Chapter 39
သမုဒ္ဒရာနှလုံးသားမှာ
ငါးပြတိုက်တွင် ဝေလငါးတစ်ကောင်နှင့်အတူ ကပြဖျော်ဖြေရသော သရုပ်ဆောင်တစ်ဦးအကြောင်းကို
ရိုက်ကူးထားသော ဇာတ်ကားတစ်ကားပင်ဖြစ်သည်။ ဝေလငါးနှင့်အတူရင်းနှီးမှုရယူရသောဖြစ်စဉ်တွင်
အဓိကဇာတ်ဆောင်မှာ ထိုနတ်သားကဲ့သို့ဖြူစင်ရိုးရှင်းသော
ရေသတ္တဝါကြီးကို မေတ္တာသက်ဝင်သွားပြီး ဝေလငါးများအတွက် စတင်၍ကာကွယ်ရန် ကြိုးပမ်းအားထုတ်ခဲ့လေသည်။ မြောက်များလှစွာသော ခက်ခဲကြမ်းတမ်းမှုများအပြီးတွင်မူ
အဆုံး၌ တောရိုင်းဝေလငါးများကို ကာကွယ်ရန် နိုင်ငံပေါင်းစုံမှ ဥပဒေထားရှိပေးသည်အထိ လုပ်ဆောင်နိုင်ခဲ့ကြောင်းကို
ရိုက်ကူးထားခြင်းဖြစ်သည်။
ဇာတ်ကားထဲတွင်
ဝေလငါးကြီးနှင့်အတူကရသောအကကို
သမုဒ္ဒရာနှလုံးသားဟု ခေါ်ဆိုပြီး အနည်းဆုံးဖျော်ဖြေသူနှစ်ဦးမှ
ဝေလငါးနှင့်အတူ အသည်းပုံဖော်ကာ ကပြဖျော်ဖြေခြင်းဖြစ်သည်။
ထောင်ထောင်မှာ
ငါးပြတိုက်တွင် အလုပ်လုပ်သောအမျိုးသမီးဇာတ်လိုက်နေရာမှဖြစ်ကာ
ဖုန့်ချင်းယွမ်မှာမူ မိသားစုမိုင်းတွင်းတစ်ခုကိုပိုင်ဆိုင်ထားသော
အဏ္ဏဝါဇီဝဗေဒပညာရှင်တစ်ဦးအဖြစ်
အမျိုးသားဇာတ်လိုက်နေရာမှ
ပါဝင်ထားသည်။
တစ်ချိန်တည်းမှာပင်
ဤသည်မှာ ထောင်ထောင်၏အဓိကဇာတ်လိုက်နေရာမှပါဝင်သော
ပထမဆုံးဇာတ်ကားဖြစ်ပြီး
Trailer ပြသပြီးနောက်
မကြာမီမှာပင် ၎င်းကို ဒေသခံချန်နယ်များတွင် ရုံးချိန်အတွင်း ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ဖုန့်ချင်းယွမ်မှာ
ယခုနှစ်တွင် အသက်၃၅နှစ်ရှိပြီဖြစ်ကာ မြို့တော်အော်ပရာဇာတ်ရုံမှနေ၍
အနုပညာလမ်းကြောင်းထဲသို့ ဝင်ရောက်လာသူဖြစ်ပြီး ကျော်ကြားသောသရုပ်ဆောင်တစ်ဦးလည်း
ဖြစ်လေသည်။ သူ၏သရုပ်ဆောင်စွမ်းရည်နှင့်
ကျင့်ဝတ်စောင့်ထိန်းမှုမှာ
ငြင်းဆို၍မရနိုင်အောင်
ကောင်းမွန်လှပြီး သက်လတ်ပိုင်းအမျိုးသားသရုပ်ဆောင်များထဲတွင်
စံပြတစ်ဦးအဖြစ်ရပ်တည်နိုင်သူဖြစ်သည်။
ချီရှင်းချန်
ဇာတ်ညွှန်းနှင့်ဇာတ်ကောင်မိတ်ဆက်ကို
ဖတ်ရှုပြီးနောက်တွင် သူ၏စိတ်အခြေအနေမှာ များစွာကောင်းမွန်မနေချေ။
မူလဇာတ်ကြောင်းတွင်
ဤဇာတ်ကားမှာ ဇာတ်လိုက်မဘဝ၏တစ်ဆစ်ချိုးကို
ပြောင်းလဲနိုင်ပေးခဲ့သောအရာတစ်ခုဖြစ်သည်။
ဝေလငါးနှင့်အတူ
ကပြနိုင်ရန်အတွက် ထောင်ထောင်မှာ ရေထဲသို့ထပ်ခါထပ်ခါဆင်းခဲ့ရပြီး
ရေများပင်သီးသွားခဲ့ရသည်။
ထို့ကြောင့် ဒါရိုက်တာမှ သူမ၏စိတ်အားထက်သန်မှုကြောင့်
ထိမိသွားရကာ ထောင်ထောင်အတွက် သီးသန့် Trailer ပင်ထုတ်လွှင့်ပေးခဲ့သည်။
၎င်းကြောင့်ပင်
အဆုံး၌ လူထုမှ ဤနူးညံ့လှပ၍စိတ်အားထက်သန်သော
ဒုတိယအဆင့်မင်းသမီးတစ်ယောက်ကို
သိရှိသွားပြီး သူမ၏ ပထမအဆင့်မင်းသမီးနေရာအတွက် အထောက်အပံ့ကောင်းကောင်း ခင်းပေးခဲ့ကြသည်။
တစ်ချိန်တည်းမှာပင်
မူရင်းဝတ္ထု၌ ရိုမန့်ဆန်သော ဇာတ်ကွက်တစ်ခုပါဝင်နေပြီး အဓိကဇာတ်လိုက်မှာ ထိုဇာတ်ကားရိုက်ကူးနေသည့်နေရာဘေး၌
တိုက်တိုင်ဆိုင်ဆိုင်
သီချင်းအတွက်ဗီဒီယို ရိုက်ကူးနေခဲ့သည်။
ထို့ကြောင့်
ဒါရိုက်တာမှ လာရောက်လည်ပတ်ရန် ဖိတ်ခေါ်လာချိန်တွင် အဓိကဇာတ်လိုက်မှာ ထောင်ထောင်၏ထပ်ခါထပ်ခါ ရေထဲခုန်ဆင်းနေသောအခြင်းရာကို
မြင်တွေ့သွားခဲ့ရသည်။
သဘာဝကျစွာပင်
ဒါရိုက်တာကဲ့သို့ပင် အဓိကဇာတ်လိုက်မှာလည်း ဇာတ်လိုက်မ၏စိတ်အားထက်သန်သောလုပ်ရပ်ကြောင့်
ပို၍ပင် ချီးကျူးခဲ့လေသည်။
သေချာပေါက်ပင်
ဇာတ်လိုက်မမည်မျှပင် မြှင့်တင်ခံရသည်ဖြစ်စေ ချီရှင်းချန်၏အကြောင်း တစ်လုံးတပါဒမျှ မပါဝင်ပေ။ တစ်လခွဲခန့် အတူရှိခဲ့သောသူငယ်ချင်းတစ်ယောက်အနေဖြင့်
ချီရှင်းချန် သူမထို့ထက်ပို၍ကျော်ကြားလာစေရန်သာ
ဆုတောင်းပေးမိသည်။
သို့သော်လည်း
ထိုဇာတ်ကွက်မှာ ချီမိသားစုနှင့် တစ်စုံတစ်ရာသက်ဆိုင်နေခဲ့သည်။
ဇာတ်ကားရိုက်ကူးနေစဉ်အတွင်း
ချီကျားကျစ်မှ သူ၏အမြောက်စာဇာတ်ကွက်ကို စတင်ထုတ်ဖော်လာခဲ့သည်။
" ချီရှင်းချန်…"
ချီရှင်းချန် ဇာတ်ညွှန်းကိုကိုင်ကာ အတွေးလွန်နေသည်ကို မြင်လိုက်ရသဖြင့် တုလန်ရှင်းမှ သူ၏မျက်လုံးရှေ့တွင် လက်နှစ်ခါခန့်ယမ်းပြလိုက်ပြီး
" ဘာတွေတွေးနေတာလဲ…
ဖတ်လို့ပြီးပြီလား…"
"... ဟုတ်ကဲ့.."
ချီရှင်းချန် ဝတ်ကျေတမ်းကျေသာပြန်ဖြေလိုက်သည်
" ဖတ်လို့ပြီးပါပြီ…"
" ငါမင်းအတွက်
တတိယဇာတ်လိုက်နေရာကို
ယူပေးထားတယ်… ဒီလိုထိပ်တန်းဇာတ်ကားမှာ တတိယဇာတ်လိုက်နေရာဆိုတာက ပုံမှန်အားဖြင့် ကျော်ကြားမှုတိုးလာဖို့ သာမန်ပဲအကျိုးသက်ရောက်တယ်ဆိုပေမယ့်
တိုးတာကတော့ တိုးလာတာပဲလေ…မင်းက အခုတလောမှ ဖန်တွေစရလာတာဆိုတော့ သူတို့ကို မင်းရဲ့အလုပ်တွေနဲ့ ကောင်းကောင်းချုပ်ကိုင်ထားဖို့
လိုလိမ့်မယ်နော်…"
" အင်း…"
ချီရှင်းချန်
နဖူးကိုဖိကာ ပြောလိုက်ရသည်
" ကျွန်တော်သိပါပြီ…"
ဇာတ်ကားမှာ
သုံးရက်အတွင်း စတင်ရိုက်ကူးမည်ဖြစ်သည်။ ချီရှင်းချန်ထံတွင် အချိန်များစွာရှိနေသည့်အတွက်
ဒါရိုက်တာမှ သူ့ကိုတစ်ပတ်အကြာတွင် ရိုက်ကူးရေးသို့လာရောက်ရန် မှာကြားလာသည်။
ပြန်သည်လမ်းတွင်
ချီရှင်းချန် ကျန်းယွင်ဖေးထံသို့ ဝီချက်မှစာပို့လိုက်သည် : [
ယွင်ဖေးကော အလုပ်များနေလား ]
ကျန်းယွင်ဖေးမှာ
ရိုက်ကူးရေးရှိနေခြင်းကြောင့်
ဖြစ်နိုင်ပေမည်။ နာရီဝက်ခန့်အကြာမှသာ စာပြန်လာခဲ့သည် : [ အရမ်းမများပါဘူး…ဘာပြောမလို့လဲ…]
ရှင်းရှင်း
: [ ကျွန်တော့်ကို သရုပ်ဆောင်ဖို့အတွက် လိုအပ်တဲ့ကုန်ကြမ်းလေးတွေ နည်းနည်းညွှန်ပြပေးပါလားဟင်…]
ကျန်းယွင်းဖေး
: [ ငါတို့ရှင်းရှင်းလေးက
အလုပ်ကြိုးစားတော့မယ်ပေါ့
…]
ချီရှင်းချန်နှင့်ကျန်းယွင်ဖေးတို့
ခဏမျှအပြန်အလှန်စာပို့လိုက်ကြပြီးနောက်
ကျန်းယွင်ဖေးထံမှ စာအုပ်နာမည်အချို့ရောက်လာခဲ့သည်။
ကျန်းယွင်ဖေးသည်လည်း
ကျွမ်းကျင်အဆင့်သရုပ်ဆောင်အတန်းကို
တက်ရောက်ဖူးသူတစ်ဦးဖြစ်လေရာ
သူညွှန်ပေးသည့်စာအုပ်များမှာ
ကျိန်းသေပေါက်ပြသနာရှိမည်မဟုတ်ချေ။
ချီရှင်းချန် လောင်ချင်ကို အနီးအနားရှိစာအုပ်ဆိုင်တစ်ဆိုင်တွင်
ရပ်ခိုင်းလိုက်သည်။ လိုအပ်သည့်စာအုပ်များအားလုံးကို
ဝယ်ယူပြီးနောက် ကားထဲမှထွက်ကာ ရပ်ကွက်ထဲသို့ ဝင်လာခဲ့လေသည်။
ချီရှင်းချန်
လက်ထဲတွင်စာအုပ်များကိုပိုက်လျက်
အိမ်တံခါးဖွင့်လိုက်ချိန်တွင်
အဖေချီမှာ ယနေ့ကုမ္ပဏီသို့မသွားဘဲ ဧည့်ခန်းရှိဆိုဖာပေါ်တွင် ချီယွီကျီးနှင့်စကားပြောနေသည်ကို
မြင်လိုက်ရသည်။
" ရှင်းရှင်းပြန်လာပြီလား…
အင်တာဗျူးကော အဆင်ပြေခဲ့လား…"
ချီရှင်းချန်မှ
" အဆင်ပြေပါတယ်.."
ဟုပြန်ဖြေလိုက်ပြီး စကားအနည်းငယ်ပြောဆိုပြီးနောက်
သူ၏အခန်းစီသို့ စာအုပ်များဖြင့် ပြန်လာခဲ့လိုက်သည်။
ချီရှင်းချန်၏နောက်ကျောပျောက်ကွယ်သွားချိန်မှသာ
ချီယွီကျီးမှ အသံတိုးတိုးဖြင့် ပြောလာသည်
" ပါး
ဒီနေ့ရှင်းရှင်းစိတ်အခြေအနေမကောင်းဘူးလို့
ထင်မိလား…သူ့ကြည့်ရတာ စိတ်ထဲတစ်ခုခုရှိနေသလိုပဲနော်…"
" အင်း..
သိသာနေတာကို… ဟူးးး ဒီကလေးကတော့လေ…" အဖေချီမှသက်ပြင်းချလိုက်ပြီး
" ဖြစ်နိုင်တာ သူ့အမေရဲ့နှစ်ပတ်လည်နေ့ရောက်လာခါနီးပြီဆိုတော့
သူ့ကိုသတိရနေတာနေမှာပေါ့…"
" ဒါဆို
သမီးသူ့ကိုဘယ်လိုပျော်အောင်
လုပ်ပေးနိုင်မလဲဟင်…"
ချီယွီကျီးမှ မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့်
" ရှင်းရှင်းက အရမ်းကိုပြောင်းလဲသွားတာ… လုံးဝမတူတဲ့လူတစ်ယောက်လိုပဲ…သူက ရင့်ကျက်ပြီးတော့ ထက်မြက်လာတာ အရင်လိုချော့ရမလွယ်တော့ဘူး…အရင်တုန်းကဆိုရင် သူ့မျက်လုံးကိုကြည့်လိုက်တာနဲ့တင်
ဘာလိုချင်လဲ မလိုချင်လဲဆိုတာ တန်းသိနိုင်ပေမယ့် အခုကတော့…."
သူမအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး
" မောင်လေးကိုကြည့်ရတာ
အခုဆိုရင် ဘာမှကိုမလိုချင်တဲ့ပုံပဲ… အဲဒါက သမီးစိတ်ကို ပိုပြီးတောင်နာကျင်စေတယ်…"
" ဒါမှမဟုတ်…"
အဖေချီမှ အကြံပေးလိုက်သည်
" အဖေ
ကြိုးစားကြည့်ရင်ကော…
သွား… လောင်စွန်းကို အဖေ့အတွက်ကားပြင်ထားဖို့ သွားပြောလိုက်ချည်…"
ချီရှင်းချန်၏မပျော်ရွှင်နေမှုအကြောင်းကို
ချီမိသားစုမှစိုးရိမ်နေကြစဉ်
ချီရှင်းချန်မှာမူ ချီမိသားစု၏ဘဝအတွက် ပူပန်နေသည်ကိုမူ သူတို့မသိနေခဲ့ကြပေ။
ချီကျားကျစ်
အဘယ့်ကြောင့် အမြောက်စာဇာတ်ကောင်ဖြစ်လာသည်ကို
ချီရှင်းချန် မှတ်မိနေခဲ့သည်။ တက်သစ်စကြယ်ပွင့်တစ်ဦးအနေဖြင့်
ထောင်ထောင်မှာ သူမ၏မောင်ငယ် ထောင်ရွှမ်ကို များစွာဂရုစိုက်နေချိန်မရသည့်အတွက်
ကျောင်းအိပ်ကျောင်းစားသာ
ပို့ထားခဲ့ရသည်။
ထိုကျောင်းမှာ
ချီကျားကျစ်၏ကျောင်းဖြစ်နေခဲ့သည်။
ချီကျားကျစ်မှာ
ဒေါသကြီးပြီး သူ့ကိုစော်ကားလာသူမှန်သမျှ ကောင်းကောင်းခံစားသွားရမည်ဖြစ်ကာ
ကောင်းမွန်သောမိသားစုနှင့်ချောမောမှုတို့ကို
ထပ်ပေါင်းထည့်လိုက်ပါက
သူ့ကို ကျောင်း၏သမိုင်းတွင် ကျောင်းလူဆိုးလေးတစ်ယောက်အဖြစ်
မှတ်ယူနိုင်မည်ဖြစ်သည်။
ဤသို့ဖြင့်
ဇာတ်ကြောင်းမှာ စတင်ခဲ့ခြင်းဖြစ်သည်။
အချို့သောအကြောင်းပြချက်များကြောင့်
ထောင်ရွှမ်မှ ချီကျားကျစ်ကို စော်ကားခဲ့မိပြီး အရိုက်နှက်ခံရကာ ဆေးရုံရောက်ခဲ့ရသည်။ ထိုအချိန်၌ ထောင်ထောင်မှ မောင်ငယ်ကို ကြည့်ရှုစောင့်ရှောက်ပေးရန်
ဒါရိုက်တာကြီးကိူ အကူအညီတောင်းမိခဲ့သည်။
ဒါရိုက်တာမှ
ထိုအကြောင်းများကို သိသွားချိန်တွင် အလွန်ဒေါသဖြစ်သွားရကာ ကျောင်းတွင်းအကြမ်းဖက်မှုများအကြောင်းကို
ဝေ့ပေါ်တွင်ရေးတင်ခဲ့သည်။
အဓိကဇာတ်လိုက်မှလည်း ထိုပို့စ်ကို ပြန်လည်မျှဝေပေးခဲ့သည်။
ဤသို့ဖြင့်
ချီကျားကျစ်မှာ အင်တာနက်အသုံးပြုသူများထံမှ
ထုတ်ဖော်ခံလိုက်ရပြီး
ထိုသူများမှာ သူ့ကိုလိုင်းပေါ်တွင်တိုက်ခိုက်ကြကာ
ခြိမ်းခြောက်စာများပို့ခြင်းနှင့်
ဖုန်းခေါ်ကာအရှက်ခွဲခြင်းတို့ကို
လုပ်ဆောင်ခဲ့ကြသည်။
အဆုံး၌
ချီကျားကျစ် ဆက်လက်တောင့်မခံနိုင်တော့ပေ။
သူ၏စိတ်အခြေအနေမှာ တစစီပြိုကွဲသွားရကာ ကားကိုယူ၍ ထောင်ရွှမ်ကိုတိုက်ပစ်ခဲ့သည်။
သို့သော်လည်း
ထောင်ရွှမ်မှာမူ အဆင်ပြေနေခဲ့ပြီး ချီကျားကျစ်သည်သာ ဆိုးရွားသောနည်းလမ်းဖြင့် သေဆုံးခဲ့ရကာ ချီမိသားစုထဲမှ သင်္ချိုင်းသို့ ပထမဆုံးဝင်သူဖြစ်သွားခဲ့ရသည်။
ထိုဖြစ်ရပ်ကို
ပို၍ဖတ်ရှူသူများစိတ်ကျေနပ်စေရန်အတွက်
စာရေးသူမှ ချီကျားကျစ်၏သေဆုံးခြင်းအကြောင်းပေါ်ထွက်လာချိန်တွင်
လူထု၏တုံ့ပြန်ပုံကိုပင်
အကျယ်တဝင့်ရေးသားပေးခဲ့သည်။
၎င်းအား
စကားလုံးလေးလုံးဖြင့်
အကျဉ်းချုံးရမည်ဆိုလျှင်
ထိုက်တန်လှသည် ဟုသာ ဆိုရပေမည်။
ထိုနေရာကိုဖတ်ရှုစဉ်အခါက
ချီရှင်းချန်ထံတွင်လည်း
စာရေးသူနှင့်အတွေးတူခဲ့သည်။
ကျောင်းတွင်းအကြမ်းဖက်မှုမှာ
ဆိုးရွားသောအရာဖြစ်ပြီး
ခံရသူများမှာ တစ်သက်တာလုံးတွင် အရိပ်မည်းအောက်သို့ ရောက်သွားရသည့်အတွက် လုပ်ဆောင်သူများမှာ သေသင့်ကြသည်။
သို့သော်လည်း
ယမန်နေ့က ချီကျားကျစ် သူ၏အတန်းဖော်နှင့်ဆက်ဆံပုံကို
ပြန်တွေးမိလိုက်ချိန်တွင်
ချီရှင်းချန် အနည်းငယ်ရှုပ်ထွေးသွားခဲ့ရသည်။
သူ၏ညီငယ်လေးမှာ
အမှန်တကယ် ထိုမျှလောက်ဆိုးသည်လား…
သူ့ကို
လမ်းပြပေးလို့ကော ရနိုင်လေမလား …
ချီရှင်းချန်
ချီကျားကျစ်ကို မည်ကဲ့သို့ညွှန်ပြပေးရမည်ကို
တွေးနေရင်းဖြင့် ဇာတ်ညွှန်းကို ခပ်မြန်မြန်လှန်လှောကြည့်လိုက်သည်။
ထို့နောက် ကျန်းယွင်ဖေးပြောထားသောစာအုပ်များကိုဖွင့်ကာ
ညစာစားချိန်အထိ ဖတ်နေလိုက်သည်။
မျက်လုံးများကိုပွတ်ကာ
မနားခင်အထိ ချီရှင်းချန် စာဖတ်နေလိုက်ပြီး ရုတ်တရက်ဆိုသလို ယနေ့အတွက် အဓိကဇာတ်လိုက်နှင့်ရင်းနှီးအောင်မလုပ်ရသေးကြောင်းကို
သတိရမိသွားသည်။
တိုက်တိုင်ဆိုင်ဆိုင်ပင်
သူမနက်က ပိုင်ရဲ့၏စာကိုမပြန်ရသေးသောကြောင့်
ချီရှင်းချန် စာပြန်ရိုက်လိုက်သည် : [ တောင်းပန်ပါတယ် ကျွန်တော်မနက်က အလုပ်ရှုပ်နေတာနဲ့… အခုမှအားတာဆိုတော့… အဲဒီဘက်မှာ အခုဆိုမိုးလင်းခါနီးဖြစ်နေပြီထင်တယ်နော်…ဟုတ်တယ်မလား…]
ဝါရှင်တန်နှင့်ဘေကျင်းတို့အကြား
အချိန်ကွာခြားမှု ၁၃နာရီရှိသောကြောင့် ဘေကျင်း၏ညနေငါးနာရီအချိန်တွင်
ပိုင်ရဲ့ရှိသည့်နေရာ၌
မနက်လေးနာရီထိုးနေပြီဖြစ်သည်။
ချီရှင်းချန်
စာပို့လိုက်ပြီးနောက် သူ၏ဖုန်းကိုပြန်ချထားလိုက်သည်။
တစ်ဖက်သူထံတွင် ယခုမှာအိပ်ချိန်ဖြစ်သည့်အတွက်
စာပြန်လာနိုင်မည်မဟုတ်ပေ။
မမျှော်လင့်စွာဖြင့်
မိနစ်အနည်းငယ်အကြာတွင်
အချက်ပေးသံမြည်လာခဲ့သည်။
[ ပိုင်ရဲ့မှာ
အသံမက်ဆေ့ ပေးပို့လာပါတယ် ]
စာအုပ်ကိုလှန်နေသည့်
ချီရှင်းချန်၏လက်မှာ တုန်ယင်သွားခဲ့သည်။ သူတို့အချင်းချင်း ဝီချက်အပ်ပြီးချိန်တွင် နှစ်ဦးသားမှာ နေ့စဉ်တွေ့နေရသည့်အတွက် စာများစွာ ပို့ခြင်းမျိုးမရှိဘဲ အကြိမ်အနည်းငယ်သာ စာတိုပေးပို့ဖူးသည်။
ဤသည်မှာ
ပထမဆုံးအကြိမ်အဖြစ် ပိုင်ရဲ့ထံမှ အသံမက်ဆေ့ပေးပို့လာခြင်းဖြစ်သည်။
ချီရှင်းချန်
မသိစိတ်မှ နှုတ်ခမ်းကိုသပ်မိလိုက်ပြီးနောက်
ဖုန်းကို နားနားကပ်ကာ ဖွင့်ရန်ခလုတ်ကိုနှိပ်လိုက်သည်။
" အင်း…
ငါလည်း အခုပဲရိုက်ကူးရေးပြီးလို့ ဟိုတယ်ကိုပြန်နေတာ…"
အနှီယောင်္ကျား၏အသံမှာ
နိမ့်ကာ သံလိုက်ကဲ့သို့ ဆွဲငင်နိုင်ပြီး ဖုန်းထဲမှတဆင့်ခံ၍ ထွက်လာသည့်အတွက် ပို၍ပင်ဆွဲဆောင်နိုင်စွမ်း မြင့်မားနေခဲ့သည်။ ချီရှင်းချန် ကပျာကယာပင် ဖုန်းကိုနေရာရွှေ့လိုက်ရကာ သူ၏နားရွက်ထိပ်ဖျားကို ပွတ်နေလိုက်ရသည်။
ထို့နောက်
ဖုန်းမျက်နှာပြင်ပေါ်တွင်
ဓာတ်ပုံတစ်ခုပေါ်လာခဲ့သည်။
ထိုပုံမှာ
ကားပြတင်းပေါက်မှတစ်ဆင့်ရိုက်ယူထားခြင်းဖြစ်ပြီး
သက်တမ်းကြာမြင့်နေပြီဖြစ်သော
အဆောက်အဦးတစ်ခုထိပ်တွင်
လခြမ်းကွေးတစ်ခုမှာ ကြယ်အချို့နှင့်အတူ ချိတ်ဆွဲနေကာ တိတ်တိတ်ဆိတ်ဆိတ်ဖြင့် စိတ်ကူးယဉ်ဆန်နေသည်။
ချီရှင်းချန်
ရုတ်တရက်အတွေးတစ်ခုဝင်လာခဲ့သည်။
ပိုင်ရဲ့မှာ မိုးလင်းခါနီးအထိ မအိပ်ရသေးသောကြောင့် ပင်ပန်းနေပေလိမ့်မည်။
ဘတ်ဂျက်ခရီးသွားကြမယ်အစီအစဉ်ပြီးသည်နှင့်
မနားရဘဲ ချက်ချင်းဆိုသလို ဝါရှင်တန်သို့ထွက်ခွာခဲ့ရလေရာ
သူကဲ့သို့ပင် လူသားတစ်ယောက်ဖြစ်သည့် ပိုင်ရဲ့မှာ အဘယ့်ကြောင့် မပင်ပန်းဘဲရှိမည်နည်း။
ချီရှင်းချန်
ရင်ဘတ်ထဲတွင် တင်းကြပ်လာရသည့်အတွက် ထရပ်ကာ ပြတင်းပေါက်များကို ဖွင့်ထားလိုက်ရသည်။
တင်းကြပ်နေမှုများ
လျော့ပါးသွားပြီးနောက်
ချီရှင်းချန် တစ်ဖက်လူကဲ့သို့ အတုခိုးကာ သူ၏စားပွဲပုံကို ပို့လိုက်သည် : [ ကျွန်တော်ကြိုးစားနေတာကိုလည်း
ကြည့်ပါဦး…]
စာပို့ပြီးချိန်မှသာ
ချီရှင်းချန် ချက်ချင်းဆိုသလို တစ်စုံတစ်ခုမှားယွင်းနေသည်ကို
သဘောပေါက်သွားသဖြင့် ပြန်ဖျက်ရန် လုပ်လိုက်သည်။
ကံမကောင်းစွာဖြင့်
ပိုင်ရဲ့မှာ ထိုကလေးတစ်ဦးမှ မိဘထံ ချီးကျူးခံချင်သောကြောင့် ပြောနေသည့်စကားနှင့်တူသောစာကို
မြင်ပြီးသွားခဲ့လေပြီ။
စိတ်ပိုင်းဆိုင်ရာရှုထောင့်များအရ
မိဘများအနေဖြင့် မိမိတို့သားသမီး၏စိတ်အားထက်သန်မှုကို
မပျက်စီးသွားစေရန်အတွက်
သင့်လျော်စွာ ချီးကျူးပေးသင့်ပေသည်။
ပိုင်
: [ ကုမ္ပဏီက မင်းအတွက် ဇာတ်ကောင်ယူပေးထားတာလား ]
ရှင်းရှင်း
: [ ဟုတ်ကဲ့ … ကျွန်တော်အဆုံးထိကြိုးစားသွားမှာပါ…]
ပိုင်
: [ အရမ်းကောင်းတယ်
]
ချီရှင်းချန်
: "......"
ပိုင်
: [ ကောင်းကောင်းလေ့လာ…
မင်းသာပိုတိုးတက်လာရင်
ဆုချမယ်…]
ချီရှင်းချန်
: "......"
ဘာလို့
ပိုင်ရဲ့ရဲ့အသံက ကလေးချော့သလို ဖြစ်နေရတာလဲ…
မည်သို့ပင်ဆိုစေကာမူ
ချီရှင်းချန် အနည်းငယ်မျောပါသွားသည့်အတွက်
ဘယ်ဘက်လက်ဖြင့် မေးထောက်ကာ ညာဘက်လက်ညှိုးဖြင့် စာရိုက်လိုက်သည် : [ ဘာဆုလဲ…]
[ ရှင်းရှင်းမှစာပြန်ဖျက်သွားပါတယ်
]
သူပို့လိုက်သည့်စာမှာ
အနည်းငယ်လွဲမှားနေပြီး
အလိုလိုက်ခံရ၍ ပျက်စီးနေသည့်ကလေးတစ်ယောက်ပုံပေါက်နေသောကြောင့်
ချီရှင်းချန် စာကိုဖျက်ကာ ပြန်ပို့လိုက်သည်။
ရှင်းရှင်း
: [ ဘာဆုရမှာလဲဟင်…]
ပိုင်ရဲ့
ချီရှင်းချန်၏စကားများကြောင့်
သိမ်းယူခံလိုက်ရပြီး ရယ်ရမည်လား ငိုရမည်လားကိုပင် မသိတော့ပေ : [ မင်းလုပ်တာကိုင်တာကိုကြည့်ပြီးရင်
လိုချင်တာကိုပေးမယ်…]
သူလိုချင်တာလား…
ဘာဖြစ်နိုင်မလဲ… ချီရှင်းချန် တွေးလိုက်မိသည်။
[ ကောင်းပြီလေ…
ဒါဆို ကျွန်တော်သေချာပေါက် ရိုက်ကူးရေးမစခင် ဒါတွေကိုအပြီးသတ်နိုင်ရမယ်…]
ချီရှင်းချန်
ချက်ခြင်းဆိုသလို စကားဝိုင်းကို အဆုံးသတ်လိုက်ပြီးနောက် ဖုန်းကိုချကာ ညနက်သည်အထိ စာဖတ်နေခဲ့သည်။
ပရိုဂရမ်အဖွဲ့၏ကျယ်လောင်သောစပီကာသံနှင့်
တုလန်ရှင်း၏တဂွမ်ဂွမ်ဆက်သောဖုန်းသံတို့
မပါဝင်ဘဲ နောက်ဆုံးတော့ သူအိပ်ချိန်ဆယ်နာရီခန့် ကောင်းကောင်းအိပ်လိုက်ရလေသည်။
တံခါးကိုဖွင့်လိုက်ချိန်တွင်
အဒေါ်ကျန်းကို မြင်လိုက်ရသောကြောင့် ချီရှင်းချန် ပျော်ရွှင်စွာ အပျင်းဆန့်ရင်းဖြင့် ပြောလိုက်သည်
" ဟေးးး
အန်တီကျန်း… Botoxများ သွားထိုးလာတာလား…"
" အဲဒါက
ဘာကြီးမလို့လဲ…"
" နာမည်ကြီးတွေ
ခဏခဏသုံးတဲ့ဟာလေ…အရေးအကြောင်းတွေကို ဖယ်ရှားပေးနိုင်တာမျိုးပေါ့…"
" အမလေး
ကလေးရယ်… အဒေါ်တို့လို သာမန်လူတွေက ဒီလိုပစ္စည်းတွေ မလိုပါဘူး…"
" မလိမ်ပါနဲ့ဗျာ…"
ချီရှင်းချန်မှာ ချက်ကျလက်ကျ ရှင်းပြလာသည် " အန်တီသာ သွားမထိုးထားဘူးဆိုရင် ဘယ်လိုလုပ်ပြီး ငယ်သထက်ငယ်လာပုံပေါက်နေမှာလဲ…မြန်မြန်လေး ကျွန်တော့်ကိုအမှန်အတိုင်း ပြောလိုက်ပါတော့…"
အိုးးး
ဒုတိယသခင်လေးက သူမကိုကွေ့ပတ်ပြီး မြှောက်ပင့်နေတာပဲ… အဒေါ်ကျန်းမှ ဖူးခနဲ အော်ရယ်မိသွားသည်။
ယခင်အချိန်များတွင်
ဒုတိယသခင်လေးမှာ ပုန်ကန်တတ်ပြီး အိမ်တွင်စကားပြောခဲလှကာ အစေခံများနှင့်လည်း ရင်းရင်းနှီးနှီးမနေတတ်ချေ။
မကြာသေးမီကမှ သူ၏ပုန်ကန်တတ်သောကာလ ကျော်လွန်သွားပြီဖြစ်ကာ တဖြည်းဖြည်းနှင့် ပို၍တက်ကြွလာခဲ့သည်။
မည်သူကများ
ဤကဲ့သို့ရုပ်ရည်ချောမောပြီး
ဉာဏ်ကောင်းသည့်လူငယ်လေးကို
သဘောမကျဘဲရှိမည်နည်း။
အဒေါ်ကျန်းမှ လက်ကိုယမ်းကာသာ ပြောလိုက်ရသည်
" ရပြီ
ရပြီ… သခင်လေးရေ ကျွန်မကို ဆက်မစတော့ဘဲ မြန်မြန်အောက်ဆင်းပြီး စားပါတော့နော်… ဒါပြီးရင် သခင်ကြီးက လာတွေ့ခိုင်းထားတယ်…"
အဖေချီက
သူ့ကိုလာတွေ့ခိုင်းထားတာလား…
ကြီးကြီးမားမားတစ်စုံတစ်ရာဖြစ်ပျက်နေမည်စိုးသည့်အတွက်
ချီရှင်းချန် ထမင်းစားခန်းတွင်းသို့ အမြန်ပြေးသွားလိုက်ရသည်။
မနက်စာစားပြီးချိန်တွင်
လောင်စွန်းသည် ချီရှောင်မင်က သူ့(ရှင်းချန်)ကို ပိုင်ရှာဆိပ်ကမ်းပိုင်အဏ္ဏဝါရေအောက်ကမ္ဘာတွင်
စောင့်နေသောကြောင့် လာခေါ်ခိုင်းထားကြောင်း ပြောလာခဲ့သည်။
ပိုင်ရှာဆိပ်ကမ်းပိုင်အဏ္ဏဝါရေအောက်ကမ္ဘာကို
ပင်လယ်အနီးတွင် တည်ဆောင်ထားပြီး ခရီးသွားများကို အများဆုံးဆွဲဆောင်ထားနိုင်သော
အလည်အပတ်နေရာကြီးတစ်ခုဖြစ်ကာ
၎င်းတွင် တိရစ္တာန်ရုံ၊ ငါးပြတိုက်၊ ရေနေသတ္တဝါများနှင့်အပင်ပြတိုက်တို့အပြင်
အခြားဖျော်ဖြေရေးနေရာများလည်း
ပါရှိသည်။
နိုင်ငံခြားသားများ
Hမြို့သို့လာလည်ချိန်တွင်
အများဆုံးလာရောက်လည်ပတ်ကြသောနေရာတစ်ခုလည်းဖြစ်ကာ
အကယ်၍သာ ပုဂ္ဂလိကပိုင်မဖြစ်ခဲ့ပါက ကြယ်ငါးပွင့်နိုင်ငံတော်အဆင့်
အပန်းဖြေနေရာပင် ဖြစ်နေပေလိမ့်မည်။
သုမုဒ္ဒရာနှလုံးသား၏အဓိကရိုက်ကွင်းနေရာမှာလည်း
ဤပိုင်ရှာဆိပ်ကမ်းပိုင်အဏ္ဏဝါရေအောက်ကမ္ဘာတွင်သာ
တည်ဆောက်ထားခြင်းဖြစ်သည်။
ချီရှင်းချန်
နှောင့်နှေးမနေရဲသဖြင့်
ချက်ချင်းဆိုသလိုပင် ကားပေါ်တက်လိုက်ရပြီး တစ်နာရီခန့်အကြာတွင် ပိုင်ရှာဆိပ်ကမ်းပိုင်အဏ္ဏဝါရေအောက်ကမ္ဘာ၏ပင်လယ်ကမ်းခြေ၌
ရှိနေသည့်အဖေချီကို တွေ့လိုက်ရလေသည်။
" ပါး…"
ချီရှင်းချန် အနောက်မှရပ်ကာ နူးညံ့စွာပြောလိုက်သည်
" ကျွန်တော်ရောက်ပါပြီ…"
" အေးအေး
အဖေ့နားလာဦး… စကားလေးဘာလေး ပြောကြတာပေါ့ကွာ.."
ချီရှင်းချန်
ချီရှောင်မင်၏အနားသို့
လျှောက်သွားလိုက်သည်။
ချီရှောင်မင်၏အကြည့်များမှာမူ
အဝေးတစ်နေရာသို့ လွင့်မျောနေကာ အတိတ်ကိုသတိရဟန်ဖြင့် ပြောလာခဲ့သည်
" အဖေမှတ်မိနေသေးတယ်…မင်းငယ်ငယ်တုန်းကဆို ဒီကငါးပြတိုက်ကိုလာပြီး ငါးလိပ်ကျောက်တွေနဲ့ ဖျံတွေကြည့်ရတာ အရမ်းကြိုက်တာ…ဒီလောက်နှစ်တွေအများကြီးက မျက်စိတစ်မှိတ်လေးနဲ့တင် ကုန်သွားတာပဲ… ကြည့်ရတာ အဖေတို့ဒီကို မရောက်တာ အတော်လေးကြာသွားပြီနော်…"
ချီရှင်းချန်ထံတွင်
ထိုမှတ်ဉာဏ်မရှိနေသည့်အတွက်
ခေါင်းသာငြိမ့်ပြလိုက်ရသည်။
" အခုတွေးကြည့်မှပဲ
ဒီနှစ်တွေမှာ အဖေမင်းကို လုံလောက်အောင်မကောင်းပေးနိုင်ခဲ့သလိုပဲ…
ဒါကြောင့် လက်ဆောင်တစ်ခုပေးမလို့ အဖေဆုံးဖြတ်ထားတယ်…"
နောက်ထပ်လက်ဆောင်လား…
ဖိနပ်အပုံလိုက်ကြီးမှာ
သူ၏အခန်းထဲတွင်ပင် ယခုထိကုန်စင်အောင် ဖွင့်မသုံးရသေးပေ…ချီရှင်းချန် တွေးမိလိုက်သည်။
" မဟုတ်တာ…
ပါး ကျွန်တော့်အပေါ် အရမ်းကောင်းပါတယ်…တကယ်ကြီးအဲဒီလိုလုပ်ဖို့မလိုပါဘူး…"
ချီရှင်းချန် အလျင်အမြန်ငြင်းပယ်လိုက်သည်။
" အရမ်းနောက်ကျသွားပြီ…"
ချီရှောင်မင်မှ ခေါင်းကိုယမ်းကာ ပြောလာခဲ့သည်
" အဖေဝယ်တောင်ဝယ်ပြီးသွားပြီ…"
ချီရှင်းချန်
: "....."
" ကောင်းပါပြီလေ…
ဒါဆိုလည်း အဖေ ကျွန်တော့်ကို ဘာပေးမလို့လဲ…"
အဖေချီမှ
လက်များကို အနောက်သို့ပို့ထားပြီး ပင်လယ်လေ၏တိုက်ခတ်မှုကြောင့်
အဝတ်များတဖျပ်ဖျပ်ခတ်နေခဲ့သည်။
" ဒီပိုင်ရှာအဏ္ဏဝါရေအောက်ကမ္ဘာကို
သားတွေ့လား….." အဖေချီမှဆက်ပြောလာသည်
" အခုကစပြီး
ဒါ သားဟာပဲ…"
ချီရှင်းချန်
: "....."
ချီရှင်းချန်
: " ?????? "