အပိုင်း ၁၈၀
Viewers 43k

Chapter 180



ချန်မင်က သူဘာတွေလုပ်နေသည်ကို နားမလည်နိုင်ဖြစ်ပြီး ပါးစပ်ကထုတ်မေးလိုက်သည်။


"ဖေးဖေး သားဘာစားမလဲအရင်ကြည့်ကြည့်...စာဖတ်ဖို့အလျင်လိုစရာမလိုပါဘူး...အိမ်ပြန်ရောက်ရင်ဖတ်လို့ရတယ်လေ"


"သူ မစားချင်ဘူး" 

လင်းလော့ချင်း ပါးစပ်ဖွင့်ပြီးပြောလိုက်ရသည်။

"မစ္စတာချန် လိုရင်းကိုသွားရအောင်... ငါ မနေ့ညက ဖေးဖေးနဲ့ စကားပြောခဲ့တယ်...သူက မင်းနဲ့ မလိုက်ချင်ဘူး...မင်းကို သူ့အဖေအဖြစ်လည်း အသိအမှတ်မပြုတဲ့အတွက် မင်းက

ငါတို့ရှေ့မှာ ထပ်မပေါ်လာဖို့ ငါတို့မျှော်လင့်တယ်"


ချန်မင်က သူ့စကားကို နားထောင်ပြီး အံ့အားသင့်သွား၏။

"မင်းဘာပြောလိုက်တာလဲ...မင်း သူ့ကို ဘယ်လိုပြောလိုက်လို့လဲ

...မင်းက မင်းရဲ့ ရှုထောင့်ကနေပဲ ဖိအားပေး ပြောခဲ့တာဖြစ်မယ်"


သူက လင်းလော့လျင်းကို စိုက်ကြည့်ပြီးနောက် လင်းဖေးကိုကြည့်ကာ နူးညံ့သောလေသံဖြင့်ပြောလိုက်၏။

"ဖေးဖေး သူ့စကားနားမထောင်နဲ့...ငါက မင်းအဖေ၊ မင်းရဲ့တစ်ဉီးတည်းသော ဆွေမျိုးပဲ...အဖေက သားကို အိမ်ပြန်ခေါ်ဖို့တကူးတကဒီကိုလာခဲ့တာ"


"ကျွန်တော့်အဖေကသေပြီ" 

လင်းဖေးက သူ့ကို ရှားရှားပါးပါး ပြန်ဖြေသည်။


ချန်မင် သူ့ကို ယခုလိုပြောမည်ဟု မမျှော်လင့်ထားပေ။သူက ဒေါသတကြီးဆိုလိုက်၏။ 

"လင်းလော့ချင်း ...မင်း ငါ့သားကို ဘာတွေသင်ပေးထားတာလဲ"


"မားမားကပြောတာ" 

လင်းဖေး၏ လေသံမှာ တည်ငြိမ်နေသည်။


ချန်မင်: ......


ချန်မင်က အကူအညီမဲ့စွာ ပြောလိုက်သည်။  

"အဲဒါ မင်းအမေက မင်းကိုလိမ်ခဲ့တာ... မင်းအမေက ငါ့ကို ဒေါသထွက်နေတော့ မင်းကို တမင်လိမ်ညာခဲ့တာ... ငါက တကယ်ကို မင်းအဖေပဲ... မင်းမယုံရင် ငါတို့DNAစစ်လို့ရတယ်"


"မားမားက အဖေသေပြီလို့ပြောရင် အဖေကသေပြီပဲ" 

လင်းဖေးက အေးစက်စွာပြောသည်။


"မင်းဘာလို့ဒီလိုကလေးဖြစ်နေတာလဲ" 

ချန်မင် နားမလည်နိုင်ဖြစ်နေသည်။


"မင်းအမေက မင်းကိုလိမ်နေတာလို့ ငါပြောတယ်လေ... ငါကမင်းအဖေပဲ...ငါအခု မင်းရှေ့မှာ အကောင်လိုက်ကြီးရှိနေပြီး ကောင်းကောင်းမွန်အသက်ရှင်နေတာ မဟုတ်ဘူးလား"


"ဒီနှစ်တွေထဲမှာ အဖေ့ကို မလွမ်းဘူးလား...တခြားကလေးတွေမှာ အဖေရှိတယ်၊ သားမှာ အဖေမရှိဘူးဆိုတာကို တွေ့တော့ အဆင်မပြေမဖြစ်ဘူးလား... သားအမေကသာ ဖုံးကွယ်မထားရင်၊ မသားရဲ့တည်ရှိမှုအကြောင်းကို အဖေသိနေတာကြာပြီ... အဖေ သားကိုအရမ်းချစ်တာပါကွာ ဖေးဖေးရာ"


လင်းဖေး၏မျက်နှာပေါ်ရှိအမူအရာက အနည်းငယ်မျှပင်ပြောင်းလဲမှုမရှိသလို သူ့အသံကလည်း အတက်အကျမရှိဘဲ ယခင်အတိုင်းပင်။

"တစ်ခါမှမတွေးဖူးဘူး... အဆင်မပြေလည်းမဖြစ်ဘူး"


ချန်မင်: ......


ချန်မင် သူ့သားက တစ်ခုခု မှားနေပြီဟု ခံစားရသည်။


"မင်း ငါ့ကို မုန်းနေတာလား... နောက်ကျမှ ပေါ်လာလို့ မုန်းနေတာလား... ငယ်ငယ်တုန်းက မင်းနဲ့ဘေးမှာရှိမနေပေးလို့ မုန်းနေတာလား... ဒါပေမဲ့ အဖေ့အပြစ်မဟုတ်ဘူးလေသားရယ်... သား ရှိနေတာကို အဖေတကယ်မသိခဲ့ဘူး ...အဖေလည်း သားလိုပဲ လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ အဖေ့မှာ သားလို ကလေးတစ်ယောက်ရှိတယ်ဆိုတာ သိလိုက်ရတာပါ ဖေးဖေးရာ"


လင်းဖေး: ......


လင်းဖေးက ခေါင်းငုံ့ကာသာ စာအုပ်ဖတ်နေလိုက်သည်။သူ ဤလူနှင့် တစ်စက္ကန့်လေးပင်အချိန်မဖြုန်းချင်တော့ပေ။


ဘာပဲဖြစ်ဖြစ် တစ်ဖက်သားက သူ့စကားကို နားထောင်မနေတဲ့ဟာကို ဘာလို့ ဆက်ပြောနေရမှာလဲ...


လင်းဖေးက စကားထပ်ပြောမလာတော့သည့်အပြင် သူ့ကို ကြည့်ပင် မကြည့်တော့သည်ကို မြင်သောအခါ ချန်မင် စိတ်ပူသွား၏။

"ဘာလို့ အဖေ့ကို အခွင့်အရေးမပေးတာလဲ ...အဖေ သေချာပေါက်အဖေ့အမှားတွေကိုပြန်ပြီးပြင်ဆင်မှာပါ"


လင်းဖေးက သူ့ကို လျစ်လျူရှုထားဆဲဖြစ်သည်။


"ဖေးဖေး အဖေပြောနေတယ်လေ... စာဖတ်တာကို အခု ရပ်လိုက်... သူများတွေနဲ့ စကားပြောနေတုန်း စာဖတ်တာက မယဉ်ကျေးဘူးဆိုတာ မင်းသိလား"


လင်းဖေးက သူ့ကို လျစ်လျူရှူထားဆဲဖြစ်သည်။


"ဖေးဖေး..."


"သူ မင်းကို စကားမပြောချင်ဘူး" 

လင်းလော့ချင်း မတတ်နိုင်ဘဲ ဝင်ပြောလိုက်သည်။


"သူက ခုနကပြောတာကိုမင်းကနားမထောင်တာလေ...မင်းက မင်းအတွေးအမြင်တွေအတိုင်းချည်း ဆွဲပြောနေတာ... မင်းနဲ့စကားပြောတာက အချိန်ဖြုန်းရာကျတယ်လို့ သူခံစားရတယ်...မင်းက သူ့စကားနားမထောင်တဲ့အတွက် သူစကားရပ်သွားတာ"


ချန်မင်: ? ? ?


သူ့သားက အဲဒီလို စရိုက်မျိုး ရှိတာလား...


"ဒါဆို မင်းမြင်ပြီလား" 

လင်းလော့ချင်းက သူ့ကိုကြည့်ကာပြောလိုက်၏။


"မင်းက သူ့ကို လုံးဝနားမလည်ဘူး...သူကလည်း မင်းကို အသိအမှတ်မပြုချင်ဘူး...မင်းကို သူ့အဖေအနေနဲ့ လိုအပ်တယ်လို့လည်းမထင်ဘူး...အဲဒါကြောင့် အနာဂတ်မှာ မင်း ငါတို့ရှေ့မှာ ထပ်ပေါ်မလာလို့ရမလား"


ဘယ်လိုလုပ်ရမှာလဲ...


နောက်ဆုံးကျမှ သူ့မှာ ဒီလိုသားအရင်းတစ်ယောက်ရှိလာတာလေ... သူဘယ်လိုလက်လျှော့လိုက်နိုင်မှာလဲ...


ချန်မင်က လုံးဝ သဘောမတူပေ။ 

"ငါက သူနဲ့ အတူတူမနေဖူးလို့ ငါ နားမလည်ဘူး...အနာဂတ်မှာ ငါတို့ အချင်းချင်း ပိုပြီးအဆက်အဆံလုပ်ဖို့အချိန်ရှိသရွေ့ ငါတို့ တစ်ယောက်ကို တစ်ယောက် နားလည်လာလိမ့်မယ် ဟုတ်တယ်မလားဖေးဖေး"


လင်းဖေး: ......


လင်းဖေး ဤလူကလူစကားကို နည်းနည်းမှ နားလည်ပုံမရဟု ခံစားရသည်။


"မစ္စတာချန် မင်းနားမလည်သေးဘူးလား" 

လင်းလော့ချင်း အနည်းငယ် စိတ်ကုန်နေပြီဖြစ်သည်။ 


"အခု ပြဿနာက ဖေးဖေးက မင်းအကြောင်း ဘာမှ နားလည်ချင်မနေတာ...သူက မင်းကို သူ့အဖေလို့သတ်မှတ်ဖို့ ငြင်းတယ်...သူ့ဘ၀ထဲမှာ မင်းကို ပေါ်လာဖို့ကိုလည်းနည်းနည်းမှမျှော်လင့်မနေဘူး"


"ပြဿနာရဲ့အရင်းအမြစ်က ငါတို့က တစ်ယောက်နဲ့တစ်ယောက် နားမလည်လို့ပဲလေ" 

ချန်မင်က ယုတ္တိရှိဟန်ဖြင့်ဆိုသည်။ "သူက ငါ့ကို အခု သူစိမ်းတစ်ယောက်လို သဘောထားတယ်... ဒါကြောင့် သူက ငါ့ကို ငြင်းပယ်တယ်...ဒါပေမဲ့ ငါတို့က သူစိမ်းတွေ မဟုတ်ဘူး... ငါက သူ့အဖေ၊ သူနဲ့ အရင်းနှီးဆုံး ၊ အခုလောလောဆယ်မှာ သူရဲ့ တစ်ဦးတည်းသော ဆွေမျိုး"


"အဲဒါ မမှန်ဘူး... ငါက သူ့ဦးလေး... သွေးချင်း နှီးနွယ်မှု အရဆိုရင်တောင် ငါက သူ့ရဲ့ဆွေမျိုး ပဲ" 

လင်းလော့ချင်းက ပြောလိုက်၏။


ချန်မင်က ရယ်ပြီးသရော်သည်။ "ဦးလေး နဲ့ အဖေက တူမှာတဲ့လား"


"တကယ့်ကို မတူဘူး" 

လင်းဖေးက အေးဆေးတည်ငြိမ်စွာဆို၏။ 

"ရှုရှုတစ်ယောက်နဲ့တင်ကျွန်တော်ကအဆင်ပြေတယ်"


ချန်မင်က သူ ယခုလိုပြောလိမ့်မည်ဟု မမျှော်လင့်ထားပေ။သူ့အမူအရာက ချက်ချင်းပြောင်းသွားပြီးဆိုလေသည်။ 


"ဖေးဖေး ဘယ်လိုများ အဲလိုပြောနိုင်ရတာလဲ... သူ မင်းကို အနိုင်ကျင့်ခဲ့တာကို မေ့သွားပြီလား...သူက မင်းကို လုံးဝမချစ်ဘူး၊ မဟုတ်ရင် မင်းကို ရိုက်ပါ့လား"


လင်းလော့ချင်း တစ်ဖက်လူက ယခုအချိန်တွင် မူလပိုင်ရှင်၏ ဇာတ်လမ်းကို ဆွဲထည့်မည်ဟု မမျှော်လင့်ထားသဖြင့် အနည်းငယ်ကြက်သေသေသွားခဲ့သည်။


ယင်းက ဟိုးအရင်တုန်းက ဖြစ်ခဲ့သည့်ကိစ္စဖြစ်ပေမဲ့ မူလပိုင်ရှင်နှင့်သူ နှစ်ယောက်စလုံးက လင်းလော့ချင်းပဲ ဖြစ်သဖြင့် သူတို့နှစ်ယောက်က မတူညီသည့်လူတွေဆိုသည်ကို လင်းဖေးကသဘောမပေါက်ပါချေ။


သူ ဝမ်းနည်းနေမှာလား....


သူက သူ့ဘေးမှာထိုင်ပြီး သူလိုအပ်သမျှကသူ့ဦးလေးပဲဟု ပြောပေမဲ့ မင်းဦးလေးက မင်းကို လုံးဝမချစ်ဘူး မဟုတ်ရင် မင်းကို ဘာလို့ရိုက်မှာလဲဟု တစ်ဖက်က အနာကိုတုတ်နှင့်ထိုးကာထောက်ပြခဲ့သည်။


လင်းဖေးက အဲဒီအတိတ်တွေကို ပြန်တွေးနေမှာလား...


တစ်ချိန်က မူလပိုင်ရှင်ကို စွန့်ခွာခဲ့ချင်ပေမဲ့ သူက ငယ်လွန်းတာကြောင့် အဲဒီလိုမလုပ်နိုင်ခဲ့တာကိုပြန်ပြောင်းသတိရမှာလား....


ထိုအခိုက်အတန့်မှာ လင်းလော့ချင်း လင်းဖေးကို မကြည့်ဝံ့ပေ။သူ လင်းဖေး ဝမ်းနည်းသွားမည်ကိုစိုးကာ လင်းဖေး ကြက်သေသေပြီး ဘာလုပ်ရမှန်းမသိဖြစ်မည်ကို ပိုကြောက်သည်။


ဤထိပ်တိုက်ရင်ဆိုင်မှုမှာ ချန်မင်၏ ပထမဆုံး တိကျသော ထိုးနှက်ချက်က သူ့ဆီကနေ ထွက်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ခဲ့မိပေ။


လင်းဖေးတွင် မူလက အားနည်းချက်မရှိခဲ့သော်လည်း ယခုအခါ မူလပိုင်ရှင်၏မကောင်းမှုတွေက ထိုးနှက်ရန် အားနည်းချက်ဖြစ်လာသည်။


လင်းလော့ချင်း ရုတ်တရက် ပျာသွားပြီး လင်းဖေးကို စိုးရိမ်တကြီး ကြည့်လိုက်သည်။


လင်းဖေး၏ အမူအရာမှာ အနှောင့်အယှက်ဖြစ်ဟန်မရှိဘဲ ယခင်အတိုင်း အေးဆေးတည်ငြိမ်၍နေသည်။


"အဲဒါက အတိတ်မှာတုန်းက ဖြစ်ခဲ့တာ...သူက တောင်းပန်ခဲ့ပြီးကျွန်တော် သူ့ကို ခွင့်လွှတ်ခဲ့တယ်...အဆင်ပြေတယ်"

သူက တည်ငြိမ်စွာ ပြောလိုက်လေသည်။


သို့ပေမဲ့ လင်းလော့ချင်းကမူ စိတ်မတည်ငြိမ်နိုင်ခဲ့ပါချေ။


ယင်းကို မူလပိုင်ရှင်ကလုပ်ခဲ့ခြင်းဖြစ်ပြီး သူလုပ်ခဲ့ခြင်းမဟုတ်ပေမဲ့ ယခုသူက မူလပိုင်ရှင်နှင့် ခန္ဓာကိုယ်တစ်ခုတည်းကို မျှသုံးထားခြင်းဖြစ်၏။ထို့ကြောင့် မူလပိုင်ရှင်ကတတကယ်လုပ်ခဲ့ပြီး တခြားသူတွေက သူ့ကို ဖိအားပေးနေသရွေ့ သူ့ကိုယ်သူ ခုခံရန် နည်းလမ်းမရှိပါချေ။ 


သူက လင်းဖေး၏ဘေးတွင် အကာအကွယ်ပေးသူအဖြစ် လင်းဖေးနှင့် အနီးကပ်ဆုံးလူအဖြစ် ထိုင်နေသော်လည်း သူက လင်းဖေးကို နာကျင်စေဖူးသူ တစ်ဦးသာဖြစ်သည်။


ချန်မင်၏ မျက်လုံးထဲတွင် ဤအရာက မည်မျှ ရယ်စရာကောင်းနေလိမ့်မည်နည်း။


ချန်မင်က သူ့သား၏သဘောထားကြီးမှုကို လက်မခံနိုင်သည်က သိသာထင်ရှားစွာပါပင်။

"ဖေးဖေး မင်းက အရမ်းတုံးတာပဲ...သူက မင်းကိုအရင်က ရိုက်နိုင်ရင် နောင်မှာလည်း မင်းကို ထပ်ရိုက်လိမ့်မယ်... မင်းက သူ့သားအရင်းမဟုတ်ဘူး၊သူ မင်းကို လုံးဝမချစ်ဘူး...ပြီးတော့ သူက အနာဂတ်မှာ သူ့သားသမီးတွေ ရှိလာလိမ့်မယ်၊အဲဒီအခါကျ မင်းကိုပိုတောင်မချစ်ဦးမယ်"


"ငါ ကလေးယူမှာ မဟုတ်ဘူး" 

လင်းလော့ချင်းက အမြန်ပြောလိုက်၏။

"ဖေးဖေးနဲ့တင် ငါ့အတွက်လုံလောက်တယ်"



"လုံလောက်တယ်ပေါ့"

ချန်မင်က ရယ်မောလိုက့သည်။


"အဲလိုပြောရအောင် မင်းမှာ ဘာအရည်အချင်းရှိလဲ...လင်းဖေးက မင်းရဲ့သား မဟုတ်ဘူး...သူက ငါ့သား... ငါ့သားကို ငါနဲ့ယှဥ်လုပြီးလုံလောက်ပြီလို့ ပြောရအောင် မင်းမှာဘာအရည်အချင်းရှိလဲ"


လင်းလော့ချင်း သူပြောသည်ကိုကြားနောက် နှာမှုတ်လိုက်သည်။ဒီတော့ သူက တအားကို စာရင်းရှင်းချင်နေတယ်ပေါ့လေ...လင်းလော့ချင်းကလည်း ကောင်းကောင်း လိုက်ပါအဖော်ပြုပေးရမှာပေါ့...


သူ့အိတ်ထဲက နားကြပ်တစ်စုံကို ထုတ်ယူလိုက်ပြီး ဖုန်းထဲကို ပလပ်ထိုးထည့်ကာ သီချင်းတစ်ပုဒ်ကို ရွေးလိုက်၏။ထို့နောက် နားကြပ်ကို လင်းဖေးကိုပေးပြီးပြောလိုက်သည်။


"ခဏလောက်သီချင်းနားထောင်နေနော်"


လင်းဖေး: ......


သူ့ကိုနားမထောင်စေချင်ရုံမဟုတ်ဘူးလား...အကြောင်းပြချက်ကိုရှာနေသေးတယ်...


လင်းဖေး ခေါင်းငုံ့ကာ နားကြပ်ထဲရှိ သီချင်းကို နားထောင်ရင်းစာအုပ်ဖတ်နေလိုက်ပြီး သူ့ရှေ့တွင် ဖြစ်ပျက်နေသည်များကို ဂရုမစိုက်တော့ပေ။


လင်းလော့ချင်း သူ့ မကြားရတော့သည်ကို မြင်လိုက်ပြီးနောက် စပြောလိုက်သည်။


"မင်းကငါ့ကိုဘာအရည်အချင်းရှိလို့လဲ့လို့မေးတယ်ပေါ့လေ...ဒါဆိုလည်း ဘာအရည်အချင်းပေါ်မူတည်ပြီးလဲဆိုတာ အစကနေအဆုံးထိ ငါပြောမယ်... အစကတည်းက ဖေးဖေးကို မလိုချင်ဘူးဆိုပြီး ငါ့အစ်မကို ဖျက်ချခိုင်းတာမင်းလေ ...လှေနံနှစ်ဖက်နင်းပြီး ဘလိုင်းဒိတ်သွားတွေ့တယ်...ချိန်းတွေ့နေတဲ့လူရှိရဲ့သားနဲ့ ငါ့အစ်မကို နှစ်ပေါက်တစ်ပေါက်ရိုက်ပြီးလမ်းခွဲမပေးဘူး...တစ်ယောက်တည်း ကိုယ်ဝန်ကိုစောင့်ရှောက်ပြီး ကိုးလလွယ်ဆယ်လဖွားခဲ့ရတဲ့သူကငါ့အစ်မပါ... ဖေးဖေးကို မွေးဖို့နဲ့ ဖေးဖေးကို ပြုစုပျိုးထောင်ဖို့ သူအများကြီးကြိုးစားခဲ့ရတာ...သူက မင်းသေပြီးလို့ပြောရင် မင်းသေပြီပဲ... မင်းမှာ မိသားစုနဲ့ မိန်းမရှိတယ်... အခု ဖေးဖေးကို မင်းခေါ်သွားပြီးရင် သူဘယ်လိုသတ်မှတ်ခံရမှာလဲ... တရားမဝင်သားလား"


ချန်မင်က သူ ဤမျှလောက်သိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။သူက ဒေါသတကြီးဆို၏။

"ငါ့အကြောင်းစုံစမ်းခဲ့တယ်ပေါ့"


"ဘာကိစ္စမင်းအကြောင်းမစုံစမ်းရမှာလဲ... မင်းက ငါ့ရှေ့မှာ ခုန်ထွက်လာပြီး ငါ့ကလေးရဲ့အုပ်ထိန်းခွင့်ကိုလာလုတာလေ...ချန်မင် မင်းကဖေးဖေးကို ဘယ်လိုမျိုးပြန်ယူချင်တာလဲ...ဒါက မင်းရဲ့ ဆွေမျိုးသားချင်းရဲ့ သားပါ၊ မင်းကို မွေးစားခွင့်ပေးလိုက်တာလို့ပြောမှာလား... ဒါမှမဟုတ် မင်းသူ့ကို မိဘမဲ့ဂေဟာက မွေးစားလာတာလို့လား... အဲဒီအချိန်ကနေစပြီး သူက မင်းကို အဖေလို့ခေါ်ပြီး သူ့အမေအပေါ်ပေါင်းဖောက်ပြန်ခဲ့တဲ့သူကို အမေလို့ခေါ်ရမယ်ပေါ့... အိပ်မက်မက်တတ်တယ်နော် ...ငါ့အစ်မရဲ့ခံစားချက်ကိုရော မင်းစဉ်းစားဖူးလား"


"မင်းအစ်မက သေသွားပြီ"

ချန်မင်က အေးစက်စွာပြောလေသည်။ "ငါက ဒီကမ္ဘာမှာ သူနဲ့သွေးအရင်းဆုံး ဆွေမျိုး... သူက သဘာဝအတိုင်း ငါနဲ့အတူရှိနေသင့်တယ်"


"အိပ်မက်မက်နေတာလား"


"လင်းလော့ချင်း... မင်းက ငါ့သားကို နှိပ်စက်တယ်...မင်းသူ့ကို ပြုစုစောင်ရှောက်ပေးထားလို့ ငါ အဲဒါကိုကျေအေးပေးလိုက်မယ်...ဒါပေမဲ့ ငါက သူ့အဖေအရင်းဆိုတာ မင်းသိထားရမယ်... ငါ့ရဲ့ ဒီအထောက်အထားကို ထုတ်ဖော်လိုက်သရွေ့ တရားရုံးကိုရောက်တဲ့အခါ ကလေးကိုပြန်ရမဲ့သူက ငါဆိုတာလူတိုင်းနားလည်တယ်...အဖေတစ်ယောက်လုံးရှိနေတာကို ဘယ်ကလေးကဦးလေးနဲ့နေရမှာလဲ...အထူးသဖြင့်ဦးလေးဖြစ်သူကသူ့ကိုနှိပ်စက်ခဲ့ဖူးရင်ပေါ့"


လင်းလော့ချင်း တစ်ဖက်လူကပါးစပ်ဟလိုက်တိုင်း "နှိပ်စက်"ဟူသောစကားလုံးကို အလွဲသုံးစားလုပ်နေသည်ကို နားထောင်ရင်း ဒေါသတွေ တလိမ့်လိမ့် တက်လာသလို ခံစားလိုက်ရသည်။


"မင်းလုပ်ခဲ့တာကို မင်းမိန်းမကို ငါမပြောရဲဘူးထင်နေတာလား"


"ပြောလိုက်လေ"


ချန်မင်က ပခုံးပင့်ကာ လက်ဖြန့်ပြသည်။

"ဘာလဲ...သူ့ဘာသူကလေးမမွေးနိုင်တာငါ့ကိုအပြစ်တင်လို့ရမှာတဲ့လား...ဖေးဖေးကို ပြန်ခေါ်ဖို့ ငါစိတ်ထဲ စိတ်ပိုင်းဖြတ်ထားပြီးသားမို့ သူသိမှာကို မကြောက်ဘူး...သူမသိရင်တော့ သူ့အတွက်အကောင်းဆုံးပေါ့...သိရင်ရောဘာဖြစ်လဲ...အဲဒီအချိန်တုန်းက လင်းလော့ရှီးကို ငါကအတင်းမွေးခိုင်းနေတာမှမဟုတ်တာ...ငါမှမသိခဲ့ပဲ... သူ့ဘာသူ မွေးချင်လို့မွေးတာ...အခု သူသေသွားပြီး ကလေးတစ်ယောက် ချန်ထားခဲ့တယ်...ဒါ ဘုရားသခင်က ငါ့ကို ပေးခဲ့တဲ့ လက်ဆောင်တစ်ခုပဲ...ငါလက်မခံလို့ဘယ်ဖြစ်မလဲ"


"လင်းလော့ချင်း... မင်းဘာမင်း နာမည်ကြီးကြီးမကြီးကြီး မင်းက ကြယ်ပွင့်တစ်ယောက်ဖြစ်နေတုန်းပဲ... သူများသားရဲ့အုပ်ထိန်းပိုင်ခွင့်ကိုသူများနဲ့ယှဥ်လုတယ်ဆိုတဲ့သတင်းက မင်းရဲ့ပထမဆုံး ခေါင်းကြီးပိုင်းသတင်းဖြစ်ချင်နေတာလား...ပြီးတော့ မင်းကသူ့ကိုနှိပ်စက်ခဲ့သေးတယ်... အဲဒီအချိန်ရောက်ရင် မင်းကို လူတွေက ဘယ်လိုထင်ကြမလဲ ...မင်းရဲ့ အသက်မွေးဝမ်းကြောင်းအဆုံးသတ်သွားလိမ့်မယ်လို့ငါထင်တယ်"


လင်းလော့ချင်း အံကြိတ်လိုက်သည်။ မူလပိုင်ရှင်ကို တစ်ခါမှ ယခုလောက်ထိ သူမမုန်းခဲ့ဖူးပေ။ သူမည်မျှပင် ထိုသူ လုပ်ခဲ့သည့်မကောင်းမူတွေကိုပြန်ပြင်ဆင်ခဲ့သည်ဖြစ်စေ မူလပိုင်ရှင်၏ လုပ်ရပ်ကို ဖျောက်ဖျက်၍မရနိုင်ပေ။ မူလပိုင်ရှင်က လင်းဖေးကို ဘယ်တုန်းကမှ မနှိပ်စက်ခဲ့ပါဘူးဟူ၍သူမငြင်းဆန်နိုင်ပေ။




(ဒီ မသာကတော့ ****)