟွားက သူ့ကို ရှဲ့ယွင်နန်က ခပ်လှမ်းလှမ်းမှ ကြည့်နေခွင့်ပြုခဲ့သည့်အတွက် သူသည် ထိုလူချောလေးအကြောင်း တစ်ဖြည်းဖြည်း ပိုသိလာရတော့သည်။
ဥပမာပြောရရင် ရှဲ့ယွင်နန်က သူ့ကောင်လေးနဲ့ ပြတ်သွားပြီဆိုတဲ့ ကိစ္စမျိုး ပြီးတော့ သူ့ဆရာ သေဆုံးပြီး မြို့အရှင် ဖြစ်သွားပြီဆိုတဲ့ သတင်းမျိုး ...
သူ့အသက် ၆ နှစ်သို့ ရောက်သည့်အခါ အပြင်ထွက် ကစားရင်း ရှဲ့ယွင်နန်၏ အဖွဲ့သားများနှင့် တွေ့ခဲ့သည်။
သူက ရှဲ့ယွင်နန်ကို မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီ ဖြစ်၍ တွေ့လိုသောကြောင့် .. သူ့တွင် ထိုသို့သော အကြံမျိုး ရှိနေသောကြောင့်ရယ်လား မသိ၊ သူ့ခန္ဓာကိုယ်မှာ ရှင်းပြ၍ မရနိုင်လောက်အောင် ပျော့ပျောင်းသွားကာ အခြားလူများ၏ တားဆီးမှုကို ရှောင်လွှားရင်း ရှဲ့ယွင်နန်၏ အနီးသို့ ရောက်သွားနိုင်တော့သည်။
အခြားလူများက သူ့ကို မြင်လိုက်ကြသော်ငြား ရှချင်က သူ့ကို မှတ်မိလိုက်သည့်အတွက် သူ့လုပ်ရပ်ကို မတားမြစ်ခဲ့ကြ။
သူ့ခန္ဓာကိုယ်က စကားမပြောနိုင်။ ထို့ကြောင့် ရှဲ့ယွင်နန်ကို သူ တန်ဖိုးအထားရဆုံးဖြစ်သည့် ကန်စွန်းဥခြောက်ကိုသာ ပေးခဲ့လိုက်သည်။
အပြန်အလှန်အားဖြင့် ရှဲ့ယွင်နန်ကလည်း သူ့ကို အသားခြောက်အချို့ ပြန်ပေးခဲ့သည်။
နှစ်ပေါင်းများစွာ အကြာ သူ့အသက် ၁၂ နှစ်သို့ ရောက်သည့်အခါ ရှဲ့ယွင်နန်က ပြန်လည်ထူထောင်ရေး လုပ်ရန်အတွက် ဟုန်ယဲ့မြို့သို့ ပြန်လာခဲ့သည်။
မူလက သူသည် ရှဲ့ယွင်နန် ဟုန်ယဲ့မြို့တော်၌ ရှိနေကြောင်း မသိသေး။ ရှောင်ဟွား ထွက်သွားသည့်အတွက် သူမကို လိုက်ရှာကာမှ ရှောင်ဟွားသည် လုံခြုံရေး တင်းကြပ်လှသည့် နေရာတစ်ခုသို့ ရောက်နေကြောင်း သိလိုက်ရသည်။
သူက ထိုနေရာတွင် ရှဲ့ယွင်နန် ရှိနေကြောင်း ရုတ်တရက် သဘောပေါက်သွားတော့သည်။
ထိုသို့ သဘောပေါက်လိုက်သည်နှင့်တစ်ပြိုင်နက် ပုံမှန်အချိန်တွင် လှုပ်ရှားရသည်ကို မနှစ်မြို့သည့် ဤခန္ဓာကိုယ်သည် ချက်ခြင်း ပျော့ပျောင်းကာ ခြံထဲသို့ ဝင်လိုက်နိုင်တော့သည်။
အစောင့်များ မဖမ်းမိစေရန် သူသည် ထိုသူများအား စိတ်စွမ်းအင်ကို အသုံးပြုကာ အာရုံထွေပြားစေလိုက်၏။ ထို့နောက် ရှဲ့ယွင်နန်ကို တွေ့လိုက်ရတော့သည်။
ရှဲ့ယွင်နန်မှာ အသက်သုံးဆယ်ဝန်းကျင်ခန့် ရှိနေပြီ ဖြစ်သည်။ သူသ်ည ယခင်ကကဲ့သို့ လူချောလေး မဟုတ်တော့။ ထိုအစား ယုံကြည်အားကိုးရသည့် ရင့်ကျက်သော ပုံစံသို့ ပြောင်းလဲသွားတော့သည်။
သွ့်ချန်ချင်းက ရှဲ့ယွင်နန်ကို သဘောကျမိနေဆဲပင်။ ထို့ကြောင့် နှာဘူးတစ်ကောင်နှယ် ရှဲ့ယွင်နန်ကိုသာ တစ်နေကုန် လိုက်ကြည့်နေခဲ့သည်။
ရှဲ့ယွင်နန်ကလည်း သူ့ကို မနှစ်မြို့ခြင်း မဖြစ်သည့်အပြင် ထိုနေရာတွင်ပင် နေခွင့်ပြုလိုက်သေးသည်။ ထိုသို့ဖြင့် ရှဲ့ယွင်နန်နှင့်အတူ နှစ်လနီးပါးခန့် အတူနေခဲ့ပြီးနောက် တစ်ဖက်လူအကြောင်း ပိုပြီး သိရှိလာတော့သည်။
သဘောကျသည့် စိတ်တို့မှာလည်း ပိုပြီး တိုးများလာတော့၏။
သွမ့်ချန်ချင်းအဖို့ လူတစ်ဦးအား သဘောကျမိခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ သူက ရှဲ့ယွင်နန်နှင့်အတူ ရှိလိုသည့် ဆန္ဒများ ဆက်တိုက် ဖြစ်ပေါ်လာခဲ့သည်။
သူ၏ ရင့်ကျက်လှသော အသိစိတ်မှာ ကလေးခန္ဓာကိုယ်ထဲ ရောက်နေသည့်အပြင် ထိုခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သည်မှာ နှမြောစရာပင်။ ရှဲ့ယွင်နန်၏ ဒဏ်ရာကို မြင်ရလေတိုင်း ငိုယိုနေတတ်သည့် သူ့ပုံစံကိုသာ စိတ်ပျက်လက်ပျက် ထိုင်ကြည့်နေရ၏။
ဆရာဝန်က ရှဲ့ယွင်နန်ကို နေ့တိုင်း စစ်ဆေးပေးနေသည့်အတွက် ထိုသူမှာ စီနီယာအဆင့် ယဇ်ဆရာတစ်ဦး၏ ကုသမှုကို လိုအပ်နေကြောင်း သိလိုက်ရသည်။
တစ်နည်းပြောရပါလျှင် သူ့ကို ကုသပေးမည့် ကျင့်ကြံသူတစ်ဦးကို လိုအပ်နေခြင်းပင်။
သူက ကျင့်ကြံလိုသော်ငြား ခက်ခဲလွန်းလှသည်။
ဤခန္ဓာကိုယ်မှာ အလွန် အားနည်းလွန်းသည့်အပြင် စောင့်ရှောက်ရေးဂေဟာ၌ အစားအစာ ပြတ်လပ်ခြင်း မရှိသော်ငြား မည်သူကမှ အရူးလေးကို ကျင့်ကြံရန် အရင်းအမြစ်များ ပေးလိမ့်မည် မဟုတ်ချေ။
ထိုသို့ ခက်ခဲသည့်တိုင် သူ့ခန္ဓာကိုယ်အား ကျင့်ကြံရေး လမ်းကြောင်းပေါ်သို့ တစ်ဖြည်းဖြည်း ဆွဲတင်နိုင်ခဲ့သည်။
အသက် ၁၇ နှစ်အရွယ်တွင် သူ့ခန္ဓာကိုယ်ထဲမှ ချီဓာတ်ကို ဆွဲထုတ်နိုင်ကာ ဤကမ္ဘာ၏ အသုံးအနှုန်းအရ ပြောရပါလျှင် ယဇ်ဆရာအဆင့်သို့ ရောက်ရှိနိုင်ခဲ့သည်။
သူ့စိတ်ဝိဉာဉ်မှာလည်း များစွာ သက်သာလာသည့်အတွက် ပိုပိုပြီး နိုးနိုးကြားကြား နေနိုင်ပြီး ခန္ဓာကိုယ်ကို များစွာ လွှမ်းမိုးလာနိုင်ကာ ရံဖန်ရံခါတွင် ထိန်းချုပ်လာနိုင်တော့သည်။
နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် မည်ကဲ့သို့ ကျင့်ကြံရမည်ကို ကိုယ်တိုင် သင်ယူနိုင်လာတော့သည်။
1.4.1