အပိုင်း ၁၀၅ (Extra)
Viewers 21k

Chapter 105

Extra 1.3.2




သူ့ဘက်က ဝန်မခံသည့်တိုင် ရှချင်က အဖြေကို သိထားပြီး ဖြစ်သည်။ 


သူသာ သဘောမကျဘူးဆိုရင် အဲဒီ့အရူးလေးကို ဘာလို့ အနား ခေါ်ထားတဲ့အပြင် နမ်းနေဦးမှာလဲ .. သူက ဒီအရူးလေးကို လက်ဦးမှု ယူပြီးတောင် ခေါ်ထားလိုက်သေးတယ် ...


ရှချင်က အိပ်ယာပေါ်တွင် လှဲနေသည့် ဖြူရော်သော မျက်နှာ၊ ပိန်လှီသော ခန္ဓာကိုယ်ပိုင်ရှင်ကို ပြောလိုက်သည်။ 


“အရင်အစီအစဉ်အတိုင်း ဆက်လုပ်ဦးမှာလား ...”


ရှဲ့ယွင်နန်က သူမ၏ မေးခွန်းကို မဖြေ။ သူ့ဘာသာသူသာ ရေရွတ်နေလိုက်သည်။ 


“သူက ဘာကိုမှ နားမလည်ဘဲနဲ့ အကုန်လုပ်ခဲ့တာ ဒီလိုလုပ်ရတာ နည်းနည်းတော့ အရှက်မရှိရာ ကျသလိုပဲ ...”


“မဟုတ်တာ သူကလည်း ရှင့်ကို သဘောကျနေတာပဲ မဟုတ်လား လုပ်စရာသာ မရှိရင် ရှင်တို့တွေ တစ်ချိန်လုံး အတူတူ နေလို့ ရတယ်လေ ...”


ရှချင်က ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်၏။ 


“ဘာကို တစ်ချိန်လုံးလဲ .. ဒါပေမယ့် အစီအစဉ်က နောက်ဆုတ်ထားလို့တော့ ရပါတယ် .. လဝက်လောက်ကြာရင် သူ့ကို အဝေးပို့လိုက်လို့ ရပြီ ...”


ရှဲ့ယွင်နန် ပြောသည့်သူမှာ အရူးလေးကို ဆိုလိုကြောင်း သူရော ရှချင်ပါ ရှင်းရှင်းလင်းလင်း သဘောပေါက်ပေသည်။ 


ရှချင်က တုန့်ဆိုင်းသွားသည်။ 


“လဝက်ပဲလား ...”


“သူတို့တွေက အကြာကြီး မစောင့်နိုင်လောက်တော့ဘူး ပြီးတော့ ငါ့ခန္ဓာကိုယ်ရောပဲ ...”


ရှချင်၏ မျက်ရည်များ ချက်ခြင်း ယိုစီးကျလာတော့သည်။ 


ရှဲ့ယွင်နန်သည် လွန်ခဲ့သည့် ၇ နှစ်မှစကာ ဆက်ခံသူများစွာကို ဆက်တိုက် ပျိုးထောင်ခဲ့သည်။ သို့သော် သူ ရွေးချယ်ထားသူများအနက် အများစုမှာ သူလျှိုများ ဖြစ်နေခဲ့ပေသည်။ 


အချို့ကို နေရာတွင်ပင် သတိထားမိခဲ့သော်လည်း အချို့ကမူ နောက်ပိုင်းမှသာ ပေါ်ပေါက်သွားကြခြင်း ဖြစ်သည်။ သို့သော် ထိုရွေးချယ်ခံထားရသူများအနက် တစ်ဦးကမူ လမ်းဆုံးအထိ လျှောက်နိုင်ကာ ရှဲ့ယွင်နန်၏ ညာလက်ရုံးတစ်ဦး ဖြစ်လာခဲ့သည်။ 


ကံကောင်းစွာဖြင့် ထိုသို့ ရွေးချယ်ပြီး မကြာမီမှာပင် ထိုသူက အရှုပ်ထုပ်များကို သယ်ဆောင်လာပြန်၏။ 


သို့သော် အစပိုင်းကတည်းက ရှဲ့ယွင်နန်သည် ထိုဆက်ခံသူ၏ အကြံအစည်များအား အောင်မြင်သည်အထိ ခွင့်မပြုခဲ့ချေ။ 


သူ့စိတ်ထဲတွင် ရှိနေခဲ့သည့် ဆက်ခံသူ အစစ်အမှန်မှာ ရှချင်တစ်ဦးတည်းသာ ဖြစ်သည်။ 


ရှချင်က အသက် ၄၀ ပဲ ရှိသေးတာလေ သူမကလည်း အရွယ်ငယ်သေးတာပဲ မဟုတ်လား ...


သူ၏ ပထမအကြံမှာ လူငယ်တစ်ဦးဦးကို လေ့ကျင့်ပေးကာ ရှချင် အသက်အရွယ် ကြီးရင့်လာသည့်အခါ ထိုလူငယ်က တာဝန်လွှဲပြောင်းယူရန် ဖြစ်သည်။ 


သို့သော် ယခုမူ ထိုသူ့ထံတွင်လည်း ပြဿနာတစ်ခု ရှိနေပြန်သည်။ သူတို့ဘက်က ဆုံးရှုံးခဲ့ရသည့်တိုင် ပိုပြီး ဆုံးရှုံးသွားနိုင်ချေကိုလည်း တားမြစ်နိုင်ခဲ့သည်။ 


အစောပိုင်းက ကြုံတွေ့ခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုများမှာ သူတို့အားလုံး မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့ကြသည်။ 


သူသာ ထိုနေရာတွင် သေသွားခဲ့ပါလျှင် ရှချင်က ထိုသူ၏ သစ္စာဖောက်မှုကို သက်သေပြကာ သူ့ကို ကိုင်တွယ်ပြီး ထိုအကြောင်းပြချက်ဖြင့်ပင် ထိုသူ၏ ဘက်တော်သားများကိုပါ ရှင်းလင်းပစ်မည် ဖြစ်သည်။ ဤသည်မှာ သူတို့ ဆွေးနွေးခဲ့သည့် အရာ ဖြစ်သည်။ 


သို့သော် သူက အသက်ရှင်သန်ခဲ့၏။ သူသာ အသက်ရှင်သန်နေခဲ့ပါလျှင် တစ်ဖက်သူကလည်း ပိုမို ပြီးပြည့်စုံသည့် အကြံတစ်ခု ထပ်ထုတ်လာမည် ဖြစ်သည်။ သူ့ကို ငါးစာအဖြစ် သုံးကာ ထိုသူနှင့် သူ့နောက်တွင် ရှိနေသူများကို ဆွဲထုတ်ကာ အားလုံးကို သုတ်သင်ပစ်ရမည် ဖြစ်သည်။ 



ထိုသူကလည်း သူ့လူအများအပြားကို တပ်ဖြန့်ချထားရင်း များစွာ ဆုံးရှုံးခဲ့ရသဖြင့် ဤတစ်ကြိမ်တွင် သူ၏ နောက်ဆုံးသော ဝှက်ဖဲကို ကျိန်းသေ အသုံးပြုပေလိမ့်မည်။ ထိုသူ၏ နောက်ဆုံးလက်ကျန်ခွန်အားကို ဖျက်ဆီးနိုင်ပါလျှင် ရှချင်နှင့် သူ့လူများ၏ လမ်းကြောင်းမှာ များစွာ ချောမွေ့သွားတော့မည် ဖြစ်သည်။ 


သူ အသက်ရှင်နေသေးတာ တော်သေးတာပေါ့ ...


ဒါပေမယ့် တကယ်ဆို သူ မရှင်သန်ခဲ့သင့်ဘူး ...


ထို့ကြောင့် မသေခင်အချိန်အတွင်း သူ့နှလုံးသား၏ ညွှန်ကြားရာအတိုင်း လိုက်ကာ သက်တောင့်သက်သာ နေလိုသည့်အတွက် .. သူ့ကိုယ်သူ အချိန် လဝက်ပေးခဲ့ခြင်း ဖြစ်သည်။ 


လဝက် ... ဒီလောက်ဆိုရင်ကို လုံလောက်ပါပြီ ...


တံခါးပြန်ပွင့်လာသည့်အခါ အရူးလေးက သူ့အိပ်ယာပေါ်သို့ ချက်ခြင်း ပြေးဝင်လာ၏။ လုရှောင်ရန်က သူ့ကို လှမ်းဆွဲရန် နောက်မှ လိုက်လာသော်ငြား မဆွဲခဲ့နိုင်။ 


အရူးလေး မပျော်မရွှင် ဖြစ်နေသည်ကို မြင်လိုက်သည့်အခါ ရှဲ့ယွင်နန်က မေးလိုက်သည်။ 


“ဘာဖြစ်လို့လဲ ...”


အရူးလေး “အပြင်မှာ မနေနဲ့ ကျွန်တော်နဲ့ပဲနေ ...”


“အနာဂတ်မှာ ကိုယ့်နောက်ကို လိုက်လာလို့ ရတယ်လေ ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


ထိုအခါမှ အရူးလေးက ပျော်ရွှင်သွားတော့သည်။ 


ရှချင် ထွက်သွားပြီးနောက် ရှဲ့ယွင်နန်က မှန်ကို ကြည့်လိုက်သည်။ ငယ်ရွယ်စဉ်က သူ့ရုပ်ရည်မှာ အလွန် ကြည့်ကောင်းခဲ့သော်လည်း ယခုမူ သူသည် အိုမင်းနေပြီ ဖြစ်သည်။ အနက်ရောင် ဆံပင်များအကြားတွင် ငွေရောင်များ ရောယှက်နေကာ မျက်တွင်းများမှာလည်း ပို၍ပင် ချိုင့်ခွက်ဝင်လာ၏။ ပင်ပန်းနေသည့် မျက်လုံးများမှာ သွေးချင်းချင်း နီရဲနေကာ နှုတ်ခမ်းတို့ကမူ ဖြူရော်ကာ သွေးရောင်ကင်းမဲ့နေသည်။


ဤသည်မှာ ကျန်းမာရေး မကောင်းသည့် သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ မျက်နှာပင် ဖြစ်သည်။ 


အရူးလေးသာ ရူးမနေပါလျှင် သူ့ကို ကြိုက်မိမည် မဟုတ်။ စီနီယာအဆင့် ယဇ်ဆရာတစ်ဦးအနေဖြင့် သူ့ကို အဖော်ပြုပေးလိုသည့် လူငယ်လူရွယ်လေးများ မရေမတွက်နိုင်လောက်အောင်ကို ရှိနေပေလိမ့်မည်။ 


ရုတ်တရက် ပေါ်ထွက်လာသည့် အတွေးတို့ကြောင့် ရှဲ့ယွင်နန်က ကြောင်အသွား၏။ 


သူ့ဘဝ၏ နောက်ဆုံးအချိန်တွင် သိမ်ငယ်မှုကို ခံစားနေရလိမ့်မည်ဟု တစ်ကြိမ်တစ်ခါမျှပင် မတွေးမိခဲ့။ 


ရှဲ့ယွင်နန်က အရူးလေးအား သူ့ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် စစ်ဆေးရန် ပြောလိုက်သည်။ 


ဒုတိယအကြိမ် စစ်ဆေးမှုရလဒ်မှာလည်း လွန်စွာ ကောင်းမွန်လှသည်။ အရူးလေး၏ ကျန်းမာရေးက အလွန် ကောင်းမွန်နေကာ သူနှင့် ကြိမ်ဖန်များစွာ နီးနီးကပ်ကပ် နေသည့်တိုင် မည်သို့သော နာကျင်မှုကိုမှ မခံစားရ။ သူက ယခင်ထက် ပိုမို ကျန်းမာလာသည်ဟုပင် ညွှန်ပြနေသေးသည်။ 


ဒီလူငယ်လေးက .. တကယ်ကို အင်ပြည့်အားပြည့်ပဲ ...


ရှဲ့ယွင်နန်က သူ့ကို တစ်နေကုန် မှီတွယ်နေကာ တစ်ခါတစ်ရံတွင် အစပျိုးရန် ကြံစည်နေသည့် အရူးလေး၏ အပြုအမူအားလုံးကို မမြင်ဟန်ဆောင်ထားလိုက်သည်။ 


သူက သေတော့မယ့်လူပဲဟာ မသေခင်လေး စိတ်တိုင်းကျ အပျော်ကြူးလိုက်လည်း အဆင်ပြေတယ် မဟုတ်လား ...


ထိုသို့သော မွေ့လျော်ပျော်ပါးမှုက သူ့ခန္ဓာကိုယ်အခြေအနေကို မဆိုးရွားစေသည့်အပြင် အနည်းငယ်ပင် ပိုပြီး သက်သာလာစေခဲ့သည်။ 


သို့သော် ၎င်းက သူ့သက်တမ်းကို ဆွဲဆန့်ရုံမှလွဲ၍ လုံးဝ သက်သာလာအောင် မကုသနိုင်။ 


အရူးလေးက စီနီယာ ယဇ်ဆရာအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်သည်။ 


သူက လူအများအပြားကို ကယ်တင်ကာ ရိုသေလေးစားမှုကို ခံယူနိုင်ပေသည်။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် ပုံမှန်အတိုင်း ပြန်ဖြစ်ကာ သာမန်မိသားစုတစ်ခုကိုပင် ပိုင်ဆိုင်နိုင်ပေလိမ့်မည်။ 


အရူးလေးအဖို့ သူကဲ့သို့သော သေခါနီး လူအိုကြီးနှင့် ချည်နှောင်မိရန် အကြောင်းမရှိပေ။ 


ပြီးတော့ အရူးလေးက ဘာသိထားလို့လဲ အရူးလေး သူ့ကို ချစ်တယ်ဆိုတာကလည်း ရှောင်ဟွားတိ့က တစ်နေကုန် သူ့ကောင်းကြောင်းတွေကိုပဲ ဆက်တိုက် ပြောပြောနေလို့ အဖြူထည်စိတ်ထဲမှာ သူ့ကို အထင်ကြီးတာတွေ စွဲနေတာလေ ...


သူ့အတွက်နဲ့ အရူးလေးက သူ့ဘဝကို အလဟဿ ဖြုန်းတီးနေဖို့မှ မလိုတာ ...


“နန်နန် .. ခင်ဗျားကို ထမင်းကျွေးမလို့ ...”


အရူးလေးက အာဟာရမှုန့် တစ်ပန်းကန်နှင့်အတူ ရောက်လာကာ သူ့ကို မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်လိုက်သည်။ 


ရှဲ့ယွင်နန်က ဘာကြောင့် ထိုသို့ စိုက်ကြည့်နေမှန်း သိသည့်အတွက် ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်သည်။ 


“ကိုယ့်ကို ကျွေးလေ ...”


ထိုစကား ကြားသည့်အခါ အရူးလေးက သူ့ကို ခွံ့ကျွေးပြီး နမ်းလိုက်သည်။ 


ဤလုပ်ရပ်က ကလေးဆန်သော်ငြား ရှဲ့ယွင်နန်က မငြီးငွေ့။ 


သူက ချောမော့ခံရသည်ကို သဘောကျကာ အနမ်းခံရခြင်းကိုလည်း နှစ်သက်ပေသည်။ 


သူ့ဘက်တော်သားများအနက် မိန်းမငယ်၊ လူငယ်လေးများကို ခေါ်ထားတတ်သည့် လူအိုကြီးများကို မုန်းတီးခဲ့ဖူးကာ သူကိုယ်တိုင်လည်း ထိုကဲ့သို့ လုပ်နေမိမည်ဟု စိတ်ပင် မကူးခဲ့ဖူးချေ။ 


လဝက်ဟူသော အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ 


ဤမနက်တွင် ရှဲ့ယွင်နန်က လူငယ်လေး၏ ရင်ခွင်ထဲမှ နိုးထလာ၏။ 


သူက မလှုပ်ရှား။ သို့သော် နိုးနေပြီဖြစ်သည့် အရူးလေးက သူ့ကို စိုက်ကြည့်ကာ မေးလိုက်သည်။ 


“နန်နန် သန့်စင်ခန်း သွားချင်လား ...”


“အင်း ...”


အရူးလေးက သူ့ကို စကားတစ်ခွန်းမှ မဆိုဘဲ ပွေ့ချီသွားလိုက်သည်။ ထို့နောက် သန့်စင်ခန်းမှ ပြန်လာသည့်အခါ သူ့ကို စောင်ဖြင့်ထုပ်ကာ ပွေ့ချီထားရင်း မျက်နှာနှင့် လက်များကို ဂရုတစိုက် ဆေးကြောပေးလိုက်သည်။ 


“ကိုယ့်ကို အင်္ကျီကူဝတ်ပေး ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။ 


အရူးလေးက အနည်းငယ် တုန့်ဆိုင်းသွားသည့်ဟန်။ 


“ဒါက အဆင်မပြေဘူး ပြီးရင် ကျွန်တော်တို့တွေ ကုသမှု ခံယူရဦးမှာလေ …”


ထိုသို့ ပြောနေရင်း အရူးလေး၏ မျက်နှာတစ်ခုလုံး နီရဲသွားကာ ရှဲ့ယွင်နန်ကို မျှော်လင့်တကြီး မော့ကြည့်လိုက်သည်။ 


ရှဲ့ယွင်နန် “ ရှချင်တို့ ရောက်လာတာကို စောင့်လိုက်ဦးမယ် ...”


လူတစ်ယောက် ရောက်လာမည်ဟု ကြားလိုက်သည်နှင့် တစ်ပြိုင်နက် အရူးလေးက သူ့ကို ချက်ခြင်း အဝတ်အစား ဝတ်ပေးလိုက်တော့သည်။ 


ရှဲ့ယွင်နန်က သူ့ကို ညင်သာစွာ ငေးကြည့်နေလိုက်သည်။ 


သူသာ နှစ် ၂၀ ခန့် ပိုငယ်ကာ ဤသို့သော လူမျိုးကို တွေ့ခဲ့မိပါလျှင် ရူးနေပါစေ သဘောကျမိနေဦးမည်ဖြစ်သည်။ 


ထို့အပြင် အရူးလေးက လုံးဝဥဿုံ ရူးနေခြင်း မဟုတ်တော့ .. ပြီးခဲ့သည့် နှစ်ပတ်အတွင်း ရှဲ့ယွင်နန်သည် အရူးလေးမှာ ပိုပြီး ထက်မြတ်လာကြောင်း ခံစားနေမိခဲ့သည်။ 


သန့်ရှင်းဆေးကြောပြီးနောက် အိပ်ယာပေါ်လှဲနေရင်း သူက လက်ကို ဆန့်ထုတ်ကာ အရူးလေး၏ လက်ကို လှမ်းကိုင်လိုက်သည်။ 


“ကိုယ် ...”


စကားလုံးတို့က ဆက်ပြီး ထွက်မလာ။ 


အရူးလေးက သူ့ကို ကြည့်နေကာ တစ်ခဏမျှ စောင့်ဆိုင်းနေပြီးနောက် မေးလိုက်သည်။ 


“ဘာပြောချင်လို့လဲ ..."


“ဘာမှ မဟုတ်တော့ဘူး .. ကိုယ့်ကိုပဲ အဖော်ပြုပေး ...”


ထိုအချိန်တွင် ရှချင် ရောက်လာသည်။ လက်ချင်း တွဲထားသူနှစ်ဦးကို တွေ့လိုက်သည့်အခါ သူမ၏ မျက်လုံးတို့ နာကျင်လာတော့၏။ 


ရှဲ့ယွင်နန်က သူမ သယ်လာသည့် ထမင်းဘူးကု ကြည့်ကာ မေးလိုက်သည်။


“စားဖို့ ဘာတွေ ယူလာတာလဲ ...”


“ရှင်အကြိုက်ဆုံး အစာသွပ်မုန့် ..."


ရှချင်က ချဉ်စူးမှုများကို ဖိနှိပ်ကာ ဘူးထဲမှ အစာသွပ်မုန့်များကို တစ်ခုပြီးတစ်ခု ထုတ်လာလိုက်သည်။ 


ရှဲ့ယွင်နန်က အရူးလေးကို ပြောလိုက်သည်။ 



“ကိုယ် ဟို အနီရောင်ကိတ်လေး စားချင်တယ် ...”


အရူးလေးက အနီရောင်ကိတ်ကို ယူကာ သူ့ကို ခွံ့ကျွေးလိုက်သည်။ 


ရှဲ့ယွင်နန်က တစ်ကိုက်ကိုက်လိုက်၏။ ထို့နောက် အရူးလေးက သူ့ကို ငုံ့နမ်းကာ ရှချင်ကို ဂုဏ်ယူသည့် အကြည့်တို့ဖြင့် ပြန်ကြည့်ပေးလိုက်သည်။ 


ထိုပုံစံကပင်လျှင် လွန်စွာ ချစ်စရာကောင်းလွန်းလှ၏။ 


ရှဲ့ယွင်နန်က ပြုံးကာ ပြောလိုက်သည်။ 


“ဒါက တကယ်ကို အရသာရှိတာ မင်းလည်း မြည်းကြည့် ...”


အရူးလေးက တစ်ကိုက် စားကြည့်လိုက်ည်။ ထို့နောက် ရှဲ့ယွင်နန်ကို နမ်းလိုက်ပြန်၏။ 


အစောပိုင်းအချိန်များက သူသည် ဤကဲ့သို့ မလုပ်ရဲ။ သို့သော် ရှဲ့ယွင်နန်ကလည်း အလွန် လိုက်လျောပေးရာ တစ်ဖြည်းဖြည်း အတင့်ရဲလာတော့သည်။ 


ရှဲ့ယွင်နန်က အရူးလေး မူးဝေကာ လဲကျပြီး အိပ်ပျော်သွားသည်အထိ ညင်သာစွာဖြင့် ငေးကြည့်နေလိုက်သည်။ 


ထိုကိတ်မုန့်ထဲတွင် ဆေးထည့်ထားခြင်း ဖြစ်သည်။ 


သူ့ခန္ဓာကိုယ်အခြေအနေသည် အလွန်ဆိုးဝါးကာ လွယ်လင့်တကူ အိပ်မပျော်နိုင်သည့်အတွက် အိပ်ဆေးအပေါ် မှီခိုခဲ့ရသည်။ အိပ်ဆေးအများအပြား သောက်ခဲ့ဖူးသည့် အကျိုးဆက်ကြောင့် ထိုအိပ်ဆေးများက သူ့အပေါ် သက်ရောက်ခြင်း မရှိတော့။ 


သို့သော် အရူးလေးကမူ ထိုကဲ့သို့သော ဆေးများကို တစ်ကြိမ်မှ မစားဖူးသည့်အတွက် မုန့်ကို စားလိုက်မိသည်နှင့်တစ်ပြိုင်နက် ချက်ခြင်း အိပ်ပျော်သွားတော့သည်။ 


မတော်တဆမှု တစ်ခုခုသာ မရှိပါလျှင် သူက တစ်ရက်နှင့် တစ်ညတိုင်တိုင် အိပ်မောကျနေမည်ဖြစ်သည်။ 


အရူးလေးက အလွန် အိပ်ငိုက်နေပြီ ဖြစ်သော်ငြား မျက်လုံးကို အတင်း ဖွင့်ထားကာ ရှဲ့ယွင်နန်ကို ကြည့်နေဆဲပင်။ 


၎င်းကို မြင်သည့်အခါ ရှဲ့ယွင်နန်က လက်ကို ဆန့်ထုတ်၍ သူ့ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။ 


အကြိမ်အနည်းငယ်ခန့် ပွတ်ပေးပြီးသည့်အခါ သူ့လက်ထဲတွင်ပင် အိပ်ပျော်သွားတော့သည်။ 


ရှဲ့ယွင်နန်က အိပ်ပျော်နေသည့် အရူးလေးကို ငုံ့ကြည့်ကာ ပြုံးလိုက်မိသည်။ 


“မင်းကို ပြောပြချင်တာ တစ်ခုရှိတယ် .. ကိုယ် မင်းကို ချစ်တယ် ..."


ရှချင်က သူမ၏ မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်ကာ နှာတရှုံ့ရှုံ့ဖြင့် ပြောလိုက်သည်။ 


“မြို့အရှင် တစ်ခြားနည်းလမ်းကို သုံးလို့လည်း ရ ..."


“မရဘူး သူတို့ဘက်က လူအင်အား အများကြီး ရှိနေတာ ငါတို့က အဲဒီ့လူတွေ အကုန်လုံးကို နှင်ထုတ်နိုင်ဖို့ လိုအပ်တယ် ...”


ရှဲ့ယွင်နန်က ပြောလိုက်သည်။.


“ပြီးတော့ မင်းလည်း သိတဲ့အတိုင်းပဲ သူတို့လက်ထဲမှာ ယဇ်ဆရာအကြီးအကဲရဲ့ နှင်တံ ရှိနေတယ်လေ အဲဒီ့ပစ္စည်းက မကောင်းဘူး ဆိုပေမယ့် တော်တော်လေး အင်အားကြီးတယ် သူတို့သာ နှင်တံကို အသုံးပြုနိုင်တဲ့ လူတစ်ယောက် ရှာလာပြီး ယဇ်ဆရာအကြီးအကဲအသစ်ကို ဖန်တီးလိုက်ရင် အကုန် ပြဿနာ ဖြစ်ကုန်လိမ့်မယ် ...”


ရှချင်က ငိုနေဆဲပင်။ 


“ပြီးတော့ ငါကလည်း အကြာကြီး အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး ဒီလိုပုံစံမျိုးနဲ့ အသက်ရှင်နေရမယ့်အစား အားသွန်ခွန်စိုက် ကြိုးစားရင်း သေသွားလိုက်တာကမှ ပိုကောင်းဦးမယ် ...”


“မြို့အရှင် ...”


ရှဲ့ယွင်နန်က အရူးလေး၏ နဖူးကို အားတင်းပြီး နမ်းလိုက်ကာ ရှချင်ကို ပြောလိုက်သည်။ 


“သူ့ကို အဝေးပို့လိုက်တော့ သူ နိုးလာတဲ့အခါကျရင် ငါက သူ့ကို မလိုချင်တော့ဘူး ပြီးတော့ သူ့ကို တစ်ခြားတစ်ယောက်ရဲ့ နေရာမှာ အစားထိုးခဲ့တာလို့ ပြောလိုက် .. အနာဂတ်မှာ သူ့ကို အခုထက်ပိုပြီး ဂရုစိုက်ပေး ငါ့ပိုင်ဆိုင်မှု ပမာဏက မနည်းဘူး အဲဒါတွေ အကုန်လုံး ငါသေသွားတဲ့အခါ သူ့ကို ပေးလိုက် ...”

ရှချင်က နာကျင်ကြီးစွာဖြင့် ငိုကြွေးလိုက်တော့သည်။ 


သို့သော် ရှဲ့ယွင်နန်၏ စိတ်ကမူ ကျောက်ဆောင်သဖွယ် ခိုင်မြဲနေဆဲပင်။ 


“သွားတော့ ...”


ရှချင်က မျက်ရည်များကို သုတ်လိုက်ကာ အရူးလေးကို ကျောပေါ်တင်၍ ထွက်သွားလိုက်တော့သည်။ 



1.3.2