Chapter 139
ဟမ်ကျု့ယင် ၎င်းအိုးကို အသုံးပြု၍ ခရမ်းရောင်ခေါင်းတစ်လားကို ထုတ်လိုက်ချိန်က နတ်ဘုရားပျက်သုဉ်းအိုးဖြစ်သည်ကို သူ သတိမထားမိခဲ့ချေ။ ထိုအိုးက မူလဇာတ်ကြောင်း၏ နောက်ပိုင်းကဏ္ဍများတွင် စွမ်းအားအကြီးဆုံးမှော်လက်နက်ဖြစ်သော်ငြား ပိုင်ရှင်မှာ ဟမ်ကျု့ယင်မဟုတ်ခဲ့ချေ။
ထိုအချိန်၌ နတ်ဆိုးမျိုးနွယ်များက လူတစ်ဦးတည်း၏ အမိန့်ကိုသာ နာခံသည်။ ထိုသူက ၎င်းအိုးကို အသုံးပြု၍ စုပိုင်ချယ့်ကို ဖမ်းထားခဲ့သည်။ စုပိုင်ချယ့်ကို ကယ်တင်နိုင်ရန် မရေတွက်နိုင်သော လူပေါင်းများစွာ ကြိုးစားခဲ့ကြပြီး သူတို့အားလုံးမှာ သုံးလောက၏ ကျော်ကြားသော ပုံရိပ်များဖြစ်ကြသည်။ သူတို့က အနှီအိုးအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက်ဝင်ရောက်ခဲ့ကြသည်။ ရလဒ်အနေနှင့် ၎င်းအတွင်း၌ အားလုံးဖျက်ဆီးခံရကာ လူအုပ်စုတစ်ခုလုံး သုတ်သင်ခံလိုက်ရသည်။
အတွင်းရှိ ကမ္ဘာငယ်လေးက သွေးများနှင့်ပြည့်နှက်နေ၍ အလောင်းများ တောင်လိုပုံနေခဲ့သည်။ အမျိုးသားအနည်းငယ်သာ အသက်ရှင်ခဲ့သော်ငြား များစွာ ခံစားခဲ့ရသေးသည်။ အဆုံးတွင် ၎င်းကို ကိုင်ဆောင်ထားသည့် တစ္ဆေမျက်နှာလူကို ချေမှုန်းပစ်၍ စုပိုင်ချယ့်နှင့် သူ၏အဖွဲ့ လွတ်မြောက်လာခဲ့သည်။
၎င်းမှော်လက်နက်မှာ ယခုအချိန်တွင် ဟမ်ကျု့ယင် လက်တွင်း၌ရှိနေသည်။ အစတည်းက သူ၏ပိုင်ဆိုင်မှုဖြစ်နိုင်သည်။ သူကောင်းကင်ဘုံသို့တက်ရောက်ပြီးချိန်တွင် ကုန်းမြေပေါ်သို့ လွှတ်ပစ်ခြင်းခံရကာ တစ္ဆေမျက်နှာလူက ယူဆောင်သွားခြင်းဖြစ်မည်။
နတ်ဘုရားပျက်သုဉ်းအိုးက ချုန်းချီကို သတ်နိုင်လိမ့်မည်ဟု ဟမ်ကျု့ယင် မမျှော်လင့်ထားပေ။ သူက ချုန်းချီကို ၎င်းအိုးအတွင်း၌ ညှင်းပန်း၍ ဝိညာဉ်စွမ်းအင်ကို ဝါးမျိုချင်ရုံသာဖြစ်သည်။ ဤနည်းဖြင့် ချုန်းချီက အမြဲတစေ ဒဏ်ရာပြင်းပြင်းထန်ထန်ရနေကြောင်း သူသေချာစေနိုင်သည်။ ရှုရှင်းလျန်၏ ကိုယ်တွင်းမှ အတားအဆီးကို ဖြေရှင်းပြီးချိန်တွင် ချုန်းချီကို ပြန်လွှတ်၍ သန့်စင်နိုင်မည်ဖြစ်သည်။
ဟမ်ကျု့ယင်၏ အကြည့်က ရှုရှင်းလျန်ထံသို့ ကျရောက်သွားချိန်တွင် ရှန်းလျိုရှန့်၏အမူအရာ ပြောင်းလဲသွားသည်။ သို့သော် ဟမ်ကျု့ယင်က သူ့ကို အခွင်အရေးမပေးလာပေ။သူတို့နှစ်ဦး၏ ကျင့်ကြံဆင့်ကွားခြားမှုမှာ နှစ်ရာချီသည်။ ကျင့်ကြံဆင့်တစ်ဆင့် ကွာခြားလျှင်ပင် တစ်ကမ္ဘာခြားနေသည့်နှယ်ဖြစ်နေသည်။ ဟမ်ကျု့ယင်က ရှန်းလျိုရှန့်ကို တိုက်ရိုက်ပင် ဖမ်းဆီးကာ ချုန်းချီကို ပြုမူခဲ့သည့်အတိုင်း အိုးအတွင်းသို့ ပစ်ထည့်လိုက်သည်။
၎င်းအတွင်း၌ ရှိသည့်အရာများကို လောကတွင် ဟမ်ကျု့ယင်ထက် ပိုသိသူ မရှိပေ။ ရှန်းလျိုရှန့်က သူ၏ဘဝတစ်လျှောက်လုံးရည်မှန်းလာသည့် ဆန္ဒကို ဖျက်ဆီးခဲ့သဖြင့် ၎င်းအတွင်းသို့ ပစ်ထည့်ကာ ထောင်ချီသောဓားသွားများနှင့် ခုတ်ပိုင်းသည့် နာကျင်မှုထက် ပိုသော ညှင်းပန်းနှိပ်ဆက်မှုကို ခံစားရလိမ့်မည်။
၎င်းအပြင် အတွင်း၌ ချုန်းချီလည်းရှိနေသေးသည်။
အပြင်ဘက်မှ တစ်ဒင်္ဂသည် အတွင်း၌ ဆယ်နှစ်မျှ ကြာမြင့်သည်။
ရှန်းလျိုရှန့် ဘယ်လောက်ကြာကြာတောင့်ခံနိုင်မလဲ ကြည့်ရအောင်...ခုချိန်မှာတောင် ချုန်းချီက သူ့ကို တစ်လက်မချင်း ဝါးမျိုနေလောက်တယ်...
ဟမ်ကျု့ယင်က ခြေချိတ်ထိုင်၍ အလွန်တရာ စိတ်ကျေနပ်နေလျက် တွေးတောနေသည်။
တစ်ခဏမျှကြာမြင့်ပြီးနောက် မော့ကြည့်လိုက်ချိန်တွင် အပိုင်းပိုင်းပြတ်ထွက်မည့် အရိပ်အယောင်များပြနေသော အရံအတားကို တွေ့သွားသည်။ ချုန်းချီကို အောင်အောင်မြင်မြင် သန့်စင်နိုင်သည်အထိ မည်သူမျှနှောင့်ယှက်လို့မရစေရန် ဟမ်ကျု့ယင်က မန္တန်တစ်ခုကို ရွတ်ဆို၍ အချိန်အတန်ကြာအသုံးပြုကာ အရံအတား၏ တစ်ဝက်ခန့်ကို အားပြန်ဖြည့်လိုက်သည်။
အရာအားလုံး အဆင်သင့်ဖြစ်သောအခါ ဟမ်ကျု့ယင်က ဘေးမှရှုရှင်းလျန် ကို ကြည့်လိုက်သည်။ သူမခန္ဓာကိုယ်ထဲမှအတားအဆီးကို ဖယ်ရှားရန်ပြင်လိုက်ချိန်တွင် ရှေ့ရှိ အိုးမှာ ပြင်းပြင်းထန်ထန် တုန်ယင်လာလေသည်။
ရှေးဟောင်းစကားလုံးများက ရုတ်တရက်ပေါ်လာ၍ မသေချာသော အလင်းများ တောက်ပလာကာ ကွဲအက်လုမတတ်ဖြစ်လာသည်။
ဟမ်ကျု့ယင်၏ အမူအရာမှာ ကြီးကြီးမားမား ပြောင်းလဲသွားသည်။ ၎င်းကို ထိန်းချုပ်ရန် မန္တန်တစ်ခုကို ချက်ချင်းရွတ်ဆိုလိုက်သော်ငြား ဝုန်းခနဲမည်သွားကာ နတ်ဘုရားပျက်သုဉ်းအိုး၏ကိုယ်ထည်မှာ အက်ကွဲသွားသည်။
မှော်လက်နက် ပျက်ဆီးသွား၍ ဟမ်ကျု့ယင် သွေးအန်သွားရ၏။
တစ်စုံတစ်ယောက်က အနှီအိုးထဲမှ ခုန်ထွက်လာသည်။
ဟမ်ကျု့ယင်က ကြည့်လိုက်၍ မယုံကြည့်နိုင်စွာ အော်ပြောလာသည်။
"မင်းဘယ်လိုတောင်...ချုန်းချီရော..."
စကားဆုံးသောအခါ ဟမ်ကျု့ယင်၏ မျက်လုံးများ အလွန်အကျွံ ပြူးကျယ်သွားသည်။ အမူအရာမှာ အေးခဲနေလျက် ငေးကြောင်ကြောင်ဖြင့် ပါးစပ်ဖွင့်ကာပြောလာသည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သူ ထိုလူကို အိုးအတွင်းသို့ ပစ်ထည့်လိုက်သည်မှာ အချိန်တစ်ခုမျှကြာမြင့်နေပြီဖြစ်သဖြင့် အတွင်း၌ ဆယ်နှစ်ခန့်မျှ ရှိနေလိမ့်မည်။
သူ မသေမျိုးခန္ဓာကိုယ်နဲ့ အခုထိ ဘယ်လိုလုပ်အသက်ရှင်နေသေးတာလဲ...
ထွက်လာသူမှာ ချုန်းချီ မဟုတ်ပေ။ သွေးများဖုံးလွှမ်းနေသော လူငယ်လေးဖြစ်သည်။
လူငယ်လေး၏ အနက်ရောင်ဆံနွယ်များက လေထဲတွင် ကခုန်နေလျက် နီရဲနေသော မျက်လုံးများနှင့် ဟမ်ကျု့ယင်ကို ကြည့်လာသည်။ နှုတ်ခမ်းပါးများ တွန့်ကွေးလာကာ အနည်းငယ် ထူးထူးဆန်းဆန်း ပြုံးပြလာသည်။
ဟမ်ကျု့ယင်က နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။
ရှန်းလျိုရှန့်ပြန်ထွက်လာတယ်ဆိုတာ ...မဖြစ်နိုင်ဘူး...မသေမျိုး ခန္ဓာကိုယ်တစ်ခုက နတ်ဘုရားပျက်သုဉ်းအိုးထဲမှာ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ...
သို့သော်ငြား သူ၏မြင်ကွင်းအတွင်း၌ လူငယ်လေးက ချဉ်းကပ်လာသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။
သူ့တွင် ချောမော လှပသော မျက်နှာလေးရှိနေသော်ငြား ထူးထူးခြားခြား ဖြူဖျော့နေသည်။ မျက်ခုံးများက မှုန်မှိုင်းနေမှု အစုအပြုံလိုက်ကို ပြသလျက် နှုတ်ခမ်းထောင့်များက အနည်းငယ် တွန့်ချိုးသွားသော်ငြား နီရဲနေသည့် ဇာမဏီမျက်လုံးများကဲ့သို့ မတောက်ပလာပေ။
သူ့ထံမှ ဖိနှပ်ချုပ်ချယ်မှုများကြောင့် ဟမ်ကျု့ယင် မွန်းကြပ်ကြပ် ခံစားလာရသည်။ ကျင့်ကြံဆင့်ကြောင့်မဟုတ်ပဲ အရိုးအတွင်းမှ အကြောက်တရားထိုးထွက်လာခြင်းဖြစ်သည်။
အဲဒါ နတ်ဆိုးမျိုးနွယ်ရဲ့ သွေးကြောဖိနှိပ်ခြင်းပဲ...
ဟမ်ကျု့ယင်၏ အကြည့်များက ဟိုဟိုသည်သည် ရွေ့လျားနေပြီးနောက် သွေးစွန်းနေသော လူငယ်လေးထံသို့ ကျရောက်သွားသည်။ သူရပ်တန့်သွားကာ နှလုံးသားထဲမှ တိမ်များက ရုတ်တရက်ပျံ့ကျဲသွားလျက် မျက်လုံးပြူးသွားသည်။
ချုန်းချီ...
"အဲဒါ ချုန်းချီပဲ...မင်း နတ်ဆိုးသားရဲကို သန့်စင်လိုက်တာပဲ..."
ဟမ်ကျု့ယင်က ထိတ်လန့် တုန်လှုပ်သွားကာ ရှေ့ရှိမြင်ကွင်းကို ယုံကြည်ရန် ငြင်းဆန်နေသည်။
ပထမဆုံးအနေနှင့် သန့်စင်သည့်မှော်မှာ အောက်လမ်းပညာဖြစ်သည်။ ၎င်းမှော်ကို သင်ယူနိုင်ရန် ဟမ်ကျု့ယင်က ဟိုမှသည်မှ အားများစွာ စိုက်ထုတ်ခဲ့ရသည်။ ၎င်းနည်းလမ်းကို သိရှိနေသူမှာ သူတစ်ယောက်တည်းသာ ဖြစ်သင့်သည်။
ရှန်းလျိုရှန့်က ဘယ်ကနေသင်ထားတာလဲ...
ဒုတိယအနေနှင့် ချုန်းချီကို ညှင်းပန်းရန် အိုးအတွင်း၌ ပိတ်လှောင်ထားခြင်းဖြစ်သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့် အခြေအနေတွင် ထားရှိကာ တစ်ချိန်လုံး သေလုနီးပါးဖြစ်နေသည်။
ရှန်းလျိုရှန့်က အိုးအတွင်းသို့ ဝင်ရောက်ခဲ့သဖြင့် တူညီစွာ ကြုံတွေ့ရမည်ဖြစ်ပြီး သူ့ထံတွင် အောက်လမ်းပညာသည်များကဲ့သို့ သန်မာသည့် ခန္ဓာကိုယ်မရှိချေ။
အိုးထဲမှာ ဆယ်နှစ်တောင် ဘယ်လိုအသက်ရှင်နေနိုင်တာလဲ...စက္ကူစလို ကျိုးပျက်လွယ်တဲ့ သေမျိုးခန္ဓာကိုယ်လေးနဲ့ နတ်ဆိုးသားရဲကို ဘယ်လိုတောင် သန့်စင်လိုက်တာလဲ...
ဟမ်ကျု့ယင်က တုန်လှုပ်သွားသော်ငြား သတိအာရုံအနည်းငယ် ကျန်နေသေးသည်။ ဖြည်းညင်းစွာ ချဉ်းကပ်လာသော ရှန်းလျိုရှန့်နှင့် ရင်ဆိုင်ရချိန်တွင် တုံ့ဆိုင်းခြင်းမရှိ နောက်လှည့်ကာ ထွက်ပြေးလိုက်သည်။
သာမန် နတ်ဆိုးသားရဲကို သန့်စင်ရန်ပင် အလွန်ခက်ခဲလှသည်။ ချုန်းချီကဲ့သို့ ကောင်းကင်ထိရောက်သည့် နတ်ဆိုးသားရဲမျိုးက ပို၍ပင်ခက်ခဲလေသည်။
ရှန်းလျိုရှန့် မည်သို့အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့သည်ကို မသိသော်ငြား သူ မည်မျှစွမ်းအားကြီးသည်ဖြစ်စေ နှလုံးသားထဲတွင် ချုန်းချီကို ကြာကြာမပိတ်ထားနိုင်ပေ။ အချိန်တစ်ခုကြာလျှင် ချုန်းချီထံမှာ တန်ပြန်တိုက်ခိုက်မှုကို ခံရကာ ပေါက်ကွဲထွက်၍ သေဆုံးသွားမည်ဖြစ်သည်။
ရှန်းလျိုရှန့်ကို ယခုအချိန်တွင် မကျော်လွှားနိုင်ကြောင်း ဟမ်ကျု့ယင်စိတ်ထဲမှ သိနေသည်။ ထိုကြောင့် အစီအစဉ်မချမီတွင် ရှန်းလျိုရှန့် သူ့ကိုယ်သူ ဖျက်ဆီးမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်သည်။
သူလေထဲသို့ ပျံသန်းသွားသည်နှင့်အမျှ ရှေ့ရှိအလင်းမှာ မှိန်ဖျော့လာပြီး ဝုန်းခနဲမြည်၍ အောက်သို့ ပြုတ်ကျသွားကာ မြေပြင်ပေါ်တွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်သွားစေသည်။သည်။
ဟမ်ကျု့ယင် ပါးစပ်မှ သွေးများစီးကျနေသည်။ ရှန်းလျိုရှန့်က သူ၏ရင်ဘက်ပေါ်သို့ ဖိနပ်ဖြင့် နင်း၍ ခပ်ဖြေးဖြေး ဖိချေလိုက်သည်။
"ဘယ်ကို ပြေးမလို့လဲ..."
အရံအတား အပြင်ဘက်တွင် ...
အရံအတားကို ဖောက်ထွက်လာသော ဝိညာဉ်စွမ်းအင်များပေါ်မူတည်၍ အထဲတွင် နှစ်ယောက်ထက်ပိုသောသူများက တိုက်ခိုက်နေကြကြောင်း ခန့်မှန်းနိုင်သည်။ လူတိုင်းက သောကရောက်လျက် စိုးရိမ်ပူပန်နေကြသည်။
"ဧကရာဇ်က မရှိတော့ဘူးဆို...နတ်ဆိုးမြို့တော်မှာ ဘယ်သူရှိနေသေးလဲ..."
"သားရဲနတ်ဆိုးက သေသွားတာလား မသေသေးတာလား...ခုနတုန်းက အော်သံက ချုန်းချီရဲ့ အသံထင်တယ်..."
"အတားအဆီးထဲ အခြားဆူဆူညံညံအသံတွေ ကြားနေရတယ်...ကြည့်စမ်း..."
ရှုရှင်းချန်တစ်ယောက်သာလျှင် မျက်မှောင်ကြုတ်ထားကာ အရံအတားအတွင်းကို အာရုံစိုက်မနေခဲ့ပေ။
သူက ခေါင်းငုံ့၍ သူ၏လက်မောင်းပေါ်တွင် လဲနေလျက် ပါးစပ်ဖွင့်ကာ အသက်ပြင်းပြင်းရှူနေသည့် ယွမ်ယင်းကို စိုးရိမ်နေပုံဖြင့် စိုက်ကြည့်နေသည်။
အခြေတည်ဝိညာဉ်က ရုတ်တရက် အသံပြင်းပြင်းများပြုလုပ်နေသဖြင့် ထူးဆန်းသည်ဟု သူခံစားနေခဲ့ရသည်။ ရုတ်ချည်းပင် မိုးရွာနေသကဲ့သို့ ချွေးများစိမ့်ထွက်လာ၍ သွေးမြူခိုးဖျောဖျော့က ယွမ်ယင်း၏ခန္ဓာကိုယ်ကို ဝန်းရံလာသည်။ တစ်ချိန်တည်းမှာပင် ယွမ်ယင်းထံမှ ထွက်လာသော အော်ရာကို ရှုရှင်းချန်မစစ်ဆေးနိုင်ခဲ့ပဲ ဘေးပတ်လည်ရှိ နတ်ဆိုးကျင့်ကြံသူများ၏ ကြောက်ရွံ့ထိတ်လန့်နေသော အကြည့်များကို ဆွဲဆောင်မိသွားသည်။
ရှုရှင်းချန်က ယွမ်ယင်းကို လက်မောင်းများဖြင့် မြန်မြန်ပွေ့ဖက်ကာ ပုံရိပ်လေးကို ဝတ်ရုံလက်များဖြင့် ဖုံးထားလိုက်ပြီးနောက် မည်သူမျှမရှိသည့် တိတ်ဆိတ်သောနေရာကို ရှာလိုက်သည်။
ဧကရာဇ်ယွင်ယွီက ကောင်းကင်ဘုံသို့ တက်သွား၍ ရှုရှင်းချန်က ဝမ်းနည်းနေသော်ငြား အကယ်၍သူသာ မထွက်သွားခဲ့ပါက သေဆုံးလိမ့်မည်ဟု စဉ်းစားလိုက်လျှင် နှလုံးသားထဲမှ ကံကောင်းသည်ဟုသာ ခံစားရသည်။ တစ်နေ့နေ့ တစ်ချိန်ချိန်တွင် သူ၊ ရှုရှင်းလျန် နှင့် ရှန်းလျိုရှန့်တို့က ခမည်းတော်ကို သွားရှာနိုင်ပြီး ထပ်မံတွေ့ဆုံနိုင်လိမ့်မည်။
သို့သော် ယခုတွင် ရှန်းလျိုရှန့်၏ ယွမ်ယင်းမှာ ပြဿနာရှိနေဟန်နှင့် အချိန်တိုင်း သေလုဆဲဆဲလက္ခဏာများ ပြသနေသည်ကို ကြည့်၍ ရှုရှင်းချန်၏ ခန္ဓာကိုယ်မှ သွေးများအေးစက်သွားသည်။
ယွမ်ယင်းကို ကာကွယ်ရန် ဝိညာဉ်စွမ်းအားအနည်းငယ်ကို အသုံးပြုလိုက်သည်။ အသက်ပျောက်လုနီးပါးဖြစ်နေသည့် ယွမ်ယင်းကို ကြည့်၍ ရှုရှင်းချန်၏အသံက မထိန်းချုပ်နိုင်စွာ တုန်ယင်လာသည်။
"အရံအတားထဲမှာ ဘာလုပ်နေတာလဲ...ခင်ဗျား ဘာမှ ဖြစ်လို့မရဘူး...ခမည်းတော်က ဒီမှာ မရှိတော့ဘူးမို့လို့ ကျွန်တော့်မှာ ခင်ဗျားနဲ့ ရှင်းလျန်ပဲရှိတော့တာ..."
ကံကောင်းထောက်မစွာပင် အချိန်ခဏကြာပြီးနောက် ယွမ်ယင်း၏ ဖြူဖျော့နေသော မျက်နှာမှာ ပုံမှန် အခြေအနေသို့ ပြန်ရောက်လာပြီး ပုံပန်းသွင်ပြင်မှာ များစွာပြောင်းလဲသွားသည်။
ထပ်မံ၍ အနည်းငယ်မျှ အသက်ကြီးသွားသည်။
ကလေးဆန်မှုများ ပျောက်ကွယ်သွားကာ ချောမောသည့်သွင်ပြင်နှင့် လူငယ်လေးဖြစ်လာသည်။
သို့သော်ငြား ခန္ဓာကိုယ်က သေးငယ်နေဆဲပင်။ လက်တစ်ဖဝါးစာ အရွယ်ခန့်သာရှိ၍ ရှုရှင်းချန်၏ လက်မောင်းအတွင်း၌ တိုးဝှေ့နေကာ အနက်ရောင်မျက်တောင်များ တုန်ယင်နေလျက် လက်သေးသေးလေးနှစ်ဖက်ဖြင့် ဝတ်ရုံအနားစများကို ဆုပ်ကိုင်ထားသည်။ ခဏအကြာတွင် အလွန်ချမ်းအေးနေပုံဖြင့် ခန္ဓာကိုယ်ကို ကွေးလိုက်သည်။ နောက်တစ်ခဏတွင် တစ်စုံတစ်ယောက်က ယွမ်ယင်းကို မီးကင်နေသည့်နှယ် တစ်ကိုယ်လုံး ချွေးများဖြင့် ဖုံးလွှမ်းသွားသည်။ ပါးများက ချွေးသီးချွေးပေါက်များဖုံးလွှမ်းနေ၍ ပါးစပ်ဖွင့်ကာ အမောတကော အသက်ရှူနေရသည်။
မပြောင်းလဲသည့် တစ်ခုတည်းသောအရာမှာ မျက်နှာပေါ်မှ နာကျင်နေပုံပင်ဖြစ်သည်။
ရှုရှင်းချန်က စဉ်းစားစရာ မလိုပဲ ရှန်းလျိုရှန့်ထံတွင် တစ်စုံတစ်ခုဖြစ်နေကြောင်း သိရှိသွားသည်။ သို့သော် အရံအတားက သူ့ကို ပိတ်ဆို့ထားသည်။ ဤအရံအတားကို ဧကရာဇ်ယွင်ယွီက တည်ဆောက်ခဲ့ခြင်းဖြစ်သဖြင့် မချိုးဖျက်နိုင်ပေ။
ရှုရှင်းချန်က ရွေးချယ်စရာမရှိပဲ အရံအတားဆီသို့ လျှောက်သွားကာ ဒေါသွက်ထွက်ဖြင့် ကန်လိုက်သည်။
မမျှော်လင့်စွာပင် အလင်းတစ်ချက်လက်ကာ အက်ကွဲသံများထွက်လာ၍ အရံအတားမှာ လေထဲတွင် အစိတ်အစိတ်အမွှာမွှာကွဲထွက်သွားသည်။ မရေတွက်နိုင်လောက်အောင် အလန်းတန်းတွေ ကျရောက်ပြီးတော့ အတားအဆီး ကျိုးပျက်သွားပြီလား...
တစ်ချိန်တည်းမှာပင် လက်မောင်းတွင်းမှ အခြေတည်ဝိညာဉ်က ပျောက်ကွယ်သွားလေသည်။ ရှုရှင်းချန်၏ အမူအရာပြောင်းလဲသွား၍ အတွင်းသို့ လျင်လျင်မြန်မြန် ဝင်ရောက်လိုက်သည်။
အရံအတားအတွင်း၌ ဟမ်ကျု့ယင်က နာကျင်စွာ အော်ဟစ်နေပြီးနောက်တွင် အသက်ရှူသံ ပျောက်သွားသည်။
ရှန်းလျိုရှန့်က မျက်တောင်များနိမ့်ဆင်းနေလျက် ဇာမဏီမျက်ဝန်းများက အေးစက်မှုကို ဖော်ပြနေသည်။ သူ မသေမီအထိ အခြားမည်သူကိုမှ အသေမခံနိုင်ချေ။ အကယ်၍ ဟမ်ကျု့ယင်က ပြန်အသက်ရှင်လာခဲ့လျှင် ထပ်မံသတ်ပစ်ရန် စီစဉ်ထားသည်။
ကံမကောင်းစွာပင် ခဏတွင်းချင်း သူ၏နှလုံးသားမှာ တုန်လှုပ်ခြောက်ခြားသွားသည်။
ရှန်းလျိုရှန့်က ပါးစပ်ကို အုပ်လိုက်သော်ငြား ရဲရဲတောက်နေသည့် သွေးများက လက်ချောင်းသွယ်သွယ်များကြားထဲမှ အန်ထွက်လာသည်။ သူ၏မျက်နှာမှာ ပို၍ဖြူဖျော့လာလျက် အမြင်အာရုံမှာ သွေးရောင်မြူခိုးများ ဖုံးလွှမ်လာကာ ဝေဝါးလာသည်။ ထို့နောက် မြေပြင်ပေါ်သို့ ဒယိမ်းဒယိုင်လဲကျသွားသည်။ ရှုရှင်းလျန်ကို အဝေးသို့ ပို့ရန် စီစဉ်ထားသော်ငြား သူ့အတွင်းမှ နတ်ဆိုးသားရဲ၏ တန်ပြန်တိုက်ခိုက်မှုက စတင်နေပြီဖြစ်သည်။
ရှန်းလျိုရှန့်နဖူးပေါ်မှ ချွေးအေးများ စိမ့်ထွက်လာကာ ဖြူသောအသားအရေအောက်မှ အပြာရောင်သွေးကြောများ ပေါ်ထွက်လာသည်။
လက်ချောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အတားအဆီးကို ချိုးဖျက်ရန် လက်မြှောက်လိုက်သည်။ ထို့နောက် အခြေတည်ဝိညာဉ်ကို ခေါ်၍ နေရာမှ ပျောက်ကွယ်သွားသည်။
အရံအတားက အစိတ်စိတ်အမွှာမွှာ ကျိုးပျက်သွားကာ အုပ်စုတစ်စုက ပထမဆုံးရောက်ရှိလာသည်။
ရှုရှင်းချန်က မြေပြင်ပေါ်ရှိပုံရိပ်သွယ်သွယ်လေးကို တွေ့သောအခါ မျက်နှာ ဖြူဖျော့သွား၍ ရှုရှင်းလျန်ဆီသို့ သွားလိုက်သည်။ လင်ယဲ့က ဘေးပတ်လည်ကို ပေါ့ပေါ့ပါးပါးတစ်ချက်ကြည့်၍ သွေးစွန်းနေသည့် ဝိညာဉ်ဓားကိုတွေ့သောအခါ အမူအရာပြောင်းလဲသွားသည်။
အခြားသော နတ်ဆိုးဘုရင်များက ဟမ်ကျု့ယင်ဆီသို့ အလျင်အမြန်ပြေးသွားကြကာ သူ၏ခန္ဓာကိုယ်ကို မတူညီသော အမူအရာအမျိုးမျိုးနှင့် စိုက်ကြည့်နေသည်။ မမျှော်လင့်စွာပင် ဟမ်ကျု့ယင်က ချောင်းဆိုး၍ အသက်ပြန်ရှင်လာသည်။
ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးသားရဲ၏ အရိပ်အယောင်များတွေ့ရသဖြင့် အနီးရှိ လူအုပ်ကြီးက ချက်ချင်းသဘောပေါက် နားလည်သွားသည်။
"ချုန်းချီရော...ချုန်းချီက ဘယ်မှာလဲ..."