Chapter 30
October 09, 2023
လင်းလော့ချင်း မကျေမနပ်ဖြင့် ကပ်ရန်ထပ်ကြိုးစားလိုက်သည်။ ကျိယွီရှောင်က ထိုလက်ကို ဖမ်းချုပ်လိုက်၏။ လင်းလော့ချင်း စာရွက်အား နောက်လက်တစ်ဖက်ထံပြောင်းကာ ကပ်ရန်ကြိုးစားချိန်တွင်လည်း ကျိယွီရှောင် ထိုလက်ကို ထပ်မံဖမ်းဆုပ်လိုက်ပြန်သည်။
လင်းလော့ချင်း “……”
“မျက်နှာသွားသစ် ...” ကျိယွီရှောင် ပြုံးလိုက်သည်။
လင်းလော့ချင်းက ရုန်းလိုက်သော်လည်း မည်သို့မှရုန်းမရချေ။ ကျိယွီရှောင်က လင်းလော့ချင်းအား စိန်ခေါ်သလို ကြည့်လိုက်သည်။
လင်းလော့ချင်း ခဏစဉ်းစားလိုက်ပြီး သူ့အနားသို့ ချဉ်းကပ်လာသည်။ ကျိယွီရှောင် အံ့အားသင့်သွား၏။ “ဘာလဲ … ”
လင်းလော့ချင်း ခေါင်းယမ်းပြကာ ပြုံးလိုက်၏။ ထို့နောက် ခေါင်းကိုလှည့်ကာ သူ့လက်ထဲမှ မှတ်စုစာရွက်ကို ပါးစပ်ဖြင့် ကိုက်လိုက်သည်။ ထို့နောက် ကျိယွီရှောင်၏ နဖူးပေါ်သို့ ပါးစပ်ဖြင့် ထိကပ်လိုက်၏။
ကျိယွီရှောင် “…”
တစ်ဖက်လူ ထိုနည်းလမ်းသုံးလာမည်ဟု မျှော်လင့်မထားသဖြင့် ကျိယွီရှောင် ကြောင်အသွားသည်။ သူ့လက်သည်လည်း အနည်းငယ်အားလျော့သွား၏။
လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်သည်။ “ငါနိုင်တယ် … ”
ကျိယွီရှောင် “……”
ကျိယွီရှောင်က ကြောင်အနေဆဲပင်။
သူက လင်းလော့ချင်း နှုတ်ခမ်းများ၏ အပူချိန်ကို ခံစားမိဆဲဖြစ်သည်။ ထိုနူးညံ့သော နှုတ်ခမ်းပါးများက သူ့ကို ပို၍ထိတ်လန့်လာစေ၏။
သူ့နှလုံးသားက တဒိတ်ဒိတ်ခုန်လျှက်ရှိသည်။
လင်းလော့ချင်းက ကျိယွီရှောင်၏ ရှော့ခ်ရမှုအား သတိမပြုမိချေ။ သူက ဂုဏ်ယူစွာပြောလိုက်သည်။ “မင်းက ဝက်ကြီး ...”
အဆိုပါ ကလေးဆန်သော စကားလုံးများကြောင့် ကျိယွီရှောင်၏ နှလုံးသားက ပြန်လည်တည်ငြိမ်သွားရသည်။
သူက လက်ညှိုးကိုကွေးကာ လင်းလော့ချင်းအား ခေါ်လိုက်၏။
“ဘာဖြစ်တာလဲ … ” လင်းလော့ချင်း သံသယမကင်းဟန်ဖြင့် ကြည့်လိုက်၏။ “ငါ အဲဒီ့ကိုမလာပါဘူး … မင်းမှာ ရည်ရွယ်ချက်ဆိုးတွေရှိနေရင် ဘယ်လိုလုပ်မလဲ ...”
“မင်းရဲ့ နတ်ဘုရားက အဲဒီ့လိုမျိုးလား … ”
“ငါ့ရဲ့ နတ်ဘုရားက တစ်ခါတစ်လေ ယောက်ျားတစ်ယောက်လို မပြုမူဘူး … ”
ကျိယွီရှောင် “……”
ကျိယွီရှောင် ဘာမှမတတ်နိုင်တော့။ သူက မှတ်စုစာရွက်ကိုခွာကာ လင်းလော့ချင်း ရေးခဲ့သည့် မှတ်စုစာရွက်နှင့်အတူ အံဆွဲတွင်းသိမ်းလိုက်၏။
လင်းလော့ချင်း သူ၏အပြုအမူများကို ငေးကြည့်နေမိ၏။ သူရေးထားသည့်မှတ်စုအား သိမ်းထားသည်ကို ကြည့်ရင်း အနည်းငယ်ပျော်သွားမိ၏။ ထို့ကြောင့် ရှေ့တိုးလာကာ မေးလိုက်မိ၏။ “ငါ့ကို ခုနကဘာလို့ခေါ်တာလဲ … ”
ကျိယွီရှောင်က သူ့အား နူးညံ့စွာကြည့်လိုက်၏။
လင်းလော့ချင်းက တစ်ဖက်လူ၏ နူးညံ့သော မျက်လုံးများကို ကြည့်ရင်း တစ်စုံတစ်ခု မှားယွင်းနေသလို ခံစားလိုက်ရသည်။
သူထိုသို့တွေးနေစဉ်မှာပင် သူ့တင်ပါး အရိုက်ခံလိုက်ရ၏။
ရိုက်ချက်ကမပြင်းသော်လည်း တိတ်ဆိတ်နေသော အခန်းထဲ၌ ပဲ့တင်ထပ်သွားသည်။
လင်းလော့ချင်း “…”
လင်းလော့ချင်း ရှက်ရွံ့သွားမိ၏။
“မင်းဘာလုပ်တာလဲ … ” သူက ဒေါသတကြီးပြောလိုက်၏။
ကျိယွီရှောင်က လက်ကိုဆန့်ကာ လင်းလော့ချင်း၏ ပါးကို ထိလိုက်သည်။ “မင်းရဲ့နတ်ဘုရားက တစ်ခါတစ်လေဆို လူကြီးလူကောင်းမဆန်ဘူးဆို … ငါအဲဒါကြောင့် လူကြီးလူကောင်းမဆန်ပဲ နေကြည့်တာလေ ...”
လင်းလော့ချင်း “…”
လင်းလော့ချင်းက သူ၏ ညအိပ်ဝတ်စုံဆုပ်ကိုင်ကာ ချော့လိုက်၏။
“အဲဒီ့လိုမပြောပါနဲ့ … နတ်ဘုရားက ဘယ်လိုလုပ် လူကြီးလူကောင်းမဆန်ပဲ နေမှာလဲ … နတ်ဘုရားက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲလေ … ”
သူက ပြောရင်း ဘောင်းဘီသားရေကြိုးကို ဆွဲလိုက်သည်။
“တကယ်လား … မင်းပြောတော့ မင်းရဲ့နတ်ဘုရားက လူကြီးလူကောင်းမဆန်ဘူးဆို … ”
လင်းလော့ချင်း ဦးခေါင်းက ဗလာဖြစ်သွားသည်။ သူချက်ချင်း ပြုံးလိုက်၏။ “ဘာလို့ဆို နတ်ဘုရားက နတ်ဘုရားပဲလေ … နတ်ဘုရားက ဘယ်လိုလုပ်ပြီး လူတစ်ယောက်ဖြစ်မှာလဲ … ”
ကျိယွီရှောင် ပြုံးလိုက်သည်။ “တကယ်လား … ”
“ဒါပေါ့ ...”
လင်းလော့ချင်း သူ့လက်ကို ဖယ်လိုက်၏။ “ဒီတော့ နတ်ဘုရား … အေးဆေး အနားယူပါ … ငါ ကိုယ်လက်သန့်စင်လိုက်ဦးမယ် … ”
ထို့နောက် ရေချိုးခန်းတွင်းသို့ အမြန်ပြေးဝင်သွားတော့သည်။
ကျိယွီရှောင် ရယ်လိုက်ရင်း ထိုလူမှာ လမ်းလျှောက်နေသည့် ရတနာလေးဖြစ်သည်ဟု တွေးမိလိုက်သည်။
လင်းလော့ချင်း ရေချိုးခန်းတွင်းသို့ရောက်ကာမှ သက်ပြင်းချလိုက်သည်။ မနက်ပဲရှိသေးတယ် စလာပြီ …
သူက သွားတိုက်တံကို ယူကာ သွားတိုက်ဆေးထည့်လိုက်သည်။ မဟုတ်သေးပါဘူး … သူတို့အတူတူ ရေတောင်မချိုးကြဘူးလေ … ကျိယွီရှောင်က တခြားဟာတွေ ဘယ်လိုလုပ်ပြီး လုပ်ချင်မှာလဲ …
လူလိမ်ကြီး … သူ့ကိုထပ်စပြန်ပြီ …
လင်းလော့ချင်း သွားတိုက်လိုက်ပြီး ရေကိုလက်ခုပ်နှင့်ယူကာ မျက်နှာသစ်လိုက်သည်။
ကျိယွီရှောင်က ဝှီးချဲလ်ပေါ်တွင် ရှိနေ၏။ လင်းလော့ချင်း သူ့ထံသို့ ယုံကြည်ချက်အပြည့်ဖြင့် လျှောက်သွားလိုက်သည်။
ကျီယွီရှောင် “…”
သူက မေးလိုက်သည်။ “ဘာဖြစ်လို့လဲ … ”
“ငါသေချာတွေးပြီးပြီ … .” လင်းလော့ချင်း သူ့ကိုကြည့်လိုက်၏။ “ငါတို့က မနက်ဖြန်ဆို တရားဝင်လက်ထပ်မှတ်ပုံတင်တော့မှာ … ဒီတော့ မင်း အမျိုးသားဖြစ်ရတာ စိတ်ကုန်နေရင် မနက်ဖြန်ကစပြီး အမျိုးသားမလုပ်တော့လို့ရတယ် … ”
ကျိယွီရှောင် “…”
ကျိယွီရှောင် ထိုလူအား သံသယအပြည့်ဖြင့်ကြည့်လိုက်သည်။ လင်းလော့ချင်း သူဘာပြောနေမှန်း သူသိရဲ့လား …
လင်းလော့ချင်း ပြုံးလိုက်ပြီး ကိုယ်ကို ကိုင်းလိုက်သည်။ “ဘာပဲဖြစ်ဖြစ် အဲဒါက ငါတို့ရဲ့မင်္ဂလာဦးညပဲလေ … မင်း လူသားအရေခွံကို စုတ်ဖြဲပြီး သားရဲအဖြစ်ပြောင်းပစ်လိုက် …”
ကျိယွီရှောင် ‘…ဘာလို့ဒါက ကျိန်စာနဲ့ တူနေတာလဲ … ’
သူက လင်းလော့ချင်းကို ကြည့်လိုက်၏။ “မင်းဘာပြောတာလဲ … ”
“ငါပြောပြီးပြီ ...” လင်းလော့ချင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။ သူက ကျိယွီရှောင်၏ ယခင်နေ့များက အပြုအမူကိုကြည့်ရင်း ကျိယွီရှောင် သူနှင့်ဘာမှမလုပ်မည်မှန်း ခန့်မှန်းမိလိုက်သည်။
သူတို့ကြားမှာ ဘာမှဖြစ်မှာမှမဟုတ်တာ … သူလုံးဝမကြောက်ပါဘူး …
“ကောင်းပြီ … ” ကျိယွီရှောင် ခေါင်းညှိတ်လိုက်သည်။ “ဒါဖြင့် မနက်ဖြန်ညကျရင် ငါမင်းစိတ်တိုင်းကျ လုပ်ပါ့မယ် … ”
“ကောင်းပြီ … ” လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်၏။
________
ကျိယွီရှောင်က လင်းလော့ချင်း၏ အကြည့်ကြောင့် အသည်းယားလာ၏။
လင်းလော့ချင်း သူ့တင်ပါးသူ ကာလိုက်မိသည်။
ကျိယွီရှောင် ခပ်ဖွဖွရယ်လိုက်ပြီး လင်းလော့ချင်း၏ လက်မောင်းကို ဆိတ်ဆွဲလိုက်၏။
လင်းလော့ချင်း “…”
“ငါက မင်းမျက်နှာကို ညှစ်ချင်တာ … .” ကျိယွီရှောင် ရှင်းပြလိုက်သည်။ “မင်းဒီလောက်ကြောက်နေမှတော့ လက်မောင်းကိုပဲ ဆွဲဆိတ်လိုက်ပါတော့မယ် ...”
လင်းလော့ချင်း သက်ပြင်းချလိုက်ရင်း ကိုယ်ကိုကိုင်းလျှက် သူ့မျက်နှာကို ရှေ့တိုးပေးလိုက်သည်။ “ရော့ ...”
သူထိုသို့လုပ်လာလိမ့်မည်ဟု ကျိယွီရှောင် မထင်ထားချေ။ သူ့နှလုံးသားက အနည်းငယ်လှုပ်ရှားသွား၏။ ရုတ်တရက် သူက လင်းလော့ချင်း၏ မျက်နှာကို မညှစ်ချင်တော့ပဲ သူ့ကိုနမ်းချင်လာသည်။
သူက လင်းလော့ချင်း၏ မျက်နှာအား လက်ဆန့်လိုက်ပြီးနောက် ပါးပြင်ထက်သို့ ခပ်ဖွဖွအနမ်းချွေလိုက်၏။
လင်းလော့ချင်း ကြောင်အသွားကာ သူ့ကိုကြည့်လိုက်မိသည်။
ကျိယွီရှောင်က လင်းလော့ချင်းကို လွှတ်ပေးလိုက်၏။
သူက ပြုံးနေပြီး ဘာမှမပြောချေ။ ဝှီးချဲလ်ကိုသာ အရှေ့သို တည်တည်ငြိမ်ငြိမ် ဆက်လိမ့်သွား၏။
လင်းလော့ချင်း သူ့နောက်ကျောကို ကြည့်နေမိသည်။ ဤတစ်ကြိမ်မှာ ကျိယွီရှောင် သူ့အား ရုတ်တရက်နမ်းလိုက်သည့် ဒုတိယအကြိမ်ဖြစ်သည်။
သူက ကျိယွီရှောင် နမ်းသွားသည့်နေရာအား ထိလိုက်မိ၏။ သူ့မျက်နှာက ပူလောင်လာ၏။ သူ့နှလုံးသားတွင်းရှိ ပျော်ရွှင်မှုက သူ့ခေါင်းထဲတွင် အကြိမ်များစွာ လှည့်ပတ်နေခဲ့သည်။
လင်းလော့ချင်း သူ့ပါးပြင်ကို ပွတ်ရင်း အခန်းတွင်းမှ ပြေးထွက်လာ၏။ သူက လင်းဖေးကို သွားရှာ၍ အနေခက်မှုကို ထိန်းသိမ်းရန် ကြိုးစားလိုက်သည်။
လင်းဖေးက အိပ်မောကျနေဆဲဖြစ်သည်။ လင်းလော့ချင်း တံခါးဖွင့်ဝင်သွားချိန်၌ လင်းဖေးက ကုတင်ပေါ်တွင် ရှိနေဆဲဖြစ်၏။ သို့သော် သူဘာမှမပြောနိုင်သေးခင် လင်းဖေးအနားတွင် ရှိနေသည့် ကျိလဲ့ယွီအား တွေ့လိုက်ရသည်။
ဘာလဲဟ … ကျိလဲ့ယွီ မနေ့ညက သူ့အခန်းထဲမှာသူ အိပ်နေခဲ့တာလေ … ဘယ်လိုဖြစ်ပြီး လင်းဖေးနဲ့ အတူတူရှိနေတာလဲ … မနေ့ညက သူ လက်ပတ်သွားထားပြီးမှ ကျိလဲ့ယွီ နိုးလာတာလား …
သူ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ချိန်တွင် ကျိလဲ့ယွီက လင်းဖေးကို ဖက်ထားကြောင်း တွေ့လိုက်ရသည်။ ကျိလဲ့ယွီ၏ ဖြူဖွေးနူးညံ့သောပါးပြင်က လင်းဖေး၏ ပါးပြင်နှင့် ထိကပ်နေပြီး တစ်ဖက်လူအား အလွန်မှီခိုလျှက်ရှိ၏။
လင်းလော့ချင်း “……”
လင်းလော့ချင်းက ဖုန်းထုတ်ကာ မနေနိုင်ပဲ ဓာတ်ပုံရိုက်လိုက်မိသည်။
၎င်းက သူ့အမှားမဟုတ်ချေ။ မြင်ကွင်းမှာ အလွန်ထူးဆန်းနေ၏။ ဝတ္ထုထဲတွင် ကျိလဲ့ယွီနှင့် လင်းဖေးသည် ဘုရင်နှစ်ပါးဖြစ်ကြသည်။
လင်းဖေးက စာအုပ်အစောပိုင်းတွင် ပါဝင်၏။ သူက အဓိကဇာတ်ကောင် တိတ်တခိုးသဘောကျရသည့် နတ်ဘုရားဖြစ်သည်။ သူက အေးစက်ပြီး စကားနည်းကာ ခံစားချက်မရှိပေ။
အဓိကဇာတ်ကောင်က သူ့အား ဝန်ခံချိန်၌ လင်းဖေးက တည်ငြိမ်စွာပြန်ဖြေခဲ့သည်။ “ကျေးဇူးပါ … ဒါပေမယ့် ငါမလိုအပ်ဘူး … ”
လင်းဖေး၏ ဇာတ်ကောင်က အမျိုးသားဇာတ်လိုက်၏ နူးညံ့မှုကို မီးမောင်းထိုးပြသရန် ပါဝင်ခဲ့ရခြင်းဖြစ်သည်။ အမျိုးသမီးဇာတ်လိုက်က လင်းဖေးကြောင့် နာကျင်ရချိန်တိုင်း အမျိုးသားဇာတ်လိုက်၏ နွေးထွေးမှုကို ပို၍သိလာလေဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ အမျိုးသမီးဇာတ်လိုက်သည် လင်းဖေးအကြောင်း မတွေးမိတော့ပဲ အမျိုးသားဇာတ်လိုက်ကိုသာ တမ်းတလာမိသည်။
ထိုအခါ အမျိုးသမီးဇာတ်လိုက်က လင်းဖေးအား လက်လွှတ်လိုက်တော့၏။ သူမနှင့် အမျိုးသားဇာတ်လိုက်က တစ်ဦးနှင့်တစ်ဦး အချစ်ကို ဝန်ခံလိုက်ကြပြီး လှပသောအချစ်တစ်ခု အစပျိုးလေတော့သည်။ ထိုအခါ မုန်တိုင်းတစ်ခုလိုအပ်လာ၏။ ထိုမုန်တိုင်းက ကျိလဲ့ယွီဖြစ်သည်။
ကျိလဲ့ယွီက အမျိုးသမီးဇာတ်လိုက်အပေါ် ချစ်ကျွမ်းဝင်နေသူဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်မြင့်မားလှသူလည်း ဖြစ်၏။ သူက ဂရုတစိုက်ပြုမူခဲ့သဖြင့် ဇာတ်လိုက်စုံတွဲအကြား ဝင်ရောက်လာနိုင်ခဲ့သည်။
အမျိုးသားဇာတ်လိုက်က သူ့ကို သူငယ်ချင်းကောင်းအဖြစ် မှတ်ယူထားပြီး အမျိုးသမီးဇာတ်လိုက်ကမူ သူ့အား အစ်ကိုကြီးတစ်ဦးကဲ့သို့ မှတ်ယူထား၏။ မကြာခင်မှာပင် သူက ကြောင်သူတော်မျက်နှာဖုံးကို စုတ်ဖြဲကာ သူတို့အား တစ်ဆင့်ချင်းတွန်းအားပေးတော့သည်။ သူက အမျိုသမီးဇာတ်လိုက်ကို အကျဉ်းချထားကာ သူ့နံဘေးတွင်နေစေခဲ့၏။
ကျိလဲ့ယွီက အမျိုးသမီးဇာတ်လိုက်အား မည်မျှနှစ်သက်ကြောင်း မပြောနိုင်ခဲ့။ အဘယ့်ကြောင့်ဆိုသော် နှစ်သက်ခြင်းဟူသည့် စကားလုံးသည် ကျိလဲ့ယွီအတွက် အဆင်တန်ဆာသက်သက်သာ ဖြစ်၏။ နှစ်သက်ခြင်း အနည်းငယ်သာ ဖြစ်သော်လည်း အမျိုးသမီးဇာတ်လိုက်သည် သူနှင့်သာ သက်ဆိုင်သည်ဟု ကျိလဲ့ယွီ ခံစားမိနေဆဲပင်။
သို့သော် ထိုအရာက စာအုပ်ပါအကြောင်းအရာ အားလုံးပင်ဖြစ်၏။ လင်းဖေးက အရံဇာတ်ဆောင်အနေဖြင့်သာ ပါဝင်ခဲ့သည်။ ကျိလဲ့ယွီ၏ အိမ်မဲကြီးထံမှ အမျိုးသမီးဇာတ်လိုက်အား ကယ်တင်ခြင်းသည်လည်း စာရေးသူက အမျိုးသားဇာတ်လိုက်အတွက် စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး လင်းဖေးနှင့် ဘာမှမဆိုင်ချေ။
ထို့ကြောင့် လင်းဖေးက ကျိလဲ့ယွီနှင့် ဆက်စပ်မိရန် အကြောင်းမရှိ။
သူတို့၏ တစ်ခုတည်းသော ဆက်နွယ်မှုမှာ လင်းလော့ချင်းသာဖြစ်၏။
ကျိလဲ့ယွီက လင်းလော့ချင်းကိုရှာ၍ ခွေးတစ်ကောင်နှင့် လက်ထပ်မပေးခင် တစ်စုံတစ်ဦးက သူ့အားပြောခဲ့သည်။ “သူက လင်းဖေးရဲ့ဦးလေးနော် … .”
ကျိလဲ့ယွီက မျက်ခုံးပင် မပင့်သွားခဲ့။ သူက ဒီအတိုင်းမေးလိုက်သည်။ “အဲဒီ့တော့ … ”
“အကယ်၍ လင်းဖေးသာ အဲဒါကိုသိရင် …”
“ဒါဖြင့် သူငါ့ဆီလာပစေ့လေ … ” ကျိလဲ့ယွီ ပြုံးလိုက်၏။. “သူဘာလုပ်နိုင်လဲ ငါကြည့်ကြည့်မယ် ...”
သူ၏ အပြုံးကတောက်ပနေပြီး တစ်ချိန်ထဲမှာပင် အန္တာရာယ်ရှိကာ ဆွဲဆောင်မှုရှိလှ၏။
သို့သော် ထိုဆွဲဆောင်မှုက လင်းဖေးအတွက် အသုံးမဝင်ချေ။
ယခုမူ မူလစာအုပ်ထဲတွင် ဆက်နွယ်မှု အနည်းငယ်သာရှိသည့် လူနှစ်ဦးက တစ်အိပ်ရာထဲ တူတူအိပ်စက်နေကြသည်။
လင်းလော့ချင်းအတွက် ဤမြင်ကွင်းသည် ရှားပါးပြီး အဖိုးတန်လှသည်ဟု ထင်မိသည်။ သူက လင်းဖေးနှင့် ကျိလဲ့ယွီတို့၏ ပုံပေါင်း ဆယ့်ရှစ်ပုံတိတိ ရိုက်ကူးနိုင်ခဲ့၏။
သူဓာတ်ပုံရိုက်နေစဉ် လင်းဖေးနိုးလာလေသည်။
လင်းဖေးက အကူအညီမဲ့မှု ၃၀ ရာခိုင်နှုန်း၊ စကားမရှိဖြစ်မှု ၃၀ ရာခိုင်နှုန်းနှင့် ဘာမှမတတ်နိုင်မှု ၄၀ ရာခိုင်နှုန်းဖြင့် ဦးလေးဖြစ်သူအား ကြည့်နေ၏။
လင်းလော့ချင်း ဖုန်းကိုချကာ ပြုံးလိုက်သည်။ သူက ပါးစပ်ဟလိုက်ချိန်၌ လင်းဖေးက နှုတ်ခမ်းအား ကန့်လန့်ဖြတ်၍ တိတ်တိတ်နေရန် အချက်ပြလိုက်၏။ ထို့နောက် နံဘေးမှ ကျိလဲ့ယွီအား ညွှန်ပြလိုက်သည်။
လင်းလော့ချင်း အံ့အားသင့်သွားသည်။ လင်းဖေး ကျိလဲ့ယွီအား ဂရုစိုက်လိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
သူက အိုခေဟူ၍ လက်ဟန်ပြလိုက်ပြီး အပြင်ဘက်တွင် စောင့်နေမည်ဖြစ်ကြောင်း တံခါးကိုညွှန်ပြလိုက်သည်။
လင်းဖေး ခေါင်းညှိတ်လိုက်သည်။ သူက ကျိလဲ့ယွီ၏လက်မောင်းကို ဂရုတစိုက်ဖယ်ရှားကာ အခန်းတွင်းမှ ထွက်လာ၏။
လင်းလော့ချင်းသည်လည်း တံခါးသို့ ပြန်လည်ဆုတ်ခွာလိုက်သည်။
သူက လင်းဖေး ဆေးကြောပြီးသည်အထိ တံခါးအပြင်ဘက်တွင် စောင့်ဆိုင်းနေ၏။
ထို့နောက် လင်းဖေးကို မေးလိုက်သည်။ “ဘာဖြစ်တာလဲ … မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ပြီး တူတူအိပ်ဖြစ်သွားတာလဲ … ”
လင်းဖေးက ကျိလဲ့ယွီ သူ့ဖခင်ကို လွမ်းသဖြင့် ကျိယွီရှောင်အား သွားရှာခဲ့သည်ကို ပြန်မပြောရန် ကတိတောင်းခဲ့သည်ကို သတိရသွား၏။ သူက တိုက်ရိုက်သာ ပြန်ဖြေလိုက်သည်။ “သူနိုးလာမှ မေးကြည့်တော့လေ … ”
ထိုသို့ဆိုပါက ကျိလဲ့ယွီ ဖြေချင်သည့်အတိုင်း ဖြေနိုင်လိမ့်မည်။
လင်းလော့ချင်း ခေါင်းညှိတ်ကာ မေးလိုက်၏။ “မင်းတို့နှစ်ယောက် အဆင်ပြေနေတဲ့ပုံပဲ … ”
“အဆင်ပြေပါတယ် … ”
“ကောင်းတယ် ...” သူက လင်းဖေး၏ ဦးခေါင်းကို ပွတ်ပေးလိုက်သည်။. “မင်းက ပိုကြီးပြီး သူ့အစ်ကိုဖြစ်နေတယ်ဆိုပေမယ့် ကိစ္စတိုင်းကို သည်းခံစရာမလိုဘူးနော် … သူအနိုင်ကျင့်တာ မခံရစေနဲ့ … ”
လင်းဖေး “……”
လင်းဖေးက သူ့ဦးလေးသည် ထူးဆန်းသည်ဟု တွေးလိုက်မိသည်။ မိဘတိုင်းက ‘မင်းကအကြီးဖြစ်တာကြောင့် ညီလေးကို အနိုင်မကျင့်ရဘူး ...” ဟူ၍သာ ပြောပေလိမ့်မည်။ သို့သော် လင်းလော့ချင်းကမူ ‘အရမ်းသည်းမခံနဲ့ … ညီလေးအနိုင်ကျင့်တာ မခံနဲ့’ ဟူ၍ ပြောနေ၏။
သူက လွယ်လွယ်အနိုင်ကျင့်လို့ရတဲ့ ပုံပေါ်နေလို့လား …
“သား အနိုင်ကျင့်မခံရပါဘူး … ” လင်းဖေး တည်ငြိမ်စွာပြောလိုက်သည်။
“ဒါဆို ရပြီ … ” လင်းလော့ချင်း ကျေနပ်သွား၏။
သူတို့နှစ်ဦး စကားပြောနေစဉ် ဝှီးချဲလ်သံအား ကြားလိုက်ရသည်။ ကျိယွီရှောင်က ဝှီးချဲလ်ကိုတွန်းလျှက် အခန်းတွင်းမှ ထွက်လာနေခြင်းဖြစ်၏။
“သွားစားရအောင် ...” သူက လင်းဖေးကို လက်ဆွဲကာ ကျိယွီရှောင်ထံ လျှောက်သွားလိုက်သည်။
မနက်စာစားပြီးနောက် လင်းလော့ချင်းနှင့် ကျိယွီရှောင်က လက်ထပ်မှတ်ပုံတင်မည့် ကိစ္စအား ဧည့်ခန်းထဲတွင် ဆွေးနွေးနေကြသည်။ ထိုစဉ် လင်းဖေးက သူ့အခန်းသူ ပြန်လာခဲ့၏။ ကျိလဲ့ယွီမှာ အိပ်မောကျနေဆဲပင်။ သူက အိပ်မက်ကောင်းတစ်ခု မက်နေပြီး နိုးထမလာချင်သေးပုံရသည်။
လင်းဖေးက သူ့ကိုမနှိုးပဲ စာကြည့်စားပွဲတွင်ထိုင်ကာ စာဖတ်ရန်ပြင်လိုက်သည်။
သူစာဖတ်နေချိန်မှာပင် နံဘေးမှ လှုပ်ရှားသံ ကြားလိုက်ရ၏။ လင်းဖေးလှည့်ကြည့်လိုက်ချိန်တွင် အိပ်ရာထလာသည့် ကျိလဲ့ယွီကို တွေ့လိုက်ရသည်။
ကျိလဲ့ယွီက အဖြူရောင်ညအိပ်ဝတ်စုံနှင့် ရှိနေပြီး ဖြူဖွေးနူးညံ့သော လက်ကလေးများဖြင့် တစ်ဝက်သာ ပွင့်သေးသည့် မျက်လုံးများကို ပွတ်သပ်နေသည်။ လင်းဖေးအကြည့်ကို သတိထားမိသွားဟန်ဖြင့် ခပ်တိုးတိုး ဆိုလာ၏။ “ကိုကို … ကောင်းသောမနက်ခင်းပါ ...”
သူ့အသံလေးက ချွဲနွဲ့ပြီး ကလေးဆန်နေသည်။
“အွန်း … ” လင်းဖေး ညှင်သာစွာ တုန့်ပြန်လိုက်၏။
ထို့နောက် စာအုပ်ပြန်ဖတ်နေလိုက်သည်။
ကျိလဲ့ယွီ မျက်လုံးသေချာပွင့်လာပြီ ဖြစ်သည်။ သူက မနေ့ညက သူကိုယ်တိုင် သတိမထားမိပဲ များစွာငိုခဲ့၏။ ထို့ကြောင့် သူ၏ မျက်ခွံများသည် လေးလံလျှက်ရှိသည်။
ကျိလဲ့ယွီ ထထိုင်လိုက်ရင်း နောက်ဆုံးတွင် သေချာနိုးလာ၏။
သူက သူ့ကိုလျစ်လျူရှုရင်း စာဆက်ဖတ်နေသည့် လင်းဖေးကို ကြည့်လိုက်သည်။
လင်းဖေးက ဘာဖြစ်ရပြန်ပြီလဲ … မနေ့ညတုန်းက သူတစ်ယောက်ထဲ မအိပ်ချင်ဘူးဆိုလို့ လင်းဖေးကိုယ်တိုင် သူ့ကို ဒီအခန်းထဲခေါ်လာတာလေ .. အခုကျ လင်းဖေးက သူ့ကို လျစ်လျူရှုထားပြန်ပြီ … လင်းဖေးက သူ့ကို သဘောကျတာလား … သဘောမကျတာလား …
ဒီစာရေးသူမှာ ပြောစရာရှိပါတယ် …
ဉက္ကဌကျိ : သားကြီး … မင်းက မီးနဲ့ကစားနေတာပဲ …
လော့ချင်း : မင်းငါ့ကို သေတဲ့အထိ လောင်ကျွမ်းစေမလား ကြည့်ရအောင်