Chapter 182
ဖုချောင်သို့ ဝိုင်ပို့ခြင်း
ကျန့်ဟူက သူတို့နှင့် လုံးလုံးကွဲပြားလှသည်။ ကျောက်ကျင်းကောက အစေခံများစွာ ဝန်းရံနေသော ကျန့်ဟူကို ကြည့်လိုက်ပြီးနောက် ဘာလုပ်၍ ဘာကိုင်ရမည် မသိ ဖြစ်နေလေသည်။ သို့သော်လည်း ကျန့်ဟူက သူ့ကို ဖော်ရွေနေပြီး အဆက်မပြတ် ပြုံးကာ စကားပြောနေသဖြင့် တဖြည်းဖြည်း စိတ်သက်သာရာရလာခဲ့သည်။
ကျန်းကျန့်က မနီးမဝေးမှ စောင့်ကြည့်နေပြီး ကျောက်ကျင်းကော အံဝင်ခွင်ကျ ဖြစ်သွားသည်ကို တွေ့ရတော့မှ စိတ်သက်သာရာရသွားသည်။ ထို့နောက် မင်ကျူးလေးကို ချီကာ ကျန့်ရီကို ပြောလိုက်သည်။
"သခင်လေးကျန့်... ရွာထဲကို လိုက်ကြည့်ဦးမလား"
"ကောင်းတာပေါ့" ကျန့်ရီက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တစ်ခဏမျှ တွေးလိုက်ပြီး တစ်ယောက်ယောက်အား လေးနှစ်အရွယ် သူ့သမီးလေးကို ခေါ်ခိုင်းလိုက်သည်။ ဤသို့ဖြင့် သူသည်လည်း သူ့သမီးလေးကို ချီထားနိုင်ပေမည်။
ကျန့်ရီ၏ သမီးလေးက လှလှပပ ဝတ်စားထားပြီး မျက်လုံးတောက်တောက်လေးများနှင့် သွားဖြူဖြုူလေးများ ရှိသည်။ ကျန်းကျန့်က သူမကို ကြည့်လိုက်ပြီးနောက် သူမလေးက သူ့မင်းသမီးလေးနှင့် တူသည်ဟု ခံစားလိုက်ရလေသည် သို့သော်လည်း ကျန့်ရီ သူ့မင်းသမီးလေးကို ချီလိုက်ပြီးနောက် သူမ၏ ကိုယ်လေးက တောင့်တင်းသွားလေပြီး ပါးစပ်လေးဟကာ အလွန် စိတ်လှုပ်ရှားသွားပုံပေါ်နေခဲ့လေသည်။
"ကျန်းကျန်း... ဖေဖေချီတာ မကောင်းဘူးလား"
ကျန့်ရီက သူ့သမီးလေး၏ အမူအယာကို တွေ့သောအခါ အလွန်အမင်း ဒုက္ခရောက်သွားလေသည်။
ကျန်းကျန်းဟု ခေါ်သော ကလေးမလေးက ကျန့်ရီကို မယုံနိုင်ဟန်ဖြင့် ကြည့်နေဆဲ ဖြစ်သည်။
ကျန့်ရီ: “. . .”
သူ ဒီကလေးကို တစ်ခါမှ မချီဖူးပေမယ့် ဒီလိုမျိုး ကောင်းကင်ကြီး ပြိုကျလာသလို အမူအယာတော့ ပြဖို့ မလိုဘူးထင်တယ်နော်...
ကျန့်ရီက စိတ်ဓါတ်ကျသွားသော်လည်း ပိုပြီး စိတ်ဓါတ်ကျစရာကိစ္စများ ပေါ်လာခဲ့သည်။ သူက ကလေးမလေးကို တစ်ခဏမျှသာ ချီနိုင်ခဲ့ပြီး အကြာကြီးချီရန် ခွန်အားမရှိတော့ပေ။ သူတို့မိသားစုရဲ့ ကလေးထိန်းတွေကတော့ သူ့သမီးလေးကို တစ်နာရီလောက်ချီထားတာတောင် ပင်ပန်းပုံမှ မပေါ်ဘဲ... သူကများ အစေခံတွေလောက် အားမရှိလို့လား...
ကျန့်ရီက ပထမတွင် သူ့သမီးလေးကို ခြောက်လှန့်မိခဲ့သော်လည်း မကြာမီပင် ကလေးလေးက ပို၍ သက်တောင့်သသာ ဖြစ်လာပြီး ကျန့်ရီနှင့် ရင်းနှီးလာကာ သူ့ကို အလွန်ချိုသာလှသော အသံလေးဖြင့် "ဖေဖေ"ဟု ခေါ်လာခဲသည်။
ယခင်က ကျန့်ရီမှာ သူ့သားသမီးများနှင့် အရောတဝင် မနေခဲ့ဖူးသဖြင့် သူ့သမီးလေးနှင့် ရင်းနှီးသွားပြီးနောက် သိသိသာသာပင် သူမလေးကို ပိုပို၍ နှစ်ခြိုက်လာလေတော့သည်။ ကျန်းကျန့် ကျောက်မင်ကျူးအား ချီထားရသည်ကို မည်သည့်အတွက်ကြောင့် သဘောကျနေရမှန်းလည်း တစ်နည်းတစ်ဖုံ နားလည်သွားလေသည်။
ကျန့်ရီ၏ မိသားစုက ဟယ့်ရှီတွင် တစ်ရက်နေပြီးနောက် ပြန်သွားကြသည်။ သူတို့ပြန်သွားပြီးမှသာ ကျောက်ကျင်းကောက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ကျန်းကျန့်ကို ပြောလိုက်သည်။
"သခင်မကျန့်က အရမ်း အင်အားကြီးတာပဲနော်... သူက သိတာတွေ အများကြီးပဲ"
သခင်မကျန့်က သူနှင့် စကားပြောဆိုရာတွင် လိုက်လျောညီထွေ ဖြစ်နေသော်လည်း သူမက သူနားမလည်သေးသည့် မြောက်များစွာသော အရာများကို သိနေသည်ဟု ခံစားနေရဆဲ ဖြစ်သည်။
"ကျန့်ရီလည်း အတူတူပဲ" ကျန်းကျန့်က ခေါင်းငြိမ့်ပြလိုက်သည်။
"သခင်လေးကျန့်ကလည်း အရမ်းတော်တာပဲ"
ကျောက်ကျင်းကောက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ထပ်ပြောလိုက်ပြန်သည်။
"စကားမစပ် သခင်လေးကျန့်က ဘာလို့ ရုတ်တရက်ကြီး သူ့မိန်းမနဲ့ ကလေးတွေကို ခေါ်လိုက်ရတာလဲ"
"သူက ကိုယ်တို့ မိသားစုနဲ့ ဆက်ဆံရေး ကောင်းချင်နေလို့လေ" ကျန်းကျန့်က ပြောလိုက်သည်။
သေချာပေါက် ကျန့်ရီက သူ့ဇနီးနှင့် ကလေးများကို အကြောင်းပြချက်မရှိဘဲ ခေါ်လိမ့်မည် မဟုတ်ပေ။ အမှန်မှာ သူတို့၏ မိသားစုများအကြား ဆက်ဆံရေးကောင်း တည်ဆောက်လို၍ ဖြစ်သည်။
အစပိုင်းတွင် ကျန့်ရီက သူ့ကို သိပ်မတွေးထားဘဲ လက်အောက်ငယ်သားများထဲမှ တစ်ယောက်ဟုသာ မြင်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူ့ကို ပိုပို၍ အလေးထားလာခဲ့လေသည်။ ထိုကတည်းက ကျန့်ရီမှာ သူ့ကို တန်းတူဆက်ဆံလာခဲ့ပြီး သူတို့၏ ခင်မင်မှု နက်ရှိုင်းလာစေရန်လည်း ကြံရွယ်လာခဲ့လေသည်။
နောက်တစ်ရက်တွင် ကျန်းကျန့်က ကျောက်ကျင်းကောကို စီရင်စု မြို့တော်သို့ ခေါ်သွားခဲ့ပြီး နောက်တစ်ရက်၌ ကျောက်ကျင်းကောကိုပါ ခေါ်၍ ဖုချောင်သို့ ရွက်လွှင့်လာသည့် ကျန့်မိသားစု သင်္ဘောပေါ်သို့ လိုက်လာခဲ့သည်။
သူတို့က ဖုချောင်တွင် လှည့်ပတ်ကြည့်ရှုကြမည်ဖြစ်ပြီး ပိုကြီးသော ချင်ဖုန့်အဆောက်အဦးအသစ်ကို ဖွင့်လှစ်ရန် ပြင်ဆင်ထားကြသည်။ ကျန့်မိသားစုအပြင် သူတို့၏ ရှေးဟောင်းစာအုပ်များမှ "လျှို့ဝှက်နည်းစနစ်"အတိုင်း ဖော်စပ်ထားသည့် ချင်ဖုန့်ဝိုင်ကိုပါ ယူဆောင်လာပြီး ဖုချောင်ရှိ အရေးကြီးလူအချို့ထံ ပေးရန် စီစဥ်ထားလေသည်။
ဤတစ်ကြိမ်တွင် ကျန့်ရီ၏ ဇနီးသည်လည်း သူတို့နှင့်အတူ လိုက်ပါမည် ဖြစ်သည်။
ကျန့်ဟူ၏ မိခင်မိသားစု ဖြစ်သည့် ဟူမိသားစုက ဖုချောင်တွင် တည်ရှိသဖြင့် ကျန့်ရီ စီးပွားရေးလုပ်ရန်အတွက် ဤမြို့သို့ လာတိုင်း သူမ၏ မိခင်ဘက်မှ မိသားစုတွင် ရက်အနည်းငယ်မျှ နေလေ့ရှိပေသည်။
ကျန့်ဟူမှာ ကျောက်ကျင်းကောက သာမန် မိန်းမများ၊ ကောများနှင့် မတူညီကြောင်းကို သိလိုက်ပြီးနောက် ကျောက်ကျင်းကောနှင့် စကားပြောရန် စိတ်အားထက်သန်နေခဲ့သည်။ သို့သော်လည်း ကျောက်ကျင်းကောအတွက်မူ သူမနှင့် စကားပြောနေရခြင်းက အနည်းနှင့်အများ မသက်မသာ ဖြစ်နေသဖြင့် သူမက သူ့ကို ဆက်ပြီး လိုက်မရှာနေတော့ဘဲ ရံဖန်ရံခါ စကားပြောဆိုကြရာတွင်လည်း ကလေးများအကြောင်းကိုသာ ပြောနေခဲ့လေတော့သည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ ဖုချောင်သို့ ထွက်လာကြရာတွင် ကျောက်မင်ကျူးလေးကိုပါ သူတို့နှင့်အတူ ခေါ်လာခဲ့သည်။ ကျန့်မိသားစု၏ အငယ်ဆုံးသားလေးက နို့စို့နေဆဲ အရွယ် ဖြစ်၍ ကျန့်မိသားစုက နို့ထိန်း နှစ်ယောက်ကိုပါ ခေါ်လာခဲ့လေရာ ကျောက်မင်ကျုးလေး သောက်ရန်အတွက်လည်း နို့ရည်ရခဲ့သည်။ သူ့သမီးလေးနှင့် ဝေးဝေး မနေနိုင်သော ကျန်းကျန့်မှာ သူမလေးကိုပါ သူတို့နှင့်အတူ ခေါ်လာခဲ့ခြင်းသာ ဖြစ်သည်။
"မင်းဘယ်သွားသွား မင်းသမီးကို ခေါ်လာတော့မှာလား... နောက်ဆို မင်းသမီး ဘယ်လိုပုံစံကြီးပြင်းလာမလဲဆိုတာကို ငါမသိတော့ဘူး"
ကျန့်ရီက ကျောက်မင်ကျူးကို ကြည့်၍ ပြောခဲ့သည်။ ကျန်းကျန့်က ဘယ်သွားသွား ထိုကလေးမလေးကို ချီသွားသည်လေ...
"သာမန် ဘယ်ယောကျ်ားမှ အနိုင်မကျင့်ရဲတဲ့ မိန်းကလေး တစ်ယောက် ဖြစ်လာမှာပေါ့" ကျန်းကျန့်က တုန့်ဆိုင်းမှုမရှိ ပြောလိုက်သည်။
ကျန့်ရီက ချက်ချင်းပင် ထိုသူအား သူ့သားငယ်လေးနှင့် ကျောက်မင်းကျူးကို လက်ထပ်ပေးမည်ဟု မစတော့ရန် ဆုံးဖြတ်လိုက်လေသည်။
ကျန့်ရီက ဖုချောင်တွင် အိမ်ရှိသဖြင့် အခြေတကျ ဖြစ်ရန် တစ်ရက် သုံးလိုက်ရသည်။ နောက်တစ်ရက်တွင် ကျန့်ရီက ကျန်းကျန့်ကို ခေါ်ကာ ချင်ဖုန့်ဝိုင်ကရားတစ်အိုး ယူ၍ ဖုချောင် စီရင်စု တရားသူကြီးကို သွားတွေ့လေသည်။
အားလုံးသိသည့်အတိုင်းပင် ဖုချောင်၏ တရားသူကြီးက အကောင်းဆုံးသော ဝိုင်များသာ ရှိသည်။
ဖုချောင်တရားသူကြီးက မြောက်ပိုင်းမှ ဖြစ်ပြီး ကျန့်မိသားစုနှင့် အဆက်အသွယ် အနည်းငယ်သာ ရှိသော်လည်း သူက သူတို့ကို မမုန်းတီးပေ။ အတိတ်တွင် သူက ဒုတိယသခင်ကြီးကျန့်အတွက် ကျန့်ရီကို သေချာပေါက် တွေ့ဆုံလိမ့်မည်သာ ဖြစ်သော်လည်း ယခုတွင်မူ...
ကျိုးမောင်ဟယ်က ဟယ်ချောင်စီရင်စုတွင် ပြဿနာလုပ်ထားခဲ့သည် ဖြစ်၍ ဖုချောင် တရားသူကြီးက ကျန့်မိသားစုနှင့် တတ်နိုင်သမျှ ဝေးဝေးတွင်နေရန် စိတ်ဆုံးဖြတ်ထားသည်။
"ကျန့်ရီလား... ငါရုံးအလုပ်တွေနဲ့ အလုပ်များနေတယ်လို့ ပြောပြီး သူ့ကို ပြန်သွားခိုင်းလိုက်"တရားသူကြီးက ကျန့်ရီ ရောက်ရှိလာသည်ကို ကြားသောအခါ ချက်ချင်းပင် ပြောကြားလိုက်သည်။
အစေခံက ခပ်မြန်မြန် ခေါင်းငုံ့လိုက်ပြီး စကားပြန်ကြားရန် ထွက်သွားကာ တစ်ခဏအကြာမှာပင် ပြန်ဝင်လာခဲ့ပြန်သည်။
"သူ ပြန်သွားပြီလား" တရားသူကြီးက မေးလိုက်သည်။
"တရားသူကြီးအရှင်... သူပြန်သွားပါပြီ... ဒါပေမယ့် လက်ဆောင်ချန်ထားခဲ့ပါတယ်..."
အစေခံက ပြောလိုက်သည်။
"လက်ဆောင်တွေကို လက်ခံလို့ ဘယ်ဖြစ်မလဲ... အိုင်းယား... သူတို့ဘာတွေ ပေးသွားတာလဲ... နောက်ကျရင် သခင်မကို ဘဏ္ဍာတိုက်ကို သွားပြီး တူတဲ့လက်ဆောင် ပြန်ပေးခိုင်းလိုက်..." တရားသူကြီးက ပြောလေသည်။
"အရှင်... ဒါက ဝိုင်တစ်အိုးလေးပါ" အစေခံလေးက ပြောလိုက်သည်။
"အရှင်က ဝိုင်ကောင်းကို ကြိုက်တတ်မှန်းသိလို့ လက်ခံထားခဲ့တာပါ... ဒါပေမယ့် ဝိုင်လေးတစ်အိုးပဲ ဆိုတော့ လက်ဆောင်ပြန်ပေးစရာ မလိုဘူး ထင်ပါတယ်" အစေခံက ပြောလိုက်ပြီးနောက် အလွန်သေးငယ်သော ဝိုင်ကရားလေးတစ်အိုးကို ထုတ်ယူလာခဲ့သည်။ တကယ့်ကို ကရားအိုးသေးသေးလေးပဲ... လက်ဖဝါးအရွယ်လောက်ပဲ ရှိတဲ့ ဝိုင်အိုးတဲ့လေ...
"ဒါက... ဒီလောက် သေးတဲ့ ဝိုင်အိုးတဲ့လား... ကျန့်မိသားစုက စျေးပေါလိုက်တာ... ဟုတ်တယ်မလား..."
အိုးက ဒီလောက် သေးတာ အထဲက ဝိုင်ကို ငှဲ့လိုက်ပြီးရင် တစ်ခွက်စာပဲ ရှိလောက်တယ်.. ဖုချောင်တရားသူကြီးမှာ ပြောစရာမဲ့သွားလေသည်။
လက်အောက်ငယ်သားက ထေ့ငေါ့ဟန်ဖြင့် ပြုံးလိုက်သည်။
"ဒါ တကယ့်ကို သေးတာပဲ.. ဒါပေမယ့် ဒီဝိုင်ကို လျှို့ဝှက် နည်းလမ်းနဲ့ လုပ်ထားတာပါလို့ ပြောသွားပါတယ်"
"လျှို့ဝှက် နည်းလမ်း.... ဒီဝိုင် ဘယ်လောက် ထူးခြားနေလဲ ကြည့်ရသေးတာပေါ့..."
တရားသူကြီးက ဝိုင်အိုးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။ "ယန့်ကျီမြစ်ရဲ့ တောင်ပိုင်းက ထွက်တဲ့ ဝိုင်တွေက ပျော့လွန်းတယ်... ငါ့အကြိုက်နဲ့ ကိုက်တာတစ်ခုမှ မသောက်ဖူးသေးဘူး... နေစမ်းပါဦး"
တရားသူကြီးက ဝိုင်အိုးကို ဖွင့်လိုက်ရာ ဝိုင်နံ့ပြင်းပြင်းက သူ့နှာခေါင်းထိပ်ဖျားသို့ ကျီစယ်လာခဲ့ပြီး အံ့အားတသင့် ဖြစ်သွားရလေသည်။
ဒီဝိုင်အနံ့လေးက တကယ်ကောင်းတာပဲ...
"မြန်မြန်လေး ခွက်တစ်ခွက် ယူခဲ့စမ်း" ဖုချောင်တရားသူကြီး အလုပ်များသွားရသည်။
ငယ်သား တစ်ယောက်က သူ့အတွက် ခွက်တစ်ခု ယူလာပေးလေသည်။ သူက ခွက်ကလေးထဲသို့ လောင်းထည့်လိုက်ပြီး တစ်ငုံသောက်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ့ပေါင်ကို ရိုက်ကာ ပြောလိုက်လေသည်။
"ကောင်းလိုက်တဲ့ဝိုင်"
ဤမျှလောက်ထိ အနံ့အရသာနှင့် ပြည့်စုံနေသည့် ဝိုင်ကို ပထမဆုံး မြည်းစမ်းဖူးခြင်း ဖြစ်လေသည်။ ဒီလောက်သေးတဲ့ ကရားအိုးတစ်လုံးပဲတဲ့လား... အခုတော့ သူ ကျန့်ရီဆီကိုတောင် သွားလည်ချင်နေပြီ...
ယန့်ကျီမြစ်၏ တောင်ပိုင်းက မြောက်ပိုင်းမှာထက် ဝိုင်ကောင်းကောင်း ချက်လုပ်နိုင်သူ နည်းပါးလေသည်။
သို့သော်လည်း လုပ်နိုင်သူ လူအချို့ ရှိနေဆဲ ဖြစ်သည်။
ကျန့်ရီနှင့် ကျန်းကျန့်တို့ ဖုချောင် စီရင်စု တရားသူကြီးအိမ်မှ ထွက်လာပြီးနောက် အရာရှိရှောက်၏ အိမ်သို့ သွားခဲ့သည်။
ထိုလူများကလည်း ကျန့်ရီကို တွေ့လိုစိတ် မရှိကြသော်လည်း ကျန့်ရီကမူ အံ့သြသွားခြင်း မရှိပေ။ သူက ပြုံးရုံသာ ပြုံးပြလိုက်ပြီး ဝိုင်ကရားအိုးလေးကို ထုတ်ကာ အစေခံလေးကို ပေးလိုက်သည်။
"သခင်ကြီးရှောက်က အလုပ်များနေမှတော့ အရင် ပြန်သွားလိုက်ပါဦးမယ်... ဒါက ကျန့်မိသားစုက ရှေးဟောင်း စာအုပ်တစ်အုပ်ထဲမှာ တွေ့ခဲ့ရတဲ့ ဖော်စပ်နည်းအတိုင်း ချက်ထားတဲ့ ဝိုင်ပါ... သခင်ကြီးရှောက် မြည်းစမ်း ကြည့်ဖို့ ဖိတ်ခေါ်ချင်ပါတယ်..."
ကျန့်ရီ ပေးသော ဝိုင်အိုးက အလွန်သေးငယ်ပြီး သာမန်ဆန်ပုံပေါ်သော်လည်း သူက တစ်ချိန်လုံး ပြုံးနေသဖြင့် ငြင်းဆိုရန်လည်း ခက်နေသည်။ အကြောင်းပြန်လာသော အစေခံလေးက တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် လက်ခံလိုက်လေသည်။
ထိုလူလက်ခံလိုက်သည်ကို မြင်သောအခါ ကျန့်ရီက ထပ်ပြုံးပြလိုက်ပြီးနောက် လှည့်ထွက်သွားလေသည်။
ကျန့်ရီနှင့် ကျန်းကျန့်တို့ ထွက်လာခဲ့စဥ်က စုစုပေါင်း ဝိုင်ကရား ဆယ်အိုး ယူလာခဲ့သည်။ ပထမဆုံး ကရားအချို့ကို ဤနည်းအတိုင်း ပေးခဲ့ပြီးနောက် သူတို့က ကျန့်မိသားစုနှင့် ဆက်ဆံရေးကောင်းသည့် လူအချို့ကို သွားရောက် တွေ့ဆုံခဲ့သည်။ ထို့ကြောင့် သူတို့က ဝိုင်အိုးများ ပေးခဲ့ရရုံသာမက နှုတ်ဆက်စကားများလည်း ဖလှယ်ခဲ့ကြသေးသည်။
ကျန်ရှိနေသေးသော ကရားအိုး ရှစ်အိုးကို ပို့ပေးပြီးနောက် ကောင်းကင်ကြီးက မဲမှောင်လုလေပြီ။
ထိုအချိန်က ယာဥ်အသွားအလာ အဆင်မပြေသဖြင့် အရာအားလုံးက အလွန် နှေးကွေးလှသည်။ ကျန်းကျန့်က တိတ်တဆိတ် သက်ပြင်းချလိုက်ပြီး အိမ်ကို ပြန်လာခဲ့သည်။
ကျန်းကျန့် ပြန်ရောက်လာသောအခါ ကျောက်ကျင်းကောက ကျောက်မင်ကျုးကို နို့တိုက်နေခဲ့လေသည်။ ကျန်းကျန့်က ကျောက်မင်ကျုးကို အလွန် ချစ်ပါသော်လည်း ယခင်ကထက် အိမ်ကို ပြန်လာရသည်က နည်းသဖြင့် သူမကို အများဆုံး အဖော်ပြုပေးသူမှာကျောက်ကျင်းကောသာ ဖြစ်ပြီး ကျောက်မင်ကျူးကလည်း သူ့ကိုသာ အကပ်ဆုံးဖြစ်သည်။
သို့သော်လည်း သူမနှင့် မကြာခဏ ကစားပေးလေ့ရှိသည့် ကျန်းကျန့်ကို တွေ့လိုက်ရသောအခါ ထိန်းမနိုင်သိမ်းမရ တက်ကြွလာလေတော့သည်။ သူမလေးက လက်ကလေးကို ကမ်းပေးလာပြီး ကျန်းကျန့်ကို ချီခိုင်းလိုက်သည်။
"အဖေ့ရဲ့ အဖိုးတန် ပုလဲလုံးလေး" ကျန်းကျန့်က သူ့သမီးလေးကို ပွေ့ချီကာ အနမ်းပေးလိုက်သည်။
ကျန်းကျန့်နှင့် ကျောက်ကျင်းကောတို့ နှစ်ယောက်လုံး ရှိနေသည်ကြောင့် ဖြစ်မည်။ သူမက နေရာအသစ်တွင် ကျင့်သားရအောင် လုပ်နေရစဥ် ငိုမနေခဲ့ဘဲ အနည်းငယ်ပင် စိတ်လှုပ်ရှားတက်ကြွနေသေးသည်။
သူတို့ နေရန် ကျန့်ရီ ပေးထားသော အခန်းက အလွန် လှပစွာ ပြင်ဆင်ထားသဖြင့် သူမက အရာအားလုံးကို ခေါင်းလေးလှည့်ကာဖြင့် ကြည့်နေခဲ့လေသည်။ သူမက သူမ၏ အဖေနှင့် တစ်ခဏမျှ ကစားပြီးနောက် ပုံမှန်အိပ်ချိန်ရောက်သည့်တိုင် အိပ်ရန် ငြင်းဆန်နေသော်လည်း ကံအားလျော်စွာဖြင့် သူမက ငယ်ရွယ်နေဆဲသာ ဖြစ်၍ ထိုကဲ့သို့ အကြာကြီး မနေနိုင်ပေ။ ထို့ကြောင့် ကစားနေရင်းပင် အိပ်ချင်လာလေတော့သည်။
"ကလေးလေး" ကျန်းကျန့်က သူမကို အိပ်ရာပေါ်ခေါ်သွားပေးပြီး ကျောက်ကျင်းကောနှင့်အတူ ခြေလက်ဆေးကြောရန် သွားလေသည်။
"ကျန်းကျန့်... ကျွန်တော် ဖုချောင်နားမှာ မြေတစ်ကွက်လောက် ဝယ်ချင်လို့" ကျောက်ကျင်းကောက ရုတ်တရက် ပြောလာလေသည်။ "ကျွန်တော် သခင်မကျန့်ဆီကနေ စုံစမ်းပြီးပြီ... သင့်တော်တဲ့ မြေနေရာ တွေ့ထားတယ်"
"မြေဝယ်မှာလား... ဘာလို့ ရုတ်တရက်ကြီး မြေဝယ်ချင်လာရတာလဲ" ကျန်းကျန့်က ကျောင်ကျင်းကောအား အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်လေသည်။
"ဒီနေရာမှာ အုတ်ဖိုတစ်ခု ဆောက်ချင်လို့"
ကျောက်ကျင်းကောက ထပ်ပြောလိုက်ပြန်သည်။
"ကျွန်တော် ဝယ်ချင်တဲ့နေရာက တောင်ကုန်းလေးပဲ... တောင်ခြေမှာ အုတ်ဖိုဆောက်ပြီး တောင်ပေါ်မှာ ကြက်တွေ ဘဲတွေ မွေးလို့ ရတယ်... ဖုချောင်ရဲ့ ကြက်၊ ဘဲ စျေးက ဟယ်ချောင် စီရင်စုထက် ပိုမြင့်တယ်လေ... ဒါကြောင့်မို့ ကျွန်တော်တို့ ပိုက်ဆံရှာနိုင်မှာပဲ"
ကျောက်ကျင်းကောက ဤရက်များအတွင်း ပိုပြီး အင်အားကြီးလာနိုင်ရန် စဥ်းစားနေခဲ့သော်လည်း သူက မျာ
းများစားစား မသိပေ။ သူ စဥ်းစားနိုင်သည့် တစ်ခုတည်းသောအရာက သူနှင့် အကျွမ်းတဝင် ရှိသော လုပ်ငန်းများသာပင်။
အုတ်ဖိုဆောက်ခြင်းနှင့် ကြက်ဘဲများ မွေးခြင်း စသည်တို့သာ။