Chapter 181
ချန်မင် သူ့ကိုကြည့်ရင်းဆိုသည်။
"မင်းငါ့ကို ယှဥ်မတိုက်နိုင်ဘူးလေ...မင်းက အများသိပုဂ္ဂိုလ်ဖြသ်ပေမဲ့ ငါကမဟုတ်ဘူး...မကောင်းမှုတချို့လုပ်ခဲ့ပြီး သူ့အမေအပေါ်မတရားခဲ့ပေမယ့် ငါက သူ့အဖေပဲလေ...အဲဒါကအမှန်တရား...ငါက သူ့အဖေအရင်း၊ သူ့အမေကဆုံးပြီ...ငါက သူနဲ့ အရင်းနှီးဆုံးသူပဲ...ငါက သူနဲ့ အတူရှိသင့်တာ... ဒါ အဖေနဲ့သားကြားကဆက်ဆံရေးရဲ့အဓိပ္ပါယ်ပဲ...အဖေနဲ့သားကြားက မိသားစုဆက်ဆံရေးကို မင်းဘယ်လိုလုပ် ယှဥ်နိုင်မှာလဲ"
"ဒါဆို သူ့အတွေးတွေက အရေးမကြီးတော့ဘူးလား...သူက မင်းကို အသိအမှတ်မပြုချင်ဘူး...မင်းနဲ့လည်း ပြန်မလိုက်ချင်ဘူး...ဒါကိုလုပ်နေချိန်မှာ အဲဒါကို မင်းလုံးဝထည့်မစဥ်းခဲ့ဘူးလား"
"သူက ကလေးပဲရှိသေးတာ...သူက ငယ်သေးတယ်...အမာရွတ် ပျောက်ရင် နာကျင်မှုကို မေ့သွားလိမ့်မယ်...မင်းသူ့ကို အနိုင်ကျင့်ခဲ့ပေမဲ့ သူမင်းကို ခွင့်လွှတ်ခဲ့သလိုမျိုးပေါ့... ဒါကြောင့် ငါက သူ့ကို ကြင်နာပေးဖို့ပဲ လိုတယ်...သူက ဖြည်းဖြည်းချင်း လက်ခံလာပြီး ငါ့ကို အဖေလို့ ခေါ်ချင်စိတ် ရှိလာလိမ့်မယ်...ဘယ်လိုပဲဖြစ်ဖြစ် သွေးက ရေထက် ပိုပျစ်တယ်...မင်းတို့ နှစ်ယောက်က အဲဒီလောက် သွေးချင်းနှီးနွယ်မှု မရှိ ဘူး...ငါက သူ့အဖေ...သားအဖတွေကြားမှာဘယ်အာဃာဒတွေကကြာကြာခံမှာလဲ"
"မင်းမိန်းမက လက်မခံနိုင်ဘဲ သူ့အပေါ် မတရားဆက်ဆံမှာကို နည်းနည်းမှ မကြောက်ဘူးလား"
"စိတ်မပူပါနဲ့ ...ဒါက ငါ့အိမ်တွင်းရေးကိစ္စပါ...ငါပဲ ဂရုစိုက်လိုက်မယ်...မင်းက အပြင်လူ...ဒီလောက်ကြီး စိတ်ပူနေဖို့ မလိုဘူး"
လင်းလော့ချင်းက ခေါင်းညိတ်လိုက်သည်။
"ဆုံးဖြတ်ပြီးသွားပြီပေါ့"
"မှန်တယ်"
ချန်မင်က သူ့ကို လှမ်းကြည့်သည်။
"မင်းက ဖေးဖေးကိုငါ့ဆီပေးရင် ငါအတိတ်ကဟာတွေကို ဘေးဖယ်ထားပြီးဘာမှမပြောဘဲနေလိုက်မယ်...မဟုတ်ရင် ငါတို့ တရားရုံးမှာ တွေ့ရလို့ ငါ အဆင်မပြေတာ တစ်ခုခု ပြောမိလိုက်ကာမှ မျက်နှာသာမပေးလို့ဆိုပြီး အပြစ်မတင်နဲ့"
"လင်းလော့ချင်း ငါ မင်းကို ရွေးချယ်ပိုင်ခွင့် ပေးထားတယ်...မင်းသာ ထက်မြက်တဲ့လူဆိုရင် မင်းရဲ့လက်ရှိအခြေအနေကို မင်းသိသင့်တယ်...ဖေးဖေးက ကလေးပဲရှိသေးလို့ မသိနားမလည်ဘူး...မင်းလည်းအတူတူပဲတော့ မဟုတ်ပါဘူးနော်"
လင်းလော့ချင်း ဤနေရာသို့ မရောက်ခင်က ဤမျှခက်ခဲလိမ့်မည်ဟု မထင်ခဲ့ပေ။
ချန်မင်က ကိုင်တွယ်ရန် ခက်ခဲသည်မဟုတ်သော်လည်း မူလပိုင်ရှင်၏ အဖြစ်အပျက်က အားနည်းချက်ကို တိုက်ရိုက်ထိမှန်စေသည်။
လင်းဖေးကို သူလည်း ချစ်သည်၊ယခင်ကိစ္စတွေက ယာယီသာဖြစ်ပြီး မရည်ရွယ်ဘဲ ဖြစ်ခဲ့သည်ဟု ဆိုကာ မူလပိုင်ရှင်၏ အမည်ကို ရှင်းလင်း၍မရပေ။ထိုအချိန်တုန်းက လင်းဖေးက အမှန်တကယ် နှိပ်စက်အနိုင်ကျင့်ခံခဲ့ရခြင်းဖြစ်သည်။ယင်းကို စကားအနည်းငယ်မျှဖြင့် ကျော်သွား၍မရပေ။
သူက ကျော်သွားလျှင်ပင် ချန်မင်ကသည်အတိုင်းလွှတ်ထားမှာမဟုတ်ပေ။သူက လင်းဖေးကိုမချစ်ကြောင်း၊ အရည်အချင်းပြည့်မီသောအုပ်ထိန်းသူမဟုတ်ကြောင်းပြောကာ ဤအချက်ကို အမြဲတစေ ဆုပ်ကိုင်ထားနေမည်ဖြစ်သည်။
သူက လင်းဖေး၏ဖခင်အရင်းဖြစ်ပြီး ပကတိအသာစီးရသူဖြစ်သည်။၎င်းကိုအတင်းအကြပ်တောင်းဆိုနေသရွေ့ လင်းဖေး၏အုပ်ထိန်းပိုင်ခွင့်ကို သူ အနိုင်ယူနိုင်မည်မဟုတ်ပေ။
ထို့ကြောင့် လင်းလော့ချင်း သူနှင့် တရားရင်မဆိုင်ချင်ပေ။
တရားရုံးတွင် သူတစ်ခါတုန်းကနှိပ်စက်ခံခဲ့ရဖူးသည်ကို ဖခင်အရင်းဖြစ်သူထံမှ ထပ်ခါတလဲလဲ သတိပေးမှုကို လင်းဖေးအားမခံရစေလိုပေ။အမှန်တကယ်မကုသရသေးသော၊ လုံးလုံးလျားလျားပျောက်ကွယ်သွားမှာမဟုတ်သောဒဏ်ရာတချို့ရှိနေဆဲဖြစ်သည်။သူလင်းဖေး၏အနာဖေးများ ကို တခြားသူများမြင်အောင်ထပ်ခါတလဲလဲ အခွာချခံရခြင်းမျိုးသူမလိုချင်ပေ။
ချန်မင်က ဤအရာကြောင့် လင်းဖေးဝမ်းနည်းမည်ကို ဂရုမစိုက်သော်လည်း သူက ဂရုစိုက်သည်။
သူမူလပိုင်ရှင်လုပ်ခဲ့သည်ကို မုန်းတီးပြီး အပြစ်ရှိသလိုပင် ခံစားရ၏။
ထို့ကြောင့် တရားရုံးကို သူဘယ်တော့မှ သွားမှာမဟုတ်ပေ။
လျှို့ဝှက်ဖြေရှင်းရန်နှင့် ပတ်သက်၍မူ ချန်မင်က ယခုအချိန်တွင် စွန့်စားရန် စိတ်ပိုင်းဖြတ်ထားပုံရလေသည်။သူ့အနေဖြင့် နောက်ဆုံးနည်းလမ်းကိုသာ အသုံးပြုရုံတတ်နိုင်သည်။
"မင်းကငါ့နဲ့တရားရင်ဆိုင်ချင်တာလား"
လင်းလော့ချင်း သူ့ကိုကြည့်လိုက်၏။ "ဒါဆို မင်းဒီကိစ္စကို အရင်သေချာကြည့်ပြီးမှ ငါနဲ့တရားရင်ဆိုင်မဆိုင် ဆုံးဖြတ်"
ချန်မင် အေးစက်စွာ ရယ်မောလိုက်ပြီး အလျှော့ပေးလိုက်သည်။သူက လင်းဖေးကို လိုချင်နေသည်၊ ထို့ကြောင့် လင်းလော့ချင်းက ဘာပေးသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။
သူ့မိန်းမ သည်နေ့ရောက်လာပြီး သူ့ရှေ့မှာ ထိုင်နေလျှင်ပင် နောက်ဆုတ်မှာ မဟုတ်ပေ။
လင်းလော့ချင်းက ချန်မင်၏ ဇနီးကို ဆွဲခေါ်မလာသလိုထည့်လည်းမပြောပါချေ။သူ့လက်ထပ်မှတ်ပုံတင်ကို ထုတ်ကာ နာမည်နှင့် ဓာတ်ပုံပါသည့် စာမျက်နှာကို လှည့်ကာ ချန်မင်ရှေ့မှာ ဗြန်းခနဲချပေးလိုက်သည်။
"ငါလက်ထပ်ပြီးသွားပြီ...ဒီအကြောင်းကို ချန်ဖုန်းကမင်းကိုပြောပြခဲ့လားတော့မသိဘူး...ဒါပေမဲ့ ငါဘယ်သူနဲ့လက်ထပ်ခဲ့တာလဲ မင်းကိုမပြောခဲ့တာဖြစ်ကောင်းဖြစ်လိမ့်မယ်"
လင်းလော့ချင်းက ရယ်လိုက်သည်။
"ကျိယွီရှောင်လေ မင်းသိလောက်တယ်...သူ့ကိုမသိရင်လည်း ကျိကော်ပိုရေးရှင်းအကြောင်းတော့ သိလောက်တယ်မဟုတ်လား"
"လင်းဖေးက ငါ့ကလေးတင်မကဘဲ ကျိယွီရှောင်ရဲ့ ကလေးလည်း ဖြစ်တယ်... မင်း ဒီကလေးကို ကျိယွီရှောင်ဆီက တိုက်ခိုက်ယူချင်တာ သေချာလား"
လင်းလော့ချင်းက ပြုံးပြီး ပြောသည်။
"ကျိယွီဲရှောင်ကိုနိုင်အောင်တိုက်နိုင်မယ်လို့ထင်နေတာတော့မဟုတ်ပါဘူးနော်"
ချန်မင် သူ့ကို ထိတ်လန့်စွာ ကြည့်ပြီး သူ့ရှေ့က လက်ထပ်မှတ်ပုံတင်ကို ကြည့်လိုက်သည်။
လင်းလော့ချင်းက အလွန်သဘောထားကြီးစွာဖြင့် သေသေချာချာ ပေးကြည့်သည်။
"မင်းလည်း လက်ထပ်မှတ်ပုံတင် ရပြီးပြီမဟုတ်လား ...မင်းရဲ့ဟာနဲ့တူလားသေချာကြည့်ဖို့ အနီးကပ်ကြည့်လို့ရတယ်"
ချန်မင် သူ့လက်ထဲက လက်ထပ်မှတ်ပုံတင်ကို ကြည့်ပြီး မယုံနိုင်ဖြစ်နေသည်။ဝန်မခံချင်ပေမဲ့ ဤသည်က တကယ်ကို အစစ်ကြီးဖြစ်နေ၏။
ဓာတ်ပုံပါသည့် စာမျက်နှာကို သူပြန်ကြည့်လိုက်သည်။ကိုင်ဆောင်သူ၏ နာမည်က လင်းလော့ချင်းဖြစ်၏။သူ့အပြင် ဓာတ်ပုံထဲမှာ အတော်ချောမောသည့် အမျိုးသားတစ်ယောက်လည်းရှိသေးသည်။ချန်မင် ပုံအောက်ကိုကြည့်လိုက်သောအခါ ကျိယွီရှောင်၏ နာမည်ကို တွေ့လိုက်ရသည်။
ကျိယွီရှောင်၏အကြောင်းကို သူ သေချာပေါက်သိသည်ပင်။ပြီးခဲ့သည့်နှစ်တုန်းက ကျိမိသားစုက ညီအစ်ကိုနှစ်ယောက်၏ကားမတော်တဆမှုနှင့်ပတ်သက်ပြီး ကောလာဟလတွေ အများကြီးထွက်ခဲ့သည်။ကျိယွီလင်းကနေရာမှာ သေဆုံးသွားပြီး ကျိယွီရှောင်၏ခြေထောက်တွေလည်း ဒဏ်ရာရသွားသည်။ လူတချို့က သူ့ကို သနားစရာကောင်းသည်ဟု ပြောကြ၏။ငယ်ငယ်ရွယ်ရွယ်နှင့် လူကောင်းတစ်ယောက်ကနေ ဒုက္ခိတဖြစ်လာရသည်။တချို့လူတွေက သူကအသက်ရှင်လျက်လွတ်မြောက်လာ၍ကံကောင်းသည်ဟုပြောကြသည်။ယခု အစ်ကိုကြီးဖြစ်သူက သေသွားပြီဖြစ်သဖြင့် ကျိကော်ပိုရေးရှင်း၏ အဆီတွေက သူ့ပါးစပ်ထဲကို ကျိန်းသေပေါက် ရောက်သွားလိမ့်မည်ဖြစ်သည်။
ချန်မင်၏မိသားစုက ကျိမိသားစုနှင့် မအဆက်အဆံမလုပ်ဖူးသောကြောင့် သူတို့အကြားသာရှိခဲ့သည်။သူ့အနေဖြင့်ထိုအကြောင်းကို အတိအကျမသိသော်လည်း သူမသိသောကြောင့်ပင် လူနှစ်ယောက်ကြား အကွာအဝေးကို ပိုနားလည်သည်။
တစ်ဖက်က သူ့ကို ဖြေရှင်းချင်သည်ဆိုပါက ပုရွက်ဆိတ်တစ်ကောင်ကို ဖိချေသတ်လိုက်သည်နှင့် ဘာမှမခြားပါချေ။
လင်းလော့ချင်းက သူ့ကို ဘယ်လိုလက်ထပ်နိုင်တာလဲ...
ဒီလောက်မြင့်တဲ့ သစ်ကိုင်းကို ဘယ်လိုတက်နိုင်သွားတာလဲ...
ချန်မင် မယုံနိုင်လောက်အောင်ပါပင်။ သူအနိုင်ရရန် အခွင့်အရေးရှိသည်ဟု သူထင်ခဲ့၏။လင်းလော့ချင်းက ဘာပဲပြောပြော၊ ဘာပဲလုပ်လုပ် သူ မကြောက်ပေ။လင်းလော့ချင်းက လင်းဖေးကို နှိပ်စက်ခဲ့သည်အချက်ကိုဆွဲကိုင်ပြီး သူ့သားအတွက် တရားမျှတမှုကိုပြန်လာ ရှာဖွေချင်နေသည့်လင်းဖေး၏အဖေအရင်းဟူသော သူ၏အဆင့်အတန်းကို အခိုင်အမာသုံးနေသရွေ့ သူက တရားခွင်မှာသေချာပေါက်အသာစီးရမည်ဖြစ်သည်။လူထုအမြင်က သူ့ဘက်မှာ သေချာပေါက် ရပ်တည်လိမ့်မည်ဖြစ်ပြီး လင်းဖေး၏အုပ်ထိန်းခွင့်ကိုရမှာလည်းသေချာပေါက်ပါပင်။
ယခုမူ လင်းလော့ချင်းက ကျိယွီရှောင်နှင့် လက်ထပ်လိုက်ပြီဖြစ်သည်။
တရားခွင်ရောက်လျှင်ပင် ကျိယွီရှောင်၏အဆင့်အတန်းကြောင့် သူအခွင့်ကောင်းယူနိုင်မည်မဟုတ်ပေ။
ထိုမျှတင်မကသေးဘဲ သူအနိုင်ရခဲ့ရင်လျှင်ပင် ကျိယွီရှောင်က သူ့ကို လွှတ်ပေးမှာမဟုတ်သည်က သေချာ၏။အဲဒီအချိန်ရောက်ရင် သူနဲ့သူ့မိသားစု ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာ ဘယ်သူသိမှာလဲ...
ချန်မင်က အကျိုးအမြတ်ကို ဦးစားပေးသော သူတစ်ယောက်ဖြစ်သည်။သူက အကျိုးအမြတ်အအတွက် သူ့ရည်းစားနောက်ကွယ်မှာ မကြိုက်သော သူနှင့် ချိန်းတွေ့နိုင်ပြီး နောက်ဆုံးတွင် လင်းလော့ရှီး နှင့် လမ်းခွဲ၍ပင် လက်ထပ်ကာသူဇနီးနှင့်ပေါင်းသင်းခဲ့သည်။သူ့အကျိုးစီးပွားကို ကြီးကြီးမားမား ထိခိုက်စေမဲ့အရာ ဘာမှသူမလုပ်ပေ...
သူ့အတွက် သေချာပေါက် လင်းဖေးက အရေးကြီးသည်ပင်။ထို့ကြောင့် လင်းဖေးအတွက်နှင့် သူ့ဇနီးကိုဆန့်ကျင်ရန်ဆန္ဒရှိနေခြင်းဖြစ်သည်။သူမကို ဘယ်သူက ကလေးမမွေးနိုင်ခိုင်းလို့လဲ...ယောကျာ်းတစ်ယောက်က သူ့သွေးသားလိုချင်တာဘာမှားလို့လဲ...
သို့ရာတွင် လင်းဖေးက မည်မျှပင် အရေးကြီးသည်ဖြစ်စေ သူ့ကိုယ်သူ သို့မဟုတ် သူတို့မိသားစု၏ အကျိုးစီးပွားထက် အရေးမကြီးပေ။လင်းဖေးအတွက်နှင့် ကျိယွီရှောင်ကို ရန်စရန်က ပညာရှိရာမကျသည်မှာ ထင်ရှားလေသည်။
ထို့အပြင် လင်းဖေးက ယခု ကျိယွီရှောင်နှင့် အတူနေထိုင်နေသောကြောင့် သူ့ကို ဦးလေးဟုခေါ်သည်ဖြစ်စေ၊ အဖေဟု ခေါ်သည်ဖြစ်စေ ကျိယွီရှောင်က လင်းဖေးကို ဆိုးရွားစွာ ဆက်ဆံမည်မဟုတ်သည်မှာ သေချာသည်။သူလင်းဖေးကိုပေးသည့်အကျိုးအမြတ်တွေက လင်းဖေးလက်ခုပ်ကြားမှယိုစိမ့်လာသည့်ပမာဏဆိုလျှင်ပင် ချန်မိသားစုအပေါ်ကျလာပါက သူတို့ချန်မိသားစု ကြွားလုံးထုတ်နိုင်ပြီး နှစ်တွေအများကြီး ကောင်းမွန် ပျော်ရွှင်စွာနေထိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူ့အနေဖြင့် လင်းဖေးကို လုံးဝ လုယူရန် မလိုအပ်တော့ပေ။လင်းဖေးကို သူနှင့်ကျိယွီရှောင်ကြားက တံတားတစ်ခုအဖြစ် အသုံးချနိုင်သည်။လင်းဖေးက သူ့အတွက် ကျိကော်ပိုရေးရှင်းဟူသော သစ်ပင်ကြီးပေါ်တက်ရန် နည်းလမ်းတစ်ခုဖြစ်လာနိုင်သည်။
ဤနည်းဖြင့် သူ့မှာ သားရော ပိုက်ဆံပါရှိလာလိမ့်မည်။
ချန်မင် ဤကဲ့သို့ တွေးပြီး လင်းလော့ချင်း ထိုကဲ့သို့သောသစ်ကိုင်းအမြင့်ကြီးကို ဖက်တွယ်နိုင်ခြင်းတွက် သူ့စိတ်ထဲတွင် ကျိန်ဆဲနေခြင်း မပြုတော့ပေ။သူက ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ထပ်လက်မှတ်ကို ပြန်ပေးခဲ့လိုက်သည်။ "မင်းဘယ်တုန်းက လက်ထပ်လိုက်တာလဲ...ကျိမိသားစုက လက်ထပ်ပွဲကျင်းပတာဘာလို့မတွေ့မိတာလဲ"
"ခုန လက်မှတ်ရတဲ့ရက်ကို မတွေ့ဘူးလား"
လင်းလော့ချင်းက အေးစက်စွာပြောလိုက်သည်။
"လက်ထပ်ပွဲအတွက်က မင်းစိတ်ပူရမဲ့အရာမဟုတ်ဘူး"
"လော့ချင်း...ဖေးဖေးရဲ့ဦးလေးအနေနဲ့ မင်းက သူ့အတွက် အများကြီးတွေးပေးဆိုတာလည်း ငါသိပါတယ်...ဒီလိုလုပ်ရအောင်...ဖေးဖေးက မင်းရဲ့အိမ်မှာ ဆက်နေလို့ရတယ်... ငါသူ့ကိုလွမ်းတဲ့အခါ သူ့ကိုတွေ့ဖို့ မင်းအိမ်လာလည်မယ်... အဆင်ပြေလား"
"မင်း အိပ်မက်မက်နေတာလား"
လင်းလော့ချင်း သူ့စိတ်ထဲမှာ ဘာတွေရှိနေလဲ နားကိုမလည်တော့ပေ။
သူ့ကိုလွမ်းရင် အိမ်လာလည်မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ...
သူ့ဘာသူ လင်းဖေးဆီပဲလာလည်သည်ဖြစ်စေ၊ကျိယွီရှောင်ဆီလာလည်သည်ဖြစ်စေ မည်သူဆီပဲဖြစ်စေ လင်းလော့ချင်း ခွင့်မပြုပေ။
သူ့လိုလူအတွက် လင်းဖေး၏မျက်လုံးတွေကို ညစ်ညမ်းစေခြင်းအား ရပ်လိုက်သည်က ပိုကောင်းမည်။
"ငါခုနကပြောခဲ့တာတွေကို မေ့သွားပြီလား...အစကတည်းက ငါပြောခဲ့တာက အနာဂတ်မှာ မင်း ငါတို့ရှေ့မှာ ပေါ်မလာသင့်ဘူး...မင်းက လင်းဖေးဆီလာလည်ဖို့ အရည်အချင်းမပြည့်မီဘူး"
"လော့ချင်း မင်းကဘာလို့ဒီလိုဖြစ်နေတာလဲ...ငါက ကလေးရဲ့အဖေအရင်းခေါက်ခေါက်ပါ...မင်းမှာလည်း အဖေအရင်းရှိတာပဲ...ဖေးဖေးမှာ အဖေအရင်းရှိမလာစေချင်ဘူးလား...သူ့ကိုချစ်တဲ့လူတစ်ယောက်ပိုလာတာဘာဖြစ်လဲ...ငါကသူ့ရဲ့မင်းအပေါ်ထားတဲ့အချစ်တွေအကုန်လုံးကို ယူသွားမှာကို မင်းကြောက်နေတာလား... မင်းရဲ့အချစ်က တစ်ကိုယ်ကောင်းဆန်လွန်းတယ်"
"မင်းအတွေးလွန်နေပြီ... ငါက ဖေးဖေးရဲ့ ဆန္ဒကို လေးစားတယ်...သူ မင်းကို မတွေ့ချင်ဘူးဆိုရင် မင်း ပေါ်လာစရာ မလိုဘူး... တစ်နေ့ သူ မင်းကို တွေ့ချင်တယ် ဆိုရင် မင်းတို့နှစ်ယောက်ဆုံဖို့ခွင့်ပြုပေးမှာ"
"သူက ကလေးပဲ... ဘာသိမှာလဲ... လူကြီးတွေ သင်ပေးသမျှကိုပဲ နားထောင်မှာ...သူနဲ့ ပိုအဆက်အဆံရှိသရွေ့ သူ လက်ခံလာလိမ့်မယ်"
လင်းလော့ချင်း:...
လင်းလော့ချင်း အချိန်အတော်ကြာ စကားမပြောနိုင်ဘဲဖြစ်နေသည်။သူ ယခုလိုဖြစ်နေသရွေ့ လင်းဖေးနှင့်အဆက်အဆံလုပ်ရန်အိပ်မက်နေရုံပဲရမည်။
လင်းလော့ချင်း ဤလူနှင့်အရေမရအဖတ်မရတွေပြောပြီးအချိန်ကုန်မခံချင်တော့ပေ။ချန်မင်က သူကလင်းဖေး၏အဖေအရင်းဖြစ်သည်ဟူသောအချက်ကို ရှင်းရှင်းလင်းလင်းသိထားပြီးဖြစ်သောကြောင့် သူသေလျှင်ပင် လက်မလွှတ်ဘဲနေတော့မှာဖြစ်သည်။ ယခု သူက လင်းဖေးနှင့်ကျိယွီရှောင်ကြားကဆက်ဆံရေးကိုသိသွားသဖြင့် ပို့၍ပင် လက်လျော့ရန်မဖြစ်နိုင်ပေ။
သို့ပေမဲ့ ကိစ္စမရှိပါချေ။ကျိုးကြောင်းဆီလျော်သူတွေအတွက် ကျိုးကြောင်းဆီလျော်သည့် နည်းလမ်းတွေရှိကြသလို ကျိုးကြောင်းဆီလျော်မှုမရှိသည့်လူတွေအတွက်လည်း ကျိုးကြောင်းဆီလျော်မှုမရှိသော တန်ပြန်မှုတွေရှိ၏။
ချန်မင်က ကျိုးကြောင်းဆီလျော်မှုမရှိသောကြောင့် လင်းလော့ချင်း သူ့အား ဘာမှပြောစရာ မလိုတော့ပေ။ကျိယွိရှောင်က သူ့ကို သတိပေးရန် တာဝန်ယူလိမ့်မည်။
သူ့အိတ်ထဲကို လက်ထပ်မှတ်ပုံတင် ထိုးထည့်လိုက်ပြီး သူ၏နောက်ဆုံးစကားကိုပြောလိုက်သည်။
"မင်းကို ငါရှင်းအောင်ပြောပြီးပြီ...မင်း ဖေးဖေးရှေ့မှာ ထပ်ပေါ်လာရင် ငါ့ကို အားမနာလို့ဆိုပြီး အပြစ်မတင်နဲ့"
"မလုပ်နဲ့"
ချန်မင်က သူထွက်သွားတော့မည့်ပုံကိုတွေ့သည်နှင့် သူ့ကိုကြည့်ကာကပျာကယာဆိုသည်။
"လော့ချင်း... ဒီလိုလုပ်လိုက်တာ မှားနေပြီ...ငါက ကလေးရဲ့အဖေအရင်းပဲ... ငါသူ့ကိုလာတွေ့တာ သဘာဝပဲမဟုတ်ဘူးလား...မင်းဘာလို့ ဒီလောက်ကျိုးကြောင်းမဆီလျော်ရတာလဲ"
လင်းလော့ချင်း: "ဟားဟား"
သူက လင်းဖေးဘက် လှည့်လိုက်ပြီး လင်းဖေး၏ နားကြပ်တစ်ဖက်ကို ညင်သာစွာ ချွတ်ရင်းပြောလိုက်သည်။ "ရှုရှုတို့ သွားလို့ရပြီ"
လင်းဖေးက ခေါင်းညိတ်ပြပြီး အခြားနားကြပ်တစ်ဖက်ကို ချွတ်လိုက်သည်။ထို့နောက် စာအုပ်ကို လွယ်အိတ်ထဲသို့ ပြန်ထည့်ပြီး မတ်တပ်ထရပ်ကာ လင်းလော့ချင်းနောက်ကနေလိုက်၍ ထွက်လာခဲ့သည်။
ချန်မင်က သူ့နောက်ကို ကမန်းကတန်း လိုက်လာပေမဲ့ လင်းလော့ချင်းက လင်းဖေးကို လှမ်းဆွဲပြီး အမြန်ထွက်သွားသည်။
ရှောင်လီက ကားထဲမှာစောင့်နေသည်။သူတို့ထွက်လာသည်ကိုမြင်သောအခါ ကားထဲကထွက်ပြီး သူတို့အတွက်တံခါးဖွင့်ပေးသည်။သူက ချန်မင်ကို ပြင်းပြင်းထန်ထန် တွန်းလိုက်သည့်အတွက် ချန်မင်လဲကျလုနီးပါးဖြစ်သွား၏။
လင်းလော့ချင်းက လင်းဖေးကို ကားပေါ်အရင်တက်ခိုင်းပြီးမှ သူအထဲကိုဝင်လိုက်သည်။
ရှောင်လီက ကားကို စက်နှိူးလိုက်ပြီး ကားပါကင်မှ ထွက်လာခဲ့သည်။
ချန်မင်တစ်ယောက် မကျေမနပ်အကြည့်များဖြင့် ကြည့်နေရုံသာတတ်နိုင်သည်။
လင်းလော့ချင်း ကားပေါ်တွင်ထိုင်ရင်း သူ့ဘေးနားရှိ လင်းဖေးကိုကြည့်ကာ နှလုံးသားထဲတွင် ရောထွေးနေသောခံစားချက်များကို ခံစားလိုက်ရသည်။
လင်းဖေးက လောလောဆယ် ကျိလဲ့ယွီ၏ WeChat မက်ဆေ့ဂျ်ကို အကြောင်းပြန်နေသည်။
ကျိလဲ့ယွီက သူထွက်သွားမှာကို ကြောက်နေပုံရပြီး ခဏကြာတိုင်း သူ့ကို WeChat မက်ဆေ့ချ်ပို့ကာမေးနေ၏။
[သား တရုတ်စာအိမ်စာတွေပြီးသွားပြီ ကိုကို...ပြန်လာတော့မှာလား]
[သား သင်္ချာအိမ်စာတွေ ပြီးသွားပြီ ကိုကို... ဘယ်တော့ ပြန်လာမှာလဲ]
[သား လက်မှုအိမ်စာပြီးသွားပြီ...ကိုကို ဘာလို့ပြန်မလာသေးတာလဲ]
လင်းဖေး: ......
လင်းဖေး ဤကောင်လေးကို ကော်ကနေဖြစ်လာသည့်ကော်ဝိညာဥ်လေးဟုပင်ထင်မိသည်။လူကိုတွယ်ကပ်လွန်းသည်။
လင်းဖေး: [ရောက်ခါနီးပြီ]
ကျိလဲ့ယွီ ဝမ်းသာသွား၏။
[သားအိမ်စာတွေ အကုန်ပြီးပြီ...ကိုကိုပြန်ရောက်တဲ့အခါ ကိုကို့ကို စစ်ခိုင်းမယ်နော်]
လင်းဖေး: [အင်း]
ကျိလဲ့ယွီက ပျော်ရွှင်စွာနှင့် ကျိယွီရှောင်ဘက်လှည့်ပြီးဆိုလိုက်၏။
"ကိုကိုတို့ ပြန်လာတော့မယ်"
ကျိယွီရှောင် : ...တော်ပါသေးရဲ့... ပြန်လာမှပဲရမှာ...မဟုတ်ရင် မင်းက ကိုကို့ကိုမျှော်ရုပ်ထု ဖြစ်သွားတော့မှာ...
"ဒါဆို အခု ထမင်းသွားစားလို့ရပြီမလား"
ကျိလဲ့ယွီက ခေါင်းခါလိုက်သည်။
"သားတို့ ညစာအတူတူစားဖို့ သဘောတူထားတယ်...သားသူ့ကိုစောင့်ဦးမယ်"
သူက ပြတင်းပေါက်ကနေ ခေါင်းလေးပြူပြီး လှမ်းကြည့်လိုက်သည်။ဘာလို့ ပြန်မလာသေးတာလဲ...
ကျိယွီရှောင် :...တကယ့်ညီအစ်ကိုအရင်းတွေတောင် ဒီလောက်မရင်းနှီးကြဘူး... ကံကောင်းထောက်မစွာပဲ လင်းဖေးက မထွက်သွားဘူး...လင်းဖေးသာ ထွက်သွားရင် ကျိလဲ့ယွီ တကယ်ကြီး သုံးရက်သုံးညလောက်ဆက်တိုက် ငိုလောက်တယ်...
ကျိယွီရှောင် ဆိုဖာပေါ်တွင် ထိုင်ကာ သူ့သားပြတင်ပေါက်အပြင်ဘက်ကိုကြည့်ရသည်အားငြီးငွေ့လာပြီး သူနှင့်အတူ ညစာသွားစားမည်ကိုစောင်နေလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီအား ဖြေကြားပြီးနောက်တွင် ဖုန်းကိုချကာ လင်းလော့ချင်းကို ကြည့်ရန် ခေါင်း မော့လိုက်သည်။
"ရှုရှုက ကျွန်တော့်ကို တစ်ချိန်လုံးကြည့်နေတာပဲ"
သူက တည်ငြိမ်စွာပြောသည်။
လင်းလော့ချင်း ရှက်ရွံ့စွာ ပြုံးလိုက်သည်။
"ဟုတ်လား"
လင်းဖေးက ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်း သူ့ကို ဘာပြန်ပြောရမှန်းမသိဘဲ စိုက်ကြည့်နေမိသည်။
သူ့အနေဖြင့် အတိတ်က အဖြစ်အပျက်များကို လင်းဖေးအား ရှင်းပြချင်သည်။သူတမင်ရည်ရွယ်ခဲ့ခြင်းမဟုတ်ကြောင်း၊ သို့မဟုတ် အတိုချုပ်ပြောရလျှင် လင်းဖေး သူ သူ့ကို အမြဲချစ်ကြောင်းကို ယုံကြည်စေရန် သင့်လျော်သော အကြောင်းပြချက်ကို ရှာချင်ခဲ့သည်။
သို့ပေမဲ့ သူ့နှုတ်ခမ်းနားကို ရောက်လာသောအခါ ဘာပြောရမှန်းကို မသိတော့ပေ။
—— မူလပိုင်ရှင်လုပ်ခဲ့သည်တွေက တကယ်ကို လွန်လွန်းပြီး သူဘာပဲပြောပြော တစ်ဖက်လူကို ဆင်ခြေပေးနေပုံပဲရသည်။
လင်းဖေး၏ခေါင်းကို ပွတ်သပ်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားရုံသာ သူတတ်နိုင်သည်။
လင်းဖေးကမေး၏။
"ကျွန်တော့်ကို ပြောချင်တာ တစ်ခုခုရှိလို့လား"
"မဟုတ်ပါဘူး"
လင်းလော့ချင်းက ပြောသည်။
လင်းဖေးက ရှောင်လီ ရှိနေတုန်းဖြစ်သဖြင့် ပြောရမှာ ရှက်နေခြင်းဖြစ်မည်ဟုမှန်းဆပြီး ဆက်မမေးတော့ပေ။
လင်းလော့ချင်း ရောထွေးနေသော စိတ်ခံစားမှုများဖြင့် သူ့ကိုပွေ့ဖက်ထားမိသည်။သူ ခေါင်းငုံ့ကာ လင်းဖေး၏ မျက်နှာကို နမ်းလိုက်သည်။
ကားရပ်ပြီးနောက် သူနှင့် လင်းဖေး ကားပေါ်မှ ဆင်းကာ ခြံဝင်းဆီသို့ လျှောက်သွားခဲ့သည်။
ကျိလဲ့ယွီ အဝေးက တံခါးဝတွင် ရပ်ထားသော ကားကို မြင်လိုက်ရပြီးနောက် ဝမ်းသာအားရ အိမ်ထဲမှ ချက်ချင်း ပြေးထွက်လာခဲ့သည်။
"ကိုကို" ဟု သူကဆောင့်ကာအော်လိုက်သည်။