Chapter 168
- အားလုံးကို အတူတကွ စုစည်းစေခြင်း
သင်္ဘောကြီး တစ်စီးက ဟယ့်ရှီရွာသို့ တဖြည်းဖြည်း ဦးတည်သွားနေခဲ့သည်။
ကျန်းကျန့်က သင်္ဘောဆိပ်၌ ကုန်သည်များကို လက်ခံရန်အတွက် လူများကို တမင်သက်သက် ငှားထားခဲ့သဖြင့် တစ်ယောက်ယောက်က သင်္ဘောကြီးကို မြင်သောအခါ ချက်ချင်းပင် ဆိုက်ကပ်နိုင်ရန် ကူညီပေးလိုက်သည်။ ဆိုက်ကပ်ပြီးသွားသောအခါ တစ်ယောက်ယောက်က သွားမေးလိုက်သည်။
"ဘယ်ကရောက်လာကြတာများလဲ"
သွားရောက်မေးမြန်းသူက စကားပြန်မရဘဲ အခြားလူများထံမှ တွန်းထုတ်ခံလိုက်ရသည်။ ထိုအခိုက်မှာပင် သင်္ဘောပေါ်မှ လူများစွာ ဆင်းလာကြသည်။
"ဘာလုပ်တာလဲ" တွန်းထုတ်ခံရသူက ယိုင်သွားပြီး မြေပေါ်သို့ လဲကျသွားလေတော့သည်။ သူက မျက်မှောင်ကျုံ့ကာ မြေပေါ်မှ ထရပ်လိုက်ပြီး သူ့ရှေ့မှလူများကို ဒေါသတကြီး ကြည့်လိုက်သည်။
သူ သွားမေးမှ ဖြစ်မယ်... ဒီလူတွေ သူ့ကို ဘာကြောင့် တွန်းထုတ်လိုက်တာလဲ... ဒါ ဘယ်သူတွေလဲ...
ထိုအဖြစ်အပျက်က သဘာဝကျကျပင် ဘေးပတ်လည်မှ လူများကို ဆွဲဆောင်မိသွားလေသည်။
ကျန်းကျန့်၏ လက်အောက်မှ ကိုယ်ရံတော်များက သင်္ဘောများကို စောင့်ကြပ်ပေးရန် တာဝန်ကျနေကြပြီး သင်္ဘောမလိုက်ရသူများက ဆိပ်ကမ်း၏ ဤဘက်ပိုင်းတွင် ကင်းလှည့်နေကြလေသည်။
သင်္ဘောဆိပ်တွင် အလုပ်လုပ်ပါက အလုပ်ပြီးသွားလျှင် အိမ်ပြန်နိုင်သည်။ တစ်လလျှင် ရက်နှစ်ရက် အလုပ်နားခွင့် ပေးသည့်အပြင် ထိုနှစ်ရက်ကိုလည်း သူတို့ စိတ်ကြိုက် ရွေးချယ်နိုင်သော်လည်း အရေးကြီးသည့် တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ပါက ခွင့်ပြုပေးမည် မဟုတ်ပေ။
ယနေ့တွင် ဟယ်ချွန်းရှန့်ကလည်း ကင်းလှည့် တာဝန်ကျနေခြင်း ဖြစ်သည်။
ဟယ်ချွန်းရှန့်က ကျန်းကျန့်နှင့် အချိန်အတော်ကြာ အတူ ရှိခဲ့သဖြင့် ကိုယ်ရံတော်အပိုင်းတွင် ရာထူးအမြင့်ဆုံးသူများထဲမှ တစ်ယောက် ဖြစ်သည်။ သူ့ဘဝက ပိုပို၍ ကောင်းမွန်လာလေသည်။ အတိတ်တွင် သူတို့မိသားစုက လျုဟိုင်ထုန်ထံမှ ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့ရသော်လည်း ယခုတွင်မူ လျူဟိုင်ထုန်နှင့် သူ့လူများက သူ့လက်အောက်တွင် အလုပ်လုပ်နေကြရပေသည်။
တစ်ယောက်ယောက် ပြဿနာ လာရှာနေသည်ကို တွေ့လိုက်ရသောအခါ ဟယ်ချွန်းရှန့်က ချက်ချင်းပင် လူများ ဦးဆောင်၍ ရောက်လာခဲ့သည်။
"ခင်ဗျားတို့က ဘယ်သူလဲ... ဒီကို ဘာလာလုပ်ကြတာလဲ"
ကိုယ်ရံတော် လုပ်ငန်း ပိုမိုကြီးထွားလာပြီးနောက် ပြဿနာ လာရှာကြသူများစွာ ရှိသဖြင့် ဟယ်ချွန်းရှန့်က ထိုအခိုက်တွင် သတိအပြည့် ရှိနေခြင်း ဖြစ်သည်။
ဟယ်ချွန်းရှန့်နှင့် အခြားသူများမှာ ကျန်းကျန့်နောက်သို့ တစ်နှစ်ကျော်မျှ လိုက်ခဲ့ကြသည်။ ကျန်းကျန့်က သူတို့ကို ငွေများ ရက်ရက်ရောရော ပေးလေ့ရှိပြီး အစားအသောက်များကလည်း ကောင်းလှသည်။ သူတို့က အရပ်ရှည်လာခြင်း မရှိလျှင်တောင် သူတို့ အားလုံးမှာ အသားညိုကာ သန်မာလာကြသည်။ သူတို့က တူညီဝတ်စုံများ လည်း ဝတ်ထားကြသဖြင့် အရှိန်အဝါများ ပေါ်ထွက်နေပေသည်။
မတိုင်ခင်က လူကို ဒေါသတကြီး တွန်းထုတ်လိုက်သူမှာ ရုတ်တရက် အေးခဲသွားလေသည်။
ကျိုးမောင်ဟယ်က သင်္ဘောဦးထိပ်တွင် ရပ်နေပြီး ထ်ုမြင်ကွင်းကို မျက်မြင်ဒိဌိ တွေ့ကြုံလိုက်ရလေသည်။ သူက မျက်မှောင်ကျုံ့ကာ သင်္ဘောတစ်ဖက်ကို ဆင်းလာနေခဲ့ပြီး အံ့အားသင့်ဟန် ပြောလိုက်သည်။
"ငါက ကျိုးမောင်ဟယ်... တော်ဝင်သံတမန်ပဲ... ငါဒီကို အမှုတစ်ခု လာဖြေရှင်းတာ... မြန်မြန် လမ်းဖယ်ကြစမ်း"
တော်ဝင်သံတမန်လား... ဟယ်ချွန်းရှန့်က သင်္ဘောပေါ်ကို လှမ်းကြည့်လိုက်ရာ သင်္ဘောပေါ်တွင် မတ်တပ်ရပ်နေပြီး တော်ဝင်သံတမန် ဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် အရာရှိ ဝတ်စုံ ဝတ်ဆင်ထားသူများစွာ ရှိနေကြသည်။
ပြဇာတ်တွေထဲမှာပဲ တွေ့ဖူးတဲ့ အင်ပါယာအမတ်တစ်ယောက်က သူ့ရှေ့မှာ အရှင်လတ်လတ်ကြီး ရပ်နေပါရောလား...
ဟယ်ချွန်းရှန့်က တုံ့သွားသော်လည်း ထိုသူကို ဂရုတစိုက် ကြည့်မိသောအခါ ထိုအင်ပါယာအမတ်ကြီးက ရင်းနှီးနေပုံပေါ်နေသည်ကို တွေ့လိုက်ရသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ကျောက်လျူ၏ မွေးနေ့ပွဲတွင် တစ်စုံတစ်ယောက်က ပြဿနာ လာရှာဖူးပြီး သူတို့ကို နှင်ထုတ်ခဲ့သူမှာလည်း ဟယ်ချွန်းရှန့်သာ ဖြစ်သည်။ သူ့ရှေ့မှလူမှာ ထိုအချိန်က ပြဿနာ လာရှာသူများထဲမှ တစ်ယောက် ဖြစ်သည်
ဟယ်ချွန်းရှန်းက ဆတ်ခနဲ ဖြစ်သွားပြီးနောက် အေးခဲသွားလေသည်။ ထိုအချိန်မှာပင် လူများစွာက သင်္ဘောပေါ်မှ ဆင်းလာကြသည်။
ပထမဆင်းလာသူများက အဆင်ပြေသေးသည်။ ထိုသူများအားလုံးက သာမန်လူများ ဖြစ်ပုံပေါ်မေသည်။ သို့သော်လည်း နောက်ပိုင်း ဆက်ဆင်းလာသူများမှာကား... သူတို့အားလုံး ရမန် အရာရှိ ဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ဟယ်ချွန်းရှန့်က ဟယ်ချောင်စီရင်စုမှ ရမန်အရာရှိများအားလုံးကို သိသော်လည်း ထိုသူများကို မသိပါပေ။ သိသာထင်ရှားစွာပင် သူတို့က ဟယ်ချောင်စီရင်စုမှ အရာရှိများ မဟုတ်ကြပုံပါပင်။
ဟယ်ချွန်းရှန့်က မလွယ်ကူနိုင်ဟု ခံစားနေရသည်။ သူက မည်သည်ကိုမှ မစဥ်းစားတော့ဘဲ ကျန်းကျန့်ရှိရာသို့ တန်းပြေးလေတော့သည်။
သိပ်မကြာမီမှာပင် ဟယ်ချွန်းရှန့်က ကျောက်မိသားစု အိမ်အသစ်၏ တံခါးဝသို့ ရောက်လာပြီး မြေးလေးကို အပြင်ခေါ်ထုတ်ကာ နေပူစာလှုံပေးနေသည့် ကျောက်လျူနှင့် တွေ့လိုက်သည်။
"အဒေါ်ကျောက်... တစ်ခုခု ဖြစ်နေပြီ" ဟယ်ချွန်းရှန့်က ပြောလိုက်ပြီးနောက် အထဲသို့ အပြေးဝင်သွားလေတော့သည်။
ကျန်းကျန့်က အပြေးဝင်လာသော ဟယ်ချွန်းရှန့်နှင့် သူ့နောက်ပါးမှ ကျောက်မင်ကျုးကို ပွေ့ကာ လိုက်လာနေသည့် ကျောက်လျူတို့ကို တွေ့ရချိန်၌ ငွေစာရင်း စာအုပ် ဖတ်နေခဲ့ခြင်း ဖြစ်သည်။ သူက ပဟေဠိ ဖြစ်ဟန်ဖြင့် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
"ဘောစ့် အပြင်ဘက်မှာ တော်ဝင်သံတမန် ရောက်နေတယ်" ဟယ်ချွန်းရှန့်က ပြောလိုက်သည်။
"အရင်တစ်ခေါက် အဒေါ်ကျောက်ရဲ့ မွေးနေ့ပွဲလုပ်တုန်းက ကျွန်တော်တို့ နှင်ထုတ်လိုက်တဲ့သူက သူပဲ"
"တော်ဝင်သံတမန်လား" ကျန်းကျန့်က မျက်မှောင်ကျုံ့လိုက်သည်။ ကျန်းမိသားစုကိုယ်စား သူ့ကို မေးခွန်းလာထုတ်ခဲ့သည့် သက်လတ်ပိုင်းလူတစ်ယောက်ကို သူမှတ်မိသွားသည်။ သူက တကယ်တော့ တော်ဝင် သံတမန်တဲ့လား...
ကျန်းကျန့်၏ နှလုံးသား ခုန်ပေါက်သွားပြီး ချက်ချင်းဆိုသလိုပင် ကျန်းမိသားစု သူ့ကို တရားစွဲခြင်း မပြုခင်က ထိုသူတို့ အော်ဟစ်ခဲ့သော စကားများကို အမှတ်ရသွားလေသည်။
ကျန်းကျန့်က ရမန်သို့သွားကာ လူများ သတ်ပစ်မည်ဟု ကျန်းမိသားစုကို ချိန်းခြောက်ခဲ့သည်။ သို့သော်လည်း ထိုစဥ်က ရှေးခေတ်တရားဥပဒေများကို သိပ်မသိသေးဘဲ အချို့ကဏ္ဍများနှင့် ပတ်သက်ပြီး ဘာကိုမှ မသိရသေးချိန် ဖြစ်သည်။
သို့သော်ငြား နောက်ပိုင်းတွင် "တချီ ဥပဒေ"ကို သေချာ ရှာဖွေလိုက်ပြီးနောက် အခြားသော အချက်အလက်များကို ရှာဖွေခဲ့သည်။ ထို့နောက်တွင် ထိုရှေးခေတ် ဥပဒေများထဲမှ အချို့က သူ့ကို ဝေခွဲမရဖြစ်စေကြောင်း တွေ့လိုက်ရသည်။
ဥပမာအားဖြင့် သားသမီးဝတ်မကျေပွန်သည့် ပြစ်မှုပါပင်။
ရှေးခေတ်တွင် သားသမီးဝတ်မကျေပွန်သည့် ပြစ်မှုက အလွန် ပြင်းထန်သည်။ ယခင်မင်းဆက်ခေတ်တွင် "မိဘများ အဘိုးအဘွားများကို ကျိန်ဆဲမှု" ဟူသည့် ဥပဒေ တစ်ခု ရှိခဲ့ဖူးသည်။ ရှင်းပြရမည် ဆိုပါက သူတို့၏ မိဘများနှင့် အဘိုးအဘွားများအား နှိပ်စက်သူကို ကြိုးပေးကွပ်မျက်ရမည်။
မိဘများကို ကျိန်းမောင်းရုံဖြင့် ကြိုးပေးကွပ်မျက်ခံရမည်ဆိုလျှင် သူတို့ကို ရိုက်နှက်သူ အတွက်ကား ဆိုဖွယ်ရာပင် မရှိ။ အကယ်၍ မိဘများက ပြစ်မှု ကျုးလွန်ပြီး သူတို့၏ ကလေးများက ဖော်ထုတ်ခဲ့လျှင် ကလေးများသည်လည်း ကြိုးပေးခံရပေမည်။ ဥပဒေက ရေးသားထားသည်မှာ... "သူတို့၏ မိဘနှင့် ဘိုးဘွားများကို တိုင်တန်းသူသည် ကြိုးပေးကွပ်မျက်ခံရမည်"
သူတို့၏ မိဘများ၊ ဘိုးဘွားများထံမှ ခွဲခွာပြီး ကိုယ်ပိုင်ငွေများကို စုဆောင်းခဲ့လျှင်ပင် သားသမီးဝတ်မကျေပွန်သည့် ပြစ်မှုကို ကျုးလွန်ခြင်း ဖြစ်ကာ ထောင်ထဲသို့ သွားရမည် ဖြစ်သည်။
အခြားစကားဖြင့် ဆိုရသော် မိဘများ သက်ရှိထင်ရှားရှိနေစဥ် သီးသန့်ငွေမရှိစေရ။ ထိုသို့ မဟုတ်လျှင် ပြစ်မှူမြောက်ပေသည်။
သို့သော်လည်း တချီတွင် အပြစ်ပေးနည်းများစွာက ကွဲပြားသွားလေပြီ။ ဥပမာအားဖြင့် ကလေးတစ်ယောက် မိသားစုမှ ခွဲနေရန် သဘောတူပါက ထိုကလေးက မိသားစုမှ ခွဲနေနိူင်သည်။ ယခင်က ထိုဥပဒေသာ မရှိပါက ကျန်းကျန့်အတွက် ခွဲထွက်နိုင်ရန် ခက်ခဲမည် ဖြစ်သည်။ သို့သော်လည်း မပြောင်းလဲသေးသော အရာများစွာ ရှိနေသေးသည်။
အမှန်ပင် ထိုဥပဒေများ ရှိသော်လည်း အမှန်တကယ် အရေးယူဆောင်ရွက်ချက်များက ပြောင်းလဲသွားခဲ့သည်။
လူတစ်ယောက်က တရားရုံသို့ သွားရောက် တရားစွဲဆိုမှသာ တရားရုံးက ဖမ်းဆီး အရေးယူပေးမည် ဖြစ်သည်။ သာမန်လူအများစုက နောက်ဆုံးသော အခွင့်အရေး သို့မဟုတ် သူသေကိုယ်သေ ရန်ငြှိုးများ မရှိကြပါက တရားရုံးသို့ သွားကာ လူများကို တရားသွားမစွဲရဲကြပေ။
သို့သော်ငြား ကျန်းမိသားစုက သာမန်လူများ မဟုတ်ပေ။
"ဘောစ့်... ကျွန်တော်တို့ ဘာလုပ်ကြမလဲ... သူက ရမန်အရာရှိတွေ အများကြီး ခေါ်လာတာ... အဲ့အရာရှိတွေကလည်း ကျွန်တော်တို့ ဟယ်ချောင်က မဟုတ်ဘူး" ဟယ်ချွန်းရှန့်က ပြောလိုက်သည်။
"မပူနဲ့... ငါ အဆင်ပြေတယ်" ကျန်းကျန့်က ပြောလိုက်သည်။
ထို ရက်စက်လှသော တရားစီရင်ချက်များကို တွေ့ရပြီးနောက် မည်သည့် စီစဥ်မှုများကိုမှ မလုပ်ရသေးသလို ပြည့်ပြည့်ဝဝ စိတ်အေးလက်အေး မနေနိုင်ခဲ့။
သူက ယခင်က အငြင်းအခုံများအတွင်း ကျန်းအဖေနှင့် အမေတို့ကို ရိုက်ခဲ့သော်ငြား အချိန်တစ်ခုအတွင်း ဟယ့်ရှီရွာက ကျန်းမိသားစုအတွက် ထောက်ခံပေးမည့် နည်းလမ်း မရှိစေရန် လုပ်ဆောင်ထားခဲ့ပြီးသား ဖြစ်ပြီး သူ့မိဘများကို မထောက်ပံ့ပေးသည့်အတွက်ကား...
ကျန်းမိသားစုက သူ့ကို တရားစွဲခဲ့လျှင်တောင် သူက အဆင်ပြေနေဆဲ ဖြစ်သည်။ သူက ကျောက်မိသားစုအတွင်းသို့ ရောက်သွားခဲ့လေပြီ။
ထိုဥပဒေများအားလုံးက အိမ်မှာနေသော သားများကိုသာ ရည်ရွယ်ထားကြသည်။ သို့သော်လည်း သူက အခြားအိမ်သို့ ပြောင်းထားပြီးသား ဖြစ်နေသည်။ သူ့ကို ဘာများ လုပ်လို့ ရဦးမှာလဲ...
ဤကမ္ဘာတွင် လက်ထပ်ထားသော အမျိုးသမီးများက သူမ၏ မိဘများကို ထောက်ပံ့ရန်အတွက် ယောကျ်ား၏ မိသားစုမှ ငွေကို ယူနိုင်ရန် အကြောင်း မရှိပေ။
"ကျန်းကျန့်... အဆင်ပြေမှာ သေချာပါတယ်နော်" ကျောက်လျူက သူ့မြေးကို ချီပွေ့ထားလျက်က ကျန်းကျန့်ကို စိုးရိမ်ပူပန်စွာ ကြည့်နေခဲ့သည်။
"အဆင်ပြေပါတယ်" ကျန်းကျန့်က စိတ်အေးလက်အေး ပြောနေသည့်အတွက် ကျောက်လျူက ကျန်းကျန့်ကို 100% ယုံကြည်သွားပြီး စိတ်ငြိမ်သွားသည်။ ကျန်းကျန့်က အဆင်ပြေတယ်လို့ ပြောမှတော့ ပြေမှာပဲပေါ့... ထိုစဥ်မှာပင် အပြင်ဘက်မှ ရမန် အရာရှိများ ဝင်လာခဲ့လေသည်။
"ဘယ်သူက ကျန်းကျန့်လဲ" တာဝန်ရှိသူက မေးလိုက်သည်။
"ကျွန်တော်က ကျန်းကျန့်ပဲ" ကျန်းကျန့်က တည့်တည့်ပင် အတည်ပြုလိုက်သည်။
"မင်းက ကျန်းကျန့်လား" တာဝန်ရှိသူက ကျန်းကျန့်ကို အံ့အားသင့်ဟန်ဖြင့် ကြည့်လိုက်သည်။ သူက ဤနေရာသို့ ကျန်းကျန့်ကို လာဖမ်းခြင်း ဖြစ်၍ ကျန်းကျန့်၏ ပြစ်မှုများကိုလည်း ကြားထားပြီးသား ဖြစ်သည်။
ထိုသူက သူ့မိဘရင်းများနှင့် ညီအစ်ကိုများကို ရိုက်နှက်ခဲ့ပြီး မိသားစုခွဲနေရန် သူ့မိဘများကို တွန်းအားပေးခဲ့သဖြင့် ထိုသူမှာ အလွန် ရက်စက်တတ်သူ ဖြစ်နေမည်ဟု တွေးထားခဲ့သော်လည်း လူကိုယ်တိုင်က သူတွေးထားသည်နှင့် လုံးဝ ခြားနားနေမည်ဟု မထင်ထားခဲ့ပါပေ။
"သူက ကျန်းကျန့်ပဲ... သူ့ကို မြန်မြန် ဖမ်းလိုက်" ထိုအခိုက်မှာပင် ကျိူးမောင်ဟယ်သည်လည်း အပြင်ဘက်မှ ဝင်လာခဲ့သည်။
"ခင်ဗျားက မြို့တော်ကလာတဲ့ တော်ဝင်သံတမန် အရှင်ကျိုးပဲ ဖြစ်ရမယ်" ကျန်းကျန့်က ကျိုးမောင်ဟယ်ကို ကြည့်လိုက်သည်။ "အရှင်ကျိုးက ကျွန်တော့်ကို ဘာအမှူနဲ့ ဖမ်းချင်နေတာများလဲ"
"မင်းရဲ့ မိဘတွေကို ရိုက်နှက်ပြီး သူတို့အသက်ရှင်နေတာတောင် မင်းရဲ့ချမ်းသာမှုတွေနဲ့ မထောက်ပံ့ပေးတဲ့ အမှုပဲ" ကျိုးမောင်ဟယ်က ပြောလိုက်သည်။
"မင်းက တကယ် သားသမီးဝတ်မသိတဲ့ကောင်ပဲ"
"ပထမဆုံးအမှုက အရှင်ကျိုးမှာ သက်သေရှိရဲ့လား... ဒုတိယတစ်မှုအတွက်က အရှင်ကျိုးအနေနဲ့ ကျွန်တော် ကျောက်မိသားစုထဲ ဝင်သွားတာ ဘယ်လောက်ရှိပြီလဲ ဆိုတာကိုရော သိရဲ့လား"
ကျန်းကျန့်က တည့်တည့်ပင် ပြောလိုက်သည်။
ကျန်းကျန့်က လုံးဝ အပြစ်ရှိသည်ဟု မခံစားရသည့်အပြင် သူအမှားလုပ်ထားသည်ဟုလည်း မတွေးထားပေ။
သို့သော်လည်း ကျိုးမောင်ဟယ်က ကျန်းကျန့်၏ ထိုပုံစံကို တွေ့သောအခါ အမျက်ခြောင်းခြောင်း ထွက်လာပြီး ထိုလူက ခေါင်းမာလွန်းလှသည်ဟုသာ ခံစားလိုက်ရသည်။
"လက်ထပ်ပွဲဆိုတာ မင်းရဲမိဘတွေနဲ့ အောင်သွယ်တော်နဲ့ပဲ စီစဥ်သင့်တယ်... ခွင့်ပြုချက် မရှိဘဲ ကျောက်မိသားစုထဲ ဝင်သွားတာကို ထည့်မတွက်ဘူး... ဒီနည်းနဲ့ ထွက်သွားလို့ မရဘူးကွ"
ကျိုးမောင်ဟယ်က လှောင်ရယ်လိုက်သည်။
ဒါပေါ့ သူကလည်း ကျန်းကျန့် ကျောက်မိသားစုထဲ ဝင်သွားတာကို သိနေခဲ့တယ်လေ... ပြီးတော့ ဒီလူက မျှော်လင့်ချက် မရှိတော့ဘူးလို့ ပိုပိုပြီး ခံစားလာရလေပဲ... ယောကျ်ားစစ်စစ်တစ်ယောက်ဆိုတာ ဒီလိုမျိုး ဇနီးသည်ရဲ့ မိသားစုထဲ ဝင်သွားပြီးတော့ ကိုယ့်ကိုယ်ကိုယ် လူရယ်ခံရအောင် မလုပ်သင့်ဘူးကွ... သေချာပေါက် ကျန်းကျန့်ကတော့ ၎င်းကို လှောင်စရာ ကိစ္စဟု မမြင်ပေ။ သူက မိဘများအပေါ် တာဝန်မကျေပွန်ဘဲ မထင်မှတ်ထားစွာပင် သူ့မိဘများ ပေးခဲ့သော မျိုးရိုးနာမည်ကိုပင် စဥ်းတောင် မစဥ်းစားဘဲ အဆုံးရှုံးခံလိုက်သည်။
"သူ့ကို ချည်လိုက်" ကျိုးမောင်ဟယ်က ကျယ်ကျယ်လောင်လောင် ပြောလိုက်သည်။
အားလုံးသော ရမန်အရာရှိများက ကျိုးမောင်ဟယ်၏ စကားကို နားထောင်ကြပြီး သူ့စကားများကို ကြားသောအခါ ကျန်းကျန့်အနားသို့ ကပ်လာ၍ ဖမ်းဆီးရန် ကြိုးစားလာကြလေတော့သည်။
ကျန်းကျန့်၏ မျက်နှာ တွေဝေသွားသည်။
ဒီလူက သူ့ကို တမင်သက်သက် ပြဿနာ လာရှာနေတာကို သူသိလိုက်ပြီ... ဒီကိစ္စ တော်တော်နဲ့ ပြီးမသွားမှာကိုပဲ စိုးရိမ်ရတယ်...