Chapter 145
ကျင်းကော ဗိုက်နာလာပြီ
အဆုံးတွင် ကျန်းချောင်ရှန့်က စီရင်စုမြို့သို့ သွားသည့်အချိန်တွင် အိမ်တစ်လုံးငှားကာ နေ့တိုင်း ပုန်းနေရုံသာ တတ်နိုင်လေတော့သည်။ တစ်နေ့လုံး ပုန်းနေပြီးနောက် ထွက်လာကာ သူလုပ်နိုင်မည့် တစ်ခုခုကို ရှာဖွေမည် ဖြစ်သည်။
ကျူးရှုဖန် ကလေးရှိလာသောအခါ ကျန်းမိသားစုဝင်များထဲမှ မည်သူကမှ စီရင်စုမြို့သို့ သိပ်မသွားကြတော့သည့်အတွက် ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့သည်။
သို့သော်လည်း ဤတစ်ကြိမ်တွင် ကျန်းချောင်ဝမ်က သူ့နောက်သို့ လိုက်လာပြီး ဖော်ထုတ်လိုက်လေသည်။ ကျန်းမိသားစုက ဆူညံပူညံ ဖြစ်လာပြီး ဟွမ်မင်နှင့် ကျူးရှုဖန်တို့မှာ လမစေ့ဘဲ အတူတကွ မီးဖွားလိုက်ကြလေသည်။
ဟွမ်မင်က ပျင်းရိတတ်သော်လည်း ဤတစ်ခေါက်က ကလေးရှိသည့် ဒုတိယအကြိမ် ဖြစ်ပေသည်။ သူမက မကြာမီပင် သားလေးတစ်ယောက် မွေးလာခဲ့ပြီး မွေးပြီးပြီးချင်း စားစရာတောင်းနိုင်ခဲ့ပါသော်လည်း ကျူးရှုဖန်ကမူ ကွဲပြားလေသည်။ ၎င်းက ကျူးရှုဖန်၏ သားဦး ဖြစ်ပြီး လွယ်ကူသည့် မီးဖွားခြင်းလည်း မဟုတ်ခဲ့ပေ။ ထို့ကြောင့် နောက်ပိုင်းတွင် သူမက လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပေ။ သူမက ကျေးလက်တွင် နေထိုင်ခဲ့ပါသော်လည်း ဂိတ်တံခါးဝထိပင် မလျှောက်နိုင်ပေ။ ၎င်းက လမစေ့ဘဲ မွေးဖွားခြင်း ဖြစ်၍ အဆုံးတွင် မီးဖွားခြင်းက ခက်ခဲခဲ့သည်။
သူမက ရေမွှာပေါက်သွားပြီးနောက် ပိန်ပိန်သေးသေး မိန်းကလေးတစ်ယောက်ကို ခဲခဲယဥ်းယဥ်း မွေးထုတ်လိုက်ရပြီး ကိုယ်တစ်ခြမ်း သေမလို ဖြစ်သွားခဲ့ရသည်။
ကျန်းချောင်ရှန့်က သူ့ကိုယ်သူပင် မစောင့်ရှောက်နိုင်သဖြင့် သူ့ဇနီးနှင့် ကလေးကို စောင့်ရှောက်နိုင်သည့် စွမ်းရည်မရှိသည်မှာ သိသာပေသည်။ သူက အရဲစွန့်ကာ အဘွားကြီးကျန်းကို အကူအညီလှည့်တောင်းရန်ပဲ တတ်နိုင်လေတော့သည်။
အဘွားကြီးကျန်းက ကျန်းချောင်ဝမ်နှင့် ဟွမ်မင်တို့နောက် လိုက်သွားခဲ့ပါသော်လည်း သူမ၏ အငယ်ဆုံးသားလေး ဒုက္ခရောက်နေသောအခါ မကူညီပေးဘဲ မနေနိုင်သဖြင့် ကျူးရှုဖန်နှင့် ကျန်းချောင်ရှန့်တို့၏ သမီးဖြစ်သူကို ကူညီစောင့်ရှောက်ပေးခဲ့သည်။
အဘွားကြီးကျန်းက ကျူးရှုဖန်ကို စောင့်ရှောက်ပေးနေရသဖြင့် ဟွမ်မင်ကို သဘာဝကျကျပင် လျစ်လျူရှုမိသွားလေသည်။ ဟွမ်မင်က သူမ၏သားကို အနှီးလဲပေးရန် အနှီးလုံလုံလောက်လောက် မရှိတော့သောအခါ ချက်ချင်းပင် ဒေါသထွက်လာပြီး ကျူးရှုဖန်အား ဂရုမစိုက်ရန်အတွက် အဘွားကြီးကျန်းအား ပြောလေတော့သည်။ ထိုသို့ မဟုတ်ပါက သူမသည်လည်း အဘွားကြီးကျန်းကို ထောက်ပံ့ပေးမည် မဟုတ်တော့။
ကျန်းချောင်ရှန့်နှင့် ကျန်းချောင်ဝမ်တို့တွင် အဘွားကြီးကျန်းက ကျန်းချောင်ဝမ်၏ ဒုတိယသားဘက်ကို အလေးပိုသာနေသည်။ ထပ်ပြီးတော့ ကျန်းချောင်ဝမ်က သူမအတွက် မြေးနှစ်ယောက် မွေးပေးထားပြီးသားပင်။ အဘွားကြီးကျန်းက ဟွမ်မင်၏ ကလေးနှစ်ယောက်ကို နင့်နင့်သဲသဲ ချစ်မြတ်နိူးသော်လည်း ကျူးရှုဖန်၏ သမီးလေးကိုမူ သူမလေးကို တွေ့ကတည်းက မုန်းတီးနေခဲ့ပြီး အစားအသောက် ခြွေတာနိုင်ရန်အတွက် စောစောသေသွားရန်ကိုပင် ဆန္ဒပြုမိနေပေသည်။
အမေ့ထံတွင် နို့ရည်မရှိချိန်၌ ကျယ်ကျယ်ပင် မငိုနိုင်ဘဲ တစ်နေ့လုံး ရှိုက်နေရသော ထိုကလေးမျိုးအတွက်... အဘွားကြီးကျန်း၏ အမြင်အရ သူမကို ထောက်ပံ့ပေးရန် မဖြစ်နိုင်ပေ။ ထို့အပြင် ဟွမ်မင်နှင့်လည်း ပြဿနာ ရှိနေသည့်အတွက် ကျူးရှုဖန်ကို ဆက်ပြီး စောင့်ရှောက်ပေးလိုစိတ် မရှိတော့ပေ။
ကျူးရှုဖန်က ပထမဆုံး ကလေးမွေးဖွားချိန်၌ သူမ၏ ယောက္ခမထံမှ စောင့်ရှောက်မှု မရရုံသာမက သားသတ်သမားကျန်းမှာလည်း စစ်သားတစ်ယောက်လို အလုပ်လုပ်နေရင်းဖြင့် အဝေးရောက်နေခဲ့သည်။
အဘွားကြီးကျန်းကလည်း ဘဝကောင်းကောင်းမှာ နေခဲ့ရတာမှ မဟုတ်တာ... ကျုးရှုဖန်ကျ ဘာလို့ အောင်မြင်ပေးရမှာလဲ... သူမက ကျူးရှုဖန်ကို ဂရုစိုက်မပေးတော့သည့်အတွက် ကျန်းချောင်ရှန့်ကို လွန်စွာ ဒေါသထွက်သွားစေခဲ့သည်။ မူလတွင် သူက သားသတ်သမားကျန်းတစ်ယောက် ကျန်းချောင်ဝမ်၏ လယ်အလုပ်များ ကူလုပ်ပေးနေသည်ကို မျက်ကွယ်ပြုထားခဲ့ပါသော်လည်း ထိုအချိန်မှစ၍ သားသတ်သမားကျန်းကို မကူညီစေတော့ပေ။
သားသတ်သမားကျန်းက ကျန်းချောင်ဝမ်ကို အလွန် စိတ်ပျက်နေပြီး ကျန်းချောင်ရှန့်ကို ပို၍ပင် သဘောကျလာကာ သူအသက်ကြီးလာလျှင် ကျန်းချောင်ရှန့်က ထောက်ပံ့ပေးမည်ဟု မျှော်လင့်နေခဲ့သည်။ သဘာဝကျကျပင် သူက ကျန်းချောင်ရှန့်ကို မလွန်ဆန်ချင်သဖြင့် ကျန်းချောင်ဝမ်အား ကူညီပေးရန် ငြင်းဆန်လိုက်လေတော့သည်။
ထိုကိစ္စများ မတိုင်မီက... သူတို့၏ မိသားစုမှာ ခွဲခွာထားပြီး ဖြစ်သော်လည်း သားသတ်သမားကျန်းနှင့် အဘွားကြီးကျန်းက တစ်ခန်းထဲတွင် ဆက်အိပ်နေဆဲ ဖြစ်သည်။ သို့သော်လည်း မကြာမီမှာပင် သူတို့က အခန်းခွဲအိပ်ကြလေတော့သည်။ မိသားစု ခွဲခြားခြင်းက ပိုပို၍ ရှင်းရှင်းလင်းလင်း မျဥ်းတားလာလေတော့သည်။
ကျန်းမိသားစု၏ အိမ်လေးအိမ်ကို ကျန်းမိသားစု ညီအစ်ကို နှစ်ယောက်က တစ်ဝက်စီပင် ရှင်းရှင်းလင်းလင်းပိုင်းခြားလိုက်ကြပြီး တိုက်တိုင်ဆိုင်ဆိုင်ပင် နယ်နိမိတ်ကို ပိတ်ဆို့ရန် ပစ္စည်းအချို့ထားထားကာ အချင်းချင်း အဆက်အဆံ မလုပ်ကြရန် ဆုံးဖြတ်လိုက်ကြသည်။
ကျန်းမိသားစု၏ ဟာသပြဇာတ်က ရွာသားများအတွက် ပြောစရာအကြောင်း ဖြစ်လာပြီး လူတိုင်းက သူတို့၏ မိသားစုကို ပိုပို၍ မနှစ်မြို့လာကြတော့ပေ။ အဘွားကြီးကျန်း အနှီးလျှော်ရန် မြစ်ဆိပ်ကို သွားသောအခါ သူမကို နှင်ထုတ်ကြလေသည်။
"ကျွန်မတို့က ဒီနေရာမှာ ဆန်နဲ့ အသီးအရွက်တွေ လာဆေးနေတာနော်... ရှင်ဝေးဝေးမှာ သွားလျှော်လို့ မရဘူးလား"
"ဟုတ်ပါ့... တကယ် မသိတတ်လိုက်တာ"
"မြစ်က ရှင်တို့ မိသားစုပိုင်တာ မဟုတ်ဘူးနော်"
. . .
အဘွားကြီးကျန်းက အေးခဲသွားလေပြီး အဝတ်လျှော်ဇလုံကိုယူကာ တူးမြောင်းလေးသို့ သွားလျှော်ရန် ပြင်လိုက်စဥ်တွင် ခြေလှမ်းအနည်းငယ်မျှ လျှောက်ပြီးသွားသောအခါ ကျောက်လျူကို တွေ့လိုက်ရသည်။
ကျောက်လျူသည်လည်း အဝတ်လာလျှော်ခြင်း ဖြစ်သော်ငြား သူမက သစ်သားပုံးနှင့် ဇလုံကို ကိုင်မထားပေ။ ထမင်းချက်လီက သူမအစား သယ်ပေးလာခြင်း ဖြစ်သည်။ ကျန်းကျန့်ထံမှ နှစ်တစ်ဝက်မျှ အစားကောင်းအသောက်ကောင်းများ ကျွေးမွေးခံရပြီးနောက် ကျောက်လျူ၏ မျက်နှာက ပို၍ သွေးရောင်လွှမ်းလာပြီး အဘွားအိုကြီးတစ်ယောက်နှင့် မတူတော့ပေ။ အမှန်တွင် သူမက အဘွားကြီးကျန်းထက် နှစ်ပေါင်းများစွာ ပိုကြီးသည်။
အဘွားကြီးကျန်းက သူမ၏ သိသိသာသာ ခြောက်သွေ့ပိန်ပါးလာသော လက်မောင်းများကို ကြည့်ကာ ကြက်သေသေသွားလေသည်။ သို့သော်လည်း သူမက အလုပ်ပြန်မလုပ်ခင် တစ်ခဏမျှသာ ကြောင်အသွားရသည်။ အိမ်တွင် အလုပ်များစွာ ရှိနေပြီး လယ်ထဲမှ အလုပ်အားလုံးကိုလည်း လုပ်ရပေမည်။ သူမက အနှီးများကို ခပ်သွက်သွက် လျှော်ဖွပ်ပြီးသွားရန် လိုအပ်ပေသည်။
အဘွားကြီးကျန်း တူးမြောင်း၏ အစွန်းကို ရောက်သောအခါ သားသတ်သမားကျန်းက အနှီးတစ်ပုံကို သယ်လာပြီး လျှော်ဖွပ်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။
အဘွားကြီးကျန်း ကလေးမွေးစဥ်က သားသတ်သမားကျန်းမှာ အနှီးများကို ကူလျှော်ပေးခြင်း မရှိဘဲ အဘွားကြီးကျန်း သောက်ရန်အတွက် ရေငှဲ့ပေးရုံသာ လုပ်ခဲ့သည်။ နှစ်ပေါင်းများစွာအတွင်း သူက သူ့အဝတ်များကိုပင် မလျှော်ခဲ့ရပေ။ သို့သော်လည်း ယခုတွင် သူ့အဝတ်များက အနည်းငယ် အနံ့ထွက်နေပြီး သားသတ်သမားကျန်းက အနှီးလျှော်နေရပေသည်။
အဘွားကြီးကျန်းနှင့် သားသတ်သမားကျန်းတို့မှာ စကားမပြောကြသော်လည်း နှစ်ယောက်လုံးက တူညီနေသည့် ရှုပ်ထွေးနေသော စိတ်အခြေအနေ ရှိနေကြပေသည်။
ကျန်းကျန့်က ကျန်းမိသားစု၏ အခြေအနေကို ကြားရပါသော်လည်း အလေးအနက် မမှတ်ယူထားပေ။ ထိုအခိုက်တွင် သူက ကျောက်ကျင်းကော၏ အခြေအနေကိုသာ ဂရုအစိုက်ဆုံး ဖြစ်သည်။ ကျောက်ကျင်းကော၏ ဗိုက်က ကြီးသထက် ကြီးလာပြီး ကလေးကလည်း အချိန်နှင့်အမျှ လူးလွန့်နေသည်။ ကျန်းကျန့်က ကျောက်ကျင်းကောအား မည်သည့်အရာမှ မလုပ်ရဲတော့ပေ။ သူ့ထံတွင် အကြံစည်အချို့ ရှိနေသည့်တိုင် ကျောက်ကျင်းကောကိုသာ လက်ဖြင့် ဖြေရှင်းခိုင်းတတ်သည်။
ကျောက်ကျင်းကောက ဗိုက်ကြီးတကားကားဖြင့် ပြေးလွှားနေသဖြင့် ကျန်းကျန့်က အလွန် စိတ်ပူပင်နေရသည်။ သူ့ကို ပျော်ရွှင်စေသည့် တစ်ခုတည်းသောအရာမှာ ကျောက်ကျင်းကောအပေါ် စည်းကမ်းတင်းကြပ်နေခြင်း ဖြစ်သည်။ သူက အမြဲတမ်း ကျောက်ကျင်းကောကို နည်းနည်းသာ စားရန် ပြောခဲ့သဖြင့် ဝိတ်များများ မတက်လာဘဲ ကလေးကလည်း ကြီးလွန်းနေမည် မဟုတ်ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်းမင်ပွဲတော် ရောက်ရှိလာခဲ့လေပြီ။
လွန်ခဲ့သည့် တစ်နှစ်က သားသတ်သမားကျန်း စိုက်ပျိုးထားခဲ့သော ဆောင်းရာသီဂျုံပင်များမှာ အဆင်သင့် ဖြစ်လာခဲ့လေပြီ။ ကျောက်လျူနှင့် ထမင်းချက်လီတို့က ပြောင်းစေ့များကို ခူးလာပြီး ရေစိမ်ကာ မုယောအညှောက်ခြောက် လုပ်ပြီးနောက် ထိုမုယောအညှောက်ခြောက်ကို မုယောသကြားနှင့် မုယောပန်ကိတ်လုပ်ရန် အသုံးပြုနိုင်ပေသည်။ ထိုသို့ လုပ်ခြင်းက အစားအသောက်များ အလေအလွင့် ဖြစ်ရာကျသော်လည်း ကျောက်မိသားစုက ယခုတွင် အစားအသောက်များ ပြတ်လပ်နေခြင်း မရှိပေ။ ထို့ကြောင့် သူမ အလိုရှိသလောက် ပြင်ဆင်နိုင်ပေသည်။
ကျောက်ကျင်းကောက ချိုသော အစားအသောက်များကို အလွန်ကြိုက်သော်လည်း ထိုနှစ်မျိုးကို သိပ်မကြိုက်လှပေ။ ကံမကောင်းစွာဖြင့် ကျန်းကျန့်က သူ့ကို များများစားရန် တားမြစ်ထားသဖြင့် နေ့တိုင်း မုယောပန်ကိတ်နှစ်ချပ်ကိုသာ စားခွင့်ရလေသည်။
ကျောက်ကျင်းကောက လမ်းလျှောက်ရင်း ပန်ကိတ်စားလာပြီး အုတ်များ ဖုတ်သည့် နေရာသို့ ရောက်လာချိနွ ထိုနေရာမှ အားတက်သရော အသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ကျန်းကျန့် ခေါ်လာသော သားအဖမှာ အလွန်ကောင်းမွန်သော အုတ်များကို စတင်ပြုလုပ်နေပြီး လုပ်ငန်းစဥ်တစ်ခုလုံးကိုလည်း တဖက်ကမ်းခတ် တတ်မြောက်သွားပေပြီ။ ကျန်းကျန့်က အစပိုင်းတွင် သူတို့ လုပ်နိုင်ခဲ့ပါက ငွေနှစ်စစီ ဆုချီးမြှင့်မည်ဟု ပြောထားသည်။
"ကျန်းကျန့်က ခင်ဗျားတို့ သူနဲ့ အရောင်းစာချုပ်မှာ လက်မှတ်ထိုးထားတယ်ဆိုပေမယ့် အလုပ်ကောင်းကောင်းလုပ်ရင် ဆုချီးမြှင့်မယ်လို့ ပြောထားတယ်... နောက်ဆို ခင်ဗျားတို့ဘက်က အုတ်ဆယ်ချပ်ပေးရင် သူက ကြေးပြားတစ်ပြားပေးလိမ့်မယ်... အုတ်တစ်ထောင်ဆို ကြေးပြားတစ်ရာပေါ့... ခင်ဗျားတို့ အရမ်း အလုပ်များရင် ကျွန်တော်တို့ ပေးလာတဲ့ လူတွေထဲက အချို့ကို ရွေးပြီးတော့ အလုပ်သင်အနေနဲ့ ခင်ဗျားတို့ကို ကူညီခိုင်းလို့ ရတယ်" ကျောက်ကျင်းကောက ပြောလိုက်သည်။
ထိုအကြောင်းမှာ မကြာသေးခင်က ကျန်းကျန့် သူ့ကို ပြောပြထားခဲ့ခြင်းပါပေ။ ထိုစကားများ ကြားရချိန်တွင် အဖေနှင့်သား၏ မျက်လုံးများ ဝင်းပသွားလေသည်။ မူလတွင် သူတို့က သူတို့၏ ဗဟုသုတများကို ကွယ်ဝှက်ထားလို၍ အလုပ်သင်များ လက်ခံရန် ရည်ရွယ်မထားပေ။ ထို့မှသာ ဘောစ့်က သူတို့ကို တန်ဖိုးထားမည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ... လူပိုများလာပါက အုတ်တစ်ထောင်ကို ဖုတ်ရန် သူတို့အတွက် အချိန်သိပ်ယူလိုက်ရမည် မဟုတ်ပေ။ သူတို့က သူတို့ကို ကူညီပေးရန်အတွက် အလုပ်သင်အချို့ ရရှိရန် ချက်ချင်း စီမံလိုက်ကြပြီး အုတ်ဖုတ်ရာတွင်လည်း အားအင်တက်ကြွမှု အပြည့် ဖြစ်နေခဲ့ကြသည်။
သူတို့ နေခဲ့သည့် နေရာတွင် ဆရာများက အုတ်ကို ဖုတ်ရာ၌ နှေးကွေးကြသည်။ သူတို့က သူတို့၏ သခင်များအတွက် အုတ်ပို မဖုတ်ပေးလိုကြပေ။ သူတို့၏ သခင်ကသာ သူတို့ အုတ်ပို ဖုတ်နိုင်သည်ကို သိသွားခဲ့ပါက အုတ်ကို နည်းနည်းသာ ဖုတ်ခိုင်းမည် မဟုတ်တော့ပေ။ သူတို့သည်လည်း တစ်ထပ်တည်း လုပ်ဆောင်ရန် ကြံရွယ်ထားကြသော်ငြား ယခုတွင်... အုတ်ပိုဖုတ်ပြီး ပိုက်ဆံပိုရတာ ပိုကောင်းတာပေါ့...
ကျောက်ကျင်းကောဗိုက်က ပိုပိုပြီး ကြီးမားလာသည်နှင့်အမျှ ကျန်းကျန့်၏ သင်္ဘောဆိပ်ကလည်း ပြီးလုကာနီးပြီ ဖြစ်ကာ သူနှင့်ကျောက်ကျင်းကောတို့ အိမ်သည်ပင် ပြီးသွားခဲ့လေပြီ။
သင်္ဘောဆိပ်တည်ဆောက်စဥ် ကျန်းကျန့်က မည်သည့် အကြံပေးချက်ကိုမှ မပေးဘဲ ကျန့်မိသားစုကိုသာ သူ့အတွက် လမ်းညွှန်ပေးစေခဲ့သည်။ သို့သော်လည်း သူ့ကိုယ်ပိုင်အိမ်ကို တည်ဆောက်ချိန်တွင် သူက အားကြိုးမာန်တက် ကြိုးပမ်းခဲ့ပြီး နေ့တိုင်းထိုနေရာသို့သွားကာ တစ်နေ့လုံး ညွှန်ကြားနေခဲ့သည်။
ကျန်းကျန့်၏ အလှအပ ခံစားမှုက သိပ်မကောင်းဘဲ သူနေချင်သော အိမ်၏အကြီးမားဆုံး လိုအပ်ချက်မှာ ခိုင်ခံကာ အဆင်ပြေပြေ နေထိုင်နိုင်ရန် ဖြစ်သည်။
မသိလိုက်မသိဘာသာဖြင့် မတ်လသို့ နီးကပ်လာပြီး ကျောက်ကျင်းကော၏ ကိုယ်ဝန်ကလည်း ကိုးလကျော်လာပြီ ဖြစ်ကာ အချိန်မရွေး မွေးနိုင်သည့် အနေအထား ဖြစ်လာသည်။ သို့တိုင်အောင် ကျောက်ကျင်းကောမှာ အလွန် အင်အားတက်ကြွနေဆဲ ဖြစ်ကာ နေ့တိုင်း အုတ်ဖိုကို သွားကြည့်တတ်သည်။ ကျန်းကျန့်က လမ်းများများ လျှောက်ရခြင်းက သူ့အတွက် ကောင်းသည်ဟု တွေးမိသဖြင့် သူ့ကို မတားတော့ဘဲ ရှောင်ရို့နှင့် ထမင်းချက်လီကိုသာ သူ့နောက်လိုက်ခိုင်းလိုက်သည်။
ထိုနေ့က ကျန်းကျန့်မှာ မနက်စောစောတွင် သူတို့အိမ်၏ ဆောက်လုပ်ရေး လုပ်ငန်းခွင်သို့ သွားခဲ့လေသည်။ အလုပ်သမားများ အလုပ်လုပ်နေကြသည်ကို တစ်ခဏမျှ ကြည့်နေပြီးနောက် ကျောက်ကျင်းကော အနားရောက်လာသည်ကို ရုတ်တရက်တွေ့လိုက်ရသည်။
"ကျင်းကော... ဒီကို ဘာလာလုပ်တာလဲ" ကျန်းကျန့်က ကမန်ကတမ်း နှုတ်ဆက်လိုက်လေသည်။
"ကျွန်တော် ဗိုက်နာလို့" ကျောက်ကျင်းကောက ဖြေသည်။
"ဘာ" ကျန်းကျန့် ကြက်သေသေသွားလေသည်။
"ဗိုက်နာနေတာကို ဒီကို ဘာလာလုပ်တာလဲ... မင်းကတော့..."
ကျန်းကျန့်က စိုးရိမ်သောက ရောက်သွားလေသည်။ ကျောက်ကျင်းကော၏ ကိုယ်ဝန်က ကိုးလကျော်ခဲ့ပြီ ဖြစ်၍ အချိန်မရွေး ကလေးမွေးနိုင်သည်။ ဤတစ်ကြိမ်၌ သူဗိုက်နာနေရခြင်းမှာ... မွေးခါနီးမို့ နာနေတာတော့ မဟုတ်လောက်ပါဘူးနော်...
"အရမ်းမနာပါဘူး..." ကျောက်ကျင်းကောက ပြောလိုက်ပြီးနောက် မျက်မှောင်ကျုံ့လိုက်သည်။
"ဒါပေမယ့် အခု ပိုပိုပြီး နာလာသလိုပဲ" သူ လမ်းတလျှောက်လုံး လျှောက်လာသည်နှင့်အမျှ ပိုပို၍ နာလာပုံ ရသည်။ အစပိုင်းတွင် မိနစ်အနည်းငယ်မှ တစ်ကြိမ်သာ နာသော်လည်း မကြာမီပင် နာကျင်မှုက ပို၍ ပြင်းထန်လာခဲ့သည်။
ပိုပိုပြီး နာလာတာလား... ကျန်းကျန်းက စတင် တုန်ယင်လာလေသည်။ ကျောက်ကျင်းကောက ဗိုက်ကြီးကြီး ရှိနေသည့်အတွက် သူကလည်း သယ်နိုင်မည် မဟုတ်ပေ။ သူလုပ်နိုင်သည်က... ချက်ချင်းဆိုသလိုပင် ကျန်းကျန့်က မင်းသမီးချီသလို ကောက်ပွေ့ကာ အိမ်ကို ပြန်ပြေးလာခဲ့သည်။
ကျောက်ကျင်းကောက လူကောင်ကြီးကာ အရပ်ရှည်သည့်အတွက် အမျိုးသမီးများနှင့် အခြားကောများကဲ့သို့ မပေါ့ပါးပေ။ တစ်ဖက်တွင် ကိုယ်ဝန်ရှိပြီးနောက် တစ်ဆယ်ကီလိုထက်ကျော်အောင် အလေးချိန်ပိုတက်လာသဖြင့် ပို၍ လေးပေလိမ့်မည်။ လူအများစုက သူ့ကို ချီနိုင်ကြမည် မဟုတ်ဟု ခန့်မှန်းရပေသည်။ သို့သော်လည်း ကျန်းကျန့်က တစ်နှစ်ကြာအောင် ခန္ဓါကိုယ်ကို တိုးတက်လာစေရန် ကြိုးစားခဲ့သည်။ သူ့ထံတွင် တိုက်ခိုက်ရေး အရည်အချင်းများ ရှိရုံမက ရုပ်ပိုင်းဆိုင်ရာ သန်မာမှုနှင့် ကိုယ်ခံအားလည်း ကောင်းပေသည်။ သူက ကျောက်ကျင်းကောကို ချီထားလျက် ပြေးနေနိုင်ဆဲ ဖြစ်သည်။
"ခင်ဗျား ဘာတွေ လုပ်နေတာလဲ" ကျောက်ကျင်းကောက ကြက်သေသေသွားပြီး ဗိုက်နာနေသည်ကိုပင် မေ့သွားလေသည်။
ထိုနေရာ၌ အလုပ်လုပ်နေကြသူများစွာ ရှိနေသဖြင့် လူတစ်အုပ်ကြီးက သူတို့ကို ဝိုင်းကြည့်နေကြလေသည်။
"ကိုယ်မင်းကို အိမ်ပြန်ခေါ်လာတာလေ"
ကျန်းကျန့်က ပြောလိုက်ပြီးနောက် ကျောက်ကျင်းကောကို သယ်ထားလက်စဖြင့် ပို၍အရှိန်တင်ကာ ပြေးလိုက်သေးသည်။
ကျွန်တော် အဆင်ပြေပါတယ်" ကျောက်ကျင်းကောက မူလတွင် တစ်ခုခု ပြောချင်နေခဲ့သော်လည်း ကျန်းကျန့်၏ စိုးရိမ်ပူပန်နေသော အမူအယာကို တွေ့လိုက်ရသောအခါ ကျန်းကျန့်၏ လည်ပင်းကိုသာ ဖက်၍ တိတ်တိတ်လေးသာ နေလိုက်သည်။
ဤရက်များအတွင်း သူက အုတ်ဖိုတွင် ကူညီပေးနေသည့် အမျိုးသမီးနှင့် ကောအချို့ကို တွေ့ခဲ့ရပြီး ရွာထဲမှ အမျိုးသမီးများ၊ ကောများနှင့် ပို၍ ရင်းနှီးလာခဲ့သည်။ ထို့နောက်တွင် ထိုလူများထံမှ ကိုယ်ဝန်ဆောင်ခြင်းနှင့် ကလေးမွေးခြင်းအကြောင်းများစွာကို လေ့လာခဲ့လေသည်။
ထိုအမျိုးသမီးများ၏ စကားအရ ကလေးမွေးခါနီး ဗိုက်စနာပြီးနောက် မွေးဖွားရန်အတွက် အချိန်အတော်ကြာသေးသည်ဟု ဆိုပေသည်။ သို့သော်လည်း အုတ်ဖို၌ ရှိစဥ်က ခပ်ပါးပါး နာကျင်မှုကိုသာ ခံစားခဲ့ရသဖြင့် ကျန်းကျန့်ကို သွားရှာကာ အိမ်အတူ ပြန်ပြီး ကလေးမွေးချင်ခဲ့သည်။
သို့သော်လည်းရလဒ်အနေဖြင့် ကျန်းကျန့်က စိုးရိမ်ပူပန်သွားလေသည်။
ကျန်းကျန့်ဆီကနေ ဒီလို ချီခံရပြီး ရွာထဲ ဖြတ်သွားရတာ သူ့အတွက် မကောင်းတာတော့ မရှိလောက်ပါဘူးနော်...
ကျောက်ကျင်းကောက နှလုံးသားထဲတွင် ပျော်ရွှင်နေပါသော်လည်း သူ့ဘေးမှ လူများကမူ ထိုမြင်ကွင်းကို အမှန်ပင် အံ့အားသင့်နေကြလေသည်။
"ဘောစ့်ကျန်းက ဘာဖြစ်တာလဲ... ဘာလို့ ဒီလောက်မြန်မြန် ပြေးသွားရတာလဲ"
"သူက ကျောက်ကျင်းကောကို ပွေ့သွားတာလေ... ကျောက်ကျင်းကော တစ်ခုခု ဖြစ်လို့များလား"
"သူမွေးတော့မှာလား... ကြည့်ရတာ ကျောက်ကျင်းကော မွေးရက်ရောက်ပြီ ထင်တယ်"
. . .