အပိုင်း ၁၄၀
Viewers 34k

Chapter 140




နေရာအားလုံးက ချုန်းချီသောင်းကျန်းထားသည့် အရိပ်အယောင်များနှင့် ပျက်ဆီးနေသဖြင့် လူတိုင်းက ထိတ်လန့်နေကြသည်။ သူတို့ရှာတွေ့ထားသည့် ဟမ်ကျု့ယင်မှာ ဤနေရာတွင်ရှိနေသော တစ်ဦးတည်းသောသူအနေနှင့် ဘာဖြစ်သွားသည်ကို သိရှိနိုင်သည်။


"မဟာနတ်ဆိုးဘုရင်...ချုန်းချီက အခုထိအသက်ရှင်နေတုန်းပဲ...နတ်ဆိုးသားရဲက ထိခိုက်အောင်လုပ်ပြီး ထွက်ပြေးသွားတာလား..."


" မင်းသမီးလေးရော ဘယ်မှာလဲ...သူလည်း ဒဏ်ရာရနေတယ်..."


 ရောက်လာသောသူများက ဟမ်ကျု့ယင်ကို ထိုင်နိုင်ရန် ကူညီပေးလိုက်ကြသည်။ သူက ဖြူဖတ်ဖြူရော်ဖြင့် ချောင်းဆိုးပြီးနောက် လူတိုင်း၏အကြည့်ကို အေးစက်နေသည့်မျက်လုံးများနှင့် ရင်ဆိုင်၍ ကျယ်လောင်စွာပြောလာသည်။ 


"အဲဒါက နန်းတွင်းရဲ့ မင်းသားလေးရှန်းလျိုရှန့်ပဲ...သူက မိစ္ဆာအတတ်ကျင့်တာနဲ့ သန့်စင်နေရာမှာ ထူးချွန်တယ်...သူက ချုန်းချီအသွင်ပြောင်းပြီးတော့ ဧကရာဇ်နဲ့ ငါ့ကို ဒဏ်ရာရစေခဲ့တာပဲ...အရမ်းကို ဆိုးယုတ်တယ်...အခု ငါခေါ်နေ..."


စကားမဆုံးမီတွင် အစိမ်းရောင်ဝတ်ဆင်ထားသည့်လူက သူ့ရှေ့တွင်ပေါ်လာကာ ဟမ်ကျု့ယင်၏လည်ပင်းကို လက်ချောင်းများနှင့် ညှစ်ထားလိုက်သည်။ ထိုသူ၏ မျက်နှာပေါ်မှ သိမ်မွေ့သည့် အပြုံးလေး ပျောက်ကွယ်သွားကာ လေသံမှာအေးစက်နေသည်။


"စကားပြောရင် ဂရုစိုက်ဖို့ အကြံပေးလိုက်မယ်..."


ဟမ်ကျု့ယင်က ၎င်းကိုတားဆီးရန် သူ၏ လက်အောက်ငယ်သားကို အမြန်ဖမ်းဆွဲ၍ နောက်လှည့်ကာ တိမ်းရှောင်လိုက်သည်။ ထို့နောက်ထပ်မံအော်ဟစ်ရန်ပြင်လိုက်ချိန်တွင် သူ၏ပါးကို အထိုးခံလိုက်ရသည်။


"အဓိပ္ပါယ်မရှိတာ...အကုန်လုံး အဓိပ္ပါယ်မရှိတာတွေ...သူက အဲလိုမျိုးမဟုတ်ဘူး...ပါးစပ်ပိတ်ထား...ပိတ်ထားစမ်း..."


ဟမ်ကျု့ယင်က သွားအနည်းငယ်ကျိုး၍ သွေးအန်သွားကာ အရူးနှစ်ကောင်နှင့်ဆုံနေရသည်ဟု ခံစားမိလာသည်။ 

ဒါပေမဲ့ သူတို့ ငါ့ကို ပြောခွင့်မပြုလေလေ ငါက ပိုပြီးပြောချင်လေလေပဲ...သုံးလောကက လူတွေသိအောင် အကျယ်ကြီးတောင် အော်ပြောလိုက်ချင်သေးတယ်...


"ရှန်းလျိုရှန့်က နတ်ဆိုးသားရဲကို သန့်စင်ပြီးတော့ မှော်စွမ်းအား အထွတ်အထိပ်ကို ထုတ်နိုင်တယ်...သူက အခု မကောင်းဆိုးဝါးဖြစ်လာနေပြီ...ဘယ်သူမှ သူ့ကို မတားနိုင်သလို ဖြေဆေးလည်းမရှိဘူး..အခု သူ့ကိုရှင်းလင်းဖို့.သုံးလောကက ဖြောင့်မှန်တဲ့ လူတွေကို ဖိတ်ခေါ်ပါတယ်..."


အရုဏ်တက်ချိန်၌ သုံးလောကကို တုန်လှုပ်စေသော သတင်းတစ်ခု ထွက်ပေါ်လာ၍ အုတ်အုတ်ကျတ်ကျတ်ဖြစ်သွားစေသည်။


.....


မိုးအကြီးအကျယ်ရွာနေခြင်းက ခဏအကြာတွင် ရပ်တန့်သွားသဖြင့် တိတ်ဆိတ်နေသည်။ သစ်ရွက်ထိပ်မှ သလင်းကျောက်ပုံစံ မိုးစက်များက စီးကျလာလျက် ရွှံ့အိုင်အတွင်းသို့ တောက်ခနဲကျလာသည်။


အေးစိမ့်မှုက မြေပြင်ပေါ်မှ မြင့်တက်လာကာ တောအုပ်အတွင်းသို့ မိုးစက်မြူနှင်းများနှင့်အတူ ပျံ့နှံ့သွားခဲ့သည်။


ရှန်းလျိုရှန့်က သစ်ပင်တစ်ပင်အောက်တွင် ဒူးကွေးလျက် အမောတကော အသက်ရှူနေသည်။ အေးဒဏ်ကြောင့် သို့မဟုတ် အခြားသောအကြောင်းအရင်းတစ်ခုခုကြောင့် ဟုတ်မဟုတ်ကို မသိနိုင်သော်ငြား ပိန်သွယ်သော ပုံရိပ်လေးက တုန်ယင်နေလျက် အနက်ရောင်ဆံနွယ်များကစိုစွတ်နေကာ ခန္ဓာကိုယ်တွင် ကပ်ငြိနေသည်။


အချိန်ကြာလာသည့်အခါ အနက်ရောင်ဆံနွယ်ပျော့ပျော့လေးများက တဖြည်းဖြည်းဖောက်ထွင်းမြင်နိုင်လာကာ နှင်းမှုန်များဖုံးလွှမ်းနေသည့်နှယ် ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ 


ရှန်းလျိုရှန့်က ၎င်းကို လျစ်လျူရှုလိုက်ကာ မျက်လုံးများ တင်းတင်းကြပ်ကြပ် ပိတ်၍ ရှေ့ရှိနှလုံးသားအကျဉ်းထောင်သို့ အာရုံများ စုစည်းလိုက်သည်။


စိတ်ဝိညာဥ်ပင်လယ်၏ ဖုံးကွယ်ထားသည့်နေရာရှိ လှောင်အိမ်အတွင်းတွင် အသိစိတ်တစ်ခုရှိနေသည်။ 


ထိုအချိန်တွင် စုတ်ပြဲပြီး သွေးများဖုံးလွှမ်းနေသော အဝတ်အစားများဝတ်ဆင်ထားသည့် ငွေရောင်ဆံပင်နှင့်လူက နတ်ဆိုးသန့်စင်ခြင်း ရှေးဟောင်းစကားလုံးများနှင့် တည်ဆောက်ထားသည့် သံမဏိတံခါးအတွင်းတွင် ပိတ်မိနေသည်။


သူက ရှန်းလျိုရှန့်ရောက်လာသည်ကို သတိထားမိ၍ မျက်လုံးဖွင့်လိုက်ချိန်တွင် သူ၏မျက်လုံးကိုဖြတ်၍ သွေးရောင်လက်သွားသည်။ ထို့နောက် သူအံကြိတ်လိုက်ကာ လက်မြှောက်၍ သေးငယ်သည့်အက်ကွဲရာနှင့် ရှေးအက္ခရာကို ညွှန်ပြလိုက်သည်။

 

"မင်းတော့ ပြီးသွားပြီ..."


ရှန်းလျိုရှန့်က အသတ်မခံရသော်လည်း နောက်ဆုံးတွင် နတ်ဆိုးသားရဲကို သန့်စင်နိုင်သွားသည်။ ချုန်းချီက ဒေါသထွက်ကာ စိတ်ရှုပ်နေလျက် ကြောက်ရွံ့နေပြန်သည်။ သူ ပျော်ရွှင်သည့် တစ်ခုတည်းသောအရာမှာ နောက်ဆုံးတွင် သုံးချောင်းထောက်အိုးမှ လွတ်မြောက်လာခြင်းဖြစ်သည်။


ထို့နောက် ရှေးဟောင်းစကားလုံး လုံးဝပြိုကွဲသွားချိန်တွင် သူ ပြန်လည် တုံ့ပြန်လှုပ်ရှားနိုင်မည်ဖြစ်သည်။

အချိန်ကျတော့မယ်...ရှန်းလျိုရှန့်လည်း မကြာတော့ပါဘူး...


ရှေးဟောင်းစကားလုံးကို ပြုပြင်ပြီးနောက်တွင် သစ်ပင်ပေါ်သို့ လက်တစ်ဖက်ဖြင့်ထောက်ကာ မတ်တပ်ရပ်လိုက်သည်။ လက်ချောင်းထိပ်များက ကြမ်းတမ်းမာကျောသည့် သစ်ခေါက်များတွင် နစ်မြုပ်နေလျက် အကြောင်းအရင်းမသိစွာ သွေးများစီးကျနေသည်။

ဒီတောက ပါ့ဟွမ်ကိုရောက်တဲ့ တစ်ခုတည်းသော လမ်းပဲ...


ရှန်းလျိုရှန့်က သူ၏ခန္ဓာကိုယ်တွင်းမှ နတ်ဆိုးသားရဲကို မထိန်းချုပ်နိုင်သဖြင့် တုံ့ပြန်တိုက်ခိုက်မှုကြောင့် မည်သည့်အချိန်မဆို သေသွားနိုင်သည်။ သူ ပါ့ဟွမ်ကိုသွား၍ တစ်စုံတစ်ယောက်ကို တွေ့ချင်လာသည်။ မဟုတ်ပါက သူအသေဖြောင့်နိုင်မည်မဟုတ်ပေ။ သို့သော် သူကြာကြာမတောင့်ခံနိုင်တော့ချေ။ လွှမ်းမိုးထားသော နတ်ဆိုးစွမ်းအားများက ခန္ဓာကိုယ်တွင်းရှိ ချီသွေးကြောများမှ စတင်၍ ဆူပူထကြွလာသည်မှာ ချီသွေးကြောများကို ဖျက်ဆီး၍ အပြေးအလွှားကန်ထွက်လာမည့်အသွင်ဆောင်နေသည်။


ရှန်းလျိုရှန့်က ထိန်းချုပ်မှုကင်းမဲ့သွားကာ လက်ဝါးဖြင့် သစ်ပင်ကိုယ်ထည်ကို အစိတ်စိတ်အမွှာမွှာခွဲပစ်လိုက်သည်။


တအုန်းအုန်းဖြစ်ပြီးသွားသည့်နောက်တွင် တောအုပ်က ပြန်လည်ငြိမ်သက်သွား၏။ ခဏကြာပြီးနောက် မနီးမဝေးနေရာမှ အသံကြားလိုက်ရသည်။


အဖြူရောင်ဝတ်ရုံနှင့် ပုံရိပ်လေးက နူးညံံ့သောအသွင်ရှိကာ ကျက်သရေရှိသောလေထုကို သယ်ဆောင်လျက် တောအုပ်ကို ဖြတ်သွားနေသည်။ သူကတစ်ယောက်တည်းဖြစ်သော်ငြား စကားပြောနေဆဲဖြစ်သည်။ သူပြောသည့်စကားလုံးများက သူ၏နှစ်သက်ဖွယ်ရာ ပုံပန်းသွင်ပြင်နှင့် လုံးဝကွာခြားနေခဲ့သည်။


"လူကောင်းယောင်ဆောင်နေတာ ရပ်လိုက်တော့...မင်းနတ်ဆိုးအရိုးဆေးကို ယူလာပေးလေ...အဲဒါမှ ငါလည်းကျိုးရွှမ်လန်ကို သွားရှာနိုင်မှာပေါ့..."


"မှားတာ...ငါမှားပြောတာ...ငါက လူလည်းမဟုတ်တော့ဘူး...မင်းရဲ့ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေကို ငါတစ်ကယ် စိတ်ပျက်နေပြီ..."


စုပိုင်ချယ့်က အစောင့်များ၏ ဖမ်းဆီးခြင်းကို ခံရသဖြင့် ထုံရှီးကို အလိမ်အညာများနှင့် အလျင်အမြန်ချော့မော့သော်ငြား ထုံရှီးက သူ့စိတ်အတွင်း၌ လှောင်ရယ်နေခဲ့သည်။ ကျူးယန်ကိုဖြေရှင်းရန် နတ်ဆိုးအရိုးဆေးကို လာယူချိန်တွင်လည်း မိုက်မဲသည့်စနစ်ဖြင့် အငြင်းပွားနေရသည်။ 


ထုံရှီး၏ပြောပြချက်အရ နတ်ဆိုးအရိုးဆေးရှိသည့်နေရာမှာ သိပ်မဝေးတော့ချေ။


စုပိုင်ချယ့် နှုတ်ခမ်းများ ကွေးညွှတ်ကာ ပြုံးလိုက်သည်။ သူအရှိန်မြှင့်လိုက်ချိန်တွင် အနီရောင်ဝတ်ရုံဝတ်ဆင်ထား၍ ငွေရောင်ဆံနွယ်များနှင့် လူတစ်ယောက်က ကောင်းကင်ပေါ်မှ ဆင်းသက်လာသည်။ သူအလျင်အမြန်တုံ့ပြန်၍ နောက်လှည့်ပြေးသော်ငြား သူ၏ လည်းပင်းသွယ်သွယ်လေးက ဖမ်းဆုပ်ခြင်းခံလိုက်ရသည်။ 

"မင်း..."


တစ်ဖက်လူ၏မျက်နှာကို မြင်သောအခါ စုပိုင်ချယ့်၏မျက်လုံးများ ပြူးကျယ်သွားကာ အကြောက်တရားကြောင့် မျက်နှာဖြူဖျော့လာသည်။

အဲဒါ ရှန်းလျိုရှန့်ပဲ...


စုပိုင်ချယ့်က ခဏမျှကြက်သေသေနေပြီးနောက် အေးစက်ကာနီရဲနေသည့် ဇာမဏီမျက်ဝန်းတစ်စုံကိုတွေ့သောအခါ သူရုတ်တရက် သဘောပေါက်သွား၍ ထိတ်လန့်ဖွယ်လျှို့ဝှက်ချက်တစ်ခုကို သိရှိလိုက်သည့်ပုံနှင့်ပြောလာသည်။

"မင်း နတ်ဆိုးသားရဲကို သန့်စင်လိုက်တယ်..."


ရှန်းလျိုရှန့်က သူ့ကို စကားပြောရန် ရည်ရွယ်ချက်မရှိပေ။ ကျောက်စိမ်းသဖွယ်ဖြူသော လက်များကို ရုတ်ချည်းတင်းကြပ်ကာ အက်ကွဲနေသော အသံဖြင့်ပြောလာသည်။

"မင်း နတ်ဆိုးအရိုးဆေးကို ရှာဖို့ ဒီရောက်နေတာမလား...အဲဒါဘယ်မှာလဲ ငါ့ကိုပြောပြ..."


စုပိုင်ချယ့်က နတ်ဆိုးအရိုးဆေးကို အသက်ကယ်ကောက်ရိုးကဲ့သို့ သဘောထားသဖြင့် အလျှော့မပေးနိုင်ချေ။ သူခေါင်းယမ်းလိုက်သော်ငြား တစ်ဖက်လူက မယုံကြည်သဖြင့် ရိုးရိုးရှင်းရှင်းပင် မန္တန်တစ်ခုရွတ်ဆိုကာ တိုက်ခိုက်လိုက်သည်။ သို့သော် ရှန်းလျိုရှန့်၏စွမ်းအားက ယခင်ကြုံတွေ့ဖူးသည်နှင့် မတူညီပေ။ ရှန်းလျိုရှန့်က သူ့ကို တစ်ချက်ရိုက်ချကာ ခံစားချက်မဲ့စွာကြည့်လာသည်။


နောက်တစ်ခဏတွင် မွန်းကြပ်နေသည့်ခံစားချက်က စုပိုင်ချယ့်ကို လွှမ်းမိုးသွားသည်။


"နောက်ဆုံးအခွင့်အရေးပဲ...နတ်ဆိုးအရိုးဆေးက ဘယ်မှာလဲ..."

ရှန်းလျိုရှန့်၏မျက်လုံးများက အေးစက်လာသည်။

"မင်း မဖြေဘူးဆိုရင် ငါ ဝိညာဉ်ရှာဖွေတဲ့နည်းစနစ်ကို အသုံးပြုရလိမ့်မယ်..."


ဝိညာဉ်ရှာဖွေနည်းစနစ်၏ အမည်ကိုကြားသောအခါ စုပိုင်ချယ့်၏အမူအရာက ချက်ချင်းပြောင်းလဲသွားသည်။ ၎င်းက ဝိညာဉ်ကို ဓားသွားဖြင့် အပိုင်းပိုင်းဖြတ်တောက်နေသကဲ့သို့ပင် သေသည်ထက် ဆိုးဝါးလှပေသည်။ အကယ်၍ ဂရုမစိုက်ပါက ဝိညာဉ်ရှာဖွေပြီးနောက် ရူးသွားနိုင်သည်။


စုပိုင်ချယ့်က ဒေါသထွက်လွန်းသဖြင့် ရှန်းလျိုရှန့်ကို ဓားထောင်ချီနှင့် အပိုင်းပိုင်း ခုတ်ဖြတ်ချင်သော်ငြား တစ်ဖက်လူသန့်စင်ထားသည့် နတ်ဆိုးသားရဲကို မသိရှိထားသည့်အပြင် သူ၏ကျင့်ကြံဆင့်က အလွန်ကြောက်မက်ဖွယ်ကောင်းနေသဖြင့် စုပိုင်ချယ့် မခုခံနိုင်ပေ။

ဖာ့ခ်...


.....


အဆုံးမရှိသည့်ဂူထဲတွင် အဖြူရောင်ပုံရိပ်လေးက ခြေချိတ်လျက် ထိုင်နေသည်။ သူ့ရှေ့ရှိ မီးပုံမှာ တဖြောက်ဖြောက်မြည်လျက် မီးပွားများ လွင့်စင်ထွက်လာသည်။


သိပ်မဝေးသည့် ထောင့်တစ်နေရာတွင် အလင်းနှင့်အမှောင် စုံစည်းနေလျက် အတွင်းမှ အနီရောင်အလင်းက ဘွားကနဲပေါ်လာ၍ တစ်ခါတစ်ရံ အော်ဟစ်သံများနှင့် ယှဉ်တွဲလာသည်။


ကြားရုံမျှနှင့် လူများကို အကြောက်တရားဖြင့် တုန်ယင်လာစေသည်။ မည်သို့သောညှင်းပန်းမှုမျိုးဖြစ်သည်ကို မည်သူမျှ မစမ်းသပ်ရဲကြသော်ငြား စုပိုင်ချယ့်က မနာလိုမှုများနှင့် ပြည့်နှက်နေသည်။ တစ်ချိန်တည်းမှာပင် နှလုံးသားအတွင်းမှ မုန်းတီးမှုက အဆုံးအစွန်သို့ ရောက်ရှိလာသည်။


နတ်ဆိုးအရိုးဆေးမရှိပါက အခုအချိန်မှစ၍ ကျူးယန်ကိုဖိနှိပ်ရန် ထုံရှီး၏အကူအညီကိုသာ မှီခိုရမည်ဖြစ်သည်။ ထုံရှီး၏ မကောင်းသော အမူအကျင့်အရ တာဝန်ကို ဆက်လက်လုပ်ဆောင်စေ၍ အလုပ်အချို့ပြီးဆုံးမှသာ အသက်ရှင်ရန် နည်းလမ်းတစ်ခုပေးလိမ့်မည်။


တကယ့်အိမ်မက်ဆိုးကြီးပါလား...ဒါတွေအားလုံး ရှန်းလျိုရှန့်ကျေးဇူးကြောင့်ပဲ...


စုပိုင်ချယ့်၏ နှလုံးသားက အမုန်း ၊ဒေါသများနှင့်ပြည့်နှက်နေလျက် မျက်လုံးများတဖြည်းဖြည်းနီရဲလာသည်။ ကျူးယန်က သူ့ခန္ဓာကိုယ်အတွင်းမှ ချိတ်စည်းကို စတင်၍ တဒုန်းဒုန်းဆောင့်လာသည်။ စုပိုင်ချယ့်က သွေးအန်သွား၍ ထိုသွေးများကို နှင်းဖြူရောင် ဝတ်ရုံလက်များနှင့် ပွတ်သုတ်လိုက်ပြီး စိတ်လှုပ်ရှားစွာ ခေါင်းလှည့်ကြည့်လိုက်သည်။


ညည်းညူသံ ဘယ်တုန်းထဲက ရပ်သွားမှန်းမသိလိုက်ဘူး...


အနီရောင်ဝတ်ဆင်ထားသည့် ပုံရိပ်လေးက ထောင့်တွင် ပေါ်လာသည်။ နတ်ဆိုး၏ ငွေရောင်ဆံနွယ်များမှာ မူလအခြေအနေသို့ ပြန်ပြောင်းသွား၍ နူးညံံ့ပျော့ပျောင်းသည့် အနက်ရောင် ဆံပင်များက အနည်းငယ် စိုထိုင်းနေသည်။ နှစ်လိုဖွယ်ရာနဖူးပြင်ပေါ်ရှိ ဆံစများအောက်ဘက် မျက်ခုံးတန်းနှစ်ခုကြား၌ မှုန်မှိုင်းသည့် လေထုရှိနေသေးသော်ငြား ဇာမဏီမျက်ဝန်းများက သွေးရောင်စွန်းမနေတော့ပဲ နီကျင်ကျင်သာရှိနေသည်။


ရှည်သွယ်သော လက်လေးက ကျောက်တုံးနံရံပေါ်တွင် တင်ထားလျက် လူငယ်လေး၏ ချောမောသော မျက်နှာတစ်ဝက်မှာ အမှောင်ထဲ၌ ပုန်းကွယ်နေပြီး တစ်ဝက်မှာ မီးရောင်ကြောင့် အလင်းပြန်နေသည်။ ၎င်းက အမှန်တကယ်ပင် လှပလွန်းသည်။


စုပိုင်ချယ့်က တစ်ဒင်္ဂမျှ ကြက်သေသေသွားပြီးနောက် ကျိန်ဆဲရန် ပါးစပ်ဖွင့်လိုက်သော်လည်း တစ်ဖက်လူအား နှောင့်ယှက်မိပြီး သူ၏ခန္ဓာကိုယ်ကို ထိုသူက ဤနေရာတွင် ဖျက်ဆီးပစ်မည်ကို စိုးရိမ်သွားသဖြင့် မတတ်နိုင်ပဲ ပါးစပ်ပိတ်လိုက်ရသည်။

အသက်ချမ်းသာဖို့အတွက် လူတစ်ယောက်က ကွေးနိုင်ဆန့်နိုင်ရမယ်...


စုပိုင်ချယ့်က နှုတ်ခမ်းထောင့်များကို လွန်ဆွဲနေ၍ ပြောလာသည်။ 

"နတ်ဆိုးအရိုးဆေးလည်း ပေးပြီးသွားပြီ...မင်းကြည့်ရတာလဲ ကောင်းကောင်းသောက်ပြီးတဲ့ပုံပဲ...ငါ့ကို လွှတ်ပေးဖို့ အချိန်ရောက်ပြီလေ..."


ပြီးနောက် သူအချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေခဲ့သော်လည်း ဂူဝင်ပေါက်ရှိအတားအဆီးမှာ မဖယ်ရှားထားကြောင်း တွေ့လိုက်ရသည်။ နှလုံးခုန်နှုန်း လွှဲချော်သွားလျက် မြင့်တက်လာသည့် ဒေါသများ လောင်ကျွမ်းသွားသည်။


"ဖာ့ခ်...မင်းလာနောက်နေတာလား...မင်းမလုံလောက်သေးဘူးလား...လူတွေကို သတ်မှရမှာလား..."


ရင်းနှီးနေသည့် ကျိန်ဆဲသံကို ကြားသောအခါ ရှန်းလျိုရှန့်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားကာ သူ့ကို အတွေးနက်စွာ စိုက်ကြည့်လိုက်သည်။


သို့သော် ရှန့်လျိုရှန့်က အခုအချိန်တွင် ပြဿနာကြုံနေရသဖြင့် ၎င်းအပေါ် အချိန်မဖြုန်းနိုင်ပေ။ သံသယများကို ဘေးဖယ်ထားလိုက်၍ စုပိုင်ချယ့်ဘေးသို့ လျင်လျင်မြန်မြန် လျှောက်လာသည်။ သူလာနေသည်ကို တွေ့သောအခါ စုပိုင်ချယ့်က ဆူပူကြိမ်းမောင်းလျက် ပုန်းရှောင်လိုက်သည်။ သို့သော် သူ၏ ခုခံမှုများက ချုန်းချီကို သန့်စင်ထားသည့် ရှန်းလျိုရှန့်အတွက်မူ သက်ရောက်မှုမရှိပေ။


ရှန်းလျိုရှန့် လက်ချောင်းထိပ်များ ဖြတ်ခနဲလှုပ်ရှားလိုက်ပြီး ဝိညာဉ်စွမ်းအားအမျှင်တန်းလေးခု ထွက်ပေါ်လာကာ စုပိုင်ချယ့်၏ လက်နှင့်ခြေများတွင် ကွင်းများဖြစ်ပေါ်စေ၍ ကျောက်တုံးနံရံနှင့် မြဲမြဲချည်ထားလိုက်သည်။

"မလှုပ်နဲ့..."


အတိတ်၌ အာဃာတများ ရှိခဲ့သော်ငြား ယခုအချိန်တွင် စုပိုင်ချယ့်က သူ့အသက်အား ကယ်တင်ထားသည်ဟု ယူဆနိုင်သည်။ နတ်ဆိုးအရိုးဆေးမရှိလျှင် စုပိုင်ချယ့်က ကျူးယန်၏တုံပြန်မှုများမှ မလွတ်မြောက်နိုင်ပေ။ ရှန်းလျိုရှန့်ထံတွင် သာမန်ထက်ပိုသော စွမ်းအားများရှိနေပြီဖြစ်သဖြင့် ကျူးယန်ကို ဖိနှိပ်ပြီး စုပိုင်ချယ့်ခန္ဓာကိုယ်မှ ဖယ်ပေးရန် မခက်ခဲပေ။


သူက အများကြီးမပြောခဲ့ချေ။ စုပိုင်ချယ့်၏နှလုံးပေါ်သို့ လက်ဝါးဖြင့်ဖိ၍ ဝိညာဉ်စွမ်းအားနှင့် နှလုံးအတွင်းသို့ တိုက်ရိုက်ထိုးဖောက်လိုက်သည်။


စုပိုင်ချယ့်က အသည်းအသန် ရုန်းကန်လာသည်။

"လုံလောက်ပြီ...လုံလောက်ပြီလို့...သေလိုက်...မင်းက ဒီအကြံကို ဖုံးထားတာပဲ...ငါ့ကို မထိနဲ့..."


သူ့ကို နံရံတွင်ဖိ၍ လက်များချုပ်ထားသည့် ဤပုံစံက စုပိုင်ချယ့်အတွက် အလွန်ရင်းနှီးနေသဖြင့် ဦးခေါင်းခွံများ ထုံကျင်လာသည်။ အထူးသဖြင့် ဤအခိုက်အတန့်တွင် ရှန်းလျိုရှန့်က သူ့ရင်ဘက်ကို ထိရန် လက်ဆန့်ထုတ်လိုက်သည်။ စုပိုင်ချယ့်ကအလွန်ဒေါသထွက်နေသဖြင့် နှာခေါင်း၌ မီးခိုးများနှင့်ပြည့်နေသကဲ့သို့ ဆဲရေးသည့်စကားအမျိုးအစားစုံလင်စွာ အဆုံးမရှိ စီးဆင်းလာလေသည်။


အချိန်အတန်ကြာ ဆူပူကြိမ်းမောင်းပြီးနောက်တွင် သူ့အဝတ်အစားများက ခန္ဓာကိုယ်ပေါ်တွင် ရှိနေသေးကြောင်း တွေ့လိုက်ရသည်။


စုပိုင်ချယ့်က တစ်ဒင်္ဂမျှ ကြက်သေသေသွားခဲ့သည်။ ရှေ့တွင်ရှိသောသူက ပေါ့ပါးသည့် မျက်တောင်နက်နက်များ တွဲလဲကျနေလျက် ဇာမဏီမျက်ဝန်းများနှင့် သူ့ကို တိတ်တဆိတ်ကြည့်နေခဲ့သည်။


အနီးကပ်ကြည့်လျှင် အနည်းငယ် မြင့်တက်သွားသည့် မျက်လုံးအစွန်းက အနည်းငယ်ရဲနေကြောင်းတွေ့နိုင်သည်။ အကြမ်းဖျင်းကြည့်လျှင် အာရုံစူးစိုက်နေသည့်အကြည့်က အရူးတစ်ယောက်ကို ကြည့်နေသည့်ပုံပေါ်နေ၏။ ထို့နောက် လူငယ်လေးက လက်ပြန်ရုတ်၍ ပြောလာသည်။


"ကောင်းပြီ..."


စကားဆုံးသောအခါ ရှန်းလျိုရှန့်က ရေစီးဆင်းသံနှင့်အတူ အတားအဆီးကို ဖယ်ရှားကာ ဂူအပြင်သို့ ထွက်သွားသည်။


စုပိုင်ချယ့်က ရင်ဘက်ကို ဖုံးအုပ်၍ ထိုနေရာတွင် အချိန်အတန်ကြာ မတ်တပ်ရပ်နေခဲ့ပြီးနောက် အတွင်းမှ ကျူးယန် သေဆုံးသွားကြောင်း နားလည်သွားသည်။

 

"....."


အပြင်ဘက်တွင် မှောင်မည်းနေသည်။


ရှန်းလျိုရှန့်က မိုင်ထောင်ချီကို ခဏချင်းပင် ခရီးသွားနိုင်သော စွမ်းရည်ရှိကာ သူထုတ်လွှတ်သော ဝိညာဉ်အသိအာရုံမှာလည်း သာမန်ထက်လွန်သော အဆင့်တွင်ရှိနေသည်။


သူက လမ်းဆုံတွင် ရပ်တန့်နေ၍ မျက်လုံးမှိတ်ကာ ဝိညာဉ်အသိအာရုံကို ထုတ်လွှတ်လိုက်သည်။ ခဏကြာပြီးနောက် သူ၏ဝိညာဉ်အာရုံမှာ မြို့၏အဝေးတစ်နေရာသို့ ရောက်လာသည်။ ကျိုးရွှမ်လန် မည်သည့်နေရာတွင် ရှိနေသည်ကို မသိသဖြင့် သဲလွန်စရှာဖွေချင်ခဲ့သည်။ မမျှော်လင့်စွာပင် သူ၏ ဝိညာဉ်အာရုံက အခြားသော သတင်းအချက်အလက်ကို ရှာတွေ့သွားသည်။


"ရှန်းလျိုရှန့်မှာ ဒီလိုမျိုး မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမယ်လို့ ဘယ်သူက ထင်မှာလဲ...သူက တကယ်ကြီး ချုန်ချီကိုတောင် သန့်စင်ချင်နေတာပဲ...ပြီးတော့ အောင်မြင်သွားတယ်...ကြောက်စရာကြီးပဲ..."


"မဟာနတ်ဆိုး ဘုရင်ကိုယ်တိုင် ပြောတာသာမဟုတ်ရင် ဘယ်သူမှ ယုံရဲမှာ မဟုတ်ဘူး...သူက ဧကရာဇ်ရဲ့ သားတော်ဖြစ်ပြီးတော့ နန်းတွင်းကို ဒီလိုမျိုးစွန်းထင်းစေတာပဲ...ဧကရာဇ်လည်း သူပြန်မလာနိုင်တာကို အရမ်းဒေါသထွက်နေမှာပဲ..."


"မပြောနဲ့တော့...ဧကရာဇ်သာ ဒီမှာရှိရင် မကောင်းဆိုးဝါးတွေကို တစ်ချက်တည်းနဲ့ သတ်ပစ်မှာပဲ...ငါကြားတာကတော့ မင်းသမီးလေးက ပြင်းပြင်းထန်ထန် ဒဏ်ရာရပြီး အခုထိနိုးမလာသေးဘူးတဲ့...သူက ကိုယ့်ညီမကိုတောင် သတ်နိုင်တယ်...သူက သားရဲနတ်ဆိုးထက်ပိုဆိုးနေတာပဲ..."


"ရှူး...အသံတိုးထား...ရှန်းလျိုရှန့် က သာမန်ထက်ပိုတဲ့ စွမ်းအားတွေရှိနေပြီ...မင်းရဲ့ ဖြောင့်မှန်တဲ့ စကားတွေကြားရင် ငါတို့ကို လာသတ်နေဦးမယ်..."


"မကြောက်ကြနဲ့...ချုန်းချီက ကြောက်ဖို့ကောင်းပေမဲ့ ရှန်းလျိုရှန့် နတ်ဆိုးစွမ်းအား ဘယ်လောက်ရသွားလဲဆိုတာ ဘယ်သူက သိမှာလဲ...နတ်ဆိုးဘုရင်အားလုံးက နတ်ဆိုးဂူမှာစုစည်းပြီး ရှန်းလျိုရှန့်ကို သုတ်သင်ဖို့ အစီအစဉ်ဆွဲနေကြတယ်...သူတို့ကသေချာပေါက် သူ့ရဲ့ခေါင်းကို ယူလာကြမှာ..."



…..


တစ်နေ့အတွင်းမှာပင် ရှန်းလျိုရှန့်က မှော်နတ်ဆိုးသားရဲကို သန့်စင်လိုက်သည့် သတင်းမှာ သုံးလောကသို့ ပျံ့နှံ့သွားသည်။ လမ်းပေါ်လမ်းကြားမှ လူများက အထိတ်တလန့်ဖြင့် အလွှာပေါင်းစုံမှ အင်အားစုများ တုံ့ပြန်လာမည်ကို မျှော်လင့်နေကြသည်။


နတ်ဆိုးလောကနှင့်ခြားနားစွာ အခြားလောကနှစ်ခုက ထူးဆန်းသော သဘောထား ရှိနေသည်။


ကျင့်ကြံရေးလောကတွင် ပင်မဂိုဏ်းသုံးဂိုဏ်းမှ လူတိုင်းက စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။ ရှီးယန်ဂိုဏ်းနှင့် ခြားနားစွာ အခြားနှစ်ခုက ထူးဆန်းနေလျက်ရှိသည်။


နတ်ဆိုးများကို သတ်ဖြတ်ရာတွင် ဓားဂိုဏ်းက အမြဲတစေ အတက်ကြွဆုံးဖြစ်ကာ ကျင့်ကြံရေးလောက၏ တည်ငြိမ်မှုကို ရှေ့တွင်ရပ်တည်၍ ထိန်းသိမ်းကာကွယ်ပေးခဲ့သည်။ ယခုတွင်မူ တောင်ကဲ့သို့ တည်ငြိမ်နေသည်။ တစ်ခုတည်းသော လှုပ်ရှားမှုမှာ နတ်ဆိုးနယ်မြေသို့ ဓားသခင်ယဲ့ပင်းရန်ကို စေလွှတ်ခဲ့ခြင်းဖြစ်သည်။


အခြားတစ်ဖက်တွင် ချင်းလင်ဂိုဏ်းကလည်း ကုန်းမြေမှ အရေးပါသည့် မသေမျိုးဂိုဏ်းများကို ဖိတ်ခေါ်ရန် ငြင်းပယ်ခဲ့သည်။ ဂိုဏ်းခေါင်းဆောင် လင်ယဲ့ ရှိမနေသဖြင့် တရားဝင်ခွင့်ပြုမိန့်မရှိပဲ မလုပ်ဆောင်နိုင်ချေ။


နတ်ဆိုးနယ်မြေတွင် နတ်ဆိုးသခင်၏ အမိန့်ကိုသာနာခံကြသည်။ နန်ယောင်ချွမ်က လှုပ်ရှားခွင့်မပြုလျှင် မည်သူမျှ ပါဝင်မည် မဟုတ်ပေ။



ရလဒ်အနေနှင့် သုံးလောကရှိလူတိုင်းက နတ်ဆိုးနယ်မြေ၏ မဟာနတ်ဆိုးဘုရင် ဦးဆောင်သည့် စစ်တပ်ပေါ်၌သာ အာရုံစိုက်ထားကြသည်။ 


နတ်ဆိုးဂူ၌ ယနေ့ည ဆုံးဖြတ်ချက်က လူတိုင်း၏အာရုံကို ဆွဲဆောင်နေသည်။


.....